အခန်း (၃၉၇-၃၉၈)
Vol. 20 Ch. 397-398
အခန်း (၃၉၇) - ကျောက်စိမ်းနဂါးဂူဗိမာန်
နန်းတော်ထဲသို့ ရောက်ရှိသောအခါ ဟယ်ရွှမ်သည် မင်းသမီးလေး ဟယ်ယု၊ ဟယ်ချန်းတို့နှင့်အတူ လင်းကျင်းကို စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။
သူသည် ဟယ်ယုအတွက် သားရဲတစ်ကောင် ရွေးချယ်ပေးရန် ရောက်လာခြင်း ဖြစ်သဖြင့် အမှန်တကယ်တော့ ဟယ်ချန်း ဤနေရာတွင် ရှိနေစရာ အကြောင်းမရှိပေ။ သို့သော် သူမ၏ စရိုက်ကို သိထားသဖြင့် သူမ ရှိနေခြင်းမှာ လင်းကျင်းအတွက် အံ့သြစရာတော့ မဟုတ်ပါချေ။
မင်းသမီးနှစ်ပါးအပြင် ဟယ်ရွှမ်၏ ဘေးနားတွင် အခြားလူနှစ်ဦးလည်း ရှိနေသေးသည်။
ထိုသူများမှာ ဟယ်ရွှမ်၏ သားတော်များ၊ တစ်နည်းအားဖြင့် ကျောက်စိမ်းနဂါးနိုင်ငံ၏ မင်းသားများပင် ဖြစ်ကြ၏။
တစ်ဦးမှာ အိမ်ရှေ့မင်းသား ဟယ်ဟွမ်ဖြစ်ပြီး အခြားတစ်ဦးမှာ ဒုတိယမင်းသား ဟယ်ယွီဖြစ်သည်။
မင်းသား၊ မင်းသမီးများမှာ လူအများကြားတွင် ထူးခြားထင်ရှားသူများ ဖြစ်ကြသည်။ သူတို့၏ ရုပ်ရည်၊ အမူအရာ၊ ဗဟုသုတ သို့မဟုတ် အတွေ့အကြုံများမှာ သာမန်မိသားစုမှ ကလေးများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ အထက်တန်းစား မှူးမတ်မျိုးနွယ်များပင်လျှင် သူတို့ကို မမီနိုင်ကြချေ။
မည်သို့ပင်ဖြစ်စေ ကျောက်စိမ်းနဂါးနိုင်ငံတွင် သြဇာအရှိဆုံး မိသားစုမှာ တော်ဝင် 'ဟယ်' မိသားစု ဖြစ်သည်မဟုတ်ပါလား။
အိမ်ရှေ့မင်းသား ဟယ်ဟွမ်မှာ အသက် ၃၀ ကျော်အရွယ် ရှိနေပြီဖြစ်ကာ သူ၏ အသက်အရွယ်နှင့်အညီ တော်ဝင်မိသားစုဝင်ကြီးများတွင် တွေ့ရလေ့ရှိသော တည်ကြည်ခန့်ညားသည့် အရှိန်အဝါမျိုး ရှိနေသည်။ ဒုတိယမင်းသား ဟယ်ယွီမှာမူ အနည်းငယ် ပို၍ နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသော ပုံစံရှိ၏။
ခဏတာမျှ လင်းကျင်းသည် ဟယ်ရွှမ်က သူ၏ သားတော်များကို အဘယ်ကြောင့် ခေါ်လာသနည်းဆိုသည်ကို စဉ်းစား၍ မရခဲ့ပေ။
သို့သော်လည်း သူတို့သည် 'ကျောက်စိမ်းနဂါးဂူဗိမာန်'ဆီသို့ ဦးတည်သွားနေစဉ်မှာပင် ဟယ်ရွှမ်က မေးလိုက်သည်။
"အကဲဖြတ်မှူးလင်း... ကျွန်ုပ်ရဲ့ သားတော်နှစ်ယောက်အပေါ် ဘယ်လို ထင်မြင်ပါသလဲ"
ဤစကားကြောင့် ဟယ်ရွှမ် ဘာလုပ်ချင်နေသည်ကို လင်းကျင်း နားလည်သွားတော့သည်။
'ဟင်း... အရှင်မင်းကြီးကတော့ ကျုပ်တို အထင်ကြီးလွန်းနေပြန်ပြီ'
လင်းကျင်းက စိတ်ထဲမှ ကျီစယ်လိုက်မိ၏။
ဟယ်ရွှမ် သူ့အား သားတော်နှစ်ဦးကို အကဲဖြတ်ခိုင်းနေခြင်းမှာ လူကြီးတစ်ဦးက လူငယ်များကို အကဲခတ်ခိုင်းနေသကဲ့သို့ပင်။ လင်းကျင်း၏ မှတ်ချက်သည် ထိုမင်းသားများ၏ ဘဝလမ်းကြောင်းအပေါ် သက်ရောက်မှု ရှိသွားနိုင်ပေသည်။
လင်းကျင်းသည် အပိုတွေးနေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဟယ်ရွှမ်၏ မျက်နှာထားနှင့် လေသံအရ အရှင်မင်းကြီးသည် သူ၏ ထင်မြင်ချက်ကို အလွန်အမင်း အလေးထားနေသည်ကို မြင်တွေ့နေရသောကြောင့် ဖြစ်၏။
ဤအချက်က လင်းကျင်းကို ပို၍ပင် စိုးရိမ်ပူပန်စေသည်။
"အရှင်မင်းကြီး... ကျုပ်က သားရဲအကဲဖြတ်မှူး တစ်ယောက်ပါပဲ... အရှင်မင်းကြီးရဲ့ သားတော်တွေအပေါ် ဘယ်လိုလုပ်ပြီး မှတ်ချက်ပေးနိုင်ပါ့မလဲ... ဒါက မသင့်တော်ပါဘူး"
လင်းကျင်းသည် ဟယ်ရွှမ် ရုတ်တရက် ပစ်ပေးလိုက်သော ဤဝန်ထုပ်ဝန်ပိုးကို အတတ်နိုင်ဆုံး ငြင်းပယ်ရန် ကြိုးစားလိုက်သည်။ လင်းကျင်းသည် အကျိုးဆက်များကို မကြောက်သော်လည်း ဤကဲ့သို့သော စိတ်ရှုပ်စရာ အခြေအနေများထဲတွင် မပါဝင်ချင်ပေ။
၎င်းမှာ တော်ဝင်မိသားစုတွင်း အာဏာလုပွဲများနှင့် ဆက်နွယ်နေနိုင်သည် မဟုတ်ပါလား။
သို့သော်လည်း ဟယ်ရွှမ်က လင်းကျင်းကို အလွယ်တကူ လွှတ်ပေးရန် အစီအစဉ် မရှိပေ။
"အကဲဖြတ်မှူးလင်း... မင်း အထင်မှားနေပြီ"
ဟယ်ရွှမ်က ပြုံး၍ ပြောလိုက်သည်။
"ငါက အကဲဖြတ်မှူးလင်းဆီကနေ သားတော်တွေရဲ့ သားရဲတွေအကြောင်းနဲ့ သွေးကတိသစ္စာ အဆင့်အတန်းတွေအပေါ် အမြင်ကို သိချင်ရုံပါ... သူတို့ရဲ့ သားရဲတွေထဲက ဘယ်သူ့သားရဲက ပိုပြီး ကြီးထွားလာနိုင်တဲ့ အလားအလာ ရှိသလဲဆိုတာ သိချင်တာပါ"
"အဲဒါဆိုရင်တော့ ကျွန်တော် လုပ်ပေးနိုင်ပါတယ်"
လင်းကျင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ဤနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်သည့်အတွက် လင်းကျင်းသည် ၎င်းကို သေချာပေါက် မှတ်ချက်ပေးနိုင်ပေသည်။ မည်သူ့၏ သွေးကတိသစ္စာက ပို၍ ခိုင်မာသနည်း သို့မဟုတ် မည်သူ့သားရဲက ပို၍ ဆင့်ကဲပြောင်းလဲနိုင်စွမ်း ရှိသနည်းဆိုသည်ကို အကဲဖြတ်ရာတွင် လင်းကျင်း၏ စကားမှာ ငြင်းမရသော အမှန်တရားများပင် ဖြစ်လိမ့်မည်။
သူ၏ အကဲဖြတ်ချက် ရလဒ်မှာ ဟယ်ရွှမ်က သူ၏ သားတော်နှစ်ဦးအပေါ် ထားရှိသော အမြင်ကို သက်ရောက်မှု ရှိမည်မှာ ပြောနေစရာပင် မလိုပေ။
သို့သော် ၎င်းမှာ လင်းကျင်းနှင့် မသက်ဆိုင်လှပါချေ။
လမ်းလျှောက်နေစဉ်အတွင်း မင်းသားနှစ်ပါးလုံးမှာ လင်းကျင်းနှင့် ရင်းနှီးမှုရရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ အုပ်ချုပ်သူ လူတန်းစားမှ အဖွဲ့ဝင်များ ဖြစ်ကြသည့်အတိုင်း သူတို့ ဘာလုပ်ရမည်ကို မသိလျှင်တော့ ပညာပေးနေရန်ပင် အချိန်ဖြုန်းစရာ မလိုတော့ပေ။
ဧကရာဇ် ဟယ်ရွှမ်ကိုယ်တိုင်က လင်းကျင်းအပေါ် အလွန်အမင်း ရိုသေလေးစားမှု ပြသနေသဖြင့် မင်းသားများမှာလည်း မျက်စိမကန်းသလို လူအလည်း မဟုတ်ကြပေ။ ထို့ကြောင့် လင်းကျင်း၏ အရေးပါသော အဆင့်အတန်းကို သူတို့ သတိပြုမိကြသည်။ သူတို့၏ ပုဂ္ဂိုလ်ရေးအမြင်မှာ မည်သို့ပင် ရှိစေကာမူ အပေါ်ယံတွင်တော့ အတတ်နိုင်ဆုံး ရိုသေလေးစားမှု ပြသကြမည်သာ ဖြစ်၏။
အိမ်ရှေ့မင်းသား ဟယ်ဟွမ်သည် သားရဲအကဲဖြတ်ခြင်းနှင့် ပတ်သက်သော မေးခွန်းများကို မေးမြန်းရင်း လင်းကျင်းနှင့် စကားလက်ဆုံကျရန် အမြဲ ကြိုးစားနေသည်။ လင်းကျင်းကလည်း သူ၏ မေးခွန်းများကို မပျက်မကွက် ပြန်လည်ဖြေကြားပေး၏။ ဒုတိယမင်းသား ဟယ်ယွီမှာမူ တစ်ခါတစ်ရံမှသာ မေးခွန်းမေးသော်လည်း အချိန်အတော်များများတွင် ပြုံး၍ နားထောင်နေတတ်သည်။ ၎င်းမှာ အေးချမ်းသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားသည့် အပြုအမူပင် ဖြစ်၏။
သို့သော်လည်း စကားများသော ဟယ်ချန်းကတော့ သူတို့ ထိန်းသိမ်းထားသည့် ဟန်ဆောင်မှုကို ဖျက်ဆီးလိုက်တော့သည်။
"အကဲဖြတ်မှူးလင်း... ကျွန်မရဲ့ အစ်ကိုတွေက အပြင်ပန်းမှာ ရင်းနှီးသလို ထင်ရပေမဲ့ တကယ်တော့ ရေနဲ့မီးလိုပဲ... သူတို့ အချင်းချင်း ပြိုင်ဆိုင်နေကြတာ တော်တော်ကြာပြီ"
လင်းကျင်းသည် ၎င်းကို မင်းသားများ သို့မဟုတ် ဟယ်ရွှမ်ကြားသွားပါက အလွန် စိုးရိမ်စရာ ကောင်းသဖြင့် သူမအား ချက်ချင်းပင် တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
"ဘာကို ကြောက်နေတာလဲ... ကျွန်မက..."
ဟယ်ချန်းမှာ လုံးဝ ဂရုမစိုက်ဟန် ရှိနေသည်။ သူမ ဤထက် ပို၍ ဆိုးရွားသော စကားများ မပြောမီမှာပင် ဟယ်ယုက သူမ၏ ညီမ ပါးစပ်ထဲသို့ သကြားလုံး တစ်လုံး အတင်း ထိုးထည့်လိုက်သဖြင့် သူမ ချက်ချင်းပင် တိတ်သွားတော့သည်။
သူတို့၏ ဦးတည်ရာဖြစ်သော 'ကျောက်စိမ်းနဂါးဂူဗိမာန်' မှာ နန်းတွင်းဥယျာဉ်၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိသည်။ ဤနေရာမှာ တားမြစ်နယ်မြေ ဖြစ်သဖြင့် ဧကရာဇ် ဟယ်ရွှမ်ကိုယ်တိုင်မှလွဲ၍ မည်သူမျှ မလာနိုင်ပေ။
အတိတ်ကာလတွင် အတိုင်းအဆမရှိသော အာဏာကို ပိုင်ဆိုင်ခဲ့သည့် 'ယွီရှန့်'ကိုသာ ဤနေရာသို့ ဝင်ခွင့်ပြုခဲ့သည်။ သို့သော် သူ သေဆုံးသွားပြီးနောက်တွင်မူ ဧကရာဇ် တစ်ဦးတည်းသာ ဤနေရာသို့ ဝင်ရောက်နိုင်ခွင့် ရှိတော့သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ကျောက်စိမ်းနဂါးဂူဗိမာန်မှာ ကျောက်စိမ်းနဂါး မျိုးနွယ်စုများ နေထိုင်ရာ နေရာပင် ဖြစ်၏။ ၎င်းမှာ တော်ဝင်မိသားစု သို့မဟုတ် အထူးခွင့်ပြုချက် ရရှိထားသူများသာ ဝင်ရောက်နိုင်သော ကမ္ဘာခြားတစ်ခုနှင့် တူပေသည်။ ဤနေရာမှာ တော်ဝင်မိသားစုဝင်များအတွက် သားရဲများကို ရွေးချယ်ရာ နေရာလည်း ဖြစ်၏။
ခရီးစဉ်အတွင်း လင်းကျင်း သိလိုက်ရသည်မှာ ဟယ်ရွှမ်၏ သားရဲမှာ အဆင့် (၄) ကျောက်စိမ်းနဂါး တစ်ကောင် ဖြစ်သည်။ ဧကရာဇ်မှာလည်း သားရဲအရှင်သခင် ကျမ်းစာကို လေ့ကျင့်ထားသဖြင့် သူ၏ နဂါးနှင့် ပေါင်းစပ်နိုင်စွမ်း ရှိသည်။
မင်းသားနှစ်ပါးမှာလည်း ထိုနည်းတူပင်။ သူတို့တွင်လည်း ကျောက်စိမ်းနဂါးများ ရှိသော်လည်း သူတို့၏ အဖော်များမှာ အဆင့် (၃) သာ ရှိသေးသည်။
ဟယ်ယုမှာမူ နဂါးအိုကြီး၏ ပစ်မှတ်ဖြစ်ခဲ့ဖူးသဖြင့် သွေးကတိသစ္စာ မပြုလုပ်ရသေးပေ။ လင်းကျင်းကို ဇဝေဇဝါ ဖြစ်စေသည့် အချက်မှာ ဟယ်ချန်း၏ သားရဲပင် ဖြစ်၏။ သူမတွင် ကျောက်စိမ်းနဂါး မရှိဘဲ 'အတောင်လေးခုပါ လိပ်ပြာနဂါး' သာ ရှိနေခြင်း ဖြစ်သည်။
သို့သော်လည်း သေချာစွာ စောင့်ကြည့်ပြီး မေးခွန်းအချို့ မေးမြန်းကြည့်ပြီးနောက် လင်းကျင်းသည် ဤအချက်အတွက် အကြမ်းဖျင်း ရှင်းပြချက်တစ်ခုကို တွေးမိသွားခဲ့သည်။
၎င်းမှာ ဟယ်ရွှမ်သည် သမီးငယ်လေး ဟယ်ချန်းကို အချစ်ဆုံး ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် သူသည် ဟယ်ချန်းအား အခြားသော တော်ဝင်မောင်နှမများကဲ့သို့ ကျောက်စိမ်းနဂါးနှင့် သွေးကတိသစ္စာ မပြုခိုင်းခဲ့ခြင်း ဖြစ်သည်။ တော်ဝင်မိသားစုသည် ကျောက်စိမ်းနဂါးများ၏ အရှင်သခင်ဖြစ်သော နဂါးနတ်ဘုရား၏ ထိန်းချုပ်မှုအောက်တွင် အမြဲ ရှိနေခဲ့သည်။ တစ်ဖန် ထိုစီစဉ်မှုက နဂါးနတ်ဘုရားအား နိုင်ငံတစ်ခုလုံးအပေါ် ထိန်းချုပ်ခွင့် ပေးထားခြင်းလည်း ဖြစ်၏။
ထိုစဉ်က နဂါးအိုကြီး၏ တည်ရှိမှုမှာ အမြင့်ဆုံးသော ဧကရာဇ် တစ်ပါးနှင့်ပင် တူပေသည်။
ထို့ကြောင့် ဟယ်ရွှမ်သည် သူ၏ အဖိုးတန်ဆုံး သမီးငယ်လေးကို ကျောက်စိမ်းနဂါးနှင့် သွေးကတိသစ္စာ မပြုခိုင်းခဲ့ခြင်း ဖြစ်သည်။ နောင်တစ်ချိန်တွင် သူမသည်လည်း နဂါးအိုကြီး၏ ထိန်းချုပ်မှုကို ခံရမည်ကို သူ စိုးရိမ်ခဲ့ခြင်း ဖြစ်၏။
အစောင့်အကြပ်များမှာ သူတို့နှင့်အတူ အထဲသို့ လိုက်မလာကြပေ။ အရှင်မင်းကြီး၏ လူယုံဖြစ်သော ယောင်ရှန်းပင်လျှင် အပြင်၌သာ စောင့်ဆိုင်းနေခဲ့ရပြီး လင်းကျင်းမှာမူ သားရဲအကဲဖြတ်မှူး တစ်ဦးအနေဖြင့် ကျောက်စိမ်းနဂါးဂူဗိမာန်ထဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့သည်။
ကျောက်တောင်ကုန်းတစ်ခု၏ အောက်ခြေတွင် ဝင်ပေါက်တစ်ခု ရှိသည်။ လူလုပ် လိုဏ်ခေါင်းလမ်းကို ဖြတ်ကျော်ပြီးနောက် သူတို့သည် ကျောက်တံခါးကြီး တစ်ချပ်၏ ရှေ့သို့ ရောက်ရှိလာကြ၏။
ဟောင်းနွမ်းပြီး ခိုင်ခံ့လှသော ကျောက်တံခါးကြီး၏ ရှေ့တွင် စက်ဝိုင်းပုံ စင်မြင့်တစ်ခု ရှိသည်။ ဟယ်ရွှမ်သည် စင်မြင့်ပေါ်တွင် ရပ်ကာ လျှို့ဝှက်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ သူ၏ ခြေထောက်အောက်ရှိ စင်မြင့်ထဲသို့ ဝိညာဉ်စွမ်းအင်များ စီးဝင်သွားသည်နှင့်အမျှ အရောင်စုံ အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။ ထို့နောက် စင်မြင့်သည် စတင်လည်ပတ်လာပြီး ကျောက်သားများ အချင်းချင်း ပွတ်တိုက်သံနှင့်အတူ ရှေ့မှ ကျောက်တံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်ဟလာတော့သည်။
တံခါး၏ အခြားတစ်ဖက်မှ နဂါးများ၏ အော်ဟစ်သံများကို သူတို့ မသဲမကွဲ ကြားနေရသည်။
ဟယ်ချန်းမှာ သတိထားသွားပြီး အနည်းငယ် ထိတ်လန့်နေဟန် ရှိ၏။ ဟယ်ယုက သူမ၏ ညီမငယ်လေး၏ လက်ကို ဆုပ်ကိုင်ထားသော်လည်း သူမကိုယ်တိုင်လည်း စိုးရိမ်နေသည့်ပုံ ပေါ်သည်။ မင်းသားနှစ်ပါးမှာမူ ယခင်က ဤနေရာသို့ ရောက်ဖူးသဖြင့် မကြောက်ရွံ့ကြပေ။ သို့သော် သူတို့မှာလည်း ပြုံးမနေကြပါချေ။
ဟယ်ရွှမ်သည် သူ၏ အရှိန်အဝါကို အမြင့်ဆုံး မြှင့်တင်လိုက်ရာ သူ၏ နောက်ကွယ်တွင် ကျောက်စိမ်းနဂါး၏ ပုံရိပ်ယောင် ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ သူ၏ သားရဲ ဖြစ်ရမည်။
"အထဲကို သွားကြရအောင်"
ဟယ်ရွှမ်က ပြောလိုက်သည်။ ထို့နောက် သူက ခပ်တိုးတိုး သတိပေးလိုက်သည်။
"ကျောက်စိမ်းနဂါးဂူဗိမာန်ထဲ ရောက်တာနဲ့ ငါကလွဲလို့ ကျန်တဲ့သူတွေ စကားမပြောကြနဲ့၊ မဟုတ်ရင် အထဲက ကျောက်စိမ်းနဂါးတွေကို အနှောင့်အယှက် ဖြစ်သွားလိမ့်မယ်"
တိတ်တိတ်နေပြီး ပြဿနာ မရှာဖို့ပဲ မဟုတ်လား...။
ဟယ်ရွှမ်သည် သူတို့ကို စတင် ခေါ်ဆောင်သွားသော်လည်း သူကိုယ်တိုင်ပင် အလွန် သတိထားနေခဲ့သည်။ သူ လျှောက်လှမ်းနေသော အရှိန်မှာ ခရုသွားသည်ထက်ပင် နှေးကွေးနေခဲ့၏။
အတွင်းဘက်တွင်မူ လူလုပ်ထားသော အရာများ မရှိတော့ပေ။ ၎င်းမှာ မြို့တော်၏ အောက်ခြေတွင် ထူးဆန်းစွာ တည်ရှိနေသော သဘာဝ မြေအောက်လိုဏ်ဂူကြီး ဖြစ်သည်။ ဤနေရာတွင် ထူးဆန်းသော ကျောက်ပုံသဏ္ဍာန်များဖြင့် ပြည့်နှက်နေသည့် ဧရာမ လိုဏ်ဂူကြီး ရှိနေလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
မှောင်အတိကျနေသော အတွင်း၌ အရာတစ်ခုခုက သူတို့၏ ခေါင်းပေါ်မှ ပျံသန်းသွားသကဲ့သို့ လေတိုးသံများကို မသဲမကွဲ ကြားနေရသည်။ အနီးအဝေးမှ အော်ဟစ်သံများလည်း ထွက်ပေါ်နေ၏။
အဖွဲ့သားများမှာ ကျောက်သား ယဇ်ပလ္လင်တစ်ခုဆီသို့ ရောက်ရှိလာကြပြီး ဟယ်ရွှမ်သည် မီးတုတ်တစ်ခုကို စတင် ထွန်းညှိလိုက်တော့သည်။
အခန်း (၃၉၈) - နဂါးရွေးချယ်ခြင်း
ဤကျောက်သား ယဇ်ပလ္လင်မှာ အလွန်ပင် ဟောင်းနွမ်းကာ ရှေးကျလှသည်။
ခဏချင်းမှာပင် မီးတောက်တစ်ခု ထိန်ထိန်ညှိညှိ တောက်လောင်လာပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေခဲ့သည်။ အလင်းရောင်နှင့် မျက်စိကျင့်သွားသောအခါ လူတိုင်းမှာ ကြက်သီးမွေးညှင်းများ ထသွားကြရ၏။
ဤဂူ၏ ရှေ့ဘက်တွင်မူ အောက်ခြေမမြင်ရသော နက်ရှိုင်းသည့် ချောက်ကမ္ဘာကြီး ရှိနေသည်။ အလင်းရောင် မမီတမီ နေရာတွင်မူ အလင်းနှင့် အမှောင်ကြား၌ ပုန်းကွယ်နေသည့် အရာတစ်ခု၏ ပုံရိပ်ကို မသဲမကွဲ မြင်နေရ၏။ ထိုအရာသည် ဟယ်ချန်းနှင့် သူ၏ အဖွဲ့သားများကို စိုက်ကြည့်နေခြင်း ဖြစ်ပေသည်။
အလင်းရောင် စတင်ပေါ်ထွက်လာပြီးနောက် လူတိုင်းမှာ တောက်ပမှုနှင့် မျက်စိကျင့်သွားသောအခါ သူတို့၏ ပတ်ဝန်းကျင်တွင် မြစိမ်းရောင် အလင်းဖျော့ဖျော့များ တောက်ပနေသည်ကို တွေ့လိုက်ရသည်။
ထိုမြစိမ်းရောင် အလင်းတန်းများမှာ ငြိမ်သက်မနေဘဲ အရှိန်အမျိုးမျိုးဖြင့် လှုပ်ရှားနေကြရာ ၎င်းတို့မှာ သက်ရှိများ ဖြစ်ကြောင်း သေချာလှပေသည်။
လင်းကျင်းသည် ထိုအလင်းတန်းများမှာ ဘာလဲဆိုသည်ကို သိရှိထားသော်လည်း ယခုကဲ့သို့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သဖြင့် အတော်လေး စိတ်လှုပ်ရှားနေမိသည်။ အမှန်စင်စစ် ဤနေရာမှာ နဂါးများ၏ သားဖောက်ရာ နေရာဖြစ်ပြီး ဤချောက်ကမ်းပါး၏ အောက်ခြေတွင် နဂါးအသိုက်ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေနိုင်ပေသည်။ သားရဲအကဲဖြတ်မှူးများအတွက် 'နဂါးပုံပြင်များ' ဟု အမည်ရသော စာအုပ်တစ်အုပ် ရှိပြီး ထိုစာအုပ်ထဲတွင် နဂါးများ၏ နေထိုင်မှု ဓလေ့စရိုက်များနှင့် သူတို့၏ အသိုက်များအကြောင်းကို အသေးစိတ် ဖော်ပြထားသည်။
နဂါးများမှာ ရှေးကျသော သားရဲများ ဖြစ်ကြပြီး ပို၍ ရှေးဦးကျလေလေ၊ သူတို့၏ နယ်မြေအပေါ် စွဲလမ်းမှုမှာ ပို၍ ပြင်းထန်လေလေ ဖြစ်သည်။ သတ်မှတ်ထားသော အသိုက်တစ်ခုကို ရွေးချယ်ပြီးပါက ထူးခြားသော ဖြစ်ရပ်မျိုး မကြုံရလျှင် သူတို့သည် ထိုနေရာတွင်ပင် နောက်ထပ် နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ဆက်လက် နေထိုင်ကြလေ့ ရှိသည်။
ကျောက်စိမ်းနဂါးများမှာ 'ကျောက်စိမ်း' ဂုဏ်သတ္တိ ရှိကြပြီး မြေဓာတ်၏ ခွဲထွက်တစ်ခု ဖြစ်သောကြောင့် မြေအောက်လိုဏ်ဂူများတွင် ရှင်သန်ရန် အလွန် သင့်တော်သည်။ ဤကဲ့သို့သော မှောင်အတိကျသည့် ဂူကြီးများမှာ သူတို့အတွက် အကောင်းဆုံးနေရာပင် ဖြစ်၏။
ဤအချိန်တွင် လင်းကျင်းသည် နဂါးအိုကြီးနှင့် တိုက်ခိုက်စဉ်က ကျောက်စိမ်းနဂါး အတော်များများကို သတ်ဖြတ်ခဲ့ဖူးသဖြင့် သူတို့အကြောင်းကို အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။ သို့သော်လည်း နဂါးအသိုက်ကို မြင်တွေ့ရခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် ဤနေရာကို စူးစမ်းလိုစိတ်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
သေချာပါသည်၊ သူ ယခုအချိန်တွင် ထိုသို့ လုပ်ဆောင်မည် မဟုတ်ပေ။
ဟယ်ရွှမ်သည် တည်ကြည်သော မျက်နှာထားဖြင့် ယဇ်ပလ္လင်ဆီသို့ လျှောက်သွားလိုက်ရာ မြစိမ်းရောင် အလင်းတန်းတစ်ခုက သူ့ကို ပတ်ပတ်လည် ဝိုင်းနေခဲ့သည်။ ရုတ်တရက်ဆိုသလို ဘယ်နေရာကမှန်းမသိဘဲ အဆင့် (၄) ကျောက်စိမ်းနဂါး တစ်ကောင် ပြေးထွက်လာခဲ့၏။ ၎င်းမှာ ဟယ်ရွှမ်၏ သားရဲပင် ဖြစ်သည်။
"ကျောက်စိမ်းနဂါးနိုင်ငံရဲ့ ဧကရာဇ်အနေနဲ့ ငါက နဂါးစာချုပ်အရ နဂါးတစ်ကောင်ကို လာရောက် ရွေးချယ်တာ ဖြစ်တယ်"
သူ၏ ဟိန်းဟောက်သံမှာ ဂူတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
မကြာမီမှာပင် ချောက်ကမ်းပါး အောက်ခြေမှ အရာတစ်ခု တက်လာခဲ့၏။
ထိုသတ္တဝါ ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် အချို့လူများမှာ လန့်သွားကြသည်။ ဧကရာဇ်အနေဖြင့် ဟယ်ရွှမ်မှာ ထိုအရာ ရောက်လာမည်ကို ကြိုသိထားသဖြင့် မတုန်လှုပ်ပေ။ မင်းသားနှစ်ပါးမှာလည်း ယခင်က သူတို့၏ သားရဲများကို လာရောက်ရွေးချယ်ခဲ့ဖူးသဖြင့် ယခု ဖြစ်ပျက်မည့် အခြေအနေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော်လည်း ဟယ်ယုနှင့် ဟယ်ချန်းတို့အတွက်မူ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သဖြင့် သူတို့မှာ အချင်းချင်း နီးကပ်စွာ နေနေကြ၏။ သူတို့သည် လင်းကျင်း၏ နောက်ကွယ်တွင် ကြောက်ကြောက်လန့်လန့်ဖြင့် ခိုလှုံနေကြသော်လည်း စူးစမ်းလိုစိတ်ကြောင့် ခေါင်းလေးများ ပြူထွက်ကာ ထိုသတ္တဝါကို လှမ်းကြည့်နေကြသေးသည်။
လင်းကျင်းကတော့ သေချာပေါက် တည်ငြိမ်နေဆဲ ဖြစ်၏။ သူ ဘယ်လိုလုပ်ပြီး ကြောက်ပါ့မည်နည်း။ သူကိုယ်တိုင် နဂါးနတ်ဘုရားဟု အမည်ရသော နဂါးအိုကြီးကို သတ်ဖြတ်ခဲ့သူ မဟုတ်ပါလား။ ထို့ကြောင့် ကျန်ရှိနေသော ကျောက်စိမ်းနဂါးများမှာ သူ့အတွက် ဘာမှ မဟုတ်ပေ။
အောက်ခြေမှ တက်လာသော ထိုကျောက်စိမ်းနဂါးမှာ အတော်လေး ထူးခြားလှသည်။
အထူးသဖြင့် ဤနဂါးမှာ အလွန်ပင် ကြီးမားလှ၏။ ခန္ဓာကိုယ်တစ်ခုလုံး မပေါ်သေးသော်လည်း သူ ထုတ်လွှတ်နေသော အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှပေသည်။
ထို့အပြင် ဤနဂါး၏ အကြေးခွံများမှာ ကျောက်စိမ်းအိုများကဲ့သို့ အစိမ်းရောင်ရင်ရင့် ဖြစ်နေသည်။ သူ့တွင် ဦးချို နှစ်စုံ ရှိနေပြီး တစ်စုံမှာ အခြားတစ်စုံထက် ပို၍ ငယ်သည်။ သူတို့ ရှိနေသော လိုဏ်ဂူထဲတွင် လေငြိမ်နေသော်လည်း ထိုနဂါး၏ ရှည်လျားသော နှုတ်ခမ်းမွေးများမှာ လေတိုက်နေသကဲ့သို့ တလှုပ်လှုပ် ဖြစ်နေ၏။
ပထမဆုံး မြင်လိုက်ရသည့် အသွင်အရဆိုလျှင် ဤကျောက်စိမ်းနဂါးမှာ အနည်းဆုံး သက်တမ်း နှစ်နှစ်ရာ သို့မဟုတ် ထိုထက်မက ရှိနေပြီ ဖြစ်ရမည်။
"ဟယ်ရဲ့ မျိုးဆက်... မင်းက ကျောက်စိမ်းနဂါးဂူဗိမာန်ကို ဘယ်လို သတ္တိနဲ့ ထပ်လာဝံ့သေးတာလဲ"
ထိုကျောက်စိမ်းနဂါးအိုကြီးက လှောင်ပြောင်လိုက်သည်။
သူ၏ အသံနှင့်အတူ ထွက်ပေါ်လာသော အသံနိမ့်နိမ့် ဟိန်းဟောက်သံမှာ သတ္တိမရှိသူများကို ထိတ်လန့်သွားစေခဲ့သည်။ မင်းသားနှစ်ပါးမှာ လက်နှင့်ခြေထောက်များ အထိန်းအကွပ်မရှိ တုန်ယင်နေပြီး မနည်း ရပ်နေရသည်ကို လင်းကျင်း ချက်ချင်းပင် သတိထားမိလိုက်၏။
မည်သို့ပင်ဖြစ်စေ ဤကျောက်စိမ်းနဂါးအိုကြီး၏ ဖိအားမှာ အလွန်ပင် ကြီးမားလှပေသည်။
ဟယ်ရွှမ်မှာမူ သူ့ကို ကာကွယ်ပေးနေသော အဆင့် (၄) ကျောက်စိမ်းနဂါး ရှိနေသည့်အပြင် သူကိုယ်တိုင်လည်း စိတ်ဓာတ်ခိုင်မာသူ ဖြစ်သဖြင့် မတုန်လှုပ်ပါချေ။
"ငါက ကျောက်စိမ်းနဂါးနိုင်ငံရဲ့ ဧကရာဇ်ပဲ... ဘာလို့ ဒီကို ထပ်လာဖို့ သတ္တိမရှိရမှာလဲ"
သူက ဧကရာဇ်တစ်ပါး၏ အရှိန်အဝါဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
ဟယ်ရွှမ်၏ အဆင့် (၄) ကျောက်စိမ်းနဂါးမှာလည်း မကြောက်မရွံ့ဘဲ ဟယ်ရွှမ်၏ ခေါင်းပေါ်တွင် ပျံဝဲရင်း ကြီးမားသော နဂါးအိုကြီးကို ရင်ဆိုင်နေခဲ့သည်။ လင်းကျင်း၏ အကဲဖြတ်မှုအရ ဤနဂါးအိုကြီးမှာလည်း အဆင့် (၄) သာ ဖြစ်ရမည်ဟု ခန့်မှန်းလိုက်၏။ ခန္ဓာကိုယ် အနည်းငယ် ပိုကြီးသည်မှလွဲလျှင် ကျန်ရှိသော ကဏ္ဍအားလုံးတွင် ဟယ်ရွှမ်၏ သားရဲကို မမီပါချေ။
သေချာပါသည်၊ ထိုနဂါးအိုကြီးမှာ ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ အရှိန်အဝါမှာ တစ်ဝက်ခန့် လျော့ကျသွားခဲ့သည်။ ဟယ်ရွှမ်က ဆက်လက်ပြောလိုက်၏။
"နဂါးနတ်ဘုရား ကွယ်လွန်သွားတာက မတော်တဆမှု တစ်ခုပဲ... ဒီကမ္ဘာပေါ်မှာ ဘယ်သတ္တဝါမှ ထာဝရ မရှင်သန်နိုင်သလို နဂါးနတ်ဘုရားကလည်း သူ့ရဲ့ သက်တမ်းကုန်ဆုံးခါနီး ဖြစ်နေပါပြီ... ခင်ဗျားလည်း ဒီအချက်ကို မသိတာ မဟုတ်ဘူး... ဒီနေ့မှာတော့ ငါ့ရဲ့ ဆဋ္ဌမမြောက် သမီးတော်အတွက် နဂါးတစ်ကောင် လာရွေးတာ ဖြစ်လို့ ခင်ဗျားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်တယ်"
ညှိနှိုင်းမှုတစ်ခုတွင် အင်အားမှာ အမြဲတမ်း ဆုံးဖြတ်ချက်ချနိုင်သော အချက်ပင် ဖြစ်၏။ ဥပမာအားဖြင့် ဤနဂါးအိုကြီးမှာ ဟယ်ရွှမ်ကို အထင်သေးနေသည်ကို လင်းကျင်း မြင်တွေ့နေရသည်။ သို့သော်လည်း ဧကရာဇ်မှာ အားနည်းသော ပြိုင်ဘက်မဟုတ်ပေ။ မိမိ၏ အားနည်းချက်ကို သိရှိထားသဖြင့် ကျောက်စိမ်းနဂါးအိုကြီးမှာ ဟယ်ရွှမ်၏ ဆန္ဒကို လိုက်လျောရန်မှတစ်ပါး အခြားမရှိတော့ပေ။
အခြားတစ်ဖက်တွင်လည်း နဂါးနတ်ဘုရားသာ အသက်ရှင်နေသေးပါက ဟယ်ရွှမ်မှာ ဤကဲ့သို့သော သတ္တိမျိုး ရှိလိမ့်မည် မဟုတ်ပေ။
ဘဝဆိုသည်မှာ အတက်အကျများဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလား။ ဟယ်ရွှမ်အား လိုက်လျောရခြင်းမှာ အရှက်ရစရာဖြစ်ကြောင်း သိနေသော်လည်း နဂါးအိုကြီးမှာ အတတ်နိုင်ဆုံး ဝန်လေးစွာဖြင့်ပင် သဘောတူလိုက်ရတော့သည်။
ဟယ်ရွှမ်က မျက်မှောင်ကြုတ်လိုက်၏။
"စီနီယာမော့... ငါတို့မိသားစုက ခင်ဗျားတို့ မျိုးနွယ်စု တစ်ခုလုံးကို နှစ်ပေါင်း လေးရာတိုင်အောင် အစာကျွေးလာခဲ့တာကို မမေ့ပါနဲ့... ဒီဂူထဲမှာ ငါတို့ မရေမတွက်နိုင်တဲ့ ကျွဲနွားတိရစ္ဆာန်တွေကို ယဇ်ပူဇော်ခဲ့ပြီးပြီ... နဂါးရွေးချယ်တဲ့ ဓလေ့က ငါတို့ရဲ့ သဘောတူညီချက်မှာ ပါပြီးသားပဲ၊ အကယ်၍ ခင်ဗျားက ငါ့ရဲ့ အဆိုပြုချက်ကို ငြင်းပယ်မယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ စားနပ်ရိက္ခာကို ဖြတ်တောက်လိုက်ရမလား"
"မင်း မလုပ်ဝံ့ပါဘူး"
နဂါးအိုကြီးက ဟိန်းဟောက်လိုက်သည်။ သူ၏ အသံကြောင့် ဂူအမိုးပေါ်မှ ကျောက်စိုင်များပင် ပြုတ်ကျလာခဲ့၏။ သူ၏ ပြင်းထန်သော အသက်ရှူသံမှာ ဘယ်နေရာကမှန်းမသိဘဲ တိုက်ခတ်လာသော လေပြင်းတစ်ခုကဲ့သို့ သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားခဲ့သည်။
ဟယ်ရွှမ်မှာမူ တည်ငြိမ်စွာပင် ရပ်မြဲအတိုင်း ရပ်နေခဲ့၏။
သူတို့သည် တိုက်ခိုက်တော့မည့်ပုံ ပေါ်နေသော်လည်း အမှန်တကယ်တော့ နှစ်ဦးလုံးမှာ မိမိကိုယ်ကို ထိန်းချုပ်နေကြခြင်း ဖြစ်သည်။ ဟယ်ရွှမ်နှင့် နဂါးအိုကြီးတို့မှာ အခြေအနေကို ပို၍ ဆိုးရွားအောင် မလုပ်လိုကြကြောင်း လင်းကျင်း သိမြင်လိုက်၏။
ခဏအကြာတွင် နဂါးအိုကြီးက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အရှိန်အဝါကို ရုပ်သိမ်းလိုက်သည်။
"ငါတို့ ကျောက်စိမ်းနဂါး မျိုးနွယ်စုက စကားတည်တယ်... မင်းတို့မိသားစုကို ကတိပေးထားပြီးသားမို့ ငါတို့ ကတိမဖျက်ဘူး... အခု ပြောစမ်း၊ ဘယ်သူ့အတွက် နဂါးလာရွေးတာလဲ"
နဂါးအိုကြီး အရှုံးပေးလိုက်ပြီ ဖြစ်၏။
ဟယ်ရွှမ်မှာလည်း သူ၏ သားရဲကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
"ယုအာ... ဒီကိုလာပါဦး"
ဧကရာဇ်က ဟယ်ယုကို လှမ်းခေါ်လိုက်သည်။
ဟယ်ယုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်ကို တင်းကာ သူ့အနားသို့ လျှောက်သွားခဲ့၏။
မှီခိုစရာ လူမရှိတော့သဖြင့် ဟယ်ချန်းသည် သတ္တိကို စုစည်းကာ လင်းကျင်း၏ ကျောနားသို့ ပို၍ ကပ်သွားခဲ့သည်။ သူမသည် လင်းကျင်း၏ အင်္ကျီအနားသတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။ လင်းကျင်းကတော့ ၎င်းကို ပြုံး၍သာ တုံ့ပြန်လိုက်သည်။ မင်းသမီးလေးမှာ ကြောက်နေရှာသော်လည်း သူ့အတွက်တော့ ဘာမှ မဖြစ်သဖြင့် သူမကို ထိုအတိုင်းသာ နေခွင့်ပြုလိုက်တော့သည်။
၎င်းမှာ ဟယ်ရွှမ်နှင့် နဂါးအိုကြီးကြားရှိ ဉာဏ်စမ်းပွဲနှင့် သတ္တိစမ်းပွဲ တစ်ခုဖြစ်ကာ နောက်ဆုံးတွင် ဟယ်ရွှမ်က အသာစီး ရရှိသွားခဲ့သည်။ နဂါးနတ်ဘုရား မသေဆုံးမီက ဟယ်ရွှမ်မှာ ဤမျိုးနွယ်စုထံမှ သည်းမခံနိုင်သော အရှက်ခွဲမှုများကို ခံခဲ့ရမှာ သေချာသဖြင့် ယခုတစ်ကြိမ်တွင် သူ ဤမျှအထိ ပြင်းထန်နေခြင်းမှာ အံ့သြစရာ မဟုတ်ဟု လင်းကျင်း တွေးလိုက်မိ၏။
ဟယ်ယုကို မြင်လိုက်ရသောအခါ စီနီယာမော့၏ မျက်လုံးများထဲတွင် အလင်းတစ်ခု လက်သွားခဲ့သည်။ အတော်ကြာပြီးနောက် နဂါးအိုကြီးမှာ ဟိန်းဟောက်လိုက်ရာ ကျောက်စိမ်းနဂါး ဒါဇင်ခန့်မှာ ချောက်ကမ်းပါးပေါ်သို့ ကောင်တက်လာကြ သို့မဟုတ် ပျံတက်လာကြတော့သည်။
သူတို့၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်များမှာ အမျိုးမျိုး ကွဲပြားနေကြ၏။
ထုံးစံအရ ဟယ်ယုသည် မိမိအတွက် ကျောက်စိမ်းနဂါး တစ်ကောင်ကို ရွေးချယ်ရမည် ဖြစ်သည်။
ယခုအခါ ဟယ်ရွှမ်က သူ့ကို အဘယ်ကြောင့် ခေါ်လာသနည်းဆိုသည်ကို လင်းကျင်း နားလည်သွားပြီ ဖြစ်၏။ ဟယ်ရွှမ်သည် ကျောက်စိမ်းနဂါး မျိုးနွယ်စုနှင့် ပဋိပက္ခ ဖြစ်လာမည်ကို ကြိုတင် ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။ သူတို့က သဘောတူညီချက်ကို လိုက်နာခဲ့လျှင်ပင် ကျောက်စိမ်းနဂါး မျိုးနွယ်စုက သူတို့အတွက် ခက်ခဲအောင် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပေသည်။
ယခု အခြေအနေမှာလည်း ထိုသို့ပင်။ လင်းကျင်းအတွက်မူ ယနေ့ ရွေးချယ်ရန် ပေးထားသော ကျောက်စိမ်းနဂါးများမှာ အားလုံးကပင် ရုပ်ဆိုးလှပြီး ကြီးထွားနိုင်စွမ်းမှာလည်း အလွန်ပင် ညံ့ဖျင်းလှပေသည်။
အမှန်အတိုင်း ပြောရလျှင် သူသာ နဂါးများအကြောင်းကို ကောင်းစွာ မသိရှိခဲ့ပါက ဟယ်ရွှမ်မှာ အမြဲတမ်း အရှုံးပေါ်နေပေလိမ့်မည်။
ဟယ်ယုသည် သဘာဝအတိုင်း မည်သို့ ရွေးချယ်ရမည်ကို မသိသဖြင့် လင်းကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ဟယ်ရွှမ်ကလည်း လှမ်းကြည့်လိုက်ရာ လင်းကျင်းမှာ သူ ပြသရမည့် အချိန်ရောက်ပြီ ဖြစ်ကြောင်း သိလိုက်၏။
သူသည် ဟယ်ယုကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
ဟယ်ယုမှာ ပါးနပ်သူဖြစ်သည့်အတိုင်း လင်းကျင်း၏ အမူအရာက ဘာကို ဆိုလိုသည်ကို နားလည်သွားခဲ့သဖြင့် သူမက ယဉ်ကျေးစွာ မေးလိုက်သည်။
"စီနီယာမော့... ကျွန်မတို့ တခြားနဂါးတွေကိုရော ကြည့်လို့ ရမလား"
လင်းကျင်း ခေါင်းခါပြသည်ကို မြင်လိုက်သောအခါ ဟယ်ရွှမ်ဘာဖြစ်နေသလဲဆိုသည်ကို သိသွားခဲ့သည်။ သူက မကျေမနပ်ဖြင့် 'ဒီကျောက်စိမ်းနဂါးအိုကြီးက တရားမမျှတတာတွေ လုပ်နေတာပဲ' ဟု တွေးလိုက်မိ၏။
သို့သော်လည်း မကြာမီမှာပင် ဟယ်ရွှမ်၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူသည် ဤအကြောင်းကြောင့်ပင် လင်းကျင်းကို ခေါ်လာခဲ့ခြင်း မဟုတ်ပါလား။ လင်းကျင်းကဲ့သို့သော သားရဲအကဲဖြတ်ခြင်းဆိုင်ရာ ပညာရှင်တစ်ဦး ဤနေရာတွင် ရှိနေမှတော့ ယနေ့ စီနီယာမော့သာ အရှုံးနှင့် ရင်ဆိုင်ရမည်မှာ သေချာလှပေသည်။