အခန်း (၃၈၉-၃၉၀)
Vol. 20 Ch. 389-390
အခန်း (၃၈၉) - ဧကရာဇ်မင်းမြတ် ကိုယ်တိုင် မဲနှိုက်ခြင်း
လူအုပ်ကြီးက အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြစဉ်မှာပင် အပြင်ဘက်မှ ဆူညံသံများမှာ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
"သူတို့ လာနေကြပြီ"
အများအားဖြင့် ထူးခြားသော မင်္ဂလာနှစ်မျိုးမဟုတ်လျှင် ဧကရာဇ်၊ တော်ဝင်မိသားစုနှင့် နန်းတွင်းအရာရှိများသည် ဤပွဲတော်ကို နန်းတော်အတွင်း၌သာ သီးသန့်ဆင်နွှဲလေ့ရှိပြီး ပြည်သူများနှင့် ရောနှောခြင်း မရှိပေ။
ဧကရာဇ်မင်းမြတ်သည် ပြည်သူများနှင့်အတူ ပွဲတော်ဆင်နွှဲသည်ဆိုသည်မှာ အလွန်ပင် ရှားပါးလှသော အခြေအနေမျိုး ဖြစ်၏။
ယခုနှစ်သည် ထိုကဲ့သို့သော ထူးခြားနှစ်မျိုး မဟုတ်သော်လည်း အရှင်မင်းကြီးသည် ပြည်သူများနှင့်အတူ ဆင်နွှဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် အရှင်မင်းကြီးနှင့် အရာရှိများသည် ဘုရားကျောင်းရင်ပြင်ရှိ 'ကျောက်စိမ်းနဂါး စင်မြင့်' ပေါ်တွင် စောင့်ဆိုင်းနေကြသည်။ ဤစင်မြင့်မှာ စက်ဝိုင်းပုံသဏ္ဌာန်ရှိပြီး မြေပြင်နှင့် ဆက်သွယ်ထားသော လှေကားသုံးစင်းရှိကာ တစ်စင်းစီတွင် အဆင့် ၁၂ ဆင့်စီ ရှိသည်။ ကျောက်စိမ်းနဂါး စင်မြင့်ပတ်ပတ်လည်တွင် နန်းတွင်းအစောင့်တပ်များ ချထားသဖြင့် ပြည်သူများမှာ စင်မြင့်ပေါ်သို့ တက်ရန်နေနေသာသာ အနားသို့ပင် မကပ်နိုင်ကြပေ။ သူတို့သည် အစောင့်တပ်သားများကြားမှ တစ်ဆင့်သာ အရှင်မင်းကြီးကို လှမ်း၍ ကြည့်နိုင်ကြသည်။
ကျောက်စိမ်းနဂါး ပွဲတော် အခမ်းအနားမှာ သတ်မှတ်ထားသော အစီအစဉ်အတိုင်းပင် အနှောင့်အယှက်မရှိ ရှေ့ဆက်နေခဲ့သည်။
ပွဲဦးဆောင်သူ အနေဖြင့် လင်းကျင်းသည် ကျောက်စိမ်းနဂါး စင်မြင့်ပေါ်သို့ တက်လှမ်းရ၏။
သူ၏ ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားသော လင်းကျင်းသည် တည်ငြိမ်သော အမူအရာဖြင့် စင်မြင့်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။ ထိုအချိန်တွင် အရာရှိများမှာ အကဲဖြတ်မှူးလင်းသည် ဤမျှအထိ ငယ်ရွယ်နေသည်ကို မြင်လိုက်ရသဖြင့် အံ့သြတကြီး ဖြစ်သွားကြ၏။
သို့သော် သူတို့ကို ပို၍ပင် မှင်တက်သွားစေသော အချက်မှာ လင်းကျင်း စင်မြင့်ပေါ်သို့ တက်လှမ်းလာချိန်တွင် နန်းတွင်းအစောင့်များ၏ သားရဲများနှင့် အရာရှိများ၏ သားရဲများအားလုံးမှာ သူ့ရှေ့တွင် ခေါင်းငုံ့အရိုအသေ ပေးလိုက်ကြခြင်းပင် ဖြစ်သည်။
သူတို့သည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မတွေ့ဖူးကြပေ။
အမှန်တကယ်တော့ အချို့သောသူများသည် စောစောကတည်းကပင် ဤထူးဆန်းသော အဖြစ်အပျက်ကို သတိပြုမိထားကြသည်။
လူများသည် စီတန်းလှည့်လည်ပွဲကို ကြည့်ရှုရန် သူတို့၏ သားရဲများကို အတူတကွ ခေါ်ဆောင်လာလေ့ရှိသဖြင့် လမ်းမများပေါ်တွင် သားရဲများ၏ ဟိန်းသံ၊ အော်သံများဖြင့် ပြည့်နှက်နေလေ့ ရှိသည်။ သို့သော် ယခုနှစ်တွင်မူ တူရိယာသံများမှလွဲ၍ အခြား အသံများ ထွက်မလာပေ။ သားရဲတိုင်းမှာ ဆုံးမသွန်သင်ခြင်း ခံထားရသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြသည်။
အချို့က ၎င်းမှာ ကျောက်စိမ်းနဂါး နတ်ဘုရား၏ ဝိညာဉ်တော်ရှိနေ၍ဟု ယူဆကြသော်လည်း အချို့ကမူ အခြားသော အကြောင်းပြချက်များကို စဉ်းစားကြသည်။ သို့သော် ဗဟုသုတ အနည်းငယ်ရှိသူများကမူ ၎င်းမှာ လင်းကျင်းနှင့် သက်ဆိုင်နေမည်ကို ရိပ်မိလိုက်ကြ၏။
ချက်ချင်းပင် နန်းတွင်းအရာရှိများ၏ စိတ်ထဲတွင် လင်းကျင်း၏ ပုံရိပ်မှာ ဆန်းကြယ်သော အငွေ့အသက်များ ဖုံးလွှမ်းသွားခဲ့သည်။
သို့သော် ဟယ်ချန်းမှာမူ အံ့သြခြင်း မရှိပေ။
ဒါက 'ပြတိုက်မှူး' ရဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုပဲလေ။ ဒါကြောင့် ပြတိုက်မှူးရဲ့ တပည့်ဖြစ်တဲ့ အကဲဖြတ်မှူးလင်းမှာလည်း ဒီစွမ်းရည်ရှိနေတာဟာ သဘာဝကျပါတယ်လို့ သူမ တွေးနေမိသည်။ တစ်စုံတစ်ရာသော အကြောင်းကြောင့် ဟယ်ချန်းမှာလည်း ထိုကိစ္စအတွက် ဂုဏ်ယူနေမိ၏။
တစ်ဖက်တွင်မူ ဟယ်ယုသည် လင်းကျင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး သူမ တစ်စုံတစ်ခုကို စဉ်းစားနေသည်မှာ သိသာလှပေသည်။
ယခုအခါ လင်းကျင်းအတွက် ကြိုတင်ပြင်ဆင်ထားသော ကောင်းချီးပေး မန္တန်များနှင့် ဆုတောင်းစာများကို ရွတ်ဆိုရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ။ ခြုံငုံကြည့်လျှင် ဤအခမ်းအနား၏ အထိမ်းအမှတ် သဘောတရားမှာ လက်တွေ့အဓိပ္ပာယ်ထက် ပို၍ ကြီးမားနေခဲ့သည်။
လင်းကျင်းမှာမူ သူ၏ ခါးများ နာကျင်နေပြီး ခြေထောက်များလည်း ကိုက်ခဲနေကာ လည်ချောင်းမှာလည်း ခြောက်ကပ်နေသဖြင့် အခမ်းအနားကို မြန်မြန်ပြီးဆုံးစေချင်နေသည်။ ယခုအချိန်တွင် ရေမသောက်နိုင်ခြင်းမှာ နှမြောစရာပင်။ အမှန်အတိုင်း ပြောရလျှင် သူသည် ယနေ့မနက်ကတည်းက ရေတစ်စက်မျှ မသောက်ရသေးပေ။ ယခင်ကဆိုလျှင် သူသည် ရက်အနည်းငယ်မျှ ရေမသောက်ဘဲ နေနိုင်သော်လည်း ယခုမူ သူသည် လက်လျှော့ချင်စိတ် ပေါက်နေခဲ့ပြီ။
‘မြန်မြန်လေး ပြီးသွားရင် ကောင်းမှာပဲ’
ဤအတွေးမှာ သူ၏ စိတ်ထဲတွင် ဘယ်နှစ်ကြိမ်မြောက် ပေါ်လာမှန်းပင် မသိတော့ပေ။
စင်မြင့်အောက်ခြေ တစ်ဖက်တွင်မူ အသင်းချုပ်မှ သားရဲအကဲဖြတ်မှူးများ ရှိနေကြသည်။ ယွီမန့်ထန်သည် စင်မြင့်ပေါ်ရှိ လင်းကျင်း၏ ပုံစံကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်နေခဲ့၏။ ထိုအချိန်တွင် သူသည် မနာလိုစိတ်မှလွဲ၍ ဘာမှ မခံစားရပေ။
သူသည် အဆင့် (၃) အကဲဖြတ်မှူး ဖြစ်နေသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သော်လည်း ယခုအချိန်အထိ လူသိထင်ရှား ကျော်ကြားရန် အခွင့်အရေး မရသေးပေ။
‘မင်းက တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်လို့ ငါ မယုံနိုင်ဘူး... ခဏနေ မဲနှိုက်တဲ့ အစီအစဉ်ကျရင် မင်း ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့’
ယွီမန့်ထန်က တွေးလိုက်သည်။
သူ၏ အတွေးများမှာ မသင့်လျော်မှန်း သိသော်လည်း ယွီမန့်ထန်သည် လင်းကျင်း၏ ကျရှုံးမှုအတွက် ဆုတောင်းနေမိဆဲ ဖြစ်၏။
အမှန်စင်စစ် လူအများအပြားမှာလည်း ဤအတွေးမျိုး ရှိနေကြသည်။ ယွီမန့်ထန်ကဲ့သို့ပင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အခွင့်အရေး မရရှိကြသေးသော ဝါရင့်အကဲဖြတ်မှူးများ ရှိနေကြရာ သူတို့သည် လင်းကျင်းအပေါ် မနာလိုစိတ် မရှိဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အဆင့် (၃) သို့ မတက်နိုင်ဘဲ အဆင့် (၂) တွင်သာ သောင်တင်နေကြသော အကဲဖြတ်မှူးများအတွက် ၎င်းမှာ ပို၍ ဆိုးရွားလှသည်။ သူတို့၏ စိတ်ပျက်စရာမှာ လင်းကျင်းကဲ့သို့သော လူငယ်လေးတစ်ဦးက သူတို့၏ အထက်သို့ ရောက်ရှိသွားခြင်းပင်။ ရန်ချင်းရှီနှင့် ပတ်သက်သော ဖြစ်ရပ် ဖြစ်ပွားပြီးသည့်တိုင်အောင် သူတို့မှာ အယုံအကြည် မရှိကြသေးပေ။
ထို့ကြောင့် လူအများအပြားမှာ လင်းကျင်းသည် အဆင့် (၃) သို့မဟုတ် အနည်းဆုံး အဆင့် (၂) သားရဲတစ်ကောင်ကို မဲနှိုက်မိပြီး စင်မြင့်ပေါ်တွင် အရှက်ရသွားစေရန် ဆုတောင်းနေကြသည်။
အဆင့် (၃) သားရဲများမှာ အလွန်နည်းပါးသဖြင့် အဆင့် (၃) သားရဲကို မဲနှိုက်မိရန် အခွင့်အလမ်းမှာ နည်းပါးသော်လည်း အဆင့် (၂) သားရဲမှာမူ ဖြစ်နိုင်ခြေ အလွန် မြင့်မားလှပေသည်။
နောက်ဆုံးတွင်တော့ ပျင်းစရာကောင်းလှသော ရိုးရာအခမ်းအနားမှာ ပြီးဆုံးသွားခဲ့သည်။ လင်းကျင်းလည်း သက်ပြင်းချလိုက်မိ၏။ ထိုအချိန်တွင် သူသည် ဤကဲ့သို့သော အခမ်းအနားမျိုးကို နောက်တစ်ခါ ဘယ်တော့မှ မတက်တော့ဟု မိမိကိုယ်ကိုယ် ကျိန်ဆိုလိုက်တော့သည်။
"နောက်တစ်ခုကတော့ ဒီနေ့ ကျွန်ုပ်ရဲ့ ကောင်းချီးပေးမှုကို ခံယူမယ့်သူက ဘယ်သူလဲဆိုတာ သိရဖို့ မဲနှိုက်ပါမယ်"
လင်းကျင်းသည် ၎င်းကို ကြိုတင် လေ့ကျင့်ထားပြီးသား ဖြစ်သည်။ ဤအစီအစဉ်တွင် လေးစားအပ်သော ပုဂ္ဂိုလ်တစ်ဦးက မဲအိုးထဲမှ မဲနှိုက်ပေးရမည် ဖြစ်သည်။ ကျောက်စိမ်းနဂါး ဘုရားကျောင်းရှိ ကြမ်းပြင်ကျောက်ပြားများမှာ ခြောက်မြှောင့်ပုံစံ ရှိကြသည်။ မဲအိုးထဲတွင် မဲ ၈၁ ခု ရှိပြီး သုံးကြိမ် နှိုက်ပြီးနောက် ကျောက်ပြား၏ တည်နေရာကို အတည်ပြုနိုင်မည် ဖြစ်ကာ ထိုကျောက်ပြားပေါ်တွင် ရပ်နေသူသည် သူ၏ သားရဲကို ဆင့်ကဲပြောင်းလဲပေးမည့် အခွင့်အရေးကို ရရှိမည် ဖြစ်၏။
ဤနေရာသည် ပွဲဦးဆောင်သူက သားရဲကို တစ်ဆင့် မြှင့်တင်ပေးခြင်းဖြင့် သူ၏ အရည်အချင်းကို ထုတ်ပြရမည့် နေရာပင် ဖြစ်သည်။
ဤအစီအစဉ်မှာ ပြည်သူများကြားတွင် ရေပန်းအစားဆုံး ဖြစ်သည်။ ၎င်းမှာ ကံထူးသူအတွက် သူ၏ ကံကြမ္မာကိုပင် ပြောင်းလဲသွားစေနိုင်သော ဆုကြီးတစ်ခု ရရှိသည့် ကံစမ်းမဲနှိုက်ပွဲနှင့် တူပေသည်။
သားရဲတစ်ကောင် ဆင့်ကဲပြောင်းလဲသွားခြင်းမှာ လူတစ်ယောက်၏ ကံကြမ္မာ ပြောင်းလဲသွားခြင်းနှင့် မတူပါသလော။
သာမန် အခြေအနေမျိုးတွင် လင်းကျင်း သို့မဟုတ် ဘုရားကျောင်းမှ အကြီးအကဲကသာ မဲနှိုက်လေ့ရှိသော်လည်း အရှင်မင်းကြီး ရှိနေချိန်တွင်မူ ထိုဂုဏ်ပြုမှုကို ဧကရာဇ်အတွက်သာ ချန်လှပ်ထားရပေသည်။
တန်ရွှင်းနှင့် အခြားသော သူများက လင်းကျင်းအား ဤစည်းမျဉ်းကို ကြိုတင် ပြောပြထားပြီးဖြစ်သဖြင့် လင်းကျင်းသည် အရှင်မင်းကြီးအား မဲနှိုက်ပေးရန် ဖိတ်ကြားလိုက်သည်။ ဟယ်ရွှမ်သည် ဤအခမ်းအနားအတွက် အလွန်ပင် ခန့်ညားစွာ ဝတ်ဆင်ထားသည်။ သူသည် တည်ငြိမ် လေးနက်သော အမူအရာဖြင့် ရှေ့သို့ တက်လှမ်းလာပြီး ရိုးရာထုံးတမ်းစဉ်လာအတိုင်း ကောင်းကင်ယံနှင့် ကျောက်စိမ်းနဂါး နတ်ဘုရားကို အရိုအသေ ပေးလိုက်သည်။ ထို့နောက်တွင် သူသည် လင်းကျင်း မှတ်မိခြင်း မရှိသော မိန့်ခွန်းအချို့ကို ပြောကြားခဲ့၏။ ၎င်းမှာ ကောင်းကင်ယံက ကျောက်စိမ်းနဂါးကို ကောင်းချီးပေးပြီး ကျောက်စိမ်းနဂါးက နိုင်ငံတော်ကို ကောင်းချီးပေးကာ ပြည်သူများ ဘေးကင်းလုံခြုံစေရန် ဖြစ်သည်ဟူသော အကြောင်းအရာများသာ ဖြစ်ပေလိမ့်မည်။
ရှည်လျားသော မိန့်ခွန်းများ ပြောပြီးနောက်တွင်တော့ ဟယ်ရွှမ်သည် မဲအိုးကို ယူကာ လှုပ်လိုက်တော့သည်။
ဂလောက်...
ပထမဆုံး ဝါးမဲပြားတစ်ခု ထွက်ကျလာသည်။ တစ်ဦးက ၎င်းကို အမြန် ကောက်ယူကာ ဟယ်ရွှမ်ကို ရိုသေစွာ ဆက်သလိုက်၏။ ဟယ်ရွှမ်က ၎င်းကို တစ်ချက် ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
"မြေဓာတ် အဆင့် (၁)... မဆိုးပါဘူး"
အမှန်ပင် မဆိုးလှပေ။
ဘုရားကျောင်း ဂေါပကက ထိုမဲပြားကို မြှောက်ပြကာ လူအများကို အသိပေးလိုက်သည်။
နောက်ထပ် ဟယ်ရွှမ်သည် မဲအိုးကို ထပ်မံ လှုပ်လိုက်ပြန်သည်။ ဤမဲပြားတွင် 'တောက်ပခြင်း' ဟု ရေးထား၏။ ရှားပါးလှသော်လည်း ဤမဲပြားမျိုးမှာ ယခင်ကလည်း ထွက်ဖူးသည်။ သို့သော် 'တောက်ပခြင်း' နှင့် 'မြေဓာတ် အဆင့် (၁)' တို့ တစ်ခုပြီးတစ်ခု ထွက်လာခြင်းမှာမူ အမှန်တကယ်ပင် ရှားပါးသော ဖြစ်ရပ် ဖြစ်၏။
မဲနှစ်ခု ထွက်လာပြီးနောက်တွင် ယနေ့ ကံထူးသူ၏ တည်နေရာကို ခန့်မှန်း၍ ရနေပြီ ဖြစ်သည်။ ဂေါပကက ဒုတိယ မဲပြားကို ပြသလိုက်သောအခါ အရှေ့တောင်ဘက် ထောင့်ရှိ လူတစ်ရာကျော်မှာ စိတ်လှုပ်ရှားသွားကြတော့သည်။
အဘယ်ကြောင့်ဆိုသော် ဤမဲနှစ်ခုမှာ သူတို့ ရပ်နေသော နေရာကို ညွှန်ပြနေသောကြောင့်ပင်။ တတိယ မဲပြားမှာ မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းမှာ သူတို့၏ ဧရိယာအတွင်း၌သာ ရှိပေလိမ့်မည်။
အခြားသော နေရာများမှ လူများမှာမူ သိသိသာသာပင် စိတ်ပျက်သွားကြ၏။
သို့သော်လည်း နောက်ဆုံးတွင် လူတစ်ဦးတည်းကိုသာ ရွေးချယ်မည် ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။
မည်သို့ပင်ဖြစ်စေ ထိုသို့ မဟုတ်သည့် အခြေအနေမျိုးလည်း ရှိနိုင်ပေသည်။ သူတို့ ရပ်နေကြသော ကျောက်ပြားများစွာထဲတွင် အလွန် ထူးခြားသော ကျောက်ပြား တစ်ခု ရှိနေသည်။
၎င်းမှာ ကျောက်စိမ်းနဂါး ဘုရားကျောင်း၏ 'နဂါးအိပ်စက်ရာ ကျောက်တုံး'ပင် ဖြစ်၏။
ဤကျောက်ပြားနှင့် ပတ်သက်၍ ဒဏ္ဍာရီများစွာ ရှိသော်လည်း အခြားသော ကျောက်ပြားများနှင့် ကွဲပြားသည့် အချက်မှာ ၎င်းသည် အကြီးဆုံး ကျောက်ပြား ဖြစ်နေခြင်းပင်။ အများအားဖြင့် ထိုနေရာတွင် လူအများအပြား ရပ်နေလေ့ ရှိသည်။ ထိုကျောက်ပြားမှာ အနည်းဆုံး လူ ငါးဦး သို့မဟုတ် ခြောက်ဦးနှင့် သူတို့၏ သားရဲများ ဆန့်ပေသည်။
သို့သော်လည်း ကျောက်စိမ်းနဂါး ဘုရားကျောင်း တစ်ခုလုံးတွင် နဂါးအိပ်စက်ရာ ကျောက်တုံးမှာ တစ်ခုတည်းသာ ရှိသဖြင့် ဤကျောက်ပြားကို မဲနှိုက်မိရန် အခွင့်အလမ်းမှာ တစ်သောင်းတွင် တစ်ခုသာ ရှိသည်။ ထို့ကြောင့် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဤကျောက်ပြားကို မဲနှိုက်မိသော ကံမကောင်းသူ (သို့မဟုတ် ကံကောင်းသူ) တစ်ဦးမျှ မရှိခဲ့ပေ။
နဂါးအိပ်စက်ရာ ကျောက်တုံးမှာ ယခု မဲများ ညွှန်ပြနေသော ဧရိယာအတွင်းတွင် ရှိနေသော်လည်း ၎င်းကို မဲနှိုက်မိရန် အခွင့်အလမ်းမှာ တစ်ရာတွင် တစ်ခုသာ ရှိပေလေတော့သည်။
အခန်း (၃၉၀) - မကြုံစဖူး ထူးခြားမှု
နဂါးအိပ်စက်ရာ ကျောက်တုံးပေါ်တွင် ရပ်နေသူများမှာလည်း ရွေးချယ်စရာမရှိပေ။ သူတို့ ရောက်ရှိလာစဉ်ကပင် ဘုရားကျောင်း ဂေါပကများက ဤနေရာတွင် ရပ်ရန် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်တော့ အချို့သောသူများသည် သူတို့ ရပ်နေရသော ကျောက်ပြား၏ အကြောင်းကို သိလိုက်ရချိန်တွင် စိတ်ပျက်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ဤနဂါးအိပ်စက်ရာ ကျောက်တုံးမှာ နှစ်ပေါင်းရာချီအောင် တစ်ခါမျှ မဲမပေါက်ခဲ့ဖူးသောကြောင့်ပင်။ သို့သော်လည်း ပါးနပ်သူအချို့ကမူ "အရင်က မဲမပေါက်ဖူးတဲ့ ကျောက်ပြားတွေ အများကြီး ရှိပါသေးတယ်... ဒီကျောက်ပြားက အကြီးကြီး ဖြစ်နေလို့သာ လူပြောများနေတာပါ... နဂါးအိပ်စက်ရာ ကျောက်တုံးက ဘယ်တော့မှ မဲမပေါက်နိုင်ဘူးဆိုတာ လူတွေရဲ့ အထင်မှားမှုပဲ၊ တကယ်တော့ မဲပေါက်ဖို့ အခွင့်အလမ်းက တခြားကျောက်ပြားတွေနဲ့ အတူတူပါပဲ" ဟု ပြောကြသည်။
"မြန်မြန်ကြည့်ဦး... အရှင်မင်းကြီး တတိယမြောက် မဲကို နှိုက်နေပြီ"
တစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ကျဉ်းမြောင်းသွားသော ဧရိယာအတွင်း ကျန်ရှိနေသည့် လူတစ်ရာခန့်မှာ အသက်ရှူအောင့်ကာ စောင့်ကြည့်နေကြသည်။ မိမိတို့၏ သားရဲကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်ခြင်းမှာ နတ်ဘုရားပေးသော အခွင့်အရေးကဲ့သို့ပင် ဖြစ်သဖြင့် လူတိုင်းက ရွေးချယ်ခံရရန် မျှော်လင့်နေကြသည်မှာ သိသာလှပေသည်။
တစ်ချိန်တည်းမှာပင် သားရဲ၏ အဆင့်မြင့်လေလေ၊ ဆင့်ကဲပြောင်းလဲရန် အောင်မြင်မှု အခွင့်အလမ်း နည်းပါးလေလေ ဖြစ်သည်ကို သိထားသူများလည်း ရှိကြသည်။ အလွန်ရှားပါးလှသော်လည်း ယခင်က အကဲဖြတ်မှူးတစ်ဦးသည် ဆင့်ကဲပြောင်းလဲရန် အလွန်ခက်ခဲသော သားရဲတစ်ကောင်နှင့် တိုးခဲ့ဖူးသည့် ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသည်။ သို့သော် ထိုကဲ့သို့သော ကိစ္စရပ်များမှာ ရှားပါးလှသဖြင့် အသင်းချုပ်အနေဖြင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် အတွေ့အကြုံ အရှိဆုံး အဆင့် (၃) အကဲဖြတ်မှူးများကိုသာ ဤအလုပ်အတွက် တာဝန်ပေးလေ့ ရှိသည်။
အရှင်မင်းကြီး ဟယ်ရွှမ်က တတိယမြောက် မဲပြားကို ဝမ်းမြောက်ဝမ်းသာ လှုပ်ထုတ်လိုက်သည်ကို လူတိုင်း စောင့်ကြည့်နေကြသည်။
ဘုရားကျောင်း ဂေါပကက ၎င်းကို ကောက်ယူလိုက်ပြီး ပြုံးလိုက်သည်။
"အရှင်မင်းကြီး နှိုက်လိုက်တဲ့ တတိယမြောက် မဲပြားက 'နှိမ့်ချခြင်း' မဲပြား ဖြစ်ပါတယ်..."
ခဏအကြာတွင် ဂေါပက၏ အမူအရာမှာ တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ ဟယ်ချန်းကမူ ၎င်းမှာ ထုံးတမ်းစဉ်လာတစ်ခုသာ ဖြစ်သဖြင့် အလေးအနက် မစဉ်းစားမိပေ။
"ဂေါပက... ဘယ်ကျောက်ပြားကို ရွေးချယ်လိုက်တာလဲဆိုတာ ကြေညာလိုက်တော့"
ဟယ်ရွှမ်က ပြုံး၍ ပြောလိုက်ရာမှ ဂေါပက၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများကို သတိပြုမိသွားသည်။
"ဘာဖြစ်လို့လဲ"
ဟယ်ရွှမ်က မေးလိုက်သည်။
"ငါ မဲမကောင်းတာ နှိုက်မိလို့လား"
ဂေါပကက အမြန်ပင် ခေါင်းခါလိုက်သည်။ သူသည် လင်းကျင်းကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာတွင် သနားကရုဏာ သက်နေသော အမူအရာ ရှိနေခဲ့သည်။ ဂေါပက တစ်ဦးအနေဖြင့် မည်သည့် ကျောက်ပြားကို ရွေးချယ်လိုက်သည်ကို သူ ချက်ချင်းပင် တွက်ချက်နိုင်စွမ်း ရှိပေသည်။ မဖြစ်နိုင်သောအရာ ဖြစ်ပျက်ခဲ့လေပြီ။ ယခုနှစ်တွင် ရွေးချယ်ခံရသော ကျောက်ပြားမှာ အကြီးဆုံးဖြစ်သည့် 'နဂါးအိပ်စက်ရာ ကျောက်တုံး' ပင် ဖြစ်၏။
ဤဂေါပကသည် ကျောက်စိမ်းနဂါး ပွဲတော်ပေါင်း ဆယ်ကြိမ်ခန့် ကြုံဖူးသော်လည်း ဤကျောက်ပြား မဲပေါက်သည်ကို မြင်ဖူးသည်မှာ ယခု ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ဉာဏ်မှာ လျင်မြန်လှသဖြင့် သူက ပြောလိုက်သည်။
"အရှင်မင်းကြီး နှိုက်လိုက်တဲ့ မဲတွေအားလုံးက အလွန် မင်္ဂလာရှိတဲ့ အထက်တန်းစား မဲတွေချည်းပါပဲ... ဒါပေမဲ့ ဒီမဲသုံးခုကနေ ကျောက်ပြားရဲ့ တည်နေရာကို တွက်ချက်ဖို့ ကျွန်ုပ်တို့ကို ခဏလောက် အချိန်ပေးပါဦး"
ဤမဲပေါင်းစပ်မှုမျိုးမှာ ယခင်က တစ်ခါမျှ မထွက်ဖူးသဖြင့် သူ မှတ်မိသည်မှာ မှားယွင်းနေနိုင်သည်ဟု ဂေါပကက ယူဆလိုက်ခြင်း ဖြစ်၏။ သို့ဆိုလျှင် ထိုကျောက်ပြားမှာ 'နဂါးအိပ်စက်ရာ ကျောက်တုံး' မဟုတ်ဘဲလည်း ဖြစ်နိုင်သည်။
ထို့နောက် ဂေါပကသည် ဘုရားကျောင်း ဂေါပကအဖွဲ့ဝင်များ၊ ပွဲစီစဉ်သူ အရာရှိများနှင့်အတူ တည်နေရာကို အတည်ပြုလိုက်ကြသည်။ သေချာပါပေသည်၊ သူ၏ မှတ်ဉာဏ်က သူ့ကို မလှည့်စားခဲ့ပေ။ အရှင်မင်းကြီး နှိုက်လိုက်သော မဲသုံးခုမှာ 'နဂါးအိပ်စက်ရာ ကျောက်ပြား' ကိုသာ ညွှန်ပြနေခဲ့သည်။
လူအပေါင်း၏ စောင့်ကြည့်မှုအောက်တွင် မည်သူမျှ မဲကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မဲများ၏ အဓိပ္ပာယ် ရှင်းလင်းချက်များကို ဘုရားကျောင်းဆောင်ရှေ့ရှိ ကျောက်စာတိုင်ပေါ်တွင် ထွင်းထုထားပြီး မည်သူမဆို ကိုယ်တိုင် ကြည့်ရှုနိုင်သောကြောင့်ပင်။
ယခုအခါ စပ်စုတတ်သူ အချို့က မဲများကို သူတို့ဘာသာ အဓိပ္ပာယ်ဖော်လိုက်ကြသဖြင့် လူအုပ်ကြီးကြားတွင် အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာခဲ့သည်။
ဂေါပကအနေဖြင့် ဤအခြေအနေမှ လိမ်ညာကာ ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိလိုက်သည်။
'ထားလိုက်ပါတော့လေ၊ ငါလည်း အခက်တွေ့ရမယ့်သူ မဟုတ်ပါဘူး၊ ဘာလို့ ဒီလောက် စိုးရိမ်နေရမှာလဲ'
ဂေါပကက သူ့ဘာသာ တိုးတိုးလေး ရေရွတ်ရင်း ရလဒ်ကို ကြေညာလိုက်တော့သည်။
ယခုအခါ ဧကရာဇ် ဟယ်ရွှမ်ကိုယ်တိုင်ပင် မည်သည့် ကျောက်ပြားကို ရွေးချယ်လိုက်သည်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။
သူ မော့ကြည့်လိုက်သောအခါ နဂါးအိပ်စက်ရာ ကျောက်တုံးပေါ်တွင် ရပ်နေသော လူအနည်းငယ်မှာ မည်မျှအထိ စိတ်လှုပ်ရှားနေကြသည်ကို မြင်လိုက်ရသည်။
'ဂေါပက ဘာလို့ ဒီလောက် ထူးထူးဆန်းဆန်း တုံ့ပြန်နေရသလဲဆိုတာ မထူးဆန်းတော့ဘူး... ဒါကြောင့်ကိုး'
ဟယ်ရွှမ်က စိတ်ထဲမှ တွေးလိုက်သည်။ ပြန်စဉ်းစားကြည့်လျှင် လင်းကျင်းကို အဆင့် (၃) သို့ ထူးထူးခြားခြား ရာထူးတိုးပေးခဲ့သော တော်ဝင်အမိန့်မှာ အမှန်တကယ်တော့ မသင့်လျော်လှပေ။ သူသည် 'ပြတိုက်မှူး' နှင့် ရင်းနှီးရန်အတွက်သာ ဤသို့ ပြုလုပ်ခဲ့ခြင်း မဟုတ်ပါလား။
သူသည် ပြတိုက်မှူးကို မည်သည့် အကျိုးအမြတ်မျှ မပေးနိုင်သော်လည်း ပြတိုက်မှူး၏ တပည့်ကိုတော့ အနည်းဆုံး ကူညီပေးနိုင်လိမ့်မည်ဟု ဟယ်ရွှမ် ယူဆခဲ့သည်။
တစ်မနက်တွင် သူသည် အမတ်များနှင့် တွေ့ဆုံစဉ်က အမတ်တစ်ဦးက အရှင်မင်းကြီး၏ အတ္တဆန်သော တောင်းဆိုချက်မှာ နိုင်ငံတော်ရှိ သားရဲအကဲဖြတ်မှူးများအကြား မငြိမ်မသက် ဖြစ်စေနိုင်ကြောင်း ပြောကြားကာ အစီအစဉ်ကို ဖျက်သိမ်းရန် အကြံပြုခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။
သို့သော်လည်း ဟယ်ရွှမ်က အမတ်၏ ပြောကြားချက်ကို ပယ်ချကာ ဆက်လက် လုပ်ဆောင်ရန် အခိုင်အမာ ဆုံးဖြတ်ခဲ့သည်။
ပြတိုက်မှူးမှာ ထိုသို့ ပြုလုပ်ရန် ထိုက်တန်လှပေသည်။ လင်းကျင်းကိုယ်တိုင် အရည်အချင်း မပြည့်မီသည့်တိုင်အောင် ဟယ်ရွှမ်သည် ပြတိုက်မှူးအပေါ် ခင်မင်မှုပြသသည့် အနေဖြင့် သူ့ကို ရာထူးတိုးပေးမည် ဖြစ်သည်။
ဟယ်ရွှမ်သည် သူ၏ လုပ်ဆောင်ချက်များမှာ မည်မျှအထိ မသင့်လျော်ကြောင်းကိုလည်း ကောင်းစွာ နားလည်ထားပေသည်။ ထို့ကြောင့် လင်းကျင်းသည် ယခုနှစ် ကျောက်စိမ်းနဂါး ပွဲတော်၏ ကောင်းချီးပေးပွဲကို ဦးဆောင်ရမည်ဟု သိလိုက်ရချိန်တွင် ဟယ်ရွှမ်မှာ ဝမ်းမြောက်သွားခဲ့ရသည်။ လင်းကျင်းအနေဖြင့် သူသည် အဆင့် (၃) အကဲဖြတ်မှူးအဖြစ် ထိုက်တန်ကြောင်း နောက်ဆုံးတွင် သက်သေပြနိုင်ပေတော့မည်။ အဘယ်ကြောင့်ဆိုသော် ပွဲဦးဆောင်သူမှာ အမြဲတမ်း အဆင့် (၃) အကဲဖြတ်မှူးသာ ဖြစ်ပြီး ၎င်းထက် နိမ့်ကျသူဆိုလျှင် ပွဲမှာ ကျရှုံးမှုဖြင့်သာ အဆုံးသတ်နိုင်ဖွယ် ရှိသောကြောင့်ပင်။
လင်းကျင်းသာ အောင်မြင်သွားခဲ့လျှင် သူ၏ ယခင် အမိန့်မှာ မသင့်လျော်ကြောင်း မည်သူမျှ ပြောဆိုနိုင်တော့မည် မဟုတ်ပေ။ ၎င်းမှာ ပညာရှိသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်ဟုပင် သူတို့ စတင် တွေးတောလာကြပေလိမ့်မည်။
ဟယ်ရွှမ်သည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ဖူးပြီး လင်းကျင်းသည် သားရဲများကို အကဲဖြတ်ရာတွင် မည်မျှအထိ အရည်အချင်း ရှိကြောင်း သိရှိထားသည်။ နှစ်ပေါင်းရာချီအတွင်း ပထမဆုံးအကြိမ် 'နဂါးအိပ်စက်ရာ ကျောက်တုံး' မဲပေါက်သွားခြင်းမှာ စိန်ခေါ်မှုတစ်ခု ဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ၎င်းမှာ အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။
ထို့ကြောင့် ဟယ်ရွှမ်သည် လင်းကျင်း ဤအခြေအနေအပေါ် မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်ရန် စီစဉ်လိုက်သည်။ အကယ်၍ လင်းကျင်းက စိုးရိမ်ထိတ်လန့်နေလျှင် ဟယ်ရွှမ်သည် သူ့ကို ဆက်လက် လုပ်ဆောင်ရန် အတင်းအကျပ် ခိုင်းစေမည် မဟုတ်ပေ။ အခြားသော နည်းလမ်းတစ်ခု စဉ်းစားကာ မဲကို နောက်တစ်ကြိမ် ထပ်နှိုက်ခိုင်းလိုက်မည် ဖြစ်၏။
ဟယ်ရွှမ်သည် ဆင်ခြေတစ်ခုပင် စဉ်းစားထားပြီးပြီ ဖြစ်သည်။ လင်းကျင်းသာ မျက်မှောင်ကြုတ်လိုက်လျှင် သူသည် မဲနှိုက်သည့် အစီအစဉ်ကို အစမှ ပြန်စမည်ဟု စိတ်ထဲက မှတ်သားထားလိုက်သည်။
လင်းကျင်းမှာမူ ကြေညာချက်ကြောင့် တုန်လှုပ်ခြင်း မရှိပေ။
သူသည် ၎င်းကို အခက်အခဲဟု မထင်သလို၊ ကြောက်ရွံ့ခြင်း သို့မဟုတ် စိုးရိမ်ခြင်းလည်း မရှိပေ။ သူ၏ တုံ့ပြန်မှုမှာ ထူးခြားသော အရာတစ်ခုမျှ ဖြစ်မလာခဲ့သကဲ့သို့ တည်ငြိမ်နေခဲ့သည်။
သူ မသိလိုက်သည့် အချက်မှာ စင်မြင့်အောက်ခြေရှိ တန်ရွှင်းနှင့် အခြားသော သူများမှာ ချွေးပြန်နေကြပြီ ဖြစ်ခြင်းပင်။
အရှင်မင်းကြီး နဂါးအိပ်စက်ရာ ကျောက်တုံးကို မဲနှိုက်မိသွားပြီဟူသော သတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ တန်ရွှင်း လှမ်းကြည့်လိုက်သောအခါ ကျောက်ပြားပေါ်တွင် အနည်းဆုံး လူငါးဦး ရပ်နေသည်ကို မြင်လိုက်ရ၏။ အနည်းဆုံး နှစ်ဦးမှာ အဆင့် (၂) သားရဲများကို ပိုင်ဆိုင်ထားကြသည်။
တန်ရွှင်းမှာ အတွေ့အကြုံ မည်မျှပင် ရှိစေကာမူ သူကိုယ်တိုင်ပင် စိုးရိမ်စိတ်ကြောင့် ချွေးပြန်နေခဲ့သည်။ လင်းကျင်းသည် ထိုသားရဲများကို နေရာမှာတင် ဆင့်ကဲပြောင်းလဲပေးရမည်ဟူသော စည်းမျဉ်းကြောင့် သူ စိုးရိမ်နေမိခြင်း ဖြစ်၏။ အကယ်၍ လင်းကျင်းသာ မလုပ်နိုင်ခဲ့လျှင် သူသည် အကြီးအကျယ် အရှက်ရပေလိမ့်မည်။
ယခင်ကလည်း ကျရှုံးခဲ့သော အကဲဖြတ်မှူးများ ရှိခဲ့ဖူးသည်။ သူတို့၏ ကျရှုံးမှုများမှာ သူတို့ကို စိတ်ပျက်အားငယ်မှုထဲသို့ တွန်းပို့လေ့ရှိပြီး အရေးကြီးသော အချိန်တွင် စွမ်းဆောင်နိုင်ရည် မရှိသော ပါရမီရှင်များစွာကို ပျက်စီးစေခဲ့သည်။
သာမန် ကျောက်ပြားများ မဲပေါက်ချိန်တွင်ပင် ဤကဲ့သို့သော ကျရှုံးမှုများ ရှိနိုင်သည်ကို သတိပြုရပေမည်။ ယခုတစ်ခါတွင်မူ သားရဲ ငါးကောင် ရှိနေပြီး တန်ရွှင်း ခန့်မှန်းနိုင်သလောက် အလွန် ခက်ခဲသော သားရဲအချို့ ပါဝင်နေသည်။ တန်ရွှင်းကိုယ်တိုင် အသင်းချုပ်အတွင်း၌ပင် ဤဆင့်ကဲပြောင်းလဲမှုကို လုပ်ဆောင်ရမည်ဆိုလျှင်ပင် ရက်အနည်းငယ်ကြာ ပြင်ဆင်မှုများ လိုအပ်မည်ဖြစ်ကာ အောင်မြင်ရန်အတွက်လည်း အာမခံချက် မရှိပေ။
ယခုမူ ဤအခမ်းအနားအတွင်း အချိန်တိုလေးအတွင်း၌ မတူညီသော ဂုဏ်သတ္တိများရှိသည့် သားရဲ ငါးကောင်ကို ဆင့်ကဲပြောင်းလဲပေးရန် ဆိုသည်မှာ လက်တွေ့တွင် မဖြစ်နိုင်သလောက်ပင်။
'ဒါကတော့ ဒုက္ခပဲ'
တန်ရွှင်းက ထိုသို့ တွေးနေသော်လည်း လင်းကျင်း၏ ကံဆိုးမှုကို ကြည့်ကာ ပျော်ရွှင်နေသူများလည်း ရှိနေသည်။
ယွီမန့်ထန်သည် အခြေအနေကို သိလိုက်ရသည်နှင့် စိတ်ထဲမှနေ၍ ရူးမတတ် အော်ဟစ် ရယ်မောနေတော့သည်။
"ဟားဟားဟား... လင်းကျင်းရေ... မင်းရဲ့ ကျော်ကြားမှုတွေကတော့ ဒီမှာတင် လမ်းဆုံးပြီ ထင်ပါရဲ့... မင်း ဒါကို ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ကိုင်တွယ်မလဲဆိုတာ ငါ မစောင့်နိုင်တော့ဘူး... ဒါတွေအားလုံးက အဆင့်မြင့် သားရဲတွေချည်းပဲ၊ တစ်ကောင်တည်းကို ဆင့်ကဲပြောင်းလဲပေးဖို့တောင် ကောင်းကင်ကို တက်ရတာထက် ပိုခက်ဦးမယ်... မင်းရဲ့ ကံကလည်း ဘယ်လောက်တောင် ဆိုးလိုက်သလဲ၊ ဒီကျောက်ပြားနဲ့မှ လာတိုးရတယ်လို့"
စိုးရိမ်နေကြသူများလည်း ရှိနေခဲ့သည်။
နန်းတွင်းအရာရှိများနှင့် တော်ဝင်မျိုးနွယ်ဝင်များမှာလည်း တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် စကားပြောနေကြပြီ ဖြစ်သည်။ သူတို့အားလုံးမှာ လင်းကျင်း လူအများရှေ့တွင် အမှားအယွင်း ဖြစ်သွားသည်ကို မြင်တွေ့လိုစိတ်ဖြင့် စိတ်လှုပ်ရှားနေကြ၏။ ၎င်းမှာ သူတို့အတွက် အလွန်ပင် စိတ်ဝင်စားစရာကောင်းသော ပြပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။