အခန်း (၃၉၅-၃၉၆)
Vol. 20 Ch. 395-396
အခန်း (၃၉၅) - အဆင့် (၄) အရည်အချင်းများ
လင်းကျင်းသည် သူ၏ နည်းစနစ်ကို လျှို့ဝှက်မထားဘဲ တန်ရွှင်းအား ပြောပြလိုက်သည်။ တန်ရွှင်းမှာ စဉ်းစားခန်းဝင်သွားသည်မှာ သူကိုင်ထားသော ခွက်ထဲမှ အရက်များ ဖိတ်ကျနေသည်ကိုပင် သတိမထားမိတော့ပေ။
သူသည် အတွေးနက်သွားပြီး ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်နေသဖြင့် အခြားမည်သည့်အရာကမျှ သူ၏ အာရုံကို မဆွဲဆောင်နိုင်တော့ချေ။
တစ်နာရီခန့် ကြာပြီးနောက်တွင်မူ လင်းကျင်း ပြောပြခဲ့သော ရိုးရှင်းသည့် စာကြောင်းအနည်းငယ်ကို တန်ရွှင်း နားလည်သဘောပေါက်သွားခဲ့သည်။ ထိုအချိန်တွင် လင်းကျင်းမှာလည်း ဗိုက်ဝအောင် စားပြီးနေပြီ ဖြစ်၏။
တစ်နေ့လုံး ဘာမှ မစားရသေးသဖြင့် လင်းကျင်းမှာ အတော်လေး ဗိုက်ဆာနေခဲ့ခြင်း ဖြစ်သည်။
တန်ရွှင်း သတိပြန်ဝင်လာသောအခါ စားပွဲပေါ်ရှိ အရက်ကွက်ကို မြင်သွားပြီး ချက်ချင်းပင် သုတ်လိုက်တော့သည်။ ဤမျှတိုတောင်းသော အချိန်အတွင်း သူ ရရှိလိုက်သော ဗဟုသုတများမှာ အံ့မခန်းပင် ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူသည် အလွန်ထူးခြားသော နည်းစနစ်အချို့ကိုလည်း သိရှိသွားခဲ့သည်။ အနည်းဆုံးတော့ ဝိညာဉ်သွေးကြောများကို မည်သို့ ပြန်လည်သွန်းလောင်းရမည်ကို သူ နားလည်သွားခဲ့ပြီ ဖြစ်၏။ သို့သော် သိရုံနှင့် မပြီးသေးဘဲ လက်တွေ့အသုံးမချမီ ထပ်မံလေ့လာရန် လိုအပ်ပေသေးသည်။ အကဲဖြတ်မှူးတိုင်းတွင် မတူညီသော အရည်အချင်းနှင့် စွမ်းဆောင်ရည်များ ရှိကြသဖြင့် နည်းစနစ်မှာ တူညီနေပါစေ၊ ရလဒ်မှာ ကွာဟမှု ရှိနိုင်ပေသည်။
သေချာပါသည်၊ တန်ရွှင်းအတွက် ဇဝေဇဝါဖြစ်စရာ အချို့ ရှိနေသေးသဖြင့် လင်းကျင်းထံတွင် နှိမ့်ချစွာဖြင့် မေးမြန်းခဲ့သည်။ လင်းကျင်းကလည်း တန်ရွှင်း၏ မေးခွန်းများကို အစီအစဉ်တကျ ပြန်လည်ဖြေကြားပေးခဲ့၏။ ထိုမေးခွန်းများမှာ သားရဲအကဲဖြတ်ခြင်း အရည်အချင်းများမှသည် အပ်စိုက်ကုသရာတွင် အသုံးပြုသည့် နည်းလမ်းအမျိုးမျိုးအထိ ပါဝင်သည်။
အပြင်လူတစ်ဦး မြင်လျှင် ဤမြင်ကွင်းမှာ ထူးဆန်းနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တန်ရွှင်းမှာ ဆရာဖြစ်သူ လင်းကျင်းထံမှ သင်ခန်းစာများ ခံယူနေသော ကျောင်းသားတစ်ဦးနှင့် တူနေသောကြောင့်ပင်။ ထိုထက် ပို၍ ထူးဆန်းစေသည်မှာ ဤဆရာတပည့် နှစ်ဦးကြားရှိ အသက်အရွယ် ကွာဟမှုပင် ဖြစ်၏။
ရယ်စရာကောင်းသည်မှာ တန်ရွှင်းရော လင်းကျင်းပါ ၎င်းကို သတိမထားမိကြခြင်း ဖြစ်သည်။ သို့မဟုတ် သူတို့၏ စရိုက်အရ ၎င်းကို ဂရုမစိုက်ကြခြင်းလည်း ဖြစ်နိုင်ပေသည်။
တစ်ဦးက ဗဟုသုတကို ငတ်မွတ်နေပြီး အခြားတစ်ဦးကလည်း နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးရသည်ကို နှစ်သက်နေခဲ့သည်။ သူတို့ စကားပြောရင်းနှင့် ခေါင်းစဉ်မှာ ဝိညာဉ်သွေးကြော ပြန်လည်တည်ဆောက်ခြင်းမှသည် သားရဲအကဲဖြတ်ခြင်း နည်းစနစ်များနှင့် သားရဲများ ခွဲခြားခြင်းအထိ ရောက်ရှိသွားခဲ့သည်။ သူတို့သည် ဆေးလုံးများနှင့် ဆေးဝါးများ အသုံးပြုပုံအကြောင်းကိုပင် ဆွေးနွေးခဲ့ကြသေး၏။
စကားဝိုင်းမှာ ပို၍ ကျယ်ပြန့်လာသောအခါ သူတို့သည် သင်ယူနေသည့် အခြေအနေမှသည် ဆွေးနွေးညှိနှိုင်းသည့် အခြေအနေသို့ ကူးပြောင်းသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ တန်ရွှင်းမှာ ဝါရင့် အဆင့် (၃) အကဲဖြတ်မှူးတစ်ဦးဖြစ်ပြီး ကျောက်စိမ်းနဂါးနိုင်ငံတွင် အထင်ရှားဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သဖြင့် သူ့တွင်လည်း အခြားသူများကို မပြောပြဖူးသေးသည့် ကိုယ်ပိုင်အမြင်များ ရှိပေလိမ့်မည်။ သူတို့၏ အပြန်အလှန် ဆွေးနွေးမှုမှာ ပို၍ စိတ်လှုပ်ရှားစရာကောင်းလာပြီး ပျော်ရွှင်စရာ ကောင်းလှသဖြင့် အချိန်ကုန်သွားသည်ကိုပင် သတိမထားမိကြတော့ပေ။ အပြင်ဘက်တွင် မှောင်အတိကျနေပြီဖြစ်သော်လည်း သူတို့၏ စကားဝိုင်းမှာ ပြီးဆုံးမည့်ပုံ မပေါ်သေးပေ။
အစပိုင်းတွင် တန်ရွှင်းသည် သူ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူရန်အတွက် အခြေအနေကို ပြောင်းပြန်လှန်ရန် စဉ်းစားခဲ့သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သားရဲအကဲဖြတ်ခြင်းနှင့် ပတ်သက်လာလျှင် လင်းကျင်းတွင် မည်သည့် အားနည်းချက်မျှ မရှိသည်ကို သိလိုက်ရသဖြင့် သူ မှင်တက်သွားခဲ့ရ၏။
မည်သည့် ခေါင်းစဉ်ငယ်ကမျှ သူ့အတွက် စိန်ခေါ်မှု မဖြစ်နိုင်ပေ။
ထို့ကြောင့် ဆွေးနွေးမှုမှာ လင်းကျင်းက ဟောပြောပို့ချပေးသော သင်ခန်းစာတစ်ခုအဖြစ်သို့ နောက်တစ်ကြိမ် ပြန်လည် ကူးပြောင်းသွားခဲ့ပြန်သည်။
အရက်ပုလင်းမှာ ကုန်သွားခဲ့ပြီဖြစ်ကာ ဟင်းသုံးပွဲလုံးလည်း ပြောင်သွားခဲ့သော်လည်း လူနှစ်ဦးလုံးမှာ ရပ်တန့်မည့် အရိပ်အယောင် မရှိကြပေ။
အပြင်ဘက်တွင် ခြောက်နာရီမှ ရှစ်နာရီခန့်အထိ စောင့်ဆိုင်းနေရသော ချူချန်ဟယ်မှာမူ အားကိုးရာမဲ့နေခဲ့သည်။ သူသည် အထဲမှ ဆွေးနွေးနေသံများကို မသဲမကွဲ ကြားနေရသော်လည်း ဝင်သွားရန်မှာ အလွန် ဝန်လေးနေခဲ့၏။ သူသည် အခန်းပြင်တွင်သာ စိုးရိမ်တကြီးဖြင့် ဆက်လက် စောင့်ဆိုင်းနေခဲ့ရတော့သည်။
မတ်လ၏ ရာသီဥတုမှာ အေးစိမ့်နေဆဲ ဖြစ်၏။ တစ်ချိန်တွင် ချူချန်ဟယ်မှာ အောင့်မထားနိုင်တော့ဘဲ နှာချေလိုက်မိသည်။
ညဉ့်နက်နေပြီ ဖြစ်သဖြင့် သူ၏ နှာချေသံမှာ အလွန် ကျယ်လောင်လှရာ တန်ရွှင်းနှင့် လင်းကျင်းတို့မှာ အထဲမှပင် ကြားလိုက်ရသည်။
တန်ရွှင်းသည် စိတ်အားထက်သန်သော မျက်နှာထား ဖြစ်နေခဲ့ရာမှ နှာချေသံကို ကြားလိုက်ရသောအခါ ချက်ချင်းပင် အပြင်၌ စောင့်နေသော သူ၏ သူငယ်ချင်းကို သတိရသွားတော့သည်။
'အို... ဒုက္ခပါပဲ၊ အကဲဖြတ်မှူးချူကို ငါ မေ့သွားတယ်'
သူက သူ့ဘာသာ တွေးလိုက်မိ၏။
ကောင်းကင်ကို ကြည့်လိုက်လျှင် မနက် တစ်နာရီခန့် ရှိနေပြီ ဖြစ်သော်လည်း တန်ရွှင်းမှာ အချိန်ကုန်သွားသည်ကိုပင် သတိမထားမိခဲ့ပေ။
"အကဲဖြတ်မှူးတန်... အပြင်မှာ ဘယ်သူလဲ"
လင်းကျင်းက မေးလိုက်သည်။
တန်ရွှင်းသည် အမှန်အတိုင်း ပြောပြလိုက်ရာ လင်းကျင်းသည် တစ်စက္ကန့်မျှ မဆိုင်းမတွဘဲ ထိုင်နေရာမှ ထကာ ချူချန်ဟယ်ကို အထဲသို့ ဖိတ်ခေါ်လိုက်တော့သည်။
သေချာပါသည်၊ အကဲဖြတ်မှူးချူမှာ အခန်းပြင်တွင် တုန်တုန်ယင်ယင် ဖြစ်နေခဲ့ရရှာသည်။ အခန်းထဲသို့ ရောက်လာသည့်တိုင်အောင် သူသည် အေးစိမ့်နေဆဲ ဖြစ်၏။ တန်ရွှင်း၏ မျက်နှာတွင် အပြစ်မကင်းသည့် အမူအရာ ပေါ်လာပြီး 'သူ့ကို ငါ ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ' ဟု တွေးနေမိသည်။
လင်းကျင်းသည် အခန်းကို နွေးထွေးသွားအောင် နည်းလမ်းလေးတစ်ခု အသုံးပြုလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ မီးနှင့် ကစားခြင်းမှာ သူ့အတွက်တော့ ကလေးကစားစရာမျှသာ ဖြစ်၏။
ချူချန်ဟယ် နွေးထွေးလာသည့် အချိန်တွင် သူနှင့် တန်ရွှင်းတို့မှာ လင်းကျင်းကို ဆက်လက် အနှောင့်အယှက် ပေးရန် အလွန်ပင် အားနာနေကြပြီ ဖြစ်သည်။
ညဉ့်လည်း တော်တော်လေး နက်နေပြီ မဟုတ်ပါလား။
သူတို့ကို တံခါးဝအထိ လိုက်ပို့ရင်း လင်းကျင်းက ပြုံး၍ ပြောလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်လုံးက ကျုပ်ရဲ့ စီနီယာတွေပါပဲ၊ ဒါကြောင့် နောင်မှာ တစ်ခုခု လိုအပ်တာရှိရင် ကျုပ်ဆီကို လာခဲ့ပါ... စီနီယာတို့နဲ့ သားရဲအကြောင်းတွေကို ဆွေးနွေးဖို့ ကျုပ် အမြဲ အဆင်သင့်ပါပဲ"
တန်ရွှင်း ခေါင်းခါလိုက်ချင်သည်။
'ဆွေးနွေးတာ ဟုတ်လား'
'ဒါက တစ်ဖက်သတ် သင်ခန်းစာ ပေးနေတာလေ၊ ဟုတ်တယ်မလား... ငါ့ရဲ့ လုပ်သက်တစ်လျှောက်လုံး အချိန်တွေ အကုန်ခံခဲ့တာတောင် အခုတော့ ဂျူနီယာ တစ်ယောက်ရဲ့ အကျော်အမော်ကို ခံလိုက်ရပြီဆိုတာ ငါတောင် မယုံနိုင်ဘူး'
သို့သော်လည်း တန်ရွှင်းမှာ စိတ်မပျက်သည့်အပြင် စိတ်အခြေအနေပင် အတော်လေး ကောင်းနေခဲ့သေးသည်။
အမှန်တကယ်တော့ နောက်မျိုးဆက်သစ်တွေက သူတို့ရဲ့ ရှေ့ဆောင်တွေထက် ပိုပြီး တော်လာတာက နိမိတ်ကောင်းတစ်ခုပဲ မဟုတ်ပါလား။ လင်းကျင်းကဲ့သို့သော ပါရမီရှင်တစ်ဦး ကျောက်စိမ်းနဂါး အသင်းချုပ်တွင် ပေါ်ထွက်လာခြင်းအတွက် တန်ရွှင်း ဝမ်းမြောက်နေမိသည်။
ချူချန်ဟယ်မှာလည်း ထိုအတွေးမျိုး ရှိနေသည်။ လင်းကျင်း၏ 'ဝိညာဉ်သွေးကြော ပြန်လည်တည်ဆောက်ခြင်း' နည်းလမ်း မည်သို့ အလုပ်လုပ်သည်ကို သူ အကြမ်းဖျင်း နားလည်သွားခဲ့ပြီဖြစ်ကာ အတွေးတစ်ခု ဝင်လာခဲ့၏။
"အကဲဖြတ်မှူးလင်း... မင်းရဲ့ ဝိညာဉ်သွေးကြော ပြန်လည်တည်ဆောက်ခြင်း နည်းလမ်းက တကယ့်ကို ထူးခြားပြောင်မြောက်လှပါတယ်... ဒါကို စာအုပ်တစ်အုပ်အဖြစ် ရေးသားသင့်တယ်လို့ ထင်တယ်... အကယ်၍ ဒီစာအုပ်သာ ထွက်လာမယ်ဆိုရင် ဒီမှာတင်မကဘဲ တစ်လောကလုံး ဟိုးဟိုးကျော်သွားမှာ သေချာတယ်... ငါတို့က အထင်ကြီးပြီး ပြောနေတာ မဟုတ်ပါဘူး... အမှန်အတိုင်း ပြောရရင် ကျုပ်တို့ရဲ့ အကဲဖြတ်မှုအရဆိုရင် အကဲဖြတ်မှူးလင်းက အခုအချိန်မှာ အဆင့် (၄) အကဲဖြတ်မှူး တစ်ယောက်အဖြစ် သတ်မှတ်ခံရဖို့ အရည်အချင်း ပြည့်မီနေပြီ"
တန်ရွှင်း၏ မျက်လုံးများမှာလည်း ဤစကားကြောင့် အရောင်တောက်သွားခဲ့သည်။
"သူပြောတာ မှန်တယ်... အကဲဖြတ်မှူးလင်း... မင်းမှာ ဒီဝိညာဉ်သွေးကြော ပြန်လည်တည်ဆောက်ခြင်း နည်းစနစ် တစ်ခုတည်းနဲ့တင် အဆင့် (၄) သားရဲအကဲဖြတ်မှူး အရည်အချင်း ရှိနေပါပြီ... ဒါကို ဘာလို့ ကြိုးစားမကြည့်တာလဲ"
အဆင့် (၃) အကဲဖြတ်မှူး နှစ်ဦးလုံးက ဤသို့ ပြောဆိုလာကြသဖြင့် လင်းကျင်း၏ စိတ်ထဲတွင် စိတ်ဝင်စားမှုများ နိုးကြားလာခဲ့သည်။
အဆင့် (၄) အကဲဖြတ်မှူး တစ်ဦး၏ တန်ဖိုးမှာ အဆင့် (၃) အကဲဖြတ်မှူးနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ဖြစ်နိုင်လျှင် လင်းကျင်းကိုယ်တိုင်လည်း ဤကဲ့သို့သော ဘွဲ့တံဆိပ်ကို ရရှိရန် ကြိုးစားချင်ပေသည်။ သူ့ကို အံ့သြသွားစေသည့် အချက်မှာ တန်ရွှင်းနှင့် ချူချန်ဟယ်တို့က ဤအကြံပေးချက်ကို ပထမဆုံး စတင် ပြောဆိုလာခြင်းပင် ဖြစ်၏။
သို့သော်လည်း လင်းကျင်းမှာ လုပ်ထုံးလုပ်နည်းများကို မသိရှိသဖြင့် သူတို့၏ လမ်းညွှန်မှုကို ခံယူရန် ဆုံးဖြတ်လိုက်သည်။
တန်ရွှင်းက ပြန်ဖြေလာသည်။
"အလယ်အလတ် နိုင်ငံတစ်ခုရဲ့ သားရဲအကဲဖြတ်မှူး အသင်းချုပ်က အဆင့် (၃) အထိပဲ ဘွဲ့ပေးနိုင်တာ... အဲဒီထက် မြင့်တဲ့ အဆင့်တွေအတွက်ဆိုရင်တော့ အဆင့်မြင့် နိုင်ငံတစ်ခုရဲ့ အသင်းချုပ်ဆီမှာ သွားပြီး လုပ်ရမှာ... ကျုပ်တို့ မင်းအတွက် 'ထျန်းရွှမ်'နိုင်ငံရဲ့ အသင်းချုပ်မှာ စစ်ဆေးမှု ခံယူနိုင်ဖို့ ထောက်ခံစာ တစ်စောင် ရေးပေးနိုင်တယ်"
"အဲဒီလောက်တောင် အလုပ်ရှုပ်တာလား"
လင်းကျင်းသည် ထိုစကားကို ကြားပြီးနောက် ချက်ချင်းပင် လက်တွန့်သွားခဲ့သည်။ အဆင့် (၄) သို့ တက်လှမ်းရန်အတွက် 'ထျန်းရွှမ်' နိုင်ငံအထိ ခရီးသွားရမည်ဆိုခြင်းမှာ အလွန်ပင် စိတ်ရှုပ်စရာ ကောင်းလှသည်ဟု သူ ထင်လိုက်ခြင်း ဖြစ်၏။
ဟုတ်သားပဲ၊ အကဲဖြတ်မှူးတန်ရဲ့ သမီး တန်လင်းလည်း လွန်ခဲ့တဲ့ အချိန်အနည်းငယ်က ထျန်းရွှမ် အကယ်ဒမီကို သွားခဲ့ဖူးတယ် မဟုတ်လား။
တန်ရွှင်းက ထိုနေရာတွင် အဆက်အသွယ်ရှိသည်ဟု ပြောခြင်းမှာ အလကား ပြောနေခြင်း မဟုတ်ပေ။
လင်းကျင်း အနည်းငယ် စဉ်းစားလိုက်သည်။ မိမိ၏ အဆင့်ကို မြှင့်တင်ခြင်းမှာ အသုံးဝင်သော အရာဖြစ်သဖြင့် သေချာပေါက် လိုအပ်လှပေသည်။ ထို့အပြင် သူသည် အခြားသော အဆင့် (၄) အကဲဖြတ်မှူးများနှင့် တွေ့ဆုံကာ သူတို့ မည်မျှအထိ တိုးတက်နေကြပြီလဲဆိုသည်ကိုလည်း မြင်တွေ့နိုင်မည် ဖြစ်၏။
သို့သော်လည်း ၎င်းမှာ အနာဂတ်အတွက်သာ ဖြစ်ပေလိမ့်မည်။ လင်းကျင်းတွင် ယခု လောလောဆယ် လုပ်ဆောင်စရာများ ရှိနေသေးသည်။
လင်းကျင်းသည် တန်ရွှင်းနှင့် ချူချန်ဟယ်တို့ကို အရိုအသေ ပေးလိုက်သည်။
"စီနီယာတို့... ကျုပ် နောင်တစ်ချိန်မှာ 'ထျန်းရွှမ်' နိုင်ငံကို သွားဖို့ဆိုတာ မနောက်ကျသေးပါဘူး... အချိန်ကျလာတဲ့အခါကျရင်တော့ ထောက်ခံစာအတွက် စီနီယာတို့ကို အကူအညီ တောင်းရပါလိမ့်မယ်... အခုကတည်းကပဲ ကြိုပြီးတော့ တောင်းပန်ထားပါရစေ"
"အာ... အဲဒီလို မပြောပါနဲ့"
"စိတ်မပူပါနဲ့... အဲဒါကို ကျုပ်တို့ဆီမှာပဲ ထားလိုက်ပါ"
ဤသို့ဖြင့် တန်ရွှင်းနှင့် ချူချန်ဟယ်တို့မှာ နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။ ညဉ့်မှာ အလွန်ပင် နက်နေပြီ ဖြစ်၏။ ကိုယ်လက်သန့်စင်ပြီးနောက် လင်းကျင်းသည် အနားယူရန် လှဲလျောင်းလိုက်သည်။ သို့သော်လည်း သူသည် ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ထဲတွင် အဆင့် (၄) အကဲဖြတ်မှူး ဖြစ်လာမည့် အကြောင်းများကိုသာ စဉ်းစားနေမိသောကြောင့်ပင်။
လင်းကျင်းသည် ဤကဲ့သို့သော အပေါ်ယံ ဘွဲ့တံဆိပ်များကို ဂရုမစိုက်ဟု ပြောကောင်း ပြောနိုင်သော်လည်း လက်တွေ့တွင်မူ အဆင့်တိုးမြှင့်ခံရမည့် အလားအလာအပေါ် သူ တော်တော်လေး စိတ်လှုပ်ရှားနေမိသည်မှာ အမှန်ပင် ဖြစ်၏။
အခန်း (၃၉၆) - မသန့်စင်သေးသော မီးတောက်
နောက်တစ်နေ့ နံနက်တွင် လင်းကျင်းအား နန်းတော်သို့ ခေါ်ဆောင်ရန် နန်းတွင်း အခြွေအရံများ ရောက်ရှိလာကြသည်။
မင်းသမီး ဟယ်ယုအတွက် သင့်တော်မည့် သားရဲတစ်ကောင်ကို ရွေးချယ်ပေးရန်နှင့် သွေးကတိသစ္စာ ပြုလုပ်ရာတွင် ကူညီပေးရန် ဧကရာဇ်အား ကတိပေးထားပြီးဖြစ်သဖြင့် သူသည် အိပ်ချင်မူးတူး ဖြစ်နေသည့်ကြားမှပင် အတင်းအကျပ် ထလိုက်ရတော့သည်။
ဝတ်စားဆင်ယင်ပြီးနောက် အပြင်ဘက်တွင် သူ့ကို စောင့်ဆိုင်းနေသော မိန်းမစိုးကြီး တစ်ဦးကို တွေ့လိုက်ရ၏။ ထိုသူ၏ နောက်ကွယ်တွင် မြင်းရထားတစ်စီးနှင့်အတူ နန်းတွင်းအစောင့်တပ်သား ခြောက်ဦးက ခြံရံထားသည်။ အစောင့်အရေအတွက်မှာ နည်းသည်ဟု ထင်ရသော်လည်း သူတို့၏ အရှိန်အဝါများမှာ သာမန်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် တော်ဝင်မိသားစုကို ခစားနေကြသူများ ဖြစ်ကြသည်မဟုတ်ပါလား။
လင်းကျင်းသည် ဤမိန်းမစိုးကြီးကို ယခင်က မြင်ဖူးသည်။ သူသည် အရှင်မင်းကြီး၏ ဘေးနားတွင် အမြဲရှိနေလေ့ရှိရာ မင်းကြီး၏ ယုံကြည်စိတ်ချရသော လူယုံတစ်ဦး ဖြစ်ရမည်ဟု လင်းကျင်း ခန့်မှန်းလိုက်၏။
"အကဲဖြတ်မှူးလင်း... အရှင်မင်းကြီးက အကဲဖြတ်မှူးကို နန်းတော်ထဲ ခေါ်ဆောင်လာဖို့ ကျွန်ုပ်ကို စေလွှတ်လိုက်ပါတယ်"
ထိုမိန်းမစိုးကြီးမှာ ယောင်ရှန်းပင် ဖြစ်သည်။
ဟယ်ရွှမ်က သူ့ကို ကိုယ်တိုင်လွှတ်လိုက်ခြင်းမှာ လင်းကျင်းအပေါ် ထားရှိသော လေးစားမှုကို ဖော်ပြနေခြင်း ဖြစ်၏။
လင်းကျင်းက အရိုအသေ ပေးလိုက်သည်။
"အခုလို ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်"
"အကဲဖြတ်မှူးလင်းကလည်း အားနာစရာ မလိုပါဘူး"
ယောင်ရှန်းက ပြုံး၍ ပြောရင်း လင်းကျင်းအား ရထားပေါ်သို့ ဖိတ်ခေါ်လိုက်သည်။ သူတို့ တစ်ဦးနှင့်တစ်ဦး ဖြတ်ကျော်သွားစဉ် လင်းကျင်းသည် ယောင်ရှန်းကို တစ်ချက် လှည့်ကြည့်လိုက်၏။ သူသည် မိန်းမစိုးကြီးကို ခဏတာ စိုက်ကြည့်နေပြီးမှ "ကျုပ် ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ" ဟု မေးလိုက်သည်။
ယောင်ရှန်းက ပြန်ဖြေလိုက်၏။
"အကဲဖြတ်မှူးလင်း... ကျွန်ုပ်ကို ယောင်ရှန်းလို့ပဲ ခေါ်နိုင်ပါတယ်"
"မိန်းမစိုးယောင်..."
လင်းကျင်း၏ မျက်နှာထားမှာ တည်ကြည်သွားခဲ့သည်။
"ခင်ဗျား လေ့ကျင့်နေတဲ့ 'သားရဲအရှင်သခင် တတိယမြောက် ကျမ်းစာ' က မပြည့်စုံဘူး ဖြစ်နေတယ်... အဲဒီလို ချို့ယွင်းချက် ရှိနေတာကို သားရဲနဲ့ ပေါင်းစပ်ဖို့ ကြိုးစားတာက စွမ်းအင်တွေကို ပဋိပက္ခ ဖြစ်စေလိမ့်မယ်... ဒါ့အပြင် ခင်ဗျားရဲ့ သားရဲက 'ပုပ်သိုးခြင်း ပိုးကောင်'ဖြစ်နေတာကြောင့် သူ့ရဲ့ သွေးတွေက ခင်ဗျားကို ညတိုင်းမှာ အပြင်းအထန် နာကျင်မှုကို ခံစားရစေတယ် မဟုတ်လား"
သူ၏ စကားများကြောင့် ယောင်ရှန်းမှာ အလွန်အမင်း ထိတ်လန့်သွားကာ မျက်နှာတစ်ခုလုံး ချက်ချင်း ပြာနှမ်းသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ဤအကြောင်းကို ယောင်ရှန်း တစ်ဦးတည်းသာ သိသောကြောင့် ဖြစ်၏။ အမှန်စင်စစ် ယောင်ရှန်းသည် မည်သည့် သားရဲအကဲဖြတ်မှူးထံသို့မျှ သွားရောက်ပြသခဲ့ခြင်း မရှိသဖြင့် ဤသတင်းမှာ ပေါက်ကြားရန် လုံးဝ မဖြစ်နိုင်ပေ။
မိန်းမစိုးကြီးမှာ အံ့သြတုန်လှုပ်နေဆဲမှာပင် လင်းကျင်းက ထပ်လောင်း ပြောကြားလိုက်သည်။
"ခင်ဗျား ဆန္ဒရှိမယ်ဆိုရင် ခဏနေရင် ခင်ဗျားရဲ့ ပြဿနာတွေကို ကျုပ် ကူညီဖြေရှင်းပေးနိုင်ပါတယ်"
ထို့နောက် သူသည် ရထားပေါ်သို့ တက်သွားခဲ့တော့သည်။
ယောင်ရှန်းမှာ မှင်တက်ကျန်ရစ်ခဲ့သော်လည်း သူ၏ သတိကို အမြန်ပြန်လည် စုစည်းလိုက်၏။
ဤဝေဒနာမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ ယောင်ရှန်းကိုယ်တိုင် အသိဆုံး ဖြစ်သည်။ သားရဲအရှင်သခင် တတိယမြောက် ကျမ်းစာဆိုသည်မှာ မှူးမတ်များ၊ တော်ဝင်မိသားစုဝင်များနှင့် အဆင့်မြင့် ပညာရှင် အနည်းငယ်သာ လေ့ကျင့်ခွင့်ရှိသော နည်းစနစ်ဖြစ်သဖြင့် သူ့ကဲ့သို့ လူမျိုးအတွက် လေ့ကျင့်ခွင့် ရရန်မှာ မလွယ်ကူပေ။
သစ္စာရှိသော အစေခံတစ်ဦးဖြစ်သည့်အတွက် အရှင်မင်းကြီးက သူ့ကို ဒုတိယမြောက် ကျမ်းစာကို လေ့ကျင့်ခွင့် ပေးခဲ့ဖူးသော်လည်း ဒုတိယကျမ်းစာမှာ တတိယကျမ်းစာကို မမီကြောင်း ယောင်ရှန်း ကောင်းစွာ သိထားသည်။ သို့သော်လည်း ၎င်းမှာ အရှင်မင်းကြီး၏ ဆုလာဘ်ဖြစ်သဖြင့် ယောင်ရှန်းမှာ ဒုတိယကျမ်းစာကိုသာ ရွေးချယ်ခဲ့ရ၏။ သို့သော်လည်း တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် တတိယမြောက် ကျမ်းစာ၏ လေ့ကျင့်မှု မှတ်တမ်းတစ်ခုကို ရရှိခဲ့သည်။
ထိုစဉ်က ယောင်ရှန်းသည် ၎င်းကို သူ၏ ကိုယ်ပိုင် ရတနာတစ်ခုကဲ့သို့ တန်ဖိုးထားခဲ့သည်။ သူသည် မည်သူ့ကိုမျှ မပြောပြသလို ဆွေးနွေးခြင်းလည်း မပြုဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးက ဒုတိယကျမ်းစာကို ဆုပေးထားပါလျက်နှင့် ဤသို့ ခိုးယူလေ့ကျင့်ခြင်းမှာ ကျေးဇူးကန်းသော အစေခံတစ်ဦးအဖြစ် ရှုမြင်ခံရနိုင်သောကြောင့် ဖြစ်၏။ အကယ်၍ ပေါက်ကြားသွားပါက သူသည် သေဒဏ်ပေးခံရမည်မှာ သေချာသည်။ သို့သော်လည်း စွန့်စားရမှုများ ရှိသည့်ကြားမှ ယောင်ရှန်းသည် တတိယကျမ်းစာ၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ဘဲ တိတ်တဆိတ် လေ့ကျင့်ခဲ့ရာ နောက်ပိုင်းမှသာ ထိုကျမ်းစာမှာ မပြည့်စုံကြောင်း သိလိုက်ရခြင်း ဖြစ်သည်။
ထိုအချိန်တွင် ယောင်ရှန်းအတွက် လက်လျှော့ရန်မှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။ မပြည့်စုံသော လေ့ကျင့်မှု လုပ်ငန်းစဉ်ကြောင့် သူ၏ သားရဲနှင့် ပေါင်းစပ်မှုမှာ ချို့ယွင်းချက်များ ဖြစ်ပေါ်ခဲ့ပြီး ထိုအချိန်မှစ၍ နာကျင်မှု၏ အရင်းအမြစ် ဖြစ်လာခဲ့တော့သည်။ လင်းကျင်း ပြောခဲ့သကဲ့သို့ပင် သူသည် ညတိုင်းတွင် ညှဉ်းပန်းနှိပ်စက်ခံရသလို နာကျင်မှုကို ခံစားနေရခြင်း ဖြစ်၏။
၎င်းမှာ ယောင်ရှန်း၏ လျှို့ဝှက်ချက်ဖြစ်သော်လည်း လင်းကျင်းက တစ်ချက်ကြည့်ရုံနှင့် အကုန်သိမြင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အရှင်မင်းကြီးထံမှ လင်းကျင်း၏ အကြောင်းကို ကြားဖူးထားသော်လည်း ယခုမှသာ သူ၏ သခင်က လင်းကျင်းကို အဘယ်ကြောင့် ဤမျှအထိ အလေးထားပြီး 'ပြတိုက်မှူး' ကိုပင် အဘယ်ကြောင့် ကြောက်ရွံ့နေရသည်ကို ယောင်ရှန်း နားလည်သွားတော့သည်။
လျှို့ဝှက်ချက်များနှင့် အသေးစိတ် အချက်အလက်များကို အလွယ်တကူ ထိုးဖောက်မြင်နိုင်သော ဤကဲ့သို့သော မျက်လုံးမျိုး ရှိနေမှတော့ အကဲဖြတ်မှူးလင်း၏ အရည်အချင်းမှာ မည်မျှအထိ မြင့်မားမည်ကို ပြောနေစရာပင် မလိုတော့ပေ။
ထိတ်လန့်မှုအပြင် ယောင်ရှန်းသည် အမှန်တရားကို ဝန်ခံရန်လည်း ဝန်လေးနေခဲ့သည်။
သူသည် ဖော်ထုတ်ခံရမည်ကို ကြောက်နေခဲ့၏။ အကယ်၍ အရှင်မင်းကြီးသာ သူ တတိယကျမ်းစာကို တိတ်တဆိတ် လေ့ကျင့်နေသည်ကို သိသွားပါက ယောင်ရှန်းမှာ မည်သည့်အခါမျှ ခွင့်လွှတ်ခံရမည် မဟုတ်ပေ။ သို့သော်လည်း ညတိုင်းမှာ သူ၏ဘဝမှာ ငရဲကျနေသကဲ့သို့ ဖြစ်နေသည်မှာ အမှန်ပင်။ ဤနှစ်ပေါင်းများစွာ သူ ခံစားခဲ့ရသော နာကျင်မှုများကို ပြန်တွေးကြည့်ရင်း မည်သူ့အကူအညီမျှ မပါဘဲ ဤမျှအထိ တောင့်ခံလာနိုင်သည်ကို ယောင်ရှန်းကိုယ်တိုင်ပင် အံ့သြနေမိသည်။
ယောင်ရှန်းကို အကြောက်ဆုံး ဖြစ်စေသည့် အချက်မှာ အချိန်ကြာလာသည်နှင့်အမျှ ညစဉ် ခံစားရသော နာကျင်မှုမှာ ပို၍ ပြင်းထန်လာခြင်းပင် ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် မကြာသေးမီက ခံစားရသော နာကျင်မှုမှာ အလွန်ပင် ဆိုးရွားလှသဖြင့် ဤအတိုင်းသာ ဆက်သွားနေပါက နောက်ထပ် တစ်နှစ်ပင် တောင့်ခံနိုင်တော့မည် မဟုတ်ဟု သူ ခန့်မှန်းထားသည်။
ထိုအချိန်ကျလျှင် သူသည် ရူးသွပ်သွားလိမ့်မည်၊ သို့မဟုတ် နာကျင်မှုကြောင့် သေဆုံးသွားပေလိမ့်မည်။
တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းမှာ အသက်ရှင်သန်ရေးအတွက် အရေးကြီးသော ကိစ္စပင် ဖြစ်၏။
အရှင်မင်းကြီး၏ အရင်းနှီးဆုံး လူယုံအဖြစ် ရွေးချယ်ခံရခြင်းက ယောင်ရှန်းတွင် ခိုင်မာသော ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသည်ကို သက်သေပြနေသည်။ သူသည် ပြတ်သားသော လူတစ်ယောက် ဖြစ်သဖြင့် ၎င်းမှာ တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေး ဖြစ်ကြောင်း သိရှိရန် မခက်ခဲလှပေ။
ကျောက်စိမ်းနဂါးနိုင်ငံ တစ်ခုလုံးတွင် သူ့ကို ကယ်တင်နိုင်သူမှာ အကဲဖြတ်မှူးလင်း တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
အကယ်၍ သူသာ ဤအခွင့်အရေးကို လက်လွတ်ခံလိုက်ပါက သူသည် မိမိ၏ သင်္ချိုင်းဆီသို့သာ တည့်တည့် လျှောက်လှမ်းသွားရပေလိမ့်မည်။
ယောင်ရှန်းမှာ အခုချိန်တွင် မသေချင်သေးပေ။
နန်းတော်သို့ သွားရာ လမ်းတစ်လျှောက်တွင် ယောင်ရှန်းသည် နောက်ဆုံး၌ သတ္တိကို စုစည်းကာ တိုးတိုးလေး မေးလိုက်သည်။
"အကဲဖြတ်မှူးလင်း... ကျွန်ုပ်ရဲ့ ပြဿနာကို တကယ်ပဲ ကူညီပေးနိုင်မှာလား"
ရထားထဲတွင်မူ လင်းကျင်းသည် တစ်ချက် ရယ်လိုက်ပြီးနောက် 'မျက်လှည့်အတတ်'တစ်ခုကို အသုံးပြုလိုက်သည်။
လင်းကျင်းသည် ဤဆန်းကြယ်သော မျက်လှည့်အတတ်အပေါ် သူ၏ သုတေသနပြုမှုမှာ ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ တစ်ဖက်လူ၏ မြင်ကွင်းကို လှည့်စားနိုင်သည့်အပြင် အသံကိုလည်း လုံခြုံအောင် ဖုံးကွယ်ထားနိုင်ပေသည်။
ယောင်ရှန်းသည် မည်မျှအထိ သတိကြီးစွာ ထားနေသည်ကို မြင်လိုက်ရသဖြင့် မိန်းမစိုးကြီးမှာ သူ၏ ပြဿနာကို အခြားသူများအား မသိစေလိုကြောင်း လင်းကျင်း သိရှိသွားခဲ့ရာ သူ့ကို ကူညီရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ပြောရမည်ဆိုလျှင် လင်းကျင်းသည်လည်း ယောင်ရှန်း၏ အခြေအနေကို စူးစမ်းလိုစိတ် ရှိနေသည်။
အကယ်၍ အခြားသူ တစ်ဦးဦးသာ လေ့ကျင့်နေစဉ်အတွင်း ဤကဲ့သို့သော မတော်တဆမှုမျိုး ကြုံတွေ့ခဲ့ရပါက သေဆုံးသွားသည်မှာ ကြာလှပြီ ဖြစ်၏။ ယောင်ရှန်းက ၎င်းကို အားလုံး တောင့်ခံနိုင်ခဲ့ခြင်းမှာ အံ့ဖွယ်တစ်ခုပင် ဖြစ်သည်ဟု လင်းကျင်း ယူဆလိုက်သည်။
ထို့ကြောင့် လင်းကျင်းသည် ဤထူးဆန်းသော ဖြစ်စဉ်၏ အကြောင်းရင်းကို စစ်ဆေးကြည့်လိုပေသည်။ သူသည် ဆန်းသစ်သော ရောဂါတစ်ခုကို တွေ့ရှိလိုက်ရသော ဆရာဝန်တစ်ဦးကဲ့သို့ပင်။ အချို့က ၎င်းကို အခက်အခဲတစ်ခုအဖြစ် ရှုမြင်ကြသော်လည်း အခြားတစ်ဖက်မှ ကြည့်လျှင်မူ ၎င်းမှာ မိမိ၏ ဗဟုသုတနှင့် အတွေ့အကြုံများကို ကြွယ်ဝစေမည့် အခွင့်အရေးတစ်ခု ဖြစ်နေပြန်သည်။
လင်းကျင်းသည်လည်း ထိုနည်းတူပင် ဖြစ်၏။
သူသည် အပ်တစ်ချောင်းကို ထုတ်လိုက်ရာ ယောင်ရှန်း၏ ကိုယ်ထဲသို့ ထိုးစိုက်လိုက်သောအခါ မိန်းမစိုးကြီးမှာ အနည်းငယ် လန့်သွားသော်လည်း ငြိမ်သက်စွာ နေခဲ့သည်။ လင်းကျင်းမှာ သူ့ကို စစ်ဆေးရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ ကျောက်စိမ်းနဂါး ပွဲတော်အတွင်းတွင်လည်း ဤကဲ့သို့သော လုပ်ရပ်မျိုးကို သူ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
အပ်သည် ယောင်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်လိုက်သည်နှင့် လင်းကျင်းမှာ ပြဿနာက ဘယ်နေရာမှာလဲဆိုသည်ကို ချက်ချင်းပင် နားလည်သွားတော့သည်။
"ခင်ဗျား ဒီလောက်အထိ တောင့်ခံနိုင်တာကို ကျုပ် အံ့သြမိတယ်"
လင်းကျင်းက မှတ်ချက်ပေးလိုက်သည်။ အခြေအနေကို သိရှိသွားသောအခါ ယောင်ရှန်း အသက်ရှင်နေသေးခြင်းမှာ အမှန်တကယ်ပင် အံ့ဖွယ်တစ်ခု ဖြစ်ကြောင်း သူ သိလိုက်ရ၏။
သားရဲ၏ သွေးများက လူသား၏ သွေးကြောများထဲသို့ ကျူးကျော်ဝင်ရောက်လာသည့်တိုင်အောင် ထိုလူမှာ အသက်ရှင်နေသေးသည့် အခြေအနေမျိုးကို လင်းကျင်း ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။
၎င်းအတွက် အကြောင်းပြချက် တစ်ခုမှာ ယောင်ရှန်း သို့မဟုတ် သူ၏ သားရဲတွင် ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံ ရှိနေခြင်းကြောင့် ဖြစ်ရမည်။ သို့မဟုတ်ပါကလည်း ယောင်ရှန်းမှာ သူ၏ လေ့ကျင့်မှု လုပ်ငန်းစဉ်ကြောင့် ဤမျှအထိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း လင်းကျင်း၏ ယခု လက်ရှိ အဆင့်နှင့်ဆိုလျှင် ယောင်ရှန်း၏ ပြဿနာကို ဖြေရှင်းပေးရန်မှာ မခက်ခဲလှပေ။ အမှန်အတိုင်း ပြောရလျှင် သူ ရရှိထားသော ရေလှောင် အကြေးခွံဖြင့် 'မသန့်စင်သေးသော မီးတောက်' ကို လေ့ကျင့်ပြီးနောက်တွင် ၎င်းမှာ ပို၍ပင် လွယ်ကူသော လုပ်ငန်းစဉ် ဖြစ်သွားခဲ့သည်။ ရှောင်ဟော့၏ ဓမ္မခန္ဓာမှာလည်း အလွန်ပင် အထောက်အကူ ဖြစ်ပေလိမ့်မည်။
မီးဂုဏ်သတ္တိအပေါ် လင်းကျင်း၏ ကျွမ်းကျင်မှုမှာမူ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ရန်သူများကို တိုက်ခိုက်ရာတွင် သူသည် 'နဂါးမီးတောက်' ကို အသုံးပြုနိုင်သည်။ လင်းကျင်းကိုယ်တိုင် လေ့ကျင့်ထားသော 'မီးရောင်ခြည်' နှင့် 'ယန်' နဂါးမီးတောက်များကို ပေါင်းစပ်လိုက်ပါက ထိုတိုက်ခိုက်မှုသည် သူ၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ပြာကျစေနိုင်ပေသည်။ အနည်းဆုံးတော့ လင်းကျင်း၏ နဂါးမီးတောက်ကို မကြောက်သော ရန်သူမျိုး သူ မတွေ့ဖူးသေးပေ။
နောင်တစ်ချိန်တွင် လင်းကျင်းသာ ဖီးနစ်မီးတောက်များကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့မည်ဆိုပါက ဤမီးနည်းစနစ် သုံးမျိုး ပေါင်းစပ်မှုမှာ ပို၍ပင် စွမ်းအားကြီးမားလာမည်မှာ သေချာသည်။
သို့သော်လည်း ဖီးနစ်မီးတောက်အပေါ် သုတေသနပြုမှုမှာတော့ ဧည့်ခန်းမမှ ကျောက်ကျင့်ယန်၏ ဖီးနစ်ဥ ပေါက်လာသည့်အထိ စောင့်ရဦးမည် ဖြစ်၏။ သို့သော်လည်း သူ၏ တိုက်ခိုက်ရေး အရည်အချင်းများကို မြှင့်တင်ရန်အတွက် သူ အလျင်မလိုလှပေ။
တစ်ဖက်တွင်မူ လင်းကျင်း သူ၏ ရေလှောင် အကြေးခွံဖြင့် လေ့ကျင့်ထားသော 'မသန့်စင်သေးသော မီးတောက်' မှာ နဂါးမီးတောက်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ မသန့်စင်သေးသော မီးတောက်ဆိုသည်မှာ ဤကမ္ဘာပေါ်တွင် မရှိသင့်သော ဂုဏ်သတ္တိတစ်ခု ဖြစ်သည်။ ၎င်းမှာ မီးနှင့် ရေကို ပေါင်းစပ်ထားသည့် အတတ်ပညာဖြစ်ပြီး ရေလှောင်ကန် အကြေးခွံ၏ အကူအညီဖြင့် လင်းကျင်းမှာ မဖြစ်နိုင်ဟု ယူဆထားသော ဤမီးတောက်ကို လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်၏။
'မသန့်စင်သေးသော မီးတောက်' မှာ အခွင့်အလမ်းများ၏ မီးတောက်ပင် ဖြစ်သည်။ ၎င်းမှာ အန္တရာယ်မရှိသော မန္တန်တစ်ခု ဖြစ်သော်လည်း သတ္တဝါအားလုံးကို ပြုစုပျိုးထောင်ပေးရာတွင် အလွန် ထူးချွန်လှပေသည်။ သားရဲတစ်ကောင်၏ စိတ်ဝိညာဉ်နှင့် စိတ်ဓာတ်ကို ပြန်လည်တည်ဆောက်ပေးရာတွင် ၎င်းမှာ အလွန် အသုံးဝင်လှ၏။ လင်းကျင်းသည် ဤမီးတောက်ကို အသုံးပြုကာ အဆင့် (၁) အမဲလိုက်ခွေး သုံးကောင်၏ သွေးကြောများကို ပြန်လည် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင်မူ ယောင်ရှန်း၏ ဝိညာဉ်သွေးကြောများကို သန့်စင်ရန်အတွက်လည်း ဤမီးတောက်ကိုပင် အသုံးပြုမည် ဖြစ်သည်။
မီးစွမ်းအင်များမှာ ယောင်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။
မိန်းမစိုးကြီးမှာ သူ၏ နှလုံးသားမှသည် ခန္ဓာကိုယ်ရှိ ခြေလက်အင်္ဂါများနှင့် အရိုးများအထိ နွေးထွေးမှုများ လျင်မြန်စွာ စီးဆင်းသွားသည်ကို ခံစားလိုက်ရ၏။ ဤခံစားချက်မှာ မည်မျှအထိ ကောင်းမွန်သည်ကို သူ ဖော်ပြရန်ပင် ခက်ခဲလှပေသည်။ ထိုအပူရှိန်မှာ မီးတောက်ကဲ့သို့ ပူပြင်းသော်လည်း နာကျင်မှု မရှိပေ။ ယင်းအစား ယောင်ရှန်းအား အလွန်အမင်း သက်သောင့်သက်သာရှိမှုနှင့် တစ်သားတည်း ဖြစ်သွားသလို ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
ဤနှစ်ပေါင်းများစွာ တစ်လျှောက်လုံး ယောင်ရှန်းသည် သူ၏ သားရဲသွေးကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများကို ခံစားခဲ့ရသည်။ သူ၏ သွေးကြောများထဲတွင် လှည့်ပတ်နေပြီး အရိုးများထဲအထိ စီးဝင်နေသော အအေးဓာတ်မှာ အိပ်မပျော်သော ညပေါင်းများစွာ၏ အကြောင်းရင်း ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် နွေးထွေးမှုများ လျှံတက်လာသောအခါ ယောင်ရှန်းမှာ မီးတောက်များအကြားတွင် ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားနေရတော့သည်။
ဤလုပ်ငန်းစဉ်မှာ ခဏတာမျှသာ ကြာမြင့်သော်လည်း ယောင်ရှန်းအတွက်မူ ထာဝရကဲ့သို့ပင် ဖြစ်နေခဲ့ပြီး သူ အမှန်တကယ်ပင် ပြန်လည် မွေးဖွားလာသကဲ့သို့ ဖြစ်နေခဲ့၏။
ထို့နောက်တွင် သူသည် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
"မိန်းမစိုးယောင်..."
အိပ်မက်မှ နိုးလာသကဲ့သို့ ယောင်ရှန်း မျက်လုံးဖွင့်လိုက်ရာ သူ့ကို လှမ်းခေါ်နေသော နန်းတွင်းအစောင့်တစ်ဦးကို မြင်လိုက်ရသည်။ သူသည် ထိုအခြေအနေတွင် အလွန်အကျွံ နှစ်ခြိုက်သွားခဲ့သဖြင့် လမ်းလျှောက်နေရင်း ခြေလှမ်းများ ရပ်တန့်သွားခဲ့ခြင်း ဖြစ်၏။ ထိုအကြောင်းကြောင့်ပင် အစောင့်မှာ မိန်းမစိုးကြီးကို အိပ်မက်မှ နိုးအောင် လှုပ်ခါလိုက်ရခြင်း ဖြစ်သည်။
သတိပြန်ဝင်လာသောအခါ ယောင်ရှန်းမှာ ခပ်တိုးတိုး နှာချေလိုက်၏။
"စောစောက ခေါင်းနည်းနည်း မူးသွားလို့ပါ၊ အခုတော့ အဆင်ပြေသွားပါပြီ"
ထိုအစောင့်က တိုးတိုးလေး ပြောသည်။
"မိန်းမစိုးယောင်... အခုတလော အလုပ်တွေ အရမ်းပင်ပန်းနေလို့ ဖြစ်မှာပါ"
"ဘာမှ မဟုတ်ပါဘူး... မြန်မြန်သွားကြရအောင်... အရှင်မင်းကြီးကို စောင့်ခိုင်းထားလို့ မဖြစ်ဘူး မဟုတ်လား"
ယောင်ရှန်းသည် ရှေ့သို့ အမြန် လျှောက်လှမ်းသွားခဲ့သော်လည်း လင်းကျင်းမှာမူ သူ၏ ထိုင်ခုံတွင် မှီ၍ ထိုင်နေသည်ကို မြင်လိုက်ရ၏။ စောစောက ဖြစ်ပျက်ခဲ့သမျှမှာ အိပ်မက်တစ်ခုသာ ဖြစ်နေသကဲ့သို့ပင်။
သို့သော် ယောင်ရှန်း ၎င်းကို အိပ်မက်မဟုတ်မှန်း သိသည်။ ယခုအချိန်တွင် သူသည် ဆယ်နှစ်ခန့် ပို၍ ငယ်ရွယ်သွားသကဲ့သို့ ခံစားနေရပြီး ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုများမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူသည် တစ်ကိုယ်လုံး နွေးထွေးနေခဲ့သည်။ ထို့အပြင် သူ ငယ်ရွယ်စဉ်က ရှိခဲ့ဖူးသော ခွန်အားနှင့် တက်ကြွမှုများကိုလည်း ပြန်လည် ရရှိလိုက်သကဲ့သို့ပင်။
ယခုအချိန်တွင် ယောင်ရှန်းသည် လင်းကျင်းကို နတ်ဘုရားတစ်ပါးကဲ့သို့ပင် ရှုမြင်နေတော့သည်။
ရထားဘေးသို့ အမြန် လျှောက်လှမ်းလာပြီး ယောင်ရှန်းသည် အနီးကပ် လိုက်ပါရင်း တိုးတိုးလေး ပြောလိုက်သည်။
"အကဲဖြတ်မှူးလင်း... ဒီနေ့ ကျွန်ုပ်အပေါ် ပြသခဲ့တဲ့ ကျေးဇူးကို ယောင်ရှန်း တစ်သက်လုံး မှတ်ထားပါ့မယ်... နောင်တစ်ချိန်မှာ အကဲဖြတ်မှူးအနေနဲ့ ကျွန်ုပ်ရဲ့ အကူအညီ လိုအပ်လာခဲ့ရင် ကျွန်ုပ်ရဲ့ အသက်ကို ရင်းပြီးတော့တောင် ကူညီပေးဖို့ အသင့်ပါပဲ"
လင်းကျင်းသည် ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်စွာ ပြုံးလိုက်ရုံသာ ရှိတော့သည်။
သူသည် ယောင်ရှန်း၏ အခြေအနေကို စူးစမ်းလိုစိတ် ရှိရုံမျှသာ ဖြစ်ပြီး မိန်းမစိုးကြီးကို ကူညီပေးလိုက်ခြင်းကလည်း သူ့အတွက် ဘာမှ မထိခိုက်ပေ။ သူ ကူညီလိုက်သော လူက ကျေးဇူးပြန်ဆပ်သည်ဖြစ်စေ၊ မဆပ်သည်ဖြစ်စေ သူ ဂရုမစိုက်လှပေ။