← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁) - လျူယန်၏ ကြောက်မက်ဖွယ်ကောင်းသော အနီးကပ်တိုက်ခိုက်မှုစွမ်းရည်

​တောအုပ်အတွင်း၌ မုရုံရွှယ်သည် သူမ၏ အစွမ်းရှိသမျှကို ထုတ်သုံးကာ [အာဏာရှင်ခန္ဓာကိုယ် ] ၏ တတိယအဆင့်ကို အသက်သွင်းပြီး မည်းမှောင်တိမ်တိုက် သစ်ကျားကို ရင်ဆိုင်နေရသည်။

​သို့သော်လည်း ထိုသစ်ကျားနက်ကြီးမှာ S-အဆင့် ပါရမီရှိပြီး အဆင့် ၂၀ ရှိသော သားရဲကြီးဖြစ်ရာ ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ယခင်က ရင်ဆိုင်ခဲ့ရသော တစ္ဆေမျက်နှာ ရေခူဘုရင်ထက် နှစ်ဆမက သာလွန်နေသည်။ အထူးသဖြင့် သစ်ကျားနက်မှာ အနီးကပ်ရော အဝေးတိုက်ခိုက်မှုတွင်ပါ ကျွမ်းကျင်လွန်းသဖြင့် အနီးကပ်တိုက်ခိုက်မှုကိုသာ အားပြုသော မုရုံရွှယ်အတွက် အလွန်ပင် ခက်ခဲနေတော့သည်။

​သူမသည် ချူလုံ ၏ ကုသမှုစွမ်းရည်ကြောင့်သာ အသက်ဆက်နိုင်သော်လည်း ဒဏ်ရာများက ပျောက်ကင်းသွားသော်လည်း သူမ၏ ကုန်ဆုံးသွားသော ခွန်အားများမှာ ပြန်မပြည့်နိုင်ပေ။ ဤအတိုင်း ဆက်သွားပါက မုရုံရွှယ်တောင့်ခံနိုင်တော့မည် မဟုတ်ဘဲ သူမနှင့် ချူလုံတို့ နှစ်ဦးစလုံး အသက်အန္တရာယ် ကြုံရတော့မည် ဖြစ်သည်။

​ထိုအခြေအနေကို အနီးအနားမှ စောင့်ကြည့်နေသော လျူယန်သည် ဝင်ရောက်ကူညီရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူ၏ လေးနှင့်မြားကို သုံး၍ အဝေးမှ ကူညီနိုင်သော်လည်း ယခုတစ်ကြိမ်တွင် သူ၏ အနီးကပ်တိုက်ခိုက်မှု စွမ်းရည်အသစ်များကို စမ်းသပ်လိုသဖြင့် သစ်ကျားနက်ကြီးနှင့် ကိုယ်တိုင်လေ့ကျင့်တိုက်ခိုက်ရန် ပြင်လိုက်သည်။

​လျူယန်သည် A-အဆင့်စွမ်းရည် [အရိပ်ဝတ်ရုံ] ကို အသက်သွင်းကာ ကိုယ်ပျောက်လိုက်ပြီး၊ B-အဆင့်စွမ်းရည် [ခြေရာဖျောက် တိတ်ဆိတ်ခြင်း] ဖြင့် အသံနှင့် အရှိန်အဝါကိုပါ ဖုံးကွယ်လိုက်သည်။ ယခုဆိုလျှင် မြင်နိုင်၊ ကြားနိုင်၊ အာရုံခံနိုင်ခြင်း မရှိသော အခြေအနေဖြင့် သစ်ကျားနက်ကြီး၏ ဘေးနားသို့ ကပ်သွားခဲ့ပြီ ဖြစ်သည်။

​လျူယန်သည် သူ၏ A-အဆင့် လက်နက်ဖြစ်သော ထက်မြက်သည့် ဓားသွားပျော့လက်အိတ်ကို ဝတ်ဆင်လိုက်သည်။ ထို့နောက် သူ၏ အပြင်းထန်ဆုံး တိုက်ကွက်များကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်တော့သည်။

​[ဆိတ်သုဉ်းခြင်း ခွန်အား] (A- အဆင့်): သွေးစွမ်းအင်များကို လောင်မြဲစေပြီး ခွန်အားကို (၁၀) ဆ တိုးမြှင့်လိုက်သည်။

​[မီးတောက်ဘုရင်လက်သီး] (A-အဆင့်): ပြင်းထန်သော လက်သီးချက်။

​[မီးထိန်းချုပ်မှု] (A-အဆင့်): လက်သီးပေါ်တွင် ပြင်းထန်သော မီးတောက်များကို လွှမ်းခြုံလိုက်သည်။

​ဤသည်မှာ လျူယန်၏ အပြင်းထန်ဆုံးသော အနီးကပ်တိုက်ကွက်ပင် ဖြစ်ပေလိမ့်မည်။

​တိုက်ပွဲအရှိန်တက်နေသော မုရုံရွှယ်နှင့် သစ်ကျားနက်ကြီးတို့မှာ ရုတ်တရက် ပတ်ဝန်းကျင်ရှိ စွမ်းအင်လှိုင်းများ ပြင်းထန်လာသည်ကို အာရုံခံမိလိုက်ကြသည်။ မုရုံရွှယ်မှာ သစ်ကျားနက်ကြီးက လျှို့ဝှက်တိုက်ကွက် ထုတ်သုံးတော့မည်ဟု ထင်မှတ်ကာ နောက်သို့ အမြန်ဆုတ်လိုက်သည်။ သို့သော်လည်း လျူယန်၏ လက်သီးချက်မှာ ကိုယ်ပျောက်အခြေအနေမှပင် သစ်ကျားနက်ကြီး၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

​"ဝုန်း..."

​ဧရာမ သစ်ကျားနက်ကြီးမှာ လေထဲသို့ လွင့်ထွက်သွားပြီး မီတာပေါင်းများစွာ ဝေးသောနေရာရှိ သစ်ပင်ကြီးများကို ကျိုးကြေစေကာ လဲကျသွားတော့သည်။ ၎င်း၏ ကိုယ်တွင်းအင်္ဂါများပင် ထွက်လာသည်အထိ ပြင်းထန်လှသော လက်သီးချက်ကြောင့် သစ်ကျားနက်ကြီးမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

​လျူယန်ကိုယ်တိုင်ပင် သူ၏ ခွန်အားမှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ [ဆိတ်သုဥ်းခြင်းခွန်အား] နှင့် [မီးတောက်ဘုရင်လက်သီး]တို့ ပေါင်းစပ်လိုက်သော စွမ်းအားမှာ အလွန်ပြင်းထန်သွားခဲ့သည်။

​လျူယန်သည် သူ၏ ကိုယ်ပျောက်စွမ်းရည်များကို ရုပ်သိမ်းလိုက်ရာ ဟင်းလင်းပြင်ထဲမှ လူတစ်ယောက် ရုတ်တရက် ပေါ်လာသဖြင့် မုရုံရွှယ်နှင့် ချူလုံတို့မှာ လန့်ဖျန့်သွားကြသည်။

​"အစ်ကိုလျူယန်... ဘယ်လိုဖြစ်ပြီး အစ်ကို ဖြစ်နေရတာလဲ"

ချူလုံက အံ့ဩတကြီး မေးလိုက်သည်။

​မုရုံရွှယ်ကမူ လျူယန်ကို မျက်လုံးမခွာတမ်း ကြည့်ရင်းမေးလိုင်သည်။

"နင့်မှာ ကိုယ်ပျောက်စွမ်းရည်ရှိတာလား"

လျူယန်က ခေါင်းညိတ်ဝန်ခံလိုက်သောအခါ မုရုံရွှယ်မှာ လျူယန်အပေါ် သူမ၏ အမြင်များ လုံးဝပြောင်းလဲသွားရတော့သည်။ သူမသည် လျူယန်ထက် အနည်းငယ်သာ အားနည်းသည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ လျူယန်က သူမကို လက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်စွမ်းရှိနေသည်ကို နားလည်လိုက်ရသဖြင့် မှင်သက်သွားရတော့သည်။

အခန်း (၆၂) - လက်စားချေဖော်နှင့် ကြောက်မက်ဖွယ် မီးခိုးတိမ်တိုက်သားရဲ

​"ကိုယ်ပျောက်စွမ်းရည်လား... အဲ့ဒါမျိုး တကယ်ရှိတာလား၊ အရမ်းကို ဆန်းကြယ်တာပဲ"

ချူလုံက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

​"ဟုတ်တယ်"

မုရုံရွှယ်က ခေါင်းငြိမ့်ပြရင်း လျူယန်ကို အလေးအနက် စိုက်ကြည့်နေသည်။ သူမက ဆက်လက်ရှင်းပြလိုက်၏။

"လျူယန်ရဲ့ ကိုယ်ပျောက်စွမ်းရည်က 'လုံးဝဥဿုံ ကိုယ်ပျောက်ခြင်း'အမျိုးအစား ဖြစ်လိမ့်မယ်... ဒါကြောင့် သူက တိုက်ခိုက်နေရင်တောင်မှ ကိုယ်ပျောက်နေတဲ့ အခြေအနေက ပျက်ပြယ်မသွားတာပဲ... ဒါက ကိုယ်ပျောက်စွမ်းရည်တွေထဲမှာ အမြင့်ဆုံးအဆင့်ဖြစ်ပြီး တိုက်ပွဲကို လုံးဝစိုးမိုးထားနိုင်တဲ့ စွမ်းရည်မျိုးပဲ"

​ဤအချိန်တွင် မုရုံရွှယ်သည် လျူယန်မှာ အလွန်အမင်း အစွမ်းထက်လွန်းသည်ဟု ခံစားနေရသည်။ စောစောက တိုက်ကွက်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး အဆင့် ၂၀ ရှိသော သစ်ကျားနက်ကြီးကို မျက်စိတစ်မှိတ်အတွင်း ပွဲချင်းပြီး သေဆုံးစေခဲ့သည်။

​တိုက်ခိုက်ရေးသမားတစ်ဦး၏ ကြောက်မက်ဖွယ် ခွန်အားနှင့် လုပ်ကြံသူတစ်ဦး၏ ရှားပါးကိုယ်ပျောက်စွမ်းရည် ပေါင်းစပ်သွားခြင်းမှာ မယုံနိုင်စရာပင်။ ၎င်းမှာ ပုံမှန်မဟုတ်ဘဲ အလွန်ပင် ထူးခြားလွန်းလှသည်။

​လျူယန်နှင့် အဆင့်တူသော မည်သည့်နိုးထသူ သို့မဟုတ် မည်သည့်သားရဲမျှ လျူယန်၏ တိုက်ကွက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ဟု မုရုံရွှယ်တွေးတောမိသည်။ ကိုယ်ပျောက်စွမ်းရည်က လျူယန်အား ရန်သူ့အနားသို့ မသိမသာ ချဉ်းကပ်ခွင့်ပေးထားပြီး၊ သူ၏ လက်သီးချက်မှာလည်း မည်သူမျှ မခုခံနိုင်လောက်အောင် ပြင်းထန်လွန်းလှသည်။

​မုရုံရွှယ်သည် မိမိကိုယ်မိမိ အလွန်ကံကောင်းသည်ဟု မှတ်ယူလိုက်သည်။ လျူယန်သာ သူမ၏ ရန်သူဖြစ်ခဲ့ပါက သူမသည် လျူယန်ကို အနိုင်ယူဖို့ ဝေးစွ၊ လွတ်အောင်ပင် ပြေးနိုင်မည် မဟုတ်ပေ။ သူမသည် ငယ်စဉ်ကတည်းက ပါရမီရှင်အဖြစ် အထူးအခွင့်အရေးများဖြင့် ကြီးပြင်းလာသူ ဖြစ်သော်လည်း၊ ယခုအခါ လျူယန်သည် သူမ ကျော်ဖြတ်၍မရသော မြင့်မားသည့် တောင်ကြီးတစ်လုံးကဲ့သို့ သူမရှေ့တွင် ရှိနေတော့သည်။

​ထိုစဉ် လျူယန်က ပြောလိုက်သည်။

"ကဲ... ခရီးဆက်ကြရအောင်... ငါတို့ မြန်မြန်သွားဖို့ လိုတယ်"

​လျူယန်သည် မိန်းကလေးနှစ်ဦးအား ခရီးဆက်ရန် စီစဉ်ပေးပြီးနောက်မှ သေဆုံးသွားသော သစ်ကျားနက်ကြီး၏ အလောင်းကို ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ အဆင့် ၂၀ ရှိသော S-အဆင့် သားရဲကြီး၏ အလောင်းမှာ သူ့အား အင်အားအမြောက်အမြား ပေးစွမ်းနိုင်မည်မှာ သေချာလှသည်။

​သို့သော်လည်း ထိုခဏ၌ပင် လျူယန်သည် အရပ်မျက်နှာ တစ်ခုမှ အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်တော့သတည်း။

​လျူယန်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သတိပေးလိုက်သည်။

"အင်အားကြီးတဲ့ သားရဲတစ်ကောင် ဒီဘက်ကို ပြေးလာနေပြီ... တိုက်ပွဲအတွက် ပြင်ထားကြ"

​အစောပိုင်းက စိတ်လက်ပေါ့ပါးနေသော မုရုံရွှယ်နှင့် ချူလုံတို့သည် လျူယန်၏စကားကို ကြားသည်နှင့် ချက်ချင်းပင် အလေးအနက်ထားကာ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။ ခဏချင်းမှာပင် အရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် သူတို့အဖွဲ့ထံသို့ ပြေးဝင်လာတော့သည်။

​လျူယန်သည် တုံ့ဆိုင်းမနေဘဲ [အရိပ်ခြေလှမ်း] ကို ချက်ချင်း အသက်သွင်းလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ အရိပ်တစ်ခုသာ ကျန်ရှိတော့သည်အထိ လျင်မြန်သွားပြီး ထိုသားရဲ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။ ထိုသားရဲသည် လျူယန်ကို တိုက်ခိုက်၍မရမှန်း သိလိုက်သောအခါ အနားရှိ ချူလုံထံသို့ ဦးတည်ကာ ပြေးဝင်သွားပြန်သည်။

​လျူယန်သည် ကူညီရန် ပြင်လိုက်သော်လည်း မုရုံရွှယ်က ပို၍မြန်ဆန်စွာဖြင့် ချူလုံ၏ ရှေ့သို့ ခုခံကာကွယ်ရန် ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။ သားရဲ၏ ရိုက်ချက်ကြောင့် မုရုံရွှယ်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး သူမနှင့်ထိမိကာ ချူလုံမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

​ချူလုံမှာ ထိခိုက်မှုမရှိသော်လည်း မုရုံရွှယ်မှာမူ ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။ သူမသည် [အာဏာရှင်ခန္ဓာကိုယ်] တတိယအဆင့်ကို အသက်သွင်းထားပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အား အလွန်သန်မာနေသော်လည်း ဤတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ အကယ်၍ ဤတိုက်ခိုက်မှုကို ချူလုံသာ တိုက်ရိုက်ခံစားလိုက်ရပါက နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားနိုင်ပေသည်။

​မု​ရုံရွှယ်၏ ဒဏ်ရာကို မြင်သည်နှင့် ချူလုံသည် သူမ၏ S-အဆင့် ပါရမီစွမ်းရည်ကို အလျင်အမြန် အသက်သွင်းလိုက်သည်။ နို့နှစ်ရောင် အလင်းတန်း သုံးလွှာသည် မုရုံရွှယ်ကို လွှမ်းခြုံသွားပြီး ဒဏ်ရာများကို ကုသပေးလိုက်ရာ မုရုံရွှယ်မှာ လုံးဝဥဿုံ ပြန်မကောင်းသေးသော်လည်း ခွန်အားတစ်ဝက်ခန့် ပြန်လည်ရရှိလာခဲ့သည်။

​ထိုအချိန်တွင်မှ ထိုသားရဲသည် ၎င်း၏ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြသရင်း လျူယန်တို့နှင့် အလှမ်းဝေးရာတွင် ရပ်လိုက်သည်။ ၎င်းသည် သူတို့သုံးဦးကို အထူးသဖြင့် လျူယန်ကို အံ့ဩသည့်မျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်နေသည်။ မိမိ၏ အကြီးမားဆုံး အားသာချက်ဖြစ်သော 'အရှိန်' ကို ယခုကဲ့သို့ သေးငယ်သော လူသားတစ်ဦးက ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ၎င်း မထင်ထားခဲ့ပေ။

​၎င်းသည် သစ်ကျားတစ်ကောင်နှင့် တူသော်လည်း စောစောက 'မည်းမှောင်တိမ်တိုက် သစ်ကျား' နှင့် မတူဘဲ ပို၍ သေးငယ်သည်။ လူတစ်ကိုယ်စာခန့်သာရှိပြီး တစ်ကိုယ်လုံးနှင့် ခြေသည်းလေးခုမှာ ဖြူဖွေးသော မီးခိုးတိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသည်။ ၎င်းမှာ အလွန်လျင်မြန်ပြီး ထက်မြက်သော [မီးခိုးတိမ်တိုက်သားရဲ] ပင် ဖြစ်သည်။

​လျူယန်သည် စမတ်လက်ပတ်ဖြင့် အချက်အလက်ကို အမြန်စစ်ဆေးလိုက်၏။

​[မီးခိုးတိမ်တိုက်သားရဲ ]

​ပါရမီ: S-အဆင့်

​အဆင့်: ၁၈

​ဖော်ပြချက်: အလွန်လျင်မြန်ပြီး သေစေနိုင်လောက်သော တိုက်ခိုက်မှုရှိသည်။ ဖမ်းဆီးရန် အလွန်ခက်ခဲသည်။ ရင်ဆိုင်ရပါက သေသည်အထိ တိုက်ခိုက်တတ်ပြီး ဘယ်သောအခါမှ ထွက်မပြေးတတ်ပေ။ ၎င်း၏ အရှိန်ကြောင့် လွတ်အောင်ပြေးရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။

​"ဒါက နောက်ထပ် S-အဆင့် သားရဲပဲ"

လျူယန် ရေရွတ်လိုက်သည်။

​အဆင့်မှာ ၁၈ သာရှိသော်လည်း ၎င်း၏ အရှိန်မှာ လူသားများ တုံ့ပြန်ရန်ပင် မလွယ်ကူလှပေ။ မုရုံရွှယ်သာ ချူလုံ၏ အနားမှာ ရှိမနေပါက ချူလုံမှာ သေဆုံးသွားလောက်ပြီ ဖြစ်သည်။ လျူယန်သည်လည်း [အရိပ်ခြေလှမ်း] ကြောင့်သာ ထိုသားရဲ၏ တိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။

​မီးခိုးတိမ်တိုက်သားရဲသည် အနားရှိ 'မည်းမှောင်တိမ်တိုက် သစ်ကျား' ၏ အလောင်းကို ကြည့်ကာ မျက်လုံးထဲတွင် နာကျည်းမှုများ ပြည့်လျှံသွားပြီး လျူယန်တို့ဘက်သို့ လှည့်ကာ ဟိန်းဟောက်လိုက်သည်။ ဤသားရဲနှစ်ကောင်မှာ အဖော်များဖြစ်ကြပြီး ယခုအခါ ၎င်းသည် ၎င်း၏ အဖော်အတွက် လက်စားချေရန် ရောက်လာခြင်း ဖြစ်သည်။

​"တိုက်ရုံပဲ ရှိတော့တယ်"

​လျူယန်သည် အခြေအနေကို အမြန်သုံးသပ်လိုက်သည်။ သူ၏ အနီးကပ်တိုက်ခိုက်မှုက သစ်ကျားနက်ကြီးကိုပင် တစ်ချက်တည်း သတ်နိုင်သည်ဖြစ်ရာ ဤသားရဲကိုလည်း နိုင်နိုင်သော်လည်း ၎င်း၏ အရှိန်မှာ အလွန်မြန်လွန်းလှသည်။ သူက လိုက်လံတိုက်ခိုက်နေစဉ်အတွင်း မု​ရုံရွှယ်နှင့် ချူလုံတို့မှာ အန္တရာယ်ကြုံရနိုင်သည်။

​ထို့ကြောင့် လျူယန်သည် တန်ပြန်တိုက်စစ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူတို့နှစ်ဦး၏ အနားမှ မခွာဘဲ ကာကွယ်ပေးရင်း အဝေးတိုက်စစ်ဖြင့်သာ အနိုင်ယူရမည်ဖြစ်သည်။

​"ချူလုံ... နင့်ကိုယ်နင် ဂရုစိုက်၊ ငါတို့ ဒဏ်ရာရရင် အချိန်မီကုပေး... မုရုံရွှယ်... နင်ကတော့ ချူလုံကို ကာကွယ်ပေးဖို့ တာဝန်ယူ၊ အဲ့ဒီသားရဲ အနားကပ်လာရင် အခွင့်အရေးရတာနဲ့ ပြန်တိုက်... ငါကတော့ နင်တို့အနားမှာနေပြီး အဓိက အဝေးတိုက်စစ်ဆင်သူအနေနဲ့ အဲ့ဒီသားရဲကို ကိုင်တွယ်မယ်... အဲဒါက အနားကို တိုးကပ်လာပြီဆိုရင်တော့... မုရုံရွှယ် ငါတို့ နှစ်ယောက်ပေါင်းပြီး အတူတူ တိုက်ခိုက်ကြတာပေါ့"

All Chapters