အခန်း (၄၅-၄၆)
Vol. 4 Ch. 45-46
အခန်း (၄၅) သေခြင်းတရားသည် အကြီးမြတ်ဆုံး
“ဧည့်သည်တော်များ ဝမ်းနည်းကြောင်း ပြောကြားပေးကြပါ၊ အိမ်ရှင်က အလေးအမြတ်ပြု ပြန်လည်နှုတ်ဆက်ပါ”
အခမ်းအနားမှူး၏ ရှည်လျားလှသော အော်ဟစ်သံနှင့်အတူ ဝတ်စုံဖြူဝတ်ထားသည့် သားသမီး မြေးမြစ်များက ပြန်လည်ဦးညွှတ်နှုတ်ဆက်ကြသည်။
မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်းနှင့် မြေမြှုပ်ခြင်းတို့သည် လူသားတို့၏ သဘာဝဖြစ်စဉ်များပင် ဖြစ်သည်။ မိသားစုက မည်မျှပင် ဆင်းရဲပါစေ နာရေးကိုမူ ခမ်းနားအောင် လုပ်ကြရ၏။ သို့မဟုတ်ပါက မိဘအပေါ် မသိတတ်သူဟု အိမ်နီးနားချင်းများ၏ ကဲ့ရဲ့ခြင်းကို ခံရလိမ့်မည်။
ယခု ကွယ်လွန်သူမှာ စွန်းမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်ကြီး ဖြစ်သည်။ ဤမိသားစုကြီးတွင် နာမည်ကျော်တစ်ဦး ဖြစ်သည့်အတွက် သမားတော်ကြီးစွန်းသည် သဘာဝကျစွာပင် နာရေးအိမ်ရှင် ဖြစ်လာခဲ့သည်။
မျိုးနွယ်စုဝင်တစ်ဦးအနေဖြင့် သမားတော်ကြီးစွန်း၏ တာဝန်မှာ ငွေကုန်ကြေးကျ များပါစေ ဤနာရေးကို အရှိန်အဝါရှိရှိနှင့် အခမ်းနားဆုံး ဖြစ်အောင် လုပ်ဆောင်ရန်ပင် ဖြစ်သည်။
“တူရိယာအဖွဲ့ တစ်ဖွဲ့တည်းနဲ့ ဘယ်လောက် အလုပ်ဖြစ်မှာလဲ။ နောက်တစ်ဖွဲ့ ထပ်ခေါ်စမ်း”
“ဟွားကွမ်းကျောင်းက ဘုန်းကြီးတွေနဲ့ ချင်းယွင်ကျောင်းက ဆရာတော်တွေကိုပါ ပင့်ရမယ်။ အခမ်းအနားတွေက ကြီးကြီးကျယ်ကျယ်နဲ့ စည်ကားနေရမယ်”
“ဇာတ်အဖွဲ့ ရောက်ပြီလား။ ရောက်ရင် မောင်းတွေ ဗုံတွေ မြန်မြန်တီးပြီး သုံးရက်ဆက်တိုက် ကပြခိုင်းလိုက်”
“ပြီးတော့ ငိုပေးမယ့်သူတွေကိုလည်း တစ်ယောက်ကို ပြားငါးဆယ်စီ ပေးလိုက်။ သူတို့ အသံကုန်ဟစ်ငိုပြီး အခြေအနေကို ပိုစည်ကားအောင် လုပ်ပေးဖို့ ပြောလိုက်”
ထိုသူများမှာ အခကြေးငွေယူ၍ ငိုပေးရသော "ငိုကြွေးသူများ" ဖြစ်သည်။ ဒေသအလိုက် ရိုးရာအရ နာရေးရှိလျှင် ထိုသူများကို ငှားရမ်းလေ့ရှိကြသည်။
သူတို့သည် ဆုလာဘ်ကို ရသည်နှင့် နှာရည်ယို၊ မျက်ရည်ကျအောင် အသံကုန်ဟစ်ငိုကြတော့သည်။ တစ်ဦးချင်းစီက ကောင်းကင်ကို မော့ကြည့်ကာ ရင်ကွဲမတတ် ငိုကြွေးပြနေကြရာ သားသမီးမြေးမြစ်များထက်ပင် ပို၍ ဝမ်းနည်းနေသည့်ပုံ ပေါက်နေ၏။
တူရိယာအဖွဲ့၏ ဗုံသံ၊ မောင်းသံ၊ နှဲသံများက ကောင်းကင်သို့ လွှမ်းမိုးနေပြီး ငိုကြွေးသူများ၏ အသံကလည်း ဟိန်းထွက်နေရာ အခမ်းအနားမှာ အလွန်ပင် စည်ကားလှသည်။
ဝူကျိရှန်းနှင့် ချင်းချင်းတို့ နာရေးအိမ်သို့ ရောက်လာသောအခါ တူရိယာသံများနှင့် ငိုသံများ ချက်ချင်း ရပ်တန့်သွား၏။ ထိုလူများမှာ ဝူကျိရှန်းကို ကြည့်ကာ ဆွံ့အသွားကြသည်။
ဝူကျိရှန်းနှင့် သမားတော်ကြီးစွန်းတို့မှာ ရန်ဘက်ဟောင်းများဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ သမားတော်ကြီးစွန်းမှာ အမြဲ အရေးနိမ့်လေ့ရှိသော်လည်း စွန်းမိသားစုမှာ လူအင်အား တောင့်တင်းလှသည်။ ထိုလူအင်အားကြောင့်ပင် သမားတော်ကြီးစွန်း၏ "အန်းမင်းဆေးခန်း" မှာ မပြိုလဲဘဲ တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။
ဝူကျိရှန်းသည် သမားတော်ကြီးစွန်း၏ ရန်သူဖြစ်ရာ ၎င်းမှာ စွန်းမျိုးနွယ်တစ်ခုလုံး၏ ရန်သူဖြစ်သည်ဟု အဓိပ္ပာယ်ရ၏။ဝူကျိရှန်းကို ကြည့်နေသော မျက်ဝန်းတိုင်းတွင် ရန်လိုမှုများ ပြည့်နေသည်။ အကယ်၍ ဝူကျိရှန်းက မလေးမစား တစ်ခုခု လုပ်လိုက်သည်နှင့် ထိုလူများက သူ့ကို ဝိုင်းဝန်းနှင်ထုတ်ကြလိမ့်မည်။
ဝူကျိရှန်းက ဘာမျှမပြောဘဲ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကို စနစ်တကျ ပြုလုပ်လိုက်သည်။
"စိတ်မကောင်းပါဘူး"
မိသားစုဝင်များကို ပြောပြီးနောက် သမားတော်ကြီးစွန်းကို တစ်ဖက်သို့ ခေါ်ထုတ်ကာ တိုးတိုးလေး မေးလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်ကြီး ဘယ်တုန်းက ဆုံးတာလဲ”
ဝူကျိရှန်းက ယဉ်ယဉ်ကျေးကျေး ပြုမူသဖြင့် သမားတော်ကြီးစွန်းကလည်း လူမှုရေးအရ ပြန်ဖြေသည်။
“ဒီနေ့ မနက်တင်ပဲ”
“ဘယ်လိုဖြစ်ပြီး ဆုံးတာလဲ”
သမားတော်ကြီးစွန်းက ပေါ့ပေါ့ပါးပါးပင် “အသက်ကြီးလို့ ဘာရောဂါမှမရှိဘဲ အေးအေးချမ်းချမ်း ဆုံးသွားတာပါ” ဟု ဆိုသည်။
ရာစုနှစ်များစွာက အစဉ်အလာအရ လူကြီးတစ်ဦးသည် "အသက်ကြီး၍ ဘာရောဂါမှမရှိဘဲ အေးချမ်းစွာ သေဆုံးခြင်း" မှာ ကောင်းချီးတစ်ခု ဖြစ်သည်။ အိမ်တွင် အိုမင်း၍ သေဆုံးခြင်းကို လူများက "ပျော်ရွှင်ဖွယ် နာရေး" ဟု ခေါ်ဆိုကြပြီး ပျော်ပွဲရွှင်ပွဲသဖွယ် ကျင်းပလေ့ရှိကြသည်။
သမားတော်ကြီးစွန်း၏ အဆိုအရ လူကြီးမှာ အသက်တမ်းစေ့၍ သေဆုံးသွားခြင်းသာ ဖြစ်သည်။သို့သော် ဝူကျိရှန်းက ထိုစကားကို မယုံကြည်ပေ။အသက်ကြီးလို့ အေးအေးချမ်းချမ်း ဆုံးတာလား။ ဘာရောဂါမှ မရှိဘဲလား။ဒါက အဓိပ္ပာယ်မရှိတာ။
အစ်ကိုစစ်ပေးထားသော လူစာရင်းအရ မျိုးနွယ်စုခေါင်းဆောင်ကြီးသည် စွန်းမိသားစုဝင် အချို့ကို ဦးဆောင်၍ တံတိုင်းကြီးဆောက်ရန် သွားခဲ့သူ ဖြစ်သည်။ သူသည် ပြန်မလာခင်ကတည်းက ရောဂါလက္ခဏာများ ပြနေခဲ့ရာ အသားမည်းရောဂါကြောင့် သေဆုံးခြင်းဖြစ်ရန် အလွန်ပင် သေချာနေသည်။
ရောဂါဖြင့် ရုတ်တရက် သေဆုံးသည် ဆိုသော စကားမှာ အသရေမရှိသဖြင့်သာ အသက်ကြီးး၍ အေးချမ်းစွာ သေဆုံးသည် ဟု လူသိရှင်ကြား ကြေညာထားခြင်း ဖြစ်ပေလိမ့်မည်။
“သမားတော်ကြီးစွန်း... မျိုးနွယ်စုခေါင်းဆောင်ကြီး ဆုံးတာက အသားမည်းရောဂါကြောင့်လို့ ကျွန်တော် သံသယရှိတယ်။ ခင်ဗျားလည်း ဆေးကုနေတဲ့သူပဲ၊ ဒီအသားမည်းရောဂါရဲ့ ကြောက်စရာကောင်းပုံကို သိမှာပါ”
ဝူကျိရှန်းသည် မိမိ၏ ရန်ဘက်ဟောင်းကို ပထမဆုံးအကြိမ် ရင်ဖွင့်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သမားတော်ကြီးစွန်းသည် စိတ်ကျဉ်းမြောင်းသူ၊ လောဘကြီးသူ ဖြစ်သော်လည်း သူသည်သမားတော်တစ်ဦးပင်။ထို့ကြောင့် ဤရောဂါမှာ အလွန်ပြင်းထန်သော ကူးစက်ရောဂါ ဖြစ်ကြောင်းနှင့် ယခုလုပ်ရမည့်အရာမှာ အလောင်းကို အမြန်ဆုံး မီးရှို့ရန်သာ ဖြစ်ကြောင်း သူ သိသင့်သည်။
သမားတော်ကြီးစွန်းသည် အသားမည်းရောဂါ၏ ကြောက်စရာကောင်းပုံကို သိသော်လည်း မျိုးနွယ်စုခေါင်းဆောင်ကြီး သေဆုံးခြင်းမှာ ထိုရောဂါနှင့် မပတ်သက်ဟု အခိုင်အမာ ယုံကြည်နေသည်။
“ငါ ဆေးကုလာတာ ဆယ်စုနှစ်နဲ့ချီနေပြီ၊ အသားမည်းရောဂါရဲ့ အခြေအနေကို ငါ မြင်ဖူးတာပေါ့”
သမားတော်ကြီးစွန်းက နှာခေါင်းရှုံ့လိုက်ရင်းအထင်မြင်သေးသည့်ပုံဖြင့်ပြန်ပြောလိုက်၏။
“အသားမည်းရောဂါဖြစ်ရင် သွေးတွေ အန်ရမယ်၊ မသေခင်ရော သေပြီးရင်ရော အရေပြားက မီးသွေးလို မည်းပုပ်နေရမယ်။ အဲဒါကြောင့်လည်း အသားမည်းရောဂါလို့ ခေါ်တာပေါ့”
သူသည် သမားတော်လုပ်လာသည်မှာ ကြာပြီဖြစ်ရာ ၎င်း၏ အခြေခံဗဟုသုတမှာ မမှားသော်လည်းအမြင် အလွန်ပင် ကျဉ်းမြောင်းလွန်းနေသည်။
ပလိပ်ရောဂါဆိုသည်မှာ ယေဘုယျ အခေါ်အဝေါ်သာ ဖြစ်ပြီး အမျိုးအစား အများကြီးရှိ၏။ သမားတော်ကြီးစွန်း ဖော်ပြသည်မှာ "အဆုတ်ပလိပ်" ၏ လက္ခဏာများသာ ဖြစ်သည်။ ၎င်းအပြင် အကျိတ်ပလိပ်၊ သွေးပလိပ် နှင့် အခြားသော ပုံစံအမျိုးမျိုး ရှိသေးသည်။
“မျိုးနွယ်စုခေါင်းဆောင်ကြီးက မဆုံးခင်မှာ အပြင်းအထန် ချောင်းဆိုးပြီး သွေးတွေ အန်ခဲ့လား”
“မအန်ဘူး”
“ခန္ဓာကိုယ်ကရော အရမ်းပူနေလား”
“မပူပါဘူး”
ဘာလက္ခဏာမှ မပြဘဲနှင့် မည်သို့သေဆုံးမည်နည်း။ဝူကျိရှန်းသည် သမားတော်ကြီးစွန်း လိမ်နေသည်ဟု သံသယဝင်လာသော်လည်း သက်သေမရှိသဖြင့် ဖျောင်းဖျရန်သာ ကြိုးစားလိုက်သည်။
“သမားတော်ကြီးစွန်း... ခင်ဗျားနဲ့ ကျွန်တော်က သမားတော်တွေပဲ။ ဒီရောဂါက တစ်ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေ ရာဂဏန်းအထိ ပြန့်သွားမှာ။ လူ့အသက်တွေနဲ့ ဆိုင်နေတာပါ”
“ငါ မင်းကို ရှင်းရှင်းပြောပြီးပြီပဲ။ မျိုးနွယ်စုခေါင်းဆောင်ကြီးက အသက်ကြီးလို့ ဆုံးတာ။ မင်းပြောတဲ့ အသားမည်းရောဂါ မဟုတ်ဘူး”
“ကျွန်တော် မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့ ရုပ်အလောင်းကို ကြည့်ချင်ပါတယ်”
ဝူကျိရှန်း စကားမဆုံးခင်မှာပင် သမားတော်ကြီးစွန်းက ဒေါသတကြီးဖြင့် ဝူကျိရှန်းကို လက်ညှိုးထိုးကာ ဆဲဆိုတော့သည်။
“သမားတော်ဝူ... မင်းကတော့ လွန်လှချည်လား။ ငါ့စွန်းမိသားစုကို အနိုင်ကျင့်လို့ရမယ့် လူပျော့တွေလို့ ထင်နေတာလား”
နာရေးအခမ်းအနားကို ဖျက်ဆီးခြင်းမှာ ကွယ်လွန်သူကို စော်ကားခြင်းပင် ဖြစ်သည်။ အစဉ်အလာအရ သေဆုံးသူ၏ မျက်နှာပေါ်တွင် စက္ကူတစ်ချပ် အုပ်ထားရ၏။ ၎င်းမှာ နေရောင်ခြည်က ဝိညာဉ်ကို မလွင့်စင်စေရန် ဖြစ်သည်။
ဝူကျိရှန်း၏ ရုပ်အလောင်းကို ကြည့်လိုသည်ဟူသော တောင်းဆိုချက်မှာ အလွန်ပင် ရိုင်းစိုင်းသော တောင်းဆိုမှု ဖြစ်နေသည်။စွန်းမိသားစုဝင်များသည်လည်း ဒေါသထွက်လာကြပြီး သမားတော်ကြီးစွန်းက အမိန့်ပေးလိုက်သည်နှင့် ဝူကျိရှန်းကို ဝိုင်းဝန်းရိုက်နှက်ရန် အသင့်ဖြစ်နေကြပြီ။
“သမားတော်ဝူမင်း ငါ့ကို နေ့တိုင်း အနိုင်ကျင့်တာကို ငါ သည်းခံနိုင်ပေမဲ့ ငါ့မျိုးနွယ်ကိုတော့ လာမစော်ကားနဲ့။ မင်း လွန်လွန်းတယ်”
သမားတော်ကြီးစွန်းသည် ဒေါသကြောင့် တုန်ရင်နေပြီး တံခါးဘက်ကို ညွှန်ပြကာ အော်ဟစ်လိုက်သည်။
“မင်းကို ဒီမှာ မကြိုဆိုဘူး၊ ထွက်သွားစမ်း”
“သမားတော်ကြီးစွန်း... ကျွန်တော်တို့ကြားက ပြဿနာတွေက ဘာမှမဟုတ်ပါဘူး။ အခု ကူးစက်ရောဂါက ပြန့်နေပြီ၊ လူ့အသက်တွေက ပိုအရေးကြီးတယ်။ ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ”
ပြောပြောဆိုဆိုဖြင့် ဝူကျိရှန်းသည် နာရေးခန်းမထဲသို့ ပြေးဝင်သွားတော့သည်။ကူးစက်ရောဂါသည် တောမီးကဲ့သို့ပင် ဖြစ်ရာ လူပေါင်းများစွာ၏ အသက်နှင့် ဆိုင်နေသဖြင့် ဝူကျိရှန်းသည် လူမှုရေးကိစ္စများကို ထည့်မတွက်နိုင်တော့ပေ။
ဝူကျိရှန်း ခန်းမထဲ ပြေးဝင်သွားသည်ကို မြင်သောအခါ စွန်းမိသားစုဝင်များသည်လည်း ဒေါသတကြီးဖြင့် တုတ်များကို ဆုပ်ကိုင်ကာ သူ့နောက်သို့ လိုက်ကြလေတော့သည်။`
…….
အခန်း ၄၆။ ရိုက်သတ်ကြ
သူသည် အလောင်း၏ မျက်နှာပေါ်မှ အုပ်ထားသော အဝတ်ကို အမြန်ပင် ဆွဲဖယ်လိုက်သည်။ ၎င်းမှာ သူတစ်ခါမှ မပြဖူးသော အမြန်နှုန်းမျိုးဖြင့် သေဆုံးသူ၏ နောက်ဆုံး ရုပ်သွင်ကို ကြည့်ရန် ကြိုးစားခြင်း ဖြစ်သည်။
ပလိပ်ရောဂါကို "အနက်ရောင် သေမင်း" သို့မဟုတ် "အသားမည်း ရောဂါ" ဟု ခေါ်ရခြင်းမှာ ဤရောဂါ ကူးစက်ခံရသူများသည် အရေပြားအောက်တွင် သွေးယိုစီးမှုများ ပြင်းထန်စွာ ဖြစ်ပွားသဖြင့် အရေပြားမှာ ခရမ်းပုပ်ရောင်မှ အမည်းရောင်သို့ ပြောင်းသွားတတ်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် သေဆုံးပြီးနောက်တွင် အမည်းရောင် အကွက်များမှာ ပို၍ ထင်ရှားလာတတ်သည်။
အရေပြား မည်းလာခြင်းမှာ ပလိပ်ရောဂါ၏ အထင်ရှားဆုံးသော လက္ခဏာပင် ဖြစ်သည်။သေခါနီးတွင် ပြင်းထန်သော ဝေဒနာကို ခံစားရသဖြင့် သေဆုံးသူ အများစု၏ မျက်နှာမှာ ရှုံ့မဲ့နေတတ်သည်။ သို့သော် သေဆုံးသွားသော မျိုးနွယ်စု ခေါင်းဆောင်၏ မျက်နှာမှာမူ အသားအရေ ဝင်းပကာ အေးချမ်းသော အမူအရာ ရှိနေသည်။ ၎င်းမှာ သူသည် နောက်ဆုံးအချိန်တွင် မည်သည့် ဝေဒနာမှ မခံစားခဲ့ရကြောင်း ပြသနေသည်။
သေဆုံးသူ၏ မျက်နှာမှာ ပုံမှန်ထက် ပို၍ ဖြူဖျော့နေခြင်းနှင့် နားရွက်နောက်ကွယ်ရှိ ဆီးသီးကင်းခန့် အနီရောင် အဖုအကျိတ်များကိုသာ မမြင်ရပါက ဝူကျိရှန်းပင်လျှင် "ရောဂါမရှိဘဲ အေးချမ်းစွာ အိုမင်းပျက်စီးသွားခြင်း" ဟု ယုံကြည်မိပေလိမ့်မည်။
ပုံမှန်အားဖြင့် သေဆုံးသူ၏ မျက်နှာမှာ ထိတ်လန့်ဖွယ် ဖြူရော်နေတတ်သော်လည်း ဤအလောင်း၏ မျက်နှာမှာမူ ကြွေရည်သုတ်ထားသကဲ့သို့ မယုံနိုင်လောက်အောင် ဖြူလွန်းနေပြီး သတ္တုရောင် မှိန်မှိန်ပင် ထွက်နေသည်။
ဤလက္ခဏာ အားလုံးမှာ ဦးနှောက်အမြှေးရောင် ပလိပ်ရောဂါ၏ ထူးခြားသော လက္ခဏာများ ဖြစ်သည်။
ဦးနှောက်အမြှေးရောင် ပလိပ်ရောဂါမှာ မူလပလိပ်ရောဂါမှ အသွင်ပြောင်းလာခြင်း ဖြစ်ပြီး ကိုယ်ခံအားနည်းသူများတွင် ပို၍ အဖြစ်များကာ သေနှုန်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရှိသည်။ လူနာမှာ ခုခံနိုင်စွမ်း အလွန်နည်းသဖြင့် ခေတ္တအတွင်း ပြင်းထန်သော ရှော့ခ် (Shock) ရကာ အသက်ဆုံးရှုံးတတ်သည်။
ရောဂါဖြစ်ချိန် အလွန်တိုတောင်းပြီး ဦးနှောက်ကို တိုက်ရိုက် တိုက်ခိုက်ခြင်းကြောင့် အရေပြား မည်းလာသည့် လက္ခဏာပင် မပြနိုင်မီ လူနာမှာ သေဆုံးသွားတတ်သည်။
ပလိပ်ရောဂါ အမျိုးအစား အားလုံးထဲတွင် ဤရောဂါမှာ အကြောက်စရာအကောင်းဆုံးနှင့် အသေအပျောက် အများဆုံး ဖြစ်သည်။
ဝူကျိရှန်းက ဤသဘောတရားများကို နားလည်ပြီး ဤအရာမှာ ကြောက်စရာကောင်းသော အနက်ရောင် သေမင်း ရောဂါ ဖြစ်ကြောင်း သိသော်လည်း ရှင်းပြရန် အချိန်နှောင်းသွားပြီ ဖြစ်သည်။
စွန်းမိသားစု တပည့်များမှာ ရှေ့သို့ တိုးလာကြပြီး တုတ်များ၊ ဒုတ်များဖြင့် သူ့ကို ဝိုင်းဝန်း ရိုက်နှက်ကြတော့သည်။
လောကတွင် လူ့အသက်မှာ အရေးကြီးဆုံး ဖြစ်သော်လည်း ဝူကျိရှန်းနှင့် စွန်းသမားတော်ကြီးမှာ ရန်သူများ ဖြစ်နေကြသည်။ ယခု သူက စွန်းမိသားစု၏ သေဆုံးသူကို စော်ကားသည်ဟု ယူဆသဖြင့် သူတို့က လွှတ်ပေးကြမည် မဟုတ်ပေ။ ပြင်းထန်စွာ အရိုက်ခံရမည်မှာ သေချာနေသည်။
"ရိုက်ကြ၊ သေအောင် ရိုက်ကြ"
အများက တစ်ယောက်ကို ဝိုင်းကြသဖြင့် အခြေအနေမှာ ခန့်မှန်းရ လွယ်ကူသည်။
ခေတ္တအတွင်း ဝူကျိရှန်းမှာ တစ်ကိုယ်လုံး ညိုမည်း စွဲသွားပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေရ၏။ ချက်ချင်းပင် သူသည် ထနိုင်ခြင်း မရှိတော့လောက်အောင် အရိုက်ခံလိုက်ရသည်။
စွန်းသမားတော်ကြီးက ဝူကျိရှန်းကို အငြိုးတကြီးဖြင့် အကြိမ်အနည်းငယ် ကန်ကျောက်လိုက်ပြီးမှ ရင်ထဲတွင် အောင်းနေသော ဒေါသများ ပြေသွားတော့သည်။
သွေးများ ပေကျံနေသော ဝူကျိရှန်းကို ရေနစ်နေသော ခွေးတစ်ကောင်ကဲ့သို့ ကြည့်ကာ စွန်းသမားတော်ကြီးက လှောင်ပြောင်လိုက်သည်။
"မျိုးနွယ်စု ခေါင်းဆောင်ဟောင်းရဲ့ နာရေးကို လုပ်ဖို့ မလိုရင် ဒီနေ့ မင်းကို သေအောင် ရိုက်ပြီး အပြင်ကို လွှင့်ပစ်လိုက်မှာ"
ညနေစောင်း အချိန်ရောက်မှ ချင်းချင်းသည်ထော့နဲ့ထော့နဲ့ ဖြစ်နေသော ဝူကျ်ရှန်းကို ဆေးခန်းသို့ တွဲကူကာ ပြန်လာခဲ့သည်။
"ဆရာဝူ နေကောင်းရဲ့လား"
"လက်နဲ့ ခြေထောက် နည်းနည်း အထိခံရတာပါ။ ဒီလို အခြေအနေမျိုးတွေကို ကျုပ် အများကြီး ကြုံဖူးပါတယ်"
ဝူကျိရှန်း ကောလိပ်တက်စဉ်က ကျောင်းအနီးရှိ လူမိုက်များနှင့် မကြာခဏ "ချစ်ကြည်ရေး" အရ တိုက်ခိုက်ခဲ့ဖူးသည်။ တစ်ခါတိုက်တိုင်း ဘီယာပုလင်းများနှင့် အုတ်ခဲများ ပျံဝဲနေတတ်ပြီး သူ ညိုမည်းစွဲအောင် မခံရဖူးသော အခါမျိုး မရှိပေ။
"ဆရာဝူ ရှင့်လက်မောင်းမှာ သွေးတွေ ထွက်နေတုန်းပဲ"
"ပွန်းရုံတင်ပါ"
ဝူကျိရှန်းက ဘာမှမဟုတ်သကဲ့သို့ အမူအရာဖြင့် ပြောလိုက်သည်။
"အရေပြား နည်းနည်း ပွန်းသွားတာပါ။ ဘာမှ မဖြစ်ပါဘူး"
"ဆရာ ပြောတာ မှန်ပါတယ်"
ဝူကျိရှန်း၏ အကောင်းမြင်စိတ်ကြောင့် ချင်းချင်းလည်း စိတ်သက်သာရာရကာ ရယ်မောလိုက်သည်။
"ဆရာဝူက တာတာ စစ်သားတွေကို တိုက်ဖို့ စစ်တပ်နဲ့အတူ လိုက်ဖူးတာပဲ့။ ဒီလို အခြေအနေလေးကို ဘယ်ဂရုစိုက်ပါ့မလဲ"
ဝူကျိရှန်းက သွေးစ ကပ်နေသော တံတွေးကို ထွေးထုတ်လိုက်ပြီး ချင်းချင်းအား ဒဏ်ကြေလိမ်းဆေး ပေးကာ သူ၏ ကျောကို လိမ်းခိုင်းလိုက်၏။ သူသည် ပတ်တီးပင် မပတ်တော့ဘဲ အဝတ်အစားများကို ဝတ်လိုက်ကာ ဘာမှမဖြစ်သကဲ့သို့ နေလိုက်သည်။
"ဆရာဝူ အဲဒီလူက တကယ်ပဲ အရေပြားမည်း ပလိပ်ရောဂါနဲ့ သေတာ သေချာလား"
"သေချာတယ်"
"ဟွန်း"
ချင်းချင်းကစိတ်တိုစွာ နှာခေါင်းရှုံ့လိုက်ပြီး
"အဲဒီလူက ပလိပ်ရောဂါနဲ့ သေတာ သိသာနေတာကို သူတို့က မယုံကြဘူး။ ခုနစ်ရက် မတိုင်ခင်မှာ စွန်းမိသားစုက လူတွေ အများကြီး ရောဂါကူးပြီး သေကုန်ကြလိမ့်မယ်။ ဒါ သူတို့ ထိုက်တာပဲ"
ချင်းချင်း ပြောသည်မှာမှန်၏။ဤကဲ့သို့ စည်ကားသော နာရေးကြောင့် ရောဂါကူးစက်မှုများစွာ ဖြစ်လာမည်မှာ သေချာသည်။ သို့သော် ဝူကျိရှန်းမှာမူ သူတစ်ပါး ပျက်စီးမည်ကို ဝမ်းမသာနိုင်ပေ။
"ကျုပ်က အဲဒီလောက် စိတ်ပုပ်တဲ့လူ မဟုတ်ပါဘူး။ ကျုပ် အရိုက်ခံရရင်တောင် ဒီရောဂါကို ဒီအတိုင်း ပျံ့နှံ့ခွင့် မပေးနိုင်ဘူး"
"ဆရာဝူက စိတ်ထား နုလွန်းပါတယ်။ သူတို့က ဆရာ့ကို ဒီလောက် ရိုက်တာတောင် ဆရာက သူတို့အတွက် စဉ်းစားပေးနေတုန်းပဲ။ ကျွန်မကတော့ ဆရာနဲ့ မတူဘူး။ ကျွန်မ စိတ်က အပ်ဖျားလောက်ပဲ ရှိတာ။ စွန်းမိသားစုတစ်ခုလုံး သေကုန်ရင်တောင် ကျေနပ်တယ်"
သမားတော် တစ်ယောက်အနေဖြင့် ဝူကျိရှန်းမှာ ထိုကဲ့သို့ စိတ်ကူးမျိုး မရှိပေ။ အထူးသဖြင့် ပြင်းထန်သော ကူးစက်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် ဖြစ်သည်။
"ဆရာဝူ ခဏ နားနေပါ။ ကျွန်မ သွားပြီး စားစရာ ပြင်လိုက်ဦးမယ်"
မကြာမီ ချင်းချင်းက ဆန်ပြုတ်နှင့် ထမင်း၊ ပဲပြားခြောက် တစ်ပွဲနှင့် မုန့်ပြား အချို့ကို ယူလာပေး၏။ ၎င်းမှာ သူတို့၏ ညစာ ဖြစ်သည်။
ဝူကျိရှန်းက စားပွဲပေါ်တွင် ပန်းကန် တစ်စုံတည်း ရှိနေသည်ကို ကြည့်ကာ အံ့သြစွာ မေးလိုက်၏။
"နင် မစားဘူးလား"
"ဆရာ စားပြီးမှ ကျွန်မ စားပါ့မယ်"
ချင်းချင်းသခင်မလေး ရွန့်၏ အနီးကပ် အစေခံ ဖြစ်သော်လည်း အစေခံမှာ အစေခံပင် ဖြစ်သည်။ သူမသည် သခင် စားပြီးမှ စားရမည်ဟူသော ချမ်းသာသည့် မိသားစုများ၏ စည်းကမ်းကို ကျင့်သားရနေပြီ ဖြစ်သည်။
"မနေပါနဲ့။ မြန်မြန် စားလိုက်။ စားပြီးရင် လုပ်စရာတွေ ရှိသေးတယ်"
ချင်းချင်းက ထမင်းတစ်ပန်းကန် ထည့်လိုက်သော်လည်း စားပွဲတွင် မထိုင်ပေ။ သူမသည် ထောင့်တစ်နေရာတွင် သွား၍ ဆောင့်ကြောင့်ထိုင်ကာ စားရန် ပြင်လိုက်၏။
ဝူကျိရှန်းက ခုံပုလေး တစ်လုံးကို ဆွဲယူလိုက်ကာ
"ငါက ကျားမှ မဟုတ်တာ။ ဘာလို့ အဝေးကြီးမှာ သွားနေတာလဲ။ စားပွဲမှာ လာစားပါ"
ချင်းချင်းက ဝူကျိရှန်းကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။
"ကျွန်မက အစေခံပဲ့လေ။ စားပွဲမှာ ထိုင်ပြီး ဘယ်လို စားလို့ ရမှာလဲ"
သခင်မလေးနှင့် ရင်းနှီးသော်လည်း သူမ၏ အဆင့်အတန်းအရ စားပွဲတွင် ထိုင်စားရန် မထိုက်တန်ဟု ယူဆထား၏။ အစေခံနှင့် သခင် တစ်စားပွဲတည်း ထိုင်စားခြင်းမှာအထက်အောက် စည်းကမ်းကို ဖောက်ဖျက်ရာ ရောက်ပေလိမ့်မည်။
ဝူကျိရှန်းသည် ရှန်မိသားစု၏ သမက် ဖြစ်လာမည့်သူ ဖြစ်သဖြင့် သခင်တစ်ပိုင်း ဖြစ်သည်။ ထို့ကြောင့် ဤစည်းကမ်းကို လိုက်နာရမည်ဟု သူမ ထင်နေသည်။
"ဘာသခင်၊ ဘာအစေခံလဲ။ ဘာလို့ စည်းကမ်းတွေ ဒီလောက် များနေရတာလဲ"
ဝူကျိရှန်းက ရယ်မောလိုက်ရင်း
"စားတာက စားတာပဲ့လေ။ အဆင့်အတန်းတွေ ပြောနေတာ အဓိပ္ပာယ် မရှိဘူး။ မြန်မြန်လာပြီး အတူတူ စားကြရအောင်"
ဝူကျိရှန်း၏ စိတ်ရင်းကို ချင်းချင်းခံစားလိုက်ရ၏။ ၎င်းမှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ လူသားချင်း တန်းတူညီမျှသည်ဟု အမှန်တကယ် ယူဆနေခြင်း ဖြစ်သည်။
ငယ်စဉ်ကတည်းက အစေခံ လုပ်လာရသော ချင်းချင်းမှာ တစ်ဖက်လူ၏ လေးစားမှုကို ပထမဆုံးအကြိမ် ရရှိလိုက်သဖြင့် ရင်ထဲတွင် နွေးထွေးသွားရသည်။ သူမသည် ပန်းကန်ကို ယူကာ ဝူကျိရှန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သို့သော် အပြည့်အဝ မထိုင်ရဲဘဲ ဘေးသို့ အနည်းငယ် စောင်းကာ ထိုင်ရင်း တိုးတိုးလေး ပြောသည်။
"သခင်မလေးသာ သိရင် ကျွန်မကို စည်းကမ်း မရှိဘူးလို့ ဆူပါ့မယ်"
"စည်းကမ်းက အရေးမကြီးပါဘူး။ ငါ့ခေတ်မှာ... ငါ့ဇာတိမှာတော့ 'အမျိုးသမီးတွေကို ဦးစားပေးရမယ်' ဆိုတဲ့ စည်းကမ်းက အရေးကြီးဆုံးပဲ့"
ဝူကျိရှန်းက အားရပါးရ ရယ်လိုက်ရင်း
"အမျိုးသမီးတွေ ရှိနေရင် အမျိုးသားတွေက အမြဲ လိုက်လျောပေးရတယ်"
ရှေးယခင်ကတည်းက ယောက်ျားက မိန်းမထက် သာသည်ဟု ယူဆခဲ့ကြသည်။ ယောက်ျားက မိန်းမကို လိုက်လျောပေးရသည်ဟူသော စကားမျိုးကို သူမ တစ်ခါမှ မကြားဖူးပေ။ ဆရာဝူ နောက်နေသည်မှာ သေချာသည်။
ဤဆရာဝူမှာ ဆေးပညာ တော်ရုံသာမက ရုပ်ရည်မှာလည်း ခန့်ညားသူ ဖြစ်သည်။ သူ၏ အပြုအမူများမှာလည်း ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ ရှိလှသည်။ သခင်မလေး ရွန့်အတွက်မူ ဤကဲ့သို့ ခင်ပွန်းကောင်း ရရှိခြင်းမှာ တကယ်ပင် ကံကောင်းလှပေသည်။
ချင်းချင်းအတွက်လည်း ကံကောင်းခြင်း တစ်ခုပင် ဖြစ်ပေတော့သည်။
………