အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း (၁၄၇)
အာမခံချက်ရှိသော အလုပ်ဆိုသည်မှာ မရှိပါ
အမျိုးသားဖြစ်သူမှာ လျန်ထျန်းအား ဆက်လက်၍ တောင်းပန်နေဆဲဖြစ်လေသည်။
"ကျွန်တော် ဘွဲ့လွန်တက်ခဲ့ရပြီး နှစ်ပေါင်းများစွာ စာမေးပွဲတွေ ဖြေခဲ့ရပြီးမှ ဒီတည်ငြိမ်တဲ့ အလုပ်ကို ရခဲ့တာပါ..။ ကျွန်တော့်အတွက် တကယ်ကို မလွယ်ကူခဲ့ပါဘူး...။"
"နောက်ဆုံးတော့ ယနေ့ ဖြစ်ပျက်ခဲ့တာတွေက ဖုန်းပျောက်သွားလို့ပါပဲ...။ ဒီလောက် သေးငယ်တဲ့ ကိစ္စလေး တစ်ခုနဲ့ ကျွန်တော့်ရဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်တာ ကြိုးစားအားထုတ်မှုတွေ အကုန်လုံးကို အချည်းနှီး မဖြစ်စေနိုင် ပါဘူး...။"
"ကျေးဇူးပြုပြီး ဆရာ...၊ ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ပေးပါအုန်း...။"
ထိုအမျိုးသား၏ အသနားခံ တောင်းပန်မှုများကို ရင်ဆိုင်ရသော်လည်း လျန်ထျန်းမှာ မည်သည့် ကိုယ်ချင်းစာမှု၊ သနားကြင်နာမှုမျှ မပြသခဲ့ဘဲ မျက်နှာသေဖြင့်ပင် ပြောလိုက်လေသည်။
"လူတစ်ယောက် ဘာအလုပ်လုပ်တယ်...၊ ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်တယ်...။ ဒါမှမဟုတ် ဘယ်လောက်အထိ ပညာသင်ခဲ့တယ် ဆိုတာတွေက သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ လုံးဝ သက်ဆိုင်မှု မရှိဘူးဆိုတာကို မင်းဆီကနေ ငါ မြင်တွေ့ခဲ့ရတယ်...။"
"ဒီနေ့ မင်း လုပ်ခဲ့တဲ့ အမှားက ဖုန်းပျောက်သွားတဲ့ ကိစ္စလေးတစ်ခုတည်း မဟုတ်ဘူး...။ မင်းရဲ့ နားလည်နိုင်စွမ်း၊ ကိုယ်ကျင့်တရားနဲ့ တန်ဖိုးထားမှုတွေ အားလုံး မှားယွင်းနေတာပဲ...။"
"ဒါကြောင့် မင်းက ဒီလို ကုမ္ပဏီမျိုးမှာ အလုပ်လုပ်ဖို့ တကယ်ကို မထိုက်တန်ဘူး...။ မင်းက မင်းရဲ့ ရာထူးနေရာနဲ့ မတန်ဘူးဆိုတာ သိရဲ့လား...။"
အမျိုးသားဖြစ်သူက အသည်းအသန် တောင်းပန်နေသော်လည်း လျန်ထျန်းသည် တန်ကော်ဟွာကို စီမံကိန်း မန်နေဂျာထံ ဖုန်းခေါ်ဆိုစေပြီး ထိုအမျိုးသားကို အလုပ်ထုတ်ရန် ညွှန်ကြားလိုက်လေသည်။
ထို့နောက် လျန်ထျန်းသည် တန်ကော်ဟွာနှင့် သီးသန့် စကားပြောဆိုခဲ့လေသည်။
"လောင်တန်...၊ နောက်နောင် လူသစ်ခေါ်တဲ့အခါ လူတွေကို သေချာစောင့်ကြည့်ဖို့ ဒီစီမံကိန်း တာဝန်ခံကို သတိ ပေးလိုက်ပါအုန်း...။"
"ဒီလောက် အရေးကြီးတဲ့ စီမံကိန်း လုပ်ငန်းခွင်မျိုးမှာ ဝန်ထမ်းတွေရဲ့ အခြေခံ အကျဆုံး လူ့ကျင့်ဝတ်တွေကို တောင် မတွေ့ရဘူး...။"
"ငါ မြင်တွေ့ခဲ့ရတာက သူတို့ကိုယ်သူတို့ တခြားသူတွေထက် သာလွန်တယ်လို့ ထင်နေတဲ့ မောက်မာမှု၊ ဘဝင် မြင့်မှုနဲ့ သာလွန်မှုဆိုတဲ့ ခံစားချက်တွေချည်းပဲ...။"
ဤကဲ့သို့ ဆုံးမစကား ပြောဆိုမှုမျိုးမှာ ပုံမှန်အားဖြင့် တန်ကော်ဟွာကသာ အခြားသူများကို ပြောလေ့ရှိခြင်း ဖြစ်သည်။
တစ်နေ့တွင် ညွှန်ကြားရေးမှူးတန်အား လူတစ်ယောက်က ဤသို့ ပြောဆိုလိမ့်မည်ဟု မည်သူမျှ တွေးထင်ထား ခဲ့မည် မဟုတ်ပေ။ အထူးသဖြင့် အစားအသောက် ပို့ဆောင်သူ တစ်ဦးက ဖြစ်နေခြင်းပင်တည်း။
တန်ကော်ဟွာမှာမူ လက်အောက်ငယ်သား တစ်ဦးကဲ့သို့ အကြိမ်ကြိမ် ခေါင်းညိတ်ကာ သဘောတူနေရလေ သည်။ အကယ်၍ အယ်လ်မြို့တော်မှ အခြား ရဲအရာရှိများသာ ဤမြင်ကွင်းကို မြင်တွေ့သွားပါက သေချာပေါက် အံ့အားသင့်သွားကြမည် ဖြစ်သည်။
သို့သော် လျန်ထျန်းသည် စည်းမျဉ်းများကို နားမလည်သူ မဟုတ်သဖြင့် တန်ကော်ဟွာနှင့် သီးသန့်သာ ပြောဆိုခဲ့ ခြင်းဖြစ်ပြီး သူတို့နှစ်ဦးမှလွဲ၍ အခြား မည်သူမျှ ဤကိစ္စကို မသိကြပေ။
ထိုသို့မဟုတ်ပါက လောင်တန်မှာ တကယ်ကို မျက်နှာပျက်ရမည်ဖြစ်ပြီး လျန်ထျန်းသည်လည်း ဤညွှန်ကြားရေး မှူးတန်ကို လုံလောက်သော မျက်နှာပေးမှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းက ဆက်ပြောလေသည်။
"လွန်ခဲ့တဲ့ အတန်ကြာက တီဗွီကြည့်ရင်း ငါတို့ခေါင်းဆောင်က အရေးကြီးတဲ့ အစည်းအဝေးတစ်ခုမှာ ဒီအချက် ကို ထောက်ပြခဲ့တာကို ငါ ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်...။"
"ဒီကြီးမားလှတဲ့ ရုန်းကန်လှုပ်ရှားမှုနဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်ရွယ်ချက်မှာ အရာရှိတွေကို ရွေးချယ်ခန့်အပ်ရာ၌ ကိုယ်ကျင့်တရားနဲ့ အရည်အချင်း နှစ်ခုစလုံးကို အခြေခံပြီး ကိုယ်ကျင့်တရားကို ဦးစားပေးရမယ်ဆိုတဲ့ မူဝါဒကို ငါတို့ လိုက်နာရမယ်တဲ့...။"
"နိုင်ငံအရပ်ရပ်က လူတွေကို အရည်အချင်းအပေါ် မူတည်ပြီး ရွေးချယ်ခန့်အပ်ခြင်း၊ ပြည်သူလူထုရဲ့ အကျိုး စီးပွားကို ဦးစားပေးခြင်း၊ တရားမျှတပြီး ဖြောင့်မတ်မှန်ကန်ခြင်းဆိုတဲ့ မူဝါဒတွေကို စွဲကိုင်ရမယ်။ ဝန်ထမ်းတွေ ရွေးချယ်ခန့်အပ်ရာမှာ မလျော်ကန်တဲ့ အလေ့အကျင့် မှန်သမျှကို ပြတ်ပြတ်သားသား တားဆီးကာကွယ်ပြီး ပြုပြင်ပေးရမယ်...။"
"ကျေးဇူးပြုပြီး ညွှန်ကြားရေးမှူးတန်...၊ ဒီစကားတွေကို စီမံကိန်းမန်နေဂျာဆီ တစ်လုံးမကျန် ပြန်ပြောပြပေး ပါအုန်း...။"
ဤစကားများက စီမံကိန်းမန်နေဂျာ၏ နားထဲသို့ ရောက်ရှိသွားသောအခါ သူ၏ ကျောပြင်တစ်ခုလုံး ချွေးစေး များဖြင့် ရွှဲနစ်သွားရလေသည်။
အဘယ်ကြောင့်ဆိုသော် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ဤမျှ ကြီးမားသော စီမံကိန်းကြီးတစ်ခုကို ရန်ပုံငွေ ထောက်ပံ့နိုင်ရန် နောက်ကွယ်တွင် မည်မျှကြီးမားသော အင်အားရှိနေမည်ကို သူ သိရှိထားသောကြောင့် ပင် ဖြစ်ပေသည်။
ထိုအာဏာနှင့် နောက်ခံအကြောင်းအရင်းများကို ဖယ်ထားလိုက်လျှင်ပင် ဤစီမံကိန်း၏ အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်သော လျန်ထျန်းအနေဖြင့် မည်သည့်အချိန်တွင်မဆို ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရုပ်သိမ်းနိုင်ပြီး ထိုသို့ဖြစ်လာ ပါက စီမံကိန်းသည် ဆက်လက်၍ အကောင်အထည်ဖော်ရန် ခက်ခဲသွားမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ကြည့်လျှင် လျန်ထျန်းသည် သူ၏ အခြားသော အဓိပ္ပာယ်တစ်မျိုးဖြင့် ခေါင်းဆောင်တစ်ဦးပင် ဖြစ်နေလေသည်။
ကံကောင်းထောက်မစွာဖြင့် လျန်ထျန်းသည် သူ၏ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရုပ်သိမ်းရန် ရည်ရွယ်မထားပေ။ မည်သို့ပင်ဆိုစေ လုပ်ငန်းခွင်တိုင်းတွင် မူမမှန်သူ အနည်းငယ်တော့ ရှိနေမည်မှာ ရှောင်လွှဲ၍မရကြောင်း သူ နားလည်ထားလေသည်။
ထိုကဲ့သို့သော ထူးဆန်းသူ အရေအတွက် နည်းပါးနေသရွေ့ ကြီးမားသော ပြဿနာ ရှိမည်မဟုတ်ပေ။
ထို့အပြင် ဤစီမံကိန်းသည် "မိသားစုကြီး" အတွက်ရော "မိသားစုငယ်" အတွက်ပါ များစွာ အရေးပါလှသဖြင့် ပုပ်နေသော ပန်းသီးတစ်လုံးကြောင့် တစ်ခြင်းလုံးကို မည်သို့လျှင် အပျက်ခံနိုင်မည်နည်း။
သို့သော် အနာဂတ်တွင် အလားတူ အခြေအနေမျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် လျန်ထျန်းသည် တန်ကော်ဟွာ မှတစ်ဆင့် စီမံကိန်းရှိ ဝန်ထမ်းအားလုံးထံသို့ အောက်ပါစကားများကို ရံဖန်ရံခါ ပါးခိုင်းလေ့ရှိသည်။
"အရေးကြီးတဲ့ ကုမ္ပဏီတစ်ခုထဲ ဝင်ရောက်နိုင်ရုံနဲ့ လုံခြုံတဲ့ အလုပ်တစ်ခု ရပြီ၊ ပူပင်သောကကင်းတဲ့ ဘဝကို ဖြတ်သန်းနိုင်ပြီလို့ မထင်လိုက်ပါနဲ့...။"
"တကယ်တော့ ဒီလောကမှာ အာမခံချက်ရှိတဲ့ အလုပ်ဆိုတာ မရှိပါဘူး...။ အကယ်၍ ရှိခဲ့ရင်တောင် ခင်ဗျားတို့ရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုအပေါ်မှာ အခြေခံထားတာပါ...။"
"အစစ်အမှန် လုံခြုံတဲ့ အလုပ်ဆိုတာ ကုမ္ပဏီတစ်ခု ဒါမှမဟုတ် ရာထူးတစ်ခုမှာ တစ်သက်လုံး နေထိုင်သွားဖို့ မဟုတ်ဘဲ ဘယ်လို ပတ်ဝန်းကျင်မှာမဆို ရှင်သန်နိုင်စွမ်း ရှိခြင်းပါပဲ...။"
"ဒါကြောင့် ဘယ်လို ရာထူးနေရာမှာပဲ ရှိနေပါစေ၊ ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့...။"
"ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အရည်အချင်းနဲ့ကိုယ် အသက်မွေးဝမ်းကျောင်း ပြုနေသူတိုင်းဟာ လေးစားခံရဖို့ ထိုက်တန်လို့ပါပဲ...။"
"အလားတူပဲ...၊ မိမိရဲ့ တာဝန်ဝတ္တရားတွေကို မထမ်းဆောင်ဘဲ ရာထူးရယူထားသူတွေ၊ နေရာယူထားရုံ သက် သက်ဖြစ်နေသူတွေနဲ့ အမြဲတမ်း မိမိကိုယ်ကို အထက်စီးကျနေတယ်လို့ ခံစားနေရသူတွေဟာ တစ်နေ့ကျရင် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရပါလိမ့်မယ်...။"
"အဲ့ဒီလို အကျိုးဆက်မျိုး ဒီက ဘယ်သူ့ဆီမှာမှ မဖြစ်လာဖို့ မျှော်လင့်ပါတယ်...။ ခင်ဗျားတို့အားလုံး မိမိတို့ရဲ့ ရာထူးနေရာနဲ့ သက်ဆိုင်တဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ထမ်းဆောင်သင့်တယ်...။"
တစ်ခါတစ်ရံတွင် တန်ကော်ဟွာသည် လျန်ထျန်းအား သီးသန့် မေးလေ့ရှိသည်။
"မင်း ဒီအရာတွေ အားလုံးကို ဘယ်ကနေ သင်ယူခဲ့တာလဲ...။ မင်းပြောတာတွေကို ထောက်ရှုကြည့်ရင် မင်း အစိုးရအလုပ်ကို မလုပ်ခဲ့တာ တကယ့်ကို နှမြောစရာပဲလို့ ငါ ခံစားရတယ်...။"
လျန်ထျန်းကမူ အမြဲတမ်း ပြုံးကာ ခေါင်းခါပြလေ့ ရှိလေသည်။
"ကျွန်တော် ငယ်ရွယ်ပြီး သွေးဆူနေတဲ့ အချိန်တုန်းကတော့ ဒီအကြောင်းတွေကို စိတ်ကူးယဉ်ခဲ့ဖူးပါတယ်...။ ဒါပေမဲ့ ဒီလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့နဲ့ မှတ်တမ်းကောင်းတစ်ခု ကျန်ရစ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်း တယ်ဆိုတာကို အခုတော့ ကျွန်တော် နားလည်နေပါပြီ...။"
"အခုတော့ နေ့တိုင်း အစားအသောက်တွေ ပို့ပေးရင်းနဲ့ကို ကျွန်တော် အဆင်ပြေနေပါပြီ...။ အလုပ်များပေမဲ့ သန့်ရှင်းတဲ့ ငွေကြေးကို ရှာဖွေနေရတာက ကျွန်တော့်ကို စိတ်အေးချမ်းမှုနဲ့ ကျေနပ်မှုကို ဖြစ်စေပါတယ်...။"
ထိုအခါ တန်ကော်ဟွာမှာ မကြာခဏ ရယ်မောလေ့ရှိသည်။
"လုပ်ပါအုန်း... မင်းက အစားအသောက် ပို့ပေးရင်း ပိုက်ဆံရှာတယ်ပေါ့...။ အဲ့ဒါကို ဘယ်သူက ယုံမှာလဲ...။"
"အော်... နားလည်ပါပြီ...။ မင်းက တင်စားပြီး ပြောနေတာကိုး...၊ ကောင်းပါပြီ...။ ငါလည်း ဘဝတစ်ဝက် လောက် နေခဲ့ပြီးပြီဆိုပေမဲ့ မင်းရဲ့ နက်နဲမှုကို မမီဘူးဆိုတာ ငါ ဝန်ခံပါတယ်...။"
ဤတစ်ကြိမ်တွင်လည်း တန်ကော်ဟွာက လျန်ထျန်းအား ပြောခဲ့လေသည်။
"မင်းကို ပြောစရာ တစ်ခုရှိတယ်...။ ဒါပေမဲ့ ငါ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားပါရစေ၊ မင်း ဒေါသမထွက် ရဘူးနော်...။"
"ငါ မင်းကို တိတ်တဆိတ် စုံစမ်းခဲ့တယ်...။ ယေဘုယျအားဖြင့်တော့ မင်းလို ချမ်းသာတဲ့ လူတွေက အမြဲတမ်း လက်ထဲမှာ တစ်ခုခုတော့ ရှိတတ်ကြတယ်လေ...။ အင်း... သူတို့က သိပ်တော့ မသန့်ရှင်းကြဘူးပေါ့...။"
"ဒါပေမဲ့ မင်းကတော့ တကယ်ကို မသန့်ရှင်းတဲ့အရာ တစ်ခုမှ ရှာမတွေ့ခဲ့ဘူး...။ တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ် ကျော်လောက်က မင်းရဲ့ အချက်အလက်တွေကို ကြည့်လိုက်တော့ မင်းက ရိုးရှင်းတဲ့ အစားအသောက် ပို့ဆောင် သူ တစ်ယောက်လို့ပဲ ငါ ခံစားခဲ့ရတယ်...။"
"ဒါကြောင့် တစ်နှစ်ကျော်လေး အတွင်းမှာ မင်း ဘယ်လိုလုပ်ပြီး ဒီလောက် ကြီးမားတဲ့ ကုမ္ပဏီကြီးတွေ အများ ကြီးရဲ့ အစုရှယ်ယာရှင် ဖြစ်လာရတာလဲဆိုတာ တစ်ခါတလေ ငါ တကယ်ကို သိချင်မိတယ်...။"
ဤမေးခွန်းကို မေးလာသောအခါ လျန်ထျန်းက ပြုံး၍သာ ပြန်ဖြေလိုက်လေသည်။
"ဒါတွေ အားလုံးက ကျွန်တော့်ရဲ့ အစားအသောက် ပို့ဆောင်ရေး အလုပ်ကြောင့်ပါပဲ...။ ဒီအခြေခံအုတ်မြစ်ကို တစ်စတစ်စ တည်ဆောက်နိုင်ခဲ့တာပါ...။ တစ်ဖန်စု တစ်ယွမ် ဆိုတဲ့ စကားကို ခင်ဗျား ကြားဖူးတယ် မဟုတ် လား...။"
တန်ကော်ဟွာက သဘာဝကျစွာပင် ယုံကြည်မည် မဟုတ်ပေ။
"မင်း ဒီအကြောင်းကို မပြောချင်ဘူးဆိုရင်လည်း ဒီအတိုင်းပဲ ပြောလိုက်ပါ...။ ကြက်ပေါက်လေးတွေမှာ သေး မပေါက်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်ဆိုတာ ငါ အသေအချာ သိပါတယ်...။ ဒါကြောင့် ဆက်ပြီးသာ ဖုံးကွယ်ထားလိုက်ပါ...။"
သူတို့ ဆက်လက် တွေ့ဆုံလာသည်နှင့်အမျှ လျန်ထျန်းနှင့် ဤညွှန်ကြားရေးမှူးတန်တို့မှာ တစ်ဦးနှင့်တစ်ဦး ပို၍ ရင်းနှီးလာခဲ့ကြလေသည်။
ယခုမှစ၍ လျန်ထျန်းအနေဖြင့် ကိစ္စရပ်များစွာကို ကိုင်တွယ်ဖြေရှင်းပေးရန် သူ့အား အကူအညီ တောင်းရ ပေမည်။ သေချာပေါက် ညွှန်ကြားရေးမှူးတန် အနေဖြင့်လည်း ကိစ္စရပ်များစွာတွင် လျန်ထျန်း၏ ထောက်ပံ့မှုကို လိုအပ်ပေလိမ့်မည်။
ဤသို့ဖြင့် အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့လေသည်။
နောင်လာမည့် နေ့ရက်များတွင် လျန်ထျန်းသည် ဤလမ်းကြောင်းပေါ်ရှိ ဆက်ဆံရေးများ၏ အရေးပါမှုကို ပို၍ နားလည်သဘောပေါက်လာမည် ဖြစ်သော်လည်း ယင်းမှာ အခြားသော အချိန်တစ်ခုအတွက် ဇာတ်လမ်း တစ်ပုဒ် သာ ဖြစ်လေတော့သည်။
...
ဤနေ့တွင် လျန်ထျန်းသည် အခြားသော နေ့ရက်များနည်းတူ သူ၏ ပြည့်စုံသော အစားအသောက် ပို့ဆောင်ရေး ဘဝဖြင့် အလုပ်ရှုပ်နေခဲ့လေသည်။
ရလဒ်အနေဖြင့် ယနေ့တွင် အတော်အတန် ဝေးကွာသော နေရာများမှ အမှာစာ အနည်းငယ်ကို လက်ခံရရှိခဲ့ပြီး ညနေ မစောင်းမီမှာပင် သူ၏ လျှပ်စစ်စကူတာမှာ အားကုန်သွားခဲ့လေသည်။
ညနေခင်းများမှာ ပုံမှန်အားဖြင့် အစားအသောက် ပို့ဆောင်ရေး အမှာစာများအတွက် အလုပ်အရှုပ်ဆုံး အချိန်ဖြစ် သော်လည်း အမြန်အားသွင်းစနစ်ဖြင့်ပင် နောက်ထပ် အမှာစာများကို လက်ခံနိုင်လောက်သည်အထိ ဘက်ထရီ အားပြည့်ရန် နာရီဝက်မှ တစ်နာရီခန့် အချိန်ယူရလေသည်။
ထိုစဉ် မော်တော်ဆိုင်ကယ်ဖြင့် သူ့ဘေးမှ ဖြတ်မောင်းသွားသော အစားအသောက် ပို့ဆောင်သူ တစ်ဦးကို သူ မြင်လိုက်ရပြီး မနာလိုစိတ်ဖြင့် သူ့ဘာသာ တီးတိုးရေရွတ်လိုက်လေသည်။
"ငါလည်း မော်တော်ဆိုင်ကယ် တစ်စီးလောက် ဝယ်ဖို့ လိုနေပြီ ထင်တယ်...။ တကယ်တမ်း အရေးကြုံလာရင် ဓာတ်ဆီသုံးတဲ့ ကောင်က ပိုပြီး ယုံကြည်စိတ်ချရတယ်...။"
အခန်း (၁၄၈)
ဟာလီ စီဗွီအို
မော်တော်ဆိုင်ကယ် ဝယ်ယူရန် ဆုံးဖြတ်ပြီးနောက် လျန်ထျန်းသည် ရရှိနိုင်သော မော်တော်ဆိုင်ကယ် အမျိုး အစား အသီးသီးကို စုံစမ်းလေ့လာခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ မော်တော်ဆိုင်ကယ် တစ်စီး ဝယ်တော့မည်ဆိုလျှင် မိမိ နှစ်သက်သည့် အမျိုးအစားကိုသာ ဝယ်ယူသင့်သည် မဟုတ်ပါလား။ အထူးသဖြင့် ဤအရာက သူ၏ အနာဂတ် အလုပ်အကိုင်အတွက် အသုံးပြုရ မည့် ကိရိယာတန်ဆာပလာ ဖြစ်နေသောကြောင့်ပင်တည်း။
အရေးအကြီးဆုံးမှာ...၊ ကမ္ဘာ့ကုန်ဈေးနှုန်းများက အဆတစ်သန်း ငွေကြေးတန်ဖိုး ကျဆင်းသွားခဲ့ပြီး လျန်ထျန်း၌ ငွေကြေးများစွာ ရှိနေသည့်အတွက် ပို၍ကောင်းမွန်သော ယာဉ်တစ်စီးကို ဘာကြောင့် မဝယ်နိုင်ရမည်နည်း။
သို့သော် လျန်ထျန်းသည် ဆိုင်ကယ် ရွေးချယ်ရာတွင် အသင့်တော်ဆုံးကို မစဉ်းစားဘဲ အဈေးအကြီးဆုံးကိုသာ ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။
အစားအသောက် ပို့ဆောင်ရန် ရည်ရွယ်ထားသဖြင့် မော်တော်ဆိုင်ကယ်နှင့် ပတ်သက်၍ လျန်ထျန်း၏ ပထမဆုံး လိုအပ်ချက်မှာ အစားအသောက် အမှာစာများကို ထည့်သွင်းနိုင်မည့် ကြီးမားသော နောက်ခန်းပါရှိရမည် ဖြစ် လေသည်။
ထိုသို့ လိုက်လံရှာဖွေပြီးနောက် သူ၏ လိုအပ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သည့် ဆိုင်ကယ်တစ်စီးကို တွေ့ရှိ သွားခဲ့လေသည်။
"ငါ ဆုံးဖြတ်ပြီးပြီ...၊ ဒီ ဟာလီ စီဗွီအိုကိုပဲ ရွေးလိုက်တော့မယ်...။ တခြား ဘာမှ အရေးမကြီးဘူး...၊ ကိုယ်လို ချင်တဲ့ ပုံစံမျိုးကို ကိုယ်တိုင် တောင်းဆိုပြီး စိတ်ကြိုက် ပြင်ဆင်လို့ ရတာကိုပဲ ငါ အကြိုက်ဆုံးပဲ...။"
"အကြီးမားဆုံး နောက်ခန်းပါတဲ့ မော်တော်ဆိုင်ကယ်ကို သေချာပေါက် မှာယူရမယ်...။ ဒါမှသာ အစားအသောက် အမှာစာတွေ ပိုသယ်နိုင်ပြီး ပိုပို့နိုင်မှာလေ၊ ဟားဟားဟား...။"
အစားအသောက် ပို့ဆောင်ရေး ပိုမို ကောင်းမွန်စေရန်အတွက် အဆင့်မြင့် စိတ်ကြိုက်ထုတ်လုပ်ထားသော ဟာလီဒေးဗစ်ဆန် ခရီးသွား မော်တော်ဆိုင်ကယ်တစ်စီးကို ဝယ်ယူလိုက်ခြင်းပင်။ အကယ်၍သာ ဟာလီ ဆိုင်ကယ် ရူးသွပ်သူများ ဤအကြောင်းကို ကြားသိသွားပါက ဒေါသထွက်သွားကြမည်မှာ သေချာလှသည်။
သို့သော် လျန်ထျန်းကမူ ထိုအရာများအနက် မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ပေ။ မကြာမီမှာပင် သူ ရင်းနှီးမြှုပ်နှံ ထားသော မော်တော်ယာဉ် အရောင်းကုမ္ပဏီတစ်ခု၏ လမ်းကြောင်းမှတစ်ဆင့် အလွန်ကြီးမားသော နောက်ခန်း ပါရှိသည့် ဟာလီ စီဗွီအို တစ်စီးကို စိတ်ကြိုက် မှာယူခဲ့လေသည်။
နှစ်ပတ်အကြာတွင် အလွန်ကြီးမားသော နောက်ခန်းပါရှိသည့် ဟာလီ စီဗွီအိုမှာ လျန်ထျန်းထံသို့ တရားဝင် ရောက်ရှိလာခဲ့လေသည်။
ဆိုင်ကယ်ကို မြင်လိုက်ရသောအခါ လျန်ထျန်းမှာ အလွန်ပင် ကျေနပ်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် နောက်ခန်းမှာ သူ တောင်းဆိုထားသည့်အတိုင်း အမှန်တကယ်ပင် ကြီးမားကျယ်ဝန်းနေသောကြောင့်ပင် ဖြစ် သည်။
ယာဉ်အသစ်လေးနှင့်အတူ လျန်ထျန်းမှာ အစားအသောက် ပို့ဆောင်ရန် ပို၍ပင် စိတ်အားထက်သန်လာခဲ့လေ သည်။
အထူးသဖြင့် ဆီတစ်ခါ အပြည့်ဖြည့်ထားပါက ရက်အတော်ကြာ အသုံးပြုနိုင်သဖြင့် ၎င်း၏ သွားလာနိုင်စွမ်းမှာ လျှပ်စစ်စကူတာထက် များစွာ ပို၍ ယုံကြည်စိတ်ချရလေသည်။
ထိုနေ့တွင် သူသည် လမ်းပေါ်၌ မော်တော်ဆိုင်ကယ်ကို စီးနင်းလာခဲ့ပြန်သည်။ သို့သော် လမ်းဆုံတစ်ခု၌ ကွေ့ လိုက်စဉ် မျက်နှာချင်းဆိုင်မှ အနက်ရောင် ကားတစ်စီး ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
လျန်ထျန်းက အချိန်မီ ဘရိတ်အုပ်နိုင်ခဲ့သော်လည်း အနက်ရောင် ဆီဒင်ကားမှာ အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာ ခဲ့ခြင်းဖြစ်၍ "ဒိုင်း" ခနဲ အသံကျယ်ကြီးနှင့်အတူ ယာဉ်နှစ်စီးမှာ ဝင်တိုက်မိသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် အနက်ရောင် ဆီဒင်ကားမှာ နောက်ဆုံးစက္ကန့်တွင် ဘရိတ်အုပ်လိုက်နိုင်သဖြင့် တိုက် မိသည့်အသံ ကျယ်လောင်သော်လည်း အမှန်တကယ်တွင် သိပ်မပြင်းထန်ခဲ့ပေ။
သို့သော်လည်း လျန်ထျန်းနှင့် သူ၏ မော်တော်ဆိုင်ကယ်မှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး ယာဉ်ကိုယ်ထည် အစိတ်အပိုင်းများမှာလည်း မြေပြင်အနှံ့ ပြန့်ကျဲသွားခဲ့လေသည်။
မြေပြင်ပေါ်တွင် လဲကျနေသော လျန်ထျန်းသည် သူ့တွင် ပြင်းထန်သော ဒဏ်ရာမရရှိထားကြောင်း သိလိုက်ရ သောအခါ သူ၏ စိတ်ထဲတွင် ပထမဆုံး တွေးမိလိုက်သည့် အရာမှာ၊
"ကံကောင်းလို့ပေ့ါ...၊ ငါ အစားအသောက် ပို့တာ တစ်ခေါက် ပြီးသွားလို့ နောက်ခန်းထဲမှာ ဘာအမှာစာမှ မရှိ နေဘူး...။ ဒါကြောင့် အစားအသောက်တွေ ပျက်စီးပြီး အဆိုးမြင် မှတ်ချက်တွေ ရမှာကို စိုးရိမ်စရာ မလိုတော့ ဘူး...။"
ထိုအချိန်တွင် အနက်ရောင် ဆီဒင်ကားမှာ ရပ်တန့်သွားပြီး အသက်လေးဆယ်ခန့် အရွယ်ရှိ ဆံပင်တိုတိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ယာဉ်မောင်းခုံမှ ဆင်းလာခဲ့လေသည်။
ထိုဆံပင်တိုတိုနှင့် အမျိုးသားသည် အနက်ရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ တောင့်တင်း ခိုင်မာပြီး စက်ရုံပိုင်ရှင် တစ်ဦး၏ ဟန်ပန်မျိုး ရှိနေလေသည်။
သူ ရောက်ရှိလာပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေဆဲဖြစ်သော လျန်ထျန်းကို တစ်ချက်ပင် မကြည့်ခဲ့ပေ။ ထိုအစား သူ၏ကား ရှေ့ပိုင်းကို ကြည့်ကာ ချက်ချင်းပင် စိတ်ပျက်လက်ပျက် ညည်းတွားလိုက်လေသည်။
"ဘုရားရေ... ငါ့ရဲ့ မာစီးဒီးကားလေး... ဘာတွေ ဖြစ်ကုန်တာလဲ...။"
ထို့နောက် သူက မြေပြင်မှ မထနိုင်သေးသော လျန်ထျန်းကို လှည့်ကြည့်လိုက်သည်။ ထိခိုက်ဒဏ်ရာ ရထားခြင်း ရှိ၊ မရှိ စစ်ဆေးမည့်အစား သူက စတင် ဆဲရေးတိုင်းထွာတော့သည်။
"ဟေ့ကောင် ဟိုစုတ်ပြတ်နေတဲ့ ဆိုင်ကယ်ကို စီးလာတဲ့ ပို့ဆောင်ရေးသမား...။ မင်း မျက်ကန်းနေတာလား...၊ ငါ့ရဲ့ မာစီးဒီးကားလေး ဘာဖြစ်သွားလဲ သေချာကြည့်စမ်း...၊ မင်း လျော်နိုင်လို့လား...။"
ထိုအခါမှသာ လျန်ထျန်းမှာ တုန်လှုပ်မှုမှ သတိပြန်ဝင်လာခဲ့သည်။ ဘာဖြစ်သွားသည်ကို သဘောပေါက်သွားပြီး နောက် အနက်ရောင် ဆီဒင်ကား မောင်းနှင်လာခဲ့သည့် လမ်းကြောင်းကို ကြည့်ကာ မျက်လုံးပြူးသွားခဲ့လေသည်။
"အစ်ကိုကြီး... ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ခင်ဗျား ခုနက လမ်းပြောင်းပြန် မောင်းလာတာ မဟုတ်ဘူး လား...။ ခင်ဗျား ဘယ်ကနေ လာတာလဲဆိုတာ သေချာကြည့်ပါအုန်း...။"
လျန်ထျန်း ပြောသည်မှာ မှန်ကန်ပေသည်။ မာစီးဒီးကားမှာ အမှန်တကယ်ပင် လမ်းပြောင်းပြန် မောင်းနှင်လာ ခြင်း ဖြစ်ပေသည်။ သို့မဟုတ်ပါက လျန်ထျန်း ကွေ့လိုက်သည့်အချိန်တွင် မျက်နှာချင်းဆိုင် တိုက်မိစရာ အကြောင်းမရှိပေ။
သို့သော် အမှားကို ထောက်ပြခံရသော ဆံပင်တိုတိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ဝေဖန်မှုကို ဂရု မစိုက်ဘဲ ဆက်လက်၍ အပြစ်တင်နေဆဲ ဖြစ်လေသည်။
"မင်း ကွေ့တဲ့အချိန်မှာ လူတစ်ယောက်ယောက်များ လမ်းပြောင်းပြန် မောင်းလာနိုင်တယ်ဆိုတာကို ကြိုတင် တွေးထားဖို့ မသိဘူးလား...။"
"အကယ်၍သာ မင်း ကွေ့တဲ့အချိန်မှာ ကြိုတင်ပြီး နှစ်စက္ကန့်လောက် စောပြီး ရှောင်လိုက်မယ်ဆိုရင် ဒီယာဉ် တိုက်မှု ဖြစ်လာမှာ မဟုတ်ဘူး...။"
"ဒါကြောင့် ဒီယာဉ်တိုက်မှုက မင်းရဲ့ အမှားပဲ...။ အခု မင်း ငါ့ရဲ့ မာစီးဒီးကားကို ပျက်စီးအောင် လုပ်လိုက်ပြီ ဆိုတော့ မင်း ငါ့ကို လျော်ပေးရမယ်...။ မဟုတ်ရင် ဒီနေ့ မင်း ဒီနေရာကနေ ထွက်သွားလို့ မရဘူး...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အနည်းငယ် အံ့အားသင့်သွားရလေသည်။
"အစ်ကိုကြီး... ကျွန်တော့်မှာ ဘာအထူးစွမ်းရည်မှ မရှိဘူးလေ...။ နောက်နှစ်စက္ကန့်မှာ ဘာဖြစ်လာမလဲဆိုတာကို ကျွန်တော် ဘယ်လိုလုပ်ပြီး ကြိုတင် ခန့်မှန်းနိုင်မှာလဲ...။"
"ဒါ့အပြင်... ခင်ဗျားကရော ဘယ်လိုလုပ်ပြီး ဤလိုစကားမျိုး ပြောထွက်ရတာလဲ...။ ခင်ဗျားကရော အခြေ အနေကို ကြိုတင် ခန့်မှန်းပြီး ဘာလို့ အလိုအလျောက် မရှောင်လိုက်ရတာလဲ...။"
သူတို့နှစ်ဦးကြားရှိ အငြင်းပွားမှုမှာ အကျိုးမရှိနိုင်ကြောင်း သေချာနေသဖြင့် နောက်ဆုံးတွင် သူတို့သည် ယာဉ်ထိန်းရဲကို ခေါ်လိုက်ကြလေသည်။
ဆယ်မိနစ်ခန့် အကြာတွင် သူတို့သည် ဖျန်ဖြေရေးမှူး တစ်ဦး၏ ကြားဝင်စေ့စပ်ပေးမှုကို တောင်းဆိုခဲ့ကြလေ သည်...။ အဘယ်ကြောင့်ဆိုသော် ယာဉ်ထိန်းရဲများအနေဖြင့် ထိုဆံပင်တိုတိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားကို ဖျောင်းဖျ၍ မရသောကြောင့်ပင် ဖြစ်လေသည်။
ဆံပင်တိုတိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ယုတ္တိမတန်သော စကားများကို ဆက်တိုက် ပြောဆိုနေပြီး သူ၏ အမှားများကို ဝန်ခံရန် ငြင်းဆန်နေသဖြင့် ယာဉ်ထိန်းရဲများမှာပင် စကားမပြောနိုင် ဖြစ်သွားရလေသည်။ ကျွမ်းကျင်သော ဖျန်ဖြေရေးမှူး တစ်ဦးမှသာ ဤအခြေအနေကို ဖြေရှင်းနိုင်မည် ဖြစ်သည်။
နောက်ဆုံးတွင် သူတို့သုံးဦးသည် ရုံးခန်းတစ်ခုအတွင်း၌ ထိုင်လိုက်ကြလေသည်။
အလွန်ကျယ်ဝန်းသော စားပွဲတစ်လုံးတွင် လျန်ထျန်းနှင့် ဆံပင်တိုတိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတို့က မျက်နှာချင်းဆိုင် ထိုင်နေကြပြီး အသက်လေးဆယ်အရွယ် ဖျန်ဖြေရေးမှူးက ဘေးတွင် ထိုင်နေလေသည်။
ဖျန်ဖြေရေးမှူး၏ နောက်ဘက်ရှိ နံရံပေါ်တွင် "ဥပဒေနှင့်အညီ ဖျန်ဖြေခြင်းသည် တရားမျှတမှု ရှိသည်" ဟူသော စာသားများ ရေးသားထားသည့် ဆိုင်းဘုတ်ကြီး တစ်ခုကို ချိတ်ဆွဲထားလေသည်။
ဖျန်ဖြေရေးမှူးသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီးနောက် စတင် ပြောဆိုလေသည်။
"ကျွန်တော့်ကိုယ်ကျွန်တော် အရင် မိတ်ဆက်ပေးပါရစေ...။ ကျွန်တော်က အယ်လ်မြို့တော် ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ အယ်လ်မြို့တော် ယာဉ်ထိန်းရဲ ဦးစီးဌာနတို့ ပူးပေါင်း တည်ထောင်ထားတဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဖျန်ဖြေ မှု ကော်မတီက ဖျန်ဖြေရေးမှူး တစ်ဦးပါ...။ ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က ကျန်း ပါ...။"
"ဒါက ဖျန်ဖြေရေး လျှောက်လွှာပါ...၊ ခင်ဗျားတို့ ဖျန်ဖြေရေးကို စတင်ဖို့ သဘောတူတယ်ဆိုရင် ဒီမှာ လက်မှတ်ထိုးပေးပါ...။"
ထိုလုပ်ငန်းစဉ်မှာ လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး လျန်ထျန်းရော ဆံပင်တိုတိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသား ပါ စာရွက်များပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသဖြင့် ဖျန်ဖြေရေးကို တရားဝင် စတင်လိုက်လေသည်။
ဖျန်ဖြေရေးမှူးကျန်းက ဆက်ပြောလေသည်။
"ဒီအမှုနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ကို ပြန်ပြောပြပါရစေ...။ လွန်ခဲ့တဲ့ နှစ်နာရီလောက်က ကျင်းနန်လမ်းနဲ့ ချင်းလျိုလမ်းဆုံမှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်...။"
"ကားတစ်စီးက မြောက်မှတောင်သို့ ဘယ်ဘက်သို့ ကွေ့လာပြီး အဝါရောင် မျဉ်းအစိုင်အခဲကို ဖြတ်ကျော်ကာ ယာဉ်ကြောပြောင်းပြန် မောင်းနှင်လာချိန်မှာ မော်တော်ယာဉ်မဟုတ်သော လမ်းကြောင်းကနေ ထွက်လာတဲ့ မော်တော်ဆိုင်ကယ် တစ်စီးနဲ့ တိုက်မိခဲ့တာပါ..."
"နှစ်ဖက်စလုံးက ယာဉ်စည်းကမ်း ချိုးဖောက်ခဲ့ကြတဲ့အတွက် ယာဉ်ထိန်းရဲတွေက နောက်ဆုံးမှာ သူတို့နှစ်ဦး စလုံးမှာ တူညီတဲ့ တာဝန်ရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်...။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်စရာ တစ်ခုခု ရှိပါသလား...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းနှင့် ဆံပင်တိုတိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသား နှစ်ဦးစလုံးက ခေါင်းညိတ်လိုက်ကြပြီး မည်သူကမျှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။ မည်သို့ပင်ဆိုစေ လမ်းဆုံတွင် စောင့်ကြည့် ကင်မရာများ ရှိနေသဖြင့် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်သောကြောင့်ပင်တည်း။
ဤဖြစ်ရပ်တစ်ခုလုံးတွင် လျန်ထျန်းအနေဖြင့် သူ အမှန်တကယ် အမှားလုပ်မိခဲ့ကြောင်း ဝန်ခံခဲ့လေသည်။
မော်တော်ဆိုင်ကယ်များမှာ မော်တော်ယာဉ်များ ဖြစ်သော်လည်း လမ်းပိတ်ဆို့နေသဖြင့် သူသည် မော်တော်ယာဉ် မဟုတ်သော လမ်းကြောင်းတွင် မောင်းနှင်ခဲ့မိလေသည်။ သူက ပို့ဆောင်ရေး အမှာစာများကို ပိုမို ပြီးမြောက် နိုင်စေရန် အချိန်ကုန် သက်သာစေလိုသောကြောင့် ဖြစ်သည်။
တာဝန်ခွဲဝေမှုနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု မရှိသော်လည်း ဖျန်ဖြေပေးရန် လိုအပ်သော ပြဿနာများမှာ ကျန်ရှိနေသေးသည်။
ဤအချိန်တွင် ဖျန်ဖြေရေးမှူးကျန်းက ထပ်မံမေးမြန်းလိုက်လေသည်။
"ယာဉ်တွေ ပျက်စီးသွားတာကလွဲပြီး ဒီယာဉ်တိုက်မှုမှာ ဒဏ်ရာရရှိသူတွေ ရှိပါသေးလား...။"
လျန်ထျန်းက ချက်ချင်းပင် ပြောလိုက်သည်။
"ကျွန်တော်ကတော့ ဒဏ်ရာရသွားတယ်...။ ကျွန်တော် လဲကျသွားတုန်းက ခြေထောက်ကို ထိခိုက်မိသွားတယ်...၊ လူနာတင်ယာဉ် ရောက်လာပြီး စစ်ဆေး ကုသပေးခဲ့ပေမဲ့ ပွန်းပဲ့ဒဏ်ရာ နည်းနည်းရတာကလွဲလို့ ကျွန်တော် အဆင်ပြေပါတယ်...။"
ဖျန်ဖြေရေးမှူးကျန်းက ထပ်မေးလိုက်လေသည်။
"ကုန်ကျစရိတ် ဘယ်လောက် ကျသွားလဲ...။"
လျန်ထျန်းက အမှန်အတိုင်း ပြန်ဖြေလိုက်လေသည်။
"သိပ်မများပါဘူး... ခုနစ်ဖန်၊ ရှစ်ဖန်လောက်ပါပဲ...။"
ခုနစ်ဖန်၊ ရှစ်ဖန်ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ငွေခုနစ်ရာ၊ ရှစ်ရာခန့်နှင့် ညီမျှလေသည်။
ငွေပမာဏမှာ အမှန်တကယ်ပင် သိပ်မများလှသော်လည်း ဖျန်ဖြေရေးမှူးကျန်းက အလွန် ဂရုတစိုက် ရှိလေ သည်။ သူက နားထောင်ပြီးနောက် ခေါင်းညိတ်ကာ မှတ်သားထားလိုက်လေသည်။
ထို့နောက် ဖျန်ဖြေရေးမှူးက ဆက်ပြောလေသည်။
"ခင်ဗျားတို့ရဲ့ ယာဉ်ပျက်စီးမှု အကဲဖြတ် အစီရင်ခံစာ ထွက်လာပြီ မဟုတ်လား...။ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို ပြောပြနိုင်ပါတယ်...။"
ကားပျက်စီးမှုနှင့် ပတ်သက်လာသောအခါ ဆံပင်တိုတိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားက ချက်ချင်းပင် ပြောဆိုလာတော့သည်။
"ယာဉ်ပျက်စီးမှုနဲ့ ပတ်သက်ရင် ကျွန်တော့်ကားက သေချာပေါက် ပိုပြီး ပျက်စီးသွားတာပဲ...။ ဒါက မာစီးဒီး ကားလေးဗျ..."