အခန်း (၄၇-၄၈)
Vol. 4 Ch. 47-48
အခန်း ၄၇။ တန်ဖိုးကြီး ပဋိဇီဝဆေးဝါးများ
ထိုခေတ်၏ ဓလေ့ထုံးတမ်းအရ သခင်မလေးရွန့် အိမ်ထောင်ပြုသည့်အခါ ချင်းချင်းသည်အပိုပါအ စေခံအဖြစ်အတူလိုက်ပါသွားရမည်ဖြစ်သည်။
ယေဘုယျအားဖြင့် အပိုပါအစေခံများသည် သခင်၏ အိပ်ရာဝင်မယားငယ်များ ဖြစ်လာတတ်ကြပြီး အကယ်၍ သခင်၏ မျက်နှာသာပေးမှုကို ရရှိပါက မယားငယ်အဆင့်အထိပင် တိုးမြှင့်ခံရနိုင်သည်။
ချင်းချင်းကဲ့သို့ အစေခံမလေးတစ်ယောက်အတွက် သမက်ဖြစ်သူ၏ မယားငယ်ဖြစ်လာရခြင်းမှာ မဆိုးလှသော ကံကြမ္မာတစ်ခုပင် ဖြစ်သည်။ မယားငယ်၏ အဆင့်အတန်းမှာ နိမ့်ပါးသော်လည်း ကလေးတစ်ယောက်သာ မွေးပေးနိုင်လျှင် မိသားစုအတွင်း သူမ၏ အခြေအနေမှာ ပို၍ မြင့်မားလာမည် ဖြစ်သည်။
ဤကဲ့သို့သော "သခင်နှင့် အစေခံ ပေါင်းစည်းမှု" ကြောင့်ပင် ချင်းချင်းသည် သခင်မလေးရွန့်ကို ဝူကျိရှန်းနှင့် ခိုးရာလိုက်ပြေးရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ၎င်းသည် သူမ၏ အနာဂတ်အတွက်လည်း အရေးကြီးသော ကိစ္စဖြစ်နေသောကြောင့် ဖြစ်သည်။
ဤအကြောင်းကို တွေးမိသည်နှင့် ချင်းချင်း၏ ရင်ခုန်သံမှာ ပထမဆုံး အချစ်ကို သိလာသော မိန်းကလေးတစ်ယောက်ကဲ့သို့ မြန်ဆန်လာ၏။ သူမသည် ခေါင်းငုံ့ကာ ထမင်းစားနေသယောင် ဆောင်ထားသော်လည်း ဝူကျိရှန်းကို ခိုးကြည့်မိနေသည်။
မျက်လုံးချင်း ဆုံမိသောအခါချင်းချင်းမှာ ချက်ချင်းပင် ရှက်သွေးဖြန်းသွားပြီး အမှားတစ်ခုခု လုပ်မိသကဲ့သို့ မျက်နှာကို အမြန်လွှဲလိုက်တော့သည်။ထိုစဉ်မှာပင် တံခါးကို အလောတကြီး လာခေါက်သံ ကြားလိုက်ရသည်။
တံခါးဖွင့်ကြည့်လိုက်သောအခါ ကျိုးပန်းရှန်းနှင့် သူ၏ သားဖြစ်နေသည်။
ကျိုးပန်းရှန်းသည် လက်တွန်းလှည်းပေါ်တွင် လဲလျောင်းရင်း အပြင်းအထန် ချောင်းဆိုးနေပြီး ခြေလက်များမှာလည်း သိသိသာသာ တုန်ယင်နေ၏။ သူသည် ဝူကျိရှန်းကို တစ်ခုခု ပြောချင်ပုံရသော်လည်း ပါးစပ်ဟလိုက်သည်နှင့် သွေးစများ ပါဝင်သော အမြှုပ်များမှာ နှာခေါင်းနှင့် ပါးစပ်မှ ပန်းထွက်လာတော့သည်။
"နန်းတွင်းသမားတော် ဝူ။ ကျေးဇူးပြုပြီး ကျွန်တော့်အဖေကို မြန်မြန် ကယ်ပေးပါဦး"
ကျိုးပန်းရှန်း၏ သားမှာ ပြာပြာသလဲ ဖြစ်နေပြီး ငိုသံပါဖြင့် အသနားခံနေ၏။
"ဒီလောက်တောင် ရောဂါကျွမ်းနေတာကို ဘာလို့ အစောကြီး လာမပြတာလဲ"
"အဖေက ရောဂါကုရင် ပိုက်ဆံကုန်မှာစိုးလို့... ဒီငွေလေးတွေကို မသုံးချင်ဘူးလို့ ပြောနေတာနဲ့"
သူ့အသက်မှာ နောက်ဆုံးအချိန်သို့ ရောက်နေပြီ ဖြစ်သော်လည်း ငွေကို မခွဲနိုင်သေးပေ။ ဤကျိုးပန်းရှန်းမှာ အမှန်ပင် သာမန်မဟုတ်သော ကပ်စေးနှဲကြီး ဖြစ်သည်။
"ပိုက်ဆံက ဘာအရေးကြီးလို့လဲ။ လူကို အရင်ကယ်ရမှာပေါ့"
ကျိုးပန်းရှန်းကို လူနာခုတင်ပေါ်တွင် လှဲစေပြီး စုတ်ပြတ်နေသော အဝတ်အစားများကို ချွတ်လိုက်သောအခါ ပိန်လှီနေသော ရင်ဘတ်ကြီး ထွက်လာသည်။ ဦးစွာ အပူချိန်တိုင်းကိရိယာဖြင့် တိုင်းကြည့်ရာ ၃၈.၂ ဒီဂရီ စင်တီဂရိတ် ရှိနေသည်။ ၎င်းမှာ အဖျားငွေ့ငွေ့ ရှိနေခြင်း ဖြစ်သည်။
ပလိပ်ရောဂါ ကူးစက်ခံရသူများအတွက် အဖျားငွေ့ငွေ့ ဆက်တိုက်ရှိနေခြင်းမှာ ရောဂါ၏ အလယ်အလတ် အဆင့်သို့ ရောက်နေခြင်း ဖြစ်ပြီး လူနာ၏ ကိုယ်ခံအားစနစ် ပျက်စီးနေပြီ ဖြစ်ကြောင်း ပြသနေသည်ပလိပ်ရောဂါပိုးမှာ အပူချိန်မြင့်မားခြင်းနှင့် ပဋိဇီဝဆေးများကို အလွန်ကြောက်သည်။
"အရေးပေါ် ကူးစက်ရောဂါ ကာကွယ်ရေး" ဆေးကို မသုံးလျှင်ပင် စထရက်တိုမိုင်စင် ပမာဏ အများအပြားကို သုံးစွဲခြင်းဖြင့် ရောဂါပိုးကို လွယ်ကူစွာ သတ်ပစ်နိုင်သည်။ သို့မဟုတ် ပင်နီဆီလင် ကို တိုက်ရိုက် သုံးစွဲခြင်းမှာလည်း ရွေးချယ်မှု ကောင်းတစ်ခု ဖြစ်သည်။
ကာကွယ်ဆေးနှင့် ပဋိဇီဝဆေးများကို ကျယ်ပြန့်စွာ အသုံးပြုနိုင်သောကြောင့် နောက်ပိုင်းခေတ်များတွင် ပလိပ်ရောဂါပိုးမှာ ဓာတ်ခွဲခန်းများရှိ ပန်းကန်ပြားငယ်များထဲတွင်သာ ရှိနေတော့ပြီး အကြီးအကျယ် ပျံ့နှံ့ရန် မဖြစ်နိုင်တော့ပေ။
သို့သော် မင်မင်းဆက် ခေတ်တွင်မူ ပဋိဇီဝဆေးများ မရှိပေ။ ထို့ကြောင့်လည်း ပလိပ်ရောဂါပိုးမှာ လူပေါင်းများစွာကို သတ်ဖြတ်နိုင်ခြင်း ဖြစ်သည်။ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် စထရက်တိုမိုင်စင် ဆေးရည် ၁၂ လုံးမှာ အစွမ်းထက်ဆုံး အဆောင်လက်ဖွဲ့ပင် ဖြစ်သည်။ ဝူကျိရှန်းမှာ ထိုဆေးများကို သုံးရန် အမှန်ပင် တွန့်တိုနေမိသည်။
သို့သော် ကျိုးပန်းရှန်းမှာ ဤမျှအထိ အခြေအနေ ဆိုးနေပြီ ဖြစ်ရာ သူက မည်သို့ လက်ပိုက်ကြည့်နေနိုင်မည်နည်း။သူသည် ဆေးထိုးပြွန်ကို ယူကာ ကျိုးပန်းရှန်းကို စထရက်တိုမိုင်စင် ၂ ဂရမ် ထိုးပေးလိုက်သည်။ ထို့နောက် သွေးကြောထဲသို့ ဆေးရည် သွင်းပေးလိုက်သည်။
ထိုဆေးရည်မှာ သာမန်ဆားရည် သာ ဖြစ်၏။ဆားရည်သည် ပလိပ်ရောဂါပိုးကို မသတ်နိုင်သော်လည်း ခန္ဓာကိုယ်အတွက် လိုအပ်သော ဓာတ်ဆားများကို ဖြည့်ဆည်းပေးနိုင်သည်။ညဉ့်နက်ပိုင်းတွင် ဝူကျိရှန်းက ကျိုးပန်းရှန်းကို စထရက်တိုမိုင်စင် ၂ ဂရမ် ထပ်မံ ထိုးပေးလိုက်သည်။
ဤခေတ်ရှိ ပလိပ်ရောဂါပိုးမှာ ဆေးယဉ်ပါးခြင်း လုံးဝ မရှိပေ။ ဆက်တိုက်ထိုးပေးလိုက်သော ဆေး ၂ ဂရမ်စီမှာ ပြင်းထန်သော ဆေးပမာဏ ဖြစ်သဖြင့် အာနိသင်မှာ ချက်ချင်းပင် ပြလာသည်။မိုးလင်းသောအခါ ကျိုးပန်းရှန်း၏ အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာ၏။ သူ၏ ကိုယ်အပူချိန်မှာ ၃၇.၇ ဒီဂရီသို့ ကျဆင်းသွားပြီဖြစ်သည်။ ပုံမှန်ထက် အနည်းငယ် မြင့်နေသေးသော်လည်း စိုးရိမ်ရသည့် အခြေအနေမှ ကျော်လွန်သွားပြီ ဖြစ်သည်။
ပြင်းထန်စွာ တစ်ချက် ချောင်းဆိုးလိုက်ပြီးနောက် ကျိုးပန်းရှန်းက ရင်ဘတ်ကို ဖိကာ သက်ပြင်းချရင်း ပြောလိုက်သည်။
"အခုတော့ အသက်ရှူလို့ ရသွားပြီ။ ငါ့ကိုယ်ငါ တွက်ချက်ကြည့်ပြီးသားပါ။ ငါ့သက်တမ်းက ဒီမှာတင် ကုန်ဖို့ မဟုတ်သေးဘူးဆိုတာ သိနေတယ်"
ထိုစကားကို ကြားသောအခါ ချင်းချင်းမှာ ချက်ချင်းပင် ဒေါသထွက်သွား၏။ ဆရာဝူက တစ်ညလုံး မအိပ်ဘဲ ကုသပေးခဲ့လို့ အခြေအနေ ကောင်းလာတာကို ကျေးဇူးတင်စကား တစ်ခွန်းမှ မပြောဘဲ "သက်တမ်း မကုန်သေးလို့" ဟု ပြောနေသည်မှာ အလွန် စိတ်ပျက်စရာ ကောင်းလှသည်။
"ဒီမှာ ကျိုးပန်းရှန်း။ ရှင်က ကျေးဇူးတရားဆိုတာ နည်းနည်းလေးမှ မရှိဘူးလား။ ဆရာဝူသာ သိရင် ရှင့်ကို မကယ်ဘဲ ရှင့်သက်တမ်း ကုန်၊ မကုန် ဒီအတိုင်း လွှတ်ထားလိုက်သင့်တာ"
ထိုအခြေအနေသို့ ရောက်နေသည့်တိုင် ကျိုးပန်းရှန်းမှာ ခေါင်းမာနေတုန်းပင်။
"ငါ့သက်တမ်း မကုန်သေးဘူး ပြောတာက ငါက အသားမည်းရောဂါကို မကြောက်လို့ မဟုတ်ဘူး။ ငါ ဘေးဒုက္ခနဲ့ ကြုံတိုင်း ငါ့ကို ကူညီမယ့်သူ ပေါ်လာစမြဲပဲ။ နန်းတွင်းသမားတော် ဝူက ငါ့ရဲ့ ကယ်တင်ရှင်ပဲ။ ကယ်တင်ရှင် ရှိနေမှတော့ ငါက ဘာကို ကြောက်နေရမှာလဲ"
ကျိုးပန်းရှန်းမှာ သူ၏ နှုတ်အားဖြင့် အသက်မွေးနေသူ ဖြစ်ရာ မည်သို့ပင်ဖြစ်စေ အဓိပ္ပာယ်ရှိလှသည်ဟု ထင်ရသော စကားများကို အမြဲ ပြောနိုင်သူ ဖြစ်သည်။
ချင်းချင်းမှာ ထိုသို့ စကားအရာတွင် လည့်ပတ်နေသော ကျိုးပန်းရှန်းကို အမြင်ကတ်သဖြင့် ပြန်၍ လှောင်ပြောင်ရန် ပြင်သော်လည်း ဝူကျိရှန်းက လက်ကာပြလိုက်ပြီးကျိုးပန်းရှန်း၏ သားကို ပြောလိုက်၏။
"မောင်ရင်။ မင်းအဖေရဲ့ အခြေအနေက တည်ငြိမ်သွားပါပြီ။ သူ့အသက်ကို ကယ်နိုင်ခဲ့ပြီ"
ကျိုးပန်းရှန်း၏ သားမှာ သူ၏အဖေနှင့် မတူဘဲ ရိုးသားဖြောင့်မတ်သော လူငယ်လေး ဖြစ်သည်။ သူသည် အင်္ကျီအကြားထဲမှ ငွေစေ့လေး အချို့ကို အမြန် ထုတ်ယူလိုက်သည်။
"ကျွန်တော့်ဆီမှာ ဒီလောက်ပဲ ရှိပါတယ်။ ဆေးဖိုးအတွက် လောက်ပါ့မလား"
ကူးစက်ရောဂါများ ပြင်းထန်နေချိန်တွင် ပဋိဇီဝဆေးဝါးများ၏ တန်ဖိုးမှာ "ရွှေတစ်ပိဿာ" နှင့်ပင် မလဲနိုင်ပေ။ အကယ်၍ ကျိုးပန်းရှန်းမှာ သူဌေးကြီးတစ်ဦးသာ ဖြစ်ပါက ဝူကျိရှန်းက အခကြေးငွေ အမြောက်အမြား တောင်းပေလိမ့်မည်။ သို့သော် ဤမိသားစုမှာ အလွန် ဆင်းရဲလှသည်။ သူတို့ စုဆောင်းထားသော ငွေများမှာ တစ်ကျပ်သားပင် မပြည့်ပေ။ ထို့ကြောင့် သူက ငွေမယူရန် ဆုံးဖြတ်လိုက်သည်။
"ထားလိုက်ပါတော့။ မင်းအဖေကို ကုပေးတဲ့အတွက် ငါ ငွေမယူပါဘူး"
ထိုစကားကို ကြားသည်နှင့် ကျိုးပန်းရှန်းမှာ ချက်ချင်းပင် ဝမ်းသာသွားပြီး သားဖြစ်သူကို ပြောလိုက်သည်။
"နန်းတွင်းသမားတော် ဝူက ပိုက်ဆံမယူဘူးတဲ့။ မြန်မြန် ငွေတွေကို ပြန်သိမ်းပြီး အိမ်ပြန်ကြစို့"
အိမ်ပြန်မည်လား။နောက်နေခြင်း ဖြစ်ရမည်။အထူးဆေးကြောင့် ရောဂါကို ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း အမြစ်ပြတ် ပျောက်ကင်းရန်မှာ အလှမ်းဝေးပါသေးသည်။အမှန်တကယ် ပျောက်ကင်းရန်အတွက် အနည်းဆုံး ဆေးတစ်ပတ်စာ ကုန်အောင် ကုသရဦးမည် ဖြစ်သည်။
"မင်းအဖေက အခုချက်ချင်း ပြန်လို့ မရသေးဘူး။ ဒီမှာပဲ ဆက်ပြီး ဆေးကုသမှု ခံယူရမယ်။ ရောဂါ အရှင်းပျောက်မှ ပြန်လို့ ရမှာ"
ဝူကျီရှန်းက ကျိုးပန်းရှန်း၏ သားကို ပြောလိုက်သည်။
"မင်း အရင်ပြန်နှင့်တော့"
"ကျေးဇူးတင်ပါတယ် နန်းတွင်းသမားတော် ဝူ"
ကျိုးပန်းရှန်း၏ သားမှာ ရိုးအလှသည်။ သူသည် ဝူကျိရှန်းကို မည်သို့ ကျေးဇူးတင်ရမည်မှန်း မသိသဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းကာ ဝူကျိရှန်းကို ဦးချလေတော့သည်။
"ကျွန်တော် ဘယ်လို ကျေးဇူးတင်ရမှန်း မသိလို့ ဦးပဲ ချပါရစေ"
"တုန်ကျီ။ မင်းအိမ်ရောက်ရင် ကြက်တွေ ဘဲတွေကို အစာကျွေးဖို့ မမေ့နဲ့ဦး။ ဝက်မကြီးကလည်း သားပေါက်တော့မှာဆိုတော့ ဖွဲနုတွေ ပိုကျွေးလိုက်ဦး"
"မင်းနာမည်က တုန်ကျီလား"
ဝူကျိရှန်းက ပြုံးကာ ဦးချနေသော တုန်ကျီကို ဆွဲထူလိုက်ရင်း
"မင်းအဖေ စကားကို အကုန်လုံး နားမယောင်နဲ့ဦး။ အိမ်ရောက်ရင် ကြက်၊ ဘဲတွေကို အရင် သွားမကျွေးနဲ့။ အရင်ဆုံး တစ်ကိုယ်လုံးကို ပြာရည်နဲ့ စင်ကြယ်အောင် ဆေးပါ။ ပြီးရင် မင်းဝတ်ထားတဲ့ အဝတ်တွေကို ရေနွေးပွက်ပွက်ဆူထဲမှာ ပြုတ်ပါ။ ပြီးရင် တစ်ယောက်တည်း သီးခြားနေပါ။ ဘယ်သူနဲ့မှ အနီးကပ် မထိတွေ့နဲ့ဦး"
ကျိုးပန်းရှန်း၏ သားတွင်လည်း ရောဂါပိုး ပါလာနိုင်သဖြင့် ပိုးသတ်ခြင်းနှင့် သီးခြားနေထိုင်ခြင်းမှာ အလွန် လိုအပ်သည်။
"မှတ်သားထားပါပြီ။ ကျေးဇူးတင်ပါတယ် နန်းတွင်းသမားတော်ကြီးခင်ဗျာ"
……….
အခန်း ၄၈။ အရေးပေါ် အကူအညီတောင်းခံခြင်း
"ဆရာဝူ။ ဒီပစ္စည်းလေးကို အပူချိန်တိုင်းကိရိယာလို့ ခေါ်တာလား"
ချင်းချင်းသည် အလွန်နှစ်သက်သော ကစားစရာကို တွေ့လိုက်ရသည့် ကလေးတစ်ယောက်ကဲ့သို့ စိတ်ဝင်တစား ရှိနေသည်။ သူမသည် အပူချိန်တိုင်းကိရိယာကို လက်ထဲကိုင်ကာ အထပ်ထပ် အခါခါ ကြည့်နေရင်းပြောလိုက်၏။
"ဒီအရာလေးက သေးသေးလေးနဲ့ အတွင်းထဲမှာ အနီရောင်မျဉ်းလေး ပါတာပဲ။ တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ"
"သေးပေမဲ့ သူ့ရဲ့ အသုံးဝင်ပုံကတော့ ကြီးမားပါတယ်။ ဒါက အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတစ်ခုပါ။ ကစားဖို့ မဟုတ်ဘူး"
ဝူကျိရှန်းက ပြုံး၍ ပြောလိုက်သည်။
"ဒါကို ဘယ်လို သုံးတာလဲ"
ဝူကျိရှန်းက အပူချိန်တိုင်းကိရိယာထဲရှိ အနီရောင် ပြဒါးမျဉ်းကို ညွှန်ပြကာ ချင်းချင်းကို ရှင်းပြလိုက်သည်။
"အတွင်းထဲက အနီရောင်မျဉ်းကို တွေ့လား။ အဲဒါက လူနာရဲ့ ကိုယ်အပူချိန်ကို တိုင်းတာဖို့ သုံးတာ"
"ရောဂါတော်တော်များများက လူနာရဲ့ ကိုယ်အပူချိန်ကို ပြောင်းလဲစေတယ်။ လူနာရဲ့ အပူချိန်ကို တိုင်းကြည့်ခြင်းအားဖြင့် သူ ဘာရောဂါဖြစ်နေလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းလို့ ရတယ်"
ချင်းချင်းသည် အပူချိန်တိုင်းကိရိယာပေါ်ရှိ ဂဏန်းများကို မဖတ်တတ်သော်လည်း အသုံးဝင်ပုံမှာ ရိုးရှင်းသဖြင့် သူမကိုယ်တိုင် အကြိမ်အနည်းငယ် တိုင်းကြည့်ပြီးနောက် အခြေခံ အသုံးပြုပုံကို လျင်မြန်စွာ တတ်မြောက်သွား၏။
အရှေ့ဘက်ကောင်းကင်တွင် အရုဏ်တက်စပြုလာချိန်တွင် ဝူကျ်ိရှန်းက ကျိုးပန်းရှန်းကို စထရက်တိုမိုင်စင် တစ်လုံး ထပ်မံ ထိုးပေးလိုက်သည်။ သို့သော် ယခုအကြိမ်တွင် ဆေးပမာဏကို တစ်ဝက် လျှော့ချလိုက်သည်။
ကျိုးပန်းရှန်း၏ ရောဂါမှာ ကူးစက်ရောဂါ အကြီးအကျယ် ပျံ့နှံ့တော့မည့် အချက်ပြချက်ပင် ဖြစ်သည်။ နောင်တွင် လူနာများစွာ ရောက်လာနိုင်သဖြင့် အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်။
တစ်ခါသုံး နှာခေါင်းစည်းများမှာ ကုန်သွားပြီ ဖြစ်သဖြင့် သူသည် ဝါဂွမ်းနှင့် ပိတ်စများကို သုံး၍ ရိုးရှင်းသော နှာခေါင်းစည်းအချို့ကို ချုပ်လုပ်လိုက်သည်။ သို့သော် ၎င်းမှာ လုံလောက်မှု မရှိသေးပေ။
"ချင်းချင်း။ ဒီကို ခဏလာဦး"
"ဆရာဝူ ဘာများ ခိုင်းမလို့လဲ"
သူက ဘာမှမပြောဘဲ အာပရိကို ဆွဲခေါ်လိုက်သည်။
ထိုကဲ့သို့ အနည်းငယ် ကြမ်းတမ်းသော လုပ်ရပ်ကြောင့် ချင်းချင်းမှာ လန့်သွားပြီး နောက်သို့ ဆုတ်လိုက်မိသည်။
"ဆရာဝူ။ ကိုယ်ချင်းစာပါဦး။ ယောက်ျားနဲ့ မိန်းမ မထိတွေ့သင့်ဘူးလေ"
"ဘာတွေ တွေးနေတာလဲ။ ယောက်ျား မိန်းမ ခွဲခြားနေဖို့ အချိန် မဟုတ်ဘူး"
ဝူကျိရှန်းက အဖြူရောင် ပိတ်စတစ်စကို ထုတ်ကာ ချင်းချင်း၏ အရပ်နှင့် တိုင်းကြည့်ရင်း ရယ်မောလိုက်ကာ
"ကူးစက်ရောဂါက ရောက်လာတော့မယ်။ နင့်အတွက် ကာကွယ်ရေး ဝတ်စုံအချို့ လုပ်ပေးမလို့"
သူမက ဆရာဝူသည် တစ်ခုခု မလျော်မကန် လုပ်တော့မည်ဟု ထင်နေသော်လည်း အမှန်တကယ်တွင် သူက အရပ်တိုင်းနေခြင်းသာ ဖြစ်သည်။၎င်းမှာ ချင်းချင်းအတွက် သူစိမ်းယောက်ျားတစ်ယောက်နှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်သည်။
ဝူကျိရှန်းတွင် မကောင်းသော စိတ်မရှိမှန်း သိသော်လည်း သူမ၏ ရင်ခုန်သံမှာ မြန်နေပြီး အတွေးများလည်း ပျံ့လွင့်နေမိသည်။ သူမသည် ရွှံ့ရုပ်၊ သစ်သားရုပ်ကဲ့သို့ တောင့်တောင့်ကြီး ရပ်နေရုံသာ တတ်နိုင်တော့သည်။
မကြာမီ ဝူကျိရှန်းသည် ရိုးရှင်းသော "ကာကွယ်ရေး ဝတ်စုံ" တစ်ခုကို ချုပ်လုပ်ကာ ချင်းချင်းအား ဝတ်ခိုင်းလိုက်၏။
"နောက်ဆိုရင် လူနာတွေနဲ့ ထိတွေ့တဲ့အခါ ရောဂါမကူးအောင် နှာခေါင်းစည်းနဲ့ ဒီဝတ်စုံကို အမြဲ ဝတ်ထားရမယ်"
"ဆရာပဲ့ ကျွန်မက အသားမည်းရောဂါကို မကြောက်တော့ဘူးလို့ ပြောခဲ့တာ မဟုတ်လား။ ဘာလို့ ဒါတွေကို ဝတ်နေရဦးမှာလဲ"
"ငါတို့က လူနာတွေနဲ့ ခဏခဏ ထိတွေ့ရမှာ။ ငါတို့ကိုယ်တိုင်ကနေတစ်ဆင့် ရောဂါပိုးတွေ တခြားသူဆီ မရောက်အောင် ကြိုတင် ကာကွယ်ထားရမယ်"
"ချင်းချင်း။ နင့်ရဲ့ လက်မှုပညာက ဘယ်လိုလဲ။ ဒီလို နှာခေါင်းစည်းနဲ့ ဝတ်စုံတွေကို ချုပ်တတ်လား"
ထိုစကားကို ကြားသောအခါ ချင်းချင်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်၏။
"ကျွန်မက အလွန်အမင်း တော်တယ်လို့ မပြောနိုင်ပေမဲ့ လက်မှုပညာမှာတော့ ဘယ်သူ့နောက်မှ မကျပါဘူး။ ဒီလို နှာခေါင်းစည်းနဲ့ ဝတ်စုံလေးတွေကို ချုပ်ဖို့ကတော့ အေးဆေးပါ။ ရာသီပေါ် အဝတ်အစားတွေတောင် ချုပ်တတ်ပါသေးတယ်"
"အေး။ အဲဒါဆိုရင် နှာခေါင်းစည်းနဲ့ ကာကွယ်ရေး ဝတ်စုံတွေ အများကြီး ထပ်ချုပ်ထားလိုက်ပါ"
"ပြီးတော့..."
ဝူကျိရှန်းက စက္ကူနှင့် ကလောင်ကို ယူကာ ဆေးညွှန်းတစ်ခု ရေးလိုက်၏။ ချိုင်ဟူ နှစ်ကျပ်သား၊ ဟွမ်လျန် နှစ်ကျပ်သား၊ ကျင်းရင်ဟွာနှစ်ကျပ်သားနှင့် ကုရှန်း၊ ပန်လန်ကန်း တို့ကို တစ်ကျပ်သားစီ ဖြစ်သည်။
လက်ကျန် ပဋိဇီဝဆေးများမှာ အလွန် တန်ဖိုးရှိလှသည်။ ကျိုးပန်းရှန်း၏ အခြေအနေမှာ တည်ငြိမ်သွားပြီ ဖြစ်သဖြင့် နောင်တွင် ပဋိဇီဝဆေး ပမာဏကို လျှော့ချကာ တိုင်းရင်းဆေးများကိုသာ အဓိက သုံးတော့မည် ဖြစ်သည်။
စထရက်တိုမိုင်စင် အားလုံးကို ကျိုးပန်းရှန်း တစ်ယောက်တည်းအတွက် အကုန်သုံး၍ မဖြစ်ပေ။
"ဒါက ချိုင်ဟူဆေးရည် ဖော်စပ်နည်းပဲ။ ဒီဆေးမြစ်တွေကို ပြုတ်ပြီး ကျိုးပန်းရှန်းကို တိုက်လိုက်ပါ။ သုံးနာရီခြား တစ်ခါ၊ တစ်နေ့ကို အနည်းဆုံး သုံးကြိမ် တိုက်ရမယ်"
"ပြီးတော့ ကျိုးပန်းရှန်းရဲ့ နေထိုင်စားသောက်မှုကိုလည်း ဂရုစိုက်ပေးဦး။ ထမင်းကျွေးတာအပြင် သူ့ရဲ့ မစင်၊ ဆီးနဲ့ တံတွေးတွေကိုလည်း စုဆောင်းပြီး မီးရှို့ပစ်ရမယ်"
ချင်းချင်းသည် ကျိုးပန်းရှန်းကို အမြင်မကြည်သဖြင့် ဝူကျိရှန်းက သူမအား ဂရုစိုက်ခိုင်းသောအခါ ဂရုစိုက် ပေးရန်အလွန် ဝန်လေးနေမိသည်။ထိုရွံစရာကောင်းသော အဖိုးကြီးအတွက် ဆေးပြုတ်ပေးရသည်မှာ တစ်မျိုး၊ ယခုမူ သူ၏ ဝတ်ကြီးဝတ်ငယ်များကိုပါ ပြုစုပေးရမည် ဆိုတော့.အလွန် ရွံစရာကောင်းသော အလုပ်တစ်ခု ဖြစ်၏။
"နင့်လို လှပတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒါတွေကို လုပ်ဖို့ ခက်ခဲမယ်ဆိုတာ ငါ သိပါတယ်"
ဝူကျိရှန်းက ပြုံး၍ ပြောလိုက်သည်။
"ကံကောင်းတာက သိပ်မကြာပါဘူး။ မနက်ဖြန် ဒီအချိန်လောက်ဆိုရင် ငါ ပြန်ရောက်လာမှာပါ။ အဲဒီကျရင် ငါပဲ ့ဆက်လုပ်ပါ့မယ်"
"ဆရာဝူ အပြင်သွားမလို့လား"
"ဟုတ်တယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် ခရီးဝေး သွားရမယ်။ အဆင်ပြေရင် ဒီနေ့ညဉ့်နက်ပိုင်း၊ အနောက်ဆုံး မနက်ဖြန်လောက်ဆိုရင် ငါ ပြန်ရောက်မှာပါ"
"ဆရာ ဘာသွားလုပ်မလို့လဲ"
မေးပြီးမှ ချင်းချင်းနောင်တရသွား၏။ သူမသည် အစေခံတစ်ယောက်သာ ဖြစ်သဖြင့် ဤမျှအထိ မမေးသင့်ပေ။ "
"ဆရာက အရေးကြီးတာ လုပ်ဖို့ သွားမှာပဲ။ ကျွန်မ မမေးသင့်ပါဘူး"
"မမေးသင့်တာ မဟုတ်ပါဘူး။ ငါ အကူအညီပေးမယ့်သူတွေ သွားရှာမလို့ပါ"
လွန်ခဲ့သော ရက်အနည်းငယ်က လိုက်လံ စုံစမ်းမှုများအရ ဝူကျိရှန်းသည် ဒေသတွင်းရှိ ရောဂါအခြေအနေကို အကြမ်းဖျင်း သိရှိထားပြီ ဖြစ်သည်။
လက်ရှိ အခြေအနေအရ အနည်းဆုံး လူပေါင်း သုံးဆယ်ကျော်မှာ ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ပြီး စောင့်ကြည့်ရန် လိုအပ်သူများစွာလည်း ရှိနေသေးသည်။
ဝူကျိရှန်းကို အထူး စိုးရိမ်စေသည်မှာ ပြည်သူများအကြား အခြေခံ ကူးစက်ရောဂါ ကာကွယ်ရေး အသိပညာ မရှိခြင်း ဖြစ်သည်။ လူများမှာ အန္တရာယ်ကို သတိမထားမိကြဘဲ ရောဂါရှိသူနှင့် ထိတွေ့ထားသူများပင် ဆွေမျိုးမိတ်ဆွေများထံ သွားလာနေကြသည်။
ဤအခြေအနေ အားလုံးမှာ ကူးစက်ရောဂါ ပိုမို ပျံ့နှံ့တော့မည်ကို ပြသနေပြီး အလွန် အန္တရာယ်ကြီးသည်။ အဆိုးဆုံးမှာ လူအင်အား မလုံလောက်သဖြင့် "လမ်းကြောင်းများ ပိတ်ဆို့ခြင်း" နှင့် "သီးခြား ခွဲထုတ်ခြင်း" ကဲ့သို့သော အခြေခံ ကာကွယ်ရေး လုပ်ငန်းများကိုပင် မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
သူ အကူအညီ ရှာရမည်။လက်ရှိတွင် ဝူကျိရှန်းကို ကူညီနိုင်မည့်သူမှာ ယွန်းချွမ်းခံတပ်ရှိ စစ်သားများသာ ရှိသည်။
တပ်မှူးချုပ်ဟူချန်ကို ရှာတွေ့ပြီး စစ်သားများ ခေါ်လာနိုင်လျှင် အတင်းအကျပ် သီးခြားခွဲထုတ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ခရိုင်အုပ်ချုပ်ရေးရုံးမှာ အလုပ်မလုပ်တော့သဖြင့် ယွန်းချွမ်းခံတပ်မှ စစ်သားများမှာသာ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်တော့သည်။
"ယွန်းချွမ်းခံတပ်ကို သွားတဲ့လမ်းက မလွယ်ဘူး။ ဆရာဝူအတွက် ရထားလုံး တစ်စီးလောက် ကျွန်မ ခေါ်ပေးမယ်"
ရထားလုံးလား။မလိုပါဘူး။ယွန်းချွမ်းခံတပ်မှာ မိုင်အနည်းငယ်သာ ဝေးသော်လည်း တောင်ကြော နှစ်ခုကို ဆက်တိုက် ဖြတ်ကျော်ရမည် ဖြစ်သည်။ ရထားလုံးမှာ တောင်ပေါ်သို့ မတက်နိုင်သဖြင့် ပတ်သွားရမည် ဖြစ်ရာ ခြေကျင်သွားခြင်းက ပို၍ မြန်ပေလိမည်။
……..