← Chapters

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀) - နယ်မြေအဆင့်သတ်မှတ်ချက်နှင့် အစွမ်းထက်သော နယ်မြေ (၁၈၈) (၂)

ဝမ်လေ့ : "ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ဆီမှာ ခရမ်းရောင်အဆင့် သားရေတွေ အကုန်ကုန်သွားပြီ။ အကယ်၍ ကိရိယာတွေ လိုချင်ရင်တော့ ခရမ်းရောင်အဆင့် သားရေတစ်ချပ် ပေးပါ၊ ကျွန်တော် လုပ်ပေးပါ့မယ်"

ကျောက်ရှောင်ချွမ်း : "ကျွန်တော်လည်း အတူတူပါပဲ"

ချင်းယွမ်လုံ : "ငါတို့ရဲ့ အထူးကိရိယာတွေကတော့ ရေထဲကရတဲ့ ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေ လိုအပ်တာ။ ဒီတစ်ခါတော့ အဲဒါတွေ မရနိုင်သေးလို့ နင်တို့ကို မကူညီနိုင်သေးဘူး"

ရွှီရှင်း၏ လက်ဝယ်တွင် ခရမ်းရောင်အဆင့် သားရေနှစ်ခု ရှိနေသဖြင့် ဝမ်လေနှင့် ကျောက်ရှောင်ချွမ်းထံသို့ တစ်ခုစီ ချက်ချင်း ပေးပို့လိုက်သည်။

သူ၏ ကျောပိုးအိတ်ထဲတွင် ဗီဇပြောင်းသတ္တဝါ အလောင်းပေါင်း သုံးရာကျော် ရှိနေသဖြင့် ခရမ်းရောင်အဆင့် သားရေများကို ချန်ထားရန် သူ စိတ်မပူပါပေ။

အဆင့်နိမ့်သတ္တဝါများ ဖြစ်လင့်ကစား ဤမျှများပြားသော အရေအတွက်မှ ကောင်းမွန်သော ပစ္စည်းတစ်ခုခု ရရှိမည်ဟု သူ ယုံကြည်ချက် ရှိနေခြင်း ဖြစ်သည်။

မကြာမီပင် ၎င်းတို့နှစ်ဦးထံမှ အချောထည် ပစ္စည်းများကို သူ ပြန်လည် ရရှိလိုက်၏။

ကိုယ်ပျောက်ဝတ်ရုံ (ခရမ်းရောင်အဆင့်): မိမိ၏ တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်သော ဝတ်ရုံ ဖြစ်သည်။ ဝတ်ဆင်ထားသူသည် ငြိမ်သက်စွာ နေမည်ဆိုပါက လမ်းဘေးရှိ ကျောက်ခဲတစ်လုံးကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး ရန်သူများက သတိမထားမိဘဲ ကျော်သွားကြပေလိမ့်မည်။ ထိတွေ့မိသည့်တိုင်အောင် သတိမပြုမိနိုင်ပါပေ။

ခွန်အားထိန်းပတ်တီး (ခရမ်းရောင်အဆင့်): စွမ်းအားကို ထိန်းချုပ်ရာတွင် ကူညီပေးသော ပတ်တီး ဖြစ်သည်။ အသုံးပြုသူ၏ ခွန်အားကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေပြီး ကိုယ်တိုင် ထိခိုက်မှု မရှိဘဲ အစွမ်းကုန် အင်အားသုံးနိုင်စေသည်။

ရွှီရှင်းသည် ထိုကိရိယာ နှစ်ခုလုံးကို ချက်ချင်းပင် ဝတ်ဆင်လိုက်၏။

၎င်းတို့သည် လေးခုပါ အစုံလိုက် ထဲတွင် မပါဝင်သဖြင့် မူလအစုံ၏ အာနိသင်ကို ထိခိုက်ခြင်း မရှိပါပေ။

"ဟင်"

ရွှီရှင်း ကိုယ်ပျောက်ဝတ်ရုံကို ဝတ်ဆင်လိုက်သောအခါ ဆိုဖာပေါ်မှ ခဲခဲလေးသည် ခေါင်းထောင်လာပြီး ဝေခွဲမရသည့် မျက်လုံးများဖြင့် ရွှီရှင်းကို စိုက်ကြည့်နေ၏။

"အီး..."

ရွှီရှင်းသည် ဝတ်ရုံ၏ အာနိသင်ကို စမ်းသပ်ရန် ငြိမ်သက်စွာ ရပ်နေလိုက်သည်။

ခဲခဲလေးသည် ဆိုဖာပေါ်မှ ခုန်ဆင်းကာ ရွှီရှင်း၏ ခြေရင်းသို့ ပြေးလာပြီး မော့ကြည့်ကာ ခေါင်းလေးစောင်းလျက် ခြေဖဝါးလေးဖြင့် သူ့ကို တို့ကြည့်နေ၏။

ထို့နောက် ထိုကောင်လေးသည် သစ်ပင်အိမ်အတွင်း ပြေးလွှားပြီး နေရာအနှံ့ ရှာဖွေနေကာ နောက်ဆုံးတွင်တော့ ရွှီရှင်း၏ ခြေရင်းမှာပင် ပြန်လည် လဲလျောင်းလိုက်ပါတော့သည်။

"အီး..."

ရွှီရှင်း လှုပ်ရှားလိုက်ပြီး ကြမ်းပြင်ပေါ်က ခဲခဲလေးကို ပွေ့ချီလိုက်၏။

"အီး"

ခဲခဲလေးမှာ ထိတ်လန့်သွားပြီး ရွှီရှင်းကို အံ့သြတကြီး လှည့်ကြည့်နေလေသည်။

ကြည့်ရသည်မှာ ဝတ်ရုံ၏ အာနိသင်မှာ တကယ့်ကို ကောင်းမွန်လှပေသည်။

သူသည် ဝတ်ရုံကို ချွတ်၍ ကျောပိုးအိတ်ထဲသို့ ပြန်ထည့်လိုက်၏။

ခဲခဲလေးကို ထပ်မံ ထိတ်လန့်အောင် မလုပ်လိုသဖြင့် သစ်ပင်အိမ်အတွင်း၌ ဝတ်မထားရန် သူ ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ခဲခဲလေးမှာ အလွန်ပင် အကင်းပါလှ၏။

ငွေရောင်ဘုရင်နှင့် မီမီတို့မှာမူ ရွှီရှင်း ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည်ကို သတိမထားမိကြပါပေ။

မီမီသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အစောပိုင်းက သူမ သတိမထားမိခဲ့ခြင်း ဖြစ်မည်ဟုသာ ယူဆနေပုံရသည်။

၎င်းမှာ တည်ရှိမှုကို ဖျောက်ကွယ်လိုက်ခြင်းပင် ဖြစ်ပေလော။

ရွှီရှင်းသည် ပတ်တီးကိုပါ ဝတ်ဆင်လိုက်သော်လည်း ထူးခြားသော ပြောင်းလဲမှုတော့ မရှိပါပေ။

သူ၏ ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်ကပင် ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ပေးထားပြီး ဖြစ်သောကြောင့် ဖြစ်ပေသည်။

သူ၏ ခွန်အားမှာလည်း ဝမ်လေ့ ကဲ့သို့ အလွန်ကြီးမားလှသည် မဟုတ်သဖြင့် ဤပတ်တီးမှာ သူ့အတွက်တော့ သိပ်ပြီး ထူးခြားမှု မရှိလှပါပေ။

သို့သော် ဤအရာသည် မာဟုန်ဝေအတွက်မူ အလွန်ပင် အသုံးဝင်နိုင်ပေသည်။

မာဟုန်ဝေ၏ ခွန်အားမှာ အလွန်ပင် ကြီးမားလှပြီး စွမ်းအားပေါက်ကွဲသည့် အခြေအနေသို့ ရောက်ရှိချိန်တွင် ၎င်း၏ ခြေလှမ်းတိုင်းမှာ မြေကြီးကိုပင် တုန်ခါစေနိုင်ပေသည်။

သို့သော် သူ၏ ခွန်အားကို မထိန်းချုပ်နိုင်ခြင်းကြောင့် သူ၏ အရှိန်မှာ အလွန်နှေးကွေးနေခဲ့ရာ ဤပတ်တီးမှာ သူ့အတွက် အဖိုးတန်နိုင်ပေသည်။

မာဟုန်ဝေ သတိရလာလျှင် သစ်ပင်အိမ်မှ ပစ္စည်းများအားလုံး ဆုံးရှုံးသွားခဲ့ရသည့်အတွက် လျော်ကြေးအဖြစ် ဤပတ်တီးကို ပေးရန် ရွှီရှင်း ဆုံးဖြတ်လိုက်၏။

ထို့နောက် ရွှီရှင်းသည် လုဖေးအာနှင့် မာဟုန်ဝေတို့ကို စူးစမ်းရှာဖွေသူများ အဖွဲ့ထဲသို့ ထည့်သွင်းရန် အဖွဲ့ဝင်များကို ဆွေးနွေးလိုက်သည်။

လုဖေးအာနှင့် ချုပ်ဆိုထားသော စာချုပ်၏ ခိုင်မာမှုကို စမ်းသပ်ပြီး ဖြစ်သောကြောင့် မာဟုန်ဝေလည်း ထိုသို့ပင် ဖြစ်မည်ဟု သူ ယူဆထား၏။

"ငါတို့ရဲ့ စူးစမ်းရှာဖွေသူများအဖွဲ့ထဲကို လူသစ်တစ်ယောက် ထပ်ထည့်ချင်တယ်၊ နင်တို့ ဘယ်လို ထင်ကြလဲ" ဟု သူက မေးမြန်းလိုက်သည်။

ဝမ်လေ့ : "လူသစ်လား သိပြီ၊ ငါတို့အတွက် မြှားပစ်စက်တွေ လုပ်ပေးတဲ့သူ မဟုတ်လား။ သူက အစ်ကိုရွှီနဲ့ စာချုပ်ချုပ်ထားတာဆိုတော့ အစ်ကို့စကားကို တစ်သဝေမတိမ်း နားထောင်မှာပေါ့။ ဒါဆိုရင် ထည့်တာ ပြဿနာ မရှိပါဘူး"

ကျောက်ရှောင်ချွမ်း : "ဝါး... ဒါဆိုရင် မြန်မြန်ထည့်လိုက်လေ။ သူလုပ်ပေးတဲ့ မြှားပစ်စက်တွေသာ မရှိရင် မမကွေ့ရှင်း မရောက်လာခင်အထိ ငါ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

လီဝမ်ရှီး : "ရွှီရှင်း၊ နင်က ဖေးအာအကြောင်း ပြောနေတာလား။ ဖေးအာကို ထည့်မလို့လား။ အဲဒါဆိုရင်တော့ အရမ်းကောင်းတာပဲ"

ကျိချောင်းယန် : "အားလုံးကို တစ်ခါတည်း ထည့်လိုက်တာက ပိုကောင်းပါလိမ့်မယ်။ မဟုတ်ရင် အဖွဲ့သုံးဖွဲ့ကြားမှာ မင်းကပဲ အမြဲတမ်း သတင်းစကားတွေကို ကြားခံပြီး ပြောပေးနေရတာ အလုပ်ရှုပ်လွန်းတယ်"

ကျိချောင်းယန်၏ အဆိုမှာ ရွှီရှင်း တွေးတောနေသည့် အချက်ပင် ဖြစ်ပေသည်။

လုဖေးအာမှာ သူ၏စကားကို နားထောင်သူ ဖြစ်သော်လည်း မာဟုန်ဝေမှာမူ ထိုသို့ မဟုတ်ပါပေ။

သူ၏ မြှားပစ်စက်များကို နေရာတိုင်းတွင် အသုံးပြုနေကြသဖြင့် ဆုံးဖြတ်ချက်တိုင်းကို ရွှီရှင်းမှတစ်ဆင့် ပြောဆိုနေရခြင်းမှာ အလွန်ပင် ခက်ခဲလှပေသည်။

ထို့ကြောင့် လုဖေးအာကိုလည်း သူမကို ကတိပေးထားသည့်အတိုင်း အဖွဲ့ထဲသို့ ထည့်သွင်းလိုက်၏။

ရွှီရှင်းသည် လုဖေးအာ၏ စွမ်းရည်များနှင့် ဗီဇပြောင်းလူသားများနှင့် ပတ်သက်သည့် ဆက်စပ်မှုများကိုလည်း အခြားသူများအား ရှင်းပြလိုက်သည်။

"ဒီဆေးလုံးတွေက ဒီလောက်တောင် အစွမ်းထက်တာလား။ ပြန်လည်ရှင်သန်နိုင်တာရော၊ စွမ်းအားတွေ တိုးလာတာရောလား" ဟု ချင်းယွမ်လုံက အံ့သြတကြီး မေးမြန်းလာသည်။

"ငါရော တစ်လုံးလောက် သောက်လို့ ရမလား"

"အာနိသင်ကလည်း မသေးဘူးလေ၊ ငါ အခု စောင့်ကြည့်နေတုန်းဆိုတော့ လောလောဆယ် မသောက်ကြတာ အကောင်းဆုံးပဲ" ဟု ရွှီရှင်းက ရှင်းပြလိုက်၏။

အဖွဲ့ဝင်များကလည်း ၎င်းတို့နှစ်ဦးကို အဖွဲ့ထဲသို့ ထည့်သွင်းရန် သဘောတူကြသဖြင့် မာဟုန်ဝေမှာ သတိမရသေးသောကြောင့် လုဖေးအာကို အရင်ဆုံး ထည့်သွင်းလိုက်သည်။

လုဖေးအာသည်လည်း ချက်ချင်းပင် လက်ခံကာ အဖွဲ့ထဲသို့ ဝင်ရောက်လာ၏။

ဝမ်လေ့ : "ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်"

ကျောက်ရှောင်ချွမ်း : "ကြိုဆိုပါတယ်၊ ညီမလေး"

လီဝမ်ရှီး : "ငါတို့ အဖွဲ့အစည်းထဲကို ဖေးအာ ရောက်လာတာကို ကြိုဆိုပါတယ်"

လုဖေးအာ : "ဟို... အားလုံးပဲ မင်္ဂလာပါရှင်"

ဝမ်ကွေ့ရှင်း : "ဟိုဘက်မှာတော့ မိန်းကလေး နောက်တစ်ယောက် ထပ်တိုးလာပြန်ပြီ၊ ငါကတော့ ဒီမှာ တစ်ယောက်တည်းပဲ၊ ဝမ်းနည်းစရာကြီး..."

လုဖေးအာမှာ အခြားသူများနှင့် အဆင်ပြေပြေ ရှိနေသည်ကို မြင်သောအခါ ရွှီရှင်းသည် အဖွဲ့ချက်ကို ဆက်မကြည့်တော့ဘဲ လုဖေးအာထံသို့ သီးသန့်စာ ပို့လိုက်၏။

"ဒီအဖွဲ့ချက်က နင့်ဘက်က ဆက်သွယ်ရေးတွေအပေါ် သက်ရောက်မှု ရှိလား"

အခန်း ၄၃၀ ပြီး။

အခန်း (၄၃၁) - နယ်မြေအဆင့်သတ်မှတ်ချက်နှင့် အစွမ်းထက်သော နယ်မြေ (၁၈၈) (၃)

လုဖေးအာက "နှစ်ဖက်လုံးက တစ်ခုနဲ့တစ်ခု သက်ရောက်မှု မရှိပါဘူး။ အခြေခံအားဖြင့် အကောင့်နှစ်ခု ရှိနေသလိုမျိုးပါပဲ" ဟု ချက်ချင်းပင် ပြန်လည်ဖြေကြား၏။

ရွှီရှင်းက ခေါင်းညိတ်လိုက်သည်။

မဆိုးပေ၊ ဤအချက်ကို နောင်တွင် အသုံးချနိုင်ပေလိမ့်မည်။

သူသည် ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်သို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သောအခါ ချယ်နယ်မှာ လောလောဆယ်တွင် အလွန်ပင် သင့်တင့်လျောက်ပတ်စွာ ရှိနေသည်ကို တွေ့ရ၏။

နယ်မြေအချင်းချင်း ပဋိပက္ခဖြစ်မည့်အကြောင်းကို ပြောဆိုသူ များများစားစား မရှိတော့ပါပေ။

လူအများစုမှာ ၎င်းတို့၏ ကိုယ်ပိုင်ချယ်နယ်များတွင် ဆွေးနွေးနေကြပြီး နယ်မြေ (၁၈၈) မှ လူများမှာလည်း ကြွားဝါမှုများ စတင်နေကြချေပြီ။

သို့သော် ပြင်ပမှ လူများကမူ နယ်မြေ (၁၈၈) တွင် လူပေါင်း ၃၀၀၀ နီးပါး ကျန်ရှိနေသေးသည်ကို မယုံကြည်ကြဘဲ ကြွားလုံးထုတ်နေသည်ဟုသာ ထင်မြင်နေကြ၏။

နယ်မြေအချင်းချင်း ပဋိပက္ခဖြစ်မည့် ကိစ္စနှင့် ပတ်သက်၍ ထူးဆန်းသောအသံက အများပြည်သူသို့ စုပေါင်းကြေညာခြင်း မရှိသေးပါပေ။

ဆန့်ကျင်ဘက်အနေဖြင့် မကြာသေးမီက ထွက်ပေါ်လာသော သတင်းစကားမှာ အချင်းချင်း ကူညီကြရန်သာ တိုက်တွန်းထားသဖြင့် နယ်မြေအချင်းချင်း တိုက်ခိုက်ရမည်ဟူသော အချက်မှာ ယုံကြည်ရန် ခက်ခဲနေသေး၏။

ထို့အပြင် အမှန်တရားကို အမှန်တကယ် မသိရှိရသေးမီတွင် လူတို့သည် ၎င်းတို့ ယုံကြည်ချင်သည့်အရာကိုသာ ယုံကြည်ကြပေသည်။

နယ်မြေအချင်းချင်း တိုက်ခိုက်ပြီး နယ်မြေတစ်ခုတည်းသာ ရှင်ကျန်ရမည်ဟူသော အချက်မှာ မည်သူမျှ မဖြစ်စေချင်သည့် အရာပင် ဖြစ်၏။

အမှန်အတိုင်း ပြောရလျှင် အစွမ်းထက်သော နယ်မြေများမှ လူများသည် နယ်မြေယှဉ်ပြိုင်မှု အကြောင်းကို သိရှိထားကြသော်လည်း ၎င်းကို ယုံကြည်ထားသည့် ရွှီရှင်းကိုယ်တိုင်ပင် အချို့အချိန်များတွင် သံသယဖြစ်မိပေသည်။

သစ်ပင်အိမ် ကာကွယ်ရေးတိုက်ပွဲအတွင်း ကျိချောင်းယန် မည်သည့်အရာကို မြင်တွေ့ခဲ့သဖြင့် နယ်မြေအချင်းချင်း ပဋိပက္ခဖြစ်မည်ကို ဤမျှလောက် သေချာနေရသနည်းဆိုသည်ကို ယနေ့တိုင် သူ မသိရှိသေးပါပေ။

သို့သော် သူသည် မြေအောက်ကမ္ဘာရှိ ကမ္ပည်းစာခန်းမတွင် အလားတူ သတင်းအချက်အလက်များကို ရရှိခဲ့ဖူးသဖြင့် နောက်ဆုံးတွင် လူအနည်းငယ်သာ ရှင်ကျန်နိုင်မည်ကို ရွှီရှင်းလည်း ရိပ်မိထားပြီး ဖြစ်ပေသည်။

သို့သော် ထိုသို့ဖြစ်လင့်ကစား လောလောဆယ်တွင် အိမ်နီးချင်း နယ်မြေများမှအပ အခြားနယ်မြေများမှာ ဆက်သွယ်ရန် အလွန်ပင် ဝေးကွာလွန်းလှ၏။

ဆက်ဆံမှုများမှာ ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်နှင့် ကုန်သွယ်မှု ပလက်ဖောင်းတို့မှတစ်ဆင့်သာ ရှိနေသဖြင့် ယခုအချိန်တွင် ရန်သူများ လုပ်နေခြင်းမှာ အသိဉာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပါပေ။

ဖွံ့ဖြိုးတိုးတက်မှုမှာသာလျှင် အဓိက အမှန်တရားပင် ဖြစ်၏။

ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်တွင် အားလုံးမှာ အမည်ဝှက်ဖြင့်သာ ပြောဆိုနေကြသော်လည်း အချင်းချင်း ရင်းနှီးလာကြပြီး အရင်းအမြစ်များကို ဖလှယ်နေကြပြီ ဖြစ်ပေသည်။

အသက်ရှင်သန်ရေး အရင်းအမြစ် အမျိုးမျိုးကို ကမ်းလှမ်းလာသူ များပြားလာသည်နှင့်အမျှ လူတိုင်း၏ ရှင်သန်ရေး ဖိအားမှာ သိသိသာသာ လျော့နည်းသွားပုံရပေသည်။

ရုတ်တရက် ထိုထူးဆန်းသော အသံမှာ သူ၏ နားထဲတွင် ထပ်မံ ထွက်ပေါ်လာပြန်၏။

[ရှင်ကျန်သူ အားလုံးသည် အခြားနယ်မြေမှ ရှင်ကျန်သူများနှင့် ရိုးရှင်းသော ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီးကြပြီဟု ကျွန်ုပ် ယူဆပါသည်]

[ရှင်ကျန်သူများ ဤကြမ်းတမ်းသော ဆောင်းရာသီတွင် ရှင်သန်နိုင်ရန် ကူညီသည့်အနေဖြင့် ကျွန်ုပ်တို့သည် ရမှတ်ဆိုင် တွင် အရင်းအမြစ် အသစ်များကို စတင်ရောင်းချပေးလိုက်ပြီ ဖြစ်ပါသည်]

[ထို့အပြင် နယ်မြေအင်အား အဆင့်သတ်မှတ်ချက်ကို ယခုပင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်]

[ကျွန်ုပ်တို့သည် နယ်မြေတစ်ခု၏ အင်အားကို ကျန်ရှိသော လူဦးရေ၊ ရှင်ကျန်သူများ၏ စုစုပေါင်း အရင်းအမြစ်၊ တစ်ဦးချင်း သုံးစွဲနိုင်သော အရင်းအမြစ်နှင့် နယ်မြေဖွံ့ဖြိုးတိုးတက်မှု အဆင့်တို့အပေါ် မူတည်၍ အကဲဖြတ်မည်ဖြစ်ပြီး အဆင့်သတ်မှတ်ချက်များကို သုံးရက်တစ်ကြိမ် အပ်ဒိတ်လုပ်ပေးသွားမည် ဖြစ်ပါသည်]

[ပိုမိုမြင့်မားသော အဆင့်ကို ရရှိရန် ကြိုးစားကြပါ]

အဆင့်သတ်မှတ်ချက် ဟုတ်လား...။

ရွှီရှင်းသည် သူ၏ လက်ပတ်နာရီကို ချက်ချင်းပင် ဖွင့်လိုက်ပြီး အဆင့်သတ်မှတ်ချက်များ အခွဲထဲရှိ နယ်မြေအင်အား အဆင့်သတ်မှတ်ချက် ကို နှိပ်ကြည့်လိုက်၏။

သူ ချက်ချင်းပင် ဝင်ရောက်ကြည့်ရှုလိုက်သည်။

"ဟူး... တကယ်ကြီးလား"

ရွှီရှင်း၏ မျက်နှာတွင် စိတ်အေးသွားသော အပြုံးတစ်ခု ပေါ်လာ၏။

သူ ဝင်ရောက်လိုက်သည်နှင့် အပေါ်ဆုံးတွင် ရွှေရောင် စာလုံးကြီးများဖြင့် ဂျန်ဂယ် နယ်မြေ ၁၈၈ ဟု ရေးသားထားပြီး နယ်မြေအမည်၏ ရှေ့တွင် နံပါတ် (၁) ကို အကြီးကြီး ပြသထားသည်ကို မြင်တွေ့လိုက်ရပေသည်။

ထို့အပြင် ကျန်ရှိသော လူဦးရေနှင့် စုစုပေါင်းရမှတ် ၃၈၆၄၂ ကိုလည်း ပြသထား၏။

ဤရမှတ်များကို မည်သို့ တွက်ချက်သည် သို့မဟုတ် မည်သည့်အချက်က ပို၍ အရေးကြီးသည်ကို ရွှီရှင်း မသိရှိပါပေ။

သို့သော် ဒုတိယရရှိသော နယ်မြေကို မြင်လိုက်ရသောအခါ သူ၏ မျက်ခုံးမှာ ပင့်တက်သွားရ၏။

(၂) ဂျန်ဂယ် နယ်မြေ ၁၊ လူဦးရေ: ၂၁၃၀၊ နယ်မြေရမှတ်: ၁၉၈၅၀

(၃) ဂျန်ဂယ် နယ်မြေ ၂၃၊ လူဦးရေ: ၁၉၈၂၊ နယ်မြေရမှတ်: ၁၇၅၆၈

နယ်မြေ (၁၈၈) ၏ ရမှတ်မှာ နယ်မြေ (၁) ထက် နှစ်ဆနီးပါး ပိုများနေပါတကား။

သူ ဆက်လက်၍ အောက်သို့ ဆွဲကြည့်လိုက်သောအခါ စာရင်းတွင် နယ်မြေပေါင်း ၂၀၀ ပါဝင်သော်လည်း နယ်မြေ ၁၆၃ ခုတွင်သာ ရမှတ်များ ရှိနေသည်ကို တွေ့ရ၏။

ကျန်ရှိသော နယ်မြေ ၃၇ ခုမှာ ရမှတ် (၀) ဖြစ်နေချေပြီ။

ရမှတ် (၀) ဆိုသည်မှာ...

ထိုနယ်မြေရှိ ရှင်ကျန်သူများအားလုံး သေဆုံးသွားပြီဟု ဆိုလိုခြင်းလော။

၎င်းမှာ တကယ့်ကို ဝမ်းနည်းစရာ ကောင်းလှပေသည်။

ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်ရှိ သတင်းများအရ ကာကွယ်ရေးတိုက်ပွဲတွင် လူတိုင်း သေဆုံးသွားခြင်း မဟုတ်ဘဲ လူအနည်းငယ် ချန်ထားပေးသည်ဟု ဆိုထားသော်လည်း ဤနယ်မြေအားလုံးမှာ သားရဲလှိုင်းလုံးအတွင်း၌ပင် ပျောက်ကွယ်သွားခဲ့ကြခြင်းလော။

သူသည် နယ်မြေ (၁၈၇) ၏ အဆင့်ကိုလည်း ရှာကြည့်ရာ အဆင့် (၆၂) တွင် ရှိနေသည်ကို တွေ့ရသဖြင့် ၎င်းမှာ မဆိုးလှဟု ဆိုရပေမည်။

လူဦးရေ သုံးရာကျော်သာ ကျန်ရှိသော်လည်း အဆင့် (၆၂) နေရာကို ရရှိထားဆဲ ဖြစ်ပေသည်။

ထိုအချိန်တွင် ကမ္ဘာလုံးဆိုင်ရာ ချယ်နယ်မှာလည်း လုံးဝကို ဆူညံသွားခဲ့ချေပြီ။

"ဝါး နယ်မြေ (၁၈၈) မှာ လူ ၃၀၀၀ နီးပါး တကယ် ကျန်နေတာပဲ။ ရမှတ်ကလည်း ၄၀၀၀၀ နီးပါးတောင်"

"ဟားဟား၊ ငါ ပြောသားပဲ၊ နယ်မြေ (၁၈၈) က အသန်မာဆုံးပါဆို။ ငါတို့ရဲ့ စူးစမ်းရှာဖွေသူ သူရဲကောင်းတွေက အကောင်းဆုံးပဲ"

"ဘုရားရေ၊ နယ်မြေ (၁၈၈) က မယုံနိုင်လောက်အောင် သန်မာတာပဲ၊ ဒါက နည်းနည်းတော့ လွန်မနေဘူးလား"

"ဘာက လွန်နေတာလဲ။ အရင်တစ်ခါ အဆင့်သတ်မှတ်ချက် နှစ်ခုလုံးမှာ ပထမနဲ့ ဒုတိယက သူတို့နယ်မြေကချည်းပဲလေ။ ရွှီရှင်းနဲ့ ကျိချောင်းယန်ကို ငါ အသေအချာ မှတ်မိတယ်၊ ဒီနယ်မြေကတော့ တကယ်ကို မယှဉ်နိုင်တဲ့ နယ်မြေပဲ"

"ဝါး၊ ငါတို့နယ်မြေက ထိပ်သီးငါးဆယ်ထဲ ပါတယ်ဟ။ အမိုက်စားပဲ ငါတို့ဆီမှာ လူ ၅၀၀ တောင် မပြည့်တော့တာ၊ ပျမ်းမျှတောင် မမီဘူး၊ ဒါတောင် ထိပ်သီးငါးဆယ်ထဲ ပါတယ်"

"တောက်... ပျမ်းမျှနှုန်းတွေက ပြန်ပြီး ညှိနှိုင်းခံလိုက်ရတာပဲ၊ ဦးဆောင်နေတဲ့ နယ်မြေတွေကြောင့် ပျမ်းမျှက တက်နေတာ။ နယ်မြေအများစုမှာ လူ ၃၀၀ ဒါမှမဟုတ် ၄၀၀ ပဲ ကျန်တော့တာ"

"ငါတို့ကတော့ ရမှတ်ရှိတဲ့ နယ်မြေတွေထဲမှာ အောက်ကနေ ရေတွက်ရင် အဋ္ဌမမြောက်ပဲ၊ ဒါပေမဲ့ ရမှတ် (၀) ဖြစ်နေတဲ့ နယ်မြေတွေ အများကြီး ရှိသေးတာပဲ။ ငါတို့ဆီမှာ လူအနည်းငယ်ပဲ ကျန်တော့တာ၊ ငါတို့ထက် ပိုဆိုးတဲ့ နယ်မြေတွေ ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဝါး... အခုမှပဲ စိတ်သက်သာရာ ရတော့တယ်"

"ငါတို့က နောက်ဆုံးပဲ၊ ဒါပေမဲ့ လုံးဝ သေဆုံးသွားတဲ့ နယ်မြေ ၃၇ ခု ရှိနေတာပဲဟာ။ ငါတို့က ပိုကောင်းပါသေးတယ်၊ ငါတို့မှာ မျှော်လင့်ချက် ရှိသေးတယ်"

"အခု ကမ္ဘာလုံးဆိုင်ရာ ချယ်နယ် ပွင့်သွားပြီဆိုတော့ အားလုံး အချင်းချင်း ကူညီနိုင်ကြပြီ၊ အရင်ကထက်တော့ နေရတာ ပိုလွယ်သွားမှာပဲ။ ငါ သွားပြီ၊ တစ်ယောက်ယောက်က အသားတွေကို ဈေးပေါပေါနဲ့ ရောင်းနေတယ်၊ ငါ ဗိုက်အရမ်းဆာနေလို့ သွားဝယ်လိုက်ဦးမယ်"

သို့သော် ရွှီရှင်းကမူ သတိထားနေမိ၏။

ယခင် အဆင့်သတ်မှတ်ချက်တိုင်းတွင် ဆုလာဘ်များနှင့် အပြစ်ပေးမှုများ အမြဲတမ်း ပါဝင်လေ့ရှိပေသည်။

ယခုတစ်ကြိမ်တွင်မူ ထိုထူးဆန်းသောအသံက ဆုလာဘ် သို့မဟုတ် အပြစ်ပေးမှုနှင့် ပတ်သက်၍ တစ်လုံးတစ်ပါး မျှပင် မပြောသွားပါပေ။

တကယ်ပဲ ဘာမှ မရှိတာလား။

မဟုတ်ပါပေ၊ အကယ်၍ ဘာမှ မရှိပါက ဤအဆင့်သတ်မှတ်ချက်ကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

သူတို့ကို ကြည့်ခိုင်းရုံသက်သက်လား။

ဤအဆင့်သတ်မှတ်ချက်တွင် မသိရသေးသော စည်းမျဉ်းအချို့ ရှိနေမည်မှာ သေချာလှပေသည်။

အဆင့်သတ်မှတ်ချက်များကို သုံးရက်တစ်ကြိမ် အပ်ဒိတ်လုပ်မည်ဟု ဆိုထား၏။

ဖြစ်နိုင်သည်မှာ ဤအဆင့်သတ်မှတ်ချက် ကုန်ဆုံးပြီးနောက် နောက်တစ်ကြိမ် အပ်ဒိတ်လုပ်ချိန်တွင် အဖြေမှာ ပေါ်ထွက်လာပေလိမ့်မည်။

အခန်း ၄၃၁ ပြီး။

အခန်း (၄၃၂) - ခရမ်းရောင်အဆင့် မြေသြဇာနှင့် ဆီးနှင်းသုံး ကိရိယာများ

ထိုအချိန်တွင် ရွှီရှင်း၏ လက်ပတ်နာရီမှာ တုန်ခါလာ၏။

၎င်းမှာ လီဝမ်ရှီးထံမှ ဗီဒီယိုဖုန်းခေါ်ဆိုမှုပင် ဖြစ်ပေသည်။

"ရွှီရှင်း၊ ရမှတ်ဆိုင် ကို ကြည့်ပြီးပြီလား။ ပစ္စည်းအသစ်တွေ အများကြီး ရောက်နေတယ်"

လီဝမ်ရှီးသည် ဆိုဖာပေါ်တွင် ထိုင်ရင်း အံ့အားသင့်သော မျက်နှာပေးဖြင့် ဆို၏။

မှန်ပေသည်၊ ခုနက ထွက်ပေါ်လာသော ထူးဆန်းသည့်အသံက ရမှတ်ဆိုင်တွင် ပစ္စည်းအသစ်များ ရှိနေကြောင်း ပြောကြားသွားခဲ့သည် မဟုတ်ပါလော။

"မကြည့်ရသေးဘူး၊ အခုပဲ ကြည့်လိုက်မယ်"

"မြန်မြန်ကြည့်၊ နင် တကယ့်ကို အံ့သြသွားမှာ သေချာတယ်"

ရွှီရှင်းသည် လက်ပတ်နာရီမှတစ်ဆင့် ဗီဒီယိုချိတ်ဆက်မှုကို ထားရှိခဲ့ပြီး မျက်နှာပြင်သို့ သွားကာ ရမှတ်ဆိုင်ကို နှိပ်လိုက်၏။

သူ၏ မျက်စိထဲသို့ အရင်ဆုံး ဝင်လာသည်မှာ ခရမ်းရောင် အနားသတ်ပါသော မြေသြဇာပုံလေးပင် ဖြစ်ပေသည်။

အော်ဂဲနစ်မြေသြဇာ (ခရမ်းရောင်အဆင့်): မြေသြဇာကောင်းသော မြေဆီလွှာ အပြာရောင်အဆင့် ကို ရိတ်သိမ်းခြင်းမြေ ခရမ်းရောင်အဆင့် အဖြစ် ပြောင်းလဲပေးနိုင်သည်။ ၎င်းကို ရိတ်သိမ်းခြင်းမြေ (ခရမ်းရောင်အဆင့်) တွင် အသုံးပြုပါက အပင်ကြီးထွားမှုကို ပိုမိုမြန်ဆန်စေမည်။ အသုံးပြုနိုင်သည့် အကြိမ်ရေ - ၁ ကြိမ်။ ရမှတ် - ၂၀၀၀၀ (၁၄၀၀၀)။

"ခရမ်းရောင်အဆင့် မြေသြဇာလား"

ရွှီရှင်းမှာ မအောင့်နိုင်ဘဲ ရေရွတ်မိသွား၏။

နောက်ဆုံးတွင်တော့ သူသည် ခရမ်းရောင်အဆင့် မြေဆီလွှာကို ပိုင်ဆိုင်နိုင်တော့မည် ဖြစ်ပေသည်။

ထို့အပြင် ဤခရမ်းရောင်အဆင့် မြေဆီလွှာ၏ အမည်မှာ 'ရိတ်သိမ်းခြင်းမြေ' ဟု ခေါ်ဆိုထားရာ အရင်က အပြာရောင်အဆင့်ထက် များစွာ သာလွန်ကောင်းမွန်မည်မှာ အသေအချာပင် ဖြစ်၏။

"ဟုတ်တယ်၊ ငါတော့ ဝယ်လိုက်ပြီ၊ ဒီမှာကြည့်"

လီဝမ်ရှီးက သူမ၏လက်ကို မြှောက်ပြ၏။

သူမ၏ လက်ထဲတွင် မြေသြဇာအိတ်ကို ကိုင်ထားပြီး ဗီဒီယိုထဲတွင်ပင် ထိုအိတ်မှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသည်ကို ရွှီရှင်း မြင်တွေ့နေရပေသည်။

"...အရမ်းဈေးကြီးတာပဲ၊ နင် တန်းဝယ်လိုက်တာလား"

ရွှီရှင်းသည် ခရမ်းရောင်အဆင့် မြေသြဇာ၏ ဈေးနှုန်းကို ကြည့်ရင်း အံ့အားသင့်သွားရ၏။

သုညတွေ အများကြီးပါတကား။

ရမှတ် နှစ်သောင်းတောင်လား။

ဘာကြောင့် ဤမျှလောက် ဈေးကြီးနေရသနည်း။

"ဝယ်ရမှာပေါ့၊ ဟုတ်တယ်မလား။ ဘယ်လောက်ပဲ ပေးရပေးရ ဒါက တစ်ခါမှ မမြင်ဖူးသေးတဲ့ ခရမ်းရောင်အဆင့် မြေဆီလွှာပဲလေ၊ ပြီးတော့ တစ်ယောက်ကို တစ်အိတ်ပဲ ကန့်သတ်ထားတာ။ အကယ်၍ ငါမသုံးဖြစ်ရင်တောင် တခြားတစ်ယောက်ကို ပေးလို့ရတာပဲ"

လီဝမ်ရှီးသည် မြေသြဇာကို သိမ်းဆည်းလိုက်ပြီး ဆိုဖာပေါ်တွင် ပြန်လည်မှီရင်း သူမ၏ မျက်နှာကို ကင်မရာဘက်သို့ လှည့်လိုက်၏။

အမှန်ပင် အကန့်အသတ်မရှိ ဝယ်ယူနိုင်သော အပြာရောင်နှင့် အစိမ်းရောင်အဆင့် မြေသြဇာများနှင့် မတူဘဲ ခရမ်းရောင်အဆင့် မြေသြဇာ၏ အောက်တွင် (၁/၁) ဟု ဖော်ပြထားရာ ရှင်ကျန်သူ တစ်ဦးလျှင် တစ်အိတ်သာ ဝယ်ယူခွင့်ရှိပေသည်။

ရွှီရှင်းသည် သူ အရင်က ဝယ်ယူခဲ့ဖူးသော ပစ္စည်းများကို စစ်ဆေးကြည့်ရာ ရမှတ်ဆိုင် အပ်ဒိတ်ဖြစ်သော်လည်း ဝယ်ယူခွင့် ပြန်မရသည်ကို တွေ့ရ၏။

ကြည့်ရသည်မှာ ရှင်ကျန်သူတိုင်းသည် တစ်ကြိမ်သာ ဝယ်ယူခွင့်ရှိခြင်းမှာ အမှန်ပင် ဖြစ်ပေသည်။

သို့သော်လည်း ရမှတ် နှစ်သောင်းဆိုသည်မှာ အလွန်ပင် များပြားလှ၏။

သူသည် အပင်နှလုံးသားနှင့် ပေါက်ကွဲမြားများကို အသုံးပြုကာ ဗီဇပြောင်းသတ္တဝါများစွာကို သတ်ဖြတ်ခဲ့သည့်အပြင် လုဖေးအာနှင့် မာဟုန်ဝေတို့ ရရှိသော ရမှတ်များမှာလည်း သူ၏ ရမှတ်များပင် ဖြစ်ပေသည်။

ထို့အပြင် ယခင်က နယ်မြေကာကွယ်ရေးနှင့် ဗီဇပြောင်းနွယ်ပင်များကို သတ်ဖြတ်ရာမှ ရရှိခဲ့သော ရမှတ်များလည်း ရှိနေသေး၏။

ထိုသို့ စုဆောင်းထားသည့်တိုင်အောင် သူ၏ လက်ရှိရမှတ်မှာ ၃၅၄၂၀ သာ ရှိပေသည်။

သာမန်ရှင်ကျန်သူ တစ်ဦးအဖို့ ဤမျှလောက်သော ရမှတ်ကို စုဆောင်းရန်မှာ တစ်သက်လုံး ကြိုးစားလျှင်ပင် မလွယ်ကူနိုင်ပါပေ။

စူးစမ်းရှာဖွေသူများထဲတွင် ရမှတ် အများဆုံးသူမှာ ဝမ်ကွေ့ရှင်း ဖြစ်နိုင်ပေသည်။

သူမသည် သားရဲလှိုင်းလုံး ငါးခုကို ဆက်တိုက် ရှင်းလင်းခဲ့သဖြင့် သူမ၏ ရမှတ်မှာ တစ်သိန်းကျော်နေမည်ဆိုပါက ရွှီရှင်းမှာ အံ့သြမည် မဟုတ်ပါပေ။

ရမှတ်များကို လွှဲပြောင်း၍ မရခြင်းမှာ ဝမ်းနည်းစရာပင် ဖြစ်၏။

မဟုတ်ပါက အခြားသူများ၏ ရမှတ်များကို အသုံးပြု၍ သူ၏ ၃၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ပစ္စည်းများကို ဝယ်ယူပါက ရမှတ်များစွာကို ချွေတာနိုင်မည် ဖြစ်ပေသည်။

သို့သော် ဤဈေးနှုန်းမှာ ရွှီရှင်းအတွက်တော့ ကိုင်တွယ်နိုင်သော အနေအထားတွင် ရှိပေသည်။

ပစ္စည်းက ပို၍ ဈေးကြီးလေ သူ၏ ၃၀ ရာခိုင်နှုန်း လျှော့ဈေးမှာ ပို၍ အစွမ်းထက်လေ ဖြစ်ပေသည်။

သူသည် ရမှတ် တစ်သောင်းလေးထောင် ပေးရုံဖြင့် ဤမြေသြဇာတစ်အိတ်ကို ရရှိနိုင်မည် မဟုတ်ပါလော။

သူသည် တွေဝေမနေဘဲ ချက်ချင်းပင် ဝယ်ယူလိုက်ရာ သူ၏ ရမှတ် ၂၁၄၂၀ သာ ကျန်ရှိတော့၏။

ရမှတ် နှစ်သောင်းကျော် ကျန်ရှိနေသေးသဖြင့် အတော်ပင် အဆင်ပြေလှ၏။

"နင်လည်း ဝယ်လိုက်ပြီပေါ့"

လီဝမ်ရှီးသည် ရွှီရှင်း၏ လက်ထဲက ခရမ်းရောင်အဆင့် မြေသြဇာကို မြင်လိုက်၏။

"ဒါက တကယ်ကို ဈေးကြီးလွန်းတယ်၊ ခရမ်းရောင်အဆင့် မြေသြဇာ တစ်အိတ်ကို ငါ့ရဲ့ ရမှတ် တစ်သောင်းခြောက်ထောင် ပေးလိုက်ရတာ၊ ငါတော့ မွဲပြာကျသွားပြီ။ ကံကောင်းလို့ ဒီတစ်ခါ သားရဲလှိုင်းလုံးကနေ ရမှတ် နှစ်သောင်းကျော် ရခဲ့လို့ပေါ့"

လီဝမ်ရှီးသည် သားရဲလှိုင်းလုံးအတွင်း ပေါက်ကွဲမြားများကို အဆက်မပြတ် ပစ်ခတ်ခဲ့သဖြင့် သူမ ရမှတ် နှစ်သောင်းကျော် ရရှိခြင်းမှာ ပုံမှန်ပင် ဖြစ်၏။

ထို့အပြင် သူမသည် ယခင် နယ်မြေအဆင့် သတ်မှတ်ချက်တွင် ထိပ်သီးဆယ်ယောက်ထဲ ပါဝင်ခဲ့သဖြင့် ရမှတ်ဆိုင်တွင် ၂၀ ရာခိုင်နှုန်း လျှော့ဈေး ရရှိထားသူ ဖြစ်ပေသည်။

ရွှီရှင်းသည် ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး လီဝမ်ရှီးအား မေးမြန်းလိုက်၏။

"လီယာကျွင်းနဲ့ လဲ့ယိုဖန်းတို့ ရတဲ့ ရမှတ်တွေက နင့်ရဲ့ ရမှတ်တွေလား"

သူ့ဘက်တွင်မူ လုဖေးအာနှင့် မာဟုန်ဝေတို့ ရရှိသော ရမှတ်များမှာ သူ၏ ရမှတ်များ ဖြစ်နေသဖြင့် ၎င်းမှာ ကပ်ပါးသစ်ပင်အိမ်ကြောင့်လော သို့မဟုတ် စာချုပ်ကြောင့်လော ဆိုသည်ကို သူ သိလိုခြင်း ဖြစ်ပေသည်။

"ဟင် ငါ့ဟာ မဟုတ်ပါဘူး၊ ဘာလို့ ငါ့ဟာ ဖြစ်ရမှာလဲ"

လီဝမ်ရှီးက ဇဝေဇဝါ ဖြစ်သွားပြီးမှ သဘောပေါက်သွားဟန်ဖြင့် "သိပြီ၊ ဖေးအာက နင်နဲ့ စာချုပ်ချုပ်ထားတာဆိုတော့ သူမ သတ်သမျှ ရမှတ်တွေက နင့်ဆီ ရောက်တာလား။ နွားမတုန်းကလည်း သားရဲအကောင်လေးတွေကို သတ်တော့ ရမှတ်တွေက ငါ့ဆီ တန်းရောက်လာတာပဲ" ဟု ဆို၏။

"ဟုတ်တယ်၊ သူမရဲ့ ရမှတ်တွေက ငါ့ဆီ တိုက်ရိုက် ရောက်လာတာ"

ရွှီရှင်းက မျက်မှောင်ကြုတ်လိုက်မိ၏။

အစပိုင်းတွင် ဖေးအာနှင့် မာဟုန်ဝေတို့၏ ရမှတ်များကို သူ ရရှိခြင်းမှာ ကောင်းသည်ဟု သူ ယူဆခဲ့ပေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ လျှော့ဈေးမှာ အများဆုံး ဖြစ်နေသောကြောင့်ပင်။

သို့သော် ယခုကဲ့သို့ တစ်ကြိမ်သာ ဝယ်ယူခွင့်ရှိသော ပစ္စည်းများအတွက်မူ ဖေးအာမှာ ရမှတ်မရရှိသဖြင့် နောက်ထပ် ခရမ်းရောင်အဆင့် မြေသြဇာတစ်အိတ်ကို ဝယ်ယူခွင့် ဆုံးရှုံးသွားရခြင်း ဖြစ်ပေသည်။

၎င်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

"အာ... ဒါဆိုရင် ဖေးအာကို အမြဲတမ်း မနှိပ်စက်ပါနဲ့ဦး၊ သူမက အခု လိမ္မာနေပြီလေ၊ ပြီးတော့ ငါတို့ စူးစမ်းရှာဖွေသူတွေထဲက တစ်ယောက် ဖြစ်နေပြီ။ သူမ သုံးဖို့အတွက် ရမှတ်အချို့ ပေးလိုက်ပါဦး" ဟု ဖေးအာနှင့် ရင်းနှီးနေသော လီဝမ်ရှီးက သူမဘက်မှ ရှေ့နေလိုက်၍ ပြောပေးလေသည်။

"...သူမကို ရမှတ်တွေ ပေးရမယ် ဟုတ်လား"

ရွှီရှင်းမှာ မှင်သက်သွားရ၏။

"ရမှတ်တွေကို ပေးလို့ ရလို့လား"

အခန်း ၄၃၂ ပြီး။

All Chapters