အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
အခန်း (၄၂၁) - လုဖေးအာ၏ ထူးဆန်းသောအခြေအနေ (၃)
အမှန်ပင် လီဝမ်ရှီးကိုယ်တိုင်ကလည်း ပြန်ရန် အစီအစဉ်မရှိပါပေ။
သူမသည် လီယာကျွင်းနှင့် လဲ့ယိုဖန်းတို့ထံ ဆက်သွယ်ကာ သူမ၏ သစ်ပင်အိမ်တွင် ထူးခြားမှုမရှိကြောင်း အတည်ပြုပြီးနောက် ရွှီရှင်းကို ရေချိုးခန်းထဲသို့ အတင်းတွန်းပို့ကာ သူမကိုယ်တိုင် ရွှီရှင်း၏ သစ်ပင်အိမ်ကို သန့်ရှင်းရေး ဝိုင်းလုပ်ပေးနေခဲ့သည်။
နံရံနှင့် ကြမ်းပြင်ပေါ်က သွေးကွက်များကို သစ်ပင်အိမ်က အလိုအလျောက် သန့်စင်ပေးလိုက်ပုံရသော်လည်း ပရိဘောဂအချို့တွင်မူ သွေးစွန်းရာများ ကျန်ရှိနေသေးသည်။
ရွှီရှင်း ရေချိုးပြီး ထွက်လာချိန်တွင် လီဝမ်ရှီးသည် သစ်ပင်အိမ်အတွင်းပိုင်းကို သွေးများမစွန်းမီကထက်ပင် သန့်ရှင်းသွားအောင် လုပ်ထားပြီး ဖြစ်၏။
သွေးစွန်းခဲ့သည့် အချက်က သူမကို စိတ်မသက်မသာ ဖြစ်စေသော်လည်း ရွှီရှင်း၏ ပရိဘောဂ အများစုမှာ အပြာရောင်အဆင့်များ ဖြစ်သဖြင့် အကုန်လဲလှယ်ပစ်ရန်မှာ အလွန်ပင် နှမြောစရာ ကောင်းလှပေသည်။
ထို့ကြောင့် လီဝမ်ရှီးသည် အပြာရောင်အဆင့် ပရိဘောဂများကို ဆက်ထားပြီး အစိမ်းရောင်အဆင့် မှန်သမျှကိုတော့ အသစ်လဲလှယ်ပေးလိုက်၏။
ဘာပဲဖြစ်ဖြစ် သူမ၏လက်ထဲတွင် အစိမ်းရောင်အဆင့် ကုန်ကြမ်းများမှာ ပိုလျှံလွန်းနေသဖြင့် သစ်ပင်အိမ်ပင် ပြိုကျနိုင်သည့် အနေအထားတွင် ရှိနေသည် မဟုတ်ပါလား။
အကယ်၍ ကျိချောင်းယန်သာ ဆိုပါက ထိုကဲ့သို့သော အရာများကို သည်းမခံနိုင်သဖြင့် အပြာရောင်အဆင့်များ အပါအဝင် အကုန်လုံးကို လဲလှယ်ပစ်ပေလိမ့်မည်။
"ဟူး... နောက်ဆုံးတော့ သန့်ရှင်းရေး ပြီးသွားပြီ"
လီဝမ်ရှီးသည် အသစ်လဲထားသော ဆိုဖာပေါ်တွင် ထိုင်ကာ ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်လိုက်ပြီး ဆိုဖာပေါ်က ခဲခဲလေးကို ပွေ့ချီလိုက်၏။
ထို့နောက် သူမဘေးတွင် ဝင်ထိုင်လိုက်သော ရွှီရှင်း၏ ပေါင်ပေါ်သို့ ခေါင်းအုံးကာ လှဲချလိုက်သည်။
"ရွှီရှင်း... ကျွန်မတို့ ဘယ်တော့မှ သေမင်းရဲ့ ခြိမ်းခြောက်မှုကနေ ကင်းဝေးအောင် နေနိုင်မှာလဲဟင်"
"ငါတို့ လုပ်နိုင်တာက ကိုယ့်ကိုယ်ကိုယ် ပိုသန်မာအောင် လုပ်ဖို့ပဲ ရှိတာပေါ့"
ရွှီရှင်းက လီဝမ်ရှီး၏ ပါးကို ဆွဲလိုက်ရင်း "မအိပ်နဲ့ဦးလေ၊ နင့်ကို မေးစရာ ရှိသေးတယ်" ဟု ဆိုသည်။
"ဘာမေးမှာလဲ။ ဒီတိုင်း မေးလို့ မရဘူးလား"
လီဝမ်ရှီးက ထရန် အစီအစဉ် မရှိဘဲ သူမ၏ နူးညံ့သော ပါးပြင်လေးဖြင့် ရွှီရှင်း၏ ပေါင်ပေါ်တွင် ပွတ်သပ်ကာ ဆက်လက် လဲလျောင်းနေ၏။
ရွှီရှင်းသည် သူမကို ထိုနေရာမှာတင် အပြစ်ပေးချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရပြီး ခုနက ဖြစ်ပျက်ခဲ့သမျှကို လီဝမ်ရှီးအား ပြောပြလိုက်သည်။
စကားအဆုံးတွင် လီဝမ်ရှီးသည် ရုတ်တရက် ထထိုင်လိုက်ပြီး သူမရင်ခွင်ထဲတွင် အိပ်ချင်ဟန်ဆောင်နေသော ခဲခဲလေးကို မျက်လုံးပြူးကာ ကြည့်လိုက်၏။
"နင် ပြောချင်တာက ခုနက ငါ ရုတ်တရက်ကြီး အိပ်ပျော်သွားတာ ခဲခဲလေးကြောင့်ပေါ့ ဟုတ်လား"
ခဲခဲလေးကတော့ သူတို့နှစ်ယောက်ကို ခေါင်းလေးစောင်းကာ ကြည့်နေရှာသည်။
"ခဲခဲလေး... ခုနက ငါ့ကို အိပ်ပျော်အောင် လုပ်လိုက်တာ နင်လား"
လီဝမ်ရှီးက ခဲခဲလေးကို မြှောက်ကာ မျက်နှာချင်းဆိုင်ပြီး စိုက်ကြည့်လိုက်သည်။
"အီး"
ခဲခဲလေးက လီဝမ်ရှီး ဘာတွေ ပြောနေမှန်း မသိသည့်အလား ဇဝေဇဝါဖြင့် အသံပြုလိုက်ရှာသည်။
ရွှီရှင်းက ခဲခဲလေးကို လှမ်းယူကာ ခေါင်းလေးကို ပွတ်သပ်ရင်း "ခဲခဲလေး... နင့်မှာ ဘယ်လို စွမ်းရည်တွေ ရှိလဲဆိုတာ နင် သိလား" ဟု ညင်သာစွာ မေးလိုက်၏။
"အီး..."
ခဲခဲလေးက ရွှီရှင်းကို အူကြောင်ကြောင် ကြည့်လိုက်ပြီးနောက် ရွှီရှင်း၏ ရင်ခွင်ထဲ တိုးဝင်ကာ "အီး..." ဟု ညည်းတွားနေတော့သည်။
ခဲခဲလေးသည် သူ၏ စွမ်းရည်ကို သူကိုယ်တိုင်ပင် မသိတာများလား။
ခုနက ဖြစ်ရပ်က တိုက်ဆိုင်မှုတစ်ခု သက်သက်ပဲလား။
ဘေးတွင် ထိုင်နေသော လီဝမ်ရှီးက ခဲခဲလေးကို တစ်ချက်ကြည့်ကာ စဉ်းစားနေရင်း မျက်လုံးများ ပြူးကျယ်လာသည်။
နောက်ဆုံးတွင် သူမက "သေချာတယ်၊ ခုနက ငါ့အပေါ် သက်ရောက်မှုရှိခဲ့တာ ခဲခဲလေးပဲ" ဟု အော်ဟစ်လိုက်၏။
"အို.. နင် ခံစားမိလို့လား" ဟု ရွှီရှင်းက မေးလိုက်သည်။
"အင်း.."
လီဝမ်ရှီးက ခေါင်းညိတ်ပြသည်။
"နေ့လယ်စာ စားပြီးတော့ ငါ ခဲခဲလေးကို ချီပြီး သူ့အမွှေးတွေကို ပွတ်သပ်ပေးနေတာ။ အဲဒီအချိန်မှာ ဒီနေ့ ခဲခဲလေးက အရင်နဲ့ မတူဘူးလို့ ငါ ခံစားရတယ်။ သူ့ကို ချီထားရတာ တစ်ကိုယ်လုံးက... တကယ့်ကို စိတ်အေးချမ်းပြီး သက်တောင့်သက်သာ ရှိနေတာ။ အဲဒီလို ခံစားချက်မျိုးပဲ၊ သူ့ကို ပြန်ချထားလိုက်တော့ အဲဒီခံစားချက်က ပျောက်သွားရော"
ဒါဆိုလျှင် ခဲခဲလေး၏ ရုတ်တရက် ပေါ်ပေါက်လာသော စွမ်းရည်မှာ ပတ်ဝန်းကျင်ကို သိမ်မွေ့စွာ လွှမ်းမိုးနိုင်ခြင်းများလား။
"ဒါပေမဲ့ အခု သူ့ကို ချီထားတာတော့ အဲဒီလို မခံစားရတော့ဘူး"
လီဝမ်ရှီးက ခဲခဲလေးကို ရင်ခွင်ထဲထည့်ပြီး အားရပါးရ ပွတ်သပ်လိုက်ရာ ခဲခဲလေးကလည်း သာယာစွာဖြင့် "အီး" ဟု အော်လိုက်ရှာသည်။
ခဲခဲလေးသည် အိပ်ပျော်နေချိန်တွင်သာ ပတ်ဝန်းကျင်က လူတွေကို အိပ်မောကျအောင် လုပ်နိုင်ခြင်းများလား။
သို့သော် ခဲခဲလေးသည် ညတိုင်း သူ၏ ခေါင်းအုံးဘေး သို့မဟုတ် သူ၏ ရင်ခွင်ထဲတွင် အိပ်စက်နေကျ ဖြစ်သော်လည်း သူ ဘာကြောင့် တစ်ခါမှ ထိုသို့ မခံစားခဲ့ရသနည်း။
၎င်းမှာ ခဲခဲလေး အသစ်ရရှိလိုက်သော စွမ်းရည်တစ်ခု ဖြစ်နိုင်သလို၊ မကြာသေးမီက အလွန်အကျွံ့ အိပ်စက်ရာမှ ရရှိလာသော စွမ်းရည်များ ဖြစ်နိုင်၏။
"ဒီနေ့တော့ တခြား ဘေးဒုက္ခတွေ မလာတော့ဘူး မဟုတ်လား။ တခြားလူတွေ ဆက်သွယ်ရေး ပြန်မပွင့်သေးတာက သူတို့ရဲ့ အကျပ်အတည်း မပြီးသေးလို့ပဲ ဖြစ်မှာ"
လီဝမ်ရှီးက ရွှီရှင်း၏ ပေါင်ပေါ်သို့ ပြန်လည် လှဲချလိုက်သည်။
"သူတို့ရဲ့ ဘေးဒုက္ခ မပြီးမချင်း ငါတို့ကတော့ ဘေးကင်းနေဦးမှာပါနော်။ နေ့လည်ခင်းလေး ခဏလောက် အတူတူ အိပ်ကြရအောင်။ ငါတို့ ဒီလိုမျိုး မအိပ်ရတာ ကြာပြီလေ"
ရွှီရှင်းသည်လည်း နေ့လယ်ခင်း မအိပ်ရသည်မှာ အတော်ပင် ကြာလှချေပြီ။
ဤကမ္ဘာသို့ မလာခင်က သူသည် နေ့လည်ခင်း တစ်ရေးမအိပ်ရလျှင် မနေနိုင်သော လူစားမျိုး ဖြစ်သည်။
သို့သော် ဤကမ္ဘာသို့ ရောက်ပြီးနောက်တွင်မူ အိပ်ချိန်ပင် မရှိတော့သည့်အပြင် စိတ်စွမ်းအားများကို ပြန်လည် ဖြည့်တင်းပေးနိုင်သော အပြာရောင်အဆင့် လိမ္မော်သီးများ ရှိနေသဖြင့် နေ့လည်ခင်း အိပ်စက်ခြင်းမှာ သူ၏ ဘဝတွင် ဇိမ်ခံမှုတစ်ခုလို ဖြစ်နေခဲ့ရသည်။
ခဲခဲလေးသည် လီဝမ်ရှီး၏ ရင်ခွင်ထဲတွင် ပြန်လည် အိပ်ပျော်သွားချေပြီ။
ရွှီရှင်းလည်း တစ်စုံတစ်ခု ထူးခြားနေသည်ကို စတင် ခံစားလာရ၏။
"အင်း... ဒီခံစားချက်လေးက တကယ်ကို သက်တောင့်သက်သာ ရှိလိုက်တာ..."
လီဝမ်ရှီးသည် ရွှီရှင်း၏ ပေါင်ပေါ်တွင် မှီရင်း အိပ်ချင်မူးတူးဖြင့် ရေရွတ်နေသည်။
ရွှီရှင်းလည်း စိတ်နှင့် ကိုယ်မှာ ဖြည်းဖြည်းချင်း လျော့ရဲလာပြီး အလွန်အေးချမ်းမှုကို ခံစားလာရသည်။
"ဒါက... ခဲခဲလေးရဲ့ စွမ်းရည်လား"
သူသည် လီဝမ်ရှီးရင်ခွင်ထဲက ခဲခဲလေးကို ကြည့်ရင်း တွေးလိုက်မိသည်။
"အိပ်မယ်လေ..."
လီဝမ်ရှီးသည် အိပ်ချင်စိတ်ကို မနည်းအောင့်ထားရင်း ထိုင်လိုက်ကာ ရွှီရှင်းကို ဆိုဖာပေါ်သို့ တွန်းလှဲလိုက်ပြီးနောက် သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။
သိပ်မကျယ်လှသော ဆိုဖာပေါ်တွင် လူနှစ်ယောက်နှင့် ပန်ဒါလေးတစ်ကောင်မှာ လုံးထွေးလျက် ရှိနေကြ၏။
ရွှီရှင်းသည် သူမ၏ မျက်နှာလေးကို အနီးကပ်ကြည့်ရင်း "...အခု နင့်ကို ကုတင်ပေါ် ပွေ့ခေါ်သွားချင်လိုက်တာ..." ဟု တိုးတိုးလေး ဆိုလိုက်သည်။
ခဲခဲလေး၏ လွှမ်းမိုးမှုကြောင့် သူသည်လည်း အလွန် အိပ်ငိုက်လာကာ ခန္ဓာကိုယ်မှာ အားအင်များ ကုန်ခမ်းလာခဲ့သည်။
လီဝမ်ရှီးမှာမူ တစ်ဝက်တစ်ပျက် အိပ်ပျော်နေပြီဖြစ်ရာ စကားများကို လျှောက်ပြောနေတော့သည်။
"ဟဲဟဲ... လာပါကွာ... မနက်ဖြန်နဲ့ မတော်တဆမှု ဘယ်ဟာ အရင်လာမလဲ မသိဘူး... နင့်ကိုပဲ လက်ထပ်လိုက်ရမလား..."
ပြောပြောဆိုဆိုနှင့် သူမသည် ရွှီရှင်း၏ နှုတ်ခမ်းကို အသာအယာ နမ်းလိုက်ပြီး သူမ၏ မျက်နှာကို သူ၏ မျက်နှာနှင့် ကပ်ကာ မျက်လုံးများကို မှိတ်လျက် ညင်သာစွာ အသက်ရှူနေတော့သည်။
သူမ အိပ်ပျော်သွားခဲ့ချေပြီ။
သို့သော် ခုနက စကားလုံးများမှာ သူမ၏ ရင်ထဲက အစစ်အမှန် ခံစားချက်များ ဖြစ်ပေလိမ့်မည်။
ရွှီရှင်းသည် သူမကို အိပ်ခန်းထဲသို့ ပွေ့ခေါ်သွားချင်သော်လည်း သူကိုယ်တိုင်ပင် အင်အား မရှိတော့ပါပေ။
သတိမလစ်မီ နောက်ဆုံးအချိန်လေးတွင် သူသည် ခဲခဲလေးကို လှမ်းကြည့်လိုက်မိ၏။
ဤကောင်လေးသည် တကယ့်ကို ကြောက်စရာကောင်းလှပေသည်...။
အခန်း ၄၂၁ ပြီး။
အခန်း (၄၂၂) - ဗီဇပြောင်း ဆီးနှင်းကျားသစ်၏ နှလုံးသား
သူတို့ ပြန်နိုးလာချိန်မှာတော့ ညနေ လေးနာရီတောင် ထိုးနေချေပြီ။
ရွှီရှင်း မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တဲ့အခါ အိပ်ပျော်နေဆဲဖြစ်တဲ့ လီဝမ်ရှီးရဲ့ မျက်နှာလေးကို မြင်လိုက်ရ၏။
သူတို့နှစ်ယောက်ဟာ ဆိုဖာပေါ်မှာ ဒီလိုမျိုး နှစ်နာရီကျော်ကြာအောင် အိပ်ပျော်သွားခဲ့ကြတာပင်။
ခဲခဲလေးကတော့ နိုးနေပြီဖြစ်ပြီး ဆိုဖာဘေးမှာရပ်ကာ သူတို့ကို ကြည့်နေ၏။
ရွှီရှင်း မျက်လုံးဖွင့်လာတာကို မြင်တာနဲ့ ခဲခဲလေးက တိုးတိုးလေး အော်လိုက်၏။
ရွှီရှင်းက လီဝမ်ရှီးကို မနှိုးတော့ဘဲ ဆိုဖာပေါ်မှာပဲ သေသေချာချာ ပြန်သိပ်ထားခဲ့ပြီးမှ မတ်တပ်ရပ်လိုက်သည်။
ပြောရလျှင် အခု ရွှီရှင်းဟာ တကယ့်ကို လန်းဆန်းနေပြီး အားအင်တွေလည်း အရင်ကထက် ပိုပြည့်ဝနေသလို ခံစားရနေတာပင်။
ခန္ဓာကိုယ်ထဲမှာလည်း ခွန်အားတွေ တိုးပွားနေသလိုပါပဲ။
ခဲခဲလေးရဲ့ မှော်ဆန်တဲ့ အိပ်မွေ့ချမှုကို ခံလိုက်ရတာ မဟုတ်ပါလား။
နိုးလာတဲ့အခါမှာ ဘာကြောင့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ အကုန်လုံး တိုးတက်နေရတာလဲ။
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တဲ့အခါ လီဝမ်ရှီးတင်မကဘဲ ငွေရောင်ဘုရင်၊ မီမီ၊ အာဖုနဲ့ ဆီးနှင်းဝံပုလွေတို့ပါ တစ်ကောင်ပြီးတစ်ကောင် အိပ်မောကျနေကြတာကို တွေ့လိုက်ရ၏။
ရွှီရှင်းက ခဲခဲလေးကို ပွေ့ချီလိုက်ပြီး သူမရဲ့ အပြစ်ကင်းစင်တဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း မေးလိုက်၏။
"နင်က တကယ်တော့ ဘာကောင်လေးလဲ"
"အီး"
ခဲခဲလေးက အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ခေါင်းလေးစောင်းကာ သူမရဲ့ အညိုရောင်နဲ့ အဖြူရောင် ရောယှက်နေတဲ့ အမြီးကြီးကို နောက်မှာ ယမ်းပြနေရှာ၏။
ရွှီရှင်း သက်ပြင်းချလိုက်ပြီး သူမကို ရင်ခွင်ထဲပိုက်ကာ "ဒီနေ့အတွက်တော့ ထားလိုက်ပါတော့၊ ဒါပေမဲ့ နောက်ဆို ဒါမျိုး ခဏခဏ မလုပ်နဲ့ဦး။ အကယ်၍ အန္တရာယ်တစ်ခုခုလာလို့ ငါတို့ အိပ်ပျော်နေရင် အကုန်လုံး ဒုက္ခရောက်ကုန်လိမ့်မယ်" လို့ ဆိုလိုက်သည်။
ခဲခဲလေးကြောင့် ဒီနှစ်နာရီအတွင်းမှာပဲ သူ့ရဲ့ စိတ်စွမ်းအား၊ ခွန်အားနဲ့ အရှိန် စတာတွေဟာ သိသိသာသာ တိုးတက်လာခဲ့၏။
ခဲခဲလေးကတော့ ရွှီရှင်းရဲ့ ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ပြီး ပွတ်သပ်နေရှာ၏။
သူမကို ကြည့်ရတာ သူမ ဘာလုပ်နေလဲဆိုတာကို သိသိကြီးနဲ့ တမင်တကာ အိပ်ပျော်အောင် လုပ်လိုက်တဲ့ပုံပင်။
ဘာပဲဖြစ်ဖြစ် သူ့ကို အန္တရာယ်မပေးဘဲ ခွန်အားတွေ တိုးလာစေတာမို့လို့ ထားလိုက်ပါတော့လေ။
လက်ပတ်နာရီကို ဖွင့်ကြည့်လိုက်တဲ့အခါ နယ်မြေချယ်နယ်မှာ ဘာပြန်စာမှ မရှိသေးတာကြောင့် သားရဲလှိုင်းက လုံးဝ မငြိမ်သက်သေးဘူးလို့ ယူဆရသည်။
ဒီနှစ်နာရီအတွင်းမှာ လူအများကြီးဆီကနေ သီးသန့်စာတိုတွေ ရောက်နေတာကိုလည်း သူ တွေ့လိုက်ရ၏။
ကျိချောင်းယန် - "ဒီအနားမှာတော့ အဲဒီလူရဲ့ အရိပ်အယောင်တောင် မရှိဘူး။ ငါ အပြင်ကို ခဏလောက် ထွက်ပြီး စူးစမ်းကြည့်ဦးမယ်။ သတိမပေါ့နဲ့ဦး၊ ဒီကောင်တွေက နောက်နှစ်ရက်အတွင်းမှာ အင်အားအပြည့်နဲ့ ပြန်လာနိုင်တယ်"
နောက်နှစ်ရက်အတွင်းလား။
ဒါက ကျိချောင်းယန်ရဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ အတိုင်းအတာအတွင်းမှာ ရှိနေတာပင်။
များသောအားဖြင့် သူ့ရဲ့ ခန့်မှန်းချက်တွေက တစ်ရက် ဒါမှမဟုတ် နှစ်ရက်အတွင်းမှာ တကယ်ဖြစ်လာတတ်၏။
သူ ဘာတွေကိုများ မြင်ခဲ့လို့လဲ။
ရွှီရှင်းက ချီရွှယ်ဖေး ပို့ထားတဲ့ စာကိုလည်း တွေ့လိုက်ရ၏။
ချီရွှယ်ဖေး - "ဒီဗီဇပြောင်းလူသားရဲ့ ခေါင်းကလွဲရင် ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက တကယ့်ကို ကျန်းမာနေတာ၊ ဘာရောဂါလက္ခဏာမှ မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ ဦးခေါင်းထဲမှာတော့ ထူးဆန်းတဲ့ အဖြူစက်လေးတွေ တွေ့ရတယ်။ ကိရိယာတွေ မရှိလို့ အတိအကျ မပြောနိုင်ပေမဲ့ အဲဒါတွေက... မပေါက်သေးတဲ့ အင်းဆက်ဥလေးတွေနဲ့ တူနေတယ်"
အင်းဆက်ဥတွေလား...။
ရွှီရှင်း သူ့ရဲ့ အရင်က ခန့်မှန်းချက်ကို ပြန်တွေးမိသွားလေသည်။
ဒီလူရဲ့ စိတ်ကို ထိန်းချုပ်ထားတာက သူ ထင်ထားသလို စိတ်ပိုင်းဆိုင်ရာ အဆိပ်အတောက်တွေ မဟုတ်ဘဲ အင်းဆက်တွေများ ဖြစ်နေမလား။
သူ ချီရွှယ်ဖေးဆီကို အသံဖုန်းခေါ်ပြီး အတည်ပြုလိုက်၏။
ဦးခေါင်းထဲမှာ ဥတွေနဲ့တူတဲ့ အဖြူရောင် အစက်လေးတွေကလွဲရင် တခြား ထူးခြားမှုတော့ မရှိဘူးလို့ သူမက ဆို၏။
"အဲဒီ အင်းဆက်ဥတွေကို စုဆောင်းလို့ ရမလား" လို့ ရွှီရှင်းက မေးတဲ့အခါ သူမက "အဲဒါတွေက သေးလွန်းတော့ ခက်လိမ့်မယ်၊ ဒါပေမဲ့ ငါ ကြိုးစားကြည့်ပါ့မယ်" လို့ ပြန်ဖြေလေသည်။
ဖုန်းချပြီးနောက် ရွှီရှင်း စဉ်းစားခန်း ဝင်သွားရပြန်၏။
ဒီကိစ္စက တကယ့်ကို ထူးဆန်းလွန်းလှသည်။
အခုတော့ ဗီဇပြောင်းလူသား အမျိုးအစား နှစ်မျိုးရှိတာ အတည်ပြုနိုင်လေပြီ။
တစ်မျိုးကတော့ အမွေးအမျှင်နဲ့ သတ္တဝါကြီးတွေဖြစ်ပြီး နောက်တစ်မျိုးကတော့ အရေပြားပေါ်မှာ သွေးရောင်မျဉ်းတွေ ရှိတဲ့သူတွေပင်။
လက်ရှိမှာတော့ အမွေးအမျှင်နဲ့ကောင်တွေက သားရဲလှိုင်းကို ဦးဆောင်နေသူတွေဖြစ်ပြီး သွေးရောင်မျဉ်းနဲ့လူတွေကတော့ ရှင်ကျန်သူတွေကနေ ပြောင်းလဲခံထားရပြီး အမွေးအမျှင် နဲ့ကောင်တွေရဲ့ တစ်နည်းနည်းနဲ့ ထိန်းချုပ်မှုကို ခံနေရသူတွေ ဖြစ်သည်။
အင်းဆက်တွေ ဒါမှမဟုတ် အဆိပ်ရှိတဲ့ ကပ်ပါးကောင်တွေကို အသုံးချတာများလား။
ထားလိုက်ပါတော့လေ၊ နောက်မှပဲ သတင်းအချက်အလက်တွေ ထပ်ရှာကြည့်တာပေါ့။
သူ ဆိုဖာဘေးကို လျှောက်သွားပြီး လီဝမ်ရှီးရဲ့ ပါးကို ခပ်ဖွဖွပုတ်ကာ "ထတော့" လို့ နှိုးလိုက်၏။
လီဝမ်ရှီးက ဒီတစ်ကြိမ်မှာတော့ ပြန်မအိပ်တော့ဘဲ မျက်လုံးလေး ဖြည်းဖြည်းချင်း ဖွင့်လာပြီး ရွှီရှင်းရဲ့ လက်ကို ဆွဲကာ သူမရဲ့ မျက်နှာလေးနဲ့ ပွတ်သပ်နေရှာသည်။
ရွှီရှင်းက သူမရဲ့ ပါးကို ဆွဲလိုက်တော့မှ သူမ မျက်လုံးလေးတွေ ပြန်လည် တောက်ပလာတော့၏။
အဲဒီနောက်မှာတော့ သူမရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး "အား ငါ ဘယ်လောက်တောင် အိပ်ပျော်သွားတာလဲ" လို့ အော်ဟစ်ကာ လက်ပတ်နာရီကို ကြည့်လိုက်လေသည်။
"ဘုရားရေ ငါ နှစ်နာရီကျော်တောင် အိပ်မိသွားတာလား။ နေ့ခင်းကြောင်တောင်ကြီးကို ဒီလောက်အထိ အိပ်မိသွားတာ"
"ကဲ... ပြန်ဖို့ ပြင်တော့၊ လီယာကျွင်းက ခုနက နင့်ကို လိုက်ရှာနေတယ်" လို့ ရွှီရှင်းက ပြောလိုက်၏။
လီယာကျွင်းက လီဝမ်ရှီးကို စိုးရိမ်ပြီး ရွှီရှင်းဆီကို စာတွေ အများကြီး ပို့ထားတာပင်။
"...ယာကျွင်းက ငါ့ဆီကို စာတွေ အများကြီး ပို့ထားတာပဲ။ နေဦး... ဟင်"
လီဝမ်ရှီး မျက်မှောင်ကြုတ်သွား၏။
"ဘာဖြစ်လို့လဲ"
"...ငါ့ရဲ့ သစ်ပင်အိမ်နားမှာ ဗီဇပြောင်းလူသားတွေ ပေါ်လာလို့တဲ့"
လီဝမ်ရှီးရဲ့ မျက်နှာ လေးနက်သွားပြီး မတ်တပ်ရပ်လိုက်သည်။
"ငါ အခုချက်ချင်း ပြန်မှ ဖြစ်မယ်"
"ဗီဇပြောင်းလူသားတွေလား"
ရွှီရှင်းလည်း စိုးရိမ်သွား၏။
"အင်း၊ အမွေးအမျှင်နဲ့ကောင်တွေ မဟုတ်ဘူး၊ ဖေးအာတို့လို သွေးရောင်မျဉ်းနဲ့လူတွေ။ ဒါပေမဲ့ အဲဒီလူက ဘာမှတော့ မလုပ်သွားဘူး၊ ယာကျွင်းက မြှားပစ်စက်နဲ့ ပစ်မယ်လုပ်တော့ ကြောက်ပြီး ထွက်ပြေးသွားတာတဲ့။ ဒါက လွန်ခဲ့တဲ့ နာရီဝက်လောက်က ဖြစ်သွားတာ။ ဗီဇပြောင်းလူသားတွေက ပတ်ဝန်းကျင်မှာ ပိုများလာသလိုပဲ၊ ငါ ပြန်ပြီး သွားစစ်ကြည့်လိုက်ဦးမယ်"
"ကောင်းပြီ၊ တစ်ခုခုဆို ငါ့ကို ချက်ချင်း ဆက်သွယ်လိုက်နော်"
"အင်းပါ"
လီဝမ်ရှီးကို အလင်းတံခါးအထိ လိုက်ပို့ပေးလိုက်၏။
သူမ ခရမ်းနက်ရောင် ဝဲဂယက်ထဲ ဝင်သွားတာကို ကြည့်ရင်း ရွှီရှင်းကတော့ သစ်ပင်အိမ်ရဲ့ ပတ်ဝန်းကျင်ကို အသေအချာ ပြန်လည် စူးစမ်းစစ်ဆေးနေတော့သည်။
အခန်း ၄၂၂ ပြီး။
အခန်း (၄၂၃) - ဗီဇပြောင်း ဆီးနှင်းကျားသစ်၏ နှလုံးသား ၂
နှင်းမုန်တိုင်း တိုက်ခတ်ပြီးနောက် နှင်းများ ထပ်မံကျဆင်းခြင်း မရှိတော့ပေ။
သစ်ပင်အိမ်၏ အချင်း လေးငါးရာမီတာ ပတ်လည်ရှိ ဖြူစင်သန့်ရှင်းခဲ့သော နှင်းထုမှာ ယခုအခါတွင်တော့ နင်းခြေမှုများကြောင့် အနုပညာလက်ရာ ပျက်စီးသွားသကဲ့သို့ ဖရိုဖရဲ ဖြစ်နေချေပြီ။
သို့သော် အဝေးသို့ လှမ်းကြည့်လိုက်လျှင်တော့ မိုးကုပ်စက်ဝိုင်းအထိ ဖွေးဖွေးလှုပ်နေသော နှင်းပြင်ကြီးကို မြင်တွေ့နေရဆဲ ဖြစ်ပြီး နှင်းပေါ်တွင် သွားလာနိုင်သော တောရိုင်းတိရစ္ဆာန် အနည်းငယ်မှာလည်း လှုပ်ရှားသွားလာနေကြသည်။
အနောက်ဘက်တွင်ရှိသော လုဖေးအာ၏ သုံးထပ်သစ်ပင်အိမ်မှာ မူလက အစိမ်းရောင် သစ်ပင်အထက်ပိုင်းကြောင့် အဝေးမှပင် ထင်ရှားစွာ မြင်တွေ့နိုင်သော်လည်း ယခုအခါတွင်တော့ ဆီးနှင်းများ ဖုံးလွှမ်းနေသဖြင့် မမြင်ရသလောက် ဖြစ်နေချေပြီ။
ထို့နောက် သူသည် ရေကန်ဘက်သို့ ကြည့်လိုက်၏။
နာရီဝက်ခန့် ငြိမ်သက်သွားပြီးနောက် အနုတ် ၂၀ ဒီဂရီအောက် ရောက်ရှိနေသော အပူချိန်ကြောင့် ရေကန်တစ်ခုလုံး ပြန်လည် ခဲသွားခဲ့သော်လည်း မြေပုံပေါ်တွင်မူ ရေအောက်က အနီရောင်အစက်များမှာ မနားတမ်း လှုပ်ရှားနေကြဆဲ ဖြစ်သည်။
ရေခဲပြင်ပေါ်တွင် အပူချိန်မှာ အနုတ် ၂၀ ကျော်နေစေကာမူ ရေခဲအောက်တွင်တော့ သုညဒီဂရီအထက် ရှိနေသေးသဖြင့် ရေကန်ထဲက ဗီဇပြောင်းငါးများအပေါ် သိသိသာသာ သက်ရောက်မှု မရှိပါပေ။
အပြင်ဘက်တွင် အရာအားလုံး ငြိမ်သက်နေပြီး ထူးခြားသည့် အခြေအနေမျိုး ထပ်မံ မပေါ်ပေါက်သေးချေ။
သူသည် အားအင်ကုန်ခမ်းနေသော မာဟုန်ဝေကို သွားရောက်စစ်ဆေးရာ သူသည် သတိမရသေးသည်ကို တွေ့ရ၏။
သို့သော် ပင်မသစ်ပင်အိမ်၏ အရှေ့တောင်ဘက်တွင် မာဟုန်ဝေ၏ ကပ်ပါးသစ်ပင်အိမ်မှာ အပြည့်အဝ ပြန်လည်ပေါက်ရောက်နေပြီဖြစ်ရာ သူ နိုးလာသည်နှင့် ပြန်လည် ပြောင်းရွှေ့နေထိုင်နိုင်ပြီ ဖြစ်သည်။
အတွင်းထဲက ပစ္စည်းများအတွက်တော့ နှမြောစရာပင်။
ရွှီရှင်းသည် သစ်ပင်အိမ်၏ ပထမထပ်သို့ ဆင်းလာပြီး ကျောပိုးအိတ်ထဲက သားရဲအလောင်းများကို ထုတ်လိုက်သည်။
အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ အလောင်း ငါးလောင်းနှင့် အဆင့်နိမ့် အလောင်း နှစ်ရာကျော် ရှိနေသည်။
မနက်ပိုင်း တိုက်ပွဲတွင် သေဆုံးသွားသော အဆင့်နိမ့်သတ္တဝါ များမှာ နှစ်ရာထက် ပိုလှပေသည်။
၎င်းကို သူရရှိထားသော ရမှတ် သုံးသောင်းကျော်က သက်သေခံနေ၏။
အဆင့်နိမ့်သတ္တဝါ တစ်ကောင်လျှင် ၅၀ မှတ်ဖြင့် တွက်လျှင်ပင် အကောင် ၆၀၀ ခန့် သတ်ခဲ့ရမည် ဖြစ်ပြီး၊ ၃၀ မှတ်သာ ရသည့် မြေခွေးကဲ့သို့ သတ္တဝါများကို ထည့်တွက်လျှင် အကောင်ရေ တစ်ထောင်နီးပါး ရှိပေလိမ့်မည်။
အလောင်း နှစ်ရာကျော်သာ ကျန်ရှိရခြင်းမှာ ကျန်ရှိသောအလောင်းများကို အပင်နှလုံးသားက စုပ်ယူလိုက်သောကြောင့် ဖြစ်သည်။
နှမြောစရာကောင်းသော်လည်း ထိုသို့ စုပ်ယူပြီး တစ်ပြိုင်နက် ပြန်လည်တိုက်ခိုက်ခြင်း မပြုလုပ်ပါက အပင်နှလုံးသားသည် သစ်ပင်အိမ်ကို ကာကွယ်နိုင်မည် မဟုတ်ပေ။
ဤတစ်ကြိမ်တွင် သူ၏ အကြီးမားဆုံးသော ရလဒ်မှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ အလောင်း ငါးလောင်းပင် ဖြစ်သည်။
ဆီးနှင်းကျားသစ် သုံးကောင်၊ ဆီးနှင်းဝံပုလွေဘုရင် တစ်ကောင်နှင့် ဆီးနှင်းမြေခွေး တစ်ကောင်တို့ ဖြစ်ကြသည်။
ရွှီရှင်းသည် ခရမ်းရောင်အဆင့် အရိုးဓားကို ထုတ်ယူလိုက်ပြီး ထိုငါးကောင်ကို အရင်ဆုံး ခွဲစိပ်ရန် ပြင်ဆင်လိုက်သည်။
သူသည် အားနည်းဆုံးသတ္တဝါမှ စတင်ရန် ဆုံးဖြတ်လိုက်၏။
ဆီးနှင်းမြေခွေးအလောင်းကို ဓားဖြင့် အပိုင်းပိုင်း ခွဲစိပ်လိုက်သည်။
[ညစ်ညမ်းနေသော ဗီဇပြောင်း ဆီးနှင်းမြေခွေး သားရေ (အပြာရောင်အဆင့်) ၁၊ ညစ်ညမ်းနေသော ဗီဇပြောင်း ဆီးနှင်းမြေခွေး အသား (မီးခိုးရောင်အဆင့်) ၅၀ ကီလိုဂရမ်၊ ဗီဇပြောင်း ဆီးနှင်းမြေခွေး အရိုး (အပြာရောင်အဆင့်) ၁၊ ညစ်ညမ်းနေသော ဗီဇပြောင်း ဆီးနှင်းမြေခွေး အကြော (အပြာရောင်အဆင့်) ၁၊ ဗီဇပြောင်း ဆီးနှင်းမြေခွေး အမြီး (အပြာရောင်အဆင့်) ၁ တို့ကို ရရှိသည်။]
အပြာရောင်အဆင့် မြေခွေးအမြီးလား။
ရွှီရှင်းသည် ၎င်း၏ မိတ်ဆက်စာကို ချက်ချင်း ဖတ်ကြည့်လိုက်၏။
ဗီဇပြောင်း ဆီးနှင်းမြေခွေး အမြီး (အပြာရောင်အဆင့်): အဆင့်မြင့် ကုန်ကြမ်းဖြစ်ပြီး အနှုတ် ၅၀ ဒီဂရီအထိ အအေးဒဏ်ကို ခံနိုင်ရည်ရှိသော ဆီးနှင်းမြေခွေး လည်စည်း ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ အနှုတ် ၅၀ ဒီဂရီအောက်တွင်မူ အာနိသင် ပျောက်ကွယ်သွားမည်။
ရွှီရှင်းမှာ အံ့အားသင့်သွားရသည်။
ဒါက အအေးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အဝတ်ထည်ပင်။
အနှုတ် ၅၀ ဒီဂရီတောင်လား..။
လက်ရှိ အပူချိန်မှာ အနုတ် ၂၀ ဒီဂရီ ဝန်းကျင်သာ ရှိသေးသဖြင့် အနှုတ် ၅၀ ဒီဂရီကို ခံနိုင်သော အဝတ်ပေါ်လာခြင်းက ဤဆောင်းရာသီတွင် အနှုတ် ၅၀ ဒီဂရီအထိ ရောက်ရှိလာနိုင်သည့် အခြေအနေကို သတိပေးနေခြင်းပင် ဖြစ်သည်။
ကြည့်ရသည်မှာ ဤဆောင်းရာသီ ကုန်ဆုံးရန်မှာ အလှမ်းဝေးနေဆဲ ဖြစ်၏။
သူသည် ဆီးနှင်းဝံပုလွေဘုရင်၏ အလောင်းကို ဆက်လက် ခွဲစိပ်ရာ ခရမ်းရောင် အလင်းတန်း ထွက်ပေါ်လာခဲ့သည်။
ခရမ်းရောင်အဆင့် သားရေ တစ်ခုလုံးကို ရရှိလိုက်ခြင်းပင်။
ခရမ်းရောင်အဆင့် သားရေသည် ဗျူဟာမြောက် အရင်းအမြစ်တစ်ခု ဖြစ်သည်။
ခရမ်းရောင်အဆင့် ကျောပိုးအိတ်တစ်ခု၏ စွမ်းရည်မှာ အပြာရောင်အဆင့်ထက် များစွာ သာလွန်လှသည်။
ထို့အပြင် ကျောက်ရှောင်ချွမ်းနှင့် ဝမ်လေတို့၏ အထူးကိရိယာများ ပြုလုပ်ရန်လည်း ခရမ်းရောင်အဆင့် သားရေ လိုအပ်သည်။
ကိုယ်ပျောက်ဝတ်ရုံ အကြောင်းကို တွေးမိရင်း ရွှီရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
ထို့နောက် ကျန်ရှိသော ဆီးနှင်းကျားသစ် သုံးကောင်ကို ဆက်လက် ခွဲစိပ်လိုက်သည်။
ဆီးနှင်းကျားသစ်များမှာ ဝံပုလွေဘုရင်ထက်ပင် ပိုမိုသန်မာသဖြင့် ရရှိလာသော ပစ္စည်းများမှာလည်း ပိုမို ကောင်းမွန်လှသည်။
ဆီးနှင်းကျားသစ် သုံးကောင်ထံမှ ခရမ်းရောင်အဆင့် သားရေ တစ်ခု၊ ခရမ်းရောင်အဆင့် အကြော တစ်ခုနှင့် ခရမ်းရောင်အဆင့် လက်သည်း တစ်စုံတို့ကို ရရှိခဲ့၏။
ထိုလက်သည်းများမှာ သတ္တုအစားထိုး အကောင်းဆုံး ခရမ်းရောင်အဆင့် လက်နက်များ ပြုလုပ်ရန် အသုံးပြုနိုင်သော်လည်း ရွှီရှင်းအတွက်မူ အဂ္ဂိရတ်ပညာဖြင့် သံမဏိ ထုတ်လုပ်နိုင်သလို လီဝမ်ရှီး၏ ဖိုတွင်လည်း အဆင့်မြင့် သံမဏိများ ရရှိနိုင်ခြေ ရှိနေသဖြင့် အလွန် အရေးမကြီးလှပေ။
သို့သော်လည်း အသစ်ရရှိလာသော ပစ္စည်းတစ်ခု၏ ရှေ့တွင်တော့ အခြားအရာများမှာ မှေးမှိန်သွားခဲ့ရသည်။
ရွှီရှင်းသည် သူ၏ လက်ထဲက နှလုံးသားကို ကြည့်ရင်း မျက်လုံးများ ပြူးသွားခဲ့ရ၏။
ညစ်ညမ်းနေသော ဗီဇပြောင်း ဆီးနှင်းကျားသစ် နှလုံးသား (ခရမ်းရောင်အဆင့်): ဗီဇပြောင်းသတ္တဝါများ စားသုံးပါက ခွန်အားကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သလို၊ မိမိ၏ သိစိတ်ကိုလည်း ပြန်လည် ရရှိစေပြီး အပြည့်အဝ ထိန်းချုပ်နိုင်စေသည်။ ဤနှလုံးသားမှာ ညစ်ညမ်းသောအသားနှင့် သဘောသဘာဝချင်း တူညီသဖြင့် သားရဲများနှင့် ဗီဇပြောင်းသတ္တဝါများအတွက် ဆွဲဆောင်မှု အလွန်ပြင်းထန်သော်လည်း၊ သာမန်သားရဲများနှင့် ရှင်ကျန်သူများအတွက်မူ အပြင်းထန်ဆုံးသော အဆိပ်အတောက် ဖြစ်သည်။ ၎င်းသည် သာမန်သားရဲများကို ဗီဇပြောင်းလဲသွားစေရန် အခွင့်အလမ်း အချို့ ရှိစေသည်။
ဗီဇပြောင်းသတ္တဝါများ၏ ခွန်အားကို မြှင့်တင်ပေးပြီး အသိစိတ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စေသည့် ဆေးစွမ်းတစ်မျိုးပင်။
ဟူး....
အသိစိတ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စေတာလား။
ဤနှလုံးသားကို ကိုင်ထားရင်း ရွှီရှင်း၏ ဦးနှောက်ထဲတွင် ဆန်းကြယ်သော အတွေးတစ်ခု ပေါ်လာခဲ့သည်။
ဗီဇပြောင်းဆေးလုံး သောက်သုံးပြီး ပြောင်းလဲသွားသော ရှင်ကျန်သူသည်လည်း ဗီဇပြောင်းသတ္တဝါတစ်ကောင်ပင် မဟုတ်ပါလား။
အကယ်၍ သူသာ ဗီဇပြောင်းဆေးလုံး သောက်ပြီးနောက် ဤနှလုံးသားကို စားသုံးလိုက်မည်ဆိုပါက သူသည် ဗီဇပြောင်းစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်မည့်အပြင်၊ ကြီးမားသော ခွန်အားနှင့် မရေမတွက်နိုင်သော ပြန်လည်ရှင်သန်ခြင်း စွမ်းရည်များကိုပါ ရရှိသွားမည် မဟုတ်ပါလား။
မာဟုန်ဝေကဥပမာပင်။
သူသည် အရိုးများပင် ကြေမွသွားစေကာမူ ယခုအခါတွင်တော့ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။
ရွှီရှင်း၏ စိတ်ထဲတွင် ထိုအတွေးက စိုးမိုးနေ၏။
ဗီဇပြောင်းလဲပြီးနောက် ရရှိလာမည့် စွမ်းရည်များမှာ တကယ့်ကို ဆွဲဆောင်မှု ရှိလှသည်။
သို့သော်လည်း ဗီဇပြောင်းလဲမှု နောက်ကွယ်က ပြဿနာများမှာလည်း အများအပြား ရှိနေဆဲ ဖြစ်သည်။
ထို့အပြင် သူသည် သာမန်လူသားတစ်ဦးအဖြစ်သာ ဆက်လက် ရှင်သန်လိုပြီး အကယ်၍ သွေးရောင်မျဉ်းမျိုးနွယ်စုဝင်အဖြစ် ပြောင်းလဲသွားပါက နောင်တွင် အခြေအနေများမှာ ရှုပ်ထွေးသွားနိုင်သည်။
သူသည် ဧရာမဘီလူးကြီးများကို ကူညီနေသူ ဖြစ်သဖြင့် သူကိုယ်တိုင် သွေးရောင်မျဉ်းမျိုးနွယ် ဖြစ်သွားရန်မှာ မသင့်တော်လှပေ။
ထို့အပြင် သူသည် ပတ်ဝန်းကျင်က ဗီဇပြောင်းသတ္တဝါများကို ထိန်းချုပ်ရန် အမြဲတမ်း တည်ငြိမ်နေဖို့ လိုအပ်၏။
သွေးရောင်မျဉ်း ဗီဇရှိသူများမှာ စိတ်ရိုင်းများ၏ လွှမ်းမိုးမှုကို လွယ်လွယ်ကူကူ ခံရတတ်သည်။
ဤနှလုံးသားက အသိစိတ်ကို ထိန်းချုပ်နိုင်သည် ဆိုသော်လည်း စိတ်လှုပ်ရှားမှုနှင့် ဝါသနာများအပေါ် လွှမ်းမိုးနိုင်ခြင်း မရှိပါက သူသည် သတ်ဖြတ်လိုစိတ် ပြင်းထန်သူတစ်ဦး ဖြစ်သွားနိုင်၏။
သူသည် အမြဲတမ်း ကြည်လင်သော စိတ်ထား ရှိနေရန် လိုအပ်သည်။
ထားလိုက်ပါတော့လေ။
ဗီဇပြောင်းလူသား ဖြစ်လာမည့် လမ်းစဉ်မှာ လုဖေးအာ၏ အတွေ့အကြုံအရဆိုလျှင် မလွယ်ကူလှပေ။
သူသည် ကိုယ်တိုင် တိုက်ခိုက်မည့်အစား သူ၏ လက်အောက်ခံများကိုသာ တိုက်ခိုက်ခိုင်းမည့် ဆင့်ခေါ်သူသခင် တစ်ဦးအဖြစ်သာ ဆက်လက် ရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ လုဖေးအာအား ဤလမ်းစဉ်ကို အရင်ဆုံး စမ်းသပ်ခိုင်းရန် သူ ဆုံးဖြတ်လိုက်ပြီး သူမထံသို့ အသံစာတိုတစ်စောင် ပေးပို့လိုက်သည်။
"ဒီကို ခဏလောက် လာခဲ့ပါဦး"။
အခန်း ၄၂၃ ပြီး။