အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း (၁၄၃)
လူကောင်း၊ လူဆိုး
လျန်ထျန်း၏ စကားကို ကြားသောအခါ ဟန်ရေးပြနေသော ထိုမိန်းမက မထီမဲ့မြင်ဟန်ဖြင့် မျက်စောင်းထိုးကာ စူးရှသော အသံဖြင့် ပြောလိုက်လေသည်။
"ဒါက ငါ့အိတ်လေ နင်က ကောက်ရလို့ ငါ့ကို ပြန်ပေးတာပဲ ငါက ဘာလို့ ကျေးဇူးတင်ရမှာလဲ...။"
"ပြီးတော့ ငါပြောသလို လာမပို့ဘဲ ငါကိုယ်တိုင် ဒီနေရာအထိ လာယူရသေးတယ် တကယ့်ကို အလုပ်ရှုပ်တာ ပဲ...။"
"ဘာရပ်လုပ်နေတာလဲ မြန်မြန် ငါ့အိတ်နဲ့ ဖုန်း ပြန်ပေးတော့….၊ နောက်ကျနေပြီ …။ ခဏနေ နိုက်ကလပ်မှာ ကောင်မလေးတွေနဲ့ ချိန်းထားတာ ရှိသေးတယ်...။"
ပြောပြောဆိုဆိုဖြင့် ထိုမိန်းမသည် လျန်ထျန်း ပြန်မပေးရသေးမီပင် အိတ်ကို လုယူလိုက်လေသည်။
ဤမိန်းမသည် အလွန်တရာ အကြောင်းပြချက် ကင်းမဲ့လွန်းသည်ကို မြင်သောအခါ လျန်ထျန်းမှာ အလွန် ဒေါသ ထွက်သွားသော်လည်း သူမနှင့် ဆက်၍ အရှုပ်အရှင်း မဖြစ်ချင်တော့သဖြင့် လှည့်၍ ထွက်သွားရန် ပြင်လိုက် လေသည်။
သို့သော် ထိုအချိန်တွင် ထိုမိန်းမက သူ့ကို ထပ်မံ ဆွဲကိုင်ထားကာ အထက်စီးဆန်ဆန် ပြောလိုက်ပြန်လေသည်။
"ဟဲ့ ခဏနေဦး ငါ့အိတ်ထဲက ပစ္စည်းတွေ လျော့နေမလား စစ်ကြည့်ရဦးမယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း မျိုသိပ်ထားသော ဒေါသများမှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာ တော့သည်။
သူက အိတ်ကို ပြန်လုယူလိုက်ပြီးနောက် ခေါင်းပေါ်အထိ မြှောက်ကိုင်ထားကာ ဩရှသော အသံဖြင့် ပြောလိုက် လေသည်။
"ခင်ဗျားစကားက ဘာသဘောလဲ သေချာ ရှင်းပြစမ်း...။"
"ဩော် ခင်ဗျားအိတ်ကို ကောက်ရလို့ ပြန်ပေးတာကို ကျေးဇူးမတင်တဲ့အပြင် အိတ်ထဲက ပစ္စည်း ယူထားတယ် လို့တောင် သံသယ ဝင်နေသေးတာလား...။"
"ကျွန်တော်သာ ယူချင်တယ်ဆိုရင် ခင်ဗျား ခေါ်တဲ့ ဖုန်းကို ကိုင်ပါ့မလား…။ အခုလိုရော ခင်ဗျားကို အိတ် ပြန်ပေးပါ့မလား...။"
ထိုမိန်းမက အိတ်ကို ပြန်လုရန် လက်လှမ်းလိုက်သော်လည်း လျန်ထျန်းထက် အရပ်များစွာ ပုနေသဖြင့် ခုန်လု လျှင်ပင် မမီနိုင်ချေ။
အိတ်ကို လုယူရန် လက်လျှော့လိုက်ပြီးနောက် သူမက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
"တခြားလူက ငါ့အိတ်ကို ကောက်ရပြီး ပြန်ပေးတယ်ဆိုရင် ငါ ဘာသံသယမှ ဝင်မှာ မဟုတ်ဘူး…။ ဒါပေမဲ့ နင်က အစားအသောက် ပို့တဲ့သူလေ နင့်မှာ ဘာရည်ရွယ်ချက်ဆိုးတွေ ရှိနေမလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ပို၍ ဒေါသထွက်သွားရလေသည်။
"ကျွန်တော်က အစားအသောက် ပို့တဲ့သူ ဖြစ်နေလို့ ခင်ဗျားအိတ်ထဲက ပစ္စည်း ယူမယ်လို့ သံသယဝင်တယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား...။"
ထိုမိန်းမမှာ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူဆထားဟန်ဖြင့်၊
"ဟုတ်တယ်လေ နင် အစားအသောက် ပို့လို့ တစ်လကို ပိုက်ဆံ သိပ်ရမှာ မဟုတ်ဘူးမလား ငွေမက်ပြီး လောဘ တက်ရင် တက်မှာပေါ့...။"
"ငါ့အိတ်ထဲမှာ ငွေသားတွေ ပါတယ် မနေ့ညကမှ ရှာထားတဲ့ ပိုက်ဆံ အပြည့်အဝ (၂) ကျောင်တောင် ပါတာ ငါ့အိတ် ကို အခုချက်ချင်း ပြန်ပေး ငါ စစ်ကြည့်မယ် မဟုတ်ရင် ရဲခေါ်လိုက်မှာ...။"
လျန်ထျန်းမှာ ဒေါသထွက်လွန်းသဖြင့် ခေါင်းများပင် မူးနောက်သွားရလေသည်။
"နေပါဦး ဒီကိစ္စက ပိုက်ဆံ ဘယ်လောက်ရတယ်ဆိုတာနဲ့ ဘာဆိုင်လို့လဲ...။"
"ဟုတ်တယ် ကျွန်တော်က အစားအသောက် ပို့တဲ့သူဆိုတော့ ဘာဖြစ်လဲ ဒီယူနီဖောင်းကို ဝတ်ပြီး ဒီအလုပ်ကို လုပ်ရုံနဲ့ မကောင်းတာ လုပ်မယ့်သူနဲ့ တူနေလို့လား..."
"ဘာပဲဖြစ်ဖြစ် ခင်ဗျားအိတ်ကို ကျွန်တော် ကောက်ရခဲ့တယ် ခင်ဗျားဖုန်းကို ကိုင်ခဲ့တယ်၊ အခုလည်း ဒီနေရာအထိ ခင်ဗျားပစ္စည်းကို လာပြန်ပေးတာလေ...။"
"ခင်ဗျားကျတော့ ဘာလုပ်လဲ…၊ ရောက်ရောက်ချင်း ကျေးဇူးတင်စကားတောင် မပြောတဲ့အပြင်၊ အိတ်ထဲက ပိုက်ဆံ ယူထားတယ်လို့တောင် သံသယဝင်နေသေးတယ်။ ပြီးတော့ ရဲခေါ်မယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်...။"
"ဒီလိုဆိုရင် ခင်ဗျားပြောပုံအရ ကျွန်တော်က အစားအသောက် ပို့တဲ့သူမို့လို့ ကောင်းတာ လုပ်ရင်တောင် လေးစားမှု မခံထိုက်ဘူး၊ ကျေးဇူးတင်ခံရဖို့ မတန်ဘူးဆိုတဲ့ သဘောလား...။"
ထိုမိန်းမက လက်ပိုက်ကာ သာမန်ကာလျှံကာပင် ပြန်ပြောလိုက်သည်။
"အင်းလေ အစားအသောက် လိုက်ပို့နေတဲ့သူတွေက ဘယ်လောက်အထိ လေးစားမှု ခံချင်နေသေးလို့လဲ...။"
အကယ်၍ ဒေါသသာ ပုံသဏ္ဌာန် ရှိမည်ဆိုပါက ယခုအချိန်တွင် လျန်ထျန်းသည် မီးတောက်လောင်နေ သည့်အလား ဖြစ်နေပေလိမ့်မည်။ သူသည် ဒေါသအလျောက် ထိုအိတ်ကို လွှင့်ပစ်လိုက်လေသည်။
"ကောင်းပြီလေ ဒီဆိုလျှင်လည်း ကျွန်တော် လုံးဝ ကောက်မရခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့...။"
အိတ် မြေပြင်ပေါ်သို့ ကျသွားသည်ကို မြင်သောအခါ ထိုမိန်းမသည် ကပျာကယာ ပြေးကောက်လိုက်ပြီး ဒေါသ ထွက်နေသော တောကြောင်တစ်ကောင်အလား အော်ဟစ်လိုက်တော့သည်။
"နင် ဘာလုပ်တာလဲ ဒီအိတ်က ငါ (၂) ကျောင်တောင် ပေးဝယ်ထားတဲ့ ဒီဇိုင်နာအိတ်ဟ နင်လို အစားအသောက် ပို့တဲ့သူက ငါ့ကို ဒီလို လုပ်ရဲရလား...။"
ဒေါသတကြီး အော်ဟစ်ရင်း ထိုမိန်းမသည် ပြေးလာကာ လျန်ထျန်းကို ဆွဲကိုင်ရန် ကြိုးစားလေသည်။
သို့သော် လျန်ထျန်းက သူမကို ချက်ချင်း ခါချလိုက်ပြီး အော်ပြောလိုက်လေသည်။
"ရှင်းရှင်းပဲ ပြောမယ် ဒီအိတ်ကို ကောက်ရပြီးတဲ့နောက် ခင်ဗျား ခေါ်တဲ့ဖုန်းကို ကိုင်တာကလွဲရင် အထဲက ဘာပစ္စည်းကိုမှ ကျွန်တော် မထိခဲ့ဘူး...။"
"ခင်ဗျားက ပစ္စည်းလျော့မလျော့ စစ်ကြည့်ချင်တာ မဟုတ်ဘူးလား အခု စစ်လို့ရပြီ ကြိုက်သလိုသာ စစ်ကြည့် တော့...။"
ထိုမိန်းမ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ကျယ်လောင်စွာ ဆဲရေးတိုင်းထွာတော့သည်။
"နင်တို့ အစားအသောက် ပို့တဲ့သူတွေ အကုန်လုံးက အဆင့်အတန်း နိမ့်တယ်။ အဆင့်အတန်း နိမ့်ရုံတင် မကဘူး မွဲလည်း မွဲသေးတယ်၊ မွဲတေပြီး အောက်တန်းကျတဲ့ အစားအသောက် ပို့တဲ့ကောင်တွေ...။"
လျန်ထျန်းသည် သူမနှင့် တကယ်ကို ဆက်မပြောချင်တော့သော်လည်း သူမ၏ စကားများမှာ အလွန် ဆိုးရွား လွန်းလှသဖြင့် ပြန်လည် ချေပလိုက်လေသည်။
"ကျွန်တော့်ကို ဝေဖန်ချင် ဝေဖန်လို့ရတယ်။ ဒါပေမဲ့ အစားအသောက် ပို့တဲ့ လုပ်ငန်းကိုတော့ လာမနှိမ့်ချနဲ့...။"
"အစားအသောက် ပို့တဲ့သူတွေက ဘာဖြစ်နေလို့လဲ။ သူတို့အားလုံးက အသက်မွေးဝမ်းကျောင်း အတွက်နဲ့ မိသားစုကို ထောက်ပံ့ဖို့ ငွေရှာနေကြတာလေ...။"
"အသက်ရှင် ရပ်တည်ရေး ဖိအားတွေသာ မရှိဘူးဆိုရင် ဘယ်သူက အပြင်ထွက်ပြီး ပင်ပင်ပန်းပန်း လုပ်ချင်မှာ လဲ။ ကျွန်တော်တို့က ဘာလို့ ခင်ဗျားတို့ရဲ့ အထင်အမြင်သေးတာကို ခံရမှာလဲ...။"
ထိုမိန်းမကလည်း အလျှော့မပေးဘဲ ဆက်၍ ရန်တွေ့နေပြန်လေသည်။
"နင်တို့ အစားအသောက် ပို့တဲ့ အလုပ်က အောက်ခြေသိမ်း အလုပ်လို့ သတ်မှတ်ထားပြီးသားပဲ တကူးတကကို နှိမ့်ချနေဖို့ လိုသေးလို့လား...။"
"တော်ပြီ တခြားဘာမှ ဆက်မပြောနဲ့တော့ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ နင့်လို နံစော်နေတဲ့ အစားအသောက် ပို့တဲ့ကောင်နဲ့ ငါ အချိန်ဖြုန်းမနေနိုင်ဘူး...။"
ထိုသို့ပြောပြီးနောက် ထိုမိန်းမသည် လှည့်ထွက်သွားလေသည်။ သူမသည် အိတ်ကို စစ်ဆေးပြီးနောက် မည်သည့် အရာမျှ ပျောက်ဆုံးမနေကြောင်း တွေ့ရှိသွားခဲ့ပေသည်။
လျန်ထျန်းမှာ ဒေါသထွက်လွန်းသဖြင့် ဦးရေပြားများပင် ကျိန်းစပ်လာသော်လည်း ဆက်၍ အချိန်မဖြုန်းချင် တော့ချေ။ သူသည် ကားသော့ကို ထုတ်ကာ လှည့်၍ ကားတံခါးကို ဖွင့်လိုက်လေသည်။
သို့သော် သူ ကားတံခါး ဖွင့်လိုက်သည့် အခိုက်အတန့်တွင် ထိုမိန်းမက ရုတ်တရက် ပြန်လှည့်လာကာ သူ၏ လက်မောင်းကို ဆွဲကိုင်၍ လုံးဝ ကွဲပြားခြားနားသော အမူအရာဖြင့် ချွဲနွဲ့ဟန်ဖြင့် ပြောလာခဲ့လေသည်။
"ဟယ် ဒီကားက ရှင့်ရဲ့ ဂျီ-ကလက်စ် ကားကြီးလား...။"
လျန်ထျန်းသည် သူမကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကြည့်လိုက်လေသည်။
"အေးလေ ဘာဖြစ်လို့လဲ မင်းနဲ့ ဘာဆိုင်လို့လဲ...။"
ထိုမိန်းမ၏ မျက်နှာပေါ်တွင် တစ်စက္ကန့်ခန့် ရှက်ရွံ့သွားဟန် ပေါ်လာသော်လည်း ချက်ချင်း ဖုံးကွယ်လိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်လေသည်။
"မဟုတ်ပါဘူး ရှင်က အစားအသောက် ပို့တဲ့သူဆိုတော့ ဘယ်လိုလုပ် ဤကဲ့သို့ ကားကောင်းကြီးကို မောင်း နေတာလဲလို့ပါ...။"
"တကယ်တော့ ကျွန်မ မွန်းလွဲပိုင်းက ဇိမ်ခံကားတချို့ကို ဓာတ်ပုံလာရိုက်ရင်းနဲ့ ဒီနေရာမှာ အိတ်နဲ့ ဖုန်း ကျန်ခဲ့ တာပါ...။"
"သို့ပေမဲ့ ဒီ ဂျီ-ကလက်စ် နဲ့ ယှဉ်လိုက်ရင် မွန်းလွဲပိုင်းက ကားတွေအကုန်လုံးက ဘာမှ မဟုတ်တော့ဘူး…။ ကား ပိုင်ရှင်က ရှင့်လို အစားအသောက် ပို့တဲ့သူ ဖြစ်နေမယ်လို့ ကျွန်မ လုံးဝ မထင်ထားဘူး...။"
သူမ စကားမဆုံးမီပင် လျန်ထျန်းက စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်လေသည်။
"မင်းက အစားအသောက် ပို့တာကိုပဲ ခဏခဏ ပြောနေတာ…။ ငါ မေးပါရစေ မင်းကရော ဘာအလုပ်လုပ်တာ လဲ မင်းအလုပ်က အဲ့ဒီလောက်တောင် ဂုဏ်သိက္ခာကြီးနေလို့လား...။"
"ငါက အစားအသောက် ပို့တဲ့သူ ဖြစ်ပြီး ဒီ ဂျီ-ကလက်စ် ကို ပိုင်တယ်။ မင်းမှာရော ရှိလို့လား မင်းက အစား အသောက် ပို့တဲ့သူလောက်တောင် အဆင့်အတန်း မရှိဘဲနဲ့ တစ်နေ့ တစ်နေ့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူများ ထင်နေလဲ...။"
"ပြီးတော့ ငါ မင်းကို ပြောပြလိုက်မယ်….၊ ငါ ဒီကားကို အပြတ်ဝယ်ထားတာ ဒီကားတင် မကဘူး အိမ်တွေရာနဲ့ ချီပြီးတော့လည်း ပိုင်သေးတယ်...။"
လျန်ထျန်း၏ နောက်ဆုံးစကားဖြစ်သော 'အိမ်တွေရာနဲ့ချီပြီးတော့လည်း ပိုင်သေးတယ်' ဆိုသည်ကို ကြားသော အခါ ထိုမိန်းမ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားလေသည်။
ဤတစ်ကြိမ်တွင် သူမ၏ ရှေ့ရှိ ထိပ်တန်း ဂျီ-ကလက်စ် ကားကြီးမှာ အစားအသောက် ပို့ဆောင်သူ၏ ကားဖြစ် ကြောင်း လုံးဝ ယုံကြည်သွားတော့သည်။
သူမက စိတ်ထဲမှပင် ဤသို့ တွေးလိုက်မိသေးသည်။
*သူက အရမ်း ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက် ဖြစ်ရမယ်။ ဘဝကို လေ့လာချင်လို့ အစား အသောက် လိုက်ပို့နေတာပဲ ဖြစ်မယ်...။*
*ငါ နိုက်ကလပ်က ဧည့်ခံအဖွဲ့မှာ အလုပ်လုပ်လာတာ နှစ်တွေ အများကြီး ရှိပြီ ဒီလောက် ထူးခြားတဲ့ သူဌေးသား မျိုး တစ်ခါမှ မတွေ့ဖူးဘူး...။*
*ယနေ့ ဒီနေရာမှာ လာဆုံရမယ်လို့ လုံးဝ မထင်ထားဘူး…။ဒါက ငါ့ကံတရားပဲ ဖြစ်ရမယ်၊ ဒီအခွင့်အရေးကို ငါ ဆုပ်ကိုင်ထားမှ ဖြစ်မယ်...။*
ထို့ကြောင့် သူမသည် လျန်ထျန်းကို ကပျာကယာ ဆက်လက် ကပ်ဖားကာ ချိုသာချွဲနွဲ့သော အသံဖြင့် ပြောလိုက် လေသည်။
"လူချောလေး ဒေါသမထွက်ပါနဲ့နော်…။ အားလုံးက နားလည်မှုလွဲသွားတာပါ…၊ ရှင်က တကယ့်ကို လူကောင်း တစ်ယောက်နဲ့ တူပါတယ်...။"
"ကြည့်လေ ရှင်က ကျွန်မအိတ်ကို ကောက်ရပြီး ပြန်ပေးတာဆိုတော့ ကျေးဇူးတင်တဲ့ အနေနဲ့ အနည်းဆုံးတော့ ထမင်းတစ်နပ်လောက် ကျွေးသင့်တာပေါ့…။ ပြီးတော့ ကျွန်မတို့ အချင်းချင်းလည်း ရင်းနှီးသွားတာပေါ့...။"
ဤတစ်ကြိမ်တွင် လျန်ထျန်းမှာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိလေတော့သည်။
"ဩော် ငါက ဂျီ-ကလက်စ် မောင်းနေလို့ တကယ့် လူကောင်း တစ်ယောက် ဖြစ်သွားတာပေါ့လေ...။"
"ဒါပေမဲ့ စောစောက ငါ့လျှပ်စစ်စကူတာနဲ့ အစားအသောက် ပို့နေတုန်းကတော့ ငါက ကောင်းတာလုပ်ပေး တာတောင် မကောင်းတာလုပ်တဲ့ လူဆိုးနဲ့ တူတယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား...။"
အခန်း (၁၄၄)
ဒီလိုလည်း ဖြစ်နိုင်တာလား
လျန်ထျန်း၏ စကားများထဲမှ ဒေါသကို ခံစားမိသွားသောအခါ ထိုမိန်းမသည် သူ ထွက်ပြေးသွားမည်ကို စိုးရိမ် သည့်အလား သူ၏လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"လူချောလေး... စောစောက အားလုံး နားလည်မှုလွဲသွားတာပါ...။ ကျွန်မကို ပြန်ပြီး တောင်းပန်ခွင့်ပြုပါနော်...၊ ရှင် ဘာခိုင်းခိုင်း အကုန်လုပ်ပေးပါ့မယ်...။"
လျန်ထျန်း၏ လက်မောင်းကို ဖြူဖွေးနူးညံ့သော လက်တစ်စုံက ဆုပ်ကိုင်ထားသော်လည်း သူသည် ရွံရှာစက်ဆုပ် မှုများကိုသာ ခံစားနေရလေသည်။
"ကောင်းပြီ...၊ အခု ငါ့လက်ကို လွှတ်ပြီး ငါ့မျက်စိရှေ့ကနေ ချက်ချင်း ထွက်သွားစမ်း...။"
သူမ၏ ချွဲနွဲ့မှုများက အလုပ်မဖြစ်ကြောင်း သိလိုက်ရသောအခါ ထိုမိန်းမသည် နည်းဗျူဟာ ပြောင်းကာ သနား စရာကောင်းသော အမူအရာကို လုပ်ပြလိုက်လေသည်။
"လူချောလေး...၊ တကယ်တော့ ရှင့်ကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာတင် ကျွန်မတို့ နှစ်ယောက် အရမ်း လိုက်ဖက်တယ်လို့ ခံစားလိုက်ရတယ်...၊ ဒေါသမထွက်ပါနဲ့တော့နော်...။"
"အရင်က ကျွန်မ လုပ်ခဲ့တာတွေ အကုန်လုံးက ရှင့်ကို စမ်းသပ်ကြည့်ရုံသက်သက်ပါ...။ အခု ရှင်က စမ်းသပ်မှုကို အောင်မြင်သွားပြီဆိုတော့ ကျွန်မတို့ နှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲ...။"
ထိုစကားများကို ကြားသောအခါ လျန်ထျန်းမှာ ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွားတော့သည်။
"မင်းက ငါ့ကို ဘာအတွက် စမ်းသပ်ရတာလဲ...။ ငါတို့က ဘာပတ်သက်မှု ရှိလို့လဲ...၊ မင်းက ဘာအခွင့်အရေး ရှိလို့ ငါ့ကို စမ်းသပ်ရတာလဲ...။ ပြီးတော့ မင်းနဲ့ငါက ဘယ်နေရာ လိုက်ဖက်တယ်လို့ ထင်နေတာလဲ...။"
ထိုမိန်းမက နောက်ဆုံးအကြိမ် အနေဖြင့် အသည်းအသန် ကြိုးစားလိုက်ပြန်သည်။
"ရှင်က အရမ်း အရည်အချင်းရှိတယ်လို့ ထင်တယ်...။ ဒါကြောင့် ကျွန်မတို့က အရမ်း လိုက်ဖက်တာပေါ့...။"
လျန်ထျန်းက သူမ၏လက်ကို အတင်း ခါချကာ သူမကို တွန်းဖယ်လိုက်လေသည်။
"မဟုတ်ဘူး...၊ မင်း နားလည်မှုလွဲနေပြီ...။ မင်းက ငါနဲ့ လုံးဝ မတန်ဘူးဆိုတာ သဘောပေါက်လား...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ဂျီ-ကလက်စ် ကားကြီး၏ နောက်ဖုံးကို ဖွင့်ကာ လျှပ်စစ်စကူတာကို ထည့် လိုက်ပြီး ကားပေါ်တက်၍ အမြန် မောင်းထွက်သွားလေတော့သည်။
မြေပြင်ပေါ်သို့ တွန်းလဲခံလိုက်ရသော ဟန်ရေးပြနေသည့် ထိုမိန်းမသည် အမြန် မောင်းထွက်သွားသော ကား၏ နောက်မီးများကို ကြည့်ရင်း သူမ၏ နောင်တတရားများ အထွတ်အထိပ်သို့ ရောက်ရှိသွားကာ မျက်ရည်များပင် ဝဲတက်လာပြီး တစ်ကိုယ်တည်း ရေရွတ်နေမိတော့သည်။
"အစကတည်းကသာ ငါ သူ့ကို အထင်မသေးခဲ့မိရင် ကောင်းမှာ...။ သူ့ကို လက်လွှတ်လိုက်ရရင် သူ့လို ထိပ်တန်း သူဌေးသားမျိုးကို တခြား ဘယ်နေရာမှာ သွားရှာတွေ့နိုင်တော့မှာလဲ...။"
ခေတ္တမျှ နောင်တရနေပြီးနောက် သူမက ရုတ်တရက် ခေါင်းမော့လာခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင် ထူးဆန်း သော အလင်းရောင်တစ်ခု လက်ဖြာသွားကာ ဆက်၍ ပြောလိုက်သည်။
"ဒီနေ့ခေတ် ထိပ်တန်း သူဌေးသားတွေ အားလုံးက ဘဝကို လေ့လာချင်လို့ အစားအသောက် ပို့ရတာကို သဘော ကျနေကြတာလား...။"
"ကောင်းပြီလေ...၊ ငါ ဆုံးဖြတ်လိုက်ပြီ...။ အခုကစပြီး ငါ အစားအသောက် ပို့တဲ့သူတွေကိုပဲ သီးသန့် ပစ်မှတ် ထားတော့မယ်...။ ဒီလိုမျိုး နောက်ထပ် ထိပ်တန်း သူဌေးသား တစ်ယောက်နဲ့များ သွားဆုံလေမလားပဲ...။"
"ဟားဟား...၊ ငါ တော်တော် ဉာဏ်ကောင်းတာပဲ...။ သူဌေးသားတွေရဲ့ စမ်းသပ်မှု တချို့ကို ငါ အောင်မြင်အောင် လုပ်နိုင်သရွေ့ ဆင်းရဲတွင်းကနေ လွတ်မြောက်နိုင်မယ်ဆိုတာ ငါ ယုံကြည်တယ်...။"
"အစပိုင်းမှာ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ၊ ငါ အဆုံးထိ တောင့်ခံထားရမယ်...။"
သို့ဖြစ်၍ အစားအသောက် ပို့ဆောင်သူများကို အထင်အသေးဆုံး ဖြစ်ခဲ့ဖူးသော ထိုဟန်ရေးပြနေသည့် မိန်းမ သည် ယနေ့မှစ၍ သူမ၏ ပုံမှန် အမူအကျင့်များကို စွန့်လွှတ်ကာ သူတို့ကိုသာ ပစ်မှတ်ထားလာတော့သည်။
လျန်ထျန်းသည် သူ မသိလိုက်ဘဲနှင့် သူ၏ အလုပ်တူ အစားအသောက် ပို့ဆောင်သူ များစွာအတွက် အကျိုး ကျေးဇူးများစွာ ယူဆောင်လာပေးခဲ့ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။
ထိုအကြောင်းများကိုမူ ကျွန်ုပ်တို့အနေဖြင့် ပို၍ အသေးစိတ် မဖော်ပြနိုင်တော့ချေ။
အချုပ်အားဖြင့်ဆိုရသော် ထိုမိန်းမသည် ထိုအစားအသောက် ပို့ဆောင်သူများကို သူမအား စမ်းသပ်ရန် ဆင်းရဲ ချင်ယောင် ဆောင်နေကြသူများဟု အခိုင်အမာ ယုံကြည်ကာ အလွန် ဇွဲကောင်းနေခဲ့လေသည်။
သူမသည် အစားအသောက် ပို့ဆောင်သူများထံမှ ပိုက်ဆံ တစ်ပြားတစ်ချပ်မျှ မတောင်းရုံသာမက အခက်အခဲ ဖြစ်နေသော အချို့သော ပို့ဆောင်သူများကို ကူညီရန် သူမ၏ ကိုယ်ပိုင် စုဆောင်းငွေများကိုပင် စေတနာအပြည့် ဖြင့် ထုတ်ပေးခဲ့ပေသေးသည်။
သူမသည် တစ်နေ့တွင် အစားအသောက် ပို့ဆောင်သူ တစ်ဦးက မတ်တတ်ရပ်ကာ သူမအား အလွန် ချစ်ခင် မြတ်နိုးစွာဖြင့် ဤသို့ ပြောလာမည့်အချိန်ကို နေ့စဉ်နှင့်အမျှ စိတ်ကူးယဉ်နေတော့သည်။
"အချစ်လေး...၊ ကိုယ် အမှန်တိုင်း ဝန်ခံပါတော့မယ်...။ တကယ်တော့ ကိုယ်က သန်းကြွယ်သူဌေး တစ်ယောက် ပါ...။"
...
ဂျီ-ကလက်စ် ကားကြီးကို အိမ်သို့ မောင်းပြန်လာပြီးနောက် လျန်ထျန်းသည် သူ၏ လျှပ်စစ်စကူတာဖြင့် အစား အသောက် လိုက်ပို့သည့် နေ့စဉ်လုပ်ငန်းစဉ်ကို ပြန်လည် စတင်ခဲ့လေသည်။
ဤကဲ့သို့သော ဘဝမျိုးက ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းကာ အနည်းငယ် ငြီးငွေ့စရာ ကောင်းနေသော်ငြားလည်း သူ ကျေနပ်နေခဲ့သည်။
ယခု သူရှာဖွေရရှိနေသော ငွေတစ်ယွမ်စီတိုင်းက အနာဂတ်တွင် အဝါရောင်သားပိုက်ကောင် ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူရန် ရန်ပုံငွေများ ဖြစ်လာနိုင်သည်ဟူသော အတွေးက သူ့ကို အလွန် ကျေနပ်ပြည့်စုံမှု ဖြစ်စေလေသည်။
ထိုနေ့တွင် လျန်ထျန်းသည် ထုံးစံအတိုင်း စောစောထွက်လာခဲ့ပြီး အမှာစာများ လက်ခံကာ ပို့ဆောင်ပေးရင်း အလုပ်ရှုပ်နေခဲ့လေသည်။
သို့သော် သူ ပေါက်စီဆိုင် တစ်ဆိုင်သို့ ဝင်သွားချိန်တွင် ပါဆယ်ထုပ်ကို ယူ၍ အထွက်၌ အမျိုးသားတစ်ဦးက သူ့ကို လှမ်းခေါ်လိုက်လေသည်။
"ခဏလောက် နေပါဦး...။"
လျန်ထျန်းသည် ထိုအမျိုးသားကို လှည့်ကြည့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲဗျ... ကိစ္စရှိလို့လား...။"
ထိုအမျိုးသားမှာ လျန်ထျန်းနှင့် အသက်အရွယ်ခန့် တူညီပုံရပြီး ဆံပင်တိုတို၊ အရပ်ရှည်ရှည်နှင့် ပိန်သွယ်သော ခန္ဓာကိုယ်ရှိကာ ပေါ့တီးပေ့ါပျက်နှင့် တာဝန်ယူမှု ကင်းမဲ့သည့် အသွင်အပြင် ရှိလေသည်။
"မင်း ကိုင်ထားတဲ့ အစားအသောက်က ငါ မှာထားတဲ့ အမှာစာပဲ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွား ခဲ့လေသည်။
"ဩော် ခင်ဗျားက အစားအသောက်ပို့တဲ့ အက်ပ်မှာ လျှော့ဈေးတွေ ရှိနေလို့ ပါဆယ် မှာလိုက်တာပေါ့ ဟုတ် လား...။"
"ကျွန်တော် နားလည်ပါပြီ...။ အစားအသောက်ကို ခင်ဗျားဆီ တိုက်ရိုက် ပေးခဲ့မယ် ပြီးမှ ပို့ရမယ့် နေရာကို ကျွန်တော်သွားပြီး ပို့ပြီးကြောင်း မှတ်သားလိုက်ပါ့မယ်...။"
တကယ်တမ်းတွင် အစားအသောက်ပို့သည့် အက်ပ်များသည် တစ်ခါတစ်ရံတွင် ပရိုမိုးရှင်းများ (သို့မဟုတ်) တန်ဖိုးကြီး ကူပွန်များ ပေးလေ့ရှိရာ ဆိုင်မှ တိုက်ရိုက် ဝယ်ယူခြင်းထက် ပို၍ ဈေးသက်သာစေသည်။
အစားအသောက် လိုက်ပို့သည့် သက်တမ်း ကြာလာသောအခါ ဤကဲ့သို့သော အခြေအနေမျိုးကို ရံဖန်ရံခါ ကြုံတွေ့ရတတ်သော်လည်း ကိစ္စမရှိပေ။ ဖောက်သည်ကိုသာ တိုက်ရိုက် အစားအသောက် ပေးလိုက်ရုံဖြင့် လျန်ထျန်းသည် အခြား အမှာစာများကို ပုံမှန်အတိုင်း ဆက်လက် ပို့ဆောင်နိုင်ပေသည်။
သို့သော် လျန်ထျန်းက အစားအသောက်ကို ကမ်းပေးလိုက်သောအခါ ထိုအမျိုးသားက ယူမသွားဘဲ နောက်သို့ ပြန်တွန်းပေးလိုက်လေသည်။
"မင်းက ငါ့ကို သွားပို့ပေးရမှာပဲလေ...။ ပြီးတော့ ပို့ရင်းနဲ့ ငါ့ကိုပါ တစ်ပါတည်း ခေါ်သွားပေးရမှာပေါ့...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ တစ်ဖန် မှင်တက်သွားရပြန်ပြီး တုံ့ပြန်နိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရလေသည်။
"ခင်ဗျား ဆိုလိုတာက...၊ ကျွန်တော်က ဤအစားအသောက်ကို ပို့ပေးရင်း ခင်ဗျားကိုပါ တစ်ခါတည်း ခေါ်သွား ပေးရမယ်လို့ ပြောတာလား...။"
"ဝိုး... အစားအသောက်လည်း မှာရင်း အခမဲ့လည်း စီးရတာပေါ့...။ ဒီလိုလည်း ဖြစ်နိုင်တာလား...။"
ထိုအမျိုးသားက သူ့ကိုယ်သူ မှန်ကန်သည်ဟု ယူဆထားဟန်ဖြင့်၊
"ဒါပေါ့... မဟုတ်ရင် မနက်ခင်း ရုံးတက်ချိန် ယာဉ်ကြောပိတ်ဆို့မှုက အရမ်းဆိုးနေတာ တက္ကစီ စီးရင် ငါ အလုပ် နောက်ကျမှာ သေချာတယ်...။"
"မင်းတို့ အစားအသောက် ပို့တဲ့သူတွေ အကုန်လုံးက လျှပ်စစ်စကူတာတွေ စီးကြတာ မဟုတ်ဘူးလား...။ ပြီး တော့ မင်းတို့က အရမ်း မြန်မြန် မောင်းကြတာပဲ...။ စကားပြောမနေနဲ့တော့ ငါ့ကို ဒီနေရာကနေ ခေါ်သွားပေး မဟုတ်ရင် ငါ နောက်ကျတော့မယ်...။"
ဤကိစ္စနှင့် ပတ်သက်၍ လျန်ထျန်းသည် တကယ့် ပါရမီရှင်ပါလားဟု စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချ ရုံသာ တတ်နိုင်တော့သည်။
ထို့နောက် သူသည် ဘာမျှ ထပ်မပြောတော့ဘဲ သူ၏ လျှပ်စစ်စကူတာဖြင့် ထိုအမျိုးသားကို တင်ကာ သတ်မှတ် ထားသော ပို့ဆောင်ရမည့် နေရာသို့ တကယ်ပင် မောင်းနှင်သွားလေတော့သည်။
လမ်းခရီးတွင် ထိုအမျိုးသားသည် ပါဆယ်ဆွဲလာသော ပေါက်စီများကို စားလာခဲ့သေးသည်။
စား၍ ပြီးသွားချိန်တွင် သူတို့၏ ခရီးပန်းတိုင်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအမျိုးသားသည် လေချဉ်တချက်တက် ကာ ဆိုင်ကယ်ပေါ်မှ ဆင်း၍ အပေါ်ထပ်သို့ တက်သွားခဲ့လေသည်။
နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားသော ထိုအမျိုးသားကို ကြည့်ရင်း လျန်ထျန်းလည်း ထွက်လာခဲ့ပြီး လမ်း ခရီးတွင် တစ်ကိုယ်တည်း ထပ်မံ သက်ပြင်းချမိလေသည်။
"အစားအသောက်ပို့တာကို တက္ကစီလို အသုံးပြုဖို့ တွေးတတ်တာ တကယ့်ကို ပါရမီရှင်တွေထဲက ပါရမီရှင်ပဲ...။"
"အားနည်းချက်က ယဉ်ကျေးမှု မရှိတာပဲ...။ လမ်းတစ်လျှောက်လုံး အခမဲ့ စီးလာတာတောင် ထွက်သွားတဲ့အချိန် အနည်းဆုံးတော့ ကျေးဇူးတင်စကားလေး ပြောသွားသင့်တာပေါ့...။ လူတစ်ယောက် အလေးချိန် ပိုလာတော့ ငါ့လျှပ်စစ်စကူတာက ဘက်ထရီ သိပ်မကုန်ဘူးလို့ ထင်နေလားမသိဘူး...။"
"လူတိုင်းသာ ဒီလို လုပ်ကြမယ်ဆိုရင် ငါ့လျှပ်စစ်စကူတာက ခရီးတစ်ဝက်လောက်ပဲ သွားနိုင်တော့မယ်လို့ ငါ ခန့်မှန်းမိတယ်...။ ဒါက အမှာစာတွေ အများကြီး လျော့သွားမယ်ဆိုတဲ့ သဘောပဲ...။"
"ဟူး... ထားလိုက်ပါတော့...။ ဒီလို ကိစ္စမျိုးတွေက ဘာပဲဖြစ်ဖြစ် ရှားပါတယ်လေ...၊ ကောင်းမှုကုသိုလ်တစ်ခု လုပ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါတော့မယ်...။"
လျန်ထျန်းသည် ဤအသေးအဖွဲ ကိစ္စလေးကို ဆက်မတွေးတော့ဘဲ အစားအသောက် ပို့ရန် အာရုံစိုက်လိုက် ချိန်တွင် သူ၏ လျှပ်စစ်စကူတာ အနောက်ဘက်ရှိ အစားအသောက် ထည့်သည့် သေတ္တာထဲမှ ဖုန်းမြည်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
အစပိုင်းတွင် လျန်ထျန်းသည် သူ နားကြားလွဲသည်ဟု ထင်မှတ်ခဲ့သည်။ အကြောင်းမှာ သူ၏ အစားအသောက် ပို့သည့် သေတ္တာထဲတွင် ပါဆယ်ထုပ်များဖြင့် ပြည့်နှက်နေရာ ထိုနေရာ၌ လက်ကိုင်ဖုန်းတစ်လုံး မည်သို့လုပ် ရှိနေနိုင်မည်နည်း။
သို့သော် ဖုန်းမြည်သံက အစားအသောက် သေတ္တာရှိရာ နေရာမှ ဆက်တိုက် ထွက်ပေါ်နေသဖြင့် လျန်ထျန်းသည် ဆိုင်ကယ်ကို ဘေးသို့ကပ်ရပ်ကာ ဆင်း၍ စစ်ဆေးကြည့်ရလေတော့သည်။
အနီးကပ် စစ်ဆေးကြည့်သောအခါ အထဲတွင် လက်ကိုင်ဖုန်းတစ်လုံး ရှိနေကြောင်း တကယ်ပင် တွေ့ရှိလိုက် ရလေသည်။
သူသည် နားမလည်နိုင်စွာဖြင့် ဖုန်းကို ထုတ်ယူလိုက်ပြီး ဖုန်းကိုင်ရန် ခလုတ်ကို ပွတ်ဆွဲလိုက်ရာ သူ၏ လျှပ်စစ် စကူတာကို စောစောကမှ စီးသွားခဲ့သော အမျိုးသား၏ အသံကို ချက်ချင်း ကြားလိုက်ရလေသည်။
"ဟေ့လူ... ငါ့ဖုန်း မင်းဆီမှာ ကျန်ခဲ့တယ်... ။ အခုချက်ချင်း ငါ့ဆီ ပြန်လာခဲ့...။"
လျန်ထျန်းမှာ သေချာ နားမလည်နိုင်သေးပေ။
"ဒါပေမဲ့ ခင်ဗျားဖုန်းက အစားအသောက် သေတ္တာထဲ ဘယ်လိုလုပ် ရောက်နေတာလဲ...။ အဲ့ဒီထဲကို ထည့်လိုက်မိ တာ ကျွန်တော် မမှတ်မိပါဘူး...။"
ထိုအမျိုးသား၏ အသံ ထပ်ထွက်လာပြန်သည်။
"မင်း ထည့်လိုက်တာ မဟုတ်ဘူး။ ငါ ထည့်လိုက်တာ...။ အဲ့ဒီတုန်းက ငါ ပေါက်စီ စားနေတာဆိုတော့ ဖုန်းကို ဘယ်လိုလုပ် ကိုင်ထားလို့ ရမလဲ...။"
"ငါ့အိတ်ကပ်ထဲ ထည့်ထားရင် ကျပျောက်မှာ စိုးလို့ မင်းရဲ့ အစားအသောက် သေတ္တာထဲ ထည့်ထားလိုက်တာပဲ..။ ထွက်သွားတဲ့အချိန်ကျတော့ မေ့သွားလို့...။"
"စကားကြောရှည် မနေနဲ့တော့...၊ အခုချက်ချင်း ငါ့ဖုန်း ပြန်လာပေးစမ်း...။"