အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉) - ငွေရောင်ကျောကုန်း မျောက်ပြာများ
လက်ရှိအချိန်တွင် လျူယန်နှင့် သူ၏အဖွဲ့သည် 'ယင်' နယ်မြေ၏ အမှတ်အသားဖြစ်သော ယင်ကတ်ပေါင်း (၇၂) ကတ်အထိ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ ဤပမာဏမှာ မျှော်စင်၏ တတိယထပ်ကို အောင်မြင်စွာ ကျော်ဖြတ်ရန် လုံလောက်သည်ထက်ပင် ပိုနေပြီဖြစ်သော်လည်း ပြဿနာတစ်ခုမှာ သူတို့တွင် 'ယန်' ကတ် တစ်ကတ်မျှ မရှိသေးခြင်းပင်။
ပုံမှန်အားဖြင့်ဆိုလျှင် ၎င်းတို့အနေဖြင့် 'ယန်' နယ်မြေမှ နိုးထသူများ 'ယင်' နယ်မြေသို့ ကူးပြောင်းလာသည်ကို အေးဆေးစွာ စောင့်ဆိုင်းရင်း ကတ်ချင်းလဲလှယ်ခြင်း သို့မဟုတ် အင်အားသုံး၍ လုယူခြင်းများ ပြုလုပ်နိုင်သည်။ သို့သော် လျူယန်သည် ကံတရားကို လက်ဝါးဖြန့်ကာ ထိုင်စောင့်နေမည့်သူ မဟုတ်ပေ။ သူတစ်ပါးက မိမိထံသို့ လာသည်ကို စောင့်နေမည့်အစား မိမိကပင် ပြဿနာကို အစပြုရန် ဆုံးဖြတ်လိုက်သည်။
သူတို့သုံးဦးသည် တိုတောင်းလှသော ညစာစားချိန်ကို အမြန်အဆုံးသတ်ကာ၊ ခဏမျှ အနားယူပြီးနောက် နေဝင်ရီတရောအချိန်၏ မှောင်ရိပ်အောက်တွင် ခရီးစတင်ခဲ့ကြသည်။ အကယ်၍သာ အချိန်ဆွဲနေပါက ညဉ့်နက်လာသည်နှင့်အမျှ 'ယင်' နယ်မြေ၏ ကြောက်မက်ဖွယ် သားရဲဆိုးကြီးများ ထွက်ပေါ်လာမည်ဖြစ်ရာ ၎င်းတို့အတွက် ကြီးစွာသော အန္တရာယ်ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
လျူယန်တို့အဖွဲ့သည် အရှိန်အဟုန်ဖြင့် ပြေးလွှားခဲ့ကြရာ ညဦးပိုင်းအချိန်တွင် 'ယင်' နှင့် 'ယန်' နယ်မြေနှစ်ခုကို ပိုင်းခြားထားသော ထိုက်ကျိတောင်တန်းကြီး၏ တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့အားလုံး ခြေလှမ်းများ တုံ့သွားကြရသည်။
သူတို့ရှေ့တွင် မိုးထိအောင် မြင့်မားလွန်းလှသော တောင်တန်းကြီးမှာ နတ်ဘုရားတို့၏ အတားအဆီးတစ်ခုအလား တည်ရှိနေသည်။ တောင်ထိပ်များမှာ တိမ်တိုက်များကို ဖောက်ထွက်ကာ ပေပေါင်း သောင်းချီမြင့်မားနေပြီး ပြင်ပလောကရှိ အမြင့်ဆုံးတောင်ထိပ်များပင် ဤတောင်တန်း၏ မြင့်မားမှုနှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။ တောင်တန်းများမှာလည်း အဆက်မပြတ် တစ်ဆက်တည်း တည်ရှိနေသဖြင့် ကျော်ဖြတ်ရန် မလွယ်ကူလှပေ။
"ငါ ကြားဖူးတာတော့ ဒီအတားအဆီးကို ကျော်ဖို့ နည်းလမ်းနှစ်ခုပဲ ရှိတယ်"
မုရုံရွှယ်က လေးနက်စွာ ဆိုသည်။
"ပထမနည်းလမ်းက တောင်တန်းကြီးကို ဘေးကနေ ပတ်သွားဖို့ပဲ... အဲ့ဒါက အချိန်အများကြီး ကုန်လိမ့်မယ်၊ ဒါပေမဲ့ ဘေးကင်းတယ်... ဒုတိယနည်းလမ်းကတော့ အလယ်မှာရှိတဲ့ လိုဏ်ခေါင်းလမ်းကနေ ဖြတ်သွားဖို့ပဲ... ဒါပေမဲ့ အဲ့ဒီမှာ အရမ်းကို အစွမ်းထက်တဲ့ သားရဲကြီးတစ်ကောင် စောင့်နေတယ်လို့ ပြောကြတယ်"
လျူယန်သည် အချိန်ကို တွက်ချက်လိုက်သည်။ ၎င်းတို့တွင် အချိန် (၃) ရက်သာ ကျန်တော့ရာ ဘေးကနေ ပတ်သွားပါက (၂) ရက်ခန့် အချိန်ကုန်သွားမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် 'ယန်' နယ်မြေသို့ ရောက်သော်လည်း အဆင့်မြင့်သော အလုပ်အကိုင်များကို ရရှိရန်အတွက် လုံလောက်သော 'ယန်' ကတ်များကို ရှာဖွေနိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် အစွမ်းထက်သားရဲကြီးနှင့် တွေ့ဆုံရခြင်းမှာ လျူယန်အတွက်တော့ စွမ်းရည်အသစ်များ ထုတ်ယူရန် ရွှေရောင်အခွင့်အရေးပင် ဖြစ်သည်။
"ညဘက်ကြီးဆိုတော့ အခြေအနေကို သေချာမသိနိုင်သေးဘူး၊ မနက်ဖြန်ကျမှ လိုဏ်ခေါင်းထဲကို စွန့်စားကြည့်တာပေါ့"
လျူယန်က ဆုံးဖြတ်ချက်ချလိုက်သည်။
သူတို့ သုံးဦး အနားယူရန် ပြင်ဆင်နေစဉ်အတွင်း လုံးဝမှောင်မည်းနေသော ညအမှောင်ထဲ၌ ထူးဆန်းသော ငွေဖြူရောင် အလင်းတန်းများ လှိုင်းကစားနေသည်ကို သတိပြုမိလိုက်ကြသည်။
"လရောင်က တကယ့်ကို လှတာပဲနော်"
ချူလုံက ရေရွတ်လိုက်သည်။
သို့သော် လျူယန်က မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။
"ဒီနေ့က လကွယ်ရက်ပဲ၊ ဒီလောက် တောက်ပတဲ့အလင်းရောင် ရှိနေစရာ အကြောင်းမရှိဘူး"
မူရုံရွှေးကလည်း ပြောလိုက်၏။
"ဒီအလင်းတွေက တောင်ခြေဘက်ကနေ လာနေတာပဲ၊ သွားကြည့်ကြမလား"
လျူယန်တို့ သုံးဦးသည် ကိုယ်ယောင်ဖျောက်ကာ တရွေ့ရွေ့ တိုးကပ်သွားကြတော့သည်။
တောင်ခြေရှိ ချိုးကွေ့တစ်ခုသို့ ရောက်သောအခါ သူတို့ရှေ့တွင် ထူးဆန်းသော သားရဲအုပ်ကြီးကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ မျောက်များနှင့် တူသော်လည်း လူနှစ်ကိုယ်စာခန့် ပိုမိုကြီးမားပြီး သန်မာထွားကြိုင်းကြသည်။ ကိုယ်ပေါ်ရှိ အမွှေးအမျှင်များမှာ ကျောက်တုံးများကဲ့သို့ ညိုမွဲမွဲအရောင်ရှိသော်လည်း ၎င်းတို့၏ ကျောကုန်းပေါ်တွင်မူ လရောင်ကို စုပ်ယူထားသည့်အလား တောက်ပနေသော ငွေရောင်အမွှေးအမျှင်များ ရှိနေကြသည်။
လျူယန်သည် သူ၏ စမတ်လက်ပတ်ဖြင့် အချက်အလက်ကို စစ်ဆေးလိုက်၏။
[ငွေရောင်ကျောကုန်း မျောက်ပြာ]
ပါရမီ: A-အဆင့်
အဆင့်: ၁၈
စွမ်းဆောင်ရည်: အုပ်စုလိုက် စနစ်တကျ တိုက်ခိုက်တတ်သည်။ အလွန်လျင်မြန်ပြီး ၎င်းတို့၏ ငွေရောင်ကျောကုန်းမှ ထွက်ပေါ်သော အလင်းမှာ ရန်သူကို မျက်စိဝေစေနိုင်သည်။
A-အဆင့် ပါရမီရှိသော ဤမျောက်အုပ်ကြီးမှာ အရေအတွက် အလွန်များပြားလှပြီး ၎င်းတို့၏ အရှိန်မှာ လျူယန်၏ [အရိပ်ခြေလှမ်း] နှင့်ပင် ယှဉ်နိုင်လောက်အောင် မြန်ဆန်လှသည်။
မျောက်ပြာအုပ်ကြီးသည် လျူယန်တို့အဖွဲ့ကို မြင်သည်နှင့် တစ်ပြိုင်နက် ဟိန်းဟောက်ကာ ဝိုင်းရံပိတ်ဆို့လိုက်ကြတော့သည်။
"ချူလုံ... ငါတို့နဲ့ အရမ်းမဝေးစေနဲ့... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်"
လျူယန်က သတိပေးလိုက်ပြီး ရှေ့သို့ တိုးဝင်လိုက်သည်။
ဤတစ်ကြိမ်တွင် ရန်သူမှာ အရေအတွက် များပြားလွန်းသဖြင့် မူရုံရွှေးတစ်ဦးတည်းကို ရှေ့တန်းမတင်တော့ဘဲ လျူယန်ကိုယ်တိုင် တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် အဆင့်-A စွမ်းရည်ဖြစ်သော [ဆိတ်သုဉ်းခြင်းခွန်အား] ကို ချက်ချင်း အသက်သွင်းလိုက်ရာ သူ၏ သွေးကြောများ ပွက်ပွက်ဆူလာပြီး ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာကာ သူ၏ အရှိန်အဝါမှာလည်း တစ်ခဏအတွင်း လူသားတစ်ဦးထက် သားရဲဆိုးကြီးတစ်ကောင်အလား ကြောက်မက်ဖွယ် ပြောင်းလဲသွားတော့သည်။
အခန်း (၇၀) - D-အဆင့် စွမ်းရည်၏ ထူးခြားသော အသုံးဝင်ပုံ
မုရုံရွှယ်သည် လျူယန်၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သူမသည် လျူယန်၏ ဘေးနားတွင် ရပ်နေရုံမျှဖြင့်ပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် စွမ်းအားများကို ခံစားနေရသည်။
မုရုံရွှယ်သည် စိတ်ထဲမှ တုန်လှုပ်သွားမိသည်။
' ဒီလူက ဘယ်လိုကျေားမျိုးလဲ? ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ'
သို့သော် ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် သူမအနေဖြင့် ထိုအကြောင်းများကို တွေးတောနေရန် အချိန်မရှိပေ။ သူမသည် ရှေ့မှ ပြေးဝင်လာသော ငွေရောင်ကျောကုန်း မျောက်ပြာအုပ်ကြီးကိုသာ အာရုံစူးစိုက်ထားလိုက်သည်။
မကြာမီမှာပင် မျောက်ပြာအုပ်ကြီးသည် လျူယန်တို့ သုံးဦးရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ မုရုံရွယ်သည် ရှေ့သို့ တိုးဝင်ကာ တိုက်ပွဲကို စတင်လိုက်သလို၊ လျူယန်သည်လည်း သူ၏ ဓားသွားပျော့လက်အိတ်ကို မြှောက်ကာ အဆင့်-A စွမ်းရည်ဖြစ်သော [မီးတောက်ဘုရင်လက်သီး] ကို အသုံးပြုလျက် တိုက်ပွဲအတွင်းသို့ ခုန်ဝင်လိုက်သည်။
တိုက်ခိုက်မှုများ စတင်လိုက်သည်နှင့် လျူယန်သည် ဤမျောက်ပြာများ၏ စွမ်းအားကို သိသိသာသာ ခံစားလိုက်ရသည်။ လျူယန်၏ ခွန်အားဖြင့်ဆိုလျှင် မျောက်တစ်ကောင်ချင်းစီကို ကိုင်တွယ်ရန်မှာ အလွန်လွယ်ကူပြီး၊ သုံးလေးကောင်ကို တစ်ပြိုင်နက် ရင်ဆိုင်လျှင်ပင် ပြဿနာမရှိပေ။ သို့သော် ထိုထက် အရေအတွက် ပိုများလာပါက သူပင်လျှင် အခက်တွေ့နိုင်သည်ကို ရိပ်မိလိုက်သည်။
အထူးသဖြင့် ဤမျောက်ပြာများမှာ အလွန်လျင်မြန်ပြီး အရေအတွက်မှာလည်း များပြားလှသည်။ မျောက်အချို့က လျူယန်နှင့် မုရုံရွှယ်ကို တိုက်ခိုက်နေစဉ် ကျန်မျောက်အုပ်ကြီးမှာ ချူလုံဆီသို့ တိုက်ရိုက် ဦးတည်သွားကြသည်။ ဤမျောက်များ၏ အစွမ်းဖြင့်ဆိုလျှင် ချူလုံမှာ တစ်ချက်တည်းနှင့်ပင် အသက်ပျောက်သွားနိုင်သည်။ လျူယန်သည် ၎င်းတို့ကို ချူလုံအနားသို့ အကပ်မခံနိုင်ပေ။
သူသည် အဆင့်-A စွမ်းရည် [အရိပ်ခြေလှမ်း] ကို ချက်ချင်း အသက်သွင်းလိုက်ရာ သူ၏ အရှိန်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သွားပြီး နေရာတွင် အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ကာ မျက်စိတစ်မှိတ်အတွင်း ချူလုံ၏ ရှေ့သို့ ရောက်ရှိသွားသည်။
ချူလုံကို တိုက်ခိုက်ရန် ပြင်နေသော မျောက်ပြာအချို့ကို လျူယန်က လက်သီးဖြင့် တစ်ကောင်ချင်းစီ ရိုက်ထုတ်ပစ်လိုက်သော်လည်း၊ တစ်ချက်တည်းနှင့် အပြတ်မရှင်းနိုင်သေးပေ။ ချူလုံကို ကာကွယ်ပြီးနောက်တွင်မှ လျူယန်သည် အခြေအနေကို ပြန်လည်သုံးသပ်ရန် အသက်ရှူချိန် ရသွားသည်။ သူသည် အခြားတစ်ဖက်တွင် တိုက်ခိုက်နေသော မုရုံရွှယ်ကို လှမ်းကြည့်လိုက်သည်။
မုရုံရွှယ်မှာ မျောက်ပြာအုပ်၏ ဝိုင်းရံမှုကို ခံထားရပြီး ဒဏ်ရာအချို့ပင် ရနေပြီဖြစ်သည်။ ချူလုံက မုရုံရွှယ်ကို အဆက်မပြတ် ကုသပေးနေသော်လည်း မျောက်အုပ်ကြီး၏ တိုက်ခိုက်မှုအရှိန်မှာ ကုသမှုအရှိန်ထက် ပိုမိုမြန်ဆန်နေသည်။ မုရုံရွှယ်၏ ခွန်အားမှာ မျောက်တစ်ကောင်ကိုသာ ယှဉ်နိုင်ပြီး၊ နှစ်ကောင်သုံးကောင်ဆိုလျှင် တောင့်ခံထားရုံမျှသာ တတ်နိုင်တော့သည်။
ဤနည်းအတိုင်း ဆက်သွားပါက သူတို့အဖွဲ့မှာ အခြေအနေ ပိုမိုဆိုးရွားလာမည်ကို လျူယန် သိလိုက်သည်။
"အရင်ဆုံး ဆုတ်ကြမယ်"
လျူယန်က အမိန့်ပေးလိုက်သည်။
သူတို့ သုံးဦးသည် တိုက်ခိုက်ရင်းဖြင့် ထိုက်ကျိတောင်တန်း၏ နယ်မြေအတွင်းမှ ပြန်လည်ဆုတ်ခွာခဲ့ကြသည်။ လျူယန်၏ ခွန်အားကြောင့် ချူလုံကို ကာကွယ်နိုင်ခဲ့သလို၊ မုရုံရွှယ်မှာလည်း သူမ၏ လျင်မြန်မှုနှင့် ချူလုံ၏ ကုသမှုကြောင့် ဒဏ်ရာပြင်းထန်စွာ မရဘဲ ဆုတ်ခွာနိုင်ခဲ့သည်။
သူတို့ သုံးဦး ထိုက်ကျိတောင်တန်း နယ်မြေပြင်ပသို့ ရောက်ရှိသွားသောအခါ တိုက်ခိုက်နေသော မျောက်ပြာအုပ်ကြီးသည်လည်း လူသားများကဲ့သို့ပင် ဆက်လက်မလိုက်တော့ဘဲ ရပ်တန့်သွားကြသည်။ ထိုအခါမှ လျူယန်သည် ဤမျောက်များမှာ နယ်မြေကို စောင့်ကြပ်နေခြင်းသာဖြစ်ပြီး နယ်မြေအတွင်း ကျူးကျော်မှသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း နားလည်သွားသည်။
ထို့အပြင် တိုက်ပွဲအတွင်း လျူယန် သတိထားမိလိုက်သည်မှာ ထိုမျောက်များတွင် သတ်ဖြတ်လိုစိတ် မရှိခြင်းပင်။ ၎င်းတို့သည် ချူလုံနှင့် မုရုံရွှယ်ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်သော်လည်း၊ မလုပ်ဘဲ မောင်းထုတ်ရန်သာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
"ဒီမျောက်တွေက တောင်တန်းကို စောင့်ကြပ်နေတာပဲ... သူတို့က အရမ်းလည်း သန်မာပြီး အရေအတွက်လည်း များနေတော့ ငါတို့ ဘာဆက်လုပ်ကြမလဲ"
မုရုံရွှယ်က မောဟိုက်စွာဖြင့် မေးလိုက်သည်။ သူမသည် ဤတိုက်ပွဲကြောင့် တော်တော်လေး ပင်ပန်းသွားပုံရသည်။
လျူယန်သည် ဤတိုက်ပွဲမှတစ်ဆင့် သူ၏ ခွန်အားမှာ မျောက်များကို နိုင်နိုင်သော်လည်း၊ မျောက်များ၏ အရှိန်မှာ သူထက် ပိုမိုမြန်ဆန်နေခြင်းက အဓိကပြဿနာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထိုက်ကျိတောင်တန်းကို ဖြတ်ကျော်ပြီး 'ယန်' နယ်မြေကို မြန်မြန်ရောက်ရန်အတွက် သူ၏ အရှိန်ကို အရင်တိုးမြှင့်ရန် လိုအပ်သည်။
အရှိန်မြှင့်ရန် အကောင်းဆုံးနည်းလမ်းမှာ အရှိန်အလွန်မြန်သော ဤမျောက်ပြာများထံမှ စွမ်းအားများကို ရယူခြင်းပင် ဖြစ်သည်။
လျူယန်က အကြံတစ်ခု ရသွားပြီး သူ၏အစီအစဥ်ကို ပြောပြလိုက်သည်။
"ခဏနေရင် ငါတို့ ထိုက်ကျိတောင်တန်းထဲကို ပြန်ဝင်မယ်... ဒါပေမဲ့ အထဲအထိ အများကြီး မဝင်ဘူး... မျောက်ပြာတွေကို ဒီအနားရောက်အောင် ဆွဲထုတ်လာရုံပဲ..."
အစီအစဉ်မှာ ရိုးရှင်းပါသည်။ မုရုံရွှယ်က သူမ၏ သန်မာသော ခန္ဓာကိုယ်ကို အသုံးချကာ မျောက်ပြာများကို မျှားထုတ်လာရန်ဖြစ်ပြီး၊ ချူလုံက နောက်ကွယ်မှ ကုသပေးရမည်ဖြစ်သည်။ လျူယန်ကတော့ မျောက်များကို တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ရမည်။
မူရုံရွှေးက စိုးရိမ်တကြီးမေးသည်။
"ဒါပေမဲ့ မျောက်တွေကို တစ်ကောင်ချင်းစီ သတ်နေရင် အချိန်တွေ အရမ်းကုန်သွားမှာ မဟုတ်ဘူးလား"
ချူလုံကလည်း အကြုံပြုသည်။
"တကယ်လို့ မဖြစ်နိုင်ရင် မနက်လင်းတဲ့အထိ စောင့်ပြီး တခြားနည်းလမ်းနဲ့ 'ယန်' နယ်မြေကို သွားကြမလား... အချိန်ကုန်ပေမယ့် အဆင့်ကိုတော့ အောင်မြင်နိုင်မှာပါ"
လျူယန်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
"ရပါတယ်၊ ငါ့နည်းလမ်းအတိုင်း အရင်စမ်းကြည့်ရအောင်... မနက်အထိမှ မထူးခြားရင် တခြားနည်းလမ်းကို စဉ်းစားတာပေါ့"
လျူယန် ယုံကြည်မှုရှိနေရခြင်းမှာ သူ၏ SSS-အဆင့် ပါရမီဖြစ်သော [နတ်ဘုရားအဆင့် ထုတ်ယူခြင်း] ကြောင့်ပင် ဖြစ်သည်။ သူ၏ အစီအစဉ်မှာ မျောက်များကို တစ်ကောင်ချင်းသတ်ရန် မဟုတ်ဘဲ၊ ထိုမျောက်များထံမှ သူ၏ အရှိန်ကို တိုးမြှင့်ပေးနိုင်မည့် အရာများကို ရယူရန် ဖြစ်သည်။ သူ၏ အရှိန်သာ လုံလောက်စွာ မြန်လာပါက သူ၏ အားကောင်းသော တိုက်ကွက်များဖြင့် ဤမျောက်အုပ်ကို အလွယ်တကူ နှိမ်နင်းနိုင်မည်ဟု သူ ယုံကြည်နေသည်။
ခဏမျှ အနားယူပြီးနောက် သူတို့ သုံးဦးသည် ထိုက်ကျိတောင်တန်းထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ အစီအစဉ်အတိုင်း မုရုံရွှယ်က မျောက်များကို သွားရောက် မျှားထုတ်ခဲ့သည်။
မကြာမီမှာပင် မုရုံရွှယ်သည် မျောက်ပြာအုပ်ကြီးကို နောက်မှ ဆွဲခေါ်ကာ ပြေးထွက်လာခဲ့သည်။ မျောက်အချို့မှာ ရှေ့ဆုံးမှ ပြေးလာပြီး အုပ်စုနှင့် အနည်းငယ် ကွာဝေးသွားချိန်တွင် လျူယန်က ရှေ့သို့ ပြေးထွက်လိုက်သည်။ သူသည် ထိုမျောက်ပြာများကို တိုက်ခိုက်ရင်း D-အဆင့် စွမ်းရည်ဖြစ်သော [လက်ဗလာ] ကို အသုံးပြုလိုက်သည်။
လျူယန်သည် ထိုမျောက်ပြာများ၏ ကျောကုန်းပေါ်မှ ငွေရောင်အမွှေးအမျှင် အမြောက်အမြားကို ချက်ချင်းပင် ဆွဲနှုတ်ယူလိုက်သည်။ သူသည် မျောက်များကို ဒဏ်ရာရအောင် မလုပ်ဘဲ အမွှေးများကိုသာ ရယူခဲ့ခြင်း ဖြစ်သည်။
နောက်ကွယ်မှ မျောက်အုပ်ကြီး အနားရောက်လာသည်နှင့် လျူယန်သည် ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်၍ ချက်ချင်းပင် ထိုက်ကျိတောင်တန်း နယ်မြေပြင်ပသို့ ပြန်လည်ဆုတ်ခွာခဲ့သည်။ မျောက်ပြာအုပ်ကြီးသည်လည်း လျူယန်တို့ကို တစ်ချက်ကြည့်ကာ အနောက်သို့ ပြန်လှည့်သွားကြတော့သည်။