← Chapters

အခန်း (၃၉၉-၄၀၀)

Vol. 20 Ch. 399-400

အခန်း (၃၉၉-၄၀၀)

Vol. 20 Ch. 399-400

အခန်း (၃၉၉) - တိမ်စိုင်များပေါ်မှ နဂါးဂူအတွင်းသို့

​စီနီယာမော့က မကျေမနပ်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

"တစ်ကောင်မှ သဘောမကျဘူး ဟုတ်လား... ဟွန်း... အချိန်ကုန်လိုက်တာ... နောက်တစ်သုတ် ခေါ်ပေးမယ်၊ ဒါပေမဲ့ မြန်မြန်လုပ်ကြ... ငါ့ရဲ့ အိပ်ချိန်ကို လာနှောင့်ယှက်နေသလို ဖြစ်နေပြီ"

​ကျောက်စိမ်းနဂါးအိုကြီးသည် ဝန်လေးစွာဖြင့် နောက်ထပ် နဂါးတစ်သုတ်ကို ထပ်မံခေါ်ယူလိုက်ပြန်သည်။

​ယခုတစ်ကြိမ်တွင် ရှစ်ကောင်သာ ရောက်ရှိလာ၏။ ယခင်အတိုင်းပင် သူတို့၏ ပုံသဏ္ဍာန်များမှာ အမျိုးမျိုး ကွဲပြားနေကြသည်။ အချို့မှာ အလွန်ပင် ရုပ်ဆိုးလှသဖြင့် နဂါးနှင့် မတူဘဲ ပုံပျက်ပန်းပျက် ဖြစ်နေသော ပုတ်သင်ညိုကြီးများနှင့်ပင် တူနေတော့သည်။

​လင်းကျင်း၏ မျက်လုံးများက ထိုနဂါးများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ထပ်မံ၍ ခေါင်းခါပြလိုက်ပြန်၏။

​စီနီယာမော့သည် ဟယ်ရွှမ်ကို အခက်တွေ့အောင် လုပ်ရန် အမှန်တကယ်ပင် ဆုံးဖြတ်ထားပုံရသည်။

​ပြင်းထန်သော ပဋိပက္ခမျိုး မဖြစ်နိုင်သော်လည်း ဤကဲ့သို့ မရိုးမသား လုပ်ဆောင်ခြင်းကိုတော့ တားဆီး၍ မရပေ။ ဤအချက်ကြောင့်ပင် စီနီယာမော့သည် အတော်လေး ထုံထိုင်းသော နဂါးတစ်ကောင်ဖြစ်ကြောင်း လင်းကျင်း တွေးမိလိုက်သည်။ ထိုနဂါးမှာ နဂါးနတ်ဘုရား သေဆုံးသွားမှုကြောင့် သူတို့ကို ပြဿနာရှာနေခြင်း ဖြစ်ရမည်။ သို့သော်လည်း နဂါးနတ်ဘုရားကို ပြန်ရှင်လာအောင် လုပ်၍ မရသည်ဖြစ်ရာ ဤသို့ လုပ်နေခြင်းက ဘာအဓိပ္ပါယ် ရှိပါမည်နည်း။

​ဘဝဆိုသည်မှာ ဆက်လက် လျှောက်လှမ်းရမည် မဟုတ်ပါလား။

​အကယ်၍ သူသာ ဟယ်ရွှမ်ကို ဒေါသထွက်အောင် လုပ်မိပါက တစ်နေ့တွင် ဧကရာဇ်က သူတို့၏ အစားအစာများတွင် အဆိပ်ခတ်ရန် ဆုံးဖြတ်လိုက်လျှင် သူတို့သာ ဒုက္ခရောက်ကြမည် မဟုတ်ပါလား။ ဤနဂါးအိုကြီးက ဘာကြောင့် ဤမျှအထိ ခေါင်းမာနေရသနည်း။

​သို့သော်လည်း ရိုးအလှသော နဂါးများမှာ သူ၏ အကြံပေးချက်ကို အလွယ်တကူ လက်ခံလိမ့်မည် မဟုတ်သည်မှာ နှမြောစရာပင် ဖြစ်၏။

​ဟယ်ယုသည် လင်းကျင်း၏ မျက်လုံးများကို ကြည့်ကာ သူ၏ အတွေးများကို ဖတ်လိုက်နိုင်သည်။ ထို့ကြောင့် သူမက ထပ်မံ၍ ပြောလိုက်သည်။

"စီနီယာမော့... ကျေးဇူးပြုပြီး နောက်တစ်သုတ် ထပ်ခေါ်ပေးပါဦး"

​စီနီယာမော့မှာ စိတ်မရှည်တော့ပေ။ နဂါးအိုကြီးသည် သူတို့မျိုးနွယ်စုထဲမှ အညံ့ဆုံးသော နဂါးများကို တမင်တကာ စုစည်းထားခြင်းဖြစ်ရာ ဟယ်ယု မည်သည့်အကောင်ကို ရွေးချယ်စေကာမူ အားလုံးမှာ အမှိုက်များသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူမက နဂါးအိုကြီး ပြသနေသည့် အရိပ်အယောင်ကို နားမလည်ဘဲ ဆက်လက် ငြင်းဆန်နေပါက စီနီယာမော့သည် ဤအခွင့်အရေးကို အသုံးပြုကာ သူမအား အကျပ်ရိုက်အောင် လုပ်တော့မည် ဖြစ်သည်။

​"ငါ အဲဒါကို တစ်ခါ လုပ်ပေးပြီးပြီ... မင်းတို့မိသားစုက အရင်က နဂါးရွေးတဲ့အခါ ဒီလောက်အထိ ဇီဇာမကြောင်ခဲ့ဖူးဘူး... နဂါးနတ်ဘုရား ကွယ်လွန်သွားပြီဆိုတာနဲ့ ငါတို့ကို အခုလို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား"

စီနီယာမော့က ဟယ်ယု ပေးလိုက်သော အကြောင်းပြချက်ကို အသုံးချကာ သူ၏ ဒေါသများကို စတင် ဖောက်ထုတ်လိုက်တော့သည်။

​နဂါးနတ်ဘုရား ကွယ်လွန်သွားသည့် ကိစ္စနှင့် ပတ်သက်၍ စီနီယာမော့တွင် အတွင်းသတင်း အချို့ ရှိနေသည်။ နဂါးနတ်ဘုရားသည် သူ၏ သက်တမ်းကို ဆွဲဆန့်ရန်အတွက် မည်သည့်အရာကို အသုံးချခဲ့သည်ကိုလည်း သူ သိထား၏။

​နှစ်ဖက်စလုံးမှာ ထိုဖြစ်ရပ်ကို အတိအကျ ထုတ်မပြောသော်လည်း တစ်ဦးနှင့်တစ်ဦး နားလည်ထားကြသည်။ သို့သော်လည်း ၎င်းကို အလွယ်တကူ လက်ခံနိုင်ကြသည်တော့ မဟုတ်ပေ။

​ဟယ်ရွှမ်က နှာခေါင်းရှုံ့လိုက်သည်။

"ငါတို့ ရွေးချယ်ခွင့်ရှိတဲ့ နဂါးအရေအတွက်မှာ ကန့်သတ်ချက် မရှိဘူး... ဒါပေမဲ့ ခင်ဗျား... စီနီယာမော့၊ ငါတို့ကို ဒီလိုမျိုး အဆက်မပြတ် အခက်တွေ့အောင် လုပ်ပြီး ဘာကို ရည်ရွယ်နေတာလဲ"

​"ငါကလား... မင်းတို့ကို အခက်တွေ့အောင် လုပ်နေတာ ဟုတ်လား... ဟား... မင်းမှာ အရည်အချင်း ရှိတယ်ဆိုရင်တော့ အောက်က ဂူထဲကို ကိုယ်တိုင်ဆင်းပြီး ရွေးချယ်ကြည့်လေ... ငါ မတားဘူး၊ ဒါပေမဲ့ မင်းမှာရော သတ္တိ ရှိရဲ့လား"

အသာစီး ရသွားသော စီနီယာမော့က လှောင်ပြုံးဖြင့် ပြောလိုက်သည်။

​ဟယ်ရွှမ် မျက်မှောင်ကြုတ်သွား၏။ စီနီယာမော့သည် သူတို့ကို အဆင့်မမီသော နဂါးတစ်ကောင်ကို အတင်းအကျပ် လက်ခံခိုင်းရန် တမင်တကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။ ကျောက်စိမ်းနဂါးနိုင်ငံကို တည်ထောင်ပြီး ကျောက်စိမ်းနဂါး မျိုးနွယ်စုနှင့် သဘောတူညီချက် ရယူခဲ့ကတည်းက ရွေးချယ်မှု အားလုံးကို ဤယဇ်ပလ္လင်ပေါ်တွင်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ တော်ဝင်မိသားစုဝင် တစ်ဦးတစ်ယောက်မျှ နဂါးများ၏ အသိုက်ရှိရာ အောက်ခြေသို့ ဆင်းသက်ခဲ့ဖူးခြင်း မရှိပေ။

​ထို့ကြောင့် အောက်ခြေတွင် မည်သည့်အရာများ ရှိနေသနည်းဆိုသည်မှာ မသိနိုင်သော နယ်မြေတစ်ခု ဖြစ်နေသည်။ ၎င်းမှာ အန္တရာယ်များလှသော လုပ်ရပ်တစ်ခုဖြစ်ပြီး အမှားတစ်ခုတည်းနှင့်ပင် အသက်ဆုံးရှုံးသွားနိုင်ပေသည်။ ထို့ကြောင့် တော်ဝင်မိသားစုဝင်များမှာ လှည့်စားခံနေရမှန်း သိသော်လည်း တိတ်တဆိတ်သာ ခံစားနေခဲ့ကြရ၏။

​ဟယ်ယုအား ထိုနေရာသို့ ဆင်းခိုင်းရန်မှာ အလွန်ပင် အန္တရာယ်များလှပေသည်။ အကယ်၍ တစ်ခုခု ဖြစ်သွားပါက ဟယ်ရွှမ်သည် မိမိကိုယ်ကို မည်သည့်အခါမျှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

​"စီနီယာမော့... ခင်ဗျားက ငါတို့ကို တကယ်ပဲ အကျပ်ကိုင်နေတာပေါ့လေ"

ဟယ်ရွှမ်က ရန်လိုသော လေသံဖြင့် မေးလိုက်သည်။ စီနီယာမော့ကလည်း ခေါင်းမာဆဲပင်။ သူက ကြောက်စရာကောင်းသော ရယ်သံကို ထုတ်လိုက်၏။

​"ဒီအုပ်စုထဲကပဲ ရွေးမလား၊ ဒါမှမဟုတ် အောက်ကို ဆင်းပြီး ကိုယ်တိုင်ပဲ ရှာမလား... မင်းတို့ ရွေးချယ်နိုင်တယ်... ဒါက ငါတို့ရဲ့ သဘောတူညီချက်အရလည်း ခွင့်ပြုထားတာပဲလို့ ငါ သတိပေးပါရစေ"

​ဟယ်ရွှမ်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ ဒေါသတကြီး တုံ့ပြန်တော့မည့် ဆဲဆဲမှာပင် တစ်စုံတစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်သည်။

"အဲဒါဆိုရင်တော့ ကျုပ်တို့ အောက်ကိုဆင်းပြီး တစ်ကောင်လောက် သွားရွေးလိုက်ပါ့မယ်"

​ဟယ်ရွှမ်သည် မိမိကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်ရ၏။

​ထိုအသံမှာ မည်သူ့အသံ ဖြစ်ကြောင်း ဧကရာဇ် သိလိုက်သည်။

​၎င်းမှာ လင်းကျင်းပင် ဖြစ်၏။

​အကယ်၍ အခြားသူ တစ်ဦးဦးသာ ထိုစကားကို ပြောခဲ့လျှင် သူ ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် လင်းကျင်းကတော့ လုံးဝ မတူညီသော အခြေအနေ ဖြစ်သည်။

​"အကဲဖြတ်မှူးလင်း"

ဟယ်ရွှမ်သည် လင်းကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ လင်းကျင်းက သူ့အား စိတ်ချပါဟူသော အကြည့်မျိုးဖြင့် တုံ့ပြန်လိုက်ပြီးနောက် ဟယ်ယွီ၏ ဘေးနားသို့ လျှောက်သွားခဲ့၏။

​စီနီယာမော့သည် လင်းကျင်းကို ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

"မင်းက ဘယ်သူလဲ... ဒီကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ... မင်းက ဟယ်မိသားစုဝင် မဟုတ်ရင်တော့ ဒီကိစ္စထဲမှာ ဝင်မပါတာ အကောင်းဆုံးပဲ"

​နဂါးကြီးသည် လင်းကျင်းအား ပြင်ပလူတစ်ဦးအနေဖြင့် ဤကိစ္စထဲတွင် ဝင်မစွက်ရန် သတိပေးနေခြင်း ဖြစ်၏။ ၎င်းမှာ နဂါးများနှင့် တော်ဝင်မိသားစုကြားမှ သီးသန့်ကိစ္စ ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

​"ကျုပ်က ဆဋ္ဌမမြောက် မင်းသမီး ဟယ်ယုရဲ့ ဆရာပဲ... ဆရာဆိုတာ မိဘနဲ့ တစ်ဂုဏ်တည်းမို့ သူမရဲ့ ဆရာတစ်ဦးအနေနဲ့ ဒီလောက် အရေးကြီးတဲ့ ကိစ္စမှာ ပါဝင်တာက သဘာဝကျတယ်မဟုတ်လား"

လင်းကျင်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

​စီနီယာမော့မှာ လင်းကျင်း၏ နောက်ခံကို မသိရှိပေ။ သူ၏ အဖြေကို ကြားလိုက်ရသောအခါ နဂါးကြီးမှာ ခဏတာ မှင်တက်သွားခဲ့သည်။

​လင်းကျင်းသည် စီနီယာမော့အား စဉ်းစားရန် အချိန်မပေးတော့ပေ။ ယင်းအစား သူသည် ဟယ်ယုအား လက်ကမ်းလိုက်ပြီး ပြောလိုက်သည်။

"ငါနဲ့ လိုက်ခဲ့ပါ"

​ဤစကားကြောင့် ဟယ်ယုသည် ဘာမှ မဆိုင်းမတွဘဲ လင်းကျင်း၏ လက်ကို ဆုပ်ကိုင်လိုက်တော့သည်။

​လင်းကျင်းက မိမိကိုယ်ကို သူမ၏ ဆရာအဖြစ် ပြောဆိုလိုက်သောအခါ ဟယ်ယု၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပြည့်နှက်သွားခဲ့၏။ ၎င်းမှာ အထင်ကြီး လေးစားမှုနှင့် ဝမ်းသာမှုတို့ ပေါင်းစပ်နေခြင်းပင်။ သူမတွင် ဝေခွဲမရဖြစ်မှု မရှိပါချေ၊ အဘယ်ကြောင့်ဆိုသော် လင်းကျင်းသည် သူမအပေါ် ခိုင်မာသော ယုံကြည်မှုကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်၏။ သူမ၏ ယုံကြည်မှု အတိုင်းအတာကို လင်းကျင်းက သူမအား ချောက်ကမ်းပါး အစွန်းဆီသို့ ခေါ်ဆောင်သွားခြင်းက သက်သေပြနေသည်။ အောက်ခြေတွင်မူ အဆုံးမရှိသော မှောင်အတိကျသည့် ချောက်ကြီး ရှိနေ၏။ ချောက်ကမ်းပါး အစွန်းတွင် ရပ်နေခြင်းမှာ သတ္တိအရှိဆုံး သူများအတွက်ပင် ထိတ်လန့်စရာ အတွေ့အကြုံတစ်ခု ဖြစ်ပေသည်။

​သူတို့၏ နောက်ကွယ်တွင်မူ အချို့က ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားများ ရှိနေကြပြီး အချို့မှာမူ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။

​"တိမ်စိုင် လာစမ်း"

လင်းကျင်းက အမိန့်ပေးလိုက်၏။

​ထို့နောက် သူသည် ချောက်ကမ္ဘာထဲသို့ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

​မင်းသားနှစ်ပါးလုံးမှာ ထိတ်လန့်သွားကြ၏။ လင်းကျင်းသည် အောက်ခြေမမြင်ရသော ချောက်ကြီးထဲသို့ လျှောက်လှမ်းသွားခြင်း ဖြစ်သည်။ ဤကဲ့သို့ ရှေ့သို့ တိုးသွားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း မဟုတ်ပါလား။

​ဟယ်ယုမှာလည်း လန့်သွားခဲ့သည်။ သို့သော် လင်းကျင်း၏ လက်ကို ဆုပ်ကိုင်ထားရုံနှင့်ပင် သူမ လုံခြုံသည်ဟု ခံစားရသဖြင့် သူမ မျက်လုံးများကို မှိတ်ကာ လင်းကျင်းနှင့်အတူ ရှေ့သို့ လှမ်းလိုက်တော့သည်။

​နောက်တစ်ခဏတွင် သူတို့၏ ခြေထောက်အောက်၌ တိမ်စိုင်များဖြင့် ပြုလုပ်ထားသော လှေကားထစ်တိုလေးများကဲ့သို့ တိမ်တန်းနှစ်တန်း ပေါ်ထွက်လာခဲ့၏။

​သူတို့သည် တိမ်စိုင်များပေါ်တွင် လမ်းလျှောက်နေကြခြင်း ဖြစ်သည်။

​ဤမြင်ကွင်းကြောင့် ဟယ်ရွှမ်သည် နောက်ဆုံး၌ စိတ်လျှော့လိုက်နိုင်ပြီး အံ့သြမှုများက သူ့အား လွှမ်းမိုးသွားတော့သည်။

​'ဒီလင်းကျင်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲ'

သူ တွေးလိုက်မိ၏။

​တိမ်စီးခြင်းဆိုသည်မှာ ရှေးဟောင်းကျမ်းစာများပါ ပုံဖော်ချက်များအရ နတ်ဘုရားများသာ လုပ်ဆောင်နိုင်သည့် အရာ မဟုတ်ပါလား။

​ဤအတွေးသို့ ရောက်ရှိသွားသောအခါ ဟယ်ရွှမ်မှာ တုန်လှုပ်သွားတော့သည်။

​ဧကရာဇ်ပင်လျှင် ဤမျှအထိ အံ့သြနေမှတော့ မင်းသားများ မည်သို့ ခံစားရမည်ကို ပြောနေစရာပင် မလိုတော့ပေ။

​ဟယ်ဟွမ်နှင့် ဟယ်ယွီတို့ နှစ်ဦးလုံးမှာ သူတို့၏ ခမည်းတော်က သူတို့ကို အဘယ်ကြောင့် ဤနေရာသို့ ခေါ်လာရသနည်းဆိုသည်ကို ဇဝေဇဝါ ဖြစ်နေခဲ့ကြသည်။ အကဲဖြတ်မှူးလင်းနှင့် တွေ့ဆုံပြီးနောက်မှသာ သူတို့၏ ခမည်းတော်၏ ရည်ရွယ်ချက်ကို စတင် နားလည်လာကြခြင်း ဖြစ်၏။

​အကြောင်းရင်းမှာ ထူးဆန်းနေသော်လည်း မင်းသားနှစ်ပါးလုံးမှာ လင်းကျင်းအပေါ် ရိုသေလေးစားမှု ပြသရန် လုံလောက်သော ဉာဏ်ရည် ရှိကြသည်။

​အကယ်၍ သူတို့၏ ခန့်မှန်းချက်သာ မှန်ကန်ပါက သူတို့၏ ခမည်းတော်မှာ အကဲဖြတ်မှူးလင်းအား သူတို့နှစ်ဦးကို အကဲဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။

​တစ်နည်းအားဖြင့် ပြောရလျှင် လင်းကျင်း၏ ထင်မြင်ချက်ကို သူတို့၏ ခမည်းတော်က အလွန်အလေးထားနေခြင်းပင်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးမှာ ထီးနန်းကို ဆက်ခံရန် အလားအလာ အရှိဆုံးသူများ ဖြစ်ကြသည်မဟုတ်ပါလား။

​နိုင်ငံတစ်ခုကို အုပ်ချုပ်ရန် တာဝန်ကို ဆက်ခံရမည့် ကိစ္စဖြစ်သဖြင့် ဟယ်ဟွမ်နှင့် ဟယ်ယွီတို့ နှစ်ဦးလုံးမှာ ၎င်းကို အလွန်ပင် အလေးအနက် ထားကြသည်။ အမှန်အတိုင်း ဝန်ခံရလျှင် သူတို့သည် ယခင်က အကဲဖြတ်မှူးလင်းကို ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် မသတ်မှတ်ခဲ့ကြပေ။

​သူတို့က မင်းသားများ ဖြစ်ကြပြီး အခြားတစ်ဦးမှာ အဆင့် (၃) သားရဲအကဲဖြတ်မှူး တစ်ဦးသာ ဖြစ်၏။

​ကျောက်စိမ်းနဂါးနိုင်ငံကဲ့သို့သော နိုင်ငံမျိုးတွင် အဆင့် (၃) သားရဲအကဲဖြတ်မှူးမှာ အမြင့်ဆုံးအဆင့် ဖြစ်နိုင်သော်လည်း သူတို့တွင် အဆင့် (၃) အကဲဖြတ်မှူး အနည်းငယ် ရှိနေသဖြင့် မင်းသားများအနေဖြင့် ထိုလူများကို အလွန်အမင်း ရိုသေလေးစားရန် အကြောင်းပြချက် မရှိခဲ့ပေ။

​သို့သော်လည်း လင်းကျင်း တိမ်ပေါ်တွင် လမ်းလျှောက်နေသည်ကို မြင်လိုက်ရသည့် ခဏမှာပင် အရာအားလုံး ပြောင်းလဲသွားတော့သည်။ ၎င်းမှာ သူတို့၏ နှလုံးခုန်သံကို မြန်ဆန်စေခဲ့သော မြင်ကွင်းတစ်ခုပင် ဖြစ်၏။ သူတို့၏ ခမည်းတော်က ဤအကဲဖြတ်မှူးလင်းကို အဘယ်ကြောင့် ဤမျှအထိ အလေးထားရသနည်းဆိုသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြတော့သည်။

​သူတို့သည် ယခင်က အကဲဖြတ်မှူးလင်းအပေါ် မရိုမသေ ပြုမူခဲ့မိသလား၊ သူတို့၏ ပြုမူဆောင်ရွက်မှုများမှာ ကျေနပ်ဖွယ် ရှိရဲ့လားဆိုသည်ကို အမြန်ပင် ပြန်လည် စဉ်းစားနေကြတော့သည်။

​ထို့အပြင် သူတို့သည် အခြားသူများ မသိသင့်သော အတွေးများကိုလည်း စတင် မွေးမြူလာကြ၏။

​လင်းကျင်းထံသို့ ပြန်သွားရလျှင် သူသည် တိမ်စိုင်များပေါ်တွင် လမ်းလျှောက်ဆဲ ဖြစ်ကာ အံ့သြနေသော ဟယ်ယုကို ခေါ်ဆောင်၍ နဂါးဂူထဲသို့ ဆင်းသက်ခဲ့သည်။

​ယခုအခါ သူသည် တိမ်တိုက်များကို ထိန်းချုပ်ခြင်း အတတ်ပညာတွင် အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်၏။ ကောင်းကင်ယံသို့ ပျံတက်ရန် သို့မဟုတ် တစ်ညတည်းနှင့် မိုင်ပေါင်း ထောင်ချီ ခရီးနှင်ရန် မဖြစ်နိုင်သေးသော်လည်း တစ်စုံတစ်ဦးကို ခဏတာ ခေါ်ဆောင်သွားရန်တော့ သူ လုပ်ဆောင်နိုင်ပေသည်။

​ဟယ်ယု၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် တဒိန်းဒိန်း ခုန်နေခဲ့၏။

​၎င်းမှာ ဒဏ္ဍာရီ ပုံပြင်များထဲတွင်သာ ဖြစ်ပျက်လေ့ရှိသော အရာမျိုးဖြစ်သော်လည်း ယခုအချိန်တွင် သူမ အမှန်တကယ်ပင် တိမ်ပေါ်တွင် လမ်းလျှောက်နေရသည် မဟုတ်ပါလား။

​၎င်းမှာ အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။

​သို့သော်လည်း သူတို့၏ ခရီးစဉ် တစ်ဝက်ခန့်တွင် နေရာတိုင်းမှာ မှောင်အတိကျသွားခဲ့သည်။ မှောင်ရိပ်ထဲတွင် တစ်စုံတစ်ခုက တွားသွားနေသံနှင့် သူတို့ကို စောင့်ကြည့်နေသံများကို ကြားနေရသဖြင့် သူတို့ အနည်းငယ်မျှပင် မကြောက်ပါဘူးဟု ပြောလျှင် လိမ်ရာ ကျပေလိမ့်မည်။

အခန်း (၄၀၀) - အမှိုက်လား ဒါမှမဟုတ် ရတနာလား

​"ရှောင်ဟော့"

လင်းကျင်း လှမ်းခေါ်လိုက်သည်။

​လင်းကျင်း၏ လက်မောင်းပေါ်မှ လင်းကျင်း၏ လက်ဖဝါးခန့်သာရှိသော မီးဝံပုလွေလေးတစ်ကောင်သည် ခုန်ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များဖြင့် ဖုံးလွှမ်းသွားသည်။ ရှောင်ဟော့၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များသည် ကြည်လင်နေပြီး တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်လိုက်ရာ ဂူဗိမာန်တစ်ခုလုံး လင်းထိန်သွားတော့သည်။

​မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ကျောက်စိမ်းနဂါး အများအပြားသည် ထိုအလင်းရောင်ကြောင့် အံ့အားသင့်သွားကြ၏။ အချို့မှာ ကြောင်တောင်တောင် ဖြစ်သွားကြပြီး အချို့မှာမူ အနီးနားရှိ လိုဏ်ခေါင်းများထဲသို့ အလုအယက် ပြေးဝင်ပုန်းအောင်းကြသဖြင့် အောက်ခြေတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

​ယခုအခါ ဂူအတွင်းပိုင်းမှာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားပြီဖြစ်ရာ ယခင်ကကဲ့သို့ မခြောက်ခြားတော့ပါချေ။

​သေချာစွာ ကြည့်ရှုစစ်ဆေးပြီးနောက်တွင်မူ ဤဂူသည် အမှန်တကယ်တော့ အလွန်အမင်း နက်ရှိုင်းလှသည်မဟုတ်ဘဲ ပေနှစ်ရာခန့် ဆင်းလိုက်လျှင် အောက်ခြေသို့ ရောက်ရှိနိုင်ကြောင်း သိလိုက်ရသည်။ လင်းကျင်းသည် ဟယ်ယုကို ခေါ်ဆောင်ကာ ဆက်လက် ဆင်းသက်ခဲ့၏။

​ရှောင်ဟော့၏ အလင်းရောင်သည် ချောက်ကမ္ဘာ၏ ထောင့်စုံကို လင်းထိန်စေသည်။

​ကျောက်စိမ်းနဂါးဂူသည် စတင်တည်ရှိလာကတည်းက ဤမျှအထိ လင်းထိန်ဖူးခြင်း မရှိခဲ့ဟုပင် ဆိုနိုင်ပေသည်။

​စီနီယာမော့မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။ အမှန်စင်စစ် လင်းကျင်း တိမ်စိုင်များကို စတင်ခေါ်ယူလိုက်ကတည်းက စီနီယာမော့မှာ မှင်တက်နေခဲ့ခြင်း ဖြစ်သည်။

​"တိမ်စီးနိုင်တာက နတ်ဘုရားတွေရဲ့ အစွမ်းပဲ... သူကများ..."

စီနီယာမော့သည် ကျောနောက်တွင် ဖုံးကွယ်ထားသော သူ၏ လက်သည်းများမှာ အထိန်းအကွပ်မရှိ တုန်ယင်လာခဲ့သည်။

​နဂါးအိုကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

​ဂူအောက်ခြေတွင် ဟယ်ယုသည် စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေ၏။ သူမသည် သားရဲတစ်ကောင်ကို ရွေးချယ်ရမည် ဖြစ်သော်လည်း အမှန်တကယ်တော့ မည်သည့်အကောင်ကို ရွေးရမည်ဆိုသည့် ဆုံးဖြတ်ချက်မှာ လင်းကျင်း၏ တာဝန်သာ ဖြစ်ပေသည်။

​လိုဏ်ဂူနံရံများထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေသော လိုဏ်ခေါင်းများစွာ ရှိနေသဖြင့် ဤနေရာမှာ ပျားအုံတစ်ခုနှင့်ပင် ဆင်တူနေသည်။ ယခုအခါ ကျောက်စိမ်းနဂါး အများစုမှာ ပုန်းအောင်းနေကြသဖြင့် သင့်တော်သော နဂါးတစ်ကောင်ကို ရွေးချယ်ရန် မလွယ်ကူပါချေ။

​လင်းကျင်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် သူ၏ သားရဲခြောက်လှန်နိုင်စွမ်းကို ထုတ်ဖော်ကာ ပြောလိုက်သည်။

"ကျောက်စိမ်းနဂါးတို့ ထွက်လာခဲ့ကြစမ်း... ငါရွေးချယ်တဲ့ နဂါးကို ခန္ဓာကိုယ်သစ်တစ်ခု ပေးသနားပြီး နဂါးနတ်ဘုရားအဆင့်ဆီကို သွားနိုင်မယ့် စစ်မှန်တဲ့ လမ်းစဉ်ကို ငါ ကူညီပေးမယ်... သေချာစဉ်းစားကြ၊ ဒါက မင်းတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ"

​ထို့နောက် လင်းကျင်းသည် စောင့်ဆိုင်းနေလိုက်၏။

​ကျောက်စိမ်းနဂါးများသည် မွေးဖွားလာကတည်းက အဆင့် (၃) ဖြစ်ကြသော်လည်း တူညီသောအဆင့်ရှိ သတ္တဝါများကြားတွင် အနှစ်သာရမှာ ကွာခြားမှု ရှိသည်။ အချို့သော အဆင့် (၃) များမှာ ညံ့ဖျင်းပြီး ချို့ယွင်းချက်များ ရှိနေတတ်သည်။ ယခင်က နဂါးအိုကြီး ခေါ်ပေးခဲ့သော အုပ်စုကဲ့သို့ပင် ဖြစ်၏။ ထိုနဂါးများကို ရွေးချယ်၍ မရသည်တော့ မဟုတ်ပေ၊ သို့သော် အကယ်၍ ထိုအကောင်များကို ရွေးချယ်မိပါက ရှေ့ဆက်ရမည့် လမ်းမှာ အခက်အခဲများဖြင့် ပြည့်နှက်နေပေလိမ့်မည်။ လင်းကျင်းကဲ့သို့ ပညာရှင်အတွက်ပင် ၎င်းမှာ ခက်ခဲသော အလုပ်ဖြစ်နေလျှင် သာမန်သားရဲအကဲဖြတ်မှူး တစ်ယောက်အတွက်တော့ ပြောနေစရာပင် မလိုတော့ပေ။

​လင်းကျင်း ပြောဆိုခဲ့သော 'နဂါးနတ်ဘုရားအဆင့်ဆီသို့ သွားမည့်လမ်း' ဆိုသည်မှာ ယခင်က နဂါးအိုကြီး မိမိကိုယ်ကိုယ် နတ်ဘုရားအဖြစ် ကြေညာခဲ့သော မှားယွင်းသည့် လမ်းစဉ်မျိုး မဟုတ်ပါချေ။ ယခုအခါ သူတို့သည် အလားအလာရှိသော ကျောက်စိမ်းနဂါး တစ်ကောင်က မိမိအတွက် အကောင်းဆုံးအရာကို သိရှိနိုင်မလားဆိုသည်ကိုသာ စောင့်ကြည့်ရန် ကျန်တော့သည်။

​ခဏအကြာတွင် လိုဏ်ဂူနံရံရှိ လိုဏ်ခေါင်းများစွာထဲမှ ကျောက်စိမ်းနဂါးလေးများသည် ခေါင်းပြူထွက်လာကြသည်။

​အဆင့် (၃) ကျောက်စိမ်းနဂါးများတွင် စဉ်းစားနိုင်စွမ်းရှိသော ဉာဏ်ရည် လုံလုံလောက်လောက် ရှိကြသည်။ သားရဲခြောက်လှန်နိုင်စွမ်းဖြင့် ခြောက်လှန့်ခြင်းနှင့် နတ်ဘုရားလမ်းစဉ်ဖြင့် မြှူဆွယ်ခြင်းတို့ကြောင့် မကြာမီမှာပင် မှန်ကန်သော ကျောက်စိမ်းနဂါး တစ်ကောင် ချဉ်းကပ်လာတော့မည် ဖြစ်၏။

​သေချာပါသည်၊ ကျောက်စိမ်းနဂါး အမြောက်အမြား ပေါ်ထွက်လာကြသည်။ သူတို့သည် လိုဏ်ခေါင်းများထဲမှ ပျံထွက်လာကြ သို့မဟုတ် တွားထွက်လာကြ၏။ ပေါ်ထွက်လာသော နဂါးအရေအတွက်မှာ ရာနှင့်ချီ၍ ရှိပေသည်။

​ကျောက်စိမ်းနဂါး အရေအတွက် အလွန်များပြားလှသဖြင့် ဟယ်ယုမှာပင် မျက်စိလည်သလို ခံစားလိုက်ရသည်။ လင်းကျင်းသည် ထိုနဂါးများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဝါကျင့်ကျင့် ကျောက်စိမ်းရောင် သန်းနေသော ကျောက်စိမ်းနဂါးလေး တစ်ကောင်ကို ရွေးချယ်လိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ဖမ်းယူသည့် အမူအရာ ပြုလုပ်လိုက်၏။

​"ဒီကိုလာခဲ့"

​သားရဲခြောက်လှန်နိုင်စွမ်း၏ လွှမ်းမိုးမှုကြောင့် ထိုကျောက်စိမ်းဖြူနဂါးလေးမှာ လုံးဝ အားအင်ကုန်ခမ်းသွားသည်။ လင်းကျင်း၏ အလိုကို မလွန်ဆန်နိုင်ဘဲ မမြင်ရသော အားတစ်ခုဖြင့် ဆွဲငင်ခြင်းကို ခံလိုက်ရ၏။ ဤမြင်ကွင်းကို ကြည့်ကာ စီနီယာမော့က လှောင်ရယ်လိုက်တော့သည်။

​"ဟား... မင်း လုပ်နိုင်တာ ဒါအကုန်ပဲလား... အကြာကြီး ရွေးပြီးမှ အညံ့ဆုံးတစ်ကောင်ကို ရွေးလိုက်တာလား... ဒီကောင်က ငါအပေါ်ကို ခေါ်ပေးခဲ့တဲ့ အကောင်တွေထက်တောင် ပိုညံ့သေးတယ်"

စီနီယာမော့က လှောင်ပြုံးဖြင့် ကဲ့ရဲ့လိုက်၏။

​ထိုကျောက်စိမ်းဖြူနဂါးလေးမှာ ရှေ့သို့ ရောက်လာပြီး အလွန်အမင်း ကြောက်လန့်နေသဖြင့် တုန်ယင်နေခဲ့သည်။ သေချာစွာ ကြည့်ရှုစစ်ဆေးလျှင် ဤသတ္တဝါမှာ ရှားပါးသော ကျောက်စိမ်းဖြူနဂါး မျိုးနွယ်ဖြစ်သော်လည်း ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ အလွန်များပြားနေကာ ကျောက်စိမ်း သွေးမျိုးဆက်မှာလည်း သန့်စင်မှု မရှိပါချေ။ ထို့အပြင် သူ၏ ဦးချိုတစ်ဖက်မှာ ကျိုးနေသဖြင့် ချို့ယွင်းချက်ရှိသော သားရဲတစ်ကောင်နှင့် တူနေတော့သည်။

​မည်သည့်ရှုောင့်မှ ကြည့်ကြည့်၊ ဤကျောက်စိမ်းဖြူနဂါးလေးမှာ ယခင်က ယဇ်ပလ္လင်ပေါ်သို့ တက်လာသော နဂါးများနှင့် နှိုင်းယှဉ်လျှင် အဘက်ဘက်မှ နိမ့်ကျနေပေသည်။

​သို့သော်လည်း လင်းကျင်းသည် ထိုကြောက်တတ်ပြီး ချို့ယွင်းချက်ရှိသော နဂါးလေးကို အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးကို ကြည့်နေသကဲ့သို့ သူ၏ မျက်လုံးများမှာ တောက်ပနေခဲ့၏။

​သူသည် ထိုနဂါးလေး၏ ခေါင်းကို ပွတ်သပ်ပေးကာ ထပ်ခါတလဲလဲ ပြောလိုက်သည်။

"ကောင်းတယ်... ကောင်းတယ်၊ အရမ်းတော်တာပဲ"

​ထို့နောက် သူသည် ဟယ်ယုဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဒီတစ်ကောင်ပဲ"

​ဟယ်ယု မှင်တက်သွား၏။ လင်းကျင်း၏ ဆုံးဖြတ်ချက်ကြောင့် သူမ အံ့သြသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤကျောက်စိမ်းဖြူနဂါးလေးမှာ အမှန်တကယ်ပင် ထူးခြားမှု မရှိသလို ထင်ရသောကြောင့်ပင်။ သို့သော်လည်း လင်းကျင်းက ရွေးချယ်လိုက်ပြီ ဖြစ်သဖြင့် သူမသည် မည်သို့ပင်ဖြစ်စေ သူ၏ ဆုံးဖြတ်ချက်ကို လက်ခံမည် ဖြစ်သည်။

​"ကောင်းပါပြီ"

ဟယ်ယုက ခေါင်းညိမ့်ပြလိုက်၏။

​လင်းကျင်း ကျေနပ်သွားသည်။ ဟယ်ယုမှာ ဤကဲ့သို့သော အချိန်မျိုးတွင် သူ၏ ရွေးချယ်မှုအပေါ် သံသယဝင်ကာ မေးခွန်းထုတ်တတ်သူမျိုး မဟုတ်သည့်အတွက် ကောင်းလှပေသည်။

​လင်းကျင်းသည် လက်ကို ဝေ့ယမ်းကာ တိမ်စိုင်တစ်ခုကို ခေါ်ယူလိုက်ပြီး သူနှင့်အတူ ဟယ်ယုနှင့် နဂါးဖြူလေးကို နဂါးရွေးချယ်သည့် ယဇ်ပလ္လင်ဆီသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ သူသည် ရှောင်ဟော့ကို ပြန်မသိမ်းသေးပါချေ။ ရှောင်ဟော့ ရှိနေခြင်းက ဤနေရာကို ပို၍ လင်းထိန်စေပြီး စိတ်လုံခြုံမှုကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်၏။

​ယဇ်ပလ္လင်ပေါ်သို့ ရောက်သောအခါ ဟယ်ရွှမ်နှင့် အခြားသူများ ဝိုင်းအုံလာကြသည်။ လင်းကျင်း ရွေးချယ်လာသော နဂါးကို မြင်လိုက်ရသောအခါ သူတို့အားလုံး အံ့အားသင့်သွားကြ၏။

​ဟယ်ရွှမ်သည် စိတ်ထဲမှ တွေးလိုက်မိသည်။

'ဘာတွေ ဖြစ်နေတာလဲ... အကြာကြီး ရွေးပြီးမှ ရလာတဲ့ အကောင်က အရင်က နဂါးတွေထက်တောင် ပိုညံ့နေပါလား'

​သို့သော်လည်း ဟယ်ရွှမ်မှာ ပါးနပ်သူဖြစ်သည့်အတိုင်း ဤကဲ့သို့သော အချိန်တွင် သူ၏ သံသယကို ထုတ်မပြောပါချေ။ သို့သော်လည်း သူ၏ မျက်နှာပေါ်မှ စူးစမ်းလိုသော အမူအရာကိုတော့ ဖုံးကွယ်၍ မရနိုင်ပေ။

​ဟယ်ရွှမ်ပင် ဤကဲ့သို့ ဖြစ်နေလျှင် မင်းသားနှစ်ပါးမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်နေကြတော့သည်။ သူတို့ စကားပြောရန် ဝန်လေးနေကြ၏။ သူတို့သည်လည်း ရွေးချယ်ခံရသော နဂါးမှာ အလွန်ပင် သာမန်ကာလျှံကာ ဖြစ်နေသည်ဟု ထင်မြင်နေကြပုံရသည်။

​သာမန်ထက်ပင် ပို၍ ညံ့ဖျင်းသည်ဟု ဆိုနိုင်ပေသည်။ ယခင်က ရွေးချယ်ခွင့် ပေးထားသော အုပ်စုထဲမှ မည်သည့်နဂါးမဆို ဤတစ်ကောင်ထက် ပို၍ သာလွန်နေသည် မဟုတ်ပါလား။

​မည်သို့ပင် သံသယ ရှိနေကြပါစေ၊ သူတို့အားလုံးမှာ တိတ်ဆိတ်နေကြဆဲပင်။

​သူတို့မှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်ကြသော်လည်း စီနီယာမော့ကတော့ ထိုသို့ မဟုတ်ပါချေ။

​"ဟားဟားဟား... ဒီလူသားက အစွမ်းထက်လိမ့်မယ်လို့ ငါ ထင်ထားတာ... ငါတို့ဂူထဲက အညံ့ဆုံးနဂါးကို ရွေးလိုက်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... ရယ်စရာပဲ၊ တကယ့်ကို ရယ်စရာပဲ... ဟယ်ရွှမ်.... မင်းသာ ဒီအကောင်ကို လိုချင်တယ်လို့ ပြောခဲ့ရင် ငါ အခုချက်ချင်း ပေးလိုက်မှာပေါ့... တစ်ကောင်တည်းတင် မကဘူး၊ နောက်ထပ် အများကြီးတောင် ပေးလိုက်ဦးမယ်"

​နဂါးအိုကြီး၏ လေသံထဲတွင် လှောင်ပြောင်ကဲ့ရဲ့မှုများ အထင်အသား ပါဝင်နေသည်။

​ဟယ်ရွှမ်မှာ တိတ်ဆိတ်နေဆဲပင်။

​သူ ဘာပြောရမှန်း မသိပါချေ။ ထိုနဂါးဖြူလေးမှာလည်း ခေါင်းငိုက်စိုက် ကျနေခဲ့၏။ မိမိ၏ ချို့ယွင်းချက်များကို သိနေ၍ ဖြစ်နိုင်သည်၊ သူလည်း တိတ်ဆိတ်နေခဲ့သည်။ သို့သော် လင်းကျင်းမှာ လျှောက်လှမ်းနေရင်း ရပ်တန့်လိုက်ကာ စီနီယာမော့ကို လှည့်ကြည့်လိုက်၏။

​"ကျုပ်ကတော့ အမြင်ချင်း မတူဘူး... ကျုပ် ရွေးလိုက်တဲ့ ကျောက်စိမ်းနဂါးမှာ စစ်မှန်တဲ့ နဂါးတစ်ကောင်ရဲ့ အရည်အသွေး ရှိတယ်... ဒီဂူတစ်ခုလုံးမှာ ဒီနဂါးက အကောင်းဆုံး အနှစ်သာရ ရှိတယ်လို့ ပြောရင်တောင် အပိုမဟုတ်ဘူး"

လင်းကျင်းက မှတ်ချက်ပေးလိုက်သည်။

​"ဟမ့်... အဓိပ္ပါယ် မရှိတာ... စစ်မှန်တဲ့ နဂါးတစ်ကောင်ရဲ့ အရည်အသွေးက ဘာလဲဆိုတာ မင်း တကယ် သိလို့လား"

စီနီယာမော့သည် လင်းကျင်းမှာ တိမ်စီးနိုင်စွမ်း ရှိသဖြင့် မည်မျှအထိ အစွမ်းထက်ကြောင်း သိရှိထားသည်။

​သို့သော်လည်း နဂါးအိုကြီးမှာ မိမိ၏ အသိပညာကသာ အမှန်တရားဟု ယူဆထားသဖြင့် အလျှော့မပေးလိုပေ။ လင်းကျင်းသည် သာမန်လူသား မဟုတ်မှန်း သိသော်လည်း မိမိ၏ အမြင်က မှန်ကန်ကြောင်း သက်သေပြလိုသည့် ဆန္ဒများ ပေါ်ပေါက်လာခဲ့သည်။

​စီနီယာမော့၏ စိန်ခေါ်မှုကို ရင်ဆိုင်ရသောအခါ လင်းကျင်းသည် ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြန်လည် ဖြေလိုက်၏။

"စစ်မှန်တဲ့ နဂါးတစ်ကောင်ရဲ့ အရည်အသွေးဆိုတာ အကဲဖြတ်မှု ပုံစံတစ်ခုပဲ... ဒီကမ္ဘာပေါ်မှာ နဂါးမျိုးစိတ် ရာပေါင်းများစွာ ရှိနေတာမို့ သူတို့ကို 'စစ်မှန်သောနဂါး' နဲ့ 'တုပသောနဂါး' ဆိုပြီး သဘာဝအတိုင်း ခွဲခြားထားတယ်...နဂါးတွေက စစ်မှန်တဲ့ နဂါးအဆင့်ကို တက်လှမ်းနိုင်ပေမဲ့ နဂါးတိုင်းမှာ ဒီအခွင့်အရေး မရှိဘူး... မြစ်ထဲမှာ ငါးကြင်းပေါင်း ထောင်ချီ ရှိနေနိုင်ပေမဲ့ နဂါးတံခါးကို ဖြတ်ကျော်နိုင်တာက တစ်ကောင်တည်းပဲ... တစ်နည်းအားဖြင့် ပြောရရင် တုပတဲ့ နဂါးပေါင်း ထောင်ချီထဲမှာ စစ်မှန်တဲ့ နဂါးက တစ်ကောင်ပဲ ရှိနိုင်တယ်... အဲဒီတော့ ဒီနေ့မှာ ကျုပ် ရွေးလိုက်တဲ့ နဂါးက ဒီနေရာမှာရှိတဲ့ တစ်ဦးတည်းသော စစ်မှန်တဲ့ နဂါးပဲ"

​ဤစကားမှာ စီနီယာမော့အား တိုက်ရိုက် ပါးရိုက်လိုက်သကဲ့သို့ပင်။ စီနီယာမော့ကို လက်ညိုးထိုးပြီး သူသည်လည်း 'တုပသော နဂါးများ' ထဲမှ တစ်ကောင်သာ ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်း မဟုတ်ပါလား။

​သူ ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မည်နည်း။

​စီနီယာမော့သည် ဒေါသများ လွှမ်းမိုးသွားကာ ဟောက်လိုက်တော့သည်။

"မိုက်မဲလိုက်တာ... အကယ်၍ မင်းသာ ဒီအမှိုက်ကောင်မှာ စစ်မှန်တဲ့ နဂါးအရည်အသွေး ရှိတယ်ဆိုတာ သက်သေပြနိုင်ရင် ငါ ထာဝရ မင်းရဲ့ အစေအပါး လုပ်ပေးမယ်"

All Chapters