အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း (၁၄၅)
ကျွန်တော်သာ စက္ကန့်ဝက်လောက် နောက်ကျသွားခဲ့ရင် ရဲခေါ်လိုက်မှာ
ထိုစကားကို ကြားပြီးနောက် လျန်ထျန်းသည် ဘာဖြစ်နေသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားကာ ပြောလိုက်လေသည်။
"ကျွန်တော် ခင်ဗျားဆီကို ပို့ပေးနိုင်ပါတယ် ဒါပေမဲ့ ကျွန်တော့်မှာ အချိန်စေ့တော့မယ့် အမှာစာတစ်ခု ရှိနေတယ်။ အဲ့ဒီအမှာစာ ပို့ပြီးမှ ဖုန်းကို လာပို့ပေးလို့ ရမလား...။"
ယုတ္တိတန်တန် စဉ်းစားကြည့်လျှင် လျန်ထျန်း၏ ရှင်းပြချက်မှာ အတော်လေး အကြောင်းပြချက် ခိုင်လုံပေသည်။ သူ၏လက်ထဲတွင် အချိန်ကုန်ဆုံးတော့မည့် အမှာစာတစ်ခု တကယ်ပင် ရှိနေပြီး ဖုန်းမပို့မီ ထိုအရာကို အရင်ပြီး အောင် လုပ်ရန် လိုအပ်ပေသည်။
သို့သော် ထိုအမျိုးသားက ပြတ်သားသော လေသံဖြင့် ချက်ချင်း ပြန်လည် ချေပလိုက်လေသည်။
"အဲ့ဒါက ငါ့အလုပ်သုံးဖုန်းကွ အရမ်း အရေးကြီးတယ်...။"
"မင်း အခုချက်ချင်း ငါ့ဆီ လာပို့တာ ကောင်းမယ် မဟုတ်ရင် စောစောက မင်းပို့သွားတဲ့ ပါဆယ်အတွက် ငါ အဆိုးမြင် မှတ်ချက်ပေးပြီး တိုင်တောလိုက်မှာ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ဆွံ့အသွားပြီး စိတ်ထဲမှ တွေးလိုက်မိလေသည်။
*ဒီလူက တကယ့်ကို ရိုင်းစိုင်းလွန်းတာပဲ ။ ငါက လာမပို့ပေးဘူးလို့မှ မပြောတာကို အဆိုးမြင် မှတ်ချက်ပေးမယ်၊ တိုင်တောမယ်ဆိုပြီး ခြိမ်းခြောက်နေတယ် သူက ဘယ်လိုလူမျိုးလဲ...။*
သို့သော် အပြင်ပန်းတွင်မူ အဆိုးမြင် မှတ်ချက်များနှင့် တိုင်တောခံရခြင်းမှ ရှောင်လွှဲနိုင်ရန် လျန်ထျန်းသည် ဒေါသကို မျိုသိပ်ကာ တည်ငြိမ်စွာ ပြောဆိုရန် ကြိုးစားလိုက်လေသည်။
"ကောင်းပါပြီ ခဏလောက် စောင့်ပါ အမြန်ဆုံး လာပို့ပေးပါ့မယ် ဆယ်မိနစ်လောက်တော့ ကြာမယ်... ။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် အရှိန်တင်လိုက်ပြီး အချိန်စေ့တော့မည့် ပါဆယ်အမှာစာကို ဦးစားပေး ပို့ဆောင်လိုက်လေသည်။ ထိုနေရာမှာ သိပ်မဝေးလှပေ။
ထို့နောက် သူသည် မနားတမ်းပင် ထိုအမျိုးသား ရှိရာသို့ အမြန်ဆုံး သွားရောက်ခဲ့ရာ ကတိပေးထားသည့် ဆယ်မိနစ်အတွင်း ရောက်ရှိသွားခဲ့လေသည်။
ဖုန်းကို ဤမျှ အလျင်စလိုနှင့် အားကြိုးမာန်တက် လာပို့ပေးသည့်အတွက် ထိုအမျိုးသားက ကျေးဇူးတင်စကား ဆိုလိမ့်မည်ဟု လျန်ထျန်း မျှော်လင့်မထားခဲ့ပေ။
အံ့သြစရာကောင်းသည်မှာ ထိုအမျိုးသားက မည်သည့် ကျေးဇူးတင်မှုမျှ မပြသည့်အပြင် ဖုန်းကို ယူပြီးနောက် သူ၏ ပထမဆုံး စကားမှာ...၊
"မင်း သိလား မင်းသာ စက္ကန့်ဝက်လောက် နောက်ကျသွားရင် ငါ ရဲခေါ်လိုက်တော့မှာ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ရင်ထဲတွင် မျိုသိပ်ထားသော ဒေါသ များကို ထပ်မံ ထိန်းချုပ်မထားနိုင်တော့ဘဲ ပေါက်ကွဲထွက်လာတော့သည်။
"ခင်ဗျား ဘာသဘောလဲ ခင်ဗျားဖုန်းကို ကျွန်တော့်ရဲ့ အစားအသောက် သေတ္တာထဲမှာ ထားခဲ့တာလေ။ ကျွန်တော် က စေတနာနဲ့ လာပို့ပေးတာကို...။"
"ခင်ဗျားက ကျေးဇူးတင်စကား မပြောတဲ့အပြင် စက္ကန့်ဝက်လောက် နောက်ကျရင် ရဲခေါ်မယ်လို့တောင် ပြောနေ သေးတာလား...။"
"ခင်ဗျား ရဲခေါ်မယ်ဆိုတာကို စောစောကတည်းက ပြောခဲ့ရင် အနီးနားက ရဲစခန်းမှာ ကျွန်တော် သွားအပ်ခဲ့မှာပေါ့ ကျွန်တော် အလကား သက်သက် လာပို့ပေးနေစရာ မလိုဘူး၊ ခင်ဗျားဘာသာ သွားယူခိုင်းလိုက်ရမှာ...။"
လျန်ထျန်း ဒေါသထွက်နေသည်ကို မြင်သောအခါ ထိုအမျိုးသား၏ ဒေါသက ပို၍ ဆူပွက်လာလေသည်။
"ငါ့ဖုန်း ပျောက်သွားတာကို ရဲမတိုင်ရဘူးလား၊ ပြီးတော့ မင်းကို ပြောပြရဦးမယ်...။"
ဤနေရာတွင် ထိုအမျိုးသားက ခေတ္တရပ်လိုက်ပြီး အလုပ်သက်သေခံကတ်ပြား တစ်ခုကို ထုတ်ကာ လျန်ထျန်း၏ မျက်စိရှေ့တွင် ဝှေ့ယမ်းပြရင်း ဆက်ပြောလိုက်လေသည်။
"ငါ့ဖုန်းထဲမှာ ဘာတွေရှိလဲ မင်း သိလို့လား မင်းက ရဲစခန်းကိုတောင် သွားပို့ပေးမယ် ပြောနေသေးတယ် မဟုတ် လား...။"
"မင်းကို ပြောပြမယ် အကယ်၍ မင်းသာ တကယ် သွားပို့လိုက်ရင် ပြဿနာတွေ အရမ်း ကြီးသွားလိမ့်မယ်…။ မင်းလို အောက်တန်းစား အစားအသောက်ပို့တဲ့ကောင် ဖြေရှင်းနိုင်မယ့် ကိစ္စ မဟုတ်ဘူးကွ...။"
လျန်ထျန်းသည် ထိုအလုပ်သက်သေခံကတ်ပြားကို မြင်လိုက်ရသည်။ ၎င်းမှာ သိပ္ပံနည်းကျ သုတေသနနှင့် နည်းပညာဆိုင်ရာ လက်မှတ်တစ်မျိုး ဖြစ်နေသဖြင့် သူက ချက်ချင်းပင် ပြန်ပြောလိုက်လေသည်။
"ခင်ဗျားဖုန်းထဲမှာ ဘာတွေရှိလဲဆိုတာ ကျွန်တော် နည်းနည်းလေးမှ မသိဘူး…။ ခင်ဗျားကိုယ်တိုင် ကျွန်တော့် သေတ္တာထဲ ထည့်ခဲ့တာလေ ကျွန်တော်က သိတောင် မသိတာ...။"
"ခင်ဗျားဖုန်းကို လက်ခံရရှိပြီးတာနဲ့ အမြန်ဆုံး လာပို့ပေးတာပဲ ကျွန်တော် ခင်ဗျားဖုန်းကို ကြည့်တောင် မကြည့်ရ သေးဘူး...။"
ထိုအမျိုးသားက သူ၏ အလုပ်သက်သေခံကတ်ပြားကို ပြန်သိမ်းလိုက်ပြီး လှောင်ပြောင်လိုက်လေသည်။
"မင်း ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ မင်းလို အောက်ခြေသိမ်း အစားအသောက်ပို့တဲ့ကောင်က ဆုံးဖြတ်နိုင်မယ့် ကိစ္စလား...။"
"ငါက အမျိုးသားအဆင့် အဓိက နည်းပညာပရောဂျက် တစ်ခုရဲ့ ဝန်ထမ်းကွ…။ ငါ့ဖုန်းထဲမှာ လျှို့ဝှက် စာရွက် စာတမ်းတွေ ပါတယ် ပြီးတော့ စကားဝှက်လည်း ခံမထားဘူး...။"
"အကယ်၍ တကယ်ပဲ ရဲတွေရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ စလုပ်ရင် ငါ့လို နည်းပညာရှင် တစ်ယောက် အတွက်တော့ ဘာမှ မဖြစ်ပေမဲ့ မင်းလို အောက်တန်းစား အစားအသောက်ပို့တဲ့ကောင် အတွက်တော့ ပြဿနာ ကြီးကြီးမားမား တက်သွားနိုင်တယ်ဆိုတာ မင်း သိလား...။"
"ဒါကြောင့် မင်းကို မြန်မြန်လာပို့ခိုင်းတာက မင်းအတွက် ကောင်းဖို့လုပ်ပေးတာပဲ။ အစားအသောက်ပို့တဲ့ ကောင်လေး ကျေးဇူးကန်းတဲ့ အလုပ် မလုပ်စမ်းနဲ့...။"
ထိုစကားများကို ကြားပြီးနောက် လျန်ထျန်းသည် မျှော်လင့်မထားဘဲ တည်ငြိမ်သွားလေသည်။
"အခု ခင်ဗျားက ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား ဒါဆိုရင်တော့ အဲ့ဒီလို မလုပ်ဖို့ ကျွန်တော် အကြံပေးချင် ပါတယ်...။"
"ခင်ဗျားဖုန်း ကျွန်တော့်ဆိုင်ကယ်ပေါ်မှာ ကျန်ခဲ့တာကို ကျွန်တော် နားလည်ပါတယ် ခင်ဗျား အလျင်လိုနေတာ ဒါမှမဟုတ် အလုပ်အတွက် လိုအပ်နေတာပေါ့…။ ဒါကြောင့် ကျွန်တော် ပြန်လာပို့ပေးတာပဲ...။"
"ဒါပေမဲ့ ရဲတိုင်မယ်ဆိုတာတွေ မပြောပါနဲ့၊ ပြီးတော့ ကျွန်တော်က အစားအသောက်ပို့တဲ့သူ ဖြစ်နေလို့ ပြဿနာ အကြီးကြီး တက်လိမ့်မယ်ဆိုတာမျိုးတွေလည်း မပြောပါနဲ့...။"
လျန်ထျန်းက ဤစကားများကို ပြောလိုက်ချိန်တွင် အကျိုးအကြောင်း သင့်တင့်စွာ တွေးတောပြီးနောက် ပဋိပက္ခ ပိုမို ကြီးထွားလာခြင်းကို တားဆီးနိုင်ရန် မျှော်လင့်လျက် တည်ငြိမ်စွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုအမျိုးသား၏ အမြင်တွင်မူ လျန်ထျန်း၏ လေသံ ပျော့ကျသွားခြင်းမှာ နောက်ဆုတ်တော့မည့် လက္ခဏာဟု ယူဆသွားသဖြင့် သူက လျန်ထျန်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။
"ငါ့ကို လာပြီး စကားကြောရှည် မနေနဲ့ ပြီးတော့ ငါ ရဲခေါ်ရအောင် ဖိအားမပေးနဲ့ ငါ မင်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး ဒါက အမှန်တရားပဲ...။"
"မင်း ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အကယ်၍ ဒီကိစ္စသာ ရဲလက် ရောက်သွားရင် မင်းကို ဆယ်ရက်ဖြစ်ဖြစ်၊ လဝက်ဖြစ်ဖြစ် ချုပ်ထားနိုင်တယ် ငါကတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး...။"
"သာမန် အစားအသောက်ပို့တဲ့ကောင်က ခိုင်းတာကိုပဲ လုပ်စမ်းပါ ပွစိပွစိနဲ့ ပြောမနေနဲ့ မင်းက တကယ့် အရူး ပဲ...။"
ဤစကားများက လျန်ထျန်းကို လုံးဝ ဒေါသပေါက်ကွဲသွားစေသည်။ သူသည် ဆိုင်ကယ်ပေါ်မှ အမြန်ဆင်းကာ ထွက်သွားရန် ပြင်နေသော ထိုအမျိုးသားကို ဆွဲကိုင်လိုက်ပြီး ဩရှသော လေသံဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီလေ ခင်ဗျားက ဒီလောက်အထိ ကြီးကြီးကျယ်ကျယ် ပြောနေမှတော့ ရဲကို တိုင်လိုက်ကြတာပေါ့။ သူတို့ ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့...။"
ထိုအမျိုးသားက လျန်ထျန်း၏ လက်ကို ခါချရန် ကြိုးစားသော်လည်း လျန်ထျန်းလောက် အားမသန်သည်ကို တွေ့လိုက်ရလေသည်။ သူက ချက်ချင်းပင် အပြင်ပန်းတွင် ကြမ်းတမ်းဟန်ပြသော်လည်း အတွင်း၌မူ အားနည်း သော အမူအရာကို လုပ်ပြလိုက်လေသည်။
"ဟေ့ကောင် အစားအသောက်ပို့တဲ့ကောင် မင်းက အရူးလား…။ ငါက ဒီကိစ္စကို ကြီးကျယ်အောင် မလုပ်ဘူးဆို တာ မင်း မမြင်ဘူးလား...။"
"အခုချက်ချင်း လွှတ်စမ်း ငါ အလုပ်ပြန်လုပ်ရဦးမယ်…။ ငါ့အချိန်တွေက ဘယ်လောက် အဖိုးတန်လဲ မင်း သိလား…။ မင်းလို အောက်တန်းစား ပို့ဆောင်သူက ငါ့ကို ဆွဲထားနိုင်မယ် ထင်နေလား...။"
လျန်ထျန်းသည် သဘာဝကျစွာပင် သူ၏ စကားကို နားမထောင်ခဲ့ပေ။ သူ၏ မျက်နှာထားမှာလည်း ပို၍ ခက်ထန် လာခဲ့လေသည်။
"ကောင်းပြီ ခင်ဗျား မတိုင်ဘူးဆိုရင်လည်း နေပေါ့…၊ ကျွန်တော် တိုင်မယ်...။"
ထိုသို့ပြောရင်း လျန်ထျန်းသည် အခြားလက်တစ်ဖက်ဖြင့် သူ၏ ဖုန်းကို ယူကာ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက် လေသည်။
လျန်ထျန်း ဖုန်းပြောနေစဉ် ထိုအမျိုးသားက မောက်မာစွာ ဆက်၍ အော်ဟစ်နေလေသည်။
"တောက်...၊ အစားအသောက်ပို့တဲ့ကောင်လေး မင်းက မာနထောင်လွှားနေတာလား..။ အခု မင်း ဘယ်သူနဲ့ ပြဿနာ ရှာနေမိလဲဆိုတာ မင်း သိရဲ့လား...။"
"မင်းကို ပြောပြမယ် အခု ငါ သုတေသန လုပ်နေတဲ့ နည်းပညာ ပရောဂျက်ကို ရဲဌာနချုပ်က ကျောထောက် နောက်ခံ ပေးထားတာကွ...။"
"အကယ်၍ ရဲတွေ တကယ် ရောက်လာရင်တောင် ငါ့ကို မဖမ်းဘဲ မင်းကိုပဲ ဖမ်းသွားမှာ သေချာတယ်…။ မသိ နားမလည်တဲ့ အစားအသောက်ပို့တဲ့ကောင်လေး မင်းက အရူးပဲ၊ ငတုံး၊ ငအ...။"
"ဘီး... ဘီး... ဘီး... ဘီး... ဘီး..." (ဘီး ဟူသည်မှာ ဖော်ပြ၍ မရနိုင်သော ဆဲရေးတိုင်းထွာသံ အမျိုးမျိုးကို ကိုယ်စားပြုသည်။)
ထိုအမျိုးသားက မည်မျှပင် ဆဲဆိုနေပါစေ လျန်ထျန်းကမူ တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လုံးဝ လွှတ်မပေးခဲ့ပေ။
မကြာမီမှာပင် အဝေးမှ ရဲကား ဥဩသံများကို ကြားလိုက်ရလေသည်။
ရဲများ တကယ် ရောက်လာသည်ကို ထိုအမျိုးသား မြင်သောအခါ သူ၏ မောက်မာသော အမူအရာများ လျော့ပါး သွားပြီး အနည်းငယ် စိုးရိမ်ထိတ်လန့်သည့် အရိပ်အယောင်များပင် ပေါ်လာခဲ့လေတော့သည်။
သို့သော် လျန်ထျန်းနှင့် စကားပြောရာတွင်မူ မောက်မာပြီး အထက်စီးဆန်ဆန် ရှိနေဆဲဖြစ်သည်။
"မင်းတော့ သွားပြီ…၊ သွားပြီပဲ…။ အစားအသောက်ပို့တဲ့ကောင်လေး မင်းဘာသာ ပြဿနာ ရှာတာပဲ...။"
"ငါက ဘယ်သူလဲ၊ မင်းက ဘယ်သူလဲ၊ မင်း နေရာမင်း တကယ် မသိတာပဲ...။"
"မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ် ခဏနေ ရဲတွေရှေ့ရောက်ရင် သာမန် ပဋိပက္ခလေးပါလို့ပဲ ပြောလိုက်...။"
"ပြီးရင် ငါ့ကို လေးလေးစားစား ဦးညွှတ်ပြီး တောင်းပန်လိုက်…၊ ငါ မင်းကို ခွင့်လွှတ်ပေးမယ်။ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလိုက်လို့ ရတယ် ပြီးရင် အားလုံး ပြီးသွားလိမ့်မယ်...။"
သို့သော် လျန်ထျန်းက ထိုအမျိုးသား၏ "ရက်ရောသော" အကြံပြုချက်ကို ပြတ်သားစွာ ငြင်းပယ်လိုက် လေသည်။
"မလိုဘူး...။"
"အစက ခင်ဗျားက ဒီလောက်အထိ ကြီးကြီးကျယ်ကျယ် ပြောထားမှတော့ ဒီကိစ္စကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်းပဲ ဖြေရှင်းကြတာပေါ့...။"
လျန်ထျန်း၏ အလျှော့မပေးသော အမူအရာကို မြင်သောအခါ ထိုအမျိုးသားမှာ တကယ်ပင် ဒေါသထွက်သွား လေသည်။
သို့သော် ထိုအချိန်တွင် ဘာပြောပြော နောက်ကျသွားပြီ ဖြစ်သည်။ အကြောင်းမှာ ရဲအရာရှိများက ကားပေါ်မှ ဆင်းကာ သူတို့ရှိရာသို့ လာနေပြီ ဖြစ်သောကြောင့်တည်း။
ဦးဆောင်လာသော ရဲအရာရှိ၏ ပခုံးပေါ်တွင် ကြယ်သုံးပွင့် ပါရှိနေလေသည်…။
အခန်း (၁၄၆)
လေးစားရပါသော ပရောဂျက် ရင်းနှီးမြှုပ်နှံသူ
ရဲအရာရှိများ ချဉ်းကပ်လာချိန်တွင် လျန်ထျန်းမှာ ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့်သာ ရှိနေခဲ့လေသည်။
ထိုအမျိုးသားက သူ၏ အလုပ်သက်သေခံကတ်ပြားကို ကပျာကယာ ပြန်ထုတ်လိုက်ပြီးနောက် ရဲအရာရှိများကို ဖားယားသော အပြုံးဖြင့် ပြုံးပြလိုက်လေသည်။
"ရဲအရာရှိမင်းတို့...၊ ကျွန်တော်က ထျန်းကျင်း အာကာသ သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းက ဝန်ထမ်းတစ် ယောက်ပါ...။"
"ပြောရမယ်ဆိုရင် ကျွန်တော်တို့က တကယ်တော့ ညီနောင်အဖွဲ့အစည်းတွေပါပဲ...။ သေချာတာပေါ့ ခင်ဗျားတို့က အစ်ကိုကြီးတွေဖြစ်ပြီး ကျွန်တော်တို့က ညီလေးတွေပါ...။"
"ကျွန်တော်တို့ရဲ့ သုတေသန ပရောဂျက်အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ယူဆောင်လာပေးတဲ့ ခင်ဗျားတို့ရဲ့ ညွှန်ကြား ရေးမှူးတန်ရဲ့ ကျေးဇူးကြောင့် ပရောဂျက်ကို ဒီလောက် ချောချောမွေ့မွေ့နဲ့ ရှေ့ဆက်နိုင်ခဲ့တာပါ...။"
"နောင်ကျရင် ညွှန်ကြားရေးမှူးတန်နဲ့ ထပ်တွေ့ဖို့ အခွင့်အရေးရလာရင် သူ့ကို သေချာပေါက် ကျေးဇူးတင်စကား ပြောရဦးမယ်...။ သေချာတာကတော့ အဲ့ဒီအချိန်ကျရင် အစ်ကိုတို့အတွက်လည်း စကားကောင်း နည်းနည်း လောက် ပြောပေးပါ့မယ်...။"
"အစ်ကိုတို့က ဘယ်ရဲစခန်းကလဲဆိုတာ မေးလို့ရမလား... ။ ဒီလောက် ကြိုးစားပမ်းစားနဲ့ တာဝန်ကျေပွန်တဲ့ အလုပ်လုပ်ပုံမျိုးကို အထက်လူကြီးတွေ သတိထားမိသင့်တယ်...၊ အဲ့ဒီလိုမှလည်း ရာထူးတိုးနိုင်မှာလေ...။"
သို့သော် ထိုအမျိုးသားက ရင်းနှီးမှုရယူရန်၊ အဆက်အသွယ်တည်ဆောက်ရန်နှင့် ကြွားလုံးထုတ်ရန် ကြိုးပမ်း နေသည့် စကားများ မဆုံးမီမှာပင် ဦးဆောင်လာသော ရဲအရာရှိက ဖြတ်ပြောလိုက်လေသည်။
"မင်း ညွှန်ကြားရေးမှူးတန်နဲ့ တွေ့ဖူးလို့လား...။"
ထိုအမျိုးသားမှာ စကားဖြတ်ပြောခံလိုက်ရသော်လည်း ဒေါသမထွက်ခဲ့ပေ။ သူက ပြုံးရုံသာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်လေသည်။
"ဒါကတော့ သဘာဝပါပဲ...။ ဒီသုတေသန ပရောဂျက်ရဲ့ အရေးပါတဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ပရောဂျက် စတင်တဲ့အချိန်မှာ ညွှန်ကြားရေးမှူးတန်နဲ့ လူကိုယ်တိုင် တွေ့ဆုံခဲ့ဖူးပါတယ်...။"
"အဲ့ဒီတုန်းက ညွှန်ကြားရေးမှူးတန် ပြောခဲ့တဲ့ စကားကို မှတ်မိနေပါသေးတယ်...။ ကြိုးကြိုးစားစား လုပ်ပါ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာ ကောင်းတယ် အနာဂတ်မှာ သေချာပေါက် ကြီးကျယ်တဲ့ အောင်မြင်မှု တွေ ရလာမှာပါ တဲ့...။ ဒီနေ့အထိ အဲ့ဒီမြင်ကွင်းက ကျွန်တော့်ရဲ့ မှတ်ဉာဏ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေတုန်း ပါပဲ...။"
ဦးဆောင်လာသော ရဲအရာရှိက တခစ်ခစ်ရယ်မောလိုက်ပြီး သူ့ကို ထပ်မံ ဖြတ်ပြောလိုက်ပြန်သည်။
"မင်း ညွှန်ကြားရေးမှူးတန်နဲ့ တွေ့ဖူးတာ သေချာရဲ့လား...။"
ထိုအမျိုးသားမှာ နှစ်ကြိမ်တိုင်တိုင် စကားဖြတ်ပြောခံရသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်သွားကာ မျက်မှောင် ကြုတ်ရင်း ပြောလိုက်လေသည်။
"ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောပြီးပြီလေ။ ညွှန်ကြားရေးမှူးတန်နဲ့ တွေ့ဖူးပါတယ်ဆို ကိုယ့်မျက်စိနဲ့ကို မြင်ခဲ့တာပါ...။ ဘာလို့ ကျွန်တော့်ကို မယုံကြတာလဲ...။"
ဦးဆောင်လာသော ရဲအရာရှိမှာ အားရပါးရ ရယ်မောလိုက်လေသည်။
"ဒါဆိုရင် ငါက မင်းကို အရင်က မြင်ဖူးတယ်လို့ ဘာလို့ မမှတ်မိရတာလဲ...။ ပြီးတော့ ငါက မင်းကို အဲ့ဒီစကား တွေ ပြောခဲ့တယ်လို့ ဘာလို့ မမှတ်မိရတာလဲ...။ မင်း တွေ့ခဲ့တဲ့ ညွှန်ကြားရေးမှူးတန်ဆိုတဲ့သူက တန်ကော်ဟွာ ဆိုတဲ့ နာမည်လား...။"
ထိုစကားကို ကြားသောအခါ ထိုအမျိုးသား၏ စကားများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး သူ၏ မျက်နှာ ပေါ်တွင် ရှက်ရွံ့မှုများ ချက်ချင်း ဖုံးလွှမ်းသွားကာ ထိတ်လန့်စိုးရိမ်မှုများက ဆက်တိုက် ဖြစ်ပေါ်လာတော့သည်။
"ခင်... ခင်ဗျား... အို မဟုတ်ဘူး...။ ခင်ဗျားက... ခင်ဗျားက ညွှန်ကြားရေးမှူးတန်လား...။"
တန်ကော်ဟွာက ပြုံးလျက် ခေါင်းညိတ်လိုက်သော်လည်း ၎င်းမှာ လှောင်ပြောင်နေသော အပြုံးတစ်ခု ဖြစ် လာခဲ့လေသည်။
"ငါ့ပခုံးပေါ်က ကြယ်သုံးပွင့်က အလုံအလောက် ထင်ရှားမနေဘူးလား...။ ဘယ်လိုဖြစ်ရတာလဲ...၊ ဒီပရောဂျက် အတွက် အရေးပါတဲ့လူ တစ်ယောက်က ဘယ်လိုလုပ်ပြီး အကဲခတ်စွမ်းရည် ဒီလောက်တောင် ညံ့ဖျင်းနေရတာ လဲ...။"
ထိုအမျိုးသား၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားပြီး မြေလျှိုးမိုးပျံ၍ ပျောက်ကွယ်သွားချင်စိတ်များပင် ပေါက်သွားလေတော့သည်။
ကံမကောင်းစွာဖြင့် မြေပြင်တွင် အက်ကြောင်းများ မရှိသောကြောင့် သူ၏ ရှက်ရွံ့မှုနှင့် ထိတ်လန့်စိုးရိမ်မှုများကို မျိုသိပ်ထားကာ ဤသို့သာ ပြောလိုက်နိုင်လေသည်။
"မဟုတ်... မဟုတ်ပါဘူး။ ညွှန်ကြားရေးမှူးတန်...၊ ကျွန်တော့်ကို ရှင်းပြခွင့် ပြုပါဦး...။"
"ကျွန်... ကျွန်တော်က ခင်ဗျားကိုယ်တိုင် ဖုန်းခေါ်ဆိုမှုအတွက် ထွက်လာလိမ့်မယ်လို့ မထင်ထားမိလို့ပါ...။ ဒီလို အသေးအဖွဲ ကိစ္စမျိုးကို သာမန်အားဖြင့် ဒေသခံ ရဲစခန်းတွေက အရာရှိငယ်လေးတွေပဲ ကိုင်တွယ်လေ့ရှိတာ မဟုတ်ဘူးလား...။"
"ခင်... ခင်ဗျား...။ ကျွန်... ကျွန်တော်က...၊"
တန်ကော်ဟွာက သူ့ကို ထပ်မံ ဖြတ်ပြောလိုက်ပြန်သည်။
"ကောင်းပြီ ကောင်းပြီ...။ မင်း စကားကိုတောင် ရှင်းအောင် မပြောနိုင်တော့ဘူးလေ... ။ မင်း ကြွားလုံးထုတ်ဖို့ ကြိုးစားနေတယ်ဆိုတာ ငါ သိပါတယ်...။"
"ဆိုတော့ မင်းက မင်းရဲ့ အာဏာကိုသုံးပြီး နောင်အနာဂတ်မှာ ငါတို့ကို မင်းဘက် ပါလာအောင် လုပ်ဖို့ ကြိုးစား နေတာ မဟုတ်လား...။"
"ငါ တကယ်ကို မယုံနိုင်ဘူး...။ မင်းက နည်းပညာ ကျွမ်းကျင်သူ တစ်ယောက်လေ၊ မင်းရဲ့ အာရုံစိုက်မှုကို ဘယ်နေရာတွေမှာ ထားနေတာလဲ...။"
"သုတေသန၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာအပေါ် အာရုံမစိုက်ဘဲ ဒီကိစ္စတွေအကြောင်းကိုပဲ တွေးရင်း အချိန် ကုန်နေမယ်ဆိုရင် ငါတို့က ပရောဂျက်တစ်ခုကို ဘယ်လိုလုပ် ကောင်းကောင်း စီမံခန့်ခွဲနိုင်မှာလဲ...။"
သူ၏ နောက်ဆုံးစကားတွင် တန်ကော်ဟွာ၏ လေသံမှာ အထက်စီးဆန်သော ခေါင်းဆောင်မှုများဖြင့် ပြည့်နှက် နေလေတော့သည်။
ထိုအမျိုးသားမှာ အလွန် ကြောက်လန့်သွားသဖြင့် တစ်ကိုယ်လုံးပင် ပျော့ခွေသွားတော့သည်။ သို့သော် အရေး ကြီးသော အခိုက်အတန့်တွင် သူ့ထံ၌ အတွေးတစ်ခု ရုတ်တရက် ဝင်လာပြီး အနောက်ဘက်ရှိ လျန်ထျန်းကို ကပျာကယာ လက်ညှိုးထိုးပြကာ ပစ်မှတ်ပြောင်းလိုက်လေသည်။
"ညွှန်ကြားရေးမှူးတန်...၊ အားလုံးက သူ့အမှားတွေချည်းပါပဲ...။"
"ဒီအစားအသောက်ပို့တဲ့ကောင်ပဲ...။ သူက ကျွန်တော့်ဖုန်းကို ခိုးသွားတာ...၊ ကျွန်တော့်ဖုန်းထဲမှာ ပရောဂျက်ရဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ ပါတယ်...။"
"ဒီကိစ္ကြောင့် ကျွန်တော့်အတွေးတွေ နည်းနည်း ရှုပ်ထွေးသွားပြီး စောစောက ခင်ဗျားကို အဓိပ္ပာယ်မရှိတာတွေ ပြောမိသွားတာပါ...။"
"ဒါပေမဲ့ အခု ဒီအရာတွေက အရေးမကြီးတော့ဘူး...။ သူက နည်းပညာတွေကို ခိုးယူတဲ့ သူလျှိုဖြစ်နိုင်တယ်...၊ ခင်ဗျား လူတွေကိုခေါ်ပြီး သူ့ကို ချက်ချင်း ဖမ်းသင့်တယ်...။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပေါက်ကြား သွားတာမျိုး လုံးဝ အဖြစ်ခံလို့ မရဘူး...။"
တန်ကော်ဟွာက ထိုအမျိုးသား လက်ညှိုးထိုးပြသော နေရာသို့ ကြည့်လိုက်ပြီး ပို၍ပင် ကျယ်လောင်စွာ ရယ်မော လိုက်လေသည်။
လျန်ထျန်းနှင့် ညွှန်ကြားရေးမှူးတန်တို့သည် အချင်းချင်း ကြည့်ကာ ရယ်မောလိုက်ကြလေသည်။
သို့သော် ထိုအမျိုးသားကမူ လျန်ထျန်း ရယ်မောနေသည်ကိုသာ မြင်လိုက်ရသဖြင့် သူ့ကို မောက်မာစွာ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
"မင်းက ရယ်နေနိုင်သေးတယ်ပေါ့...။ မင်း အဖမ်းခံရတော့မယ်ဆိုတာ မင်း သိလား...။"
"မင်းက အစားအသောက်ပို့တဲ့ကောင် ဆိုတဲ့ အမည်ခံပြီး အရေးကြီးတဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ ပါတဲ့ ငါ့ဖုန်းကို ခိုးရဲတယ်ပေါ့...။ အောက်တန်းကျတဲ့ သူလျှိုကောင် မင်းတော့ သေပြီသာမှတ်...။"
သို့သော် ထိုအမျိုးသား လှည့်ကြည့်လိုက်ချိန်တွင် တန်ကော်ဟွာက လျန်ထျန်းကို ပြုံးပြနေသည်ကို မြင်လိုက်ရ သောအခါ သူ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်ပေါက် လာလေတော့သည်။
ထင်သည့်အတိုင်းပင် နောက်တစ်စက္ကန့်တွင် တန်ကော်ဟွာသည် သူ့ကို လှမ်းကြည့်လိုက်ရာ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး ခေါင်းဆောင်တစ်ဦး၏ ဩဇာအာဏာကို ပြန်လည်ရယူကာ မေးခွန်းထုတ်လိုက်လေသည်။
"ဒီအစားအသောက်ပို့တဲ့သူက ဘယ်သူလဲဆိုတာ မင်း သိလား...။"
တန်ကော်ဟွာက သူ့ကို ထိုသို့ ကြည့်လိုက်ချိန်တွင် ထိုအမျိုးသားမှာ ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ခံစားလိုက် ရလေသည်။ သူမှာ စကားတစ်ခွန်းမျှ မဟနိုင်တော့ဘဲ တောင့်တင်းနေသော ခေါင်းကိုသာ ခါရမ်းပြနိုင် တော့သည်။
တန်ကော်ဟွာက ဆက်ပြောလိုက်လေသည်။
"မင်း စောစောက အရာရှိဖြစ်တဲ့ ငါ့ကို ရဲစခန်းက အရာရှိငယ်လေး တစ်ယောက်လို့ အထင်မှားသွားခဲ့တယ်...။ ဒါက ပြဿနာ မဟုတ်ပါဘူး...။"
"ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ ယှဉ်လိုက်ရင် မင်းက မင်းတို့ ပရောဂျက်ရဲ့ ဒီအဓိက ရင်းနှီးမြှုပ်နှံသူကြီးကို သာမန် အစားအသောက်ပို့တဲ့ကောင်အဖြစ် သဘောထားခဲ့မိလို့ပဲ...။"
"မင်းက ဘယ်လောက် အရေးပါတဲ့ နည်းပညာ ဝန်ထမ်းလဲဆိုတာ ငါ မသိပေမဲ့ အကယ်၍ သူသာ သူရဲ့ ရင်းနှီး မြှုပ်နှံမှုကို ပြန်ရုပ်သိမ်းသွားမယ်ဆိုရင် ဒီပရောဂျက်က လူတိုင်း အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ်...။"
ထိုစကားကို ကြားပြီးနောက် ထိုအမျိုးသားသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ လျန်ထျန်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့လေတော့သည်။
"ခင်... ခင်ဗျားက...၊ ကျွန်တော်တို့ ပရောဂျက်ရဲ့ အဓိက ရန်ပုံငွေ ထောက်ပံ့ပေးတဲ့သူလား...။"
လျန်ထျန်းက အပြုံးကို ထိန်းထားရင်း ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်... ဒီပရောဂျက်အတွက် ရန်ပုံငွေ အများစုကို ငါက ပံ့ပိုးပေးခဲ့တာ...။"
"ဂျိမ်း..."
ထိုအခိုက်အတန့်တွင် ထိုအမျိုးသားမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကမ္ဘာကြီးမှာ အလွန်တရာ လက်တွေ့မဆန်တော့သကဲ့သို့ ခံစားလိုက်ရလေသည်။
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ ခင်ဗျားက အစားအသောက်ပို့တဲ့သူ သက်သက်ပဲလေ...။ ကျွန်တော်တို့ လို ပရောဂျက် အကြီးကြီးမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံတွေ ဒီလောက် အများကြီး ဘယ်ကနေ ရလာမှာလဲ...။"
လျန်ထျန်းက ပြုံးနေသော်လည်း စကားမပြောခဲ့ပေ။ သို့သော် တန်ကော်ဟွာက သူ၏ ကိုယ်စား ဖြေကြားပေး လိုက်လေသည်။
"ဩော် အစားအသောက်ပို့တဲ့သူ ဖြစ်တဲ့အပြင် သူမှာ တခြား ရာထူးတွေ အများကြီး ရှိသေးတယ်။ ဥပမာ၊ အချမ်းသာဆုံး ကော်ပိုရေးရှင်းရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး၊ ကျင်းတ အိမ်ခြံမြေရဲ့ အဓိက အစုရှယ် ယာရှင်ကြီး စသည်ဖြင့်ပေါ့...။"
"ဂျိမ်း... "
ထိုအမျိုးသားမှာ ထပ်မံ၍ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နှစ်စက္ကန့်အကြာတွင် သူသည် ရုတ် တရက် လက်ကိုမြှောက်ကာ သူ့ကိုယ်သူ အားကုန် ပါးရိုက်ချလိုက်လေတော့သည်။
"ဖြန်း...။"
ပါးရိုက်သံမှာ အလွန် ကျယ်လောင်သွားပြီး တစ်ချိန်တည်းမှာပင် ထိုအမျိုးသား၏ အရူးအမူး ရေရွတ်သံများကိုပါ ကြားလိုက်ရလေသည်။
"ဒါတွေက တကယ် မဖြစ်နိုင်ဘူး။ ဒါတွေက တကယ် မဖြစ်နိုင်ဘူး...။ ငါ အိပ်မက် မက်နေတာ ဖြစ်ရမယ်...။"
"အမှတ်မထင် တွေ့ရတဲ့ ရဲအရာရှိ တစ်ယောက်က ဘယ်လိုလုပ် ရဲမှူးကြီး ဖြစ်နေရတာလဲ...။ ရုတ်တရက် တွေ့ရ တဲ့ အစားအသောက်ပို့တဲ့ကောင်က ဘယ်လိုလုပ် ပရောဂျက် ရင်းနှီးမြှုပ်နှံသူ ဖြစ်နေရတာလဲ...။"
"ငါ မယုံဘူး ငါ မယုံဘူး ငါ မယုံဘူး...။"
ထိုစကားများကို တစ်ကိုယ်တည်း ရေရွတ်ရင်း ထိုအမျိုးသားသည် အရူးတစ်ယောက်ကဲ့သို့ သူ့ကိုယ်သူ အကြိမ် ကြိမ် ဆက်တိုက် ပါးရိုက်နေတော့သည်။
ဤအရာကို မြင်သောအခါ ထိုသူက သူ့ကိုယ်သူ ထိခိုက်ဒဏ်ရာရအောင် လုပ်ပြီးနောက် သူ့ထံမှ အခွင့်ကောင်း ယူရန် ကြိုးစားလာမည်ကို စိုးရိမ်သဖြင့် လျန်ထျန်းက ရဲအရာရှိ အချို့ကို အမြန် တားဆီးခိုင်းလိုက်ရလေသည်။
ထိုအမျိုးသားကို ထိန်းချုပ်လိုက်ပြီး အနည်းငယ် ငြိမ်သက်သွားပြီးနောက် သူ၏ ပါးပြင်တွင် ပူလောင်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ အိပ်မက်မက်နေခြင်း မဟုတ်ကြောင်းကို သဘောပေါက်သွားလေသည်။
နောက်တစ်စက္ကန့်တွင် သူက လျန်ထျန်းအား စတင် တောင်းပန်တော့သည်။
"လေးစားရပါသော ပရောဂျက် ရင်းနှီးမြှုပ်နှံသူကြီး...၊ တောင်းပန်ပါတယ် ကျွန်တော် မှားသွားပါပြီ...။"
"တကယ်တော့ ကျွန်တော်က ကုမ္ပဏီကို မကြာသေးခင်ကမှ ဝင်လာတဲ့ သာမန် ဝန်ထမ်းတစ်ယောက်ပါ...။ ဘာအရေးကြီးတဲ့ နည်းပညာ ဝန်ထမ်းမှ မဟုတ်ပါဘူး...။ ပြီးတော့ ကျွန်တော့်ဖုန်းထဲမှာလည်း လျှို့ဝှက် စာရွက်စာတမ်းတွေ မရှိပါဘူး...။"
"အရင်က ပြောခဲ့သမျှ အားလုံးက လူတွေကို ခြောက်လှန့်ဖို့ လုပ်ကြံပြောဆိုခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပါ...။ ကျွန်တော့်အလုပ်က အစားအသောက်ပို့တဲ့သူထက် ပိုသာတယ်လို့ ထင်ခဲ့မိတာက မောက်မာမှုနဲ့ ကြွားလုံး ထုတ်ချင်တဲ့ စိတ်တွေကြောင့်ပါ...။"
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ပြီးတော့ နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ...။ ဒီလုံခြုံစိတ်ချရတဲ့ အလုပ်ကို ကျွန်တော် တကယ်ပဲ မဆုံးရှုံးချင်ပါဘူး...။"