အခန်း (၃၉၁-၃၉၂)
Vol. 20 Ch. 391-392
အခန်း (၃၉၁) - လူအုပ်ကြီးကို မှင်တက်သွားစေခြင်း
လင်းကျင်းအတွက် စိုးရိမ်ပေးနေကြသူများလည်း ရှိနေခဲ့သည်။
"ချန်းအာ...... ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ဟယ်ယုသည် သားရဲအကဲဖြတ်ခြင်းအတတ်ပညာအကြောင်း များများစားစား မသိသော်လည်း ဤအခြေအနေမှာ အလွန်ပင် ဆိုးရွားလှသည်ကိုတော့ ရိပ်မိသည်။ ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် ကျရှုံးခဲ့လျှင် လင်းကျင်း၏ အကဲဖြတ်မှူး ဘဝသက်တမ်းမှာ ပျက်စီးသွားပေလိမ့်မည်။ အကဲဖြတ်မှူးတစ်ဦးအနေဖြင့် ဂုဏ်သိက္ခာမှာ အလွန်ပင် အရေးကြီးလှ၏။ အကယ်၍ သူသာ ဤနေရာတွင် အရှက်ရခဲ့လျှင် လင်းကျင်းသည် အခြားသော အကဲဖြတ်မှူးများ၏ အထင်အမြင်သေးခြင်းကို ထာဝရ ခံရပေတော့မည်။
ယခင်ကလည်း ဤကဲ့သို့သော သာဓကများ ရှိခဲ့ဖူးသည်။
သို့သော် ဟယ်ချန်း၏ တုံ့ပြန်မှုက သူမကို အံ့အားသင့်သွားစေခဲ့၏။
"စိတ်မပူပါနဲ့ အစ်မ... အကဲဖြတ်မှူးလင်းက ပြတိုက်မှူးရဲ့ တပည့်ပဲလေ... သားရဲ ငါးကောင်တင်မကဘူး၊ နောက်ထပ် ငါးကောင်လောက် ထပ်တိုးလာရင်တောင် သူကတော့ အေးအေးဆေးဆေး ကိုင်တွယ်နိုင်လိမ့်မယ်လို့ ကျွန်မ လောင်းရဲတယ်"
လင်းကျင်းအပေါ် ဟယ်ချန်း၏ ယုံကြည်ချက်မှာ အံ့မခန်းပင် ဖြစ်၏။
အခြားစကားဖြင့် ပြောရလျှင် သူမသည် ဤ 'ပြတိုက်မှူး' ဆိုသူအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။
ဟယ်ချန်းအတွက်မူ ပြတိုက်မှူးမှာ အရာအားလုံးကို သိမြင်နိုင်ပြီး အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်၏။ သူသည် ဟယ်ချန်းအတွက် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ထို့ကြောင့်ပင် သူမသည် သူ၏တပည့်ကို အစွမ်းကုန် ထောက်ခံနေပြီး လင်းကျင်းအနေဖြင့် ဤအလုပ်ကို အပြစ်ပြောစရာမရှိအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။
ဟယ်ယုကတော့ ခေါင်းခါလိုက်မိ၏။
လင်းကျင်း မည်မျှအထိ အရည်အချင်းရှိသည်ကို သူမ သိထားသော်လည်း သားရဲအကဲဖြတ်ခြင်းနှင့် သားရဲဆင့်ကဲပြောင်းလဲခြင်းမှာ တခြားစီပင် ဖြစ်သည်။ ထို့အပြင် သူ တစ်ခါမျှ မတွေ့ဖူးသော သားရဲများနှင့် ရင်ဆိုင်နေရချိန်တွင် အရည်အချင်းဆိုသည်မှာ အဓိကအချက် မဟုတ်တော့ပေ။
ဟယ်ယု မည်မျှပင် ဗဟုသုတ နည်းပါးစေကာမူ သားရဲတိုင်းတွင် မတူညီသော သွေးမျိုးဆက်များနှင့် အလားအလာများ ရှိကြသည်ကို သူမ သိသည်။ သူတို့မှာ တိုက်တိုက်ဆိုင်ဆိုင် သွေးမျိုးဆက်တူနေလျှင်ပင် ခန္ဓာကိုယ် တည်ဆောက်ပုံခြင်း ကွဲပြားပေလိမ့်မည်။ သားရဲအမျိုးအစား တူညီနေပါစေ၊ သားရဲအားလုံးအတွက် အသုံးပြုနိုင်သော တစ်ခုတည်းသော ဆင့်ကဲပြောင်းလဲခြင်း နည်းလမ်းဟူ၍ မရှိပေ။ သားရဲ တစ်သောင်းရှိလျှင် နည်းလမ်း တစ်သောင်း ရှိပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ ဟယ်ယု၏ အသိဉာဏ်အရ ဤကဲ့သို့သော အခြေအနေမျိုးတွင် သားရဲငါးကောင်ကို ဆင့်ကဲပြောင်းလဲပေးရန် ဆိုသည်မှာ အဆင့် (၃) အကဲဖြတ်မှူး တစ်ဦးအတွက် မဖြစ်နိုင်ပေ။ အဆင့် (၄) အကဲဖြတ်မှူး တစ်ဦးဆိုလျှင်တော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပေလိမ့်မည်၊ သို့သော် လင်းကျင်းမှာ ထိုအဆင့် မဟုတ်သည်မှာ ရှင်းလင်းလှသည်။
အမှန်စင်စစ် ကျောက်စိမ်းနဂါးနိုင်ငံတွင် အဆင့် (၃) အကဲဖြတ်မှူးများသာ ရှိကြသည်။ အဆင့်မြင့် နိုင်ငံများတွင်သာ အဆင့် (၄) အကဲဖြတ်မှူးများကို ခန့်အပ်နိုင်သော အခွင့်ထူး ရှိကြခြင်း ဖြစ်၏။
ဟယ်ချန်းမှာ လင်းကျင်းကို အစွန်းရောက် အားပေးနေသူ ဖြစ်သဖြင့် ဟယ်ယုသည် သူမကို ဤအကြောင်းများ ရှင်းမပြတော့ပေ။ သူမ ဘာပြောပြော သူမ၏ အစ်မမှာ နားဝင်မည့်သူ မဟုတ်သည်ကို သိနေသောကြောင့်ပင်။
ဟယ်ယုသည် လင်းကျင်းကို စိုက်ကြည့်ရင်း တစ်စုံတစ်ရာသော နည်းလမ်းဖြင့် ကူညီပေးနိုင်မလားဟု စဉ်းစားကာ သက်ပြင်းချလိုက်မိသည်။
တစ်ဖက်တွင်မူ လင်းကျင်းမှာ သူ မည်ကဲ့သို့သော အခြေအနေမျိုးသို့ ရောက်နေသည်ကိုပင် သတိမထားမိသည့်အလား တည်ငြိမ်နေခဲ့၏။
အခြားသော သားရဲအကဲဖြတ်မှူးများအတွက်မူ ၎င်းမှာ စိတ်ပျက်အားငယ်စရာ အခြေအနေတစ်ခု ဖြစ်ပေသည်။
ကံထူးသူ ပိုင်ရှင် ငါးဦးနှင့် သူတို့၏ သားရဲများကို စင်မြင့်ပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။
သူတို့ထဲမှ အချို့မှာ သာမန်ပြည်သူများကဲ့သို့ ဝတ်ဆင်ထားကြသော်လည်း အချို့မှာမူ ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားကြ၏။ သူတို့မှာ အဆင့်အတန်း မြင့်မားသူများ သို့မဟုတ် နယ်မြို့ငယ်များမှ မှူးမတ်များ ဖြစ်နိုင်ပေသည်။
ပိုင်ရှင် ငါးဦးလုံးမှာ အရိုအသေ ပေးလိုက်ကြသော်လည်း ထိုအချိန်တွင် သူတို့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသဖြင့် ဘာလုပ်ရမှန်းပင် မသိ ဖြစ်နေကြ၏။
သားရဲငါးကောင်မှာမူ သူတို့၏ ပိုင်ရှင်များဘေးတွင် သစ္စာရှိစွာ ရပ်နေကြသည်။
လင်းကျင်းက သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်၏။
ခွေး လေးကောင်နှင့် ချိုပါသော လိပ်တစ်ကောင်။
ခွေးများမှာ လူတို့ အသုံးအများဆုံး အိမ်မွေးသားရဲများ ဖြစ်ကြသည်။ သေချာပါသည်၊ သူတို့သည် ဝံပုလွေမျိုးနွယ်စုဝင်များ ဖြစ်ကြပြီး ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် ရုပ်သွင် မတူညီသော အမျိုးအစားများစွာ ရှိကြသည်။ သူတို့တွင် မတူညီသော အလေ့အထနှင့် စရိုက်လက္ခဏာများပင် ရှိကြ၏။
ခွေးသားရဲ လေးကောင်လုံးမှာ ထူးခြားကြသည်။ တစ်ကောင်မှာ အရွယ်အစား သေးငယ်သော်လည်း နွားတစ်ကောင်ကဲ့သို့ ကြွက်သားများ သန်မာလှသည်။ ၎င်းတွင် တိုတောင်းသော အမွှေးအမျှင်များနှင့် အမဲသားလုံးကြီးကဲ့သို့သော ခေါင်းကြီး ရှိသည်။ နောက်တစ်ကောင်မှာမူ နူးညံ့ချောမွေ့သော အမွှေးရှည်များနှင့် တံမြက်စည်းကဲ့သို့သော အမြီး ရှိ၏။ နောက်တစ်ကောင်မှာ နားရွက်ရှည်ရှည် ချွန်ချွန်များနှင့် သွယ်လျသော ခြေလက်များ ရှိသည်။
နောက်ဆုံးတစ်ကောင်မှာမူ သာမန် လမ်းဘေးခွေးတစ်ကောင်နှင့် တူပြီး စင်မြင့်ပေါ်တွင် ကြောက်ရွံ့တုန်လှုပ်နေသော မျက်လုံးများဖြင့် ရပ်နေခဲ့သည်။
ချိုပါသော လိပ်မှာမူ ပို၍ ထူးခြားသည်။
ချိုပါသော လိပ်များမှာလည်း အရွယ်အစား အမျိုးမျိုး ရှိကြပြီး ယခုတစ်ကောင်မှာ တော်တော်လေး ကြီးမားလှသည်။ ၎င်းမှာ လူကြီးတစ်ဦး၏ အရပ် တစ်ဝက်ခန့် ရှိ၏။ ဤသတ္တဝါတွင် ထူထဲသော အခွံနှင့် သံမဏိကဲ့သို့ မာကျောသော နှုတ်သီး ရှိသည်။ ၎င်းသည် ဒြပ်စင်စွမ်းအားများကို အသုံးပြုနိုင်ဟန် တူသဖြင့် အဆင့် (၂) သားရဲ ဖြစ်နေပြီဖြစ်ကြောင်း ပြသနေသည်။
လင်းကျင်း၏ မျက်နှာတွင် ပူပန်သော အမူအရာ မရှိသည်ကို မြင်ရသောအခါ ဟယ်ရွှမ်သည် လင်းကျင်းတွင် ယုံကြည်မှု တစ်စုံတစ်ရာ ရှိနေရမည်ဟု သိလိုက်သည်။ ယနေ့ စိန်ခေါ်မှုမှာ မည်မျှအထိ ခက်ခဲမည်ကိုလည်း သူ ရိပ်မိသည်။ အကယ်၍ လင်းကျင်းသာ အောင်မြင်သွားခဲ့လျှင် သူ၏ ယခင်အမိန့်ကို မည်သူမျှ မေးခွန်းထုတ်နိုင်တော့မည် မဟုတ်ပေ။ အရှင်မင်းကြီး၏ ပညာရှိမှုကိုပင် စတင် ချီးကျူးလာကြပေလိမ့်မည်။
လင်းကျင်းအတွက်လည်း ထိုနည်းတူပင်။ အကယ်၍ သူသာ ယနေ့ စမ်းသပ်ချက်ကို အောင်မြင်ခဲ့လျှင် သူသည် ပိုမိုမြင့်မားသော နေရာသို့ ရောက်ရှိသွားမည်ဖြစ်ကာ ကျောက်စိမ်းနဂါးနိုင်ငံ၏ နံပါတ်တစ် သားရဲအကဲဖြတ်မှူး ဖြစ်လာပေလိမ့်မည်။
ဟယ်ရွှမ်သည် အလကား ခန့်မှန်းနေခြင်း မဟုတ်ပေ။ အမှန်တကယ်တော့ မည်သည့် အကဲဖြတ်မှူးက ဤသားရဲ ငါးကောင်လုံးကို တစ်ပြိုင်နက် ဆင့်ကဲပြောင်းလဲပေးနိုင်ပါမည်နည်း။
တန်ရွှင်းနှင့် ချူချန်ဟယ် ကဲ့သို့သော ဝါရင့်ပုဂ္ဂိုလ်များပင်လျှင် ၎င်းမှာ မဖြစ်နိုင်ဟု ထင်ကြပေလိမ့်မည်။
ထို့ကြောင့် ဟယ်ရွှမ်သည် လင်းကျင်း အောင်မြင်ပြီးနောက်တွင် သူ့အား 'ကျောက်စိမ်းနဂါးနိုင်ငံ၏ အထူးချွန်ဆုံး အကဲဖြတ်မှူး' ဟူသော ဘွဲ့အသစ်တစ်ခုကို ပေးအပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဤသို့ဆိုလျှင် 'ပြတိုက်မှူး' လည်း ဝမ်းမြောက်ပေလိမ့်မည် မဟုတ်ပါလား။
ဟယ်ရွှမ်က တွေးနေမိသည်။
ထို့အပြင် လင်းကျင်းက ပြတိုက်မှူးကို ဖိတ်ကြားပေးမည်ဟု ကတိပေးထားသဖြင့် ဤကိစ္စကို အထူးဂရုစိုက်ရမည် ဖြစ်၏။ ပြတိုက်မှူး၏ လာရောက်မှုသည် ကျောက်စိမ်းနဂါးနိုင်ငံ၏ ကံကြမ္မာနှင့် ယခင် ဂုဏ်သိက္ခာကို ပြန်လည် ရရှိနိုင်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ပေးနိုင်မည်ဖြစ်ကြောင်း ဟယ်ချန်း သိထားသည်။
သေချာပါသည်၊ အခြားသော စွန့်စားရမှုများလည်း ရှိနေသည်။ ဟယ်ချန်းသည် 'ရွှယ်ပေါင်' ဘိုးဘေးအကြောင်း စိုးရိမ်နေသော်လည်း ဤဖြစ်ရပ်ကြောင့်ပင် သူသည် ပြတိုက်မှူးနှင့် တွေ့ဆုံရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်သည်။
"အကဲဖြတ်မှူးလင်း... စတင်နိုင်ပါပြီ"
ဘုရားကျောင်း ဂေါပကက သတိပေးလိုက်သည်။ သူ မည်မျှပင် စိုးရိမ်နေပါစေ၊ အခမ်းအနားကိုတော့ ဆက်လက် လုပ်ဆောင်ရမည် ဖြစ်၏။
လင်းကျင်း ခေါင်းညိတ်ပြလိုက်သည်။
သူသည် ရှေ့သို့ တက်လှမ်းသွားပြီး အဆင့် (၁) အမဲလိုက်ခွေး သားရဲတစ်ကောင်ကို ရွေးချယ်ကာ ထိုသတ္တဝါ၏ ခေါင်းကို အသာအယာ ပုတ်လိုက်၏။
ဤသားရဲမှာ ထူးခြားသော သွေးမျိုးဆက် သို့မဟုတ် ဆင့်ကဲပြောင်းလဲနိုင်သော အလားအလာ မရှိသည့် သာမန် အမဲလိုက်ခွေးတစ်ကောင်သာ ဖြစ်သည်။ သာမန် အခြေအနေမျိုးတွင် ၎င်းမှာ ဘယ်တော့မှ ဆင့်ကဲပြောင်းလဲနိုင်မည် မဟုတ်ပေ။
လင်းကျင်းနှင့် မတွေ့ဆုံမီ အချိန်အထိပေါ့။
ထို့နောက် လင်းကျင်းသည် နောက်ထပ် အမဲလိုက်ခွေး တစ်ကောင်ကို ထပ်မံ ပုတ်လိုက်ပြန်သည်။ အပြင်လူများ အမြင်တွင်မူ သူသည် ချိုပါသော လိပ်ဆီသို့ ရောက်သည်အထိ သားရဲများနှင့် ရင်းနှီးအောင် လုပ်နေခြင်း ဖြစ်သည်ဟု ထင်ရပေသည်။ လိပ်ဆီသို့ ရောက်သောအခါတွင်လည်း လင်းကျင်းသည် ၎င်း၏ ခေါင်းကိုသာ ပုတ်လိုက်ပြီး အခြား ဘာမှ မလုပ်တော့ပေ။
ထို့နောက်တွင် သူက ပြောလိုက်သည်။
"ပြီးပါပြီ... ခင်ဗျားတို့အားလုံး ပြန်လို့ရပါပြီ"
လူအုပ်ကြီးမှာ ဝေခွဲမရ ဖြစ်သွားကြ၏။
ပိုင်ရှင် ငါးဦးမှာလည်း ထို့ထက်မက ပို၍ ဝေခွဲမရ ဖြစ်နေကြသည်။ သို့သော်လည်း သူတို့မှာ စကားတစ်လုံးမျှ မဟရဲကြပေ။ ဘာမှ မစရသေးဘဲ လင်းကျင်းက သူတို့ကို ဘာလို့ ပြန်ခိုင်းရတာလဲ။
ဟယ်ရွှမ်မှာလည်း ထိုနည်းတူပင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။
မည်သူမျှ စကားမပြောကြသဖြင့် ဘုရားကျောင်း ဂေါပကက ဝင်၍ ပြောလိုက်သည်။
"ဟို... အကဲဖြတ်မှူးလင်း... အခု ဆင့်ကဲပြောင်းလဲခြင်း လုပ်ငန်းစဉ်ကို စတင်လို့ ရပါပြီ"
လင်းကျင်းသည် လုပ်ငန်းစဉ်ကို မေ့သွားသည်ဟု သူက ထင်လိုက်ခြင်း ဖြစ်၏။
"ကျုပ် လုပ်ပြီးသွားပါပြီ"
လင်းကျင်းက ပြန်ဖြေလိုက်ရာ တစ်ခဏအတွင်း တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
သိပ်မကြာမီမှာပင် လူများကြားတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာတော့သည်။
အချို့က ခေါင်းခါနေကြပြီး အချို့မှာမူ ပြောစရာ စကားများ ရှိနေသော်လည်း အခမ်းအနား ဖြစ်နေသဖြင့် ထိန်းထားကြသည်။ သို့သော် သူတို့ အားလုံး၏ စိတ်ထဲတွင် တစ်မျိုးတည်းသော အတွေး ရှိနေကြ၏။
'မင်းက သူတို့ခေါင်းကို ပုတ်လိုက်ရုံနဲ့ ဆင့်ကဲပြောင်းလဲခြင်း ပြီးသွားပြီလို့ ပြောနေတာလား'
'မင်း ငါတို့ကို နောက်နေတာလား...'
သူတို့ ထပ်မံ၍ မစဉ်းစားနိုင်မီမှာပင် သားရဲ ငါးကောင်လုံးမှာ တစ်ပြိုင်နက်တည်း ပုံစံပြောင်းလဲလာကြတော့သည်။
အဆင့် (၁) အမဲလိုက်ခွေး သုံးကောင်ထံမှ မီးတောက်များ ပေါက်ကွဲ ထွက်ပေါ်လာသဖြင့် လူတိုင်းမှာ ထိတ်လန့်တကြား နောက်သို့ ဆုတ်လိုက်ကြရသည်။ ထိုခွေးသုံးကောင်လုံး၏ အငွေ့အသက်မှာ သိသိသာသာ မြင့်တက်လာပြီး သူတို့၏ ပတ်ပတ်လည်တွင် မီးတောက်များ ဝန်းရံနေခဲ့၏။ ဗဟုသုတ အနည်းငယ်ရှိသူတိုင်း သိထားသည်မှာ အဆင့် (၁) သားရဲတစ်ကောင် အဆင့် (၂) သို့ ဆင့်ကဲပြောင်းလဲသွားခြင်း၏ အကြီးမားဆုံးသော လက္ခဏာမှာ ဒြပ်စင်စွမ်းအားများကို အသုံးပြုနိုင်လာခြင်းပင် ဖြစ်သည်။
သံသယဖြစ်စရာ မလိုတော့ပေ။ မီးတောက်များကို အသုံးပြုနိုင်ခြင်းမှာ ထိုသားရဲ သုံးကောင်လုံး ဆင့်ကဲပြောင်းလဲသွားပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။
ထိုမျှတင် မကသေးပေ။ အဆင့် (၂) သားရဲ နှစ်ကောင်ဖြစ်သည့် အမဲလိုက်ခွေးနှင့် ချိုပါသော လိပ်တို့မှာလည်း ရုတ်တရက် အော်ဟစ်လိုက်ကြသည်။
ချက်ချင်းပင် အဆင့် (၂) အမဲလိုက်ခွေး၏ အမွှေးများအားလုံး ကျွတ်ကျသွားပြီး အရိုးများ ကျိုးသံကဲ့သို့သော အသံများ ထွက်ပေါ်လာခဲ့သည်။ ချိုပါသော လိပ်၏ အခွံမှာလည်း ဟောင်းနွမ်းနေသော နံရံတစ်ခုကဲ့သို့ တစ်စစီ ကွဲအက်သွားတော့သည်။ လိပ်မှာ ပို၍ ကြီးမားလာဟန် တူပြီး ၎င်းကြောင့်ပင် အခွံမှာ ကွဲအက်သွားခြင်း ဖြစ်၏။
သူတို့ နှစ်ကောင်လုံး၏ အငွေ့အသက်နှင့် ဒြပ်စင်စွမ်းအားများမှာလည်း ဟုန်ခနဲ မြင့်တက်လာခဲ့သည်။
အနီးနားမှ စောင့်ကြည့်နေသော တန်ရွှင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။
"ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်း... ဒါ... ဒါက ဆင့်ကဲပြောင်းလဲခြင်းပဲ"
ဘေးကလူများမှာလည်း တန်ရွှင်း၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် သူတို့၏ သံသယများမှာ အတည်ဖြစ်သွားခဲ့သည်။
၎င်းမှာ ဆင့်ကဲပြောင်းလဲခြင်း လုပ်ငန်းစဉ်ပင် ဖြစ်ပြီး သားရဲ ငါးကောင်လုံးမှာ တစ်ပြိုင်နက်တည်း ဆင့်ကဲပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။ လူအများအပြားမှာ ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။
ယနေ့တွင် သူတို့သည် ဗဟုသုတအသစ်များကို ရရှိခဲ့ကြလေပြီ။
"ဘုရားရေ... သူတို့ တကယ်ပဲ ဆင့်ကဲပြောင်းလဲသွားတာလား"
"သားရဲ ငါးကောင်လုံး တစ်ပြိုင်တည်း ဆင့်ကဲပြောင်းလဲသွားတာလား၊ အဲဒီထဲက နှစ်ကောင်က အဆင့် (၂) ကနေ (၃) ကိုတောင် ပြောင်းလဲသွားတာနော်... ဒါက မယုံနိုင်စရာပဲ... ငါ အိပ်မက်မက်နေတာလား"
အခန်း (၃၉၂) - ထိုက်တန်လှပေစွ၊ ကျောက်စိမ်းနဂါး၏ အထူးချွန်ဆုံး အကဲဖြတ်မှူး
ကျောက်စိမ်းနဂါး ပွဲတော်သည် ယခုအခါ အထွတ်အထိပ် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ကျောက်စိမ်းနဂါး ဘုရားကျောင်း တစ်ခုလုံးမှာလည်း ပြည်သူများ၏ ဟစ်ကြွေးသံများနှင့် ဆူညံပွက်လောရိုက်နေခဲ့သည်။ လူတိုင်းမှာ ဘုရားကျောင်းကဲ့သို့သော မြင့်မြတ်ရာ နေရာတွင် ရှိနေသည်ကိုပင် ဂရုမစိုက်နိုင်ကြတော့ဘဲ အားပေးနေကြတော့သည်။
သာမန်လူများက ပြပွဲတစ်ခုကို ကြည့်နေရသကဲ့သို့ ပျော်ရွှင်နေကြသော်လည်း ပညာရှင်များကမူ လင်းကျင်း၏ အတတ်ပညာကို ကြည့်ကာ မိန်းမောနေကြ၏။
နန်းတွင်းအရာရှိများနှင့် သာမန်ပြည်သူများနှင့် နှိုင်းယှဉ်လျှင် သားရဲအကဲဖြတ်မှူး အသင်းချုပ်မှ အကဲဖြတ်မှူးများမှာ အံ့သြတုန်လှုပ်မှု အရှိဆုံး ဖြစ်နေကြသည်။
အရှင်မင်းကြီးက 'နဂါးအိပ်စက်ရာ ကျောက်တုံး' ကို မဲနှိုက်မိစဉ်ကတည်းက အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူတို့ သိရှိခဲ့ကြသည်။ စင်မြင့်ပေါ်သို့ ခေါ်ဆောင်လာသော သားရဲ ငါးကောင်ကို သူတို့ တိတ်တဆိတ် အကဲဖြတ်ကြည့်လိုက်သောအခါ သူတို့၏ စိုးရိမ်မှုမှာ ပို၍ပင် ကြီးမားလာခဲ့၏။
ထိုသတ္တဝါ ငါးကောင်လုံးမှာ ဆင့်ကဲပြောင်းလဲရန် မဖြစ်နိုင်သလောက် ခက်ခဲသော သတ္တဝါများ ဖြစ်သည်ဟု ပြောလျှင်ပင် အပိုဖြစ်မည် မဟုတ်ပေ။
အဆင့် (၂) သားရဲ နှစ်ကောင်လုံးမှာ ပျမ်းမျှအဆင့်ရှိသော ဆင့်ကဲပြောင်းလဲနိုင်စွမ်းသာ ရှိကြသည်။ နည်းပညာအရ ပြောရလျှင် ဆေးဝါးများနှင့် ဝိညာဉ်ကျောက်တုံးများ၏ အကူအညီဖြင့် ရက်အနည်းငယ်ကြာ အချိန်ယူမည်ဆိုပါက အဆင့် (၂) နှင့် (၃) အကဲဖြတ်မှူးများမှာ ဤသားရဲများကို အဆင့်မြှင့်တင်ပေးနိုင်ရန် ယုံကြည်မှု ရှိကောင်းရှိနိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုကဲ့သို့ နေရာမှာတင် ချက်ချင်း အကဲဖြတ်ပြီး ဆင့်ကဲပြောင်းလဲပေးရန် ဆိုသည်မှာ သူတို့အတွက် လက်တွေ့တွင် မဖြစ်နိုင်ပေ။
"ညီအစ်ကိုတန်... လင်းကျင်းကတော့ တကယ့်ကို မယုံနိုင်စရာပဲ... ကျုပ် အဲဒီချိုပါတဲ့ လိပ်ကို အကဲဖြတ်ကြည့်ပြီး ဆင့်ကဲပြောင်းလဲခြင်း နည်းလမ်းတစ်ခု စဉ်းစားကြည့်တယ်၊ ဒါပေမဲ့ အဲဒါက အလွန်စျေးကြီးတဲ့ ပါဝင်ပစ္စည်းတွေ လိုအပ်တဲ့အပြင် အောင်မြင်မှုနှုန်းကလည်း ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာ"
ချူချန်ဟယ်က လေးနက်သော မျက်နှာထားဖြင့် မှတ်ချက်ပေးလိုက်သည်။
အသင်းချုပ်တွင် ချူချန်ဟယ်နှင့် တန်ရွှင်းတို့မှာ အဆင့်တူ အဆင့်အတန်းတူ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အလွန်လေးစားအပ်သော အဆင့် (၃) အကဲဖြတ်မှူးများ ဖြစ်ကြသည့်အလျောက် သူတို့မှာ အတွေ့အကြုံ အလွန်ရင့်ကျက်ပြီး ဗဟုသုတ ကြွယ်ဝကြသူများ ဖြစ်၏။ ထို့အပြင် ချူချန်ဟယ်မှာ မာန အနည်းငယ်ကြီးသူလည်း ဖြစ်သည်။ သူကဲ့သို့သော လူမျိုးက ဤသို့ ပြောလိုက်ခြင်းမှာ လင်းကျင်း၏ အဆင့် (၃) အကဲဖြတ်မှူးဟူသော ဂုဏ်ပုဒ်ကို သူ အပြည့်အဝ အသိအမှတ်ပြုလိုက်ပြီ ဖြစ်ကြောင်း သက်သေပင် ဖြစ်၏။
တန်ရွှင်းက ခါးသီးသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး... သူက 'မယုံနိုင်စရာ' ကောင်းရုံတင် မဟုတ်ဘူး... ခင်ဗျားက ခုနက အဆင့် (၂) သားရဲ နှစ်ကောင်ကိုပဲ အာရုံစိုက်နေတာ... ကျန်တဲ့ အဆင့် (၁) အမဲလိုက်ခွေး သုံးကောင်ကိုရော သတိမထားမိဘူးလား"
"ဟမ်...."
ချူချန်ဟယ် မှင်တက်သွား၏။
အမှန်ပင်၊ သူသည် ကျန်ရှိသော သားရဲများကို လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သို့ပင် ကြည့်စေကာမူ အဆင့် (၂) သားရဲကို ဆင့်ကဲပြောင်းလဲပေးရခြင်းက ပို၍ စိန်ခေါ်မှုကြီးမားလှသဖြင့် သူသည် အဆင့် (၁) ခွေးသားရဲများကို စိတ်မဝင်စားမိခဲ့ပေ။
သေချာပါသည်၊ တန်ရွှင်းက ဤအချက်ကို ထည့်ပြောရခြင်းမှာ အကြောင်းရင်း ရှိပေလိမ့်မည်။
ထို့ကြောင့် ချူချန်ဟယ်သည် ထပ်မံကြည့်ရှုလိုက်ပြီး တန်ရွှင်း ပြောချင်သော အချက်ကို ချက်ချင်းပင် နားလည်သွားခဲ့သည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ချူချန်ဟယ်မှာ အံ့အားသင့်သွားတော့သည်။ လင်းကျင်းက အဆင့် (၂) သားရဲ နှစ်ကောင်ကို အဆင့် (၃) သို့ မြှင့်တင်ပေးလိုက်သည်ကို မြင်ရစဉ်ကပင် သူ ဤမျှအထိ မိန်းမောမသွားခဲ့ပေ။
အခြားသော သားရဲအကဲဖြတ်မှူးများကလည်း သူ၏ အကြည့်နောက်သို့ လိုက်၍ ကြည့်လိုက်ကြသည်။ အဆင့် (၂) အကဲဖြတ်မှူးများက ဘာဖြစ်သွားသည်ကို ရိပ်မိလိုက်ကြသော်လည်း အဆင့် (၁) အကဲဖြတ်မှူးများကမူ ဇဝေဇဝါ ဖြစ်နေဆဲပင်။
ထို့နောက် တန်ရွှင်းက မေးလိုက်သည်။
"ခင်ဗျားလည်း သတိထားမိသွားပြီ မဟုတ်လား"
ချူချန်ဟယ်က အံ့သြမှင်တက်နေသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
တန်ရွှင်း အနေဖြင့် စကားတစ်လုံးမျှ ထပ်ပြောရန် မလိုတော့ပေ။ ထိုမျှနှင့်ပင် လုံလောက်လှပြီ ဖြစ်၏။ ထူးခြားမှုကို သတိပြုမိသော အခြား အကဲဖြတ်မှူးများပင်လျှင် သူတို့၏ စီနီယာများက တိတ်ဆိတ်နေကြသဖြင့် သူတို့လည်း မည်သည့် မှတ်ချက်မျှ မပေးဝံ့ကြပေ။
၎င်းမှာ ဘာမှ သတိမထားမိသူများအတွက်မူ အလွန်ပင် စိတ်ပျက်စရာကောင်းလှပေသည်။
သို့သော်လည်း သူတို့မှာ အခြေအနေကို မေးမြန်းရန် မရဲကြပေ။ ယင်းအစား သူတို့သည် ထိုနေရာတွင်သာ ရပ်နေရင်း သူတို့၏ စူးစမ်းလိုစိတ်ကို တိတ်တဆိတ် မျိုသိပ်ထားကြရတော့သည်။
အဆင့် (၃) သားရဲအကဲဖြတ်မှူး တစ်ဦးအနေဖြင့် ယွီမန့်ထန်မှာလည်း လင်းကျင်း၏ ယနေ့ အံ့မခန်းဆုံးသော စွမ်းဆောင်ရည်မှာ အဆင့် (၂) သားရဲ နှစ်ကောင်ကို မြှင့်တင်ပေးလိုက်ခြင်း မဟုတ်ဘဲ အဆင့် (၁) အမဲလိုက်ခွေး သုံးကောင် ဖြစ်သည်ကို သိမြင်နိုင်ပေသည်။
အမှန်အတိုင်း ပြောရလျှင် ယွီမန့်ထန်သည် လင်းကျင်း၏ အရည်အချင်းကို တစ်ခါမျှ အသိအမှတ် မပြုခဲ့ပေ။ သို့သော် ယခုမူ အမှန်တရားကို လက်ခံရန် မည်မျှပင် ဝန်လေးနေပါစေ၊ လင်းကျင်း၏ စွမ်းဆောင်ရည်မှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်ကိုတော့ သူ ဝန်ခံရတော့မည် ဖြစ်၏။ လင်းကျင်းက ဤသားရဲများကို မည်သို့ ဆင့်ကဲပြောင်းလဲပေးလိုက်သည်ကိုပင် သူ မသိနိုင်ပေ။ သူ သတိထားမိလိုက်သည့် တစ်ခုတည်းသော အချက်မှာ လင်းကျင်းက သူတို့ကို တစ်ချက်စီ ပုတ်လိုက်ခြင်းပင် ဖြစ်သည်။
အသင်းချုပ်မှ ထိပ်တန်း အကဲဖြတ်မှူးများပင်လျှင် ဤသို့ဖြစ်နေရမှတော့ ကျန်ရှိသော သူများအနေဖြင့် လင်းကျင်းက ဤသားရဲများကို မည်သို့ ဆင့်ကဲပြောင်းလဲပေးလိုက်သည်ကို မသိနိုင်သည်မှာ သဘာဝကျလှပေသည်။
အရှင်မင်းကြီး ဟယ်ရွှမ်အတွက်မူ လုပ်ငန်းစဉ်မှာ အရေးမကြီးပေ။ ရလဒ်ကသာ အရေးကြီးခြင်း ဖြစ်၏။
သူသည် ထိုရလဒ်များအပေါ် အလွန်ပင် ကျေနပ်နေခဲ့သည်။
အတိုင်းထက်အလွန် ကျေနပ်နေခြင်း ဖြစ်၏။
အကဲဖြတ်မှူး တစ်ဦးအနေဖြင့် လင်းကျင်း၏ အရည်အချင်းမှာ အံ့မခန်းပင် ဖြစ်ပြီး ထိုမျှနှင့်ပင် လုံလောက်လှပြီ ဖြစ်သည်။ ဤသို့ဖြင့် သူ၏ တော်ဝင်အမိန့် ထုတ်ပြန်ခဲ့မှုမှာ ထူးခြားပြောင်မြောက်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့လေပြီ။ ၎င်းမှာ သူသည် လူတော်လူကောင်းများကို ရွေးချယ်တတ်သော ထူးခြားသည့် အမြင်ရှိကြောင်း ပြသနေခြင်းပင်။ သူ၏ ပုံရိပ်မှာလည်း ဆွေမျိုးကောင်းစားရေး ဝါဒကျင့်သုံးသည်ဟူသော စွပ်စွဲချက်များအောက်တွင် ပျက်စီးသွားတော့မည် မဟုတ်ပေ။
ပို၍ အရေးကြီးသော အချက်မှာ ဤဖြစ်ရပ်ကြောင့် ဟယ်ရွှမ်၏ စိတ်ထဲတွင် 'ပြတိုက်မှူး' အပေါ် အကဲဖြတ်မှုမှာ မသိမသာ မြင့်တက်သွားခြင်းပင်။
တပည့်ဖြစ်သူ လင်းကျင်း၏ အရည်အချင်းမှာပင် သားရဲများစွာကို အလွယ်တကူ ဆင့်ကဲပြောင်းလဲပေးနိုင်မှတော့ ပြတိုက်မှူးကိုယ်တိုင်ဆိုလျှင် မည်မျှအထိ စွမ်းအားကြီးမားလိမ့်မည်ကိုသာ စဉ်းစားကြည့်ပေတော့။
'ငါတို့သာ အဲဒီလူကို အသုံးပြုပြီး ငါတို့နိုင်ငံရဲ့ သားရဲတစ်ကောင်ကို အဆင့် (၅) အထိ မြှင့်တင်ပေးနိုင်မယ်ဆိုရင် ငါတို့နိုင်ငံဟာ အမှန်တကယ် ပြန်လည် ထွန်းကားလာနိုင်မှာပဲ... ငါ ဟယ်ရွှမ်ဟာလည်း ငါတို့ ဘိုးဘေးတွေကို ဂုဏ်တက်စေခဲ့တဲ့ ပညာရှိ ဘုရင်တစ်ပါးအဖြစ် သမိုင်းတွင်ကျန်ရစ်လိမ့်မယ်'
သူ၏ စိတ်လှုပ်ရှားမှုများကြားမှပင် ဟယ်ရွှမ်က မနေနိုင်ဘဲ ပြောလိုက်သည်။
"အကဲဖြတ်မှူးလင်းရဲ့ ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းတွေက တကယ်ကို ရင်သပ်ရှုမောစရာပါပဲ... ငါ တကယ်ကို ကျေနပ်တယ်... ငါ့ဆီကို စုတ်တံနဲ့ မင် ယူခဲ့ပေးကြ"
အရှင်မင်းကြီး၏ အမိန့်ကို မည်သူက မနာခံဘဲ နေဝံ့ပါမည်နည်း။ စုတ်တံ၊ မင်၊ စက္ကူနှင့် စားပွဲတစ်ခုကိုပင် ချက်ချင်း ယူဆောင်လာခဲ့ကြသည်။
"ဒီနေ့မှာ အကဲဖြတ်မှူးလင်းကို ငါကိုယ်တိုင် ရေးထိုးထားတဲ့ ဂုဏ်ပြုကမ္ပည်း တစ်ခုကို ပေးအပ်ချင်တယ်"
ဟယ်ရွှမ်က ပြောလိုက်သည်။ သူသည် ယနေ့တွင် စိတ်အခြေအနေ အလွန်ကောင်းနေခဲ့၏။ လင်းကျင်းက ထိုသို့ ပြုလုပ်ရန် မလိုအပ်ဟု ထင်သော်လည်း အရှင်မင်းကြီးကိုတော့ မတားဝံ့ပေ။
သိပ်မကြာမီမှာပင် ဟယ်ရွှမ်သည် စုတ်တံကို ယူကာ စာလုံးလေးလုံးကို ရေးထိုးလိုက်တော့သည်။
ဟယ်ရွှမ်ကိုယ်တိုင်မှာလည်း လက်ရေးလှပညာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အနည်းဆုံးတော့ လင်းကျင်း အနေဖြင့် သူ၏ လက်ရာမှာ အလွန်ပင် အံ့သြစရာကောင်းသည်ဟု ထင်မြင်မိသည်။
ထိုကမ္ပည်းပေါ်တွင် ရေးထိုးထားသော စာလုံးလေးလုံးမှာ - 'ကျောက်စိမ်းနဂါး၏ အထူးချွန်ဆုံး အကဲဖြတ်မှူး'ဟူ၍ ဖြစ်၏။
ဟယ်ရွှမ်၏ ရည်ရွယ်ချက်ကို သိရှိသော နန်းတွင်းမိန်းမစိုးကြီး ယောင်ရှန့်က လင်းကျင်းကို ပြုံး၍ အရိုအသေ ပေးလိုက်သည်။
"ဂုဏ်ယူပါတယ် အကဲဖြတ်မှူးလင်း... အရှင်မင်းကြီးက ဒီနေ့ ပေးအပ်လိုက်တဲ့ ဘွဲ့တံဆိပ်နဲ့အတူ အကဲဖြတ်မှူးလင်းဟာ ကျောက်စိမ်းနဂါးနိုင်ငံရဲ့ အထူးချွန်ဆုံး အကဲဖြတ်မှူးအဖြစ် တရားဝင် သတ်မှတ်ခြင်း ခံရပါပြီ... အသင်းချုပ်အတွက် ဆက်လက် အကျိုးပြုပြီး ကျွန်ုပ်တို့နိုင်ငံရဲ့ သားရဲအကဲဖြတ်မှူး အများအပြားအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေးပါဦး"
အမှန်ပင်၊ ဟယ်ရွှမ်၏ ရည်ရွယ်ချက်မှာ စစ်မှန်လှပေသည်။
သေချာပါသည်၊ သူသည် ဝမ်းမြောက်ရုံသက်သက်ဖြင့် ဤသို့ ပြုလုပ်ခြင်း မဟုတ်ပေ။
ဧကရာဇ်တစ်ပါး အနေဖြင့် စိတ်ဝင်စားမှု တစ်ခုတည်းအပေါ် အခြေခံကာ ဆုံးဖြတ်ချက်များ မည်သို့ ချနိုင်ပါမည်နည်း။
အချို့သော ဧကရာဇ်များက ထိုသို့ ပြုလုပ်ကောင်း ပြုလုပ်နိုင်သော်လည်း ဟယ်ရွှမ်ကတော့ ထိုသို့ ပြုလုပ်မည့်သူ မဟုတ်ပေ။
သူ၏ အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ သူသည် လင်းကျင်းကို ကျောက်စိမ်းနဂါးနိုင်ငံနှင့် အမြဲတမ်း ပတ်သက်နေစေရန် ကြိုးပမ်းခြင်း ဖြစ်၏။ လင်းကျင်းကဲ့သို့သော အရည်အချင်းရှိသူ တစ်ဦးသည် ယခုအခါ မည်သည့်နေရာသို့မဆို တက်လှမ်းနိုင်ပြီ ဖြစ်ကြောင်း ဟယ်ရွှမ် ကောင်းစွာ သိရှိထားသည်။ သူ၏ သားရဲအကဲဖြတ်ခြင်း အရည်အချင်းနှင့် သူ၏ နောက်ကွယ်ရှိ စွမ်းအားကြီးမားလှသော ပြတိုက်မှူးကြောင့် လင်းကျင်းသည် သူသာ အလိုရှိပါက ဧကရာဇ်၏ အမိန့်ကိုပင် ဖီဆန်နိုင်စွမ်း ရှိပေသည်။
ဟယ်ရွှမ်သည် သူ ဧကရာဇ် ဖြစ်နေရုံမျှဖြင့် လူတိုင်းကို ထိန်းချုပ်နိုင်သည်ဟု ထင်မည့်သူ မဟုတ်ပေ။ လွန်ခဲ့သော အချိန်အနည်းငယ်ကပင် သူသည် နန်းတော်တံတိုင်းများ နောက်ကွယ်တွင် ကြောက်ရွံ့စွာဖြင့် နေထိုင်ခဲ့ရသည် မဟုတ်ပါလား။ ထိုခေါင်းမာလှသော ကျောက်စိမ်းနဂါး နတ်ဘုရားအိုကြီးသည် သူ့ကို အမြဲတမ်း ဖိနှိပ်ထားခဲ့ပြီး ဟယ်ရွှမ်ကို စည်းကမ်းဘောင်အတွင်း၌သာ နေစေခဲ့သည်။ အထူးသဖြင့် ထိုကျိန်စာကြောင့် သူတို့၏ တော်ဝင်မိသားစုသည် အမျိုးသမီး သားသမီးများကို ယဇ်ပူဇော်ရန် အမြဲတမ်း ပေးအပ်နေခဲ့ရပြီး ဟယ်ရွှမ်မှာ ၎င်းကို အလွန်ပင် အရှက်ရဖွယ် ကောင်းသည်ဟု ထင်မြင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။
သူသည် ယခုအချိန်မှစ၍ သူ၏ နိုင်ငံတော် သာယာဝပြောရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်၏။ သူသည် ကျောက်စိမ်းနဂါးနိုင်ငံကို ပြန်လည် တည်ဆောက်မည်ဖြစ်ပြီး သူ၏ ရည်မှန်းချက်အတွက် အရေးကြီးဆုံး အဆင့်မှာ နိုင်ငံတော်အတွက် အဆင့် (၅) သားရဲတစ်ကောင် ရရှိရန်ပင် ဖြစ်သည်။
၎င်းမှာ နိုင်ငံတစ်ခုကို အဆင့်မြင့် နိုင်ငံအဖြစ် သတ်မှတ်ခြင်း မခံရမီ အခြေခံ လိုအပ်ချက်ပင် ဖြစ်၏။
ထို့ကြောင့် သူသည် လင်းကျင်းအား အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။ 'ကျောက်စိမ်းနဂါး၏ အထူးချွန်ဆုံး အကဲဖြတ်မှူး' ဆိုသည်မှာ သူ ပေးအပ်နိုင်သော အကောင်းဆုံးအရာ ဖြစ်သဖြင့် ယခုအချိန်မှစ၍ လင်းကျင်းသည် ကျောက်စိမ်းနဂါးနိုင်ငံနှင့် ဆက်နွှယ်နေပေတော့မည်။
ဧကရာဇ်၏ လုပ်ဆောင်ချက်မှာ လူအများအပြားကို မှင်တက်သွားစေခဲ့သည်။ ထို့အပြင် အများစုမှာလည်း မနာလို ဖြစ်နေကြ၏။
ဤလုပ်ဆောင်ချက်က လင်းကျင်းကို ကျောက်စိမ်းနဂါးနိုင်ငံရှိ သားရဲအကဲဖြတ်မှူး အားလုံး၏ အထက်သို့ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ တန်ရွှင်းနှင့် ချူချန်ဟယ် ကဲ့သို့သော ဝါရင့်အကဲဖြတ်မှူးများပင်လျှင် လင်းကျင်း၏ အောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ဧကရာဇ်၏ အမိန့်မှာ ဆွေးနွေး ငြင်းခုံရန် အခွင့်အရေး မရှိပေ။
သို့သော်လည်း တန်ရွှင်းနှင့် ချူချန်ဟယ် နှစ်ဦးလုံးမှာလည်း ထိုလုပ်ဆောင်ချက်အပေါ် သဘောတူကြသည်ကို မည်သူမျှ မသိကြပေ။ သူတို့သည် ကန့်ကွက်ခြင်း မရှိရုံတင်မကဘဲ လင်းကျင်းသည် ဤကဲ့သို့သော ဘွဲ့တံဆိပ်နှင့် ထိုက်တန်လှသည်ဟုပင် ထင်မြင်နေကြသည်။
တစ်ချိန်က အသင်းချုပ်တွင် အမြင့်ဆုံးသော အဆင့်အတန်းကို ရရှိထားကြသော ဝါရင့်အကဲဖြတ်မှူး နှစ်ဦးလုံးမှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး သူတို့၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေး ရှိနေကြသည်မှာ သိသာလှပေသည်။
သူတို့သည် လင်းကျင်း၏ အရည်အချင်းအပေါ် အကြွင်းမဲ့ ယုံကြည်သွားကြလေပြီ။