← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄) - လုဖေးအာ အလယ်အလတ်အဆင့်သို့ တိုးမြှင့်ခံရခြင်း

ဒီလိုနှလုံးသားမျိုးက နောက်ပိုင်းမှာလည်း ရနိုင်မယ့် အခွင့်အရေးတွေ ရှိတာကြောင့် အခုရထားတဲ့ တစ်ခုကိုတော့ လုဖေးအာကိုပဲ အရင်ပေးပြီး စမ်းသပ်ကြည့်ခိုင်းလိုက်မည်။

လက်ရှိမှာ သူမရဲ့ သိစိတ်အပေါ် လွှမ်းမိုးခံနေရတဲ့ကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရ၏။

အမှန်တကယ်တော့ အရင်က အကြိမ်ကြိမ် စိတ်လွတ်ခဲ့ဖူးတဲ့ သူမဟာ အခုအချိန်မှာ သိစိတ်ကို ထိန်းချုပ်ဖို့ အလိုအပ်ဆုံးသူလည်း ဖြစ်သည်။

ဒါ့အပြင် ရွှီရှင်းက သူမကို တခြားရှင်ကျန်သူတွေကို ရှာဖွေပြီး နယ်မြေထဲ ခေါ်ဆောင်လာဖို့ တာဝန်ပေးချင်နေတာပင်။

အကယ်၍ သူမရဲ့ အသိစိတ်က မတည်ငြိမ်သေးဘူးဆိုရင်တော့ ဒီအရေးကြီးတဲ့အလုပ်ကို သူမကို ပေးအပ်ဖို့ စိတ်ချမှာ မဟုတ်ချေ။

ဘာပဲဖြစ်ဖြစ် ဒါဟာ ရှင်ကျန်သူတွေရဲ့ အသက်အန္တရာယ်နဲ့ သူတို့အဖွဲ့ရဲ့ အနာဂတ် တိုးတက်မှုနဲ့ ဆက်စပ်နေတာကြောင့်ပင်။

"ကောင်းပါပြီ၊ ကျွန်မ အခုချက်ချင်း လာခဲ့ပါ့မယ်"

လုဖေးအာက ဘာကိစ္စလဲလို့တောင် မမေးဘဲ နာခံစွာ သဘောတူလိုက်၏။

သူမရဲ့ လက်ရှိ စိတ်အခြေအနေက တကယ့်ကို မတည်မငြိမ် ဖြစ်နေတာပင်။

သူမရဲ့ အနာဂတ် အခြေအနေအတွက်လည်း အတော်လေး စိုးရိမ်နေမိ၏။

ဒါ့အပြင် ရွှီရှင်းနဲ့ စာချုပ်ချုပ်ဆိုထားတာကြောင့် သူ့အနားမှာ မရှိတဲ့အချိန်တိုင်း စိုးရိမ်ပူပန်မှုနဲ့ မလုံခြုံမှုတွေက သူမကို ပိုပြီး ဒုက္ခပေးနေခဲ့ခြင်းပင်။

ဒီနာရီပိုင်းအတွင်းမှာ သူမ ဘာအလုပ်ကိုမှ အာရုံစိုက်လို့ မရခဲ့ချေ။

ရွှီရှင်းဆီ ပြန်လာချင်ပေမဲ့ လီဝမ်ရှီးက သူ့ရဲ့ သစ်ပင်အိမ်ထဲမှာ ရှိနေတာကို သိတာကြောင့် နှစ်ယောက်တည်း ရှိနေတဲ့အချိန် သွားဖို့က မသင့်တော်ဘူးလို့ ယူဆပြီး လက်လျှော့ခဲ့ရ၏။

ဒါကြောင့် ရွှီရှင်းက ခေါ်လိုက်တဲ့အခါမှာတော့ သူမဟာ ဘာမှမစဉ်းစားဘဲ ချက်ချင်း ရောက်လာခဲ့တာ ဖြစ်သည်။

မကြာမီမှာပင် လုဖေးအာဟာ ရွှီရှင်းရဲ့ ရှေ့ကို ရောက်ရှိလာ၏။

ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူမရဲ့ သခင်ကို ကြည့်လိုက်ရုံနဲ့ ဂယောက်ဂယက် ဖြစ်နေတဲ့ သူမရဲ့ စိတ်ဟာ ဖြည်းဖြည်းချင်း တည်ငြိမ်သွားခဲ့ရသည်။

သူ့အနားမှာ ရှိနေရတာက သူမကို တကယ်ပဲ စိတ်အေးချမ်းစေ၏။

ငွေရောင်ဘုရင်နဲ့ မီမီတို့က ဘာလို့ ရွှီရှင်းအနားမှာပဲ အမြဲကပ်နေကြသလဲဆိုတာ အခုမှ သူမ နားလည်သွားတော့သည်။

ရွှီရှင်းက ဆီးနှင်းကျားသစ်ရဲ့ နှလုံးသားကို သူမထံ ကမ်းပေးလိုက်ပြီး "ဒါက ငါ ခုနက ရထားတဲ့ အရင်းအမြစ်ပဲ၊ နင်ဘာသာ ဖတ်ကြည့်လိုက်ဦး" လို့ ဆို၏။

လုဖေးအာက နှလုံးသားကို လှမ်းယူပြီး မိတ်ဆက်စာကို ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ အံ့သြလွန်းလို့ မျက်လုံးတွေ ပြူးကျယ်သွားပါတော့သည်။

သူမရဲ့ နှုတ်ခမ်းတွေ တုန်ရင်နေပြီး "ဒါ... ဒါက..."

ဒီပစ္စည်းက သူမရဲ့ လက်ရှိ ပြဿနာတွေကို အပြည့်အဝ ဖြေရှင်းပေးနိုင်မယ့် အရာပဲ မဟုတ်ပါလား။

ခွန်အားတွေ တိုးလာမယ့်ကိစ္စကို ခဏထားဦး၊ သိစိတ်ကို အပြည့်အဝ ထိန်းချုပ်နိုင်မယ့် စွမ်းရည်က သူမ အခုအချိန်မှာ အလိုအပ်ဆုံးအရာ ဖြစ်သည်။

သူမ အဓိက စိုးရိမ်နေရတာက အချိန်မရွေး ဗြောင်းဆန်သွားနိုင်တဲ့ သူမရဲ့ ဦးနှောက်ပဲ မဟုတ်ပါလား။

တည်ငြိမ်တဲ့ စိတ်မရှိဘဲနဲ့တော့ သူမ ဂုဏ်ယူရတဲ့ သရုပ်ဆောင်စွမ်းရည်တွေကိုတောင် ပြသနိုင်မှာ မဟုတ်ချေ။

လုဖေးအာက ညစ်ပတ်နေတာကိုတောင် ဂရုမစိုက်ဘဲ အဲဒီနှလုံးသားကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ရွှီရှင်းကို ကြည့်ကာ "ဒါ ကျွန်မအတွက်လား၊ ကျွန်မကို ပေးတာ မဟုတ်လား" လို့ မေးလိုက်၏။

ရွှီရှင်းက သူမကို စနောက်ချင်တာနဲ့ ပြုံးလိုက်ပြီး "ဒါက ခရမ်းရောင်အဆင့် အရင်းအမြစ်ပဲ၊ ငါ နင့်ကို ပေးမယ်လို့ မပြောရသေးပါဘူး၊ ပြရုံပဲ ပြတာပါ။ ဘယ်လိုလဲ၊ ဒီပစ္စည်းက နင့်ရဲ့ လက်ရှိအခြေအနေကို ကူညီပေးနိုင်လား" လို့ မေးလိုက်၏။

လုဖေးအာရဲ့ မျက်ဝန်းတွေက အရောင်တောက်သွားပြီး ချက်ချင်းပဲ စိတ်ပျက်သွားတဲ့ ပုံစံ ပေါက်သွားပြန်သည်။

သူမ ရင်ခွင်ထဲက နှလုံးသားကို ငုံ့ကြည့်ပြီး "ဒါက ကျွန်မကို တကယ်ပဲ အများကြီး ကူညီပေးနိုင်တာပါ..." လို့ ခက်ခက်ခဲခဲ ပြောရှာ၏။

"ဒါဆိုရင်တော့..."

ရွှီရှင်းက သူမကို ဆက်ပြီး မစတော့ဘဲ ဒါဟာ သူမအတွက်ပဲလို့ ပြောဖို့ ပြင်လိုက်ပေမယ့် လုဖေးအာက ရုတ်တရက် သူ့ရှေ့မှာ ဒူးထောက်ချလိုက်၏။

ဟုတ်ပါသည်၊ သူမက သူ့ရှေ့မှာ ရုတ်တရက်ကြီး ဒူးထောက်လိုက်တာကြောင့် ရွှီရှင်းတောင် ခဏလောက် မှင်သက်သွားခဲ့ရ၏။

ဒီမိန်းကလေးက အရင်က အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်ခံရတဲ့ အချိန်မှာတောင် ဒူးမထောက်ခဲ့တဲ့သူပင်။

လုဖေးအာက နှလုံးသားကို ဆုပ်ကိုင်ရင်း တုန်ရင်နေတဲ့ အသံနဲ့ "သခင်... ကျွန်မကို ဒီနှလုံးသား ပေးပါ၊ ဒါက ကျွန်မအတွက် တကယ် အရေးကြီးလို့ပါ။ ကျွန်မ ရူးတော့မလို ဖြစ်နေပြီ။ ကတိပေးပါတယ်၊ နောက်ကျရင် ဒီနှလုံးသားထက် ပိုတန်ဖိုးရှိတဲ့ အရာတွေကို ရှာပေးပါ့မယ်။ ကျွန်မကို ပေးပါနော်" လို့ ဒူးထောက်တောင်းပန်ရှာသည်။

သူမရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေ ဝိုင်းနေပြီး တောင်းပန်တဲ့ အကြည့်တွေနဲ့ ရွှီရှင်းကို ကြည့်နေ၏။

"...ထပါတော့။"

လှပတဲ့ မိန်းကလေးတစ်ယောက်က သူ့ရှေ့မှာ ဒူးထောက်နေတာကို ရွှီရှင်းရဲ့ စိတ်က မခံစားနိုင်ချေ။

သူ ချက်ချင်း ထရပ်ပြီး သူမကို ထူပေးဖို့ ပြင်လိုက်၏။

ဒါပေမဲ့ လုဖေးအာကတော့ နှလုံးသားကို ဖက်ထားရင်း သူ့ကို ကြည့်ကာ ဇွတ်ဒူးထောက်နေဆဲပင်။

"ကဲပါ... ကဲပါ... နင့်ကို ပေးပါ့မယ်"

ရွှီရှင်းက ဘာပြောရမှန်းမသိဘဲ ပြောလိုက်ရ၏။

ဒီပစ္စည်းက မူလကတည်းက သူမအတွက် ရည်ရွယ်ထားတာပင်။

သူက စနောက်လိုက်ရုံပဲ ရှိပါသေးသည်။

သူမကတော့ ဒူးထောက်တဲ့အထိ ဖြစ်သွားရှာ၏။

"တကယ်လား"

လုဖေးအာက မျက်ရည်တွေကြားကနေ သူ့ကို ကြည့်ပြီး မေးလိုက်သည်။

"တကယ်ပေါ့ဟ၊ ထတော့"

"စကား ပြန်မဖျက်ရဘူးနော်" လို့ သူမက ထပ်မေး၏။

"မဖျက်ပါဘူးဟ... ဟင်"

ရွှီရှင်းက လုဖေးအာကို သံသယနဲ့ ကြည့်လိုက်မိ၏။

ဖြစ်နိုင်တာက...

လုဖေးအာရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး သနားစရာပုံစံ ပျောက်ကာ အလွန်စိတ်လှုပ်ရှားသွားတဲ့ ပုံစံ ပေါက်သွား၏။

သူမက ကြမ်းပြင်ပေါ်ကနေ ခုန်ထလိုက်ပြီး ဘယ်လက်က နှလုံးသားကို ကိုင်ကာ ညာလက်က အောင်နိုင်သူအမှတ်အသား လုပ်ပြီး "ဟေး... ဒီနှလုံးသားက ငါ့ဟာ ဖြစ်သွားပြီ " လို့ အော်ဟစ်လိုက်ပါတော့၏။

ရွှီရှင်းကတော့ မယုံကြည်နိုင်လောက်အောင် ခေါင်းကိုက်သွားရ၏။

"..."

ဘုရားရေ... ဒီမိန်းကလေးက အခုတလော လိမ္မာနေတာနဲ့ သူမရဲ့ တကယ်တမ်း ကောက်ကျစ်တဲ့ စရိုက်ကို သူ မေ့နေခဲ့တာပဲ။

ဒါဟာ သူမရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ သူ့ကို ထပ်ပြီး လိမ်လိုက်တာပဲ မဟုတ်ပါလား။

ရွှီရှင်းရဲ့ မျက်နှာကို မြင်တော့ လုဖေးအာက တုန်သွားပြီး နှလုံးသားကို ဖက်ကာ နောက်ဆုတ်သွား၏။

"ရှင် ခုနက စကားမဖျက်ဘူးလို့ ပြောပြီးပြီနော်၊ ဖျက်လို့ မရဘူး" လို့ သတိနဲ့ ပြောလိုက်၏။

သူမရဲ့ သရုပ်ဆောင်ချက်နဲ့ ထပ်လိမ်ခံရတာကြောင့် ရွှီရှင်း နည်းနည်း စိတ်တိုသွားပြီး သူ့ရဲ့ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။

"ပစ္စည်းကိုတော့ နင် ယူနိုင်ပါတယ်၊ ဒါပေမဲ့ နင် ငါ့ကို လိမ်လိုက်တာကြောင့် အပြစ်ပေးတဲ့အနေနဲ့ နင့်ကို လက်ပတ်ထဲမှာ ပိတ်ထားဖို့ စဉ်းစားနေတယ်" လို့ ဆိုလိုက်သည်။

လုဖေးအာရဲ့ ခန္ဓာကိုယ် တုန်သွားပြီး တကယ့်ကို ထိတ်လန့်သွားတဲ့ ပုံစံ ပေါက်သွား၏။

ဒီတစ်ကြိမ်မှာတော့ သူမ တကယ် ကြောက်သွားတာပင်။

ဒါပေမဲ့ နှလုံးသားအတွက်နဲ့ သူမ အံကိုကြိတ်ပြီး မျက်လုံးတွေကို မှိတ်လိုက်ကာ "လုပ်လိုက်ပါ။ ကျွန်မကို ဒီနှလုံးသား ပေးမယ်ဆိုရင် ရက်အနည်းငယ်လောက် အပိတ်ခံရတာကိုလည်း ကျွန်မ..."

စကားပြောရင်းနဲ့ သူမရဲ့ အသံက တုန်လာ၏။

လက်ပတ်ထဲက ရူးလောက်စရာ ကောင်းတဲ့ မြင်ကွင်းတွေကို ပြန်တွေးမိပြီး သူမရဲ့ ခန္ဓာကိုယ်က အင်အားတွေ ကုန်ခမ်းသွားကာ ဒူးထောက်လျက်သား ဖြစ်သွားပြီး ရွှီရှင်းရဲ့ အပြစ်ပေးမှုကို မျက်လုံးမှိတ်ပြီး စောင့်နေရှာသည်။

ရွှီရှင်းက ခေါင်းခါရင်း "ထားလိုက်ပါတော့၊ နောက်တစ်ခါ ဒါမျိုး မဖြစ်စေနဲ့၊ ထတော့" လို့ ဆိုသည်။

ရွှီရှင်းရဲ့ စကားကို ကြားတာနဲ့ လုဖေးအာက ချက်ချင်းပဲ ထရပ်လိုက်ပြီး မျက်လုံးတွေက အရောင်တောက်သွား၏။

"ရှင် တကယ်ပဲ ကျွန်မကို ပေးလိုက်တာလား"

ရွှီရှင်းက သူမကို တစ်ချက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ကာ "ဒီနှလုံးသားက အစကတည်းက နင့်အတွက်ပဲ။ ငါ စကားတောင် မဆုံးသေးဘူး၊ နင်က ဇွတ် ဒူးထောက်လိုက်တာပဲ။ ကဲပါ... နင့်ရဲ့ အညံ့ခံတဲ့ အမူအရာက ကောင်းမွန်တာကြောင့် ငါ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်ဆို ငါနဲ့ စကားပြောရင် ဒီလို အမူအရာမျိုးပဲ ထား၊ ဒူးထောက်တာက ယဉ်ကျေးမှုကို အများကြီး တိုးတက်စေတယ်" လို့ ဆို၏။

လုဖေးအာမှာတော့ မှင်သက်သွားရ၏။

"ဟင် ဒါက မူလကတည်းက ကျွန်မအတွက်လား"

"ဘာထင်လို့လဲ။နင့်ကို ပြရုံသက်သက် ခေါ်လိုက်မယ် ထင်နေတာလား။ ငါက အဲဒီလောက်အထိ အားနေတယ် ထင်လို့လား"

"ဒါက..."

လုဖေးအာရဲ့ ပါးပြင်တွေ ချက်ချင်း နီမြန်းသွားပါတော့သည်။

ခုနက သိမ်ငယ်စွာနဲ့ ဒူးထောက်တောင်းပန်ခဲ့တာတွေကို ပြန်တွေးမိပြီး တကယ်တမ်း ဒူးမထောက်ဘဲနဲ့လည်း ဒီနှလုံးသားကို ရနိုင်တာကို သိလိုက်ရတဲ့အခါမှာတော့ သူမဟာ မြေကြီးထဲဝင်ချင်စိတ် ပေါက်သွားတော့၏။

ရွှီရှင်းနဲ့ စတွေ့တုန်းကလည်း သူမက အားနည်းတဲ့သူလို သရုပ်ဆောင်ခဲ့တာကို သူက ရိပ်မိခဲ့တာကိုလည်း ပြန်သတိရသွားပြီး ပိုပြီးတော့တောင် ရှက်သွားရ၏။

ဒီလူ့ရှေ့မှာတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်က ဘယ်တုန်းကမှ မအောင်မြင်ခဲ့ချေ။

ရှက်စရာကောင်းလိုက်တာဟာ..။

ဒါပေမဲ့လည်း ကျွန်တစ်ယောက်က သူမရဲ့ သခင်ကို ဒူးထောက်တာက ပုံမှန်ပဲဆိုတော့ သိပ်ပြီးတော့လည်း မရှက်သင့်ဘူး မဟုတ်လား။

ဒါ့အပြင် ဒါက ခရမ်းရောင်အဆင့် ပစ္စည်းတစ်ခုလေ ဒူးထောက်ရတာက တန်ပါတယ်။

ကံကောင်းတာက တခြားလူတွေ မရှိနေတာပဲ...။

မဟုတ်သေးပါဘူး၊ လူတွေ မရှိပေမဲ့ သားရဲတွေ ရှိနေတာပဲလေ။

သူမ ခေါင်းကို လှည့်ကြည့်လိုက်တဲ့အခါ ခဲခဲလေး၊ ငွေရောင်ဘုရင်၊ မီမီ၊ အာဖုနဲ့ ဆီးနှင်းဝံပုလွေတို့က သူမကို စိုက်ကြည့်နေတာကို တွေ့လိုက်ရပြီး သူမရဲ့ မျက်နှာက ပိုပြီးတော့တောင် နီရဲသွားပါတော့သည်။

ငွေရောင်ဘုရင်နဲ့ တခြားသားရဲတွေကတော့ ရွှီရှင်းက နှလုံးသားကို ထုတ်လိုက်ကတည်းက အဲဒါကိုပဲ အာရုံစိုက်နေကြတာပင်။

မိတ်ဆက်စာမှာ ရေးထားသလိုပဲ ဒီနှလုံးသားဟာ သာမန်သားရဲတွေရော ဗီဇပြောင်းသတ္တဝါတွေအတွက်ပါ အလွန်ပြင်းထန်တဲ့ ဆွဲဆောင်မှု ရှိနေတာကြောင့် ငွေရောင်ဘုရင်နဲ့ မီမီတို့လည်း ချွင်းချက် မဟုတ်ချေ။

"ကဲပါ..."

ရွှီရှင်းက မီးဖိုချောင်ဘက်ကို မေးငေါ့ပြရင်း "နင်ဘာသာ သွားချက်ပြီး စားလိုက်တော့၊ စားပြီးရင် ဘယ်လို အာနိသင်ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်... ထားလိုက်ပါတော့၊ နင့်ရဲ့ သစ်ပင်အိမ်ကိုပဲ ပြန်သွားလိုက်ပါ" လို့ ဆိုလိုက်၏။

ဘေးက သားရဲတွေက သူတို့ကို စိုက်ကြည့်နေကြတာကို သူ သတိထားမိလိုက်တာကြောင့် လုဖေးအာကို ဒီမှာ မချက်ခိုင်းတော့ချေ။

မဟုတ်ရင် ဟင်းနံ့ကြောင့် သူတို့တွေ ထိန်းနိုင်မှာ မဟုတ်တော့ပေ။

လုဖေးအာ သစ်ပင်အိမ်ကို ရောက်တဲ့အခါ နှလုံးကို မြန်မြန်ဆန်ဆန်ပဲ ချက်ပြုတ်လိုက်၏။

"ဟို... ကျွန်မ အခု စားလို့ ရပြီလား"

လုဖေးအာက သူမရှေ့က ဟင်းပွဲကို စိုက်ကြည့်နေပြီး သူမရဲ့ မျက်လုံးတွေက တုန်ယင်နေ၏။

သူမကိုယ်တိုင်လည်း ဒီနှလုံးသားရဲ့ ပြင်းထန်တဲ့ ဆွဲဆောင်မှုကို ခံစားနေရတာပင်။

ချက်ပြုတ်ပြီးတဲ့အခါမှာတော့ အနံ့က ပိုပြီးတော့တောင် ဆွဲဆောင်မှု ရှိလာ၏။

သူမ မတောင့်ခံနိုင်တော့ဘဲ ရွှီရှင်းရဲ့ စားခွင့်ပြုတဲ့ စကားကို စောင့်နေရှာသည်။

သူမတင်မကချေ။ ရွှီရှင်းကိုယ်တိုင်တောင် အနံ့ကြောင့် တံတွေး တစ်ချက် မျိုချလိုက်မိ၏။

ဒါပေမဲ့ သူကတော့ စားလို့ မရပေ။ သူ့အတွက်ကတော့ ဒါက အဆိပ်ပဲ မဟုတ်ပါလား။

"စားတော့လေ။"

ရွှီရှင်း စကားပြောလိုက်တာနဲ့ လုဖေးအာက ဘာမှ ဂရုမစိုက်တော့ဘဲ အစာငတ်နေတဲ့ ကြောင်တစ်ကောင်လို အားရပါးရ စားသောက်ပါတော့သည်။

"အင်း... အရမ်းကောင်းတာပဲ... ကျွန်မ ဘဝမှာ... အင်း... ဒီလောက် ကောင်းတာမျိုး တစ်ခါမှ မစားဖူးဘူး"

သူမဟာ တူကိုတောင် ဘေးချထားပြီး လက်နဲ့ပဲ စားတော့သည်။

မကြာခင်မှာပဲ နှလုံးတစ်ခုလုံးကို သူမရဲ့ ဗိုက်ထဲအရောက် ထည့်လိုက်၏။

သူမက ခုံမှာ မှီထိုင်ရင်း ဗိုက်ကို ပွတ်ကာ ပျော်ရွှင်တဲ့ အပြုံးလေးနဲ့

"တကယ်ပဲ ဘယ်ကမ္ဘာမှာမဆို ဗိုက်ဝတာက အကြီးမားဆုံး ပျော်ရွှင်မှုပဲ..." လို့ ဆို၏။

ရွှီရှင်းက လက်ပိုက်ပြီး "အခု ဘယ်လို ခံစားရလဲ" လို့ မေးလိုက်သည်။

"အင်း..."

လုဖေးအာက ခေါင်းလေးစောင်းပြီး "ခန္ဓာကိုယ်က ပူလာသလိုပဲ၊ နွေးထွေးတဲ့ စီးကြောင်းတစ်ခု ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတယ်..." လို့ ပြန်ဖြေ၏။

ရွှီရှင်းက ကြည့်နေတုန်းမှာပဲ သူမရဲ့ မျက်လုံးတွေက ကြည်လင်နေပေမဲ့ နဖူးမှာတော့ ချွေးတွေ စတင် ထွက်ပေါ်လာလေပြီ။

"ပူလိုက်တာ..."

သူမက ရင်ဘတ်က ကြယ်သီးကို ဖြုတ်လိုက်တာကြောင့် သူမရဲ့ အရေပြားပေါ်မှာ သွေးရောင်မျဉ်းတွေက ဖြည်းဖြည်းချင်း တောက်ပလာတာကို မြင်တွေ့လိုက်ရ၏။

သူမရဲ့ မျက်နှာပေါ်ကိုလည်း သွေးရောင်မျဉ်းတွေ စတင် တက်လာပါတော့သည်။

ရွှီရှင်းက သူမကို စိုက်ကြည့်ပြီး "အခု ဘယ်လိုလဲ၊ အသိစိတ်က ကြည်လင်နေသေးရဲ့လား" လို့ မေးလိုက်၏။

လုဖေးအာဟာ အရမ်းပူနေတာကြောင့် အဝတ်အစားတွေကို ချွတ်ချင်နေပေမဲ့ ရွှီရှင်းက ရှေ့မှာ ရှိနေတာကြောင့် ထိန်းထားလိုက်သည်။

သူမ ရွှီရှင်းနဲ့ စတွေ့တုန်းကလည်း မပေါ်တပေါ်ဖြစ်ခဲ့ဖူးတာကြောင့် ရွှီရှင်း မြင်တာကိုတော့ သူမ ဂရုမစိုက်ချေ။

ဒါပေမဲ့ လီဝမ်ရှီးက စိတ်ဆိုးမှာကို စိုးရိမ်တာကြောင့် သူမ ထိန်းချုပ်လိုက်ခြင်းပင်။

"အရမ်း ကြည်လင်နေတုန်းပါပဲ၊ ခန္ဓာကိုယ်က အရမ်းပူနေပေမဲ့ပေါ့"

လုဖေးအာရဲ့ အသံက တည်ငြိမ်နေပြီး ချွေးတွေ ထွက်နေတဲ့ သူမရဲ့ မျက်နှာနဲ့တော့ လုံးဝကို ဆန့်ကျင်ဘက်ပင်။

ကြည့်ရတာ အသိစိတ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းက တကယ့်ကို ကောင်းမွန်တဲ့ စွမ်းရည်တစ်ခု ဖြစ်ပုံရ၏။

ရွှီရှင်းက မပြန်သေးဘဲ ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေ၏။

လုဖေးအာရဲ့ မျက်နှာနဲ့ ရင်ဘတ်က သွေးရောင်မျဉ်းတွေက ငွေရောင်ဘုရင်နဲ့ မီမီတို့ ဆင့်ကဲပြောင်းလဲတုန်းကလိုပဲ အနီရောင်အလင်းတွေ တောက်ပနေသည်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရွှီရှင်းအတွက် ဦးရေပြားအောက်ကနေ တစ်ခုခု ပေါက်ထွက်ချင်တဲ့ ခံစားချက်မျိုးတော့ မပေးတော့ချေ။

ဖြစ်နိုင်တာက လုဖေးအာရဲ့ အဝတ်အစားတွေက အလင်းကို ကာကွယ်ပေးထားတာကြောင့်လည်း ဖြစ်နိုင်သလို သူ့ရဲ့ စိတ်စွမ်းအားကလည်း အရင်ကထက် ပိုသန်မာလာတာကြောင့် ဖြစ်ပေလိမ့်မည်။

ဒီမြင်ကွင်းက ဆယ်မိနစ်ခန့်သာ ကြာမြင့်၏။

လုဖေးအာဟာ ခုံမှာ ထိုင်နေရင်း မျက်မှောင်ကြုတ်ကာ လက်သီးကို တင်းတင်းဆုပ်ထားပေမဲ့ ချွေးတွေ စိုရွှဲနေတဲ့ကြားကပဲ သူမကိုယ်သူမ အသေအချာ ထိန်းချုပ်ထား၏။

ရုတ်တရက် သူမရဲ့ ခန္ဓာကိုယ်ပေါ်က အနီရောင်အလင်းတွေက ပိုပြီး ပြင်းထန်လာကာ သူမရဲ့ မျက်လုံးတွေက အနီရောင် တောက်ပသွားပြီး သူမဘာသာ တိုးတိုးလေး ညည်းတွားလိုက်၏။

ထိုသို့ဖြစ်ပြီးနောက် အလင်းတွေ ပျောက်ကွယ်သွားပြီး အားလုံး ငြိမ်သက်သွားပါတော့သည်။

လုဖေးအာဟာ ခုံပေါ်မှာ ထိုင်ပြီး အသက်ကို အပြင်းအထန် ရှူနေရှာ၏။

"ပြီးသွားပြီလား" လို့ ရွှီရှင်းက မေးလိုက်သည်။

မြေပုံပေါ်မှာတော့ လုဖေးအာရဲ့ အစိမ်းရောင်အစက်က ငွေရောင်ဘုရင်ရဲ့ အစက်နဲ့ အဆင့်တူနီးပါး ဖြစ်သွားချေပြီ။

သူမဟာ အခုဆိုရင် အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတစ်ကောင် ဖြစ်သွားပြီဖြစ်သည်။

လုဖေးအာက ခေါင်းညိတ်ပြီး သူမရဲ့ မျက်နှာကို မော့လိုက်၏။

သူမရဲ့ သွေးရောင်မျဉ်းတွေက ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

"ဟုတ်ကဲ့၊ အခု ကျွန်မ ခန္ဓာကိုယ်ထဲမှာ စွမ်းအားတွေ ပြည့်နေသလိုပဲ၊ ပြီးတော့... ကျွန်မရဲ့ အသိစိတ်ကလည်း အရမ်းကို ကြည်လင်နေတယ်။ ဗီဇပြောင်းလဲပြီးကတည်းက တစ်ခါမှ ဒီလောက်အထိ မကြည်လင်ခဲ့ဖူးဘူး"

သူမရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့လေပြီ။

နောက်ဆုံးတော့ အချိန်မရွေး စိတ်လွတ်သွားနိုင်တဲ့ အားနည်းချက်ကနေ သူမ လွတ်မြောက်သွားခဲ့ချေပြီ။

ဗီဇမပြောင်းလဲခင်တုန်းကထက်တောင် သူမရဲ့ စိတ်က ပိုပြီး ကြည်လင်နေတယ်လို့ ခံစားနေရ၏။

အခန်း ၄၂၄ ပြီး။

အခန်း (၄၂၅) - အကြွင်းမဲ့ အညံ့ခံခြင်းနှင့် ပြန်လည်ထွက်ပေါ်လာသော ထူးဆန်းသည့်အသံ

ရွှီရှင်းသည် မတ်တပ်ရပ်လိုက်ပြီး "ငါနဲ့အတူ အောက်ထပ်ဆင်းခဲ့ပါဦး" ဟု ဆိုကာ လုဖေးအာကို ခေါ်ဆောင်သွား၏။

၎င်းတို့နှစ်ဦး သစ်ပင်အိမ်အောက်ထပ်သို့ ရောက်ရှိသောအခါ "ငါ့ကို တိုက်ခိုက်ကြည့်စမ်း" ဟု ရွှီရှင်းက လုဖေးအာကို စမ်းသပ်ရန် စိန်ခေါ်လိုက်သည်။

သူမ၏ လက်ရှိခွန်အားကို သူ သိလိုခြင်း ဖြစ်ပေသည်။

သူမကို ကြည့်ရသည်မှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတို့တွင် တွေ့ရလေ့ရှိသည့် တိုက်ခိုက်ရေးအစိတ်အပိုင်းများ ကြီးထွားလာခြင်းမျိုး မတွေ့ရသလောက်ပင်။

အရင်တစ်ခေါက် လုဖေးအာ စွမ်းအားပေါက်ကွဲစဉ်ကမူ သူမ၏ တိုက်ခိုက်ပုံသည် မီမီကဲ့သို့ လက်သည်းများဖြင့် တိုက်ခိုက်ခြင်းမျိုး ဖြစ်၏။

သို့သော် ယခု သူမ၏ လက်များကို ကြည့်လိုက်သောအခါ အရွယ်အစားမှာ အရင်အတိုင်းပင် ဖြစ်နေသည့်အပြင် လက်သည်းများပင် ရှည်မလာသည်ကို တွေ့ရပေသည်။

"ဟင်"

လုဖေးအာမှာ မှင်သက်သွားပြီး နောက်သို့ဆုတ်ကာ ခေါင်းကို အဆက်မပြတ် ခါယမ်းနေ၏။

"မဖြစ်နိုင်တာ၊ ကျွန်မ မလုပ်ရဲပါဘူး..."

"ဒါက လေ့ကျင့်တာပဲလေ၊ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ နင် ငါ့ကို အခု ဒဏ်ရာပေးနိုင်မယ် ထင်လို့လား။ တိုက်ခိုက်စမ်းပါ" ဟု ရွှီရှင်းက မျက်မှောင်ကြုတ်၍ အမိန့်ပေးလိုက်သည်။

"ကျွန်မ... ကျွန်မ..."

လုဖေးအာသည် လက်ကို မြှောက်ပြီး ရွှီရှင်းထံသို့ နှစ်လှမ်းခန့် တိုးလာသော်လည်း လက်ကို ပြန်ချလိုက်ကာ ခေါင်းကိုသာ ခါယမ်းနေပြန်၏။

"မရဘူး၊ ကျွန်မ ရှင့်ကို ဒဏ်ရာမပေးနိုင်ဘူး။ လေ့ကျင့်တာတောင်မှ ကျွန်မရဲ့ အင်အားအစစ်အမှန်ကို အသုံးမပြုနိုင်ရင် လေ့ကျင့်တာက အဓိပ္ပာယ်မရှိတော့ဘူးလေ"

"ဒီလောက်တောင်လား" ဟု ရွှီရှင်းက ဇဝေဇဝါ ဖြစ်သွားရသည်။

"ကျွန်မကို မီမီ ဒါမှမဟုတ် ငွေရောင်ဘုရင်နဲ့ပဲ တိုက်ခိုက်ခိုင်းပါ။ သူတို့ကိုတော့ ကျွန်မ တိုက်ရဲပါတယ်" ဟု လုဖေးအာက အကြံပြု၏။

သူမသည် ရွှီရှင်းကို တိုက်ခိုက်ရန် စိတ်ရောကိုယ်ပါ အပြင်းအထန် ခုခံနေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ရွှီရှင်းက မီမီကို အပေါ်ထပ်မှ ခေါ်ဆောင်လာခဲ့သည်။

တိုက်ခိုက်ရေးစွမ်းရည်အရ မီမီမှာ ပို၍ သန်မာသလို လုဖေးအာကဲ့သို့ပင် လျင်မြန်ဖြတ်လတ်သည့် အမျိုးအစား ဖြစ်သောကြောင့်ပင်။

"လက်နက် လိုအပ်လား" ဟု ရွှီရှင်းက မေးမြန်း၏။

လုဖေးအာတွင် ဗီဇပြောင်းသတ္တဝါတို့ကဲ့သို့ သဘာဝလက်နက်များ မပါရှိသဖြင့် မီမီနှင့် တိုက်ခိုက်လျှင် အားနည်းချက် ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

"အင်း..."

လုဖေးအာက သူမ၏ ခါးကြားမှ အပြာရောင်အဆင့် ကျောက်ဓားမြှောင် နှစ်လက်ကို ထုတ်ယူလိုက်ပြီး "ဒါတွေဆို ရပါပြီ" ဟု ဆို၏။

"ကောင်းပြီ၊ နှစ်ယောက်စလုံး သတိထားပြီး လေ့ကျင့်ကြနော်"

"သုံး... နှစ်... တစ်... စ"

ရွှီရှင်း၏ စကားအဆုံးတွင် မီမီသည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားပြီး လုဖေးအာ၏ ရှေ့တည့်တည့်သို့ ခုန်တက်ကာ လက်သည်းများဖြင့် ကုတ်ခြစ်လိုက်၏။

"မြန်လိုက်တာ"

ရွှီရှင်း၏ မျက်လုံးများ ပြူးသွားရသည်။

ဤမျှ မြန်ဆန်လှသော အရှိန်မျိုးကို သူ လုံးဝ မတုံ့ပြန်နိုင်ပါပေ။

သို့သော် လုဖေးအာမှာမူ မတုန်လှုပ်ဘဲ မီမီ၏ လက်သည်းကို ရှောင်တိမ်းရန် ခန္ဓာကိုယ်ကို ထူးဆန်းသော ထောင့်တစ်ခုမှ လှည့်လိုက်ပြီး ဓားမြှောင်ကို ချက်ချင်း ပြန်လည် ဝှေ့ယမ်းလိုက်၏။

မီမီ၏ လက်သည်းနှင့် ဓားမြှောင်တို့ ဂျောက် ခနဲ ရိုက်ခတ်သံနှင့်အတူ ၎င်းတို့နှစ်ဦးသည် ချက်ချင်း ပြန်ခွာသွားပြီး တစ်ဦးကိုတစ်ဦး သတိနှင့် စိုက်ကြည့်နေကြ၏။

လုဖေးအာ၏ ဓားမြှောင်တွင်မူ သိသိသာသာ ချိုင့်ဝင်သွားပြီး အက်ရာပင် ပေါ်လာခဲ့ချေပြီ။

အပြာရောင်အဆင့် ကျောက်ဓားမြှောင်တို့သည်လည်း မီမီ၏ ထက်မြက်လှသော လက်သည်းများကို မယှဉ်နိုင်ပါပေ။

"ကျွန်မကို လက်နက်အသစ် ပေးမှာ မဟုတ်လားဟင်၊ သခင်" ဟု လုဖေးအာက မီမီကို စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။

"နင်သာ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် ခရမ်းရောင်အဆင့် လက်နက် ပေးမှာပေါ့" ဟု ရွှီရှင်းက ဆို၏။

သူ၏ အမိန့်များကို တစ်သဝေမတိမ်း လိုက်နာသည့် လုဖေးအာအတွက် လက်နက်မှာ တကယ်ကို လိုအပ်သည်ဟု သူ ယူဆထား၏။

ယခု သူမသည် နှလုံးကို စားသုံးထားပြီး ဖြစ်သောကြောင့် စွမ်းအားပေါက်ကွဲချိန်တွင်လည်း အသိစိတ်ကို ထိန်းချုပ်နိုင်တော့မည် ဖြစ်ရာ ၎င်းသည် တကယ့်ကို ထူးခြားသည့် စွမ်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။

"...ဒါဆိုရင် သတိထားကြည့်နော်"

ဤတစ်ကြိမ်တွင် လုဖေးအာက စတင်တိုက်ခိုက်၏။

သူမ၏ အရှိန်မှာ အလွန်မြန်လွန်းလှသဖြင့် ရွှီရှင်း၏ မျက်စိထဲတွင် အရိပ်များကိုသာ မြင်တွေ့နေရသည်။

၎င်းတို့နှစ်ဦး၏ တိုက်ခိုက်သံများနှင့် လက်နက်ချင်း ရိုက်ခတ်သံများသည် နေရာအနှံ့ ပျံ့လွင့်နေ၏။

အမြင်အာရုံ မြှင့်တင်ထားခြင်း မရှိသော ရွှီရှင်းအတွက်မူ ၎င်းတို့၏ တိုက်ခိုက်မှုကို သဲသဲကွဲကွဲ မမြင်ရဘဲ ရိုက်ခတ်သံများကိုသာ ကြားနေရပေသည်။

မကြာမီ ၎င်းတို့နှစ်ဦး ပြန်လည် ခွဲခွာသွားကြ၏။

လုဖေးအာ၏ လက်ထဲမှ ဓားမြှောင် နှစ်လက်စလုံးမှာ ကျိုးပဲ့သွားခဲ့ချေပြီ။

နှစ်ယောက်စလုံး အသက်ရှူ မြန်နေကြသော်လည်း မည်သူမျှ ဒဏ်ရာမရရှိကြပါပေ။

၎င်းမှာ ရွှီရှင်းက သတိထား၍ လေ့ကျင့်ရန် အမိန့်ပေးထားခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်မှုများသည် လက်နက် သို့မဟုတ် လက်သည်းများကိုသာ ပစ်မှတ်ထားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

"ကဲ... တော်ပြီ၊ ဒီမှာတင် ရပ်လိုက်ရအောင်"

လုဖေးအာသည် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး သူမ၏ လက်မောင်းကို ပွတ်နေ၏။

"ဝါး... မီမီက တကယ် သန်မာတာပဲ။ သူ့ရဲ့ အရှိန်က ကျွန်မထက် ပိုမြန်သလို ခွန်အားလည်း ပိုကြီးတယ်။ ဆက်တိုက်ရင် ကျွန်မ သေချာပေါက် ရှုံးမှာပဲ"

မီမီကလည်း လုဖေးအာ၏ ပုခုံးကို ခြေဖဝါးဖြင့် ပုတ်ပေးလိုက်သည်မှာ သူမ၏ ခွန်အားကို အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်။

"နင် သူ့ထက် နှေးတာက ပုံမှန်ပါပဲ" ဟု ရွှီရှင်းက ကျေနပ်စွာ ဆို၏။

"မီမီက ကျားသစ်လေ၊ ကမ္ဘာပေါ်မှာ အမြန်ဆုံး သတ္တဝါပဲ။ ကြောင်မျိုးနွယ်တို့ရဲ့ တုံ့ပြန်မှုက လူသားတွေ ယှဉ်ဖို့ မလွယ်ဘူး"

"ဟူး..."

လုဖေးအာက စိတ်ပျက်သလို ဆို၏။

"လူသားတွေရဲ့ အကြီးမားဆုံး အားသာချက်က ကိရိယာတွေကို အသုံးပြုနိုင်တာပဲ။အဲ့တာက သားရဲတွေထက် သာလွန်တဲ့ အချက်ပဲ"ဟု ရွှီရှင်းက အားပေးလိုက်သည်။

သူကိုယ်တိုင်လည်း လုဖေးအာနှင့် မလေ့ကျင့်ခဲ့မိသည်ကို ဝမ်းသာနေမိ၏။

ဘာကြောင့်လဲဆိုသော် သူမ၏ အရှိန်သည် အလွန်မြန်လွန်းလှသဖြင့် သူသာဆိုလျှင် သူမကို ထိတောင် ထိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

"သခင်... ကျွန်မကို ခရမ်းရောင်အဆင့် ဓားမြှောင် ပေးလို့ ရမလားဟင်" ဟု လုဖေးအာက ကလေးမလေး တစ်ယောက်ကဲ့သို့ မျှော်လင့်တကြီး မေးမြန်းလာသည်။

"ကဲပါ... သရုပ်ဆောင်မနေနဲ့တော့၊ ထတော့၊ အပေါ်တက်ရအောင်"

ရွှီရှင်းသည် သစ်ပင်အိမ်ထဲသို့ ပြန်ဝင်ပြီး ရရှိထားသည့် ဆီးနှင်းကျားသစ် လက်သည်းကို အသုံးပြုကာ လုဖေးအာအတွက် ခရမ်းရောင်အဆင့် ဓားမြှောင်တစ်လက်ကို ချက်ချင်း ပြုလုပ်ပေးလိုက်၏။

လုဖေးအာက ဓားမြှောင်ကို ယူ၍ သူမ၏ အရေပြားပေါ်တွင် စမ်းကြည့်လိုက်သောအခါ ချက်ချင်းပင် သွေးထွက်သွား၏။

ဤဓားမြှောင်ကြောင့် ရရှိသည့် ဒဏ်ရာများသည် ပြန်မကျက်နိုင်မှန်း သူမ သိသွားသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။

သူမ၏ ပထမဆုံး ခရမ်းရောင်အဆင့် လက်နက်ကို ရရှိခြင်းကြောင့် လုဖေးအာမှာ အလွန်ပင် ပျော်ရွှင်နေရှာ၏။

"ငါ့နောက် လိုက်ခဲ့"

ရွှီရှင်းက လုဖေးအာကို တတိယထပ်သို့ ခေါ်ဆောင်သွားသည်။

ထိုနေရာတွင် ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသည့် ဆီးနှင်းဝံပုလွေ ရှိနေ၏။

ရွှီရှင်းက ဝံပုလွေကို လုဖေးအာနှင့် မိတ်ဆက်ပေးပြီး "ဒီနေ့ကစပြီး သူမက နင့်ရဲ့ ဒုတိယမြောက် သခင်ပဲ။ သူမ ခိုင်းသမျှကို လုပ်ရမယ်၊ နားလည်လား" ဟု ဆိုလိုက်သည်။

ဆီးနှင်းဝံပုလွေဘုရင်မှာ မိမိထက် သန်မာသည့် လုဖေးအာကို ချက်ချင်းပင် အညံ့ခံလိုက်၏။

"လုဖေးအာ၊ နင့်ကို တာဝန်တစ်ခု ပေးမယ်။ ဒီနေ့ကစပြီး နင်ဟာ ပတ်ဝန်းကျင်က တခြားရှင်ကျန်သူတွေရဲ့ သစ်ပင်အိမ်တွေကို ရှာဖွေပြီး သူတို့ကို ငါတို့ရဲ့ နယ်မြေထဲ ခေါ်ဆောင်လာရမယ်။ နင့်ကို ကူညီဖို့ ဒီဆီးနှင်းဝံပုလွေကို ပေးထားမယ်။ ငါခိုင်းတာကို နားလည်လား"

လုဖေးအာသည် တည်ငြိမ်သွားပြီး ရွှီရှင်းကို အလေးပြုကာ "ဟုတ်ကဲ့ပါ၊ သခင်" ဟု ဖြေကြား၏။

သူမသည် ဤတာဝန်၏ အရေးကြီးပုံကို နားလည်သွားသလို ရွှီရှင်းက သူမကို တန်ဖိုးထားသည့်အတွက် တကယ့်ကို စိတ်လှုပ်ရှားသွားရသည်။

သူမသည် ရွှီရှင်းကို ကျေးဇူးတင်စကား ဆိုပြီးနောက် မီးဖိုချောင်ထဲသို့ ထမင်းချက်ရန် ပြေးဝင်သွားပါတော့သည်။

ရွှီရှင်း ပြုံးလိုက်မိ၏။

အခုဆိုလျှင် ၎င်းတို့နှစ်ဦးကြားရှိ သံသယများ အားလုံး ကင်းစင်သွားချေပြီ။

သူ အောက်ထပ်သို့ ဆင်းပြီး တခြားအလောင်းများကို ခွဲစိပ်ရန် ပြင်နေစဉ်မှာပင် ထူးဆန်းသည့် အသံတစ်ခု သူ၏ နားထဲတွင် ပဲ့တင်ထပ်လာ၏။

[သားရဲလှိုင်းလုံး တိုက်ခိုက်မှု ပြီးဆုံးပါပြီ။ သားရဲလှိုင်းလုံးကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့သော ရှင်ကျန်သူအားလုံးကို ဂုဏ်ယူပါသည်၊ သင်တို့၏ သစ်ပင်အိမ် ဆက်သွယ်ရေး စနစ်ကို ပြန်လည် ဖွင့်လှစ်ပေးလိုက်ပါပြီ]

ဤထူးဆန်းသည့် အသံကြောင့် ရွှီရှင်းမှာ ချက်ချင်း တင်းမာသွားခဲ့ရသည်။

ဒုတိယအဆင့် စတင်ခဲ့သည့် လေးရက်အတွင်း ဤအသံမှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်၏။

ဤကမ္ဘာကြီးသည် နောက်ထပ် အဆင့်သစ်တစ်ခုသို့ ထပ်မံ ကူးပြောင်းတော့မည်လောဟု သူ တွေးတောနေမိ၏။

အခန်း ၄၂၅ ပြီး။

အခန်း (၄၂၆) - ကမ္ဘာလုံးဆိုင်ရာ ချယ်နယ် ဖွင့်လှစ်ခြင်းနှင့် အဖွဲ့ဝင်အားလုံး ဆက်သွယ်နိုင်ခြင်း

[ချစ်ခင်ရပါသော ရှင်ကျန်သူတို့၊ ဤအေးခဲနေသော ကမ္ဘာကြီးတွင် သင်တို့သည် သစ်ပင်အိမ်ပြင်ပသို့ ထွက်ရန်ပင် ကြောက်ရွံ့နေကြပြီး အကူအညီမဲ့နေကြမည်ဟု ယုံကြည်ပါသည်]

[နယ်မြေအားလုံး၏ ပျမ်းမျှရှင်သန်နှုန်းမှာ ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားပြီ ဖြစ်သောကြောင့် ရှင်ကျန်သူများ ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်စေရန် ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်ကို ယခုပင် ဖွင့်လှစ်ပေးလိုက်ပါပြီ]

[ဤနေရာအထိ ရောက်ရှိလာခဲ့သော ရှင်ကျန်သူအားလုံးသည် ယခုအခါ တစ်ကမ္ဘာလုံးရှိ ရှင်ကျန်သူများနှင့် ဆက်သွယ်နိုင်ပြီ ဖြစ်ပါသည်]

[တစ်ချိန်တည်းမှာပင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပလက်ဖောင်းကိုလည်း ဖွင့်လှစ်လိုက်ပြီ ဖြစ်ရာ နယ်မြေအချင်းချင်း ကုန်သွယ်မှုများကို အပြည့်အဝ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်]

[ဤကြမ်းတမ်းလှသော ဆောင်းရာသီကို ကျော်ဖြတ်နိုင်ရန် အစွမ်းကုန် ကြိုးစားကြပါ]

[သတိပြုရန်မှာ သင်၏ သစ်ပင်အိမ်သည် သင်၏ တစ်ခုတည်းသော ခိုလှုံရာဖြစ်သဖြင့် မည်သည့်အခါမျှ စွန့်ခွာခြင်း မပြုပါနှင့်]

လှိုင်းတစ်ခုပြီးတစ်ခု လာနေခြင်းပင် ဖြစ်ပေသည်။

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရွှီရှင်းမှာ ထိတ်လန့်သွားရ၏။

လုဖေးအာသည်လည်း မီးဖိုချောင်ထဲမှ ပြေးထွက်လာပြီး သူမ၏ မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေလေသည်။

"ကမ္ဘာလုံးဆိုင်ရာ ချယ်နယ် ပွင့်သွားပြီ" ဟု သူမက ဆို၏။

"ငါ ကြားပါတယ်"

ရွှီရှင်းက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။

ရှင်သန်နှုန်း ၅ ရာခိုင်နှုန်းအောက် ကျဆင်းသွားသည် ဟူသော စကားလုံးက သူ့ကို အတော်ပင် တုန်လှုပ်သွားစေ၏။

၅ ရာခိုင်နှုန်း...။

နယ်မြေတစ်ခုစီတွင် မူလက လူဦးရေ တစ်သောင်းစီ ရှိခဲ့ရာ ရှင်သန်နှုန်းမှာ ၅ ရာခိုင်နှုန်းအောက် ရောက်ရှိသွားသည်ဆိုပါက နယ်မြေတစ်ခု၏ ပျမ်းမျှလူဦးရေမှာ ၅၀၀ ပင် မရှိတော့ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။

၎င်းမှာ အလွန်ပင် နည်းပါးလှချေပြီ။

ယခုအခါ နယ်မြေ (၁၈၈) တွင် လူဦးရေ မည်မျှ ကျန်ရှိနေသနည်း။

သူ၏ လက်ပတ်နာရီကို ပွတ်ဆွဲကြည့်လိုက်သောအခါ နယ်မြေချယ်နယ် အပြင် ကမ္ဘာလုံးဆိုင်ရာ ချယ်နယ် ဆိုသည့် ခလုတ်အသစ်တစ်ခု ပေါ်လာသည်ကို တွေ့ရ၏။

သူသည် ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်ကို အရင်မကြည့်ဘဲ နယ်မြေချယ်နယ်ကိုသာ အရင်နှိပ်ကြည့်လိုက်သည်။

နယ်မြေအတွင်းရှိ လူဦးရေကို မြင်လိုက်ရသောအခါမှ သူ သက်ပြင်းချနိုင်တော့သည်။

နယ်မြေလူဦးရေ: ၂၉၃၂ ဦး

သားရဲလှိုင်း မတိုင်ခင်ကပင် နယ်မြေ (၁၈၈) ၏ စုစုပေါင်း လူဦးရေမှာ ၃၀၀၀ ကျော်ရုံသာ ရှိခဲ့သည် မဟုတ်ပါလော။

ဒါဆိုလျှင် လူတစ်ရာပင် မသေဆုံးခဲ့ဟု ဆိုရပေမည်။

သူသည် သူမ၏ လက်ပတ်နာရီကို ကြည့်နေသော လုဖေးအာအား "နယ်မြေ (၁၈၇) မှာ လူဘယ်လောက် ကျန်သေးလဲ" ဟု မေးမြန်းလိုက်၏။

"၃၈၉ ယောက်ပဲ ကျန်တော့တယ်"

လုဖေးအာက အံ့သြတကြီးဖြင့် ကြည့်ရင်း ဆို၏။

"အများကြီး သေကုန်တာပဲ၊ ပျမ်းမျှနှုန်းက ၅ ရာခိုင်နှုန်းအောက် ရောက်သွားတာ မဆန်းပါဘူး။ ငါကတော့ နယ်မြေ (၁၈၇) က ပျမ်းမျှထက် သာလိမ့်မယ် ထင်နေတာ၊ ငါ အကောင်းမြင်လွန်းသွားတာပဲ"

ကြည့်ရသည်မှာ စူးစမ်းရှာဖွေသူများ က တခြားသူများအတွက် ပြင်ဆင်ပေးခဲ့သော လက်နက်များနှင့် သစ်ပင်အိမ် ချပ်ဝတ်များမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပုံရပေသည်။

ထို့အပြင် တခြားရှင်ကျန်သူများ ရင်ဆိုင်ခဲ့ရသော သားရဲလှိုင်းမှာ သူတို့ထံသို့ လာသကဲ့သို့ အလွန်ကြီးမားခြင်း မရှိနိုင်ပေ။

အကယ်၍ ၎င်းတို့သာ ထိုမျှလောက် အင်အားမရှိဘဲ ရှင်သန်နိုင်ခဲ့သည်ဆိုပါက သားရဲလှိုင်းမှာ အလွန်ပင် သေးငယ်ခဲ့မည်မှာ သေချာလှပေသည်။

ယခုအခါ နယ်မြေချယ်နယ်တွင် စကားပြောသူ အနည်းငယ်သာ ရှိပြီး အများစုမှာ ဆက်သွယ်ရေး ပြန်ပွင့်လာသည့်အကြောင်းကိုသာ ပြောနေကြ၏။

၎င်းတို့အားလုံးမှာ ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်သို့ သွားရောက်ကြည့်ရှုနေကြခြင်း ဖြစ်ပေလိမ့်မည်။

ရွှီရှင်းသည်လည်း ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်သို့ ဝင်ရောက်ကြည့်ရှုလိုက်၏။

ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်တွင် တစ်ကမ္ဘာလုံးရှိ လူဦးရေကိုပါ ပြသထားသည်။

ကမ္ဘာ့လူဦးရေ: ၈၉၄၆၂ ဦး

ကိုးသောင်းပင် မပြည့်တော့ပါတကား...။

ယခင် ဦးဆောင်သူစာရင်းအရဆိုလျှင် တောဇုန် ပေါင်း ၂၀၀ ရှိပြီး ဇုန်တစ်ခုစီတွင် မူလက လူပေါင်း တစ်သောင်းစီ ရှိခဲ့ရာ၊ ဤကမ္ဘာသို့ ပထမဆုံး ရောက်ရှိလာသူပေါင်းမှာ နှစ်သန်း ရှိခဲ့ပေသည်။

ယခုအခါ ရှင်သန်နှုန်း ၅ ရာခိုင်နှုန်းအောက် ရောက်ရှိသွားသည်ဆိုခြင်းမှာ လူတစ်သိန်းပင် မကျန်တော့သည်ကို ဆိုလိုခြင်း ဖြစ်ပေသည်။

၎င်းမှာ တကယ့်ကို ရက်စက်လှပေသည်၊ ယခုအချိန်အထိ လူပေါင်း ၁.၉ သန်းခန့် သေဆုံးသွားခဲ့ပြီ မဟုတ်ပါလော။

သို့သော် ဤကမ္ဘာလုံးဆိုင်ရာ ချယ်နယ်မှာ တောဇုန်များအတွက်သာလား။

ထိုအချိန်တွင် ချယ်နယ်အတွင်း၌ လူပေါင်းများစွာ စကားပြောနေကြချေပြီ။

"အံ့သြစရာပဲ၊ ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်တဲ့ ဒါ ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်ပဲ"

"ဘုရားရေ၊ ငါတို့ တခြားနယ်မြေက လူတွေနဲ့ တကယ် ဆက်သွယ်လို့ ရပြီ"

"ငါကတော့ သားရဲလှိုင်းကြားထဲမှာ ကြောက်လန့်တုန်ရင်နေခဲ့ရပေမဲ့ အခုတော့ ပြန်ပြီး နိုးထလာပြီ"

"ငါတော့ မျက်ရည်တောင် ဝဲမိတယ်။ တကယ်ပါ၊ ငါတို့ နယ်မြေမှာ လူအနည်းငယ်ပဲ ကျန်တော့တာ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ငါတို့ တကယ့်ကို မျှော်လင့်ချက်မဲ့နေခဲ့တာ။ အခုတော့ တခြားသူတွေ ရှိနေသေးတာ သိရပြီ"

"ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပလက်ဖောင်း ပွင့်သွားပြီ။ ကျေးဇူးပြုပြီး စားစရာတွေ ရောင်းပေးကြပါဦး၊ ငါတို့ စားစရာ လိုအပ်နေလို့ပါ။ ငါတို့ နယ်မြေမှာ အခု စားစရာ လုံးဝ မရှိတော့ဘူး။ အပြင်မှာလည်း သားရဲတွေနဲ့ အပူချိန်က အရမ်းအေးနေတော့ အပြင်ထွက် ရှာလို့လည်း မရဘူး။ ရမှတ်တွေလည်း မရှိတော့လို့ မြေသြဇာလည်း မလဲနိုင်ဘူး၊ ကောက်ပဲသီးနှံတွေ ရင့်မှည့်ဖို့ကလည်း နောက်ထပ် ဆယ်ရက်လောက် လိုဦးမှာ၊ ငါတို့ တကယ် ငတ်ပြတ်တော့မယ်။"

"နောက်ဆုံးတော့ တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်လို့ ရပြီ၊ ငါတော့ တခြားနယ်မြေက လူကြီးမင်းတွေကိုပဲ အားကိုးရတော့မယ်။ ရွှီရှင်း...တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတဲ့ ရွှီရှင်း ဒီမှာ ရှိလား။ ကျွန်တော် ရွှီရှင်းရဲ့ ခွေးပဲ အဖြစ်ခံပါ့မယ်။ ဝု... ဝု... ဝု..."

"ဖယ်စမ်းပါ၊ တစ်ယောက်ယောက်က အရင်လုပ်မယ်ဆိုရင် အဲဒါ ငါပဲ ဖြစ်ရမယ်။ ငါက နယ်မြေ (၁၈၃) က၊ ငါတို့က ရွှီရှင်းနဲ့ အဆင့်တူ နယ်မြေချင်းပဲ၊ နယ်မြေ (၄၄) ကကောင် ဖယ်စမ်း"

ရွှီရှင်းသည် သူကိုယ်တိုင် တခြားနယ်မြေများတွင် ဤမျှလောက် နာမည်ကြီးနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါပေ။

သို့သော် ပထမအဆင့်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူစာရင်း နှစ်ခုလုံးမှာ သူက ပထမရရှိခဲ့သဖြင့် လူအများ မှတ်မိနေကြခြင်းမှာ ပုံမှန်ပင် ဖြစ်ပေသည်။

တခြားနယ်မြေက လူများမှာ အမည်ဝှက်ဖြင့်သာ စကားပြောနေကြသော်လည်း မက်ဆေ့ချ်တိုင်းတွင် မည်သည့်နယ်မြေမှ ဖြစ်သည်ကို ဖော်ပြထားသည်ကို သူ သတိထားမိလိုက်၏။

ဥပမာအားဖြင့် လူအနည်းငယ်သာ ကျန်တော့သည်ဟု ဆိုသူမှာ ဂျန်ဂယ်နယ်မြေ (၁၂၃) မှ ဖြစ်ပြီး၊ ကျန်နှစ်ဦးမှာ နယ်မြေ (၄၄) နှင့် (၁၈၃) မှ ဖြစ်ကြသည်ဟု ဖော်ပြထားပေသည်။

အကယ်၍ နယ်မြေ (၁၂၃) မှ လူပြောသည်မှာ အမှန်ဆိုပါက ထိုနယ်မြေမှာ တကယ့်ကို သနားစရာ ကောင်းလှပေသည်။

သို့သော် ထိုထူးဆန်းသောအသံမှာ နယ်မြေအချင်းချင်း ထိပ်တိုက်တွေ့ကြရမည်ဟု ပြောဆိုသွားခြင်း မရှိပါပေ။

နယ်မြေအချင်းချင်း ထိပ်တိုက်တွေ့ရမည့်ကိစ္စနှင့် ပတ်သက်၍ သူကိုယ်တိုင်လည်း သေသေချာချာ မသိပေ။

သူသည် ကျိချောင်းယန်ထံမှ ကြားသိခဲ့ရခြင်းဖြစ်ပြီး နယ်မြေ (၁၈၇) ၏ ခေါင်းဆောင် ကျန်းတောက်ကွမ်မှာလည်း ထိုသတင်းကို သိရှိထားသည်ဟု အတည်ပြုနိုင်ပေသည်။

ထို့ကြောင့် သစ်ပင်အိမ်ပြင်ပသို့ အရင်ဆုံး စူးစမ်းထွက်ခွာသူများသာလျှင် ထိုသတင်းကို ရရှိကြခြင်းဖြစ်မည်ဟု သူ ယူဆထား၏။

"နင်တို့ ဘာတွေ ပြောနေကြတာလဲ။ နယ်မြေအချင်းချင်း ရန်သူတွေ ဖြစ်ကြမှာ၊ နင်တို့ သေချင်နေကြတာလား" ဟု နယ်မြေချယ်နယ်တစ်ခုမှ လူတစ်ဦးက ဤအကြောင်းအရာကို စတင်ဆွေးနွေးလာသည်။

သူ၏ နာမည်ရှေ့တွင်တော့ ဂျန်ဂယ်နယ်မြေ (၁) ဟု ဖော်ပြထား၏။

အခန်း ၄၂၆ ပြီး။

All Chapters