← Chapters

အခန်း (၄၃-၄၄)

Vol. 4 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 4 Ch. 43-44

အခန်း (၄၃) လူကိုယ်တိုင် လာတောင်းရမ်းတာလား

ပြတင်းပေါက်မှတစ်ဆင့် ဝင်လာသော နေရောင်ခြည်သည် အကွက်ငယ်လေးများအဖြစ် ရွန့်၏ မျက်နှာပေါ်သို့ ကျရောက်နေပြီးသူမကို နွေးထွေး၍သက်သောင့်သက်သာ ဖြစ်စေ၏။

ရွန့်သည် ပြတင်းပေါက်အနားတွင် ထိုင်ရင်း လက်တစ်ဖက်က ဝါးပန်းထိုးကွင်းကို ကိုင်ကာ ကျန်လက်တစ်ဖက်က အပ်နှင့်ချည်ဖြင့် လက်ကိုင်ပဝါကို ပန်းထိုး နေ၏။

ခရိုင်ဝန်ရှန်၏ အချစ်တော်သမီး ဖြစ်သဖြင့် ရွန့်သည် ချမ်းချမ်းသာသာ နေထိုင်ရသူ ဖြစ်၏။ ထို့ကြောင့် သူမကိုယ်တိုင် အပ်ချုပ်အလုပ်များ လုပ်ရန်မလိုဘဲ ငွေအနည်းငယ်ပေးရုံဖြင့် လက်ကိုင်ပဝါများကို ဝယ်ယူနိုင်သည်။

သို့သော် ယခုထိုးနေသော "ခေါင်းဖြူမန်ဒါရင်ဘဲ" လက်ကိုင်ပဝါကိုမူ သူမကိုယ်တိုင် လက်ဖြင့် ထိုးရမည် ဖြစ်သည်။

ထိုခေတ်၏ ထုံးတမ်းစဉ်လာအရ လူငယ်စုံတွဲများ စေ့စပ်ကြသည့်အခါ အမျိုးသမီးက သူမ၏ စေ့စပ်ထားသူကို ခေါင်းဖြူမန်ဒါရင်ဘဲလက်ကိုင်ပဝါ လက်ဆောင်ပေးလေ့ရှိသည်။ ၎င်းမှာ ဆံပင်ဖြူသည်အထိ အတူအိုမင်းကြမည် ဟူသော အဓိပ္ပာယ်ကို ဆောင်ရုံသာမက သူမ၏ အပ်ချုပ်လက်ရာကို ပြသရာလည်း ရောက်၏။

ရှေးခေတ်အမျိုးသမီးများသည် ကျင့်ဝတ်သုံးပါးနှင့် ဂုဏ်အင်္ဂါလေးရပ် ကို အလေးထားကြပြီး အလုပ်အကိုင် ဆိုသည်မှာ အပ်ချုပ်ပန်းထိုးခြင်းကဲ့သို့သော မိန်းမတို့၏ ကျွမ်းကျင်မှုကို ဆိုလိုခြင်းဖြစ်သည်။

ရွန့်သည် အစဉ်အလာကို လေးစားသော မိသားစုကြီးမှ အမျိုးသမီးကောင်းတစ်ဦး ဖြစ်သည့်အတိုင်း သူမ၏ အပ်ချုပ်လက်ရာမှာ အပြစ်ပြောစရာမရှိပေ။ သူမသည် ဤလက်ကိုင်ပဝါကို အထူးဂရုစိုက် ထိုးထားသဖြင့် ဘဲမောင်နှံပုံမှာ အသက်ဝင်လှပနေ၏။

လက်ကိုင်ပဝါနှင့် စားပွဲပေါ်က ကျားသစ်ရုပ်ပါ ကျောက်စိမ်းခါးပတ်ကို ကြည့်ရင်း ရွန့်၏ နှုတ်ခမ်းတွင် ပျော်ရွှင်နေသော ဇနီးငယ်လေးတစ်ဦးကဲ့သို့ အပြုံးများ ဝေဆာနေ၏။

ဝူကျိရှန်းနှင့် ခိုးရာလိုက်ရန် ကြံစည်ခဲ့သည့် ထိုညကတည်းက ရွန့်သည် အခြားတစ်ယောက်အဖြစ်ပြောင်းလဲသွားပုံရ၏။ သူမ၏ မျက်ဝန်းများမှာ တောက်ပနေပြီး အမြဲပြုံးရွှင်ကာ ပျော်ရွှင်စရာ အနာဂတ်ကို မျှော်လင့်နေတတ်သည်။

“သခင်မလေး... သခင်မလေးအတွက် သတင်းကောင်းရှိတယ်”

သူမ၏အစေခံမလေးချင်းချင်းအခန်းထဲဝင်လာပြီးပြုံးရယ်ရင်း ပြောလိုက်၏။

“အစ်ကိုစစ်ပြန်ရောက်ပြီ”

ရွန့်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။

“တကယ်လား”

“ဟဲဟဲ သခင်မလေး ပျော်နေတာ ကြည့်ပါဦး” ချင်းချင်းက စနောက်လိုက်၏။

“အစ်ကိုစစ် အမြန်ပြန်လာပြီး လာတောင်းရမ်းဖို့ သခင်မလေး မျှော်နေတာ မဟုတ်လား”

မိမိစိတ်ထဲက အကြောင်းကို အပြောခံလိုက်ရသဖြင့် ရွန့်သည် ချက်ချင်းပင် မျက်နှာနီမြန်းသွားပြီး ခေါင်းမဖော်ရဲတော့ပေ။

“အခုတင် ရုံးတော်ထဲကလူတွေ ပြောနေတာ ကြားခဲ့တာ။ အစ်ကိုစစ်က မနေ့ညကတည်းက ပြန်ရောက်နေတာတဲ့။ သခင်မလေးရဲ့ ကံကောင်းခြင်းတွေ နီးလာပြီနော်”

ဝူကျိရှန်းနှင့် ခိုးရာလိုက်ရန် ကြံစည်ခဲ့သည့်ညက ဝူကျိရှန်းက ပြောခဲ့သည်။ "အစ်ကိုစစ် ပြန်ရောက်တာနဲ့ သူ့ကို လာတောင်းခိုင်းမယ်" ဟု ဖြစ်သည်။

အစ်ကိာစစ် ပြန်ရောက်ပြီဆိုလျှင် သူလည်း မကြာခင် လာတောင်းရမ်းတော့မည် မဟုတ်ပါလား။

“သခင်မလေးနဲ့ ဆရာဝူတို့ရဲ့ လက်ထပ်ပွဲ အဆင်ပြေသွားရင် ကျွန်မကို ကျေးဇူးတင်ရမှာနော်”

ထိုစကားမှာ အမှန်ပင် ဖြစ်၏။ရွန့်သည် နူးညံ့ပြီး အနည်းငယ် ရှေးဆန်သူ ဖြစ်သည်။ အကယ်၍ အစေခံမလေး ချင်းချင်းကသာ အားပေးအားမြှောက် မလုပ်ခဲ့ပါက သူမသည် ဝူကျိရှန်းထံ သွားရောက်ဝန်ခံရဲမည် မဟုတ်ပေ။

“ငါတို့က သခင်နဲ့ အစေခံဆိုပေမဲ့ ညီအစ်မတွေလိုပါပဲ။ နင့်ရဲ့ ကျေးဇူးတွေကို ငါ မှတ်ထားပါတယ်။ နင့်ကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”

ရွန့်နှင့် ချင်းချင်းတို့ စနောက်နေစဉ်မှာပင် အပြင်ဘက်မှ ရင်းနှီးသော ခြေသံကို ကြားလိုက်ရသည်။အမေ ရောက်လာပြီ။ရွန့်သည် စားပွဲပေါ်က လက်ကိုင်ပဝါနှင့် ကျောက်စိမ်းခါးပတ်ကို ပိုးပဝါတစ်ထည်ဖြင့် အမြန်ဖုံးအုပ်လိုက်၏။

ခိုးရာလိုက်ရန် ကြံစည်ခြင်းမှာ လူမှုကျင့်ဝတ်နှင့် မညီသဖြင့် ချစ်သူပေးထားသော အမှတ်တရပစ္စည်းများကို အမေ မြင်သွားမည်ကို သူမ ကြောက်ရွံ့နေခြင်း ဖြစ်သည်။

တံခါးကို တွန်းဖွင့်ဝင်လာသော ရှန်က‌ တော်သည် ပြတင်းပေါက်နားတွင် ထိုင်လိုက်ပြီး ထုံးစံအတိုင်း မေးလိုက်၏။

“ဒီနေ့ သင်ခန်းစာတွေ ဖတ်ပြီးပြီလား”

ချမ်းသာသော မိသားစုများတွင် စည်းကမ်းကြီးလှသည်။ နေ့တိုင်း စာဖတ်ရုံတင်မကဘဲ ဖတ်ပြီးသမျှကိုလည်း မှတ်ချက်များ ပြန်ရေးရ၏။

“သမီး 'မိန်းမပျိုကျင့်ဝတ်' ထဲက 'နူးညံ့သိမ်မွေ့ခြင်း' အခန်းကို ဖတ်ပြီးပါပြီ”

ရှန်ကတော်က မျက်မှောင်ကြုတ်လိုက်ပြီးမေးလိုက်၏။

“အဲဒီအခန်းကို လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ဖတ်ပြီးပြီ မဟုတ်လား။ အခုဆိုရင် 'မိမိကိုယ်ကို ထိန်းကျောင်းခြင်း' အခန်းကို ရောက်နေရမှာပေါ့”

မိဘများရှေ့တွင် ရွန့်သည် အမြဲတမ်း လိမ္မာသော သမီးအဖြစ် နေတတ်သဖြင့်

“အဲဒီအခန်းတွေက... ဖတ်လို့ မပြီးသေး

ဘူး အမေ” ဟု အသံတိုးတိုးဖြင့် ဖြေလိုက်သည်။

“သမီးက အရင်က စာဖတ်တာ မြန်ပါတယ်၊ အခုရက်ပိုင်း ဘာတွေဖြစ်နေတာလဲ မသိဘူး”

ရှန်ကတော်ကစကားပြောနေရင်း စားပွဲပေါ်က ပိုးပဝါကို သတိထားမိသွားသည်။သူမက ပိုးပဝါကို အသာမလိုက်သောအခါ ရွန့်နှင့် ချင်းချင်းတို့မှာ ရင်တထိတ်ထိတ်ဖြင့် အသက်ရှူရန်ပင် မေ့သွားကြ၏။ ကျောက်စိမ်းခါးပတ်ကို အမေ မြင်သွားမှာကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

ရှန်က တော်သည် ပဝါအောက်က ကျားသစ်ရုပ်ပါ ကျောက်စိမ်းခါးပတ်ကို မြင်လိုက်ရသဖြင့် မျက်နှာပျက်သွား၏။ ဤခါးပတ်သည် အမျိုးသားများ ပတ်သည့်အရာ ဖြစ်ပြီး အရာရှိများသာ ပတ်သည့် အဖိုးတန်ပစ္စည်း ဖြစ်သည်။ သမီးဖြစ်သူ၏ အခန်းထဲတွင် ဤအရာရှိနေရန် မဖြစ်နိုင်ပေ။

သို့သော် ရှန်ကတော်သည် ဘာမျှမမြင်သကဲ့သို့ပင် ပိုးပဝါကို ပြန်ဖုံးလိုက်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်၏။

ဝူကျိရှန်းသည် တပ်မှူးချုပ်ဟူချန်၏ အသက်ကို ကယ်ခဲ့သဖြင့် ဤခါးပတ်ကို လက်ဆောင်ရခဲ့ကြောင်း လူတိုင်း သိထားကြရာ ရှန်ကတော်လည်း ကြားဖူးနားဝ ရှိ၏။ဤခါးပတ်မှာ ဝူကျိရှန်း၏ ပစ္စည်းဖြစ်ကြောင်း ထင်ရှားနေပြီး သမီးဖြစ်သူ၏ အခန်းထဲတွင် ရှိနေခြင်းက အဖြေကို ပေးပြီးသား ဖြစ်သည်။

သမီးဖြစ်သူသည် မိဘများကို ကွယ်ဝှက်ကာ ဝူကျိရှန်းနှင့် ခိုးရာလိုက်ရန် ကြံစည်ခဲ့ကြောင်း သူမ သိလိုက်ပြီ ဖြစ်သည်။ရှေးထုံးစံအရ မိဘသဘောမတူဘဲ အမျိုးသားတစ်ဦးနှင့် ပတ်သက်ခြင်းကို လုံးဝ လက်မခံနိုင်ပေ။

သို့သော် သမီးဖြစ်သူက ဝူကျိရှန်းကို အလွန်ချစ်နေကြောင်း သူမ သိသည်။ သမီးကလည်း အသက်ရလာပြီ ဖြစ်သဖြင့် ဝူကျိရှန်းနှင့် လက်ထပ်နိုင်ပါက ကောင်းမွန်သော အိမ်ထောင်ရေး ဖြစ်လိမ့်မည်ဟု သူမ တွေးလိုက်သည်။

ထို့ကြောင့် ရှန်သခင်မသည် မသိချင်ယောင်ဆောင်ကာ ခွင့်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ရှန်က‌တော်က ထရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“အခုတင် ကျန်းစစ်ကောနဲ့ ဝူကျိရှန်းတို့ ရုံးတော်ခန်းမထဲကို အလောတကြီး ဝင်သွားတာ မြင်လိုက်တယ်။ နင့်အဖေနဲ့ အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိပုံပဲ။ ငါ သွားကြည့်လိုက်ဦးမယ်”

ပြောပြီးနောက် သူမသည် ထွက်သွား၏။ရွန့်မှာမူ ပျော်လွန်းသဖြင့် ရင်တွေ ခုန်နေပြီ ဖြစ်သည်။ ဝူကျိရှန်းနှင့်ကျန်းစစ်ကောတို့ အတူလာပြီး အဖေနှင့် ဆွေးနွေးသည်ဆိုလျှင် တောင်းရမ်းဖို့ကလွဲပြီး တခြား ဘာရှိနိုင်ဦးမည်နည်း။

အခက်အခဲများစွာ ပြီးနောက် နောက်ဆုံးတွင် သူတို့ တရားဝင် လာတောင်းရမ်းကြပြီ။ အမေ့၏ တုံ့ပြန်မှုအရဆိုလျှင်လည်း သဘောတူသည့် ပုံစံမျိုးပင်။မိဘတွေကလည်း သဘောတူပြီဆိုလျှင် ပျော်ရွှင်စရာ အိမ်ထောင်ရေးက လက်တစ်ကမ်းမှာပဲ ရှိတော့သည်။

“ဆရာဝူကတော့ နောက်ဆုံးတော့ လာတောင်းပြီပေါ့”ချင်းချင်းက သက်ပြင်းချရင်း ဆိုလိုက်သည်။

“အခုတော့ သခင်မလေး စိတ်အေးရပြီ မဟုတ်လား”

“ဆရာဝူက ငါ့ကို ကတိပေးထားတာပဲ့။ ကတိတည်ပြီး လာတောင်းမှာပေါ့။ ငါက ဘာလို့ စိတ်ပူရမှာလဲ”

“အခုကျတော့ စကားတွေက တတ်နေလိုက်တာ။ အိပ်မက်ထဲမှာ ဆရာဝူရဲ့ နာမည်ကို တတွတ်တွတ် ခေါ်နေတာ ဘယ်သူပါလိမ့်”

“ချင်းချင်း... မဟုတ်တာတွေ မပြောနဲ့။ ငါ ဘယ်တုန်းက အိပ်မက်ယောင်လို့လဲ”

“ညတိုင်း ယောင်တာပါရှင်။ ကျွန်မ အကုန်ကြားတယ်”

“ဒီကလေးမလေးကတော့... လူကြားမကောင်းတာတွေ လျှောက်ပြောနေတယ်”

သူတို့နှစ်ဦး စနောက်နေစဉ်မှာပင် အပြင်ဘက်မှ ခရိုင်ဝန် ရှန်လင်၏ အသံ ထွက်လာသည်။

“ချင်းချင်း... ခဏထွက်ခဲ့ဦး။ နန်းတွင်းဆရာ ဝူက နင့်ကို တွေ့ချင်လို့တဲ့.”

……….

အခန်း (၄၄) အစေခံမလေး လက်ထောက်ဖြစ်သွားခြင်း

“ချင်းချင်း... လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက နင် အသားမည်းရောဂါ ဖြစ်ခဲ့ဖူးတယ်ဆို”

ဝူကျိရှန်း၏ စကားကြောင့်ချင်းချင်း၏ စိတ်ထဲတွင် ကြောက်စရာကောင်းသော အတိတ်အမှတ်တရများ ပြန်လည်နိုးထလာ၏။ လွန်ခဲ့သော ဆယ်နှစ်ခန့်က အသားမည်းရောဂါသည် ရွာလုံးကျွတ် ပြန့်နှံ့ခဲ့သည်။

အစပိုင်းတွင် လူများသည် ခေါင်းကိုက်ခြင်း၊ ဖျားခြင်းကဲ့သို့ ဝေဒနာအနည်းငယ်သာ ခံစားရသော်လည်း ရက်ပိုင်းအတွင်းမှာပင် ခန္ဓာကိုယ်များ မည်းလာကာ အနာများဖြစ်ပြီး သွေးထွက်လာကြသည်။ လမ်းလျှောက်ရင်း ရုတ်တရက် လဲကျသေဆုံးသူများရှိသလို အိမ်ထဲတွင် သေမည့်ရက်ကို ထိုင်စောင့်နေရသူများလည်း ရှိခဲ့သည်။ လမ်းမများပေါ်တွင် အမည်းစက်များဖြင့် ပြည့်နေသော အလောင်းများ ပြန့်ကျဲနေပြီး ရွာတစ်ရွာလုံးတွင် သေမင်း၏ အပုပ်နံ့များ လွှမ်းမည့်နေ၏။ ထိုမြင်ကွင်းမှာ ငရဲခန်းတစ်ခုကဲ့သို့ပင် ဖြစ်သည်။

မကြာမီမှာပင် ချင်းချင်း၏ မိဘများ ဆုံးပါးသွားခဲ့ပြီး ချင်းချင်းကိုယ်တိုင်လည်း ထိုကြောက်စရာကောင်းသော ရောဂါကို ခံစားခဲ့ရသည်။ ရက်ပေါင်းများစွာ ပြင်းထန်စွာ ဖျားနာပြီးနောက် သူမသည် အံ့သြဖွယ်ကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ခဲ့ပြီး လေလွင့်မိဘမဲ့ကလေး ဖြစ်လာခဲ့သည်။ ထို့နောက် မမျှော်လင့်ဘဲ ရှန်မိသားစုနှင့် ဆုံတွေ့ခဲ့ရာမှ သခင်မလေးရွန့်၏ အနီးကပ်အစေခံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဆယ်နှစ်တိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ထိုရောဂါအကြောင်း တွေးမိတိုင်း ချင်းချင်းသည် ယခုထက်တိုင် ကြောက်ရွံ့တုန်လှုပ်နေဆဲပင်။

“ကျွန်မ... ကျွန်မ ဖြစ်ခဲ့ဖူးပါတယ်”

အသားမည်းရောဂါ၏ ခြောက်လှန့်မှုကြောင့် ချင်းချင်း၏ နှုတ်ခမ်းများ တုန်ရင်နေ၏။

“အဲဒီတုန်းက ကျွန်မ အသက် ကိုးနှစ်ပဲ ရှိပါသေးတယ်”

ဝူကျိရှန်းက ခရိုင်ဝန်ရှန်လင်ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ ခရိုင်ဝန်ကချင်းချင်းအားအမိန့်ပေးလိုက်၏။

“ချင်းချင်း... နင့်ပစ္စည်းတွေ သွားသိမ်းပြီး သမားတော်ဝူနောက်ကို လိုက်သွားတော့”

ဆရာဝူနောက်ကို လိုက်ရမယ်။ဘယ်ကိုလဲ။

“အသားမည်းရောဂါကို ကုဖို့ ငါနဲ့အတူ လိုက်ခဲ့ပါ”

“ရောဂါကုဖို့ ဟုတ်လား”

ချင်းချင်းသည် မျက်လုံးအဝိုင်းသားဖြင့် နားမလည်နိုင်ဘဲ ဖြစ်နေသည်။

“ကျွန်မက ဆေးကုတာ မတတ်ဘူးလေ”

“ဒါက အရေးမကြီးပါဘူး။ ငါ သင်ပေးမှာပေါ့။ အခု ငါ့မှာ အကူအညီ တကယ်လိုအပ်နေလို့ပါ”

“ရုံးတော်ထဲမှာ လူတွေအများကြီးရှိတာပဲ။ ဘာလို့ ကျွန်မကို ရွေးရတာလဲ”

ကျန်းစစ်ကောသည် ရောဂါသည်နှင့် အနီးကပ် ထိတွေ့ခဲ့သူဖြစ်သဖြင့် ရောဂါကူးစက်ခံထားရသည့် အခြေအနေ ရှိနေသည်။ ရုံးတော်ရှိ လူအများစုမှာလည်း ကျန်းစစ်ကောနှင့် ထိတွေ့ထားသဖြင့် သူတို့ကို အနည်းဆုံး ဆယ်ရက်ခန့် သီးခြားခွဲထားရန် လိုအပ်နေသည်။ ကျန်ရှိသော ရုံးအစေခံများမှာလည်း ရုံးတော်၏ လုပ်ငန်းဆောင်တာများကို ဆက်လုပ်ရမည် ဖြစ်ရာ မည်သူမျှ မအားလပ်ကြပေ။

ယခုအချိန်တွင် ဝူကျိရှန်းကို တကယ်တမ်း ကူညီနိုင်သူမှာ ချင်းချင်းသာ ရှိသည်။သူမသည် ထိုရောဂါ တစ်ခါဖြစ်ဖူးသဖြင့် ခန္ဓာကိုယ်တွင် ကိုယ်ခံအားရှိနေပြီ ဖြစ်ရာ ယခုအချိန်တွင် ရောဂါမကူးစက်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်နေ၏။

“ချင်းချင်း... မကြောက်ပါနဲ့။ အသားမည်းရောဂါမှာ အားနည်းချက်တစ်ခု ရှိတယ်။ တစ်ခါဖြစ်ပြီး အသက်ရှင်ခဲ့တဲ့သူက နောက်တစ်ခါ ဘယ်တော့မှ ထပ်မဖြစ်တော့ဘူး။ ငါပြောတာ နားလည်လား”

“ဒါဆို ကျွန်မက အသားမည်းရောဂါကို ကြောက်စရာ မလိုတော့ဘူးပေါ့ ဟုတ်လား”

ဝူကျိရှန်းက လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။

“ဒီရောဂါက အရမ်းပြင်းထန်တယ်။ ကူးစက်ခံရရင် သေဖို့က ၉၀ ရာခိုင်နှုန်းပဲ။ အခုကတည်းက ကြိုတင်မကာကွယ်ရင် ဘေးအန္တရာယ်ကြီး ဆိုက်လိမ့်မယ်"

ဝူကျိရှန်းက ချင်းချင်းကို အားပေး

သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး

“အချိန်မရှိတော့ဘူး။ အဝတ်အစားတွေ မြန်မြန်သိမ်းပြီး ငါနဲ့ လိုက်ခဲ့တော့”

ချင်းချင်းသည် မူလကတည်းက လိမ္မာသော အစေခံမလေး ဖြစ်သည့်အပြင် သခင်နှင့် သခင်မကိုယ်တိုင်က သဘောတူသဖြင့် အဝတ်အစားအချို့ကို သိမ်းဆည်းကာ ဝူကျိရှန်းနောက်မှ လိုက်လာခဲ့တော့သည်။

နေဝင်ရိုးရီ အချိန်ဖြစ်သဖြင့် အနောက်ဘက် ကောင်းကင်ယံတွင် နီရဲသော တိမ်တိုက်များက လှပစွာ လွှမ်းမိုးနေ၏။ချင်းချင်းသည် ငယ်ရွယ်ပြီး စကားပြောဝါသနာပါသူ ဖြစ်ရာ

“ဆရာဝူ... ကျွန်မတို့ ဘယ်ကို အရင်သွားကြမှာလဲ” ဟု မရပ်မနား မေးနေတော့သည်။

“အရင်ဆုံး ဆေးခန်းကို ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်မယ်”

“ပြီးရင်ရော”

“ပြီးရင်တော့ ကျန်းစစ်ကောပေးထားတဲ့ လူစာရင်းအတိုင်း တစ်ယောက်ချင်းစီ လိုက်စစ်ဆေးမယ်။ သူတို့ကို အိမ်မှာပဲ သီးခြားနေဖို့ တိုက်တွန်းရမယ်။ အကယ်၍ ရောဂါရှိနေသူကို တွေ့ရင် ဆေးခန်းကို ခေါ်လာပြီး ကုပေးရမယ်”

ချင်းချင်း ရောဂါအကြောင်း နားလည်စေရန် ဝူကျိရှန်းက အခြေခံ ဗဟုသုတအချို့ကို စတင်သင်ကြားပေးသည်။ အသားမည်းရောဂါ (သို့မဟုတ်) ပလိပ်ရောဂါသည် အလွန်ကူးစက်လွယ်ပြီး နည်းလမ်းနှစ်မျိုးဖြင့် ကူးစက်နိုင်သည်။ တိုက်ရိုက်ကူးစက်ခြင်းမှာ ရောဂါပိုးရှိသော သန်းကိုက်ခံရခြင်း သို့မဟုတ် လူနာနှင့် တိုက်ရိုက်ထိတွေ့ခြင်း ဖြစ်သည်။

သွယ်ဝိုက်ကူးစက်ခြင်းမှာမူ လူနာ၏ အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အမှုန်အမွှားများနှင့် ဖုန်မှုန့်များမှတစ်ဆင့် ကူးစက်ခြင်း ဖြစ်သည်။

ဤရောဂါသည် ၂ ရက်မှ ၁၀ ရက်အတွင်း ရောဂါလက္ခဏာ စပြတတ်သည်။ အချို့သောသူများသည် လက္ခဏာမပြသေးသော်လည်း ရောဂါပိုးသယ်ဆောင်ထားသူများ ဖြစ်နိုင်သဖြင့် ကျန်းမာသည်ဟု သတ်မှတ်၍ မရပေ။

“ဆရာဝူ”

ချင်းချင်းက ဝူကျိရှန်းကို အထင်ကြီးလေးစားသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်၏။

“ဆရာက အများကြီး သိတာပဲ။ ရောဂါအကြောင်းကို အခုလို ရှင်းရှင်းလင်းလင်း ပြောနိုင်တာဆိုတော့ ဆရာ ဒီရောဂါကို ကုနိုင်မှာ သေချာတယ်”

ချင်းချင်း၏ စိတ်ထဲတွင် ဝူကျိရှန်း၏ ဆေးပညာမှာ နတ်ဆေးကဲ့သို့ပင် ဖြစ်သည်။ ဗိုက်ခွဲ၊ ခေါင်းခွဲပြီး ကုသနိုင်သည့်အပြင် သေလုမျောပါး ဖြစ်နေသော သခင်မလေးရွန့်ကိုပင် ကယ်နိုင်ခဲ့သည်။ ထို့ကြောင့် အသားမည်းရောဂါကို ကုရန်မှာ ဆရာ့အတွက် လွယ်ကူလိမ့်မည်ဟု သူမ ထင်နေ၏။

ချင်းချင်းက ဝူကျိရှန်းကို အစွမ်းထက်သော နတ်သမားတော်ဟု မှတ်ယူထားသော်လည်း ဝူကျိရှန်းကမူ “ဒီရောဂါကို ငါမကုနိုင်ဘူး။ တကယ် မကုနိုင်တာပါ” ဟု ငြင်းဆိုလိုက်သည်။

ဝူကျိရှန်းပင် မကုနိုင်သော ရောဂါရှိသည်ဆိုသဖြင့် ချင်းချင်းအလွန်အံ့သြသွား၏။

“ဆရာက ရောဂါအကြောင်းကို ဒီလောက် သိနေတာကို ဘာလို့ မကုနိုင်ရတာလဲ”

ဝူကျိရှန်းသည် ရောဂါဖြစ်ပွားပုံနှင့် ကူးစက်ပုံကို အသေးစိတ် သိသော်လည်း ကုသရန် ခက်ခဲနေခြင်းမှာ အဓိက အကြောင်းရင်းတစ်ခုကြောင့်သာ ဖြစ်သည်။ ၎င်းမှာ "ဆေးဝါးမရှိခြင်း" ပင် ဖြစ်သည်။

ဝူကျိရှန်း၏ မူလခေတ်တွင် ဤကြောက်စရာကောင်းသော ရောဂါကို ပျောက်ကွယ်အောင် လုပ်နိုင်ခဲ့ခြင်းမှာ ၂၁ ရာစု၏ ပြည့်စုံသော ကျန်းမာရေး စနစ်နှင့် အဓိကအားဖြင့် ပိုးသတ်ဆေး များ ရှိနေသောကြောင့် ဖြစ်သည်။

ပလိပ်ရောဂါပိုးသည် အပူချိန်နှင့် ပိုးသတ်ဆေးများကို မခံနိုင်ပေ။ သာမန် ပင်နီဆီလင် ဆေးဖြင့်ပင် ထိုပိုးကို သတ်နိုင်သည်။သို့သော် ယခုမှာ မင်မင်းဆက် ဖြစ်သည်။ဤခေတ်တွင် ပိုးသတ်ဆေးများကို ဘယ်မှာသွားရှာရမည်နည်း။

ပလိပ်ရောဂါပိုးအတွက် သာမန် တရုတ်တိုင်းရင်းဆေးများမှာ များစွာ အစွမ်းမပြနိုင်ပေ။ အချို့သော ဆေးမြစ်ဆေးဥများက အထောက်အကူ အနည်းငယ် ပေးနိုင်သော်လည်း လုံလောက်မှု မရှိပေ။ထိရောက်သော ဆေးဝါးမရှိသည့် အခြေအနေတွင် အကောင်းဆုံးနည်းလမ်းမှာ ကူးစက်မှုလမ်းကြောင်းကို ဖြတ်တောက်ပြီး ရောဂါပိုး၏ ဖျက်ဆီးမှုကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရန်သာ ရှိသည်။

“မြို့တွေ၊ ရွာတွေကို ပိတ်ဆို့တာ၊ လူအဝင်အထွက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တာ၊ သီးခြားခွဲထားတာတွေက ရောဂါကို ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းလမ်းတွေပဲ။ ဒါပေမဲ့ ဒါတွေက လက်တွေ့မှာ လုပ်ဖို့ မလွယ်ဘူး”

ထိရောက်သော နည်းလမ်းရှိပါလျက်နှင့် ဘာကြောင့် မလုပ်နိုင်ရသနည်းဟု ချင်းချင်းက နားမလည်ဘဲ ကြည့်နေမိသည်။

“ဘာလို့လဲဆိုတော့ ဒါက လုပ်လို့မရလို့ပဲ့”

ပဒေသရာဇ်ခေတ် တစ်လျှောက်လုံးတွင် အုပ်ချုပ်ရေးအာဏာမှာ မြို့နယ်အဆင့်အထိသာ သက်ရောက်ပြီး ကျေးလက်တောရွာများအထိ ထိရောက်စွာ မထိန်းချုပ်နိုင်ပေ။

ယခုအချိန်တွင် ရုံးတော်ရှိ အစောင့်အကြပ် အများစုကိုလည်း သီးခြားခွဲထားရသဖြင့် လူအင်အား မလုံလောက်ပေ။ မြို့ပေါ်ကို ထိန်းချုပ်နိုင်လျှင်ပင် တော်တော်လေး အခြေအနေကောင်းသည်ဟု ဆိုရမည်ဖြစ်ရာ ကျေးလက်ဒေသများကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

“ဒါဆိုရင် သီးခြားခွဲတာလည်း လုပ်လို့မရ၊ လူအင်အားလည်း မရှိဘူးဆိုတော့ ဆရာ အခုလို သွားနေတာက အလကား ဖြစ်နေမှာပေါ့”

“နင် ငါ့လက်ထောက်အဖြစ် ပါလာတာပဲ အလကား မဖြစ်ပါဘူး”

ဝူကျိရှန်းကချင်းချင်းကို ပြုံးပြရင်း‌ေပြာလိုက်၏။

“ငါတစ်ယောက်တည်း တိုက်ပွဲဝင်တာထက် ငါတို့နှစ်ယောက် အတူတူ ရင်ဆိုင်တာက ပိုကောင်းတာပေါ့”

ကြောက်စရာကောင်းသော အသားမည်းရောဂါအကြောင်း တွေးမိသဖြင့် ချင်းချင်း စိတ်ပျက်သွားမိသည်။

“ကျွန်မတို့ နှစ်ယောက်တည်းနဲ့ တကယ်ပဲ လုပ်နိုင်ပါ့မလား”

“စိတ်ရှိရင် လမ်းရှိပါတယ်။ လူကသာ ကြိုးစားရင် သဘာဝတရားကိုတောင် အောင်နိုင်တာပဲ”

……….

All Chapters