အခန်း (၄၁-၄၂)
Vol. 4 Ch. 41-42
အခန်း (၄၁) သေမင်း ရောက်လာပြီ
“အဖေ သမားတော်တစ်ယောက်လောက် ခေါ်ပြီး ကြည့်ခိုင်းရင် မကောင်းဘူးလား”
သားဖြစ်သူ၏ စကားကို ကြားသောအခါ ကျိုးပန်းရှန်းသည် ချက်ချင်းပင် ဒေါသထွက်သွား၏။
“ငါ အလုပ်ကြမ်းတွေ ပင်ပင်ပန်းပန်း လုပ်ခဲ့လို့ ငွေစ အနည်းငယ်ကို ခက်ခက်ခဲခဲ ရထားတာကွ။ သမားတော်ပင့်ရင် ပိုက်ဆံမကုန်ဘူးလား”
ကျိုးပန်းရှန်းသည် မြေသန့်ဗေဒင်ဆရာ တစ်ဦးဖြစ်ပြီး လမ်းဘေးတွင် ဆိုင်ဖွင့်ကာ ဟောစာတမ်းထုတ်ခြင်း၊ နိမိတ်ဖတ်ခြင်းတို့ဖြင့် အသက်မွေးသူ ဖြစ်သည်။ သူ၏ ဟောကိန်းများမှာ မှန်ခဲပြီး မှားသည်က များသော်လည်း မိမိကိုယ်ကိုယ် "သံနှုတ်သီး ဗေဒင်ကျော် ကျိုးပန်းရှန်း" ဟု ခေါ်ဆိုခြင်းကိုမူ မရပ်တန့်ခဲ့ပေ။
ဗေဒင်ဆရာအလုပ်က ဝင်ငွေနည်းပြီး မိသားစုကြီးကို ကျွေးမွေးနေရသဖြင့် အလွန်ဆင်းရဲသောကြောင့် အလုပ်ကြမ်းသမားအဖြစ် ပြောင်းလဲလုပ်ကိုင်နေရခြင်း ဖြစ်သည်။
မင်မင်းဆက်၏ ဥပဒေအရ အခမဲ့ လုပ်အားပေးခြင်းသည် နိုင်ငံသားတိုင်း၏ မြင့်မြတ်သော တာဝန်ဖြစ်သော်လည်း ထိုတာဝန်ကို ရှောင်လွှဲလိုသူများ အမြဲရှိနေတတ်သည်။ ထို့ကြောင့် အခြားသူများကိုယ်စား အခကြေးငွေယူကာ အလုပ်လုပ်ပေးသည့် "အလုပ်ကြမ်းသမား" ဆိုသည့် အသက်မွေးဝမ်းကျောင်း ပေါ်ပေါက်လာခဲ့သည်။
ချမ်းသာသော မိသားစုများ အလုပ်မဆင်းလိုသည့်အခါ ငွေပေးရုံဖြင့် ကျိုးပန်းရှန်းက သူတို့ကိုယ်စား သွားရောက်လုပ်ကိုင်ပေး၏။
ထုံးစံအတိုင်း ပင်ပန်းဆင်းရဲခံကာ ငွေရမည်ဟု သူထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ရောဂါကူးစက်ခံခဲ့ရသည်။
“အဖေ... ဒီရောဂါက အရမ်းပြင်းထန်တာ။ သေချာမကုရင် အသက်အန္တရာယ် ရှိတယ်။ သမားတော်ပင့်ပြီး ကုတာက ပိုကောင်းမယ်”
“ဘာကုရမှာလဲ”
သူသည် ကျွေးမွေးရမည့် မိသားစုကိုသာ အာရုံရနေ၏။ ကျိုးပန်းရှန်းသည် ခက်ခက်ခဲခဲ ရှာထားသော ငွေများကို ဆေးကုသစရိတ်အဖြစ် အကုန်မခံလိုပေ။
“ငါ့ဘာသာ ငါ ဗေဒင်တွက်ပြီးပြီ။ ငါ့ဇာတာအရ မင်းအဖေက ဘာမှမဖြစ်ဘဲ ဘေးကင်းတယ်လို့ ထွက်ထားတယ်”
မထနိုင်လောက်အောင် နေမကောင်းဖြစ်နေသော်လည်း ကျိုးပန်းရှန်းက ဘေးကင်းကြောင်း အဓိပ္ပာယ်မရှိသည်များကို ပြောနေဆဲ ဖြစ်သည်။ သားဖြစ်သူမှာမူ ပူပန်နေပြီဖြစ်ရာ
“အဖေကလည်း... အဖေ့ဗေဒင်က ဘယ်တုန်းကမှ မမှန်တာ။ တကယ်လို့ ကုသမှု နောက်ကျသွားရင် ကျွန်တော်တို့ မိသားစု ဘယ်လိုနေထိုင်ရမလဲ” ဟု ပြောလိုက်သည်။
“ဒါက ရှေးဟောင်း နတ်မင်းကြီးရဲ့ ဗေဒင်ပညာကွ။ အမှန်ထွက်မှာ သေချာတယ်”
ကျိုးပန်းရှန်းသည် မိမိ၏ ဗေဒင်ပညာကို ယုံကြည်ချက်အပြည့်ဖြင့် “အခုဖြစ်နေတဲ့ ရောဂါက ကံကြမ္မာအရ ကြုံရမယ့် အခက်အခဲပဲ။ ဒီအတားအဆီးကို ကျော်ဖြတ်ပြီးရင် ရောဂါက ပျောက်သွားလိမ့်မယ်” ဟု ဆိုသည်။
သူ့အဖေ၏ ဗေဒင်မှာ လုံးဝအားကိုး၍မရကြောင်း သားဖြစ်သူ သိသဖြင့် ပို၍ စိုးရိမ်လာ၏။
“အဖေနဲ့အတူ အလုပ်လုပ်တဲ့ ဦးလေးဝမ်တောင် ဒီရောဂါဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဆုံးသွားပြီ။ အဖေလည်း ဦးလေးဝမ်နောက် မလိုက်ပါနဲ့ဦး”
“ဟိုဝမ်က မျောက်မျက်နှာနဲ့လေ။ အဲဒီလို ရုပ်မျိုးက အသက်တိုမယ့် ရုပ်ကွ”
ကျိုးပန်းရှန်းသည် ပြင်းထန်စွာ ချောင်းဆိုးပြီးနောက် သွေးစွန်းသော သလိပ်များကို ထွေးထုတ်လိုက်၏။
“ငါက အသက်ရှည်မယ့် ရုပ်နဲ့ မွေးလာတာ။ အနည်းဆုံး နောက်ထပ် အနှစ်နှစ်ဆယ်လောက် နေရဦးမယ်။ အခု မသေနိုင်သေးဘူး”
ကျိုးပန်းရှန်းက လျှောက်ပြောနေစဉ်မှာပင် ကျန်းစစ်ကောသည် ဝူကျိရှန်းနှင့်အတူ တံခါးတွန်းဖွင့်ကာ ဝင်လာသည်။
ကျိုးပန်းရှန်း၏ မျက်နှာကို ကြည့်လိုက်ရုံဖြင့် ရောဂါအခြေအနေမှာ အလွန်ပြင်းထန်နေပြီ ဖြစ်ကြောင်း ဝူကျိရှန်း သိလိုက်သည်။
ကျိုးပန်းရှန်း၏ မျက်နှာမှာ ရောဂါကြောင့် နီမြန်းနေပြီး မျက်လုံးများတွင်လည်း သွေးကြောများ ယှက်သန်းနေ၏။ နှုတ်ခမ်းနှင့် နှာခေါင်းတစ်ဝိုက်မှာ ခရမ်းပုပ်ရောင် ဖြစ်နေပြီဖြစ်ရာ ၎င်းမှာ သွေးအဆိပ်တက်ခြင်း၏ ထင်ရှားသော လက္ခဏာပင် ဖြစ်သည်။
“ကျိုးပန်းရှန်း... ဒါက ဝူဆေးခန်းက သမားတော်ကြီးပဲ့။ မင်းကို ကုပေးဖို့ ငါခေါ်လာတာ”
ကျန်းစစ်ကော၏ စကားကို ကြားသောအခါ ကျိုးပန်းရှန်းသည် ချက်ချင်း ခေါင်းယမ်းပြီးငြင်းလိုက်၏။
“သမားတော်ကြည့်မယ်။ ဘာသမား တော်လဲ။ငါ ဘာမှမဖြစ်ဘူး”
သူသည် အသက်ရှူရန်ပင် ရုန်းကန်နေရသော်လည်း နေကောင်းကြောင်း ဇွတ်ငြင်းနေ၏။
“ခင်ဗျားတို့ သမားတော်တွေက ဘာမှမဖြစ်တာကို ရောဂါရှိတယ်ပြော၊ ရောဂါအသေးစားကို အကြီးစားလုပ်ပြီး ပိုက်ဆံညှစ်ချင်နေကြတာ။ ငါ့တစ်သက်မှာ ဘယ်လိုရောဂါမျိုးတွေပဲ ကြုံခဲ့ဖူးသလဲ။ ရောဂါအကြောင်းပြပြီး လာမခြောက်နဲ့။ ငါ့ဆီက တစ်ပြားမှ ရမယ်မထင်နဲ့”
“ကျွန်တော် ဆေးဖိုးမယူပါဘူး”
“တကယ် မယူဘူးလား”
“တကယ် မယူပါဘူး”
ဝူကျိရှန်းက အခမဲ့ကြည့်ပေးမည်ဟု ဆိုသောအခါ တစ်သက်လုံး သမားတော်နှင့် မပြဖူးသော ကျိုးပန်းရှန်းသည် ချက်ချင်းပင် စိတ်ပြောင်းသွား၏။
“ဒါဆိုရင်လည်း ကြည့်ပေးလေ”
သမားတော်နှင့် မပြချင်ခြင်းမှာ ဆရာဝန်ကို မယုံကြည်၍ မဟုတ်ဘဲ ဆင်းရဲလွန်းသောကြောင့်သာ ဖြစ်သည်။
ဝူကျိရှန်းသည် ကျိုးပန်းရှန်း၏ ဟောင်းနွမ်းနေသော အင်္ကျီကို ချွတ်လိုက်ရာ ရောင်ကိုင်းနေသော လည်ပင်းကို မြင်လိုက်ရသဖြင့် စိတ်ပူသွား၏။
ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းမှာ ပလိပ်ရောဂါ၏ ထင်ရှားသော လက္ခဏာတစ်ခု ဖြစ်သည်။
ဝူကျိရှန်း ပိုစိုးရိမ်သည်မှာ ကျိုးပန်းရှန်း၏ လည်ပင်း၊ ချိုင်းကြားနှင့် အခြားပြန်ရည်ကျိတ်ရှိရာ နေရာများတွင် သိသာစွာ ရောင်ရမ်းနေပြီး ထိုနေရာတစ်ဝိုက်တွင် အစပ်အပြောက်များ မြင်နေရခြင်းပင် ဖြစ်သည်။
အရေပြားအောက် သွေးယိုစီးခြင်းမှာ အလွန်အန္တရာယ်များသော လက္ခဏာဖြစ်ပြီး "ပလိပ်ရောဂါ" ၏ ထူးခြားချက်ပင် ဖြစ်သည်။
လည်ပင်းက ရောင်နေသည့်နေရာကို အသာအယာ ထိလိုက်သည်နှင့် ကျိုးပန်းရှန်းက နာကျင်သဖြင့် အော်လိုက်သည်။ထိုအကျိတ်မှာ ကျောက်ခဲကဲ့သို့ မာကျောနေပြီဖြစ်သည်။
ခေတ်မီ စစ်ဆေးရေး ကိရိယာများ မရှိသော်လည်း ဤလက္ခဏာများမှာ အလွန်ပင် ထင်ရှားနေပြီး ပလိပ်ရောဂါ ဖြစ်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။
ကြောက်စရာကောင်းသော ပလိပ်ရောဂါသည် အနောက်ကမ္ဘာတွင်သာ ရှိသည်ဟု သူထင်ခဲ့သော်လည်း ယခုအခါ သေမင်းသည် အနီးအနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“သူ့ကို သီးသန့်ခွဲထားဖို့ ဆေးခန်းကို ပို့ရမယ်”
သီးသန့်ခွဲထားမယ်။ထိုစကား၏ အဓိပ္ပာယ်ကို ကျန်းစစ် ကာလုံးဝနားမလည်ပေ။
“သီးသန့်ခွဲထားတယ်ဆိုတာ သူ့ကို ဘယ်သူနဲ့မှ အတွေ့အမခံဘဲ သီးခြားထားတာကို ပြောတာပါ။ ရောဂါပျောက်မှ ပြန်လွှတ်ရမယ်”
ဝူကျိရှန်းက ကျိုးပန်းရှန်းကို ညွှန်ပြရင်း ပြောလိုက်၏။
“ဒီလူမှာ အသားမည်းရောဂါ ကူးနေပြီ။ သူ့ကို ဆေးခန်းမှာ သီးခြားခွဲထားဖို့ လိုတယ်”
ထိုစကားကို ကြားသောအခါ ကျိုးပန်းရှန်းကချက်ချင်းပင် စိုးရိမ်တကြီး ပြောလိုက်၏။
“မင်းပြောတဲ့ သီးသန့်ခွဲထားတယ်ဆိုတာ ထောင်ချတာနဲ့ ဘာကွာလို့လဲ။ ငါ ဥပဒေလည်း မချိုးဖောက်ဘူး။ ဘာလို့ ငါ့ကို ပိတ်လှောင်ထားချင်တာလဲ။ နေ့ခင်းကြောင်တောင်ကြီးမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား”
ကူးစက်ရောဂါနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတ နည်းပါးသဖြင့် ဤခေတ်က လူများသည် လူနာကို သီးခြားခွဲထားခြင်းအပေါ် အလွန်ခုခံကြသည်။ ထို့အပြင် မင်မင်းဆက်တွင် ရောဂါကာကွယ်ရေး စနစ်များ မရှိသေးသလို အတင်းအကျပ် သီးခြားခွဲထားရန် ဥပဒေလည်း မရှိပေ။
ကျိုးပန်းရှန်းတွင် ရောဂါရှိနေသော်လည်း သူသည် ပြစ်မှုကျူးလွန်ထားသူ မဟုတ်ပေ။ အကယ်၍ သူ့ကို အတင်းအကျပ် ဖမ်းဆီးပြီး သီးခြားခွဲထားပါက ဆူပူမှုများ ဖြစ်လာနိုင်သည်။
တစ်ခုတည်းသော နည်းလမ်းမှာ ရောဂါကူးစက်မှုကို တားဆီးရန် လူနာကို မိမိအိမ်တွင်သာ သီးခြားနေစေခြင်း ဖြစ်သည်။
“အဘိုးကြီးကျိုး”
ဝူကျိရှန်းက လေသံကို လျှော့ကာ
“အသားမည်းရောဂါက တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်တာ ခင်ဗျားသိပါတယ်။ ဆေးခန်းကို မသွားချင်ရင်လည်း အိမ်မှာပဲ သီးခြားနေပါ။ ဒီရက်ပိုင်းအတွင်း ခင်ဗျားရဲ့ မိသားစုဝင်တွေလည်း ဘယ်မှမသွားပါနဲ့”
ကျိုးပန်းရှန်းသည် လမ်းမလျှောက်နိုင်တော့သဖြင့် အိမ်တွင်သာ သီးခြားနေရန်မှာ ဖြစ်နိုင်သေးသည်။
“ပြီးတော့ ခင်ဗျား အမှန်အတိုင်း ပြောပါ။ ပြန်ရောက်လာပြီးကတည်းက ဘယ်သူတွေနဲ့ တွေ့ခဲ့သေးလဲ”
“ပြန်လာပြီးကတည်းက ဘယ်မှမသွားပါဘူး... အော်... ဒါနဲ့ ဘေးအိမ်က ခြေထောက်မကောင်းတဲ့ နွားလေးကတော့ ငါနေမကောင်းဘူးဆိုလို့ တစ်ခေါက် လာကြည့်သေးတယ်”
“အစ်ကိုစစ်.. ဘေးအိမ်က နွားလေးဆီ ချက်ချင်းသွားပါ။ သူ့ကို အိမ်မှာပဲ သီးခြားနေခိုင်းပြီး သူနဲ့ ထိတွေ့ခဲ့တဲ့ လူစာရင်းကို လုပ်ပါ။ သူတို့ကိုလည်း သီးခြားခွဲထားရမယ်”
ထိုစကားကို ကြားသောအခါ ကျန်းစစ် ကောမှာ ဆွံ့အသွား၏။
ကျိုးပန်းရှန်း မိသားစုကို သီးခြားထားရုံတင်မကဘဲ အိမ်နီးနားချင်းများကိုပါ သီးခြားထားရမည်ဆိုလျှင် နောက်ထပ် လူမည်မျှကို သီးခြားထားရမည်နည်း။
“ဒါက စီမံရခက်လိမ့်မယ်။ သူတို့က ဥပဒေချိုးဖောက်ထားတာ မဟုတ်တော့ သီးခြားမနေချင်ဘူးဆိုရင် ဘယ်သူမှ ဘာမှလုပ်လို့ မရဘူး”
“ဒါဆိုရင် ခရိုင်ဝန် ရှန်ဆီကိုပဲ သွားရတော့မယ်”
အုပ်စုလိုက် သီးခြားခွဲထားရန်မှာ အစိုးရ၏ အမိန့် လိုအပ်သည်။ ဤကိစ္စတွင် ခရိုင်ဝန်ရှန်လင်၏ ပူးပေါင်းဆောင်ရွက်မှု ရှိမှသာ ဖြစ်မည်။
“ခရိုင်ဝန်မင်းဆီ အခုပဲသွားပြီး အခြေအနေကို ရှင်းပြရအောင်။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”
အတင်းအကျပ် သီးခြားခွဲထားခြင်းကို လုပ်ဆောင်ပါက ဆူပူမှုကြီး ဖြစ်လာနိုင်သဖြင့် ဤကိစ္စမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။
“ညီအစ်ကိုဝူ... တကယ်ပဲ့ အဲဒီလောက်အထိ လုပ်ဖို့ လိုလို့လား။ မင်းကိစ္စကို ပိုချဲ့ကားနေတာလား”
ဝူကျိရှန်း၏ လေသံမှာ ပြတ်သားနေ၏။
“လူ့အသက်တွေနဲ့ ဆိုင်နေတယ်။ ဒါကို လုပ်ကိုရမယ်”
ယခုအခြေအနေအထိ ကျန်းစစ် ကောသည် ကိစ္စရပ် မည်မျှအရေးကြီးကြောင်း လုံးဝနားမလည်သေးပေ။
“ညီလေး... မင်းပြောသလို တကယ်ပဲ အခြေအနေက ဆိုးနေလို့လား”
ဝူကျိရှန်းသည် သူ၏ နှာခေါင်းစည်းကို အသာပြန်ပြင်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ရင်းစိုးရိမ်ပူပန်စွာ ပြောလိုက်၏။
“ကျွန်တော် ပြောတာထက် အခြေအနေက ပိုဆိုးပါတယ်။ ဒီတစ်ခါတော့ သေမင်းက တကယ်ကို ရောက်လာပြီဗျ”
… …
အခန်း (၄၂) ရုံးတော်သို့ ရောက်လာသော မုဆိုးမ
“ကလေးအဖေရယ်... ရှင် သေတာ သိပ်သနားဖို့ကောင်းတာပဲ့”
မရီးဟွာက ရုံးတော်၏ တံခါးခုံတွင် ဒူးထောက်ကာ ပေါင်ကိုတဖတ်ဖတ်ရိုက်ရင်း အလောင်းဘေးတွင် အသံကုန်အော်ဟစ် ငိုကြွေးနေ၏။
ရုံးတော်၏ ခန်းမအတွင်း၌ လူများဖြင့် ပြည့်နှက်နေပြီး တိုးတိုးတိုးတိုးဖြင့် လက်ညှိုးထိုး ပြောဆိုနေကြသည်။
“မရီးဟွာရဲ့ ယောက်ျားက တံတိုင်းကြီးဆောက်တဲ့နေရာမှာ အလုပ်ကြမ်းသွားလုပ်နေတာ မဟုတ်ဘူးလား။ ဘယ်တုန်းက သေသွားတာလဲ”
“လွန်ခဲ့တဲ့ နာရီပိုင်းကတင် သေသွားတာတဲ့”
“လူသေရင် မြန်မြန်မြေမြှုပ်ရမှာကို ဘာလို့ ရုံးတော်ကို အလောင်းသယ်လာရတာလဲ”
“မရီးဟွာယောက်ျားက တံတိုင်းကြီးဆောက်တဲ့နေရာကနေ ပြန်လာပြီးတာနဲ့ ရောဂါနဲ့ ဆုံးတာလေ။ ရုံးတော်က ဘာလျော်ကြေးမှ မပေးဘူးဆိုလို့ အလောင်းကို ရုံးတော်အထိ သယ်လာတာပေါ့”
ခန့်ညားထည်ဝါသော ရုံးတော်ခန်းမမှာ ယခုအခါ ထိုရွာသူကြောင့် အလောင်းထားရာနေရာကဲ့သို့ ဖြစ်နေပြီး စက္ကူကန်တော့ပန်းများ ပြန့်ကျဲကာ ငိုသံများဖြင့် ရှုပ်ထွေးနေ၏။ ခရိုင်ဝန်ရှန်လင်မှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွှေးများပင် ထောင်နေပြီ ဖြစ်သည်။
“ဒီမိန်းမယုတ်ကတော့ ရဲတင်းလှချည်လား။ ရုံးတော်ကို စိန်ခေါ်နေတာပဲ့။ သူ့ကို တုတ်နဲ့ရိုက်ပြီး မောင်းထုတ်ကြစမ်း”
“ရိုက်လို့မရပါဘူး အရှင်။ ဒီမရီးဟွာက တစ်မြို့လုံးမှာ နာမည်ကြီးတဲ့ မိန်းမကြမ်းဗျ။ သူ့ကို မောင်းထုတ်လိုက်ရင် သူ့ယောက်ျားအလောင်းက ကျန်ခဲ့မှာပေါ့”
ရုံးအစေခံတစ်ဦးက မြို့ဝန်မင်းနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“ကျွန်တော့်အထင်တော့ ပိုက်ဆံအနည်းငယ်ပေးပြီး နှင်ထုတ်လိုက်တာ ပိုကောင်းမယ်ထင်တယ်”
ခရိုင်ဝန် ရှန်လင်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။
“သူ့ယောက်ျား သေတာကို ရုံးတော်က ဘာလို့ လျော်ကြေးပေးရမှာလဲ”
ထိုစကားကို ကြားသောအခါ ငိုနေသော ရွာသူသည် ချက်ချင်း ထရပ်ပြီး ရုံးအစေခံ၏ လက်ထဲမှ ရိုက်တုတ်ကို လုယူကာ ပစ္စည်းများကို စတင်ရိုက်ခွဲတော့သည်။ သူမက မြို့ဝန်မင်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဆဲဆိုလေ၏။
“ဒီခွေးအရာရှိက ငါ့ယောက်ျားကို သတ်တာ။ နင်တို့ လျော်ကြေးမပေးရင် ဒီရုံးတော်ကို ငါ မြေလှန်ပစ်မယ်”
“မင်းယောက်ျား သေတာနဲ့ ရုံးတော်နဲ့ ဘာဆိုင်လို့လဲ”
“နင်တို့ ရုံးတော်က လူတွေက ငါ့ယောက်ျားကို တံတိုင်းဆောက်ဖို့ ခေါ်သွားတာလေ။ အခု ငါ့ယောက်ျား သေပြီဆိုတော့ နင်တို့ ပေးရမှာပေါ့”
တံတိုင်းကြီးဆောက်ရန် အလုပ်သမားများကို ရုံးတော်က စုဆောင်းပေးရခြင်းမှာမှန်ပါသည်။အကယ်၍အလုပ်သမားတစ်ဦးသည် ဆောက်လုပ်ရေးခွင်တွင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးပါက အစိုးရက ဆန်၊ ဆီ သို့မဟုတ် အဝတ်အထည်များ လျော်ကြေးအဖြစ် ပေးလေ့ရှိသည်။
သို့သော် မရီဟွာ၏ ယောက်ျားမှာ အလုပ်ခွင်တွင် သေဆုံးခြင်း မဟုတ်ဘဲ မိမိအိမ် ကုတင်ပေါ်တွင် သေဆုံးခြင်း ဖြစ်သဖြင့် လျော်ကြေးရရန် အကြောင်းမရှိပေ။
"ငါ့ယောက်ျား သွားတုန်းက ကောင်းကောင်းမွန်မွန်၊ ပြန်လာတော့ အသက်ငွေ့ငွေ့ပဲ ပါတော့တယ်၊ နာရီပိုင်းအတွင်းမှာပဲ သေသွားတယ်"
မရီးဟွာကထိုအချက်တစ်ခုကြောင့် ရုံးတော်မှ ငွေအမြောက်အမြား တောင်းဆိုနေခြင်း ဖြစ်သည်။
ရုံးတော်က လျော်ကြေးပေးရန် ငြင်းဆန်မည်ကို သူမ သိထားသဖြင့် ဆွေမျိုးများကို စုရုံးကာ အလောင်းကို ရုံးတော်သို့ တိုက်ရိုက် သယ်လာခြင်း ဖြစ်သည်။
ခရိုင်ဝန် ရှန်လင်သည် အင်ပါယာက ခန့်အပ်ထားသော အရာရှိကြီး ဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင်မူ စစ်သားနှင့်တွေ့သော စာဆိုကဲ့သို့ ဘာမျှမတတ်နိုင်ဘဲ ဖြစ်နေ၏။ ကိစ္စပြတ်စေရန်မှာ ငွေပေးရုံသာ ရှိသည်။သို့သော် လျော်ကြေးပမာဏနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် ညှိမရ ဖြစ်နေဆဲပင်။
ခရိုင်ဝန်၏ စိတ်ကူးမှာ ငွေရှစ်ကျပ် သို့မဟုတ် ဆယ်ကျပ်ခန့်ပေးလျှင် လုံလောက်ပြီဟု ထင်သော်လည်း ထိုရွာသူကမူ လျော်ကြေးငွေ သုံးရာ တောင်းနေခြင်း ဖြစ်သည်။
ညှိနှိုင်းမှုမှာ မပြေလည်နိုင်အောင် ကွာခြားနေသဖြင့် မုဆိုးမ ကရုံးတော်ကို မွှေနှောက်ခြင်း ဟူသော ပြဇာတ်ကြီးမှာ အရှိန်တက်နေ၏။
ဝူကျိရှန်းနှင့် ကျန်းစစ် ကောတို့ အပြေးအလွှား ရောက်လာချိန်တွင် ထိုပြဇာတ်မှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။မရီးဟွာက အလောင်းဘေးတွင် ငိုယိုကာ ရန်ရှာနေပြီး ခရိုင်ဝန်မှာမူ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးပင်တုန်ယင်နေ၏။
“မိန်းမကြမ်း အဓိပ္ပာယ်မရှိဘဲ လာရှုပ်နေတာပဲ့”
ရုံးတော်ခန်းမအတွင်းမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ဝူကဖိရှန်းသည် ကြောက်လန့်တကြား ဖြစ်သွား၏။ လူသေလောင်းမှာ ကြောက်စရာကောင်းသော ခရမ်းပုပ်ရောင် ဖြစ်နေပြီး လည်ပင်းမှာ ရောင်ကိုင်းနေကာ နှာခေါင်းနှင့် ပါးစပ်တစ်ဝိုက်တွင် သွေးကွက်များဖြင့် ပြည့်နေသည်။ ဤသည်မှာ ပလိပ်ရောဂါ၏ လက္ခဏာများပင် ဖြစ်သည်။
ပလိပ်ရောဂါဖြင့် သေဆုံးသူ၏ အလောင်းမှာ ရောဂါကူးစက်ရန် အလွန်လွယ်ကူသဖြင့် အမြန်ဆုံး မီးရှို့ရမည် ဖြစ်သော်လည်း ထိုနေရာရှိ လူများမှာ ထိုအသိ လုံးဝမရှိကြပေ။
မရီးဟွာက အလောင်းဘေးတွင် ငိုနေဆဲ၊ ခရိာင်ဝန်ကလည်း ဆဲဆိုနေဆဲ၊ ဘေးပတ်ဝန်းကျင်မှ လူများကလည်း စပ်စုကြည့်ရှုနေကြဆဲ ဖြစ်သည်။
သေမင်းက မျက်လုံးကို ဖွင့်ကြည့်ကာ လူတိုင်း၏ အသက်ကို ခြွေယူရန် စောင့်ဆိုင်းနေပြီ ဖြစ်ကြောင်း သူတို့ မသိကြပေ။
ပလိပ်ရောဂါက ကြောက်စရာကောင်းသော်လည်း လူတို့၏ အသိမဲ့မှုမှာ ပို၍ပင် အသက်အန္တရာယ် ရှိလှ၏။ရောဂါရှိသော အလောင်းကို ရုံးတော်ခန်းမတွင် ထားခြင်းမှာ အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးကို ထားထားသကဲ့သို့ပင် ဖြစ်သည်။
“အရှင်... ဒီအတိုင်း ဆက်ထားလို့ မဖြစ်ဘူး။ သူ့ကို ပိုက်ဆံ မြန်မြန်ပေးလိုက်ပါ”
“ငါလည်း ဒီကိစ္စကို ပြီးပြတ်အောင် လျော်ကြေးပေးဖို့ လုပ်တာပဲ့။ ဒါပေမဲ့ ဒီမိန်းမက အလောင်းကို ခုတုံးလုပ်ပြီး ငွေရာနဲ့ချီ တောင်းနေတာ။ ရုံးတော်မှာ အဲဒီလောက် ပေးဖို့ ပိုက်ဆံမရှိဘူး.”
ဝူကျိရှန်း၏ အကြိမ်ကြိမ် တိုက်တွန်းမှုနှင့် ခက်ခက်ခဲခဲ ညှိနှိုင်းမှုကြောင့် မရီးဟွာသည် နောက်ဆုံးတွင် ငွေတစ်ရာ့ငါးဆယ်ဖြင့် သဘောတူလိုက်၏။ သို့သော် ဝူကျိရှန်း လုံးဝလက်မခံနိုင်သော တောင်းဆိုချက်တစ်ခုကို ထပ်တိုးလိုက်၏။ ၎င်းမှာ သူမယောက်ျားအတွက် ခမ်းနားသော နာရေးတစ်ခုကို ရုံးတော်က လုပ်ပေးရန်ပင် ဖြစ်သည်။
နာရေးအခမ်းအနား လုပ်ပါက လူစုလူဝေး ဖြစ်လာမည်ဖြစ်ရာ လူများစွာကို ရောဂါကူးစက်စေလိမ့်မည်။ ဤသည်မှာ လုံးဝ မဖြစ်သင့်သော ကိစ္စဖြစ်သည်။နောက်ဆုံးတွင် ဝူကျိရှန်းသည် မိမိအိတ်ကပ်ထဲမှ ငွေနှစ်ဆယ်ကို စိုက်ထုတ်ကာ မရီးဟွာကို ပေးမည်ဟု ကတိပေးလိုက်ပြီး အလောင်းကို ချက်ချင်း မီးရှို့ရမည် ဟူသောအချက်ကို တောင်းဆိုလိုက်ရ၏။
ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကြီး ပြီးဆုံးသွားပြီ ဖြစ်သည်။ ခရိုင်ဝန် ရှန်လင်မှာ မောပန်းနွမ်းနယ်နေပြီး လက်ပြကာ ဆိုလိုက်၏။
“ကဲ... ကဲ... အားလုံး လူစုခွဲကြတော့”
လူစုခွဲမယ်။ဤမျှများပြားသော လူများသည် လူသေနှင့် အနီးကပ် ရှိနေခဲ့ကြသည်။ မည်မျှအထိ ရောဂါကူးစက်ခံခဲ့ရပြီလဲ မည်သူမျှမသိပေ။ အကယ်၍ လူစုခွဲလိုက်ပါက ကြောက်စရာကောင်းသော နောက်ဆက်တွဲများ ဖြစ်လာလိမ့်မည်။
“လူစုခွဲလို့ မရဘူး”
ဝူကျိရှန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
“ဒီအသားမည်းရောဂါက အရမ်းပြင်းထန်တာ။ လူသေလောင်းကနေလည်း ကူးစက်နိုင်တယ်။ အခု ဒီမှာရှိနေတဲ့သူတိုင်းကို သီးခြားခွဲပြီး စောင့်ကြည့်ရမယ်။ ရောဂါမရှိဘူးဆိုမှ အိမ်ပြန်ခွင့်ပေးရမယ်”
ခရိုင်ဝန်မှာ စာပေသမားတစ်ဦး ဖြစ်သဖြင့် ရောဂါကာကွယ်ရေး အစီအစဉ်များကို လုံးဝနားမလည်သလို "သီးခြားခွဲစောင့်ကြည့်ခြင်း" ဆိုသည်မှာ ဘာလဲဟုပင် မသိပေ။
ဝူကျိရှန်း၏ ရှင်းပြချက်ကြောင့် ခရိုဝန်မှာ အနည်းငယ် နားလည်သွားသော်လည်း ကိစ္စ၏ အရေးကြီးပုံကို မရိပ်မိသေးပေ။
“ဒီလူတွေ အားလုံးကို သီးခြားခွဲထားရမယ် ဟုတ်လား”
“လူ့အသက်တွေနဲ့ ဆိုင်နေလို့ ဒါကို လုပ်ကိုရမယ်”
“ဘယ်လောက်ကြာကြာ စောင့်ကြည့်ရမှာလဲ”
“အနည်းဆုံး ဆယ်ရက်ပါ”
ဆယ်ရက်။ဤသည်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ဝူကျိရှန်း၏ စကားတစ်ခွန်းတည်းကြောင့် ဤမျှများပြားသော လူများကို သီးခြားခွဲထားရန်မှာ မလွယ်ကူပေ။
“အရှင်... ဒါကို လုပ်ကိုလုပ်ရမယ်”
ဝူကျိရှန်းက လေးလေးနက်နက် ရှင်းပြ၏။
“ဒီရောဂါက အရမ်းကြောက်ဖို့ကောင်းတယ်။ လူတွေအများကြီး သေလိမ့်မယ်။ ရောဂါသာ ပြန့်သွားရင် အရင်တုန်းက စစ်ဘေးထက်တောင် ပိုဆိုးလိမ့်မယ်။ အရှင် ပေါ့ပေါ့တန်တန် မတွေးပါနဲ့”
“မင်းပြောတဲ့ အသားမည်းရောဂါက တကယ်ပဲ အဲဒီလောက် ကြောက်ဖို့ကောင်းလို့လား။ မင်း နည်းနည်း ချဲ့ကားပြောနေတာ မဟုတ်ဘူးလား”
“လုံးဝ မချဲ့ကားပါဘူး”
ဝူကျိရှန်းက ပြတ်သားစွာ ပြောလိုက်သည်။
“ဒီရောဂါက တစ်ခါပြန့်ရင် လူသန်းပေါင်းများစွာရဲ့ အသက်ကို ခြွေယူနိုင်တဲ့ ဘေးအန္တရာယ်ကြီးပဲ။ အရှင် ဒါကို အလေးအနက်ထားဖို့ လိုပါတယ်”
……..