← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇) - ခြုံခိုတိုက်ခိုက်ခံရခြင်း

​သူတို့ သုံးဦးသည် ခရီးကို ဆက်လက်နှင်ခဲ့ကြသည်။

​လိုဏ်ဂူလမ်းမှ ထွက်လိုက်သည်နှင့် 'ယန်' နယ်မြေသို့ ရောက်ရှိသွားသည်။ သူတို့ မြင်တွေ့လိုက်ရသည်မှာ မြင့်မားသော သစ်ပင်ကြီးများနှင့် ထူထပ်လှသော ပန်းမာန်များ ရှိသည့် ရှေးဦးသစ်တောကြီးတစ်ခုပင်။ ၎င်းသည် 'ယင်' နယ်မြေနှင့် ဆင်တူသော်လည်း ပိုမိုတောက်ပကာ လှပနေသည်။ လေထုထဲတွင်လည်း ပြင်းထန်သော မီးဓာတ်စွမ်းအင်များ စိမ့်ဝင်နေသည်ကို လျူယန်ခံစားမိသည်။

​"ဒါက ယန်နယ်မြေပေါ့... ကြည့်ရတာ ယင်နယ်မြေနဲ့ သိပ်မထူးခြားလှပါလား"

မုရုံရွှယ်က ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ဆိုသည်။

​ချူလုံကမူ လေးနက်သော မျက်နှာထားဖြင့် သတိပေးလိုက်သည်။

"ယန်နယ်မြေက ယင်နယ်မြေထက် ပိုအန္တရာယ်များတယ်လို့ ငါကြားဖူးတယ်၊ ငါတို့ သတိထားသင့်တယ်"

​သူတို့အဖွဲ့ ရှေ့သို့ ဆက်လျှောက်လာစဉ် လျူယန်သည် သူ၏ A-အဆင့် စွမ်းရည် [အလုံးစုံသိမြင်သောအာရုံ] ကို အသုံးပြုကာ ဝန်းကျင်ကို စူးစမ်းလိုက်သည်။ ထိုစဉ် 'နိုးထသူ' အဖွဲ့နှစ်ဖွဲ့၊ စုစုပေါင်း လူခြောက်ဦးသည် သူတို့ဆီသို့ မကောင်းသော ရည်ရွယ်ချက်များဖြင့် ချဉ်းကပ်လာနေသည်ကို သူ သိရှိလိုက်ရသည်။

​လျူယန်က ရုတ်တရက် ခြေလှမ်းရပ်လိုက်သဖြင့် မုရုံရွှယ်နှင့် ချူလုံတို့က ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။

​"တစ်ခုခု ဖြစ်လို့လား"

ချူလုံက မေးသည်။

​လျူယန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။

"ဧည့်သည်အချို့ ရောက်လာပြီ... သူတို့ကို ဧည့်ခံဖို့ ပြင်ထားကြတော့"

​မိန်းကလေးနှစ်ဦးမှာ လျူယန်၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားကာ တိုက်ပွဲဝင်ပုံစံ ပြင်လိုက်ကြသည်။ မကြာမီမှာပင် 'နိုးထသူ' ခြောက်ဦးမှာ ရှေ့နှင့်နောက် ညှပ်လျက် သူတို့ကို ဝိုင်းရံထားလိုက်တော့သည်။

​ထိုသူများထဲမှ ခေါင်းဆောင်ဖြစ်သူက လျူယန်တို့ကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်၏။

"ငါပြောသားပဲ... လိုဏ်ဂူလမ်း ပွင့်သွားတာနဲ့ ကောင်လေးတွေ ရောက်လာတော့မှာပါလို့"

​အခြားသူများကလည်း လျူယန်တို့အဖွဲ့ကို သားကောင်အဖြစ် မြင်နေသည့်အလား လောဘဇောတက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

​"ဆရာပြောတာ မှန်တယ်... ဒီလိုဏ်ဂူလမ်းမှာ ခြုံခိုတိုက်ရင် ယင်နယ်မြေက လာတဲ့ကောင်တွေဆီကနေ ကတ်ပြားတွေ လုလို့ရတာပေါ့... ဒါဆိုရင် ငါတို့ ယင်နယ်မြေထဲထိ သွားပြီး ဒုက္ခခံစရာ မလိုတော့ဘူး"

​"ဟုတ်တယ်... တခြားအကောင်တွေကတော့ ထိုက်ကျိတောင်တန်းကို ပတ်သွားနေကြတာ၊ အတော်အတာပဲ... ငါတို့ကတော့ ဒီမှာတင် အေးဆေး လုယူရုံပဲ"

​"ဒါပေမဲ့ ဒီသုံးယောက်က ​ ယင်နယ်မြေကနေ ပထမဆုံး ထွက်လာနိုင်တဲ့သူတွေဆိုတော့ အင်အားနည်းမှာ မဟုတ်ဘူး... ငါတို့ ခြောက်ယောက်ပေါင်းရင်တော့ လွယ်လွယ်လေး နှိမ်နင်းနိုင်မှာပါ"

​သူတို့၏ စကားများကို နားထောင်ပြီးနောက် လျူယန်တို့ သုံးဦးမှာ ထိုသူများ၏ ရည်ရွယ်ချက်ကို အကုန်သိသွားကြသည်။ သူတို့သည် ယင်နယ်မြေထဲသို့ သွား၍ ကတ်ပြားရှာရန် စိတ်မကူးဘဲ၊ လိုဏ်ဂူလမ်းအဝတွင် စောင့်ကာ တခြားသူများဆီမှ ကတ်ပြားများကို လုယူရန် ကြံစည်နေကြခြင်း ဖြစ်သည်။

​ထိုသူခြောက်ဦးသည် သူတို့၏ အစီအစဉ်များကို ပြောဆိုပြီးနောက် လျူယန်တို့ဘက်သို့ လှည့်ကြည့်လိုက်ရာ ချောမောလှပသော မုရုံရွှယ်နှင့် ချူလုံတို့ကို တွေ့လိုက်ရသဖြင့် မျက်လုံးများ တောက်ပသွားကြသည်။ မျှော်စင်ထဲတွင် အမျိုးသမီး 'နိုးထသူ' မှာ နည်းပါးလှပြီး ဤမျှ လှပသော မိန်းကလေးများကို မြင်တွေ့ရရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။

​"ဟေး... ဒီကောင်လေးကတော့ ကံကောင်းလှချည်လား... ဒီလောက်လှတဲ့ မိန်းကလေး နှစ်ယောက်နဲ့ အတူရှိနေတာ"

​"အပြင်လောကမှာတောင် ဒီလောက်လှတာ မတွေ့ဖူးဘူး... ဒီနေ့တော့ ငါတို့ ကံပွင့်ပြီဟေ့"

​"ဟေ့ကောင်လေး... ငါပြောတာ နားထောင်.. မင်းဆီက ယင်ကတ်ပြားတွေကို ပေးပြီး အခုပဲ ထွက်သွားတော့... ဒါဆိုရင် မင်းရဲ့ အသုံးမကျတဲ့ အသက်ကို ငါတို့ ချမ်းသာပေးမယ်"

​"ဟုတ်တယ်... မြန်မြန်ပေးပြီး လစ်တော့... ငါတို့ ဒီအလှလေးတွေနဲ့ ပျော်ပါးဖို့ကို မနှောင့်ယှက်နဲ့"

​ထိုသူများ၏ ရိုင်းစိုင်းသော စကားများကြောင့် လျူယန်မှာ စိတ်ထဲမှ ရယ်မိသွားသည်။ သူတို့၏ အစီအစဉ်မှာ လိမ္မာပါးနပ်သည်ဟု ဆိုနိုင်သော်လည်း မိမိတို့၏ အင်အားကို အထင်ကြီးလွန်းနေကြသည်။ ယင်နယ်မြေမှ ယန်နယ်မြေသို့ ပထမဆုံး ရောက်လာနိုင်သော သူများမှာ အင်အားအလွန်ကြီးမားမည်ကို သူတို့ လုံးဝ ထည့်မတွေးခဲ့ကြပေ။

​လျူယန်သည် ဤကဲ့သို့သော 'လူညံ့' များကို ကိုင်တွယ်ရန် ပျင်းရိနေသဖြင့် မုရုံရွှယ်နှင့် ချူလုံတို့ကို ​ပြောလိုက်သည်။

"မင်းတို့ပဲ ကိုင်တွယ်လိုက်တော့၊ ငါကတော့ တိုက်ရမှာ ပျင်းလို့"

​မုရုံရွှယ်က ခေါင်းညိတ်ကာ ရှေ့သို့ တက်သွားပြီး၊ ချူလုံကမူ အနောက်မှနေ၍ ကုသမှုပေးရန် ပြင်လိုက်သည်။ လျူယန်သည် သူ၏ အရိပ်ဝံပုလွေကိုလည်း လေ့ကျင့်ခန်းအဖြစ် ထုတ်လွှတ်လိုက်သည်။

​ထိုသူများက လျူယန်သည် မိန်းကလေးများနောက်တွင် ပုန်းနေသည်ဟု ထင်ကာ ပို၍ လှောင်ပြောင်လာကြသည်။

​"ဒီကောင်က မိန်းကလေးတွေနောက်မှာ ပုန်းနေတဲ့ အသုံးမကျတဲ့ကောင်ပဲ"

​"အလှလေး... အဲ့ဒီလက်သီးတွေကို ချလိုက်စမ်းပါ... မင်းရဲ့ နုနယ်တဲ့ လက်ကလေးတွေ နာကုန်ပါဦးမယ်... ဟားဟားဟား"

​၎င်းတို့ ပြောဆိုရင်း မုရုံရွှယ်ထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြသည်။ မု​ရုံရွှယ်မှာ လုံးဝ မကြောက်ဘဲ [အာဏာရှင် ခန္ဓာကိုယ်] ဒုတိယအဆင့်ကို အသက်သွင်းကာ ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ အနောက်တွင် ချူလုံ၏ ကုသမှုရှိနေသဖြင့် သူမသည် ခုခံရန်ပင် မစဉ်းစားဘဲ တိုက်စစ်သက်သက်ကိုသာ အာရုံစိုက်လိုက်သည်။

​ဘုန်း... ဘုန်း...

​မုရုံရွှယ်၏ လက်သီးချက်နှစ်ချက်အတွင်းမှာပင် လူနှစ်ဦးမှာ လွင့်စင်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။ ကျန်သူများ၏ တိုက်ကွက်များက မုရုံရွှယ်ကို ထိမှန်သော်လည်း သူမအတွက် အနည်းငယ်မျှပင် မထိခိုက်ပေ။ ရရှိသော ဒဏ်ရာအနည်းငယ်မှာလည်း ချူလုံ၏ ကုသမှုကြောင့် တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။

​ကျန်ရှိနေသော 'နိုးထသူ' လေးဦးမှာ သူတို့၏ သူငယ်ချင်းနှစ်ဦး မျက်စိတစ်မှိတ်အတွင်း ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသဖြင့် တုန်လှုပ်သွားကြသည်။ ဤလှပသော မိန်းကလေးမှာ ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

အခန်း (၇၈) - ခြေရာခံ ခံနေရခြင်း

​"မဖြစ်နိုင်ဘူး... ငါတို့ သူ့ကို မယှဉ်နိုင်ဘူး... ဒီမိန်းမက မိစ္ဆာပဲ... အမြန်ပြေးကြ"

​ခြုံခိုတိုက်ခိုက်သည့်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာ အခြေအနေကို ဦးစွာရိပ်မိသွားပြီး အော်ဟစ်ကာ ထွက်ပြေးရန် ပြင်တော့သည်။ အခြားသူများကလည်း နောက်လှည့်ကာ ထွက်ပြေးရန် အားထုတ်ကြသည်။

​သို့သော် လျူယန်ထုတ်လွှတ်ထားသော အရိပ်ဝံပုလွေမှာမူ [ရေခဲနှင့် မီးတောက် ဝံပုလွေခေါင်းနှစ်လုံး] အဖြစ် အသွင်ပြောင်းကာ ၎င်းတို့၏ ထွက်ပြေးမည့်လမ်းကို နောက်ကျောမှ ပိတ်ဆို့ထားပြီး ဖြစ်သည်။ ဧရာမ သားရဲကြီး၏ ကိုယ်ထည်မှ ထွက်ပေါ်နေသော ရေခဲနှင့် မီးဓာတ်စွမ်းအင်များမှာ ကြည့်ရသူကို တုန်လှုပ်ချောက်ချားစေသည်။

​'နိုးထသူ'များမှာ ကြောင်အသွားကြသည်။ ဤမျှ အစွမ်းထက်သော သားရဲကြီး မိမိတို့နောက်သို့ မည်သည့်အချိန်တွင် ရောက်ရှိလာသည်ကို သူတို့ လုံးဝ သတိမထားမိခဲ့ကြပေ။ ဝံပုလွေကြီးမှာ ညှာတာခြင်းမရှိဘဲ ခေါင်းနှစ်လုံးမှ မီးလုံးကြီးတစ်လုံးနှင့် ရေခဲစူးကြီးတစ်ခုကို တစ်ပြိုင်နက် မှုတ်ထုတ်လိုက်ရာ လူနှစ်ဦးမှာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။

​မုရုံရွှယ်ကလည်း သူမ၏ တိုက်စစ်ကို ဆက်လက်ဆင်နွှဲရာ ကျန်ရှိနေသော နှစ်ဦးမှာလည်း ခဏအတွင်းမှာပင် ကျဆုံးသွားကြသည်။ တိုက်ပွဲတစ်ခုလုံးတွင် လျူယန်မှာ လက်ဖျားနှင့်ပင် မတို့လိုက်ရဘဲ အဆုံးသတ်သွားခဲ့သည်။ ရန်သူက လူအင်အား သာသော်လည်း အင်အားချင်း ကွာခြားလွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်း အပြတ်အသတ် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

​"ဒီလူတွေက တကယ်ယုတ်မာတာပဲ... လိုဏ်ဂူလမ်းအထွက်မှာ ခြုံခိုတိုက်ဖို့ လူခြောက်ယောက်တောင် စုထားကြတာ... ငါတို့သာ အင်အားမရှိရင် အသက်ပျောက်နေတာ ကြာပြီ"

မုရုံရွှယ်က မျက်မှောင်ကြုတ်ကာ ဆိုသည်။

​ချူလုံကလည်း ထောက်ခံလိုက်၏။

"လိုဏ်ဂူလမ်းကနေ ထွက်လာတဲ့သူတွေက ပုံမှန်ဆိုရင် တိုက်ပွဲတွေကြောင့် မောပန်းနေမှာ ဒါမှမဟုတ် ဒဏ်ရာရနေမှာပဲ... အဲ့ဒီအချိန်မှာ ဒီလို ခြုံခိုတိုက်ခိုက်မှုကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး"

​လျူယန်ကတော့ စိတ်ထဲမှ ရယ်မိသည်။ ထိုသူများမှာ အကြံအစည်ကောင်းသော်လည်း အင်အားမရှိသည့်အပြင် ကံလည်း မကောင်းကြပေ။ လျူယန်နှင့် တွေ့ဆုံခြင်းက သူတို့အတွက် သေမင်းနှင့် တွေ့ဆုံခြင်းပင် ဖြစ်သည်။

​လျူယန်သည် အလောင်းများဆီမှ ပစ္စည်းများကို စစ်ဆေးရာ အထောက်အပံ့အချို့နှင့်အတူ အဓိက အကျိုးအမြတ်ဖြစ်သော 'ယန်' ကတ်ပြား ၆ ခု ကို ရရှိခဲ့သည်။ ယန်နယ်မြေထဲ ခြေချရုံရှိသေးသော်လည်း သူတို့ သုံးဦးလုံးအတွက် တစ်ယောက်လျှင် ကတ်ပြား ၂ ခုစီ ခွဲဝေနိုင်ပြီဖြစ်ရာ တတိယအဆင့် စမ်းသပ်မှုကို အောင်မြင်ရန် လုံလောက်နေပြီ ဖြစ်သည်။

​တစ်ပြိုင်နက်တည်းမှာပင် လျူယန်သည် SSS-အဆင့် [နတ်ဘုရားအဆင့် ထုတ်ယူခြင်း ] ကို အသုံးပြုကာ အလောင်းများမှ စွမ်းရည်များကို ထုတ်ယူလိုက်သည်။ သူ ရရှိသမျှကို ရေတွက်ရန် ပြင်ဆင်နေစဉ် [အလုံးစုံသိမြင်သော အာရုံ] စွမ်းရည်အရ အဝေးမှ 'နိုးထသူ' အများအပြား သူတို့ဆီသို့ အပြင်းအနှင် လာနေကြသည်ကို သူ အာရုံရလိုက်သည်။

​၎င်းတို့မှာ ခုနက တိုက်ပွဲကြောင့် ဆွဲဆောင်ခံရခြင်း ဖြစ်သည်။ ယန်နယ်မြေရှိ သူများမှာ ယင်ကတ်ပြားများ လိုအပ်နေသဖြင့်၊ ယင်နယ်မြေမှ လာသောသူများကို လုယူရန် တစ်ဦးပြီးတစ်ဦး ရောက်လာကြခြင်း ဖြစ်သည်။

​လျူယန်က အခြေအနေကို ရှင်းပြရာ မုရုံရွှယ်က ဆိုလိုက်၏။

"လာသမျှလူကို တစ်ယောက်ချင်း နှိမ်နင်းလိုက်ရုံပဲပေါ့"

ချူလုံကမူ အကြံပေးလိုက်၏။

"လူအုပ်ကြီးနဲ့ဆိုရင် ငါတို့ အင်အားကုန်သွားနိုင်တယ်... ဘေးကင်းအောင် အရင်ဆုတ်တာ ပိုကောင်းမယ်"

​လျူယန်က ချူလုံ၏ စကားကို သဘောတူကာ ဆုံးဖြတ်လိုက်သည်။

'ဟုတ်တယ်၊ အန္တရာယ်ကင်းအောင် အရင်ထွက်သွားကြစို့"

​သူသည် မိန်းကလေးနှစ်ဦးကို ဝံပုလွေကြီး၏ ကျောပေါ်သို့ တက်ခိုင်းကာ အမြန်ထွက်ခွာစေသည်။ လျူယန်ကိုယ်တိုင်မှာမူ [အသံအရှိန်၏ ဆယ့်ခြောက်ဆ] ရှိနေသဖြင့် ဝံပုလွေပေါ် တက်စရာမလိုဘဲ လွတ်လွတ်လပ်လပ် ပြေးလွှားနိုင်ခဲ့သည်။ သူသည် ဝံပုလွေကြီးထက်ပင် ရှေ့မှ ရောက်နေပြီး "မြန်မြန်လာကြစမ်းပါ၊ ဘာလို့ ဒီလောက်နှေးနေတာလဲ" ဟုပင် လှမ်းအော်လိုက်သေးသည်။

​ဝံပုလွေကြီးမှာ စိတ်ထဲမှ မကျေမနပ် ဖြစ်သွားသော်လည်း၊ လျူယန်ကဲ့သို့ 'မိစ္ဆာ' တစ်ကောင်နှင့် မယှဉ်နိုင်ကြောင်း သိသဖြင့် အစွမ်းကုန်သာ ပြေးလွှားနေတော့သည်။

​သူတို့အဖွဲ့ ဝေးကွာသော နေရာသို့ ရောက်ရှိသွားသော်လည်း နောက်မှ လိုက်လာသော 'နိုးထသူ' များမှာ သူတို့ရှိရာကို အတိအကျ သိနေသည့်အလား ဆက်တိုက် ခြေရာခံလိုက်နေကြသည်။ လျူယန်သည် မျက်မှောင်ကြုတ်သွားသည်။

​ဒီကောင်တွေက ခါချလို့ မရဘူးလား...

​ထိုစဉ် လျူယန်သည် ယန်ရေကန်အနီးသို့ ရောက်ရှိလာပြီး ရေကန်အောက်ခြေတွင် အလွန်ပြင်းထန်သော သားရဲအရှိန်အဝါများကို အာရုံရလိုက်သည်။ ထိုအရှိန်အဝါမှာ ရွှေဝတ်စုံဝတ် မျောက်ပြာကြီးနှင့် အလားတူပင်။ ၎င်းမှာ ယခုလက်ရှိ လျူယန်ပင်လျှင် အနိုင်ယူရန် မလွယ်ကူသော အစွမ်းထက် သားရဲကြီးတစ်ကောင် ဖြစ်သည်။

​လျူယန်သည် နောက်မှ လိုက်လာသော လူအုပ်ကြီးကို တစ်ချက်ကြည့်ကာ အကြံရသွားပြီး အေးစက်စွာ ပြုံးလိုက်သည်။

​"မင်းတို့က ငါ့နောက်ကို လိုက်ချင်ကြတာလား... အေးလေ... လိုက်ခဲ့ကြပေါ့... ငါ့ကိုတော့ အငြိုးမထားနဲ့တော့"

All Chapters