← Chapters

အခန်း (၃၈၅-၃၈၆)

Vol. 20 Ch. 385-386

အခန်း (၃၈၅-၃၈၆)

Vol. 20 Ch. 385-386

အခန်း (၃၈၅) - ဘုရင်သုံးပါးနှင့် ဘိုးဘေးငါးဦး

​ဧကရာဇ်မင်းမြတ်၏ မျက်နှာရိပ်မျက်ကဲ ရုတ်တရက် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သဖြင့် လင်းကျင်းသည် ထိုလူမှာ 'ရွှယ်ပေါင်'ဟူသော အမည်ကို ယခင်ကတည်းက ကြားဖူးထားကြောင်း ရိပ်မိလိုက်သည်။ သို့သော် သူကိုယ်တိုင်မှာမူ ထိုအမည်ကို အဘယ်ကြောင့် တစ်ခါမျှ မကြားဖူးခဲ့ရသနည်း။

​အမှန်စင်စစ် လင်းကျင်းသည် ဗဟုသုတ အတော်ပင် ကြွယ်ဝသူ ဖြစ်သည်။ အထူးသဖြင့် 'ဧည့်ခန်းမ'သို့ လာရောက်ကြသူများမှာ တိုက်ကြီးအသီးသီးမှ ဖြစ်ကြသဖြင့် သူတို့ကြားတွင် မိစ္တာ အတတ်ပညာရှင်များစွာလည်း ပါဝင်နေခဲ့သည်။ ထို့ကြောင့် လင်းကျင်း၏ အမြင်မှာ ကျယ်ပြန့်နေခဲ့ခြင်း ဖြစ်၏။ 'ရွှယ်ပေါင်' အနေဖြင့် ကောက်ကျစ်သော နည်းလမ်းများကို မကြာခဏ အသုံးပြုလေ့ရှိသဖြင့် သူသည်လည်း မိစ္ဆာ အတတ်ပညာရှင်များထဲမှ တစ်ဦးဖြစ်မည်ဟု လင်းကျင်း ယူဆထားခဲ့သည်။ သို့သော် သူ သိထားသော မိစ္ဆာ အတတ်ပညာရှင်များ စာရင်းတွင် 'ရွှယ်ပေါင်' ဟူသော အမည်မှာ ပါဝင်ခြင်း မရှိပေ။

​မည်သို့ပင်ဆိုစေကာမူ အရှင်မင်းကြီး သိရှိထားသည်ဖြစ်ရာ ဤနေရာတွင် သူ၏ ရန်သူနှင့် ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းနိုင်လိမ့်မည်ဟု လင်းကျင်း တွေးလိုက်သည်။ ၎င်းမှာ လင်းကျင်း အမြဲတမ်း အားကိုးလေ့ရှိသော နည်းဗျူဟာကောင်း တစ်ခုပင် ဖြစ်၏။

​စောစောက ထိပ်တိုက်တွေ့မှုအရ 'ရွှယ်ပေါင်' သည် လင်းကျင်းကို ဘယ်တော့မှ ခွင့်လွှတ်လိမ့်မည် မဟုတ်ကြောင်း ထင်ရှားလှပေသည်။ ထို့ကြောင့် လင်းကျင်း၏ နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်မှာ ရန်သူနှင့် မိမိ မည်သည့် အခြေအနေတွင် ရှိနေသနည်းဆိုသည်ကို ပို၍ နားလည်အောင် ကြိုးစားရန်ပင် ဖြစ်သည်။

​"အရှင်မင်းကြီး... 'ရွှယ်ပေါင်' လို့ခေါ်တဲ့ ဒီလူ့အကြောင်းကို ကြားဖူးပါသလား"

လင်းကျင်းက မေးလိုက်သည်။

​ဟယ်ရွှမ်သည် မိမိကိုယ်ကိုယ် ပြန်လည် တည်ငြိမ်အောင် အားတင်းလိုက်ရသည်။ သို့သော် သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် လင်းကျင်းကို ကြည့်လိုက်ပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။

​"အကဲဖြတ်မှူးလင်း... ကျွန်ုပ်နဲ့အတူ မြို့ထဲကို လှည့်လည်ကြည့်ရှုဖို့ စိတ်ဝင်စားပါသလား"

ဟယ်ရွှမ်က ရုတ်တရက် မေးလိုက်သည်။

​ဟယ်ရွှမ်တွင် သူ့ကို ပြောစရာ တစ်ခုခု ရှိနေမည်ကို လင်းကျင်း သိလိုက်သည်။ ၎င်းမှာ ကြီးမားသော 'ဂုဏ်ပြုမှု' တစ်ခု ဖြစ်သော်လည်း လင်းကျင်းမှာ ယဉ်ကျေးမှုအရ ငြင်းပယ်မည့်သူ မဟုတ်ပေ။ သူသည် ဧကရာဇ်၏ ရှေ့မှောက်တွင် ပွင့်လင်းစွာ ပြုမူနိုင်သည်။

​ထို့ကြောင့် သူ ခေါင်းညိတ်လိုက်၏။

​"လာပါ... ရထားလုံးပေါ် တက်ခဲ့ပါ"

ဟယ်ရွှမ်က ဖိတ်ခေါ်လိုက်သည်။ ဤဖိတ်ခေါ်မှုက ဒုတိယဘုရင်ခံနှင့် မိန်းမစိုးကြီး ယောင်ရှန်းတို့ကို အံ့အားသင့်သွားစေခဲ့သည်။

​'အရှင်မင်းကြီးက လင်းကျင်းနဲ့ ရထားလုံး တစ်စီးတည်း စီးမလို့လား... ဒ.. ဒါ မဖြစ်သင့်ဘူး'

ရုတ်တရက် ထွက်ပေါ်လာသော အရှင်မင်းကြီး၏ ဖိတ်ခေါ်မှုကြောင့် ယောင်ရှန်းက တွေးလိုက်မိသည်။

​ထုံးတမ်းစဉ်လာအရ လင်းကျင်းသည် နိုင်ငံတော် အစောင့်အရှောက် ဖြစ်လျှင်ပင် ဧကရာဇ်နှင့် ရထားလုံး တစ်စီးတည်း အတူစီးရန်မှာ မသင့်လျော်ပေ။ သူသည် 'အမတ်'တစ်ဦးသာ ဖြစ်ပြီး အမတ်များမှာ ဧကရာဇ်၏ အောက်တွင်သာ ရှိကြသည်။ သူတို့ ရထားလုံး တစ်စီးတည်း အတူစီးခြင်းမှာ အဆင့်အတန်း တူညီသည်ဟု အဓိပ္ပာယ် သက်ရောက်နေသောကြောင့် ဖြစ်၏။

​သို့သော်လည်း ယောင်ရှန်းသည် အရှင်မင်းကြီးကို အကြံပေးရန် မဝံ့ရဲပေ။

​သူ မတတ်နိုင်သည်လည်း ပါ၏။

​သူကိုယ်တိုင် ဤအချက်ကို သတိပြုမိသည်ဆိုလျှင် အရှင်မင်းကြီးမှာလည်း သတိပြုမိပြီးသား ဖြစ်ရပေမည်။ ယောင်ရှန်းအတွက်တော့ အရှင်မင်းကြီးမှာ ကျောက်စိမ်းနဂါးနိုင်ငံတွင် အသိဉာဏ် အရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ယခင်က ကျောက်စိမ်းနဂါး နတ်ဘုရား၏ ဖိနှိပ်မှုကို ခံခဲ့ရစဉ်ကပင် အရှင်မင်းကြီးမှာ အခြားသူ၏ အစွမ်းကို ငှားရမ်းကာ သူတို့ကို ထိုအကြောက်တရား အောက်မှ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။ ထိုရုန်းရင်းဆန်ခတ်မှုများ ပြီးဆုံးသွားသည့် တိုင်အောင် နိုင်ငံတော်၏ စည်းစနစ်ကို ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုကဲ့သို့သော အရာမျိုးကို လူတိုင်း မလုပ်ဆောင်နိုင်ရာ ဤကဲ့သို့သော ဘုရင်တစ်ပါးမှာ အဆင့်အတန်း ကွာခြားမှုကို မသိဘဲ မနေပေ။

​ဤအကြောင်းရင်းကြောင့်ပင် ယောင်ရှန်းမှာ အရှင်မင်းကြီးကို မတားမြစ်ခြင်း ဖြစ်၏။

​အရှင်မင်းကြီးတွင် လင်းကျင်းကို ရထားလုံးပေါ် ဖိတ်ခေါ်ရသည့် အကြောင်းပြချက် တစ်ခုခု ရှိနေရပေမည်။

​ဒုတိယဘုရင်ခံကတော့ ထိုမျှအထိ မတွေးပေ။ အရှင်မင်းကြီးတွင် လင်းကျင်းကို ဖိတ်ခေါ်ရသည့် ကိုယ်ပိုင် အကြောင်းပြချက် ရှိမည်ကို သူ သိသော်လည်း လင်းကျင်းအပေါ် အံ့သြမိသလို အနည်းငယ်လည်း မနာလို ဖြစ်မိသည်။

​အရှင်မင်းကြီးနှင့်အတူ လိုက်ပါခွင့် ရရှိခြင်းမှာ ကြီးမားသော ဂုဏ်ဒြပ်တစ်ခု မဟုတ်ပါလား။

​လင်းကျင်းလည်း ဤအချက်ကို သိသော်လည်း သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသဖြင့် အလွန်အမင်း စိုးရိမ်မနေပေ။ သူသည် ရုတ်တရက် အနောက်သို့ လှည့်ကာ ပြောလိုက်၏။

"အရှင်မင်းကြီး... ကျွန်တော့်ကို ခဏလောက် အချိန်ပေးပါ"

​ဟယ်ရွှမ်က ခွင့်ပြုကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

​စစ်သည်များက လမ်းဖယ်ပေးလိုက်သဖြင့် လင်းကျင်းသည် တန်ရွှင်းနှင့် အခြားသော အကဲဖြတ်မှူးများရှိရာသို့ သွားလိုက်သည်။ သူတို့မှာ အစပိုင်းတွင် ဝေခွဲမရ ဖြစ်နေသော်လည်း စစ်သည်များ နောက်ဆုတ်သွားသောအခါ အလယ်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံးမှာ အံ့အားသင့်သွားကြသည်။

​၎င်းမှာ လင်းကျင်းနှင့် အရှင်မင်းကြီး မည်မျှအထိ ရင်းနှီးသနည်းဆိုသည်ကို ပြသနေသည့် ခိုင်လုံသော သက်သေပင် ဖြစ်၏။ ဧကရာဇ်မင်းမြတ်အနေဖြင့် လင်းကျင်းကို ရာထူးတိုးမြှင့်ပေးရန် ဘုရင်မိန့် ထုတ်ပြန်ခဲ့သည်မှာ မထူးဆန်းတော့ပေ။

​သေချာသည်မှာ ယနေ့ည ဖြစ်ရပ်ပြီးနောက်တွင် အသင်းချုပ်ရှိ အကဲဖြတ်မှူး အများစုမှာ လင်းကျင်း မည်မျှအထိ စွမ်းဆောင်နိုင်ကြောင်း သိရှိသွားကြပြီ ဖြစ်သည်။

​လင်းကျင်းသည် သူတို့အနားသို့ ချဉ်းကပ်ကာ အလေးပြုလိုက်ပြီး ယနေ့ည ဖြစ်ရပ်များကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ခဏတာ စဉ်းစားပြီးနောက်တွင်တော့ 'ရွှယ်ပေါင်' ဘိုးဘေးအကြောင်းကို လူအများရှေ့တွင် မပြောရန် ဆုံးဖြတ်လိုက်၏။ သူသည် တန်ရွှင်းကိုသာ သီးသန့် အသိပေးမည် ဖြစ်သည်။

​သို့သော်လည်း ရန်ချင်းရှီ၏ ရာဇဝတ်မှုများကိုမူ လင်းကျင်း ဖုံးကွယ်မထားပေ။ ထိုလူမှာ သူ၏ အပ်ကြောင့် မလှုပ်နိုင်ဘဲ ရှိနေဆဲဖြစ်ကာ သူ၏ ဘေးတွင် ခေါင်းရှစ်လုံးမြွေနဂါး၏ သန္ဓေသား ရှိနေခြင်းမှာ သက်သေပင် ဖြစ်၏။ ရန်ချင်းရှီမှာ ခေါင်းမာသော လူတစ်ဦး မဟုတ်ဟု လင်းကျင်း ယူဆထားသဖြင့် အနည်းငယ်မျှ ဖိအားပေးလိုက်ရုံနှင့် အမှန်အတိုင်း ပြောလာလိမ့်မည် ဖြစ်သည်။

​အခြေအနေကို ရှင်းပြပြီးနောက် လင်းကျင်းသည် ဟယ်ရွှမ်ရှိရာသို့ ပြန်သွားကာ ရထားလုံးပေါ်သို့ တက်လိုက်တော့သည်။

​အကဲဖြတ်မှူးများထဲတွင် အချို့မှာ အံ့အားသင့်နေကြပြီး အချို့မှာမူ မနာလို ဖြစ်နေကြသော်လည်း တစ်ဦးတည်းသော လူမှာမူ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

​ထိုလူမှာ အိုရန်ထုံပင် ဖြစ်၏။

​သူသည် နောက်ကျမှ ရောက်လာခြင်း ဖြစ်သည်။ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သူ အတိအကျ မသိသော်လည်း အကဲဖြတ်မှူးလင်း၏ စွမ်းအားကိုတော့ သူ သိရှိထားသည်။ ယခုမူ ထိုလူသည် အရှင်မင်းကြီး၏ ကိုယ်ပိုင် ရထားလုံးပေါ်သို့ တက်လှမ်းနေလေပြီ။

​မင်းသားများ၊ မင်းသမီးများ သို့မဟုတ် ဧကရာဇ် အနှစ်သက်ဆုံး အမတ်များပင်လျှင် ဤကဲ့သို့သော အခွင့်အရေးမျိုး ရချင်မှ ရကြလိမ့်မည်။

​"အောင်မြင်ပြီ"

အိုရန်ထုံက ဝမ်းသာအားရ ရေရွတ်လိုက်သည်။ အကဲဖြတ်မှူးလင်း၏ တောင်းဆိုချက်များကို လိုက်လျောပေးခဲ့ခြင်းမှာ သူ၏ ဘဝတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည်ဟု သူ ခံစားလိုက်ရ၏။ ယခုကဲ့သို့သော သြဇာရှိသည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သက်ခွင့် ရရှိသွားပြီ ဖြစ်သဖြင့် သူသည် ဘယ်တော့မှ လက်လွှတ်လိမ့်မည် မဟုတ်ပေ။

​ရန်ချင်းရှီကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားပြီ ဖြစ်ရာ လင်းကျင်းအနေဖြင့် ထိုကိစ္စအတွက် စိတ်ပူနေရန် မလိုတော့ပေ။ လင်းကျင်း၏ အပ်မှာ ရှိနေဆဲဖြစ်သဖြင့် ထိုလူမှာ မည်သည့် မမျှော်လင့်သော လှုပ်ရှားမှုမျိုးမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

​ယခုအခါ လင်းကျင်းသည် ရထားလုံးအတွင်း၌ ဧကရာဇ်နှင့် စကားပြောဆိုနေသည်။

​ဧကရာဇ်၏ ရထားလုံးမှာ အခန်းငယ်လေး တစ်ခုကဲ့သို့ပင် အလွန်ကြီးမားလှပေသည်။ ကြမ်းပြင်ပေါ်တွင် ဖျာများ ခင်းထားပြီး အလယ်တွင် စားပွဲငယ်လေး တစ်လုံး ရှိကာ စားပွဲပေါ်တွင် အမွှေးတိုင်အိုးနှင့် လက်ဖက်ရည် အစုံအလင် ရှိနေခဲ့သည်။

​ရထားလုံးကို ဆွဲသော မြင်းများမှာ သန်မာလှပြီး ရထားလုံးမှာလည်း အစောင့်အရှောက်များ ခြံရံလျက် တည်ငြိမ်စွာ သွားလာနေခဲ့သည်။ ဧကရာဇ် တစ်ပါးဖြစ်ရခြင်းမှာ အမှန်တကယ်ပင် ခမ်းနားလှသော အတွေ့အကြုံ တစ်ခုပင် ဖြစ်၏။

​သို့သော် လူသားများ၏ ထူးဆန်းသော အချက်တစ်ခုမှာ သူတို့၏ ဘဝမှာ မည်မျှပင် ကောင်းမွန်နေပါစေ၊ အာဏာကို ချုပ်ကိုင်ထားနိုင်ခြင်း သို့မဟုတ် အရသာရှိသော အစားအစာများကို နေ့စဉ် စားသောက်နေရခြင်းမှာ မကြာမီမှာပင် ငြီးငွေ့စရာ ဖြစ်လာတတ်ခြင်းပင် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဖိအားများမှာ သူတို့ ဘယ်တော့မှ ကျင့်သားမရနိုင်သော အရာများ ဖြစ်ကြသည်။ ၎င်းက သူတို့ကို နောက်ဆုံးတွင် ကြေမွသွားသည်အထိ ထုံထိုင်းသွားစေလိမ့်မည် ဖြစ်၏။

​ဤသို့ ကြည့်မည်ဆိုပါက ဧကရာဇ် တစ်ပါးဖြစ်ရခြင်းမှာ ကြီးကျယ်ခမ်းနားလှသော အလုပ်တစ်ခုဟု မထင်ရတော့ပေ။

​ထို့ကြောင့်ပင် အသိဉာဏ်ရှိသော ဧကရာဇ်များထက် ပျော်ပါးမှုကိုသာ ဦးစားပေးသော ဧကရာဇ်များမှာ ပို၍ များပြားနေလေ့ ရှိခြင်း ဖြစ်၏။

​၎င်းမှာ လင်းကျင်း၏ စိတ်ထဲတွင် ပေါ်လာသော အတွေးစတစ်ခုမျှသာ ဖြစ်သည်။ ယခု သူ ဟယ်ရွှမ်နှင့် ဆွေးနွေးရမည့်အရာမှာ 'ရွှယ်ပေါင်' ဘိုးဘေးအကြောင်းသာ ဖြစ်၏။

​ဧကရာဇ် တစ်ပါးဖြစ်သည်နှင့်အညီ ဟယ်ရွှမ်သည် ဗဟုသုတ အလွန်ပင် ကြွယ်ဝလှပေသည်။ လင်းကျင်းသည် 'ရွှယ်ပေါင်' ဘိုးဘေးနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို သူ၏ထံမှ စုဆောင်းနိုင်ခဲ့ပြီး ၎င်းထဲတွင် ဒဏ္ဍာရီဆန်ဆန် ပုံပြင်အချို့လည်း ပါဝင်နေခဲ့သည်။

​"လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက မသေနိုင်တဲ့ လမ်းစဉ် ပျက်စီးသွားတဲ့ အချိန်မှာ မိစ္ဆာတွေက နှစ်ပေါင်း ရာနဲ့ချီပြီး ဒုက္ခပေးခဲ့ကြတယ်... နောက်ဆုံးတော့ စွမ်းဆောင်ရည်ရှိတဲ့ လူတွေက ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းကို ရှာတွေ့ခဲ့ကြတယ်... သွေးကတိကဝတ်တွေ တည်ဆောက်ပြီး သားရဲတွေရဲ့ စွမ်းအားကို ငှားရမ်းကာ ကမ္ဘာကြီးကို ပြန်ပြီး အေးချမ်းအောင် လုပ်ခဲ့ကြတာပေါ့.. အကဲဖြတ်မှူးလင်း... ကမ္ဘာကြီးကို တိုက်ကြီးငါးခုအဖြစ် ခွဲဝေခဲ့တဲ့ ဘုရင်သုံးပါးအကြောင်းကို သိထားလိမ့်မယ်လို့ ကျွန်ုပ် ယူဆပါတယ်"

​ရထားလုံးအတွင်းတွင် ဟယ်ရွှမ်သည် ပို၍ ပွင့်လင်းစွာ စကားပြောဆိုနေပြီး လင်းကျင်းကလည်း ၎င်းကို မှတ်သားထားလိုက်သည်။

​လင်းကျင်း ခေါင်းငြိမ့်လိုက်၏။

​လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က စွမ်းဆောင်ရည်ရှိသော လူသားသုံးဦးသည် တိုက်ကြီးငါးခုကို သူတို့အချင်းချင်း ခွဲဝေယူခဲ့ကြပြီး သူတို့၏ ကိုယ်ပိုင် အင်ပါယာများကို တည်ထောင်ခဲ့ကြသည်။ လူအများက ၎င်းကို 'ဘုရင်သုံးပါးခေတ်' ဟု ခေါ်ဆိုကြသည်။ ယခုအချိန်အထိပင် ထိုဘုရင်သုံးပါးကို ကိုးကွယ်သည့် ဘုရားကျောင်းများကို ကမ္ဘာအနှံ့တွင် တွေ့ရှိနိုင်ပေသည်။

​လင်းကျင်းမှာ ဤအချက်ကို သိရှိထားသည်။ အစပိုင်းတွင် အဆင့်မြင့်နိုင်ငံ သုံးခုက တိုက်ကြီးငါးခုကို ထိန်းချုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် အတွင်းပိုင်း ရုန်းရင်းဆန်ခတ်မှုများကြောင့် ထိုနိုင်ငံကြီး သုံးခု၏ စွမ်းအားမှာ မှိန်ဖျော့သွားခဲ့ရသည်။ ထိုအချိန်မှစ၍ ဒေသအသီးသီးရှိ အုပ်ချုပ်သူများနှင့် မင်းသားများက ခွဲထွက်ကာ သူတို့၏ ကိုယ်ပိုင် အလယ်အလတ်နှင့် အဆင့်နိမ့် နိုင်ငံများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်၏။

​၎င်းမှာ အခြေခံ သမိုင်းကြောင်း ဖြစ်သဖြင့် လင်းကျင်း သိရှိထားပြီးသား ဖြစ်သည်။

​ထိုအချိန်မှစ၍ အဆင့်မြင့်နိုင်ငံများစွာ ပေါ်ပေါက်လာခဲ့ပြီး သားရဲများကို နိုင်ငံ၏ အဆင့်အတန်း တိုင်းတာသည့် စံနှုန်းအဖြစ် အသုံးပြုသော ထုံးစံမှာလည်း နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

​ဤနေရာတွင် ပြဿနာမှာ ဤသမိုင်းကြောင်းအားလုံးသည် 'ရွှယ်ပေါင်' ဘိုးဘေးနှင့် မည်သို့ ပတ်သက်နေသနည်းဆိုသည်ကို လင်းကျင်း နားမလည်နိုင်ခြင်းပင် ဖြစ်၏။

​ဟယ်ရွှမ် ဆက်ပြောလိုက်သောအရာက လင်းကျင်း၏ မျက်ခုံးများကို တွန့်ချိုးသွားစေခဲ့သည်။

​"အဲဒီတုန်းက တိုက်ကြီးငါးခုကြားမှာ ဖြစ်ခဲ့တဲ့ ရန်ငြိုးကို လူသိနည်းတဲ့ အမည်တစ်ခုနဲ့ ခေါ်ကြသေးတယ်... 'ဘိုးဘေးငါးဦးရဲ့ ပဋိပက္ခ'လို့ ခေါ်ကြတာပေါ့"

​ဤစကားကို ကြားလိုက်သည်နှင့် ဟယ်ချန်းသည် အဘယ်ကြောင့် အတိတ်အကြောင်းကို ပြောနေရသနည်းဆိုသည်ကို လင်းကျင်း ချက်ချင်း နားလည်သွားခဲ့သည်။ ဘိုးဘေးငါးဦး၏ ပဋိပက္ခ။

​၎င်းမှာ 'ရွှယ်ပေါင်' ဘိုးဘေးနှင့် တစ်စုံတစ်ခု ပတ်သက်နေနိုင်ပါသလား။

​သို့သော်လည်း ၎င်းမှာ လွန်ခဲ့သော အနည်းဆုံး နှစ်ပေါင်း ရှစ်ရာခန့်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်ရာ လင်းကျင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်နိုင်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း ဟယ်ရွှမ်က ဤအကြောင်းကို ထုတ်ပြောလာသည်ဖြစ်ရာ ထိုနှစ်ခုကြားတွင် ဆက်နွယ်မှု တစ်ခုခု ရှိနေရပေမည်။

​လင်းကျင်း၏ သိလိုစိတ်မှာ ချက်ချင်းပင် မြင့်တက်လာခဲ့သည်။

​သူသည် ဟယ်ရွှမ် ဆက်ပြောမည့် စကားများကို နားထောင်ရန်အတွက် ရှေ့သို့ တိုးလိုက်မိ၏။

​ဟယ်ရွှမ်က ရယ်မောလိုက်သည်။

"အကဲဖြတ်မှူးလင်း အနေနဲ့ သိလိုစိတ်ကို မထိန်းနိုင်ဘူးဆိုတာ ကျွန်ုပ် သိပါတယ်... ဒါပေမဲ့ ဒီဖြစ်ရပ်က ဘယ်လောက်ပဲ လျှို့ဝှက်နေပါစေ၊ ခင်ဗျားရဲ့ ဆရာဖြစ်သူကတော့ ဒါကို သိလိမ့်မယ်လို့ ကျွန်ုပ် ယုံကြည်ပါတယ်.... သူက ကျွန်ုပ်ထက်တောင် ပိုပြီး သိနိုင်သေးတယ်"

​

အခန်း (၃၈၆) - ခင်ဗျားရဲ့ ဆရာကို အကူအညီတောင်းပေးပါ

​လင်းကျင်းမှာ မှင်တက်သွားရင်း တွေးနေမိသည်။

‘ဧကရာဇ်တစ်ပါးပီသပါပေတယ်... သူ ဆွေးနွေးချင်တဲ့ အကြောင်းအရာဆီကို ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ သိသိသာသာကြီးမဟုတ်ဘဲ လှည့်သွားနိုင်တယ်'

​တကယ့်ကို အံ့သြစရာကောင်းလှ၏။

​သို့သော် လင်းကျင်းတွင်လည်း ပြောပိုင်ခွင့်ရှိသည်ဖြစ်ရာ သူက ဟယ်ချန်းကို ‘ကျွန်တော့်ဆရာလည်း သူ့ကိုမသိပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော့်ဆရာက ကျွန်တော်ကိုယ်တိုင်မို့လို့ပဲ’ ဟု ပြောချင်နေမိသည်။

​သေချာသည်မှာ ထိုသို့တော့ သူ အမှန်တကယ် မပြောနိုင်ပေ။

​ထို့ကြောင့် လင်းကျင်းက ပြုံးလိုက်ပြီး ပြောလိုက်၏။

"ကျွန်တော့်ဆရာက လောကအနှံ့ လှည့်လည်သွားလာတတ်သူမို့ သူ ဘယ်မှာရှိနေတယ်ဆိုတာ ကျွန်တော်လည်း ဇေဝေဇဝါ ဖြစ်ရတယ်... ဒါကြောင့် သူ့ကို တွေ့ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်... အရှင်မင်းကြီးကပဲ ကျွန်တော့်ရဲ့ သံသယတွေကို ရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

​ဟယ်ရွှမ်က ခေါင်းငြိမ့်ကာ ဆက်ပြောလေသည်။

​"ဒီဘိုးဘေးငါးဦးဆိုတာ တကယ်တော့ သူတို့ရှိရာ တိုက်ကြီးအသီးသီးက အင်အားအကြီးဆုံး မိစ္ဆာတွေပဲ... သူတို့ ဘယ်ကလာတယ်ဆိုတာကို လိုက်ရှာဖို့ မဖြစ်နိုင်သလို သူတို့မှာ အလွန်မြင့်မားတဲ့ ကျင့်စဉ်စွမ်းအားတွေ ရှိတယ်ဆိုတာပဲ သိရတယ်... ဘုရင်သုံးပါး တည်ထောင်ခဲ့တဲ့ ခမ်းနားတဲ့ မင်းဆက်ကြီးဟာ ဒီမိစ္ဆာငါးဦးကြောင့် ပျက်စီးခဲ့ရတာ... အဲဒီနောက်မှာ ရည်မှန်းချက်ကြီးတဲ့ နယ်စားပယ်စားတွေနဲ့ မိစ္ဆာတွေက သူတို့ပိုင်နက်တွေကို သတ်မှတ်ပြီး ဘုရင်အဖြစ် ကြေညာခဲ့ကြတယ်... ဒါက တိုက်ကြီးငါးခုပေါ်မှာ နိုင်ငံတွေ ဒီလောက်အများကြီး ရှိနေရတဲ့ အကြောင်းရင်းပဲ"

​လင်းကျင်းမှာ စိတ်ဝင်တစားရှိနေသည်ကို ဟယ်ရွှမ် မြင်လိုက်သဖြင့် သူ ဘာမေးချင်သနည်းဆိုသည်ကို ရိပ်မိလိုက်သည်။

"အကဲဖြတ်မှူးလင်း... သမိုင်းစာအုပ်တွေထဲမှာ ဒီအကြောင်းကို ဘာလို့ထည့်မရေးထားတာလဲလို့ တွေးနေတာလား... ဒါက တကယ်တော့ မထူးဆန်းပါဘူး... အခုရှိနေတဲ့ နိုင်ငံပေါင်း ရာနဲ့ချီဟာ အဲဒီကံဆိုးမိုးမှောင်ကျမှု ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းကမှ တည်ထောင်ခဲ့ကြတာ... တကယ်လို့ အဲဒီလိုသာ မဖြစ်ခဲ့ရင် ကမ္ဘာကြီးဟာ အစုအဖွဲ့ သုံးခုပဲ ရှိနေဦးမှာပဲ... အဲဒီတော့ ဒီခွဲထွက်သွားတဲ့ နိုင်ငံတွေက သူတို့ရဲ့ နယ်မြေတွေအတွက် မိစ္ဆာဘိုးဘေးငါးဦးကို ကိုးကွယ်နေရမှာလား... ဒါကြောင့်လည်း နိုင်ငံအများစုက သူတို့ရဲ့ သမိုင်းမှာ ဒီအပိုင်းကို ဖျောက်ဖျက်ပစ်ခဲ့ကြတာပေါ့"

​ဤရှင်းပြချက်က လင်းကျင်းအတွက် အဓိပ္ပာယ်ရှိလှပေသည်။

​နောက်ထပ်လာမည့် အချက်မှာ အရေးအကြီးဆုံး ဖြစ်၏။

​"ဘိုးဘေးငါးဦးရဲ့ ပဋိပက္ခက သိပ်မကြာလိုက်ဘူး... နှစ်အနည်းငယ်ပဲ ကြာခဲ့ပြီး တစ်စုံတစ်ရာသော အကြောင်းကြောင့် ဒီမိစ္ဆာဘိုးဘေးငါးဦးဟာ အစအနမရှိ ပျောက်ကွယ်သွားခဲ့ကြတယ်... သူတို့ကို ဦးဆောင်မယ့်သူ မရှိတော့တဲ့အခါ သူတို့ရဲ့ နောက်လိုက်မိစ္ဆာတွေလည်း စိတ်ဓာတ်ကျကုန်ကြတာပေါ့... အချို့ကတော့ ဘုရင်သုံးပါးက ဒီမိစ္ဆာဘိုးဘေးငါးဦးကို နှိမ်နင်းဖို့ ပူးပေါင်းခဲ့ကြတယ်လို့ ပြောကြတယ်... ဒါကလည်း ဖြစ်နိုင်ခြေ အတော်များတယ်... ဘာလို့လဲဆိုတော့ ဘုရင်သုံးပါးဟာ တစ်ယောက်ပြီးတစ်ယောက် ရောဂါဝေဒနာတွေနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့ကြလို့ပဲ... ထူးခြားတဲ့ စွမ်းအားရှိတဲ့ ဘုရင်သုံးပါးဟာ ဒီလောက်အမြန်ကြီး ကွယ်လွန်သွားတာက မိစ္ဆာဘိုးဘေးငါးဦးနဲ့ ထိတွေ့မိခဲ့လို့ပဲလို့ ယူဆလို့ရတယ်... ဒါပေမဲ့ ဒီနေ့အထိတော့ ဘယ်သူမှ အမှန်တရားကို မသိကြသလို သမိုင်းမှတ်တမ်းတွေမှာလည်း မရှိဘူး"

​ဤနေရာတွင် ဟယ်ရွှမ်ကိုယ်တိုင်လည်း ပိုမိုသိရှိလိုဟန်ရှိသော်လည်း ထိုကိစ္စပေါ်တွင် အချိန်အကြာကြီး အာရုံမစိုက်ခဲ့ပေ။

"အဲဒီမိစ္ဆာဘိုးဘေးငါးဦးထဲမှာ တစ်ဦးရဲ့ အမည်က 'ရွှယ်ပေါင်' ဘိုးဘေးလို့ ခေါ်တယ်..."

​ဒါကြောင့်ကိုး။

​ထိုအမည်ကို ကြားလိုက်ရချိန်တွင် လင်းကျင်း၏ နှလုံးခုန်သံမှာ မြန်ဆန်လာခဲ့သည်။

​သူ စိုးရိမ်စိတ်မရှိဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဟယ်ရွှမ်၏ ပြောကြားချက်အရ ဘိုးဘေးငါးဦး၏ ပဋိပက္ခမှာ လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာခန့်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ရှစ်ရာဆိုသည်မှာ မနည်းလှသော အချိန်ပင် ဖြစ်သည်။

​လင်းကျင်း၏ နားလည်မှုအရ နတ်ဘုရားများမှလွဲ၍ မည်သည့် လူသား သို့မဟုတ် မိစ္ဆာမှ ဤမျှအထိ အသက်ရှည်ရှည် မနေနိုင်ပေ။

​သို့သော်လည်း အမှန်တရားမှာ သူ၏ မျက်စိရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုသွေးသားရဲမှာ သူ့ကိုယ်သူ 'ရွှယ်ပေါင်' ဘိုးဘေးဟု ခေါ်ဆိုခဲ့သည်။ တစ်နည်းအားဖြင့် သူသည် အဆင့် (၅) သားရဲ၏ အစွမ်းရှိသည့်တိုင်အောင် အံ့သြစရာကောင်းလှပေသည်။ အကယ်၍ ထိုလူကိုယ်တိုင်သာ ဒီကို ရောက်လာခဲ့မည်ဆိုလျှင် လင်းကျင်း မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

​လင်းကျင်း ချက်ချင်းပင် ဖိအားများကို ခံစားလိုက်ရသည်။ အမှန်တရားကို သိရှိသွားပြီးနောက် ဖြစ်ပေါ်လာသည့် အန္တရာယ်အာရုံမှာ ကျိုးပျက်သွားသော ဆည်တစ်ခုမှ ရေများကဲ့သို့ သူ၏ စိတ်ထဲသို့ စီးဝင်လာတော့သည်။

​လင်းကျင်းသည် 'ရွှယ်ပေါင်' ဘိုးဘေးအား အင်အားကြီးမည်ဟု ခန့်မှန်းထားခဲ့သော်လည်း ဤမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

​လင်းကျင်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ဟယ်ရွှမ်ဆက်မပြောတော့ပေ။ သူ ပြောစရာရှိသည်ကို ပြောပြီးပြီ ဖြစ်သလို လင်းကျင်းက စိုးရိမ်နေသော်လည်း ဟယ်ရွှမ်မှာမူ လင်းကျင်းထက် ပို၍ ထိတ်လန့်နေခဲ့၏။

​ဤဖြစ်ရပ်သည် ကျောက်စိမ်းနဂါးနိုင်ငံ၏ နယ်မြေအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်ရာ နောင်တွင် ဖြစ်ပေါ်လာမည့် ထိပ်တိုက်တွေ့မှုများ၌ သူ၏နိုင်ငံ ပါဝင်ပတ်သက်ရမည်မှာ ရှောင်လွှဲ၍မရပေ။

​သို့သော်လည်း နိုင်ငံတော်၏ အကြီးအကဲဖြစ်သူပီပီ ဟယ်ရွှမ်သည် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သော စိတ်ဓာတ်ကြံ့ခိုင်မှု ရှိပေသည်။ သူသည် ရှေ့သို့ တိုးလိုက်ပြီး ပြောလိုက်၏။

"အကဲဖြတ်မှူးလင်း ပြောတာသာ အမှန်ဆိုရင် ဒီတစ်ခါ ငါတို့ရဲ့ ရန်သူက တကယ်ကို အစွမ်းထက်လွန်းတယ်... ကျောက်စိမ်းနဂါးနိုင်ငံရဲ့ တစ်နိုင်ငံလုံးက တပ်ဖွဲ့တွေကို အကုန်သုံးရင်တောင် ဒီရန်သူကို ငါတို့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး"

​သူ ပြောသည်မှာ မှန်ပေသည်။

​အကယ်၍ 'ရွှယ်ပေါင်' ဘိုးဘေးသည် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာခန့်က ကမ္ဘာကြီးကို ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့သော ဘိုးဘေးငါးဦးထဲမှ တစ်ဦးသာ အမှန်ဖြစ်ခဲ့လျှင် သူတို့မှာ ဒုက္ခကြီးစွာ ရောက်ပေတော့မည်။

​လင်းကျင်း ခေါင်းညိတ်လိုက်သောအခါ ဟယ်ရွှမ်က ပြောလိုက်သည်။

"ဒါကြောင့်လည်း ခင်ဗျားရဲ့ ဆရာကို ဖိတ်ခေါ်ပေးနိုင်မယ့် နည်းလမ်းတစ်ခု စဉ်းစားပေးဖို့ ကျွန်ုပ် မျှော်လင့်နေတာပါ... ဒါမှလည်း ငါတို့အားလုံး ပူးပေါင်းပြီး တန်ပြန်မယ့် နည်းလမ်းတွေကို ဆွေးနွေးနိုင်မှာပါ"

​"ဟင်"

​ထိုအခါမှ လင်းကျင်းသည် အရှင်မင်းကြီးမှာ သူ့ထံမှ သတင်းအချက်အလက်ကို နှိုက်ယူနေခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

​ပြောရမည်ဆိုလျှင် ဟယ်ရွှမ်၏ စရိုက်မှာ ကျောက်စိမ်းနဂါးနိုင်ငံ၏ ဧကရာဇ်အဖြစ် တာဝန်ယူရန် အလွန်ပင် သင့်လျော်လှပေသည်။ 'ရွှယ်ပေါင်' ဘိုးဘေး မည်မျှအထိ စွမ်းအားကြီးသည်ကို သိရသည့်တိုင်အောင် ဟယ်ရွှမ်မှာ ပြိုလဲမသွားပေ။ သူသည် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် စဉ်းစားနိုင်သော သတ္တိရှိနေခြင်းမှာ အံ့သြစရာပင် ဖြစ်၏။

​သို့သော် လင်းကျင်း၏ ဆရာထံမှ အကူအညီတောင်းရန်မှာမူ ကျော်လွှားရန် ခက်ခဲသော အတားအဆီးတစ်ခုပင်။

​ဟယ်ရွှမ် ဘာတွေ စီစဉ်နေသလဲဆိုသည်ကို လင်းကျင်း ခန့်မှန်းမိသည်။ ထိုလူမှာ 'ပြတိုက်မှူး'က နောက်တစ်ကြိမ် သူ၏ အစွမ်းကို ငှားရမ်းပေးရန် မျှော်လင့်နေခြင်းပင် ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် အရှင်မင်းကြီးသည် ပြတိုက်မှူး၏ စွမ်းရည်အပေါ် အလွန်ပင် အားကိုးလိုစိတ် ရှိနေသဖြင့် ပြတိုက်မှူး၏ အစွမ်းဖြင့် ထိုကြောက်စရာကောင်းသော ဘိုးဘေးငါးဦးထဲမှ တစ်ဦးကို ယှဉ်ပြိုင်နိုင်မည်ဟု ဟယ်ရွှမ် ထင်မြင်နေခဲ့ခြင်း ဖြစ်သည်။

​ပြဿနာမှာ လင်းကျင်းသည် ပြတိုက်မှူး၏ အစွမ်း၏ အကန့်အသတ်ကို အခြားသူများထက် ပို၍ သိရှိနေခြင်းပင်။

​သူ မသိဘဲ နေပါမည်လော။ သူကိုယ်တိုင်က ပြတိုက်မှူး ဖြစ်နေသည် မဟုတ်ပါလား။

​လင်းကျင်းမှာ ဆုံးဖြတ်ချက်ချရန် 'တွေဝေ' နေသည်ဟု ယူဆကာ ဟယ်ရွှမ်က ထပ်မံ ဖိအားပေးလိုက်သည်။

"အကဲဖြတ်မှူးလင်း... ဒါက သေးငယ်တဲ့ ပြဿနာ မဟုတ်ဘူး... ဘိုးဘေးငါးဦးဟာ အဲဒီတုန်းက လူသားမျိုးနွယ် တစ်ခုလုံးကို အလွယ်တကူ သုတ်သင်နိုင်ခဲ့တာ... အကယ်လို့ သူတို့ ပြန်လာတာသာ အမှန်ဆိုရင် ခင်ဗျားရော ကျွန်ုပ်ရော သူတို့ထဲက တစ်ယောက်ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး"

​ထိုသို့ပြောပြီးနောက် ဟယ်ရွှမ်သည် ကိုယ်ကို မတ်လိုက်ပြီး အလေးပြုလိုက်သည်။

"ကျောက်စိမ်းနဂါးနိုင်ငံရဲ့ ဧကရာဇ် တစ်ပါးအနေနဲ့ ကျွန်ုပ်မှာ နိုင်ငံရဲ့ အနာဂတ်အတွက် တာဝန်ရှိပါတယ်... ကျွန်ုပ်တို့ နိုင်ငံရဲ့ နိုင်ငံသားတစ်ဦး အနေနဲ့လည်း အကဲဖြတ်မှူးလင်းက ဒီကိစ္စကနေ ဘေးထွက်မနေသင့်ဘူးလို့ ထင်ပါတယ်... ကျောက်စိမ်းနဂါးနိုင်ငံရဲ့ ပြည်သူပြည်သားတွေ အတွက် ကျွန်ုပ် ခင်ဗျားရဲ့ အကူအညီကို တောင်းခံပါတယ်"

​ဧကရာဇ် တစ်ပါးကိုယ်တိုင်က ဤမျှအထိ နှိမ့်ချကာ တောင်းဆိုလာသည်ဖြစ်ရာ လင်းကျင်းအနေဖြင့် မငြင်းသာတော့ပေ။ အတွေ့အကြုံကတော့ အရေးပါသည်မှာ အမှန်ပင်။ ဟယ်ရွှမ်သည် သူ့ကို ထောင်ချောက်ထဲ ဆွဲသွင်းနေမှန်း သိသော်လည်း ၎င်းမှာ စိတ်ရင်းမှန်ဖြင့် ပြုလုပ်သော ထောင်ချောက် ဖြစ်သဖြင့် လင်းကျင်းကိုယ်တိုင်ပင် ထိုထဲသို့ ဝင်ရောက်သွားခဲ့ရသည်။

​ဟယ်ချန်းအနေဖြင့် 'ပြတိုက်မှူး' နှင့် တွေ့ဆုံရန်မှာ မခက်ခဲပေ။ အမှန်တကယ်တော့ လင်းကျင်းသည် ၎င်းကို အချိန်မရွေး စီစဉ်ပေးနိုင်သည်။

​သို့သော် ပြဿနာမှာ 'ရွှယ်ပေါင်' ဘိုးဘေးကို သူ မည်သို့ ကိုင်တွယ်ရမည်နည်း။

​ဟယ်ရွှမ်သည် ပြတိုက်မှူး၏ အစွမ်းကို ငှားရမ်းရန်အတွက်သာ တွေ့ဆုံချင်ခြင်း ဖြစ်ရာ လင်းကျင်းအနေဖြင့် ထိုတောင်းဆိုချက်ကို မည်သို့ ပြန်လည် ဖြေကြားရမည်နည်းဆိုသည်ကို စဉ်းစားရန် လိုအပ်ပေသည်။

​ဤသို့ တွေးလိုက်ရင်း လင်းကျင်း ခေါင်းငြိမ့်လိုက်သည်။

"အရှင်မင်းကြီး... ကျုပ် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်... ဒါပေမဲ့ ဆက်သွယ်ဖို့အတွက် ရက်အနည်းငယ်လောက်တော့ အချိန်လိုနိုင်ပါတယ်..."

​လင်းကျင်း၏ အဖြေကို ကြားလိုက်သောအခါ ဟယ်ရွှမ်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

​"ရတာပေါ့... အချိန်ကိုတော့ အခုကစပြီး လဝက်လောက် သတ်မှတ်ရအောင်... အဲဒီအတောအတွင်းမှာ ကျွန်ုပ်အနေနဲ့ စည်းလုံးခြင်းတိုက်ကြီးပေါ်က အဆင့်မြင့်နိုင်ငံတွေနဲ့ ကျွန်ုပ်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဒီအကျပ်အတည်းကို အတူတူ ရင်ဆိုင်နိုင်ဖို့ အသိပေးထားလိုက်မယ်"

​ထို့နောက်တွင် ဟယ်ရွှမ်သည် သစ်သားသေတ္တာ တစ်လုံးကို ထုတ်ယူကာ လင်းကျင်းကို ပေးလိုက်၏။

​"အကဲဖြတ်မှူးလင်း... အရင်တုန်းက ပြတိုက်မှူးက ကျွန်ုပ်သမီးရဲ့ ကုလို့မရတဲ့ ရောဂါကို ကုသပေးခဲ့ဖူးတယ်... အဲဒီအတွက် ကျေးဇူးကို ကျွန်ုပ် ဘယ်တော့မှ မမေ့ပါဘူး... ဒါကတော့ ကျွန်ုပ်ရဲ့ ကျေးဇူးတင်လွှာ အနည်းငယ်ပါ... အကဲဖြတ်မှူးလင်းကတစ်ဆင့် ကျွန်ုပ်ရဲ့ ကျေးဇူးတင်စကားနဲ့အတူ ပြတိုက်မှူးကို ပေးပေးစေချင်ပါတယ်"

​လင်းကျင်းသည် ထိုစေတနာကို ငြင်းပယ်ရန် စဉ်းစားခဲ့သော်လည်း ဟယ်ရွှမ်က သေတ္တာကို ဖွင့်ပြလိုက်သောအခါ ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသော တောက်ပသည့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အချို့ကို တွေ့လိုက်ရသဖြင့် လင်းကျင်းမှာ စကားလုံးများပင် လည်ချောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ရသည်။

​အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ။ အဲဒါတင်မကဘဲ အချပ်ပေါင်း များစွာပါလား။ ဒါတွေက ပိုက်ဆံနဲ့ ဝယ်လို့ရတဲ့ အရာတွေ မဟုတ်ပေ။

​သူ ၎င်းတို့ကို ယူရန် ဆုံးဖြတ်လိုက်တော့သည်။

​ထိုအခါ ဟယ်ရွှမ်မှာ အလွန်ပင် ဝမ်းမြောက်သွားခဲ့ပြီး လင်းကျင်းကို လက်ဖက်ရည် သောက်ရန် တိုက်တွန်းလေတော့သည်။

​ရထားလုံး နန်းတော်တံခါးဝသို့ ရောက်ရှိသောအခါ အရုဏ်တက်နေပြီ ဖြစ်သည်။ ဟယ်ရွှမ်က လင်းကျင်းကို နန်းတော်ထဲသို့ ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့သော်လည်း လင်းကျင်းက ငြင်းပယ်ခဲ့၏။

​ဟယ်ရွှမ်ကလည်း သူ့ကို အတင်းအကျပ် မခေါ်ခဲ့ပေ။

​"ကျောက်စိမ်းနဂါး ပွဲတော်က မနက်ဖြန် စတင်တော့မှာ... အကဲဖြတ်မှူးလင်းက အသင်းချုပ်မှာ ကောင်းချီးပေးပွဲကို ဦးဆောင်မယ်လို့ ကျွန်ုပ် ကြားထားတယ်...ကျွန်ုပ်လည်း အဲဒီပွဲကို လာကြည့်ပါ့မယ်"

သူတို့ ရထားလုံးပေါ်မှ ဆင်းပြီးနောက် ဟယ်ရွှမ်က ပြောလိုက်သည်။

​လင်းကျင်းအနေဖြင့် သူ့ကို မလာရန် တားဆီး၍ မရသဖြင့် ရယ်မောကာ ပြန်လည် တုံ့ပြန်လိုက်ပြီး ဧကရာဇ်ကို နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။

​အသင်းချုပ်သို့ ပြန်ရောက်သောအခါ တန်ရွှင်းနှင့် အခြားသော သူများမှာ တစ်ညလုံး မျက်စိမှိတ် မအိပ်ရသေးပေ။ သူတို့သည် ရန်ချင်းရှီကို သူ၏ ရာဇဝတ်မှုများအတွက် ဝန်ခံအောင် လုပ်နိုင်ခဲ့ကြပြီး လင်းကျင်း စွပ်စွဲထားခဲ့သမျှမှာ အမှန်တကယ်ပင် မှန်ကန်နေခဲ့လေတော့သည်။

All Chapters