အခန်း (၃၈၁-၃၈၂)
Vol. 20 Ch. 381-382
အခန်း (၃၈၁) - ရန်ချင်းရှီကို ငါ ဖမ်းဆီးမယ်
လင်းကျင်းသည် ကိုယ်ပွားဖန်တီးခြင်း အတတ်ပညာကို မသင်ယူဖူးသော်လည်း ထိုကဲ့သို့သော အရာမျိုး ရှိကြောင်းကိုမူ သူ သိရှိထားသည်။
ထိုသတ္တဝါ ရပ်နေသော နေရာနှင့် ၎င်း၏ ဘေးရှိ သွေးရေကန်ကို ကြည့်လိုက်ရုံဖြင့် လင်းကျင်းအနေဖြင့် အကြမ်းဖျင်း ခန့်မှန်းမိသွားခဲ့၏။
"ရန်ချင်းရှီ ဘယ်မှာလဲ"
လင်းကျင်းက မေးလိုက်သည်။
သွေးများ ဖုံးလွှမ်းနေသော ထိုမိစ္ဆာကြီးမှာ အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ငါ့ရဲ့ တပည့်ကတော့ အခုအချိန်ဆို မြို့ထဲကနေ ထွက်သွားလောက်ပြီ..."
သူ၏ အသံထဲတွင် နောက်ပြောင်လိုသော အရိပ်အယောင်များ ပါဝင်နေခဲ့၏။
"ဒါကတော့ သေချာမှာ မဟုတ်ဘူး"
လင်းကျင်းက ပြန်ပြောလိုက်သည်။
လင်းကျင်းသည် သူ၏ အာရုံများကို စုစည်းရန် မျက်လုံးများကို ခဏမှိတ်လိုက်ပြီးနောက် ရုတ်တရက် ပြန်ဖွင့်လိုက်သည်။ သူသည် မန္တန်တစ်ခုကို ရွတ်ဆိုကာ လက်ကို ဝှေ့ယမ်းလိုက်ရာ မြူတိမ်ဝဲကတော့တစ်ခု ရုတ်တရက် ပေါ်လာပြီး လူရိပ်တစ်ခုကို ထွေးထုတ်လိုက်သည်။ ၎င်းမှာ ရန်ချင်းရှီပင် ဖြစ်၏။
သွေးမိစ္ဆာကြီးမှာ အံ့အားသင့်သွားခဲ့ရသည်။ သူသည် အပေါ်သို့ မော့ကြည့်လိုက်မှသာ နက်ဗျူလာ အတားအဆီးကို သတိပြုမိတော့သည်။
"တွက်ချက်မှု မှားသွားတာပဲ... ငါ့ရဲ့ ဒီကိုယ်ပွားက ဝိညာဉ်စွမ်းအင်ကို မခံစားနိုင်တော့ မင်း ချထားတဲ့ အတားအဆီးကို သူ မသိလိုက်ဘူး... ဟူး... မင်းလို လူငယ်လေးတစ်ယောက်ရဲ့ ကစားတာကို ခံလိုက်ရလိမ့်မယ်လို့ မထင်ထားမိဘူး"
သွေးမိစ္ဆာကြီး၏ လေသံမှာ ရာသီဥတုအကြောင်း ပြောနေသကဲ့သို့ အလွန်ပင် တည်ငြိမ်လှသည်။
၎င်းမှာ သူ မည်မျှအထိ ယုံကြည်မှု ရှိနေကြောင်း ပြသနေခြင်းဖြစ်ပြီး လင်းကျင်းကလည်း ၎င်းကို သိရှိထားသည်။
၎င်းမှာ အမှန်တရားလည်း ဖြစ်၏။ သူ၏ ကိုယ်ပွားသည် မှော်ပညာဖြင့် ဤနေရာသို့ ရောက်ရှိလာနိုင်သည်ဖြစ်ရာ သူ၏ စစ်မှန်သော ခန္ဓာကိုယ်မှာမူ ဤနေရာနှင့် အလွန်ဝေးကွာသော တစ်နေရာတွင် ရှိနေရပေမည်။ ရန်ချင်းရှီသည် သူ့အား ခေါ်ယူရန်အတွက် မန္တန်တစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်ရမည်။
ထိုမိစ္ဆာသည် အစွမ်းထက်လှသဖြင့် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်နေရလျှင်ပင် ဤမျှ တည်ငြိမ်နေနိုင်ခြင်း ဖြစ်သည်။
ရန်ချင်းရှီသည် မြေပြင်မှ အလောတကြီး ထရပ်လိုက်ပြီး ဝေခွဲမရသော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် စံအိမ်ထဲမှ ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရသည်။ နောက်ဆုံးအကြိမ်တွင်မူ မြူထူများက သူ့အား ရစ်ပတ်သွားခဲ့ပြီး ခေါင်းမူးသွားကာ ဤနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
သူ၏ ဆရာဖြစ်သူ၏ ကိုယ်ပွားအပြင် ထိုနေရာတွင် အခြားသော လူငယ်တစ်ဦးလည်း ရှိနေသည်။ ထိုလူငယ်မှာ ထူးခြားသော အရှိန်အဝါရှိပြီး လက်မောင်းတွင် အကွင်းသုံးကွင်းပါသော သားရဲပုံစံ လက်မောင်းစွပ်ကို ဝတ်ဆင်ထားသည်။ ရန်ချင်းရှီမှာ ထိုသူ မည်သူဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။
လင်းကျင်း။
ရန်ချင်းရှီသည် ကျောက်စိမ်းနဂါးမြို့ရှိ အဆင့် (၃) သားရဲအကဲဖြတ်မှူး တိုင်းကို သိရှိသော်လည်း လင်းကျင်း တစ်ဦးတည်းကိုသာ လူကိုယ်တိုင် မတွေ့ဖူးသေးခြင်း ဖြစ်သည်။
အခြေအနေမှာ အလွန်ပင် ထင်ရှားလှပေသည်။ လင်းကျင်း၏ အတားအဆီးကြောင့်သာ သူ ထွက်မပြေးနိုင်ခြင်း ဖြစ်၏။ လင်းကျင်း၏ မရပ်မနား လိုက်လံမှုကို ခံခဲ့ရသဖြင့် သူသည် ထွက်ပြေးရန် စီစဉ်ခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ လင်းကျင်းသာ ပါဝင်ပတ်သက်ခြင်း မရှိပါက ရန်ချင်းရှီ၏ အစီအစဉ်မှာ မည်သူမျှ သိရှိကြလိမ့်မည် မဟုတ်ဘဲ သူသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာရှိသော အဆင့် (၃) အကဲဖြတ်မှူးအဖြစ် ဆက်ရှိနေဦးမည် ဖြစ်သည်။
ဤသို့ တွေးမိသောအခါ ရန်ချင်းရှီမှာ ဒေါသများ ချောင်းချောင်းထွက်လာခဲ့သည်။
"လင်းကျင်း... ငါတို့ကြားမှာ ဘာရန်ငြိုးမှ ရှိခဲ့တာ မဟုတ်ဘူး၊ မင်း ဘာလို့ ဒီလို လုပ်နေရတာလဲ... အကယ်လို့ မင်းက ငါ့ကို ဒုက္ခပေးဖို့ပဲ ကြံစည်နေမယ်ဆိုရင်တော့ ငါ မင်းကို အသက်ရှင်လျက် ထားမှာ မဟုတ်ဘူး... အခုတော့ မင်း ဒါမှမဟုတ် ငါ တစ်ယောက်ယောက်ကတော့ သေရမှာပဲ"
ရန်ချင်းရှီက အံကြိတ်ကာ ပြောလိုက်သည်။
၎င်းမှာ လင်းကျင်းအနေဖြင့်လည်း ရန်ချင်းရှီနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း ဖြစ်သည်။
သူသည် အဝတ်အစား သေသပ်ပြီး လူကြီးလူကောင်း ပုံစံရှိသော်လည်း အတွင်းစိတ်မှာမူ ယုတ်မာကောက်ကျစ်လှပေသည်။ သူ ယနေ့ လုပ်ဆောင်ခဲ့သောအရာမှာ လင်းကျင်း သည်းခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ရန်ချင်းရှီမှာ ငတုံး မဟုတ်ပေ။ သူ ထိုသို့ ပြောဆိုနေသော်လည်း သူ၏ ဆရာဖြစ်သူ၏ ကိုယ်ပွားကို ခေါ်ယူရန်အတွက် သူ၏ သားရဲကို စတေးခဲ့ပြီးပြီ ဖြစ်သည်။ အကယ်၍ သူသာ လင်းကျင်းနှင့် တစ်ဦးချင်း တိုက်ခိုက်ရမည်ဆိုပါက သူ မနိုင်နိုင်ကြောင်း သိထားသည်။
အခြားအရာများကို ထားရစ်ခဲ့လျှင်ပင် သူ ထွက်မသွားနိုင်အောင် အတားအဆီး ဖန်တီးနိုင်ခြင်းနှင့် သူ့အား မျက်တောင်တစ်ခတ်အတွင်း ဤနေရာသို့ ပြန်လည် ပို့ဆောင်နိုင်ခြင်းမှာ ရန်ချင်းရှီ၏ ဗဟုသုတထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ ဆရာဖြစ်သူ၏ ကိုယ်ပွား ရှိနေသေးသဖြင့် သူ မကြောက်ပေ။
သူ၏ ဆရာမှာ မည်မျှအထိ စွမ်းဆောင်နိုင်ကြောင်း ရန်ချင်းရှီ အသိဆုံးဖြစ်သဖြင့် သူသည် ယုံကြည်မှု ရှိနေဆဲပင် ဖြစ်၏။
သူ၏ သားရဲ မရှိဘဲနှင့်တော့ ရန်ချင်းရှီမှာ စက္ကူကျားတစ်ကောင်မျှသာ ဖြစ်ပြီး မည်သည့် ခြိမ်းခြောက်မှုမှ မပေးနိုင်တော့ပေ။ တစ်နည်းအားဖြင့် လင်းကျင်းအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ထိုသွေးမိစ္ဆာကြီးသာ ဖြစ်ပေလိမ့်မည်။
"ဟဲဟဲ... တကယ့်ကို ကျွမ်းကျင်တာပဲ... အလယ်အလတ်အဆင့်ရှိတဲ့ နိုင်ငံလေးမှာ မင်းလို ကျွမ်းကျင်သူတစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး... တိုက်ပွဲမှာ နက်ဗျူလာ အတားအဆီးကို ဒီလို သုံးနိုင်တာက တကယ်ကို အံ့သြစရာပဲ... တောက်... တောက်... မင်းရဲ့ နာမည်က လင်းကျင်း ဆိုလား"
သွေးမိစ္ဆာကြီးသည် စကားပြောရင်း ရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။ ရန်ချင်းရှီမှာမူ ထိုမိစ္ဆာကြီး၏ နောက်တွင် ပုန်းနေခဲ့၏။ သို့သော်လည်း သူ၏ မျက်လုံးထဲတွင်မူ မကျေနပ်မှုနှင့် အမုန်းတရားများ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။
လင်းကျင်းသည် အခြေအနေကို ပြောင်းလဲနိုင်မည့် အချက်တစ်ခုကို သိရှိထားသော်လည်း ရန်ချင်းရှီ၏ လှုပ်ရှားမှုကို မတားဆီးခဲ့ပေ။ ဤနက်ဗျူလာ အတားအဆီးအတွင်းမှာတော့ လင်းကျင်းသည် အသာစီး ရထားပြီးသား ဖြစ်သည်။ ဤသွေးမိစ္ဆာကြီး ဘာလုပ်နိုင်သနည်းဆိုသည်မှာ လျှို့ဝှက်ချက် ဖြစ်နေသေးသော်လည်း လင်းကျင်းထံတွင်လည်း အစီအစဉ်တစ်ခု ရှိသည်။ လိုအပ်လာပါက သူ၏ အစွမ်းကို မြှင့်တင်ရန်အတွက် ပြတိုက်၏ အရှိန်အဝါကို အမြဲတမ်း ငှားရမ်းနိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် ယနေ့တွင်တော့ ရန်ချင်းရှီကို သူ အဆုံးသတ်ရပေမည်။
အကယ်၍ သူ့ကို အရှင်ဖမ်းနိုင်လျှင် အကောင်းဆုံး ဖြစ်သော်လည်း မရလျှင်တော့ ရန်ချင်းရှီ သေကို သေရမည်။
"ဆရာ... ဒီလူက လင်းကျင်းပဲ... သူက ကျွန်တော့်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပြီး လုပ်ငန်းအားလုံးကို ရပ်တန့်အောင် လုပ်ခဲ့တဲ့လူပါ... အကယ်လို့ သူသာ မရှိခဲ့ရင် နောက်ထပ် နှစ်ရက်အတွင်းမှာ ခေါင်းရှစ်လုံးမြွေနဂါး မွေးဖွားလာတော့မှာပါ"
ရန်ချင်းရှီက ရှင်းပြလိုက်သည်။
သွေးမိစ္ဆာကြီးမှာ ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်၏။
"ငါ သိတယ်... ငါ သိတယ်"
ရန်ချင်းရှီ၏ ရှင်းပြချက်ကို သူ ဂရုမစိုက်သကဲ့သို့ပင်။
ထို့နောက် သူသည် လင်းကျင်းထံသို့ လှည့်ကြည့်လိုက်သည်။ သူ၏ ပုံမှန်မဟုတ်သော မျက်နှာထားများကြားမှပင် သူ၏ မျက်နှာပေါ်ရှိ ထူးဆန်းသော ကျေနပ်မှုကို မြင်တွေ့နိုင်သည်။
"မင်းအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး... ဒီနေ့ ငါတို့ ဆုံတွေ့ရတာက ကံတရားပဲ ဖြစ်ရမယ်၊ ဒါကြောင့် ငါ မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်... မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံဖို့ ထိုက်တန်တယ်လို့ ငါ ယူဆတယ်... အကယ်လို့ မင်း ငါ့ကို ဆရာအဖြစ် ကိုးကွယ်ပြီး ငါ့ရဲ့ အမှုတော်ကို ထမ်းဆောင်မယ်ဆိုရင် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ငါ လျစ်လျူရှုပေးမယ်... ဒါတင်မကဘဲ ငါ မင်းကို အမြင့်ဆုံးသော ပညာရပ်တွေကို သင်ကြားပေးမှာ ဖြစ်သလို မင်းကို မသေနိုင်တဲ့ အဆင့်အထိ ရောက်အောင်လည်း ကူညီပေးမယ်"
"ဆရာ... ဒါက..."
ရန်ချင်းရှီမှာ မှင်တက်သွားခဲ့ရသည်။ သူ၏ ဆရာက ထိုကဲ့သို့ ပြောလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သို့သော် သွေးမိစ္ဆာကြီးသည် ရန်ချင်းရှီကို လျစ်လျူရှုထားခဲ့သည်။ သူ၏ ထူးဆန်းသော မျက်လုံးများမှာ လင်းကျင်းထံသို့ စိုက်ကြည့်နေဆဲ ဖြစ်၏။
"တကယ်လို့ မင်း ငါ့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်မယ်ဆိုရင်တော့ ဒီနေ့ မင်းကို အမြစ်ပြတ် သုတ်သင်ဖို့ကလွဲလို့ ငါ့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး... ဒီလို သေးငယ်တဲ့ နိုင်ငံလေးကို ဖျက်ဆီးပစ်ဖို့က ငါ့အတွက် ဘာမှ မခက်ခဲဘူး၊ မင်းကို ဖျက်ဆီးဖို့ဆိုတာ ပိုတောင် လွယ်သေးတယ်"
သူ စကားပြောနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ ပို၍ ထူထဲလာပြီး သူ၏ အရှိန်အဝါမှာလည်း ပို၍ ပြင်းထန်လာခဲ့သည်။ သူသည် ပတ်ဝန်းကျင်မှ သွေးများကို တရစပ် စုပ်ယူနေသဖြင့် သူ၏ ခန္ဓာကိုယ်မှာလည်း ပို၍ ကြီးမားလာခဲ့၏။
ရန်ချင်းရှီမှာမူ မနာလိုသော မျက်နှာထား ရှိနေသော်လည်း တိတ်ဆိတ်နေခဲ့သည်။
သူသည် သူ၏ ဆရာထံတွင်ရှိသော တပည့်များစွာထဲမှ တစ်ဦးသာဖြစ်ကြောင်း သူ သိရှိထားသည်။ အလွန်ဆုံးရှိလှ သူသည် သူ၏ ဆရာအတွက် အသုံးဝင်သော နယ်ရုပ်တစ်ခုမျှသာ ဖြစ်၏။
လင်းကျင်းသည် သူ၏ မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်နေသော ထူးခြားသည့် ဖြစ်စဉ်ကို ကြည့်ကာ အံ့သြနေမိသည်။ ထိုမိစ္ဆာကြီး ဆယ်ပေခန့် ပို၍ မြင့်မားလာသည်ကို ကြည့်ပြီးနောက် သူက ပြောလိုက်သည်။
"ခင်ဗျားရဲ့ နာမည်ကို ကျုပ် မသိရသေးဘူး"
ထိုလူက ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ငါ့ကို ဘိုးဘေးရွှယ်ပေါင် ခေါ်နိုင်တယ်၊ ဒါမှမဟုတ် အတိုကောက် 'သခင်ရွှယ်' လို့ပဲ ခေါ်ပါ"
လင်းကျင်း ရယ်မောလိုက်သည်။
"ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ဘယ်လောက်ပဲ အထင်ကြီးနေပါစေ၊ ခင်ဗျားရဲ့ နာမည်ကို ကျုပ်တစ်ခါမှ မကြားဖူးတာက စိတ်မကောင်းစရာပဲ... ဒါကြောင့် ခင်ဗျားက နာမည်မရှိတဲ့ လူတစ်ယောက်ပဲလို့ ယူဆရင် မမှားနိုင်ဘူး မဟုတ်လား... နာမည်မရှိတဲ့ လူတစ်ယောက်ကို ကျုပ်က ဘယ်လို ယုံကြည်ရမလဲ... ပိုပြီး အရေးကြီးတာက ဒဏ္ဍာရီထဲက မသေနိုင်တဲ့ နတ်ဘုရားတစ်ပါး ပေါ်လာရင်တောင် ကျုပ်လေးစားမှာ မဟုတ်ဘူး၊ ခင်ဗျားကိုတော့ ပိုတောင် လေးစားမှာ မဟုတ်သေးတယ်... ရန်ချင်းရှီ... ဒီကို လာခဲ့စမ်း"
လင်းကျင်း၏ နောက်ဆုံး စကားမှာ ဒေါသသံ ပါဝင်နေခဲ့သည်။ ထို့နောက် သူသည် မြူတိမ်များကို ခေါ်ယူရန် လက်တစ်ဖက်ကို မြှောက်လိုက်ရာ မြူထူများမှာ သူ၏ ဆရာနောက်တွင် ပုန်းနေသော ရန်ချင်းရှီထံသို့ လိပ်တက်သွားတော့သည်။
ရန်ချင်းရှီ ထိတ်လန့်သွားခဲ့ရသည်။ သူသည် လင်းကျင်းကို မယှဉ်နိုင်ကြောင်း သိထားသဖြင့် တစ်ဦးတည်း ပြန်လည် တိုက်ခိုက်ရန် မစဉ်းစားပေ။ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ သူ၏ ဆရာထံမှ အကူအညီ တောင်းရန်သာ ဖြစ်သည်။
သွေးမိစ္ဆာကြီးမှာ မထိန်းချုပ်နိုင်သော ဒေါသများ ထွက်ပေါ်လာခဲ့သည်။
"နားမလည်တဲ့ ကောင်လေး... မင်းက တကယ်ပဲ သတ္တိရှိတာပဲ"
သူက ဟောက်လိုက်တော့သည်။
သူ၏ ဟိန်းထွက်နေသော အသံကြောင့် လင်းကျင်း၏ နားစည်များမှာ အူသွားခဲ့ပြီး ခဏတာ မှင်တက်သွားခဲ့ရသည်။ သို့သော်လည်း လင်းကျင်းမှာ ရှောင်ဟော့၏ ဓမ္မခန္ဓာ၏ အကူအညီကြောင့် ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားခဲ့၏။ သို့သော်လည်း ထိုမိစ္ဆာမှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။
၎င်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါတွင် အဆင့် (၅) နှင့် နီးစပ်သော သားရဲ၏ ဝိညာဉ် ပါဝင်နေခဲ့သည်။ ၎င်းမှာ ကျောက်စိမ်းနဂါးကျောင်းတော်ရှိ နဂါးအိုကြီးနှင့် အတော်ပင် တူညီနေခဲ့၏။
ကွာခြားချက်မှာ ဤမိစ္ဆာသည် နဂါးအိုကြီးထက် ပို၍ အစွမ်းထက်ကြောင်း လင်းကျင်း သိရှိထားခြင်း ဖြစ်သည်။
ထိုအချိန်က နဂါးအိုကြီးမှာ သူ၏ သက်တမ်း ကုန်ဆုံးတော့မည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်သလို သူ၏ မန္တန်များမှာလည်း အစွမ်းမထက်တော့ပေ။ သူသည် တိုက်ခိုက်ရန်အတွက် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ အဓိက အသုံးပြုခဲ့ခြင်း ဖြစ်သော်လည်း ဤမိစ္ဆာတွင်မူ အသုံးချနိုင်သည့် နည်းပရိယာယ်များစွာ ရှိနေပုံရပေသည်။
နောက်တစ်ခဏတွင် လင်းကျင်းသည် အန္တရာယ်တစ်ခု ကျရောက်လာတော့မည်ကို ခံစားလိုက်ရပြီး ထိုသွေးမိစ္ဆာကြီးမှာ ရုတ်တရက် ရှေ့သို့ ထိုးထွက်လာခဲ့သည်။ ၎င်း၏ ဓားမြှောင်ကဲ့သို့သော လက်သည်းများမှာ လင်းကျင်း၏ မျက်နှာနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည့် အချိန်တွင် လင်းကျင်းသည် သူ၏ လက်ချောင်းကို ဓားတစ်စင်းအဖြစ် အသုံးပြုကာ ကာကွယ်လိုက်သည်။
"ပြိုကွဲစမ်း"
သူက အော်လိုက်၏။
၎င်းမှာ 'အဆုံးမရှိသော သဘာဝ ရှုခင်း'ထဲတွင် သူ တွေ့ရှိခဲ့သော 'နတ်ဘုရားဓားကျမ်းထံမှ လင်းကျင်း သင်ယူခဲ့သည့် ဓားဆန္ဒပင် ဖြစ်သည်။
ပူနွေးသော သွေးများ နေရာအနှံ့ ပန်းထွက်သွားခဲ့သည်။
လင်းကျင်း၏ ပါးပေါ်တွင် ဓားရာအနည်းငယ် ထင်ကျန်ရစ်ခဲ့သော်လည်း ထိုသွေးမိစ္ဆာကြီး၏ လက်မောင်းမှာမူ မြေပြင်ပေါ်သို့ ကျယ်လောင်သော အသံနှင့်အတူ ပြုတ်ကျသွားခဲ့လေတော့သည်။
လင်းကျင်းသည် သူ၏ လက်မောင်းကို ဖြတ်ချလိုက်ခြင်း ဖြစ်၏။
သို့သော်လည်း ထိုဓားစွမ်းအင်မှာ လုံးဝ မခံစားနိုင်အောင် ဖြစ်နေသည်မှာ ထူးဆန်းလှပေသည်။ အနည်းဆုံးတော့ ရန်ချင်းရှီ၏ အမြင်တွင် လင်းကျင်းသည် ဓားတစ်စင်းကို ကိုင်ထားသကဲ့သို့ သူ၏ လက်ချောင်းကို ဝှေ့ယမ်းနေခြင်းမှာ ကစားနေသကဲ့သို့ပင်။ သို့သော်လည်း သူ၏ ဆရာဖြစ်သူ၏ ကိုယ်ပွား လက်မောင်းမှာ ထောပတ်ကို ဓားနှင့် လှီးလိုက်သကဲ့သို့ ပြတ်တောက်သွားသောအခါ လင်းကျင်းသည် ကစားနေခြင်း မဟုတ်ကြောင်း ထင်ရှားသွားလေတော့သည်။
အခန်း (၃၈၂) - ခက်ခဲသော တိုက်ပွဲ
ရန်ချင်းရှီ၏ မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့သွားခဲ့ရသည်။
သူ၏ ဆရာဖြစ်သူ ဘိုးဘေးရွှယ်ပေါင်မှာ မည်မျှအထိ စွမ်းဆောင်နိုင်ကြောင်း သူ အသိဆုံး ဖြစ်၏။ ဤအရာမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်လျှင်ပင် ၎င်း၏ ခန္ဓာကိုယ်မှာ အဆင့် (၅) သားရဲတစ်ကောင်နှင့် ညီမျှပြီး ဂါထာများကိုလည်း အသုံးပြုနိုင်သူ ဖြစ်သည်။
သခင်ရွှယ်သည် သူ၏ ကိုယ်ပွားတစ်ခုတည်းနှင့်ပင် အလယ်အလတ်အဆင့်ရှိသော နိုင်ငံတစ်ခုကို အောင်နိုင်ခဲ့ဖူးသည်။ ထိုကဲ့သို့သော ထူးကဲသော စွမ်းအားမျိုးမှာ သာမန်လူသားတစ်ဦး တတ်နိုင်သောအရာ မဟုတ်ပေ။ ၎င်းမှာ ရန်ချင်းရှီအနေဖြင့် သခင်ရွှယ်အား အမှုတော်ထမ်းရခြင်း၏ အဓိက အကြောင်းရင်းလည်း ဖြစ်သည်။
သူ့အတွက်တော့ သခင်ရွှယ်မှာ မည်သူမျှ မယှဉ်နိုင်သောသူ ဖြစ်၏။
သို့သော်လည်း ယခုမူ တစ်စုံတစ်ယောက်က သူ၏ ဆရာဖြစ်သူ၏ ကိုယ်ပွား လက်မောင်းကို ဖြတ်ချလိုက်လေပြီ။ ၎င်းမှာ ကိုးကွယ်ယုံကြည်သူတစ်ဦး၏ ရှေ့မှောက်တွင် သူ၏ နတ်ဘုရားအား စော်ကားခံလိုက်ရသကဲ့သို့ပင်။
၎င်းမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။
"ဒါ မဖြစ်နိုင်ဘူး"
ရန်ချင်းရှီ၏ အသံမှာ အနည်းငယ် တုန်ရီနေခဲ့သည်။ သို့သော် တိုက်ပွဲဝင်နေကြသော လူနှစ်ဦးမှာမူ သူ ပြောသောအရာကို ဂရုစိုက်နေချိန် မရှိကြပေ။
စောစောက ထိပ်တိုက်တွေ့မှုတွင် လင်းကျင်းသည် ရန်သူ၏ လက်မောင်းကို ဖြတ်ချနိုင်ခဲ့သော်လည်း လင်းကျင်းကိုယ်တိုင်မှာလည်း အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ အနည်းငယ်မျှ မှားယွင်းသွားခဲ့လျှင် သူသည် ထိုနေရာမှာတင် အသက်ပျောက်သွားနိုင်၏။
လင်းကျင်းသည် သေမင်းနှင့် ကစားနေသကဲ့သို့ တိုက်ခိုက်နေရပြီး သခင်ရွှယ်မှာမူ လင်းကျင်း၏ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်နေဆဲပင် ဖြစ်သည်။
"ဓားဆန္ဒရှိပေမဲ့ ဓားစွမ်းအင်တော့ မရှိဘူး... အဲဒီ မန္တန်က စိတ်ပိုင်းဆိုင်ရာကိုပဲ တိုက်ခိုက်နိုင်တာ မဟုတ်လား၊ ဘယ်လိုလုပ် ရုပ်ပိုင်းဆိုင်ရာအရ ဖြတ်တောက်နိုင်တာလဲ"
သခင်ရွှယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် အမြဲတမ်း မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူ ဖြစ်၏။ သူသည် အလွန်ကျယ်ပြန့်သော ဗဟုသုတနှင့် ထူးကဲသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်ဟု ယူဆထားသူလည်း ဖြစ်သည်။
ယခုမူ သူ လက်မခံချင်သော အချက်တစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
၎င်းမှာ သူကိုယ်တိုင်ပင် မသိရှိသောအရာများ ရှိနေသေးခြင်းပင် ဖြစ်၏။
အနည်းဆုံးတော့ လင်းကျင်းသည် ဓားဆန္ဒတစ်ခုတည်းနှင့် သူ၏ လက်မောင်းကို မည်သို့ ဖြတ်ချလိုက်သနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။
သို့သော် သူသည် အတွေ့အကြုံ ရင့်ကျက်သူဖြစ်သည့်အတိုင်း ခဏတာ စဉ်းစားလိုက်ရုံနှင့် အဖြေကို သိရှိသွားခဲ့သည်။
"မင်း ငါ့ကို လှည့်စားဖို့ ကြံနေတာပဲ... ဓားဆန္ဒက ထင်ရှားနေပေမဲ့ မြူတိမ်ဓားသွားကိုတော့ ပါးနပ်စွာ ဖုံးကွယ်ထားတာပဲ... လူငယ်လေး... မင်းရဲ့ ဒီနည်းဗျူဟာက မဆိုးပါဘူး... ဒါပေမဲ့ စိတ်မကောင်းစရာက ငါ့ရဲ့ ကိုယ်ပွားက မသေနိုင်တဲ့ ခန္ဓာကိုယ် ဖြစ်နေတာပဲ... လက်မောင်းတစ်ခုတည်း မဟုတ်ဘူး၊ မင်း ငါ့ခေါင်းကို ဖြတ်လိုက်ရင်တောင် ငါ့ကိုယ်ပွားက သေမှာ မဟုတ်ဘူး"
လင်းကျင်းသည် သူ၏ လှည့်ကွက်ကို ရန်သူက ဤမျှ မြန်မြန်ဆန်ဆန် သိရှိသွားခြင်းအပေါ် အံ့အားသင့်သွားခဲ့ရသည်။
'အံ့သြစရာပဲ... ငါ ရက်ပေါင်းများစွာ စဉ်းစားပြီးမှ ဖန်တီးထားတဲ့ လှည့်ကွက်ကို သူက အလွယ်တကူ သိသွားတာလား... ဒီနေ့ တိုက်ပွဲကတော့ တကယ်ပဲ ခက်ခဲပြီး အန္တရာယ်များတော့မှာပဲ'
လင်းကျင်းသည် ဘာစကားမျှ မဆိုဘဲ တိုက်စစ်ကို စတင်လိုက်တော့သည်။
သူသည် ဘိုးဘေးရွှယ်ပေါင်ကို မတူညီသော ထောင့်ပေါင်းစုံမှ တိုက်ခိုက်ရန်အတွက် အပ်အစင်းပေါင်းများစွာကို ပစ်လွှတ်လိုက်သည်။ နောက်ဆုံးတစ်ယောက်မှာမူ ထိုတိုက်ခိုက်မှုများကို ရှောင်တိမ်းရန် မကြိုးစားပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏ မသေနိုင်သော ခန္ဓာကိုယ်သည် ထိုတိုက်ခိုက်မှုများကို ပြဿနာမရှိ လက်ခံနိုင်မည်ဟု ယုံကြည်နေသောကြောင့်ပင် ဖြစ်၏။
သို့သော် ထိုအပ်များမှာ ယခင်က တိုက်ခိုက်ခဲ့သော အရာများနှင့် မတူပေ။
အများအားဖြင့် လင်းကျင်း၏ အပ်များကို သတ်ဖြတ်ရန် မဟုတ်ဘဲ သတင်းအချက်အလက် စုဆောင်းရန်အတွက် အသုံးပြုခြင်း ဖြစ်သည်။ ပစ်မှတ်တွင် သားရဲအငွေ့အသက် ရှိနေသရွေ့ အကဲဖြတ်မှုက အလုပ်လုပ်မည် ဖြစ်သည်။ လူသား၏ သွေးများအပြင် ဤကိုယ်ပွား၏ ခန္ဓာကိုယ်မှာ သားရဲအချို့၏ သွေးများကိုလည်း စုပ်ယူထားခဲ့သည်။
ထို့ကြောင့် သူ၏ အပ်မှာ သခင်ရွှယ်၏ ကိုယ်ပွားထဲသို့ ထိုးဝင်သွားသည်နှင့် တစ်ပြိုင်နက် လင်းကျင်း လိုအပ်သော အချက်အလက်များကို ရရှိလိုက်တော့သည်။
"သွေးဖြင့် ပြုပြင်ထားသော သားရဲ။ အဆင့် (၅) အနိမ့်စား။ ရှုပ်ထွေးသော ဒြပ်စင်"
"မှော်စွမ်းအင်များကို စုစည်း၍ ဖန်တီးထားခြင်း ဖြစ်သည်။ အသက်မရှိသော အလောင်းနှင့် တူသည်။ နာကျင်မှုကို မခံစားရပေ။ မီးနှင့် ရေဒဏ်ကို ခံနိုင်ရည်ရှိသည်။ အကန့်အသတ်မရှိသော မှော်စွမ်းအင် ရှိသည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကြောင့် ခန္ဓာကိုယ်မှာ ပျက်စီးသွားခြင်း မရှိပေ"
"ဆင့်ကဲပြောင်းလဲခြင်း နည်းလမ်း သုံးသွယ်မှာ..."
"နှိမ်နင်းရန် နည်းလမ်း ငါးသွယ်မှာ..."
ပြတိုက်ရှိ ဤဖော်ပြချက်များကို ဖတ်ရှုပြီးနောက် လင်းကျင်း ပို၍ တည်ငြိမ်သွားခဲ့သည်။
တိုက်ပွဲတစ်ခုတွင် အဆိုးရွားဆုံး အခြေအနေမှာ ရန်သူ့အကြောင်းကို မသိဘဲ တိုက်ခိုက်ရခြင်းပင် ဖြစ်သည်။ ရန်သူ့အကြောင်းနှင့် မိမိအကြောင်းကို သိရှိခြင်းမှာ အောင်မြင်မှုအတွက် အခြေခံစည်းမျဉ်းပင် ဖြစ်၏။
သေချာသည်မှာ ဤဗဟုသုတမှာလည်း အဆင့်များစွာ ကွဲပြားနိုင်သည်။
အချို့က ကိုယ်ပိုင်အတွေ့အကြုံနှင့် သာမန်အသိကို အခြေခံကြသော်လည်း အချို့မှာမူ သတင်းအချက်အလက် စုဆောင်းခြင်းနှင့် စမ်းသပ်ခြင်းကို အားကိုးကြသည်။ လင်းကျင်းတွင် သားရဲပြတိုက် ရှိနေသဖြင့် သူသည် ရန်သူ့အကြောင်းကို အပြည့်အဝ နားလည်နိုင်ခဲ့ခြင်း ဖြစ်၏။
သူ၏ အပ်များမှတစ်ဆင့် ရရှိလာသော အချက်အလက်များအရ လင်းကျင်းသည် သခင်ရွှယ်၏ အားနည်းချက်ကို သိရှိသွားခဲ့သည်။ သူ၏ ရန်သူတွင် အားနည်းချက် တစ်ခုထက်မက ရှိနေခြင်းက လင်းကျင်းအတွက် စိတ်သက်သာရာ ရစေခဲ့သည်။
ပြောရလျှင် နဂါးအိုကြီးနောက်ပိုင်း ဤအရာမှာ လင်းကျင်း တွေ့ဖူးသော ဒုတိယမြောက် အဆင့် (၅) သားရဲ ဖြစ်သည်။ ထို့ကြောင့် ရန်သူ့အားနည်းချက်ကို သိရှိသွားလျှင်ပင် လင်းကျင်းအနေဖြင့် အထူးပင် ဂရုစိုက်ရမည် ဖြစ်၏။
"လူငယ်လေး... ဖုန်တထောင်းထောင်း ထအောင် မလုပ်ပါနဲ့တော့"
သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဝင်သွားသော အပ်များကို ဘိုးဘေးရွှယ်ပေါင်က ပြန်လည် တုံ့ပြန်လိုက်သည်။ သူသည် သူ၏ ခြေထောက်အောက်မှ သွေးများကို ပို၍ စုပ်ယူလိုက်ရာ ခဏချင်းမှာပင် သူ၏ ပြတ်တောက်သွားသော လက်မောင်းမှာ ပြန်လည် ထွက်ပေါ်လာခဲ့သည်။
အမှန်တကယ်ပင် ၎င်းမှာ မသေနိုင်သော ခန္ဓာကိုယ် ဖြစ်ပေသည်။
"သေစမ်း"
ဘိုးဘေးရွှယ်ပေါင်မှာ ရှေ့သို့ ခုန်အုပ်လိုက်သည်။ သူသည် ရန်သူကို သူ၏ လက်သည်းများနှင့် ကုတ်ခြစ်လိုက်ပြီးနောက် ရုတ်တရက် တိုက်ခိုက်မှုတစ်ခုကိုလည်း ထပ်မံ လုပ်ဆောင်လိုက်သည်။ လင်းကျင်းအနေဖြင့် ရှောင်တိမ်းသည်ဖြစ်စေ၊ ကာကွယ်သည်ဖြစ်စေ သို့မဟုတ် ပြန်လည် တိုက်ခိုက်သည်ဖြစ်စေ သူ၏ ရန်သူ၏ အမြီးမှာ လျှပ်စီးကဲ့သို့ အရှိန်နှင့် တရစပ် ရိုက်ခတ်နေမည် ဖြစ်၏။ အကယ်၍ လင်းကျင်းသာ ထိုအမြီးနှင့် တစ်ချက်မျှ အရိုက်ခံရပါက သူ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ ထိုအမြီးမှာ ဤမျှအထိ ပြင်းထန်လှပေသည်။
လင်းကျင်း တိုက်ပွဲထဲသို့ မဝင်ခင်က စစ်သည်တော်များနှင့် သားရဲများစွာမှာ ဤအမြီး၏ ရိုက်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရခြင်း ဖြစ်၏။
ဤအဆင့် (၅) သွေးသားရဲကို ရင်ဆိုင်ရာတွင် ၎င်းမှာ ပျမ်းမျှအောက် အဆင့်ရှိနေလျှင်ပင် လင်းကျင်းအနေဖြင့် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်နှင့်သာ တိုက်ခိုက်မည်ဆိုပါက သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။ ရန်သူ့တွင် မသေနိုင်သော ခန္ဓာကိုယ် ရှိသော်လည်း လင်းကျင်းမှာမူ အသက်ရှိသော လူသားတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် သူ၏ သားရဲနှင့် ပေါင်းစပ်နေခြင်းမှာ ပညာရှိရာ မရောက်ပေ။
တစ်ချိန်တည်းမှာပင် ရှောင်ဟော့သည် လင်းကျင်း၏ လက်မောင်းပေါ်မှ ခုန်ထွက်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသွေးသားရဲကို တုံ့ပြန်ရန်အတွက် ကြီးမားသော ဝံပုလွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
လင်းကျင်းမှာမူ တိုက်ပွဲ၏ အရှိန်အဟုန်ထဲတွင် မပိတ်မိစေရန် အနောက်သို့ အမြန်ဆုတ်လိုက်သည်။ ထိုသို့ လုပ်ဆောင်နေစဉ်မှာပင် သူသည် ရှောင်ဟော့အား အစွမ်းမြှင့်တင်မှု သုံးခုကို ပြုလုပ်ပေးလိုက်၏။
'သွေးဆာခြင်း'၊ 'ဒေါသထွက်ခြင်း' နှင့် 'မီးဝိညာဉ် ပူးကပ်ခြင်း'။
၎င်းတို့အားလုံးမှာ အစွမ်းမြှင့်တင်ပေးသော မန္တန်များ ဖြစ်ကြသည်။ လင်းကျင်းအနေဖြင့် ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ခြင်းမှာ သာမန် ကျင့်ကြံသူ သို့မဟုတ် သားရဲအကဲဖြတ်မှူးများ မတတ်နိုင်သော အရာပင် ဖြစ်သည်။ အကယ်၍ သူတို့ တတ်နိုင်လျှင်ပင် သူတို့၏ ဝိညာဉ်စွမ်းအားမှာ ထိုဂါထာများအတွက် လိုအပ်သော စွမ်းအင်ပမာဏကို လုံလောက်အောင် ပေးနိုင်မည် မဟုတ်ပေ။
သို့သော် လင်းကျင်းမှာမူ ကွဲပြားသည်။ သူ၏ မရပ်မနား ကျင့်ကြံမှုများကြောင့် ယခုအခါ သူ၏ ဝိညာဉ်စွမ်းအားမှာ ကျောက်တုံး တစ်ရာကျော်အထိ ရှိနေပြီဖြစ်ပြီး ထိုပမာဏမှာလည်း ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။ ယခုဆိုလျှင် နှစ်ရာခန့်အထိ နီးကပ်နေပြီ ဖြစ်၏။
ထို့ကြောင့် သူသည် မန္တန်များကို တရစပ် အသုံးပြုရန်အတွက် လုံလောက်သော စွမ်းအားရှိပေသည်။
ဝေါင်း...
ရှောင်ဟော့၏ ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။ ဓမ္မခန္ဓာနှင့် မီးဝိညာဉ် ပူးကပ်ခြင်းတို့ကြောင့် သူသည် ယခုအခါ မီးတောက်နေသော ဝံပုလွေကြီးတစ်ကောင် ဖြစ်နေပြီဖြစ်ကာ ဟိန်းဟောက်သံ တစ်ချက်တည်းနှင့်ပင် ပတ်ဝန်းကျင်ရှိ အဆောက်အဦးများကို ကြေမွသွားစေနိုင်ပေသည်။
"အဆင့် (၄) အမြင့်စားပဲ" '
ဘိုးဘေးရွှယ်ပေါင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"ဒါပေမဲ့ ဘာဖြစ်လဲ... အဆင့် (၄) ဆိုတာ အဆင့် (၄) ပါပဲ"
သူ့ကိုယ်သူ ယုံကြည်မှုရှိလှသော သွေးသားရဲမှာ ပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။ ထိုဧရာမ သားရဲကြီးနှစ်ကောင် ထိပ်တိုက်တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်ရှိနေသော ဥယျာဉ်မှာ အစအနမကျန် ကြေမွသွားခဲ့ရသည်။
တစ်ကောင်တွင် မသေနိုင်သော ခန္ဓာကိုယ်ရှိပြီး အခြားတစ်ကောင်တွင်မူ ဓမ္မခန္ဓာ ရှိနေသည်။ သူတို့ ထိပ်တိုက်တွေ့လိုက်တိုင်း မီးပွားများ ထွက်ပေါ်လာပြီး သွေးများ ပန်းထွက်ကုန်ကြ၏။ ဒုဝန်ကြီး၏ စံအိမ်ရှိ မည်သည့် အဆောက်အဦးမျှ မပျက်စီးဘဲ မကျန်တော့ပေ။ အကယ်၍သာ နက်ဗျူလာ အတားအဆီး မရှိခဲ့ပါက ထိခိုက်ပျက်စီးမှုမှာ ယခုထက် များစွာ ပို၍ ဆိုးရွားသွားပေလိမ့်မည်။
လင်းကျင်းသည် အလယ်အလတ်အဆင့်ရှိသော ဝိညာဉ်ကျောက်တုံးတစ်ခုကို ထုတ်ယူကာ မန္တန်တစ်ခုကို ရွတ်ဆိုပြီး ထိုကျောက်တုံး၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူလိုက်သည်။
ဤကဲ့သို့သော ပြင်းထန်သော တိုက်ပွဲတွင် သူ့၌ရှိသမျှ နည်းလမ်းအားလုံးကို အသုံးပြုရမည် ဖြစ်၏။ နက်ဗျူလာ အတားအဆီးကို ဖန်တီးခြင်းနှင့် ဓားဆန္ဒ မြူတိမ်ဓားသွားကို အသုံးပြုခြင်းတို့က သူ၏ ဝိညာဉ်စွမ်းအားကို အတော်အတန် ကုန်ဆုံးစေခဲ့သည်။ ရှောင်ဟော့အပေါ် အစွမ်းမြှင့်တင်မှုများ လုပ်ဆောင်လိုက်ခြင်းကလည်း သူ၏ စွမ်းအင် အတော်များများကို လျော့နည်းသွားစေခဲ့ရာ လင်းကျင်းအနေဖြင့် သူ၏ ဝိညာဉ်စွမ်းအားကို ယခုပင် ပြန်လည် မဖြည့်တင်းနိုင်ပါက အောင်နိုင်ရန် အခွင့်အရေး မရှိသလောက်ပင် ဖြစ်၏။
သူ ရင်ဆိုင်ခဲ့ရသော ရန်သူများထဲတွင် ဘိုးဘေးရွှယ်ပေါင်မှာ အစွမ်းအထက်ဆုံး ဖြစ်သည်။ သူသည် အမှားတစ်ခုလေးတောင် မခံနိုင်ပေ။ ရှောင်ဟော့ကို လွှတ်ထုတ်လိုက်ခြင်းမှာ မဖြစ်မနေ လုပ်ဆောင်ရမည့် အဆင့်တစ်ခု ဖြစ်သည်။ သို့သော် ပြဿနာမှာ 'သားရဲအရှင်သခင် ကျမ်း' အရ ရှောင်ဟော့သည် လင်းကျင်း၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်၏။ ယခုအခါ ရှောင်ဟော့သည် သူနှင့် ခွဲထွက်သွားပြီဖြစ်သဖြင့် အကယ်၍ လင်းကျင်းသာ တိုက်ခိုက်ခံရမည်ဆိုပါက သူသည် ကြီးမားသော ဒုက္ခနှင့် ကြုံရပေလိမ့်မည်။
သူ၏ ပထမဆုံး ဦးစားပေးမှာ ဘိုးဘေးရွှယ်ပေါင်ကို မဟုတ်ဘဲ ရန်ချင်းရှီကို ကာကွယ်ရန်ပင် ဖြစ်သည်။
နောက်ဆုံးတစ်ယောက်မှာ အမှောင်ထဲမှနေ၍ သူ့ကို စောင့်ကြည့်နေပြီး ခိုးယူတိုက်ခိုက်ရန် ပြင်ဆင်နေရမည် ဖြစ်ရာ ၎င်းမှာ လင်းကျင်း ကြောက်ရွံ့သောအရာ ဖြစ်သည်။ လင်းကျင်းသည် ဤသွေးသားရဲအပေါ်တွင် ရှိနေသော မှော်ပညာကို ဖျက်ဆီးရန်အတွက် ဂါထာတစ်ခုကို လုပ်ဆောင်ရမည် ဖြစ်၏။ မဟုတ်ပါက ၎င်းအား အပိုင်းပိုင်း ဖြတ်တောက်လိုက်သည်ဖြစ်စေ သို့မဟုတ် ပြာဖြစ်အောင် မီးရှို့လိုက်သည်ဖြစ်စေ ဤသတ္တဝါမှာ မိမိကိုယ်ကိုယ် ပြန်လည် တည်ဆောက်နိုင်ဦးမည် ဖြစ်သောကြောင့်ပင်။