← Chapters

အခန်း (၄၉-၅၀)

Vol. 4 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 4 Ch. 49-50

အခန်း ၄၉။ မင်းက ပုန်ကန်ချင်တာလား

ယွန်းချွမ်းခံတပ်၏ သမိုင်းကြောင်းမှာ မင်မင်းဆက်အစပိုင်းအထိ ရှည်လျားလှသည်။ ထိုစဉ်က မွန်ဂိုများသည် မြောက်ဘက်တစ်လွှားကို သိမ်းပိုက်ထားဆဲ ဖြစ်သည်။ ယွမ်မင်းဆက်၏ စစ်သူကြီး ဝမ်ပေါပေါသည် စစ်သည်နှစ်သိန်းကို ကွပ်ကဲ၍ ကျင်းဒေသကို ခုခံကာကွယ်ရင်း စစ်သူကြီး ရှူတာနှင့် အဆုံးအဖြတ် တိုက်ပွဲများ ဆင်နွှဲခဲ့သည်။

ထိုအချိန်က ယွန်းချွမ်းခံတပ်မှာ မွန်ဂိုတို့၏ ရိက္ခာနှင့် မြက်ခြောက်များ သိုလှောင်ရာ စစ်အခြေစိုက်စခန်း တစ်ခုသာ ဖြစ်သည်။ မွန်ဂိုများ ဆုတ်ခွာသွားပြီးနောက် စစ်သူကြီး ရှူတာသည် ဤခံတပ်ကို မြောက်ဘက်စစ်ဆင်ရေးအတွက် အခြေပြုစခန်းအဖြစ် အသုံးပြုကာ အကြီးအကျယ် တိုးချဲ့ တည်ဆောက်ခဲ့သည်။

ယနေ့တိုင် ယွန်းချွမ်းခံတပ်မှာ ကျင်းဒေသ မြောက်ပိုင်း၏ အရေးပါဆုံးသော ခံတပ်တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ဆက်သွယ်ထားသော စစ်တန်းလျားများ၊ ကတုတ်ကျင်းများနှင့် မြင်းဇောင်းကြီးများမှာ မွန်ဂိုပုံစံအတိုင်း ရှိနေဆဲ ဖြစ်သည်။

ဝူကျိရှန်း ယွန်းချွမ်းခံတပ်သို့ ရောက်ရှိချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ သူ့ကို ထော့နဲ့ထော့နဲ့ ဖြစ်နေသော စစ်သားဟောင်းတစ်ဦးက ခရီးဦးကြိုပြုသည်။

"နတ်ဆေးဆရာဝူပါလား။ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ"

စစ်သည်‌ ဟောင်းတစ်ဦးက ကြွေပန်းကန်အမည်းထဲသို့ ရေနွေးတစ်ခွက် ငှဲ့ပေးရင်း မေးလိုက်၏။ဝူကျိရှန်းက ထိုစစ်သည်ကို ကြည့်ကာ ရင်းနှီးနေသယောင် ရှိသဖြင့် ခေတ္တစဉ်းစားပြီးနောက် နာမည်ကို မှတ်မိသွားသည်။

"အစ်ကို ပင်းတိန်။ ကျုပ်တပ်မှူးဟူချန်နဲ့ တွေ့ချင်လို့ပါ။ သတင်းလေး ပေးပေးပါဦး"

ထိုစစ်သည်၏ နာမည်မှာ ကျောက်ပင်းတိန် ဖြစ်သည်။ မူလက တိုက်ပွဲဝင် စစ်သည်တော်တစ်ဦး ဖြစ်သော်လည်း တိုက်ပွဲတွင် ခြေထောက် ဒဏ်ရာရရှိခဲ့သဖြင့် ယခုအခါ လူသစ်အချို့ကို အုပ်ချုပ်ရသော အရန်တပ်ကြပ် တစ်ဦး ဖြစ်နေသည်။

"သတင်းပေးဖို့ မလိုပါဘူး"

စစ်သည်ဟောင်းက ရယ်မောလိုက်သည်။

"တပ်မှူးဟူချန်က အခု လေ့ကျင့်ခန်း လုပ်နေတာ။ သူနဲ့ တွေ့ချင်ရင်တော့ ခဏ စောင့်ရလိမ့်မယ်"

"ဘယ်လောက် စောင့်ရမှာလဲ။ ကျုပ်မှာ အရေးကြီးကိစ္စ ရှိလို့ပါ"

"ကောင်းပါပြီ။ ကျုပ် သွားပြောပေးပါ့မယ်"

မကြာမီ စစ်သည်ဟောင်း ကျောက်ပင်းတိန် ပြန် ရောက်လာသည်။ သူ၏ မျက်နှာမှာ အားနာရိပ်များ ယှက်သန်းနေ၏။

"တပ်မှူး ဟူချန်က ပြောတယ်။ လေ့ကျင့်ခန်း လုပ်တာက တိုက်ပွဲဝင်နေတာနဲ့ တူတူပဲတဲ့။ ဘာကိစ္စပဲ ရှိရှိ လေ့ကျင့်ခန်း ပြီးတဲ့အထိ စောင့်ရမယ်လို့ ပြောပါတယ်"

"လေ့ကျင့်ခန်းက ဘယ်တော့ ပြီးမှာလဲ"

"မိုးချုပ်မှ ပြီးမှာ"

ကူးစက်ရောဂါက ပြင်းထန်နေပြီ။ သူက ခက်ခက်ခဲခဲနှင့် ယွန်းချွမ်းခံတပ်အထိ ရောက်အောင် လာခဲ့သော်လည်း ဤနေရာတွင် ထိုင်စောင့်နေရသည်။ အဖိုးတန်သော အချိန်များ ကုန်ဆုံးနေသည်ကို တွေးမိသောအခါ ဝူကျိရှန်းမှာ မီးခဲပေါ် ထိုင်နေရသကဲ့သို့ ပူလောင်လာသည်။

"တပ်မှူးဟူချန်နဲ့ အရင်တွေ့ဖို့ နည်းလမ်း မရှိဘူးလား။ ကျုပ် တကယ်ပဲ အရေးကြီးလို့ပါ"

"ဘယ်လောက် အရေးကြီးကြီး မရပါဘူး။ တပ်မှူး ဟူချန်ရဲ့ စရိုက်ကို အစ်ကို သိသားပဲ့"

စစ်သည်ဟောင်း ကျောက်ပင်းတိန်က ဝူကျိရှန်းနှင့် ရင်းနှီးသဖြင့် တပ်မှူးအပေါ် မကျေနပ်ချက်ကို ဖုံးကွယ်မထားပေ။

"အစ်ကို့ကို ထားလိုက်ဦး။ သူ့အဖေ အရင်း လာရင်တောင် လေ့ကျင့်ခန်း ပြီးမှ တွေ့ရမှာ"

ချန်ဟူချန်သည် စစ်ပညာ ကျွမ်းကျင်မှုနှင့် တိုက်ပွဲတွင် ရဲရင့်မှုတို့၌ အပြစ်ပြောစရာ မရှိသော်လည်း စစ်သားများအကြားတွင်မူ ရေပန်းမစားလှပေ။သူသည် မည်သူ့ကိုမျှ မျက်နှာသာမပေးတတ်ပေ။ သူနှင့်အတူ နှစ်ပေါင်းများစွာ လိုက်ပါလာသော လက်အောက်ငယ်သား ဖြစ်နေပါစေ၊ အမှားအနည်းငယ် လုပ်မိသည်နှင့် စစ်ဥပဒေအတိုင်း အပြစ်ပေးတတ်သည်။ အထူးသဖြင့်လေ့ကျင့်ခန်း လုပ်ချိန်တွင် စစ်သားများကို အလွန် ပင်ပန်းအောင် ခိုင်းစေတတ်သည်။

မင်မင်းဆက်၏ စစ်ဥပဒေအရ တစ်လလျှင် လေ့ကျင့်ခန်း သုံးကြိမ်နှင့် တိုက်ပွဲဝင် လေ့ကျင့်ခန်း နှစ်ကြိမ်သာ ပြုလုပ်ရန် သတ်မှတ်ထားသော်လည်း တပ်မှးဟူချန်ကမူ နေ့တိုင်း မနားမနေ လေ့ကျင့်ခိုင်း၏။

သူ၏ ကြိုးစားအားထုတ်မှုနှင့် စံနမူနာပြ နေထိုင်မှုမှာ ချီးကျူးစရာ ဖြစ်သော်လည်း စစ်သည်များမှာမူ နေ့စဉ် ညည်းညူနေကြပြီး သူ့ကို စိတ်နှလုံး မရှိသူဟု ကွယ်ရာတွင် ဆဲဆိုနေကြ၏။

မှောင်ရီပျိုးစ အချိန်၌ ဝူကျိရှန်းသည် ချန်ဟူချန်နှင့် တွေ့ခွင့်ရတော့သည်။

"မင်းက ယွန်းချွမ်းခံတပ်ကို ဒီလောက် အလောတကြီး လာတယ်ဆိုတော့ အရေးကြီးကိစ္စ ရှိမှာပဲ့။ ပြောရရင် မင်းက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုတော့ ငါက မင်းကို အကောင်းဆုံး ဧည့်ခံသင့်တာပေါ့။ ဒါပေမဲ့ စစ်စည်းကမ်းက သံမဏိလိုပဲ။ မင်းကို စောင့်ခိုင်းလိုက်ရတာ ခွင့်လွှတ်ပါ"

တပ်မှူးဟူချန်၏ မျက်နှာမှာ အမြဲတမ်း အေးစက်နေတတ်သည်။

"အခု အလုပ်ကိစ္စ ပြီးပြီဆိုတော့ မင်း ဘာကိစ္စ ရှိလဲဆိုတာ တိုက်ရိုက်ပဲ ပြောပါ"

"အသားမည်း ပလိပ်ရောဂါက ပြန့်နေပြီ။ မကြာခင်ရောဂါက အကြီးအကျယ် ဖြစ်တော့မယ်။ ကျုပ်ကို ကူညီဖို့ စစ်သူကြီးဆီက လူအင်အား လိုချင်လို့ပါ"

"စစ်သည်တွေ သုံးဖို့လား"

ဝူကျိရှန်း၏ ရည်ရွယ်ချက်ကို သိလိုက်သည်နှင့် တပ်မှူးဟူချန်က ချက်ချင်း ငြင်းဆိုလိုက်သည်။

"မရဘူး။ လုံးဝ မဖြစ်နိုင်ဘူး"

အထက်က အမိန့်မရှိဘဲ စစ်သည်များကို အသုံးပြုခြင်းမှာ သေဒဏ်ထိုက်သော ပြစ်မှု ဖြစ်သည်။

"ကျုပ်က စစ်တပ်ကြီးတစ်ခုလုံးကို တောင်းနေတာ မဟုတ်ပါဘူး။ ကူညီပေးမယ့်သူ အနည်းငယ်ပဲ လိုချင်တာပါ။ လူတစ်ရာ ဒါမှမဟုတ် ရှစ်ဆယ်လောက် ဆိုရင် လောက်ပါပြီ"

ဝူကျ်ိရှန်းက အလျင်အမြန်ရှင်းပြလိုက်ရသည်။ယွန်းချွမ်းခံတပ်အတွင်း၌ ပုံမှန် တိုက်ပွဲဝင် စစ်သည်များကို "တပ်မတော်" ဟု ခေါ်ပြီး တိုက်ပွဲဝင် အစီအစဉ်တွင် မပါသော သူများကို "အရန်လူအင်အား" ဟု ခေါ်သည်။ ၎င်းတို့မှာ ခံတပ် စောင့်ရှောက်ခြင်းနှင့် ထောက်ပံ့ရေး အလုပ်များကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ ဝူကျိရှန်းက ထိုသူများကို အသုံးပြုလိုခြင်း ဖြစ်သည်။

"အရန်လူအင်အားလည်း မရဘူး" သူက

ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သော်လည်း ဝူကျိရှန်းအပေါ် ထားရှိသော အမူအရာမှာ သိသိသာသာ ပျော့ပြောင်းသွားသည်။ သူက စိတ်ရှည်စွာ ရှင်းပြ၏။

"အရန်လူတွေမှာလည်းစစ်ဘက်ဆိုင်ရာမှတ်ပုံတင်ရှိတယ်။ အထက်က အမိန့်မပါဘဲ သူတို့ကို သုံးတာက ပုန်ကန်မှု မြောက်တယ်။ဒါက သေဒဏ်ပဲ့"

ပုန်ကန်မှု ဟုတ်လား။မနောက်ပါနဲ့။

ကျုပ်က သမားတော် တစ်ယောက်ပါ။ လူတစ်ရာလောက် "ငှား" ချင်လို့ လာတာကို ဘာလို့ ပုန်ကန်မှုလို့ ပြောနေရတာလဲ။

"မင်းမှာ ပုန်ကန်ချင်တဲ့ စိတ်မရှိတာကို ငါ သိပါတယ်။ ဒါပေမဲ့ စစ်စည်းကမ်းက သံမဏိလိုပဲ။ စစ်ဥပဒေက တောင်ကြီးတစ်လုံးလို လေးလံတယ်။ ဘာမှ လုပ်လို့ မရဘူး"

ဝူကျိရှန်း၏ တောင်းဆိုချက်က မည်မျှပင် အကြောင်းပြချက် ခိုင်လုံနေပါစေ၊ သူက စစ်သည်တစ်ယောက်တောင် ထုတ်ပေးမည် မဟုတ်ပေ။

"ရောဂါက ပြန့်နေပြီဗျ။ အချိန်ထပ်ဆွဲနေရင် လူတွေ အများကြီး သေလိမ့်မယ်။ တကယ်ကို အများကြီး သေမှာပါ"

"ညီအစ်ကို ဝူ။ မင်းရဲ့ ဆေးပညာကို ငါ မသံသယ မရှိပါဘူး။ မင်းက ရောဂါကူးစက်နေပြီလို့ ပြောရင် အဲဒါ အမှန်ပဲ့ ဖြစ်ရမယ်"

တပ်မှူးဟူချန်၏ မျက်နှာမှာ စစ်သားတစ်ယောက်၏ တည်ကြည်သော အမူအရာ ပြန်ဖြစ်သွားသည်။

"ဒါပေမဲ့ 'စစ်ဥပဒေ' ဆိုတာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အကြောင်းပြချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိတိကျကျ လိုက်နာရမှာပဲ။ ထပ်ပြောစရာ မရှိတော့ဘူး"

"အမိန့်မရှိဘဲ ငါ လူထုတ်ပေးရင် စစ်တပ်ကြီးကြပ်ရေးမှူး ကောင်းက ငါ့ကို ချက်ချင်း ဖမ်းလိမ့်မယ်။ မဖမ်းရင် သူက တာဝန်ပျက်ကွက်ရာ ရောက်သွားမယ်။ အဲဒီကျရင် ကျင်းမင်းသားက သူ့ခေါင်းကို အရင်ဆုံး ဖြတ်လိမ့်မယ်။ သူ့ရဲ့ တာဝန်က အဲဒါပဲဆိုတာ မင်း နားလည်လား"

အထက်အမိန့်မပါဘဲ စစ်သည်အင်အား သုံးစွဲခြင်းမှာ မည်မျှ ကောင်းမွန်သော အကြောင်းပြချက် ရှိပါစေ၊ အမှန်တကယ် သေဒဏ်ထိုက်သော ပြစ်မှု ဖြစ်သည်။စစ်ဥပဒေမှာ တင်းကြပ်လွန်းသော်လည်း ၎င်းမှာ စစ်ဥပဒေပင် ဖြစ်သဖြင့် ညှိနှိုင်း၍ မရနိုင်ပေ။

ဝူကျိရှန်းသည် ယွန်းချွမ်းခံတပ်မှ လူအချို့ "ငှား" နိုင်မည်ဟု ထင်ထားသော်လည်း တပ်မှူးဟူချန်၏ တင်းမာသော သဘောထားကြောင့် အလွန် အားကိုးရာမဲ့သွားရသည်။

"ဒါပေမဲ့... ရောဂါသာ အကြီးအကျယ် ဖြစ်လာရင် လူပေါင်းများစွာ သေရတော့မှာ။ တပ်မှူးကြီးက ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မှာလား"

"နယ်စပ်ကို ကာကွယ်ပြီး ပြည်သူတွေကို အေးချမ်းအောင် လုပ်တာက စစ်သားရဲ့ တာဝန်ပဲ။ ရန်သူ ကျူးကျော်လာရင် ငါ အသက်ပေးပြီး တိုက်မယ်။ ဒါပေမဲ့ မင်းပြောတဲ့ ကူးစက်ရောဂါ ကိစ္စမှာတော့... ငါ တကယ်ပဲ မတတ်နိုင်ဘူး"

"ရန်သူကို တိုက်တာကလည်း ပြည်သူတွေအတွက်ပဲ။ ရောဂါကို တိုက်တာကလည်း ပြည်သူတွေအတွက်ပါပဲ့"

"ဒါက မတူဘူး။ ထပ်မပြောနဲ့တော့"

"လုံးဝကို နည်းလမ်း မရှိတော့ဘူးလား"

တပ်မှူးဟူချန်က ဘာမှမပြောဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်နေ တော့သည်။

"နည်းလမ်း မရှိတာတော့ မဟုတ်ဘူး"

ခဏအကြာတွင် တပ်မှူးဟူချန်က အကြံတစ်ခု ပေးလိုက်၏။

"ကူးစက်ရောဂါကို တိုက်ဖျက်တာက ငါ့ရဲ့ ယွန်းချွမ်းခံတပ်နဲ့ မဆိုင်ပေမဲ့ ဒါကလည်း ပြည်သူတွေကို ကာကွယ်တာပါပဲ။ ကျင်းမင်းသားဆီက အမိန့်သာ ရှိမယ်ဆိုရင် အားလုံးက ညှိနှိုင်းလို့ ရပါတယ်"

ယွန်းချွမ်းခံတပ်မှ စစ်သည်များကို သုံးစွဲရန် ကျင်းမင်းသား၏ အမိန့် လိုအပ်သည်။ သို့သော် ၎င်းမှာ မဖြစ်နိုင်လောက်အောင် ခက်ခဲလှသည်။

ကျင်းမင်းသားသည် ဤနေရာမှ မိုင်ပေါင်း နှစ်ရာကျော် ဝေးသော ယွန်းကျိုး စစ်ဌာနချုပ်တွင် ရှိနေသည်။ သွားပြန်ခရီးမှာ ရက်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်ပြီး စာရွက်စာတမ်း ကိစ္စများနှင့် လုပ်ထုံးလုပ်နည်းများကြောင့် အမိန့်ရရန် အချိန် မည်မျှ ကြာမည်ကို မသိနိုင်ပေ။ထိုအချိန်ကျမှဆိုလျှင် နောက်ကျသွားပေလိမည်။

"ဒီလိုလုပ်။ ငါ မင်းအတွက် အရေးပေါ် စာတစ်စောင် ထုတ်ပေးမယ်။ ဒီစာနဲ့ဆိုရင် စစ်ရေးသတင်းပေးတဲ့ မြင်းအမြန်ကို သုံးပြီး ယွန်းကျိုးကို သွားလို့ ရတယ်။ အဲဒီမှာ ကျင်းမင်းသားကို ရောဂါအကြောင်း သေချာ ရှင်းပြလိုက်"

"မင်းသားက မင်းကို စစ်သည်အင်အား သုံးဖို့ အမိန့်ပေး၊ မပေး ဆိုတာကတော့ မင်းရဲ့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်"`

……..

အခန်း ၅၀။ ကျင်းမင်းသား၏ စံအိမ်တော်

"အသားမည်း ပလိပ်ရောဂါလား"

ဝူကျိရှန်း လာရသည့် အကြောင်းရင်းကို သိပြီးနောက်တွင်မှ အတွင်းဝန်ချုပ်မင်းသည် ခေါင်းမော့လာကာ ရှေ့တွင်ရှိသော ဝူကျိရှန်းကို အကဲခတ်ကြည့်လိုက်သည်။

ယွန်းချွမ်းခံတပ်မှ ကျင်းမင်းသား၏ စံအိမ်တော်အထိ မြင်းကို မနားတမ်း စီးလာခဲ့ရသဖြင့် ဝူကျိရှန်းမှာ တစ်ကိုယ်လုံး ဖုန်တောထဲတွင် နစ်ကာ ပင်ပန်းနွမ်းနယ်နေ၏။ သူသည် မြင်းစီးရာတွင် အလွန်အကျွံ ကျွမ်းကျင်သူ မဟုတ်သဖြင့် ပေါင်အတွင်းသားများမှာ ပွန်းပဲ့နေပြီး ချွေးစိုစိုနှင့် ထိမိသောအခါ စပ်ဖျဉ်းဖျဉ်း ခံစားနေရသည်။

"လက်ဖက်ရည်"

အတွင်းဝန်ချုပ်မင်းက အသာအယာ အချက်ပြလိုက်ရာ အနီးရှိ အစေခံက ဝူကျိရှန်းအား အငွေ့တလူလူထွက်နေသော လက်ဖက်ရည်တစ်ခွက် ချက်ချင်း ကမ်းပေးသည်။ အတွင်းဝန်ချုပ်မင်းသည် အရေးပေါ်စာချွန်လွှာကို တည်ငြိမ်စွာ ကိုင်ထားရင်း မေးလိုက်သည်။

"မင်းပြောတဲ့ အသားမည်း ပလိပ်ရောဂါ အတွက် ယွန်းချွမ်းခံတပ်က တပ်မှူးဟူချန်က အရေးပေါ်စာ ထုတ်ပေးလိုက်တာလား။ မင်းကို စစ်ဘက်ဆိုင်ရာ မြင်းအမြန်စခန်းတွေကို သုံးပြီး ဒီအထိ လာခွင့်ပေးလိုက်တာပေါ့"

"ဟုတ်ပါတယ်"

"တပ်မှူးဟူချန်ကလည်း အတွေ့အကြုံရှိပြီး အရည်အချင်းရှိတဲ့လူပဲ့။ သူ ဒီလိုလုပ်ပေးတယ်ဆိုကတည်းက ရောဂါအခြေအနေက တကယ် အရေးကြီးနေလို့ ဖြစ်ရမယ်"

ရောဂါအပေါ် စိုးရိမ်ပူပန်မှုကို အပြည့်အဝ ဖော်ပြပြီးနောက်တွင်မှ အတွင်းဝန်ချုပ်မင်း၏ လေသံမှာ ပြောင်းလဲသွား၏။

"ဒါပေမဲ့ ဒီကိစ္စက... မင်းတို့ ဒေသန္တရ အုပ်ချုပ်ရေးရုံးဆီကိုပဲ သွားသင့်တာ။ ဘာလို့ ကျင်းမင်းသား စံအိမ်တော်အထိ လာပြီး အကူအညီတောင်းဖို့ တွေးမိတာလဲ"

"ဒေသတွင်း အုပ်ချုပ်ရေးရုံးက လူအင်အား အများစုဟာ ရောဂါစောင့်ကြည့်ရေးအတွက် သီးခြားခွဲနေရလို့ ဘယ်သူ့ကိုမှ မထုတ်ပေးနိုင်တော့လို့ပါ"

"အဲရုံးက မတတ်နိုင်ရင် ခရိုင်ရုံးကို သွားလို့ ရတာပဲ။ ခရိုင်ရုံးက မတတ်နိုင်ရင်လည်း ပြည်နယ်အဆင့် ရုံးတွေကို သွားလို့ ရသားပဲ မဟုတ်လား"

အတွင်းဝန်ချုပ်မင်းက စားပွဲကို လက်ဆစ်ဖြင့် ခပ်မှန်မှန် ခေါက်လိုက်သည်။

"ကျင်းမင်းသား အရှင်ကတော့ သုံးကျင်းဒေသ တစ်ခုလုံးရဲ့ စစ်ရေးကိစ္စတွေကို တာဝန်ယူနေရတာ။ ဒီလို အသေးအမွှား ကိစ္စတွေကို စီမံဖို့ အချိန်ရှိမှာ မဟုတ်ဘူး"

"ဒါက အသေးအမွှား ကိစ္စ မဟုတ်ပါဘူး။ သေချာ မကိုင်တွယ်ရင် လူတွေ အများကြီး သေပါလိမ့်မယ်။ အဲဒီကျရင် တကယ်ပဲ အရေးအခင်းကြီး ဖြစ်သွားပါလိမ့်မယ်"

ထိုစကားကို ကြားသောအခါ အတွင်းဝန်ချုပ်မင်း၏ မျက်နှာပေါ်တွင် မကျေနပ်သည့် ရိပ်ယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ခဏအတွင်း ပြန်ပျောက်သွားသည်။ရှေ့က ပြောခဲ့သော စကားမှာပင် ပြန်လွှတ်လိုက်သည့် သဘော သက်ရောက်နေပြီ ဖြစ်သည်။ ဝူကျ်ိရှန်းသာ အခြေအနေ နားလည်ပါက နှုတ်ဆက်ပြီး ထွက်သွားသင့်သည်။

သို့သော် သူက မသွားဘဲ ဇွတ်ပြောနေသဖြင့် အတွင်းဝန်ချုပ်မင်းမှာ အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

အတွင်းဝန်ချုပ်မင်းဟူသော ရာထူးမှာ အဆင့်သတ်မှတ်ချက် ရှိသော်လည်း တကယ့် အစိုးရ အရာရှိ ရာထူးမျိုး မဟုတ်ပေ။ အများဆုံးဆိုလျှင် ကျင်းမင်းသား၏ ကိုယ်ပိုင် အကြံပေးနှင့် အတွင်းရေးမှူးဟုသာ သတ်မှတ်နိုင်ပြီး မင်းသားကြီး၏ အထွေထွေ ကိစ္စရပ်များကို ကူညီပေးရသူ ဖြစ်သည်။

ရာထူး အဆင့်အတန်း နိမ့်သော်လည်း ဤအတွင်းဝန်ချုပ်မင်းမှာ ကျင်းမင်းသား နောက်၌ နှစ်ပေါင်းများစွာ လိုက်ပါလာသူ ဖြစ်သည်။ ကျင်းမင်းသား၏ ကိုယ်ရံအတွင်းဝန် ဖြစ်လာခြင်းမှာ သူသည် မင်းသားကြီး၏ အယုံကြည်ရဆုံး လူရင်းတစ်ဦး ဖြစ်ကြောင်း ပြသနေသည်။

ဤအတွင်းဝန်ချုပ်မင်းမှာ ဝူကျိရှန်းနှင့် သက်တူရွယ်တူခန့်သာ ရှိပြီး ငယ်ရွယ်ခန့်ညားကာ မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ ကျင်းမင်းသား နားတွင် နှစ်ရှည်လများ အလုပ်လုပ်ခဲ့သဖြင့် သူ၏ စိတ်ခံစားချက်ကို ဖုံးကွယ်ထားနိုင်သော အရည်အချင်းမှာလည်း ပြည့်ဝနေပြီ ဖြစ်သည်။

"အတွင်းဝန်ချုပ်မင်းခင်ဗျာ။ ကျေးဇူးပြုပြီး ကျင်းမင်းသား အရှင်ဆီကို သတင်းပို့ပေးပါ။ ကျုပ် မင်းသားကြီးနဲ့ တွေ့ချင်ပါတယ်"

ဤစကားက အတွင်းဝန်ချုပ်မင်းကို ပို၍ စိတ်ပျက်သွားစေသည်။

'သတင်းပို့ပေးရမယ် ဟုတ်လား။ ငါ့ကို ဘယ်လိုလူများ မှတ်နေတာလဲ။ တံခါးစောင့် ဒါမှမဟုတ် အစေခံလေးများ မှတ်နေသလား'

'မင်းလို နာမည်မရှိတဲ့ သမားတော်လေး တစ်ယောက် မပြောနဲ့ဦး။ နန်းတော်က တတိယတန်းစား အရာရှိကြီးတွေတောင် ငါ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတာ'

စိတ်ထဲတွင် အလွန် စိတ်တိုနေသော်လည်း အတွင်းဝန်ချုပ်မင်းက တည်ငြိမ်သော အမူအရာကို ဆက်ထိန်းထားသည်။

"မင်းတို့ မြို့နယ်မှာ အသားးမည်း ပလိပ်ရောဂါ ဖြစ်နေတယ်၊ ရုံးကလည်း မတတ်နိုင်တော့လို့ ယွန်းချွမ်းခံတပ်ကို သွားတယ်။ အဲဒီမှာ တပ်မှူးဟူချန်က အရေးပေါ်စာ ထုတ်ပေးပြီး မင်းကို ကျင်းမင်းသား စံအိမ်တော်ဆီ လွှတ်လိုက်တယ်။ အဲဒီလို ဖြစ်ခဲ့တာ မဟုတ်လား"

အတွင်းဝန်ချုပ်မင်းက စကားကို တိတိကျကျနှင့် အေးအေးလူလူ ပြောလိုက်သည်။

"ဟုတ်ပါတယ်"

"အဲဒါဆိုရင် ကျုပ် မေးစရာ ရှိတယ်။ ဒီလို အရေးပေါ် စာချွန်လွှာတွေကို ယေဘုယျအားဖြင့် အရေးကြီး စစ်ရေးကိစ္စတွေမှာပဲ သုံးတာ။ ဒါပေမဲ့ တပ်မှူးဟူချန်က မင်းအတွက် ထုတ်ပေးလိုက်တယ်။ မင်းနဲ့ တပ်မှူးဟူချန်က အလွန်ပဲ ရင်းနှီးကြတာလား"

အပေါ်ယံကို ကျော်လွန်ကြည့်ပြီး ဝူကျိရှန်းနှင့် စစ်သူကြီးကြားရှိ ပုဂ္ဂိုလ်ရေး ပတ်သက်မှုကို ဆွဲထုတ်နိုင်ခြင်းမှာ သူ၏ အတွေးအခေါ် ခိုင်မာမှုကို ပြသနေသည်။

"တပ်မှူးဟူချန်နဲ့ ကျုပ်က ခင်မင်ဖူးတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ပုဂ္ဂိုလ်ရေး ပတ်သက်မှုတွေနဲ့ ဘာမှ မဆိုင်ပါဘူး"

ဝူကျိရှန်း၏ ရှေ့ရှိ လက်ဖက်ရည်ခွက်မှာ အချည်းနှီး ဖြစ်နေသည်ကို မြင်သောအခါ အတွင်းဝန်ချုပ်မင်းက ထပ်မံ အချက်ပြလိုက်သည်။

"လက်ဖက်ရည်"

တစ်လမ်းလုံး မြင်းစီးလာခဲ့ရသဖြင့် ဝူကျီရှန်းမှာ ဆာလောင် မွတ်သိပ်နေပြီ ဖြစ်သည်။ သူ၏ ရှေ့တွင်ရှိသော လက်ဖက်ရည်ခွက်ကလေးမှာ တန်ဖိုးမဖြတ်နိုင်သော နန်းသုံးကြွေထည် ဖြစ်မှန်း သူ မသိပေ။ သူသည် ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်းနှင့် အကုန် သောက်လိုက်သည်။

"ယွန်းချွမ်းခံတပ်ကနေ စစ်သား ဘယ်လောက်လောက် ထုတ်ပေးစေချင်တာလဲ"

"လူတစ်ရာလောက်ဆိုရင် လောက်ပါပြီ"

အတွင်းဝန်ချုပ်မင်းသည် ခုံပေါ်တွင် ခန့်ညားသော အမူအရာဖြင့် ထိုင်နေပြီး ဝူကျ်ိရှန်းကို စေ့စေ့ကြည့်နေသည်။ သူသည် ဤကိစ္စကို တကယ် စိတ်ဝင်စားနေသယောင်ပင်။

"ပြီးတော့ကော"

"ပြီးရင် ယွန်းချွမ်းခံတပ်က စစ်သားတွေကို သုံးပြီး ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို ကူညီခိုင်းပါ့မယ်"

"ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပါဦး။ ဘယ်လိုလုပ်မှာလဲ"

"အတွင်းရော အပြင်ပါ ပိတ်ဆို့မယ်။ လမ်းပန်းဆက်သွယ်ရေး အားလုံးကို ဖြတ်တောက်ပြီး ရောဂါကူးစက်နိုင်တဲ့ လမ်းကြောင်းတွေကို လုံးဝ အဆက်ပြတ်အောင် လုပ်ပါ့မယ်"

အတွင်းဝန်ချုပ်မင်းမှာ အသေအချာ နားထောင်နေသယောင် ဆောင်ထားသော်လည်း ဝူကျ်ိရှန်း ပြောသမျှကို စိုးစဉ်းမျှ စိတ်မဝင်စားပေ။

"ကောင်းပါပြီ။ ကောင်းပါပြီ။ အဲဒါတွေကို အကုန်လုံး ချရေးလိုက်ပါ။ ကျုပ် ကျင်းမင်းသား အရှင်ဆီကို တင်ပြပေးပါ့မယ်"

ဝူကျိရှန်းက ကလောင်နှင့် စက္ကူကို ယူကာ ပလိပ်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် သူ၏ ရောဂါကာကွယ်ရေး အစီအစဉ်များကို တစ်ခုချင်းစီ ချရေးလိုက်သည်။

အတွင်းဝန်ချုပ်မင်းသည် စိတ်ရှည်သည့် ပုံစံဖြင့် စောင့်နေသော်လည်း စက္ကူပေါ်တွင် ရေးနေသည့် အကြောင်းအရာကို ဂရုမစိုက်ဘဲ ဝူကျိရှန်းကိုသာ စိတ်ဝင်တစား ကြည့်နေသည်။

မင်းသားကြီး နားတွင် နှစ်ပေါင်းများစွာ နေခဲ့သဖြင့် အတွင်းဝန်ချုပ်မင်းသည် လူတစ်ယောက်၏ အမူအရာကို ကြည့်ရုံဖြင့် ထိုသူ၏ နောက်ကြောင်းနှင့် အတွေ့အကြုံများကို သိနိုင်သော အရည်အချင်း ရှိနေပြီ ဖြစ်သည်။ ဝူကျိရှန်း၏ သိမ်မွေ့သော လှုပ်ရှားမှုများမှတစ်ဆင့် သူ၏ ဘဝအကြောင်းကို ခန့်မှန်းကြည့်နေခြင်း ဖြစ်သည်။

ဤသမားတော်လေး၏ လက်ရေးမှာ ရှုပ်ပွနေသည်ဟုသာ ပြောရမည်။ ၎င်းမှာ ထိုခေတ်က လူကြိုက်များသော ရန့် စတိုင် သို့မဟုတ် လျူ စတိုင်များ မဟုတ်သလို၊ အစိုးရရုံးသုံး 'ကွမ်းကော့' စတိုင်မျိုးလည်း မဟုတ်ပေ။ ၎င်းက ဝူကျိရှန်းမှာ ထင်ရှားသော မျိုးရိုးမှ မဟုတ်သလို အစိုးရ စာမေးပွဲများကိုလည်း ဝင်ရောက် ဖြေဆိုခဲ့ဖူးသူ မဟုတ်ကြောင်း ပြနေသည်။ အများဆုံးဆိုလျှင် ကျောင်းအနည်းငယ် တက်ဖူးခြင်း သို့မဟုတ် အိမ်တွင်သာ စာသင်ဖူးခြင်း ဖြစ်ပေလိမည်။၎င်းမှာ သာမန်လူတန်းစား တစ်ယောက်၏ ပုံစံပင် ဖြစ်သည်။

ခဏတာ တွေ့ဆုံမှုအတွင်းမှာတင် အတွင်းဝန်ချုပ်မင်းသည် ဝူကျ်ိရှန်း၏ အကြောင်းစုံကို သိရှိသွားပြီ ဖြစ်သည်။

ဝူကျိရှန်းက သူရေးထားသော ရောဂါကာကွယ်ရေး အစီအစဉ်ကို ရိုသေစွာ ကမ်းပေးသောအခါ အတွင်းဝန်ချုပ်မင်း၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသည့် အမူအရာ ပေါ်လာသည်။

"ကောင်းပါပြီ။ ဒီအစီအစဉ်နဲ့ဆိုရင် လူတွေကို ဆင်းရဲဒုက္ခကနေ သေချာပေါက် ကယ်တင်နိုင်မှာပါ"

အကယ်၍သာ အစိုးရ အသိုင်းအဝိုင်းက အတွေ့အကြုံရှိသူ ဖြစ်ပါက ဤစကားကို ကြားသည်နှင့် နှုတ်ဆက်ကာ ထွက်သွားသင့်မှန်း သိပေလိမည်။

သို့သော် ဝူကျိရှန်းမှာမူ ထိုကဲ့သို့သော မရေးမသားထားသည့် စည်းကမ်းများကို နားမလည်ဘဲ အရူးတစ်ယောက်လို စောင့်နေဆဲ ဖြစ်သည်။

သူက အတွင်းဝန်ချုပ်မင်းသည် ဤအစီအစဉ်ကို မင်းသားကြီးထံ ချက်ချင်း ပို့ပေးလိမ့်မည်ဟု ရိုးရိုးသားသားပင် ထင်နေသေးသည်။ဤတောသားသမားတော်မှာ အခြေအနေကို နားမလည်ကြောင်း မြင်သောအခါ အတွင်းဝန်ချုပ်မင်း၏ မျက်နှာပေါ်တွင် စိတ်မရှည်သည့် ရိပ်ယောင်များ ပေါ်လာတော့သည်။

"မင်း ပြန်လို့ ရပါပြီ"

ပြန်ရမယ် ဟုတ်လား။ကျုပ် ကျင်းမင်းသားဆီက စစ်သားသုံးခွင့် အမိန့်မရသေးဘဲနဲ့ ဘယ်လို ပြန်ရမှာလဲ။

"ကျင်းမင်းသား အရှင်က ပြည်သူတွေကို အလွန် ချစ်မြတ်နိုးပါတယ်။ ဒီကိစ္စအတွက် မင်း စိတ်ပူစရာ မလိုပါဘူး။ အရင် ပြန်သွားပြီး စောင့်နေလိုက်ပါ"

ဝူကျ်ိရှန်းက တစ်ခုခု ထပ်ပြောရန် ပြင်သော်လည်း အတွင်းဝန်ချုပ်မင်းက သူ့ကို အပြင်သို့ ပို့ဆောင်ရန် အချက်ပြလိုက်ပြီ ဖြစ်သည်။

"သူ့ကို အပြင်ကို ပို့ပေးလိုက်ကြ"

နောက်ဆုံးတော့ အခြေအနေ နားမလည်တဲ့ ဤတောသားကို လွှတ်လိုက်နိုင်ပြီ။ အတွင်းဝန်ချုပ်မင်းမှာ အဆင့်မရှိသော လူတစ်ယောက်အတွက် အချိန်တွေ အများကြီး ဖြုန်းလိုက်ရသဖြင့် အနည်းငယ် စိတ်တိုနေမိသည်။

ဝူကျိရှန်း သောက်သွားသော လက်ဖက်ရည်ခွက်ကို ကြည့်ကာ စက်ဆုပ်ရွံရှာသော အမူအရာ ပေါ်လာသည်။

"ဒီခွက်ကို လွှင့်ပစ်လိုက်ကြ"

ပြောပြီးနောက် အတွင်းဝန်ချုပ်မင်းသည် ဝူကျီရှန်း ရေးပေးခဲ့သော ရောဂါကာကွယ်ရေး အစီအစဉ် စာရွက်ကို ကောက်ယူကာ အမှုမဲ့အမှတ်မဲ့ပင် လုံးချေလိုက်ပြီး ဘေးသို့ ပစ်လိုက်တော့သည်။`

All Chapters