အခန်း (၃၈၃-၃၈၄)
Vol. 20 Ch. 383-384
အခန်း (၃၈၃) - သွေးပြုပြင်ခြင်းမှော်ကို ပယ်ဖျက်ခြင်း
လင်းကျင်း လှည့်ကြည့်လိုက်သောအချိန်တွင် ရန်ချင်းရှီ၏ မျက်လုံးများနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံသွားခဲ့သည်။ ထိုလူ၏ မျက်လုံးများထဲတွင် မကျေနပ်မှုနှင့် ယုတ်မာမှုများ ပြည့်နှက်နေပြီး တစ်စုံတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည်။ ၎င်းမှာ ဘာလဲဆိုသည်ကို လင်းကျင်း မသိသော်လည်း ထိုလူမှာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သူ သိလိုက်၏။ လင်းကျင်းသည် ရန်ချင်းရှီကို အရင်ဆုံး ချုပ်နှောင်ထားရန် ရည်ရွယ်ချက်ဖြင့် အပ်တစ်စင်း ပစ်လွှတ်လိုက်သည်။ သို့သော် သူ အံ့သြသွားသည်မှာ ရန်ချင်းရှီသည် အခြေအနေကို ရိပ်မိလိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်တွင် လှိမ့်ကာ ထိုအပ်ကို ကံကောင်းထောက်မစွာ ရှောင်တိမ်းသွားနိုင်ခြင်းပင် ဖြစ်သည်။
"ဝေါင်း"
တစ်ချိန်တည်းမှာပင် ရှောင်ဟော့က ဟိန်းဟောက်လိုက်သဖြင့် လင်းကျင်း ခေါင်းကို အမြန်လှည့်ကြည့်လိုက်ရာ မြွေလျှာကဲ့သို့သော လျှာကြီးတစ်ခု သူ၏ထံသို့ ထိုးထွက်လာသည်ကို တွေ့လိုက်ရသည်။
တိုက်ပွဲအရှိန်တက်နေစဉ်အတွင်း ဘိုးဘေးရွှယ်ပေါင်၏ သွေးသားရဲသည် လင်းကျင်းကို သတ်ဖြတ်ရန်အတွက် သူ၏ လျှာကြီးကို ထုတ်လိုက်ခြင်း ဖြစ်၏။ ကောက်ကျစ်လှသော ဘိုးဘေးရွှယ်ပေါင်သည် လင်းကျင်းက ရန်ချင်းရှီကို အာရုံစိုက်နေချိန်တွင် အလစ်ချောင်းတိုက်ခိုက်ရန်အတွက် ဤစွမ်းရည်ကို အရေးကြီးသော အချိန်အထိ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
လင်းကျင်းသည် ဤတိုက်ခိုက်မှုမှ ရှောင်တိမ်းရန် မလွယ်ကူကြောင်း သိလိုက်သည်။ ထိုဓားကဲ့သို့ ထက်မြက်လှသော လျှာကို ပြန်လည်တိုက်ခိုက်ရန် သူ့တွင် မည်သည့်မန္တန်မှ မရှိပေ။
သူ ကာကွယ်ရန်လည်း မဖြစ်နိုင်ပေ။
"ဖွင့်စမ်း"
နောက်ဆုံးအချိန်တွင် လင်းကျင်းသည် 'ဧည့်ခန်းမ'၏ တံခါးကို ဖွင့်လိုက်တော့သည်။ တံခါး ပေါ်လာသည်နှင့်တစ်ပြိုင်နက် လင်းကျင်း၏ အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သူ၏ လက်ချောင်းကို မြှောက်ကာ ဓားဆန္ဒကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။
မြူတိမ်များထဲတွင် ယခုအခါ သူ၏ ဓားဆန္ဒများ ကိန်းအောင်းနေပြီ ဖြစ်သည်။ လင်းကျင်းကို ပစ်မှတ်ထားထားသော လျှာမှာ အဖျားမှ အရင်းအထိ အနည်းဆုံး ဆယ်မီတာခန့် ရှည်လျားသော်လည်း ၎င်းကို ဓားအာရုံဖြင့် သပ်ရပ်သော အသားတုံးလေး ၂၀ ခန့်အဖြစ် ပိုင်းဖြတ်လိုက်လေတော့သည်။
သူ ထိုမျှနှင့် ရပ်မနေခဲ့ပေ။ ဓားဆန္ဒသည် သွေးသားရဲ၏ မျက်နှာတစ်ခြမ်းကိုပါ ဖြတ်ချလိုက်သည်။ ဤ 'မိုးတိမ်ဓားဆန္ဒမှာ လင်းကျင်း၏ လက်နက်တိုက်ထဲတွင် လက်ရှိအချိန်၌ အစွမ်းအထက်ဆုံး ပညာရပ်ပင် ဖြစ်၏။ အကယ်၍ သူသာ ပြတိုက်၏ အရှိန်အဝါကို မငှားရမ်းခဲ့ပါက ဝိညာဉ်ကျောက်တုံး သုံးရာခန့်ရှိသော စွမ်းအင်ရှိလျှင်ပင် ဤမန္တန်ကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
ဘိုးဘေးရွှယ်ပေါင်မှာ ထိုတိုက်ခိုက်မှုကြောင့် ခဏတာ မှင်တက်သွားခဲ့သည်။ သူ၏ ကျန်ရှိနေသော မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ထင်ရှားနေခဲ့၏။
လင်းကျင်းအနေဖြင့် ဤအဖိုးတန်သော အခွင့်အရေးကို အဘယ်ကြောင့် လက်လွှတ်ခံပါမည်နည်း။ သူသည် ခေါင်းမူးဝေခြင်းနှင့် ဝိညာဉ်စွမ်းအား ရုတ်တရက် ကုန်ဆုံးသွားခြင်းကို အောင့်အည်းကာ သူ၏ လျှာကို ကိုက်လိုက်ပြီး 'မှော်ပယ်ဖျက်ခြင်း'မန္တန်ကို ရွတ်ဆို၍ သွေးတစ်လုပ်ကို ထွေးထုတ်လိုက်တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မှော်ပယ်ဖျက်ခြင်း စွမ်းအားများ ကိန်းအောင်းနေသော သွေးများသည် သွေးသားရဲ၏ မျက်နှာပေါ်သို့ စင်ဟပ်သွားခဲ့သည်။
နှင်းပေါ်သို့ ရေနွေးပူ လောင်းချလိုက်သကဲ့သို့ပင် ထိုသားရဲ၏ ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ လင်းကျင်း၏ သွေးများကြောင့် အရည်ပျော်သွားခဲ့ရသည်။ လင်းကျင်းသည် ဤတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းမှာ ၎င်းသည် သွေးသားရဲ၏ အားနည်းချက် ဖြစ်သောကြောင့်ပင်။
ပြတိုက်၏ ဖော်ပြချက်အရ ဤကိုယ်ပွားမှာ 'မှော်စွမ်းအင်များ စုစည်းထားခြင်း' ဖြစ်သည်။ ထို့ကြောင့် လင်းကျင်းအနေဖြင့် ရန်သူ၏ မှော်အတတ်ကို ဖျက်ဆီးရန်သာ လိုအပ်၏။ သို့သော် 'မှော်ပယ်ဖျက်ခြင်း' တစ်ခုတည်းက ထိရောက်မှု မရှိနိုင်သဖြင့် လင်းကျင်းသည် သူ၏ သွေးကို ကြားခံနယ်အဖြစ် အသုံးပြုရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။
ရန်သူသည်လည်း ဤသွေးသားရဲကို ဖန်တီးရန်အတွက် သွေးကို ကြားခံနယ်အဖြစ် အသုံးပြုခဲ့သည် မဟုတ်ပါလား။
၎င်းမှာ အယူအဆ အတူတူပင် ဖြစ်၏။ လင်းကျင်းသည် ရန်သူ၏ ဂုဏ်သတ္တိကို တုံ့ပြန်လိုက်ခြင်းသာ ဖြစ်ပြီး ၎င်းက ခိုးယူတိုက်ခိုက်မှုအတွက် လမ်းစ ဖြစ်သွားခဲ့သည်။
ဤသွေးသားရဲတွင် ဘိုးဘေးရွှယ်ပေါင်၏ အကန့်အသတ်မရှိသော မှော်စွမ်းအင်များကြောင့် မသေနိုင်သော ခန္ဓာကိုယ် ရှိနေခြင်း ဖြစ်သည်။ အကယ်၍ သူ၏ စွမ်းအင်ထောက်ပံ့မှုမှာ အဆုံးမရှိပါက ဤသားရဲမှာ မည်မျှပင် ပျက်စီးပါစေ ထပ်ခါတလဲလဲ ပြန်လည် ဖြစ်ပေါ်လာနိုင်ပေသည်။
သို့သော်လည်း မှော်စွမ်းအင် ထောက်ပံ့မှုကို ဖြတ်တောက်လိုက်ပါက ဤသွေးသားရဲမှာ အလိုအလျောက် ပျက်စီးသွားပေလိမ့်မည်။
ရှောင်ဟော့သည် ဤအခွင့်အရေးကို အသုံးချကာ မီးတောက်များကို ပစ်လွှတ်လိုက်ပြီး သွေးသားရဲကို လောင်ကျွမ်းစေလိုက်သည်။ မှော်အတတ် ပျက်ပြယ်သွားပြီဖြစ်ရာ ထိုသတ္တဝါမှာ သူ၏ မီးတောက်များအောက်တွင် တဖြည်းဖြည်း အရည်ပျော် ပျောက်ကွယ်သွားခဲ့ရလေတော့သည်။
"လူငယ်လေး... မင်းက တကယ်ပဲ ငါ့ကို ရန်သူအဖြစ် သတ်မှတ်ချင်တာလား"
မီးတောက်များထဲမှ ဘိုးဘေးရွှယ်ပေါင်၏ မကျေမနပ် ဖြစ်နေသော အသံ ထွက်ပေါ်လာခဲ့သည်။
လင်းကျင်းကတော့ တိတ်ဆိတ်နေခဲ့၏။
"ငါ့ရဲ့ တပည့် ရန်ချင်းရှီကို လွှတ်ပေးလိုက်စမ်း... မဟုတ်ရင်တော့ ငါတို့ထဲက တစ်ယောက်ယောက် သေတဲ့အထိ အဆုံးသတ်မှာ မဟုတ်ဘူး... လူငယ်လေး... မင်း ဒါကို သေသေချာချာ စဉ်းစားတာ ပိုကောင်းလိမ့်မယ်..."
၎င်းမှာ သူ၏ နောက်ဆုံး သတိပေးချက်ပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သွေးသားရဲမှာ လုံးဝ လောင်ကျွမ်း ပျောက်ကွယ်သွားခဲ့သောကြောင့် ဖြစ်သည်။ ပြင်းထန်သော အပူရှိန်အောက်တွင် ၎င်း၏ အသားနှင့် အရိုးများမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
သူ စကားကို အဆုံးအထိ မပြောသွားနိုင်ခဲ့သော်လည်း ဘိုးဘေးရွှယ်ပေါင်၏ သတိပေးချက်မှာ အတော်ပင် ထင်ရှားလှပေသည်။
သေတဲ့အထိ လိုက်လံတိုက်ခိုက်မည်ဟု ဆိုခြင်းမှာ အတော်ပင် ကြောက်စရာ ကောင်းလှသည်။ အထူးသဖြင့် ဘိုးဘေးရွှယ်ပေါင်မှာ သာမန်လူယုတ်မာ တစ်ဦးမဟုတ်ပေ။ သွေးသားရဲ ကိုယ်ပွားတစ်ခုတည်းနှင့်ပင် လင်းကျင်းကို ဤမျှအထိ အခက်တွေ့အောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။
သို့သော်လည်း လင်းကျင်းသည် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်သည်။ ယနေ့တွင် နတ်ဘုရားကိုယ်တိုင် ပေါ်လာလျှင်ပင် လင်းကျင်း လိုက်လျောလိမ့်မည် မဟုတ်ပေ။ ဤကိစ္စကြောင့် ဘိုးဘေးရွှယ်ပေါင်ကို အငြိုးထားစေမည် ဆိုလျှင်လည်း ဖြစ်ပါစေတော့။ သေတဲ့အထိ လိုက်မလား။ စောင့်ကြည့်ကြတာပေါ့။
ထို့ပြင် လင်းကျင်းမှာ ကျေးလက်တောရွာမှ ဘာမှမသိနားမလည်သော တောသားငနုံငအ မဟုတ်ပေ။ သူသည် အကျိုးအမြတ် တစ်ခုတည်းနှင့် မည်သူ့နောက်ကိုမျှ လိုက်မည့်သူ မဟုတ်ပေ။ ဘိုးဘေးရွှယ်ပေါင်မှာ ကောက်ကျစ်သူ ဖြစ်သဖြင့် သူ ပြောသောအရာမှာ သူ၏ တပည့်ကို ထွက်ပြေးရန် အချိန်ဆွဲပေးခြင်းလည်း ဖြစ်နိုင်ပေသည်။ အကယ်၍ ၎င်းမှာ လိမ်လည်မှု ဖြစ်နေခဲ့လျှင် အယုံလွယ်သူမှာ အရှုံးကြီး ရှုံးပေလိမ့်မည်။ ထို့ကြောင့် သူ၏ ကိုယ်ပိုင်အစီအစဉ်အတိုင်း လုပ်ဆောင်ခြင်းကသာ အန္တရာယ် အကင်းဆုံး ဖြစ်၏။
လင်းကျင်းသည် မိမိကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိသည်။ 'သားရဲပြတိုက် ရှိနေသရွေ့ သူ၏ အလားအလာမှာ အကန့်အသတ်မရှိပေ။ ထို့ပြင် သူသည် ဘိုးဘေးရွှယ်ပေါင်၏ သွေးသားရဲ ကိုယ်ပွားကို တစ်ဦးတည်းနှင့် အောင်နိုင်ခဲ့သည် မဟုတ်ပါလား။ အကယ်၍ နောက်တစ်ကြိမ် ထိုလူကိုယ်တိုင် လာရောက် ဒုက္ခပေးမည်ဆိုလျှင်လည်း သူ့တွင် ရှန်းအာ၊ ဝူလေး၊ ရွှေဝါလေးနှင့် မျောက်ဖြူကြီးတို့ ရှိနေသေးသည်။ တစ်ယောက်ချင်း မနိုင်လျှင် အားလုံးစုပေါင်းပြီး တိုက်ရုံသာ ရှိတော့သည်။
"ထွက်လာခဲ့စမ်း"
သွေးသားရဲကို ကိုင်တွယ်ပြီးနောက်တွင်တော့ လင်းကျင်း၏ အကြီးမားဆုံး ပြဿနာမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် ရန်ချင်းရှီကို ကိုင်တွယ်ရန် အချိန်ရောက်လာခဲ့လေပြီ။
ရန်ချင်းရှီမှာ ပုန်းအောင်းနေသော်လည်း ဤနက်ဗျူလာ အတားအဆီးအတွင်း၌ လင်းကျင်း၏ အာရုံမှ လွတ်ကင်းနိုင်မည့် နေရာ မရှိပေ။ ၎င်းမှာ ကိုယ်လုံးတီး အချွတ်ခံထားရသကဲ့သို့ပင်။ ပုန်းနေခြင်းက ဘာမှ အကျိုးမရှိပေ။
မီးတောက်များမှာ ငြိမ်းသွားခြင်း မရှိသေးဘဲ အနည်းငယ်မျှသာ သေးငယ်သွားခဲ့သည်။ လင်းကျင်း၏ ဝိညာဉ်စွမ်းအားမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး သူကိုယ်တိုင်လည်း ပင်ပန်းနေပြီ ဖြစ်သော်လည်း ရှောင်ဟော့မှာမူ တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲ ဖြစ်၏။ ရှောင်ဟော့ မပါလျှင်ပင် လင်းကျင်းသည် ရန်ချင်းရှီကို ကိုယ်တိုင် ကိုင်တွယ်နိုင်သည်။
လင်းကျင်း၏ ခေါ်သံကို မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
"ပုန်းနေတာက အကျိုးမရှိမှန်း သိနေရဲ့နဲ့ မထွက်လာသေးဘူးလား... မင်းက ငတုံးလား"
လင်းကျင်းက ဆဲဆိုလိုက်သည်။ သူသည် တစ်ဖက်သို့ လှည့်ကာ လှုပ်ရှားရန် ပြင်လိုက်သောအခါမှ ရန်ချင်းရှီသည် သူ ထွက်ပြေးရန် နေရာမရှိတော့သည့် ခါးသီးသော အမှန်တရားကို လက်ခံကာ သူကိုယ်တိုင် ထွက်လာခဲ့တော့သည်။
သို့သော် သူသည် စောစောကကဲ့သို့ မာန်တက်နေခြင်း မရှိတော့ပေ။ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့၏။
ရန်ချင်းရှီမှာ အသင်းချုပ်တွင် လေးစားခံရသော သက်လတ်ပိုင်းအရွယ် လူတစ်ဦး ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူ၏ ဝတ်ရုံများမှာ စုတ်ပြတ်နေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေခဲ့သည်။ ဤကဲ့သို့သော နွမ်းပါးလှသည့် အခြေအနေတွင် သူသည် ယခင်က လူကြီးလူကောင်း ပုံစံနှင့် လုံးဝ မတူတော့ပေ။
"လင်းကျင်း... ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး... မင်း... မင်း ဘာလို့ ငါ့ကို ပစ်မှတ်ထားနေရတာလဲ... မင်း တုမိသားစုအကြောင်း သိသွားပြီးတဲ့နောက်မှာတောင် ငါ မင်းကို ဒုက္ခပေးဖို့ တစ်ခါမှ မစဉ်းစားခဲ့ဘူး... ငါ ထွက်သွားချင်တာပဲ ရှိတာပါ၊ မင်း ဘာလို့ ငါ့ကို လွှတ်မပေးနိုင်ရတာလဲ"
ရန်ချင်းရှီက ဝေခွဲမရစွာ မေးလိုက်သည်။
သူ လင်းကျင်းကို ဒုက္ခပေးရန် ရည်ရွယ်ချက် မရှိခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ သူ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားပြီဖြစ်ကြောင်း သိလိုက်ရသည့် တိုင်အောင် သူသည် ထွက်ပြေးရန်သာ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လင်းကျင်းသာ သူ၏ လုပ်ဆောင်ချက်များကို လျစ်လျူရှုပေးခဲ့လျှင် ရန်ချင်းရှီမှာ ယခုအချိန်တွင် လွတ်လပ်ခွင့်ဆီသို့ ရောက်နေပြီ ဖြစ်ရပေမည်။
လင်းကျင်းကတော့ သူ့ကို ပြန်လည်ဖြေကြားရန် စိတ်မဝင်စားပေ။ ရန်ချင်းရှီသည် အပြစ်မဲ့သူများကို ဒုက္ခပေးရန်အတွက် မိစ္ဆာအတတ်ကို အသုံးပြုခဲ့သည်ဖြစ်ရာ လင်းကျင်းအနေဖြင့် ၎င်းကို တွေ့ရှိသွားပြီ ဖြစ်သဖြင့် ဤပြဿနာရှာသူကို ဖယ်ရှားပစ်ရန်သာ လိုအပ်တော့သည်။
လင်းကျင်း၏ အကြည့်ကို မြင်လိုက်ရသောအခါ ရန်ချင်းရှီမှာ ကြောက်လန့်တုန်ရီသွားခဲ့သည်။ သူသည် မကျေနပ်မှုများ ရှိနေသော်လည်း တစ်ခုကိုတော့ နားလည်သွားခဲ့ပြီ ဖြစ်၏။
၎င်းမှာ သူသည် လင်းကျင်းကို မယှဉ်နိုင်ခြင်းပင် ဖြစ်သည်။ သူ၏ သားရဲကို စတေးပြီး ခေါ်ယူခဲ့သော သူ၏ ဆရာဖြစ်သူ၏ ကိုယ်ပွားပင်လျှင် လင်းကျင်း၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ပြီ မဟုတ်ပါလား။
ထို့ကြောင့် သူ အသက်ရှင်ချင်လျှင် တောင်းပန်ရပေတော့မည်။
"အကဲဖြတ်မှူးလင်း... ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ"
ရန်ချင်းရှီမှာ ကရုဏာသက်ဖွယ် တောင်းပန်နေသော လူတစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် သူ၏ ဝတ်ရုံထဲမှ သားရဲအရေပြားဖြင့် ထုပ်ထားသော အရာတစ်ခုကို ထုတ်လိုက်သည်။ ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ ပုံသဏ္ဍာန် မပေါ်သေးသော 'ဥ' တစ်လုံးနှင့် တူသည့် အရာတစ်ခု ဖြစ်နေခဲ့၏။
လင်းကျင်းသည် ထိုမဖွံ့ဖြိုးသေးသော ဥထံမှ ဖော်ပြမရနိုင်သော ညှီစို့စို့ အနံ့တစ်ခုကို ရရှိလိုက်သည်။
ခေါင်းရှစ်လုံးမြွေနဂါး...။
ရန်ချင်းရှီက ပြောလိုက်၏။
"တကယ်လို့ မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် ဒီခေါင်းရှစ်လုံးမြွေနဂါးက မင်းအပိုင်ပဲ... ဒီသတ္တဝါက မွေးလာတာနဲ့ အဆင့် (၄) တန်းပြီးရောက်မှာ... ပြီးတော့ အကန့်အသတ်မရှိတဲ့ အလားအလာတွေ ရှိတယ်"
လင်းကျင်း အနီးကပ် ကြည့်လိုက်သည်။ ထိုပါးလွှာသော အမြှေးပါးအောက်တွင် ခေါင်းရှစ်လုံးမြွေနဂါးမှာ ပုံသဏ္ဍာန် စတင်ပေါ်ပေါက်နေပြီ ဖြစ်သည်။ ၎င်းမှာ အပြည့်အဝ မကြီးထွားသေးလျှင်ပင် ၎င်း၏ အဆင့် (၄) အရှိန်အဝါမှာ အတော်ပင် ခန့်ညားလှပေသည်။
အခန်း (၃၈၄) - အရှင်မင်းကြီး ရောက်ရှိလာခြင်း
အဆင့် (၄) မှ စတင်သည့် သားရဲတစ်ကောင်အတွက် အဆင့် (၅) သို့ ရောက်ရှိရန် အခွင့်အလမ်းမှာ အလွန်ပင် မြင့်မားလှပေသည်။ ရန်ချင်းရှီအနေဖြင့် ဤစီမံကိန်းအပေါ် အဘယ်ကြောင့် ဤမျှအထိ စွဲလမ်းနေရသနည်းဆိုသည်မှာ မထူးဆန်းတော့ပေ။ သူသည် ဤအရာအတွက် ဖော်ပြ၍မရသော ရာဇဝတ်မှုများကိုပင် ကျူးလွန်ရန် ဝန်မလေးခဲ့ပေ။
အကယ်၍ လင်းကျင်းသာ သာမန် သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်ခဲ့လျှင် သူသည်လည်း ဤကမ်းလှမ်းမှုအပေါ် စိတ်လှုပ်ရှားမိကောင်း မိနိုင်ပေသည်။
သို့သော် လင်းကျင်းသည် မည်သည့် တွေဝေမှုမျှ မရှိဘဲ ခေါင်းရှစ်လုံးမြွေနဂါး၏ ခန္ဓာကိုယ်ထဲသို့ အပ်တစ်စင်းကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။ ၎င်းက ထိုသတ္တဝါ၏ နှလုံးသွေးကြောကို ချက်ချင်းပင် ဖောက်ထွက်သွားစေပြီး ဤယုတ်မာသော သတ္တဝါကို တစ်ခါတည်း အဆုံးသတ်ပစ်လိုက်လေတော့သည်။
၎င်းမှာ အလွန်မြန်ဆန်လှသဖြင့် ရန်ချင်းရှီမှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ ပုပ်သိုးနေသော ဥထဲမှ မည်းနက်သော အရည်များ စီးကျလာသောအခါမှသာ ဘာဖြစ်သွားသည်ကို သူ သတိထားမိတော့သည်။
"မင်း... မင်း အခု ဘာလုပ်လိုက်သလဲဆိုတာ သိရဲ့လား"
ရန်ချင်းရှီမှာ လုံးဝ ရူးသွပ်သွားခဲ့ရသည်။
သူသည် ဤခေါင်းရှစ်လုံးမြွေနဂါးအတွက် အမှောင်ထဲတွင် အချိန်အတော်ကြာ အစီအစဉ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လင်းကျင်းက ၎င်းကို ခဏချင်းအတွင်း သတ်ပစ်လိုက်၏။ သူ၏ ကြိုးစားမှုများအားလုံး အလဟဿ ဖြစ်သွားရသဖြင့် သူ ခံစားရမည့် မျှော်လင့်ချက်ကင်းမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုများကို ခန့်မှန်းကြည့်ရန် မခက်ခဲပေ။
တစ်ဖန် လင်းကျင်းသည် သူ့ကို စကားပြန်ပြောရန် စိတ်မဝင်စားပေ။ သူသည် ရန်ချင်းရှီကို အရင်ဆုံး မလှုပ်နိုင်အောင် လုပ်ရန်အတွက် နောက်ထပ် အပ်တစ်စင်း ပစ်လွှတ်လိုက်ပြီးနောက် နက်ဗျူလာ အတားအဆီးကို ရုပ်သိမ်းရန် ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။
ဟာလာဟင်းလင်း ဖြစ်နေသော လေဟာနယ်ထဲမှ အလံသေးသေးလေးတစ်ခု ပေါ်လာပြီး လင်းကျင်း၏ လက်ထဲသို့ ကျရောက်လာခဲ့၏။ သူသည် ၎င်းကို စိတ်ရှည်လက်ရှည် သိမ်းဆည်းလိုက်ရာ သူတို့ပတ်ဝန်းကျင်ရှိ မြူအတားအဆီးမှာလည်း မည်သည့် လက္ခဏာမျှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ယခုအခါ စံအိမ်တစ်ခုလုံးမှာ အပျက်အစီးများ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မည်သည့် အဆောက်အဦးမျှ မပျက်စီးဘဲ မကျန်တော့သော်လည်း ဘေးပတ်ဝန်းကျင်ရှိ အိမ်များမှာမူ ဘာမှ မဖြစ်ခဲ့ပေ။ ထိုအိမ်များ၏ နံရံပေါ်တွင် ခြစ်ရာတစ်ခုလေးတောင် မရှိခြင်းမှာ အမှန်တကယ်ပင် ထူးဆန်းလှပေသည်။
စံအိမ်၏ အပြင်ဘက်တွင် စစ်သည်ပေါင်း တစ်ထောင်ခန့်က ဝိုင်းရံထားကြသည်။ ဒုတိယဘုရင်ခံလည်း ထိုနေရာတွင် ရှိနေခဲ့၏။ လူတိုင်းမှာ အသင့်အနေအထားတွင် ရှိနေကြပြီး ဆေးတပ်သားများက သူ၏ ဒဏ်ရာများကို ကုသပေးနေကြသည်။
ယခု ကွာခြားသွားသောအရာမှာ ဒုတိယဘုရင်ခံ၏ ဘေးတွင် ရထားလုံးတစ်စီး စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ၎င်းမှာ ရွှေချထားသော ရထားလုံးဖြစ်ပြီး လိုက်ကာများကိုလည်း ချထားခဲ့၏။ ထိုရထားလုံးအတွင်းရှိ လူမှာ မည်သူဖြစ်ကြောင်း မသိရသော်လည်း သေချာပေါက် အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်ရပေမည်။ ရထားလုံးကို ကာကွယ်ထားသော စစ်သည်များမှာ အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ အရှိန်အဝါမှာ မြို့စောင့်တပ်များထက် များစွာ ပို၍ အစွမ်းထက်လှပေသည်။
အသင်းချုပ်မှ အကဲဖြတ်မှူးများမှာမူ အနည်းငယ် ဝေးသော နေရာမှ စောင့်ဆိုင်းနေကြရသည်။
နက်ဗျူလာ အတားအဆီးကို ဖယ်ရှားလိုက်ပြီးနောက် လင်းကျင်းသည် သူ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။
သို့သော် သူသည် လောကီရေးရာများတွင် အတွေ့အကြုံရှိသူ ဖြစ်သည်နှင့်အညီ သူ သိကျွမ်းသော တစ်ဦးတည်းသော လူဖြစ်သည့် ဒုတိယဘုရင်ခံကို အလေးပြုလိုက်သည်။
"ဒုတိယဘုရင်ခံ... ဒီလောက်များတဲ့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပေးခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်... အခုတော့ ကျုပ်တို့ အသင်းချုပ်ထဲက သစ္စာဖောက်တစ်ယောက်ကို ခင်ဗျားနဲ့ ခင်ဗျားရဲ့ စစ်သည်တွေရဲ့ အကူအညီကြောင့် လွတ်မသွားအောင် ဖမ်းဆီးနိုင်ခဲ့ပါပြီ"
လင်းကျင်းသည် သူ့ကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်လိုက်သည်။ သူတို့သည် လင်းကျင်းအတွက် အလွန်လိုအပ်သော အကူအညီများကို ပေးခဲ့ကြခြင်း ဖြစ်သည်။ အထူးသဖြင့် ဒုတိယဘုရင်ခံနှင့်အတူ စံအိမ်ထဲသို့ အရင်ဆုံး ဝင်ရောက်ခဲ့သော စစ်သည်များပင် ဖြစ်၏။ ထိုတိုက်ပွဲတွင် သူတို့ဘက်မှ လူတစ်ရာကျော် သေဆုံးခဲ့ရသဖြင့် လင်းကျင်းသည် ကျေးဇူးတင်ခြင်းထက် အပြစ်ရှိသကဲ့သို့ ပို၍ ခံစားနေရသည်။
ဤနေရာတွင် အတွေးအခေါ်နှင့် ခံစားချက်ရှိသော လူသားပေါင်း တစ်ရာကျော်မှာ သူတို့၏ အသက်များကို စတေးခဲ့ကြရခြင်း ဖြစ်သည်။ အကယ်၍ သူသာ အနည်းငယ် စောစော ရောက်ရှိခဲ့လျှင် ဤမျှအထိ စစ်သည်များ သေဆုံးလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဒုတိယဘုရင်ခံနှင့် သူ၏ လူများက လင်းကျင်းအတွက် အချိန်ဆွဲပေးခဲ့သောကြောင့်သာ ရန်ချင်းရှီ၏ ထွက်ပြေးမည့် အစီအစဉ်မှာ ပျက်ပြားသွားခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် လင်းကျင်းသည် ဒုတိယဘုရင်ခံကို ကျေးဇူးတင်ရုံသာမက စစ်သည်များကိုလည်း အလေးပြုလိုက်၏။
ဒုတိယဘုရင်ခံမှာ လင်းကျင်း၏ ပြုမူပုံကြောင့် အနည်းငယ် ကျေနပ်သွားပြီး ချက်ချင်းပင် ပြန်လည် ဦးညွှတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလိုက်၏။
"အကဲဖြတ်မှူးလင်း... ဒီဘက်ကို ခဏလာပြီး စကားပြောရအောင်"
လင်းကျင်း ပြုံးလိုက်သည်။
ဒုတိယဘုရင်ခံမှာ စစ်သည်ပီပီ ပွင့်လင်းသူတစ်ဦး ဖြစ်သည်။ သူတို့ကဲ့သို့သော သူများထံမှ ကောက်ကျစ်သော အကြံအစည်များကို မျှော်လင့်၍ မရပေ။ လင်းကျင်းသည် ဒုတိယဘုရင်ခံ၏ ဘေးရှိ ရထားလုံးကို သတိပြုမိပြီးသား ဖြစ်သလို အတွင်း၌ မည်သူရှိမည်ကိုလည်း အကြမ်းဖျင်း ခန့်မှန်းမိပြီးသား ဖြစ်၏။
'ကိစ္စမရှိပါဘူး... ရှောင်လွှဲလို့မရတဲ့ အရာကို ရှောင်နေလို့လည်း အကျိုးမရှိပါဘူး' ဟုတွေးကာ လင်းကျင်း ရှေ့သို့ လျှောက်သွားလိုက်သည်။
စောင့်ကြပ်နေသော စစ်သည်များက ရထားလုံးဆီသို့ ဦးတည်သော လမ်းတစ်ခုကို ဖယ်ပေးလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အခြားသော လူများကို ရထားလုံးနားသို့ မလာနိုင်အောင် တားဆီးထားကြ၏။ ထိုစစ်သည်များ ကိုင်ဆောင်ထားသော စစ်အလံများကြောင့် အပြင်မှလူများမှာ အတွင်း၌ ဘာဖြစ်နေသည်ကို မမြင်နိုင်ကြပေ။
ဒုတိယဘုရင်ခံသည် ရထားလုံးဘေးတွင် ရိုသေစွာ ရပ်နေခဲ့သည်။ မကြာမီမှာပင် လိုက်ကာကို မတင်လိုက်ပြီး လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
သူသည် ကျောက်စိမ်းနဂါးနိုင်ငံ၏ ဧကရာဇ်မင်းမြတ် 'ဟယ်ခရွှမ်ပင် ဖြစ်သည်။
သူသည် ဟယ်ချန်းနှင့် ဟယ်ယုတို့၏ ဖခင်လည်း ဖြစ်ပေသည်။
လင်းကျင်းသည် ဧကရာဇ်၏ သမီးနှင့် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသော်လည်း ဧကရာဇ်ကိုမူ သူ အထင်မကြီးပေ။ အမှန်အတိုင်း ပြောရလျှင် သူသည် ဧကရာဇ်အပေါ် ဆိုးရွားသော အမြင်သာ ရှိခဲ့သည်။
ထိုစဉ်က ထိုလူသည် နဂါးအိုကြီး၏ သက်တမ်းကို ရှည်စေရန်အတွက် သူ၏ သမီးဖြစ်သူ၏ အသက်ကို စတေးရန် ဝန်မလေးခဲ့ပေ။ ၎င်းက လင်းကျင်းအတွက် အတော်ပင် စိတ်ပျက်စရာ ကောင်းလှသည်။ သို့သော် အရှင်မင်းကြီးတွင်လည်း သူ၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိခဲ့ဟန်တူသဖြင့် နောက်ပိုင်းတွင် နဂါးအိုကြီးကို ဖယ်ရှားရန်အတွက် 'ပြတိုက်မှူး'၏ လက်ကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ပါးနပ်သော အခွင့်အရေးသမား တစ်ဦးပင် ဖြစ်၏။
၎င်းမှာ လင်းကျင်းအနေဖြင့် ဧကရာဇ်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း ဖြစ်သည်။ ဒုတိယဘုရင်ခံက အလျင်အမြန်ပြောလိုက်၏။
"အကဲဖြတ်မှူးလင်း... အရှင်မင်းကြီးကို နှုတ်မဆက်တော့ဘူးလား"
၎င်းမှာ စေတနာနှင့် သတိပေးလိုက်ခြင်း ဖြစ်သည်။
လင်းကျင်းသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသကဲ့သို့ ပြုမူလိုက်ပြီး ဧကရာဇ်ကို ဦးညွှတ်လိုက်သည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
သူသည် ရိုသေစွာ ပြုမူလိုက်၏။
"ထပါ... အစောင့်အရှောက်လင်း"
ဟယ်ရွှမ်က လင်းကျင်းကို ထူပေးရန် အလျင်အမြန် လာခဲ့သည်။ သူ၏ မျက်နှာပေးမှာ ရင်းနှီးဖော်ရွေမှုများ ပြည့်နှက်နေခဲ့၏။
ယခု လင်းကျင်းတွင် အဆင့် (၄) သားရဲ ရှိနေပြီဖြစ်ရာ သူသည် နိုင်ငံတော်၏ 'ကာကွယ်ရေးဌာန' တွင် တရားဝင် ပါဝင်ခွင့် ရရှိသွားပြီ ဖြစ်သည်။ ဤကာကွယ်ရေးဌာနမှာ နိုင်ငံတော်၏ အစောင့်အရှောက်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် လင်းကျင်းကို 'အစောင့်အရှောက်လင်း' ဟု ခေါ်ဆိုခြင်းမှာ မှားယွင်းမှု မရှိပေ။
'အစောင့်အရှောက်လင်း' ဟူသော အမည်မှာ 'အကဲဖြတ်မှူးလင်း' ထက် ပို၍ ခံ့ညားလှသကဲ့သို့ အရှင်မင်းကြီးကိုယ်တိုင် ခေါ်ဆိုခြင်း ဖြစ်သဖြင့် ထိုဘွဲ့အမည်မှာ အနည်းငယ် ကွဲပြားသော အရသာကို ပေးစွမ်းနေခဲ့သည်။
အနည်းဆုံးတော့ ဒုတိယဘုရင်ခံမှာ ထိုခေါ်ဆိုမှုကြောင့် အံ့အားသင့်သွားခဲ့ရသည်။
အရှင်မင်းကြီးသည် အခြားသော အစောင့်အရှောက်များနှင့် ဤမျှအထိ ရင်းနှီးလေ့မရှိကြောင်း သူ သိရှိထားသည်။ သူတို့အား ကိုယ်တိုင်လာ၍ ထူပေးလေ့လည်း မရှိပေ။
ဒုတိယဘုရင်ခံမှာ စဉ်းစားမရ ဖြစ်နေသော်လည်း အရှင်မင်းကြီး၏ ဘေးတွင် သစ္စာရှိစွာ ခစားနေသော မိန်းမစိုးကြီး 'ယောင်ရှန်း'ကမူ သူ၏ အရှင်သခင် အဘယ်ကြောင့် ဤသို့ ပြုမူနေရသနည်းဆိုသည်ကို အတိအကျ သိရှိထားသည်။
လင်းကျင်း တစ်ဦးတည်းနှင့်တော့ မလုံလောက်သော်လည်း 'ပြတိုက်မှူး'နှင့်ပါ ပတ်သက်နေသည်ဖြစ်ရာ ဧကရာဇ်အနေဖြင့် သူ့ကို ရိုသေစွာ ဆက်ဆံရန်မှာ လုံလောက်သော အကြောင်းပြချက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် ကျောက်စိမ်းနဂါးနိုင်ငံသည် အတွင်းပိုင်းနှင့် ပြင်ပ ပြဿနာများကို ရင်ဆိုင်နေရသည်။ ကျောက်စိမ်းနဂါး နတ်ဘုရား၏ "ရုတ်တရက် သေဆုံးမှု" နောက်ပိုင်းတွင် ဆက်တိုက်ဆိုသလို ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။ အလွယ်တကူ ပြောရလျှင် ကျောက်စိမ်းနဂါးနိုင်ငံ၏ နယ်စပ်များတွင် ပဋိပက္ခများ ပိုမို များပြားလာခဲ့ခြင်း ဖြစ်၏။
စည်းလုံးခြင်းတိုက်ကြီးပေါ်တွင် နိုင်ငံများစွာ ရှိကြပြီး အချို့သော နိုင်ငံငယ်လေးများမှာ မကြာသေးမီက သူတို့၏ နယ်မြေများကို စတင် ချဲ့ထွင်လာကြသည်။ သူတို့ထဲမှ အချို့မှာ ကျောက်စိမ်းနဂါးနိုင်ငံကို မျက်စိကျနေကြပြီး နိုင်ငံများ၏ အဆင့်အတန်းတွင် ကျောက်စိမ်းနဂါးနိုင်ငံ၏ နေရာကို အစားထိုးရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။ ထိုနိုင်ငံများသည် ဒေသခံ အရာရှိများနှင့် ပူးပေါင်း လုပ်ဆောင်နေကြခြင်းက ပြဿနာကို ပို၍ ကြီးထွားစေခဲ့သည်။
သို့သော် ဟယ်ရွှမ်အတွက်မူ နိုင်ငံ၏ လက်ရှိ အခြေအနေကို ထိန်းသိမ်းထားရန်မှာ အဓိက ဦးစားပေး မဟုတ်ပေ။ သူသည် ကျောက်စိမ်းနဂါးနိုင်ငံအား ယခင်ကကဲ့သို့ အဆင့်မြင့်နိုင်ငံတစ်ခုအဖြစ် ပြန်လည် ရောက်ရှိစေချင်သည့် ဆန္ဒ ရှိနေဆဲ ဖြစ်သည်။
ဟယ်ရွှမ်၏ စကားအရဆိုလျှင် ဤသို့ ဖြစ်မှသာ သူသည် သူ၏ ဘိုးဘေးများကို ဂုဏ်ယူစွာ မျက်နှာပြနိုင်မည် ဖြစ်၏။
သူတို့အနေဖြင့် အဆင့်မြင့်နိုင်ငံ တစ်ခုအဖြစ် သတ်မှတ်ခံရရန်အတွက် နိုင်ငံတော်ကို စောင့်ရှောက်မည့် အဆင့် (၅) သားရဲတစ်ကောင် လိုအပ်သည်။ ၎င်းမှာ ကျော်လွှားရန် မလွယ်ကူသော အခက်အခဲတစ်ခုပင် ဖြစ်၏။ ထိုအချိန်တစ်လျှောက်လုံး ဟယ်ရွှမ်းသည် အခြားသော အဆင့်မြင့်နိုင်ငံများမှ အဆင့် (၄) သားရဲအကဲဖြတ်မှူးများကို ငှားရမ်းရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သာလျှင် သားရဲများကို အဆင့် (၅) အထိ ရောက်အောင် ဆင့်ကဲပြောင်းလဲပေးနိုင်သောကြောင့်ပင်။
သို့သော် အဆင့် (၄) သားရဲအကဲဖြတ်မှူးများမှာ အဆင့်အတန်း မြင့်မားလွန်းလှသဖြင့် သူတို့သည် အလယ်အလတ်အဆင့်ရှိသော နိုင်ငံတစ်ခု၏ ခေါင်းဆောင်ကို ငြင်းပယ်နိုင်သကဲ့သို့ အထင်သေးစွာပင် ဆက်ဆံနိုင်ကြသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ဟယ်ရွှမ်မှာ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။ သို့သော်လည်း သူ စိတ်မဆိုးရဲပေ။
ယခုမူ 'ပြတိုက်မှူး'၏ ပုံသဏ္ဌာန်ဖြင့် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
ဟယ်ချန်းသည် ပြတိုက်မှူးမှာ အနည်းဆုံး အဆင့် (၄) သားရဲအကဲဖြတ်မှူး တစ်ဦး၏ အဆင့်တွင် ရှိနေရမည်ဟု သေချာပေါက် ယုံကြည်ထားပြီး ၎င်းထက်ပင် ပို၍ မြင့်မားနိုင်ပေသည်။ ၎င်းမှာ လင်းကျင်းကို အစပိုင်းတွင် အထူးရာထူး တိုးမြှင့်ပေးခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်၏။ ယနေ့ညတွင် သူ့ကို တွေ့ဆုံရန် ကိုယ်တိုင် လာရောက်ခဲ့ခြင်းက လင်းကျင်းသည် ဧကရာဇ်၏ မျက်စိတွင် ထိုက်တန်သော လူတစ်ဦး ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။
သူ၏ တစ်ခုတည်းသော ဆန္ဒမှာ ပြတိုက်မှူးနှင့် မိတ်ဆွေဖြစ်ရန်ပင် ဖြစ်၏။
သေချာသည်မှာ သေသေချာချာ လေ့လာပြီးနောက်တွင် ဟယ်ရွှမ်သည် အကဲဖြတ်မှူးလင်းကိုယ်တိုင်မှာလည်း အံ့သြစရာကောင်းသူ ဖြစ်ကြောင်း သိရှိသွားခဲ့သည်။ လင်းကျင်းကို အသင်းချုပ်သို့ ရာထူးတိုးမြှင့်ပေးရန် သူ၏ တောင်းဆိုချက်မှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့ဟန်တူပေသည်။
သာမန် စကားအနည်းငယ် ပြောဆိုပြီးနောက် ဟယ်ရွှမ်သည် ယနေ့ည၏ အခြေအနေကို မေးမြန်းလိုက်သည်။ သူသည် အစပိုင်းတွင် အနည်းငယ် ပေါ့ပေါ့ပါးပါး ရှိနေသော်လည်း လင်းကျင်းက 'ရွှယ်ပေါင်'ဟူသော အမည်ကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဟယ်ရွှမ်၏ မျက်နှာပေးမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့လေတော့သည်။