အခန်း (၅၉-၆၀)
Vol. 5 Ch. 59-60
အခန်း (၅၉) - နတ်ဆေးဆရာကြီးဟွာထော့၏ အနွယ်အဆက် ဖြစ်သွားခြင်း
"နတ်ဆေးဆရာကြီးစွန်း ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ"
သူတို့ရှေ့တွင် ရပ်နေသောနတ် ဆေးဆရာစွန်းသည် ဦးထုပ်ကို ငိုက်စိုက်ဆောင်းထားပြီး ကိုယ်တိုင်လုပ် နှာခေါင်းစည်းကို တပ်ထားသဖြင့် မျက်လုံးနှစ်လုံးသာ မြင်ရတော့သည်။
မျက်နှာကို ဖုံးကွယ်ထားလျှင် ဝူကျိရှန်းက သူ့ကို မှတ်မိမည်မဟုတ်ဟု သူက ထင်မှတ်ခဲ့ခြင်း ဖြစ်၏။
သို့သော် ၎င်းမှာ သဲထဲခေါင်းဝှက်ထားသော ငှက်ကုလားအုတ်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းသာ ဖြစ်ပေသည်။
ဝူကျိရှန်းနှင့် နတ်ဆေးဆရာစွန်းတို့မှာ အိမ်နီးချင်းများ ဖြစ်ကြသလို ပြိုင်ဘက်များအဖြစ် သတ်မှတ်ခံခဲ့ရသည်မှာ ကြာပြီဖြစ်ရာ ဝူကျိရှန်းအနေဖြင့် သူ့ကို ပြာဖြစ်သွားလျှင်တောင် မှတ်မိနေမည် ဖြစ်သည်။
"ခင်ဗျားလည်း အသားမည်းကပ်ရောဂါ ကူးစက်ခံလိုက်ရတာလား"
နတ်ဆေးဆရာကြီးစွန်းသည် အမှန်တကယ်ပင် ကူးစက်ခံထားရခြင်း ဖြစ်ပြီး ကူးစက်ခံရသည်မှာလည်း အတော်ကြာခဲ့ပြီ ဖြစ်၏။ သူသည် အဖျားငွေ့ငွေ့ ရှိနေကာ အန်ချင်စိတ်များ အပြင်းအထန် ဖြစ်ပေါ်နေသော်လည်း ဘာမှ ထွက်မလာခဲ့ပေ။
ဝူဆေးခန်းတွင် အသားမည်းကပ်ရောဂါကို ကုသနိုင်သည်ဟူသော သတင်း ပျံ့နှံ့သွားကတည်းက အန်းမင်းခန်းမတွင် ကုသမှုခံယူနေသော လူနာအားလုံးမှာ လမ်းတစ်ဖက်ရှိ ဝူဆေးခန်းသို့ စုပြုံရောက်ရှိသွားကြသည်။
နတ်ဆေးဆရာကြီးစွန်းမှာမူ ချက်ချင်းမလာဘဲ မိမိအခန်းထဲ၌သာ အောင်းကာ ဆေးမြီးတိုများ ဖော်စပ်သောက်နေခဲ့သော်လည်း ထိရောက်မှု မရှိဘဲ ရောဂါအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။
"ငါက ဒီနယ်မှာ နာမည်ကျော်ပြီး အများလေးစားရတဲ့ သမားတော်တစ်ယောက်ပဲ။ ငါဖျားတာကို ဝူကျိရှန်းဆီမှာ သွားကုရတယ်လို့ သတင်းထွက်သွားရင် ငါ ဘယ်သူ့မျက်နှာ ကြည့်ရတော့မလဲ"
သို့သော် နောက်ဆုံးတွင်မူ အသက်သည် ဂုဏ်သိက္ခာထက် ပို၍ အရေးကြီးလှပေသည်။ နတ်ဆေးဆရာစွန်းသည် အခြားသူ မမှတ်မိစေရန် "ရုပ်ဖျက်" ပြီး ဝူဆေးခန်းသို့ လာခဲ့ရတော့သည်။
မည်မျှပင် ဖုံးကွယ်ထားပါစေ ဝူကျိရှန်းက မှတ်မိသွားသဖြင့်နတ်ဆေးဆရာကြီးစွန်းမှာ အလွန်ပင် အရှက်ရသွား၏။ သူ၏ မျက်နှာအိုကြီးမှာ နီမြန်းရာမှ ပြာနှမ်းသွားပြီး မြေလျှိုးချင်စိတ်ပင် ပေါက်သွားတော့သည်။
"အို... နတ်ဆေးဆရာစွန်း၊ နတ်ဆေးဆရာစွန်း... အခုတော့ သင်လည်း ပြိုင်ဘက်နှင်တွေ့ပြီပေါ့"
ချင်းချင်းသည် နတ်ဆေးဆရာကြီးစွန်းက အသုဘအခမ်းအနားတွင် ဆရာဝူကို အတင်းအဓမ္မ ရိုက်နှက်ခဲ့သည်ကို သတိရကာ မကျေမချမ်း ဖြစ်နေမိသည်။
"အဲဒီတုန်းကဆရာဝူက သတိပေးသားပဲ။ ဒါပေမဲ့ သင်ကမှ နားမထောင်တာ။ အခုတော့ သင်ကိုယ်တိုင် အသားမည်းရောဂါ ကူးစက်ခံရပြီဆိုတော့ ကောင်းကင်ကြီးက မျက်စိပွင့်လာပြီ ထင်ပါရဲ့"
ချင်းချင်းမှာမှာ စကားပြောပွင့်လင်းမြန်ဆန်သော မိန်းကလေး ဖြစ်ရာ သူမ၏ ထိုးနှက်ချက်များကြောင့် နတ်ဆေးဆရာကြီးစွန်းမှာ စကားပင် ပြန်မပြောနိုင်တော့ပေ။
"အဲဒီတုန်းက ဆရာဝူကို သင်ရိုက်ခဲ့တယ်၊ အခုတော့ သင်ကိုယ်တိုင် ဖျားပြီ။ ဒါကို ဝဋ်လည်တာလို့ ခေါ်တယ်"
သူမသည် ဆရာဝူ အရိုက်ခံရသည်ကို စိတ်နာမပြေနိုင်သေးသဖြင့် နှုတ်ခမ်းလေးဆူကာ ဆက်ပြော၏။
"ကျွန်မတို့ သူ့ကို မကုပေးသင့်ဘူး"
"ဖျားနာသူကို ကုသပေးပြီး အသက်ကယ်ရမှာက သမားတော်တစ်ယောက်ရဲ့ တာဝန်ပဲ။ ဒီကိုလာတဲ့သူတိုင်းက လူနာတွေပဲမို့ အတိတ်က ကိစ္စတွေကို ငါတို့ မေ့ထားသင့်ပါတယ်"
ဝူကျိရှန်းက နတ်ဆေးဆရာကြီးစွန်းကို ပြုံးပြရင်း ပြောလိုက်သည်။
"ဒီကဆေးက အသားမည်းကပ်ရောဂါကိုကုနိုင်တာတော့အမှန်ပဲ။ ဒါပေမဲ့ အန္တရာယ်တော့ ရှိတယ်။ အရင်ဆုံး အသက်ရှင်ခြင်းနဲ့ သေခြင်းဆိုင်ရာ ဝန်ခံကတိပြုလွှာမှာ လက်မှတ်ထိုးရမယ်"
နတ်ဆေးဆရာကြီးစွန်းသည် ဘာမှပြန်မပြောဘဲ ဝန်ခံကတိပြုလွှာပေါ်တွင် ရဲရဲနီနေသော လက်ဗွေကို နှိပ်လိုက်လေသည်။
ဝူကျိရှန်းသည် အငြိုးအတေး ထားတတ်သူတစ်ဦး ဖြစ်ရာ မူလက သူ့ကို ခနဲ့တဲ့တဲ့ စကားအချို့ ပြောချင်သော်လည်း သူ၏ သနားစရာကောင်းပြီး အရှက်ရနေသော ပုံစံကို မြင်သောအခါ စိတ်ပြောင်းသွား၏။ သူသည် ဘာမှထပ်မပြောတော့ဘဲ ကုသမှုကို ချက်ချင်း စတင်လိုက်တော့သည်။
ဆေးကို အပ်ဖြင့် ထိုးသွင်းကုသသည့် နည်းလမ်းမှာ မင်မင်းဆက်တွင် အသစ်အဆန်း ဖြစ်သော်လည်း နတ်ဆေးဆရာစွန်းအတွက်မူ လုံးဝ နားမလည်နိုင်သော ကိစ္စမဟုတ်ပေ။
ကျင်းမင်းဆက်မှ လူတစ်ဦး ရေးသားခဲ့သော "ရွှေဆေးနည်းတစ်ထောင်၏ ကြွင်းကျန်ရစ်သော ဆန္ဒများ စာအုပ်ထဲတွင် ထိုသို့သော နည်းလမ်းကို မှတ်တမ်းတင်ထားဖူး၏။
ထိုစာအုပ်မှာ ရိုးရိုးဆေးကျမ်း မဟုတ်ဘဲ ပုံပြင်ပေါင်းချုပ် နှင့် ဆင်တူသော စာအုပ်ငယ်လေး ဖြစ်သည်။ ၎င်းထဲတွင် တစ်ဝက်မှာ အမှန်ဖြစ်ပြီး တစ်ဝက်မှာ အချက်အလက်မခိုင်လုံသော ဆေးဘက်ဆိုင်ရာ ပုံပြင်များနှင့် ဒဏ္ဍာရီများစွာ ပါဝင်သည်။
ထိုစာအုပ်ငယ်လေးထဲတွင် ဟွာထော့က ကျောက်ကျိုးဘုရင်ခံကို ကုသပေးခြင်းဟူသော ပုံပြင်တိုလေး တစ်ပုဒ် ပါရှိ၏။ ထိုစဉ်က ပြင်းထန်သော ကပ်ရောဂါ ကျရောက်နေလေသည်။ ဟွာထော့သည် အခေါင်းပေါက်ပါသော ကြေးအပ်ကို အသုံးပြုကာ ငါးကော်ပြွန်ဖြင့် ဆေးကို ထိုးသွင်းကုသပေးခဲ့ရာ လူနာမှာ ပြန်လည်ကျန်းမာလာလေသည်။
ငါးကော်ပြွန်နှင့် အခေါင်းပေါက်ပါသော ကြေးအပ်ကို အသုံးပြုကာ ခန္ဓာကိုယ်ထဲသို့ ဆေးထိုးသွင်းခြင်းမှာ ဆေးထိုးနည်းနှင့် ပတ်သက်သော ရှေးအကျဆုံး မှတ်တမ်းပင် ဖြစ်တော့သည်။ ထိုပုံပြင်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သော သမိုင်းလော သို့မဟုတ် ဒဏ္ဍာရီလော ဆိုသည်ကိုမူ ယခုအခါ အတည်မပြုနိုင်တော့ချေ။
"နာရီဝက်အတွင်းမှာ အရေပြားယားယံတာ ဒါမှမဟုတ် အသက်ရှူရခက်တာမျိုး မရှိရင် မိုးချုပ်တဲ့အခါ နောက်တစ်ခါ ထပ်ထိုးပေးမယ်"
နတ်ဆေးဆရာကြီးစွန်းမှာမူ ဝူကျိရှန်း၏ စကားကို မကြားသကဲ့သို့ တတွတ်တွတ် ရေရွတ်နေ၏။
"မင်းက ရွှေခေါင်းလောင်းဂိုဏ်းရဲ့ အနွယ်အဆက် မဟုတ်လား"
ဆေးထိုး၍ ကုသသော နည်းလမ်းကို နတ်ဆေးဆရာ ဟွာထော့က စတင်ခဲ့ခြင်း ဖြစ်ပြီး ဟွာထော့သည် ရွှေခေါင်းလောင်းဂိုဏ်း၏ အကြီးအကဲ ဖြစ်သည်။
ထို့ကြောင့် ဝူကျိရှန်းသည် အခြေအမြစ်မရှိသော သမားတော်တစ်ဦး မဟုတ်ဘဲ ဟွာထော့၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော ရွှေခေါင်းလောင်းဂိုဏ်း၏တပည့်တစ်ဦးဖြစ်မည်ဟုနတ်ဆေးဆရာကြီးစွန်းကယုံကြည်နေလေသည်။
ဝူကျိရှန်းမှာမူ တခြားလူနာများစွာကို ကုသရန် စောင့်နေသဖြင့် အလွန်ပင် အလုပ်များနေ၏။ သူသည် ထိုစကားက ဘာကို ဆိုလိုမှန်း မသိသကဲ့သို့ စဉ်းစားနေရန်လည်း အချိန်မရှိပေ။ ထို့ကြောင့် သူက ခပ်အေးအေးပင် ပြောလိုက်သည်။
"ခင်ဗျားအတွက် ဆေးတချို့ ထပ်စပ်ပေးဦးမယ်... ထားလိုက်ပါတော့။ သင်က ဒီနယ်ပယ်မှာ ကျွန်တော့်ထက် ပိုသိတာပဲ။ ဆေးကိုတော့ ခင်ဗျားဘာသာ အိမ်မှာပဲ ပြုတ်သောက်လိုက်ပါ။ နောက်နှစ်နာရီကြာရင် နောက်တစ်ခါ ဆေးထပ်ထိုးဖို့ ပြန်လာခဲ့ဖို့ပဲ မှတ်ထားပါ"
ပုံမှန်အားဖြင့် ပိုးသတ်ဆေးထိုးပြီးနောက်တွင် တိုင်းရင်းဆေးမြီးတိုတချို့ကိုလည်း အားဖြည့်ကုသမှုအဖြစ် ညွှန်ကြားလေ့ရှိသည်။
သို့သော် နတ်ဆေးဆရာကြီးစွန်းကိုယ်တိုင်က တိုင်းရင်းဆေးပညာရှင် တစ်ဦးဖြစ်ရာ အဆိပ်ဖြေခြင်း၊ အဆုတ်အားကောင်းစေခြင်းနှင့် ချောင်းဆိုးပျောက်စေခြင်းများမှာ သူ၏ ကျွမ်းကျင်မှုများ ဖြစ်သဖြင့် ဝူကျိရှန်းအနေဖြင့် စိုးရိမ်ရန် မလိုတော့ပေ။
"အို... နတ်ဆေးဆရာစွန်း၊ သင့်ကို တကယ် ချီးကျူးမိပါတယ်"
ချင်းချင်းမှာ ဝူကျိရှန်းကဲ့သို့ သဘောထားမကြီးနိုင်ပေ။ သူမသည် နတ်ဆေးဆရာကြီးစွန်း၏ အားနည်းချက်ကို ဆွဲထုတ်ကာ အခွင့်အရေးရတိုင်း လှောင်ပြောင်နေတော့သည်။
"တခြားဟာတွေကို ထားလိုက်ပါဦး။ သင့်မျက်နှာကတော့ တကယ်ပဲ ထူတာပဲ။ ကျွန်မတို့ဆရာဝူနဲ့ အသေအလဲ ရန်ဖြစ်ထားပြီးတော့မှ အခု ဆရာဝူ့ဆီမှာ လာကုနိုင်သေးတယ်နော်။ မြို့ရိုးတောင်သင့်မျက်နှာလောက် မထူဘူး ထင်ပါရဲ့"
ယခင်ကဆိုလျှင် မိန်းကလေးငယ်တစ်ဦး၏ဆဲဆို လှောင်ပြောင်သည်ကို ခံရပါက နတ်ဆေးဆရာစွန်းမှာ အလွန်ပင် အရှက်ရပေလိမ့်မည်။ သို့သော် ယခုမူ သူသည် တည်ငြိမ်နေပြီး မုတ်ဆိတ်ကို သပ်ကာ တဟားဟား ရယ်မောလေသည်။
"လူတိုင်းမှာ အားသာချက်နဲ့ အားနည်းချက် ရှိစမြဲပါပဲ။ ငါတို့ရဲ့ ဖန်းကျိကျောင်းတော်နဲ့ ရွှေခေါင်းလောင်းဂိုဏ်းဆိုတာ သစ်ပင်တစ်ပင်တည်းက ထွက်လာတဲ့ အကိုင်းအခက်တွေပါပဲ။ ရွှေခေါင်းလောင်းဂိုဏ်းရဲ့ တိုက်ရိုက်မျိုးဆက်ဆီမှာ ရှုံးနိမ့်တာက ရှက်စရာ မဟုတ်ပါဘူး"
ရွှေခေါင်းလောင်းဂိုဏ်း ဟုတ်လား။အဲဒါက ဘာဂိုဏ်းလဲ။အဖိုးကြီးစွန်းက တိုက်ရိုက်မျိုးဆက်လို့ ပြောတာက ဘာကို ဆိုလိုတာလဲ။
"ငါတို့ ဖန်းကျိကျောင်းတော်က ကိုးကွယ်တဲ့ အကြီးအကဲက ဆေးဘုရင် စွန်းစီမြောင် ဖြစ်တယ်။ အရှေ့ဟန်မင်းဆက်က နတ်ဆေးဆရာ ဟွာထော့ ဆေးကုတဲ့အခါ ရွှေခေါင်းလောင်း တစ်တွဲကို အမြဲတမ်း လှုပ်ခါလေ့ရှိတယ်၊ ဒါကြောင့် သူ့ရဲ့ တပည့်တွေကို ရွှေခေါင်းလောင်းဂိုဏ်းလို့ ခေါ်ကြတာပဲ"
ချင်းချင်းမှာ ဆေးပညာလောက၏ ထိုကဲ့သို့သော နောက်ခံပုံပြင်များကို လုံးဝ နားမလည်ပေ။
"ဒါဆို ဆရာဝူက ဟွာထော့ရဲ့ တပည့်လို့ သင်က ပြောချင်တာလား"
"အဲဒါ သေချာတာပေါ့"
နတ်ဆေးဆရာစွန်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
"နတ်ဆေးဆရာ ဟွာထော့က အဲဒီတုန်းက ခွဲစိတ်ကုသမှုမှာ အကျွမ်းကျင်ဆုံးပဲ။ ငါတို့ ဖန်းကျိကျောင်းတော်ကတော့ အတွင်းပိုင်းကုသမှုမှာ ပိုအာရုံစိုက်ခဲ့တာ..."
နတ်ဆေးဆရာ ဟွာထော့သည် ခွဲစိတ်ကုသမှုတွင် အမှန်တကယ်ပင် ကျော်ကြားလှပေသည်။ ကမ္ဘာကျော် မာဖေးဆန်း ဆေးနည်းဖြစ်စေ၊ လူသိနည်းသော တောက်ကွေး နည်းစနစ်ဖြစ်စေ အားလုံးမှာ ဟွာထော့၏ အမှတ်အသားများပင် ဖြစ်သည်။
"တောက်ကွေး နည်းစနစ်ဆိုတာ ဘာလဲ"
"တောက်ကွေး နည်းစနစ်ဆိုတာ ဝူကျိရှန်း အမြဲခေါ်နေတဲ့ ခွဲစိတ်မှုပေါ့။ သူ ကျန်းစစ်ကောရဲ့ ဝမ်းဗိုက်ကို ဖွင့်ပြီး ကုသပေးတာပဲဖြစ်ဖြစ်၊ တပ်မှူးချုပ် ဟူချန်ရဲ့ ဦးခေါင်းခွံကို ဖောက်ပြီး ကယ်တင်ခဲ့တာပဲဖြစ်ဖြစ် အားလုံးက တောက်ကွေး နည်းစနစ်တွေပဲ။ အဲဒီ မာဖေးဆန်း ဆေးသာ မရှိရင် လူနာက နာကျင်လွန်းလို့ သေသွားမှာပေါ့"
ဝူကျိရှန်း အသုံးပြုခဲ့သော မေ့ဆေးကို နတ်ဆေးဆရာစွန်းက မာဖေးဆန်းဟု နားလည်ထား၏။
ဝူကျိရှန်းသည် ခွဲစိတ်ကုသမှုတွင် ကျွမ်းကျင်နေသဖြင့် ထိုအချက်များအားလုံးကို ပေါင်းစပ်ကြည့်လျှင် ရလဒ်မှာ တစ်ခုတည်းသာ ထွက်လာပေသည်။သူသည် ဟွာထော့၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော ရွှေခေါင်းလောင်းဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သည်ဟူ၍ပင်။
"ဆရာဝူက ဟွာထော့အကြောင်းလည်း တစ်ခါမှ မပြောဖူးသလို ရွှေခေါင်းလောင်းဂိုဏ်းအကြောင်းလည်း မပြောဖူးပါဘူး။သင်လျှောက်ပြောနေတာ နေမှာပါ"
"ငါက လျှောက်ပြောရမှာလား"
နတ်ဆေးဆရာကြီးစွန်းက ခပ်ဟဟ ရယ်လိုက်သည်။
"သူ့မှာ ဆရာသမား အစဉ်အဆက် မရှိဘဲနဲ့ ဒီလောက် ထူးချွန်တဲ့ ဆေးပညာတွေ ဘယ်က ရမှာလဲ"
ဆေးပညာဆိုသည်မှာ မွေးရာပါ ပါလာသောအရာ မဟုတ်ပေ။ လေ့လာသင်ယူမှုမှသာ ရရှိနိုင်ခြင်း ဖြစ်သည်။
"ဆရာဝူ ပြောတာကတော့ သူက ဆေးတက္ကသိုလ်တစ်ခုကနေ သင်လာတာတဲ့။ ရှန်ကျန်း ဆေးတက္ကသိုလ် ဆိုလားပဲ"
"ရှန်ကျန်းဆိုတာ ဘယ်နားမှာလဲ"
"တောင်ဘက်ပိုင်းက တံငါရွာလေး တစ်ရွာထင်တယ်"
ထိုစကားကို ကြားသောအခါ နတ်ဆေးဆရာစွန်းသည် ပေါင်ကို ချက်ချင်း ရိုက်လိုက်တော့သည်။
"အဲဒါပဲပေါ့"
သမိုင်းမှတ်တမ်းများအရ နတ်ဆေးဆရာ ဟွာထော့တွင် တိုက်ရိုက်တပည့် သုံးဦး ရှိခဲ့သည်။ အကြီးဆုံးတပည့် ဝူဖူ၊ ဒုတိယတပည့် လီတန်းကျိနှင့် တတိယတပည့် ဖန်းအ တို့ ဖြစ်ကြသည်။
နတ်ဆေးဆရာ ဟွာထော့မှာ ချောင်ချောင်၏ သတ်ဖြတ်ခြင်းကို ခံရပြီးနောက် သူ၏ တပည့်သုံးဦးမှာ ဘေးအန္တရာယ်မှ လွတ်မြောက်ရန် တကွဲတပြား စီရင်ခဲ့ကြသည်။ ထိုအထဲမှ တပည့်ခေါင်းဆောင် ဝူဖူသည် တောင်ဘက်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့လေသည်။
ဝူကျိရှန်း၏ ဆေးပညာမှာ တောင်ဘက်ပိုင်းမှ သင်ယူခဲ့ခြင်း ဖြစ်ပြီး သူ၏ မျိုးရိုးအမည်မှာလည်း ဝူ ဖြစ်နေသဖြင့် သူသည် ရွှေခေါင်းလောင်းဂိုဏ်း၏ တပည့်ခေါင်းဆောင် ဝူဖူ၏ အနွယ်အဆက် ဖြစ်ရမည်ဟု နတ်ဆေးဆရာစွန်းက ကောက်ချက်ချလိုက်တော့သည်။
ဤကောက်ချက်မှာ အကျိုးအကြောင်း ခိုင်လုံလွန်းလှသဖြင့် နတ်ဆေးဆရာကြ္းစွန်းကိုယ်တိုင်ပင် ယုံကြည်သွားတော့၏။
ရွှေခေါင်းလောင်းဂိုဏ်းမှာ သမိုင်းတစ်လျှောက်တွင် သြဇာအကြီးဆုံးသော ဆေးပညာဂိုဏ်း ဖြစ်ပြီး သိုင်းလောကရှိ ရှောင်လင်ကျောင်းတော်ကဲ့သို့ပင် အားလုံးက လေးစားရသော နေရာတစ်ခု ဖြစ်ပေသည်။
ရွှေခေါင်းလောင်းဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်တစ်ဦးကို ရှုံးနိမ့်ရခြင်းမှာ လက်ဝှေ့ကြိုးဝိုင်းထဲတွင် မိုက်တိုင်ဆန်ကို ရှုံးရသကဲ့သို့ပင် ဖြစ်ရာ အရှက်ရစရာ လုံးဝ မဟုတ်တော့ပေ။
အခန်း (၆၀) - သမိုင်းတစ်လျှောက် ပထမဆုံးသူနာပြုမလေး
ကြည်လင်သော လသာယာညတွင် ဝင်းထဲရှိ ကုက္ကိုလ်ပင်အိုကြီးထက်၌ အဖြူရောင်ပွင့်ချပ်ကလေးများ ဝေဆာနေပြီး ပန်းရနံ့များက လေထုထဲတွင် သင်းပျံ့နေလေသည်။
တစ်နေ့တာလုံး အလုပ်ရှုပ်နေခဲ့သော ဝူကျိရှန်းသည် ယခုမှပင် အားလပ်ချိန် ရတော့သည်။
သူသည် ကုက္ကိုလ်ပင်အိုကြီးအောက်၌ လှဲလျောင်းရင်း ရှားပါးလှသော အပန်းဖြေချိန်ကို အရသာခံကာ မျက်စိမှိတ်ထားလိုက်၏။
"ဆရာ"
အတူတူ အချိန်ကုန်ဆုံးခဲ့ကြပြီးနောက် ချင်းချင်းနှင့် ဝူကျိရှန်းတို့၏ ဆက်ဆံရေးမှာ ပိုမို ရင်းနှီးလာခဲ့သည်။
သူမသည် ဆရာဝူ ဟု ခေါ်ရာမှ ပို၍ ရင်းနှီးမှုရှိသော ဆရာ ဟူသည့် အခေါ်အဝေါ်သို့ မသိလိုက်ဘဲ ပြောင်းလဲခေါ်ဆိုနေမိသည်။
"ဘေးအိမ်က အဖိုးကြီးစွန်း ပြောတာ ကြားလိုက်တယ်။ ဆရာက ရွှေခေါင်းလောင်းဂိုဏ်းရဲ့ အနွယ်အဆက် ဖြစ်ပြီး ဆရာ့ရဲ့ ဆေးပညာတွေ အားလုံးက ဟွာထော့ဆီက ဆင်းသက်လာတာဆို။ အဲဒါ တကယ်ပဲလား"
ဟွာထော့ ဟုတ်လား။အဲဒါက ဘယ်နှဘဝလောက်ကတည်းကလဲ။ငါ့ရဲ့ ဆေးပညာတွေကို ရှန်ကျန်းဆေးတက္ကသိုလ်မှာ သင်ခဲ့တာပါ။ ဟွာထော့နဲ့ ဘာမှမဆိုင်ပါဘူး။
"ဒါပေမဲ့ အဲဒီ အဖိုးကြီးစွန်းက ယုံကြည်ချက်အပြည့်နဲ့ ပြောနေတာ။
အကျိုးအကြောင်းလည်း ခိုင်လုံပုံပဲ"
ချင်းချင်းသည် ဝူကျိရှန်းအနားရပ်ေနရင်းမျက်နှာတွင် အပြုံးများဖြင့် မေးနေပြန်သည်။
"ဆရာက တကယ်ပဲ ဟွာထော့ရဲ့ အနွယ်အဆက်လားဟင်"
"ရောဂါကုသနိုင်ပြီး လူအသက်ကယ်နိုင်ရင် ဘယ်ဂိုဏ်းက ဆင်းသက်လာတယ်ဆိုတာ အရေးကြီးလို့လား"
ဝူကျိရှန်းက မျက်စိမဖွင့်ဘဲ ခပ်အေးအေးပင် ပြန်ပြောလိုက်၏။
"မင်းက အခုဆို ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီပဲ။ အခြား အဓိပ္ပာယ်မရှိတာတွေကို စဉ်းစားမနေဘဲ လူနာတွေကို ဘယ်လိုကုမလဲဆိုတာပဲ စဉ်းစားသင့်တယ်"
"ကျွန်မက ရောဂါမှ မကုတတ်တာ။ ဘယ်လိုလုပ် ဆေးပညာရှင် ဖြစ်မှာလဲ"
"ဖြစ်တာပေါ့"
ဝူကျိရှန်းက မျက်စိဖွင့်ကာချင်းချင်းကို ကြည့်လိုက်သည်။
"ငါတို့ခေတ်မှာ... ငါ့ဇာတိမှာဆိုရင် မင်းလိုလူမျိုးတွေကိုဆရာဝန်လို့ မခေါ်ပေမဲ့ သူနာပြုလို့ ခေါ်ကြတယ်"
လက်ရှိတွင် ချင်းချင်းသည် ကိုယ်အပူချိန်တိုင်းခြင်း၊ လူနာပြုစုခြင်းနှင့် ဆေးထိုးအပ်ဖြင့် ဆေးထိုးခြင်းတို့ကိုပင် တတ်မြောက်နေပြီ ဖြစ်သည်။ သူမ၏ ကျွမ်းကျင်မှုမှာ အားနည်းနေသေးသော်လည်း သူနာပြုတစ်ဦး၏ အခြေခံ အရည်အချင်းများတော့ ရှိနေပြီ ဖြစ်သည်။
ချင်းချင်းသည် သမိုင်းတစ်လျှောက် ပထမဆုံးသော သူနာပြုမလေး ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
သူမသည် သူနာပြုဟူသော စကားလုံး၏ အဓိပ္ပာယ်အမှန်ကို အပြည့်အဝ နားမလည်သော်လည်း ၎င်းမှာ အလွန်မြင့်မြတ်ပြီး သန့်စင်သော ဘွဲ့ထူးတစ်ခုဖြစ်ကြောင်း ခံစားမိနေ၏။
"ငါ့ဇာတိမှာ သူနာပြုဆိုတာ တရားဝင် အသက်မွေးဝမ်းကျောင်း တစ်ခုပဲ။ ဆရာဝန်တွေနဲ့ အမြဲတမ်း တွဲပြီး အလုပ်လုပ်ရတယ်။ ဆရာဝန်က ရောဂါကုသပြီး အသက်ကယ်သလို သူနာပြုကလည်း အဲဒီမှာ မရှိမဖြစ် အရေးပါတယ်"
"သူနာပြုက အဲလောက်တောင် အရေးကြီးတာလား"
"အရေးကြီးတာပေါ့။ နိုင်တင်ဂေးလ်လို့ခေါ်တဲ့ သူနာပြုမကြီးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူမက စစ်မြေပြင်မှာ ဒဏ်ရာရသူတွေကို ကယ်တင်ပြီး သေခါနီးလူတွေကို ပြုစုပေးခဲ့တယ်။ စစ်သားတွေက သူမကို မီးအိမ်ရှင် နတ်မိမယ် လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတယ်"
"နတ်မိမယ် ဆိုတာ ဘာလဲဟင်"
"နတ်မိမယ် ဆိုတာ ကောင်းကင်ဘုံက နတ်သမီးကို ပြောတာပေါ့"
နိုင်တင်ဂေးလ်သည် သူနာပြုပညာရပ်၏ ပြယုဂ်ဖြစ်ရခြင်းမှာ သူမက သူနာပြုသိပ္ပံနှင့် ပထမဆုံးသော သူနာပြုသင်တန်းကျောင်းကို တည်ထောင်ခဲ့သောကြောင့် ဖြစ်၏။ ဝူကျိရှန်းက ထိုအချက်များကို အသေးစိတ် မပြောသော်လည်းချင်းချင်းမှာ စိတ်ဝင်တစား နားထောင်နေတော့သည်။
"ဒါဆို သူနာပြုတွေက အဲလောက်တောင် လေးစားခံရတာပေါ့။ အဲဒီ နတ်မိမယ် နတ်သမီးလေးက ဘယ်ကလဲဟင်။ ကျွန်မ တစ်ခါမှ မကြားဖူးဘူး"
"သူမက ဥရောပ ကပါ"
ချင်းချင်းမှာ ဥရောပသည် ဘယ်နေရာမှန်း မသိပေ။ ရှုကျိုးတို့၊ ချင်းကျိုးတို့ကဲ့သို့ မြို့ကြီးတစ်မြို့ ဖြစ်မည်ဟုသာ ထင်နေသော်လည်း အလွန်ဝေးကွာမည်မှာ သေချာ၏။
"ကျွန်မလည်း အဲဒီ နတ်သမီးလေးလို ဖြစ်ချင်တယ်"
ချင်းချင်းတွင် သူနာပြုဖြစ်လိုသော ရည်မှန်းချက် ရှိနေသဖြင့် ဝူကျိရှန်းက သူမကို အခြေခံ ဆေးပညာဗဟုသုတအချို့ သင်ပေးရန် ဆုံးဖြတ်လိုက်သည်။
"လူသားတွေက အစားအစာတွေကို စားသောက်ကြတာမို့ ရောဂါဝေဒနာ အမျိုးမျိုး ဖြစ်ပေါ်လာတာကတော့ မလွဲဧကန်ပါပဲ"
ရှေးဟောင်းဆေးပညာများတွင် အရှေ့တိုင်းဖြစ်စေ၊ အနောက်တိုင်းဖြစ်စေ ကိုယ်တွင်းအင်္ဂါများအကြောင်းကို အမြဲ ဆွေးနွေးလေ့ရှိသည်။
"နှလုံး၊ အသည်း၊ သရက်ရွက်၊ အစာအိမ်နဲ့ ကျောက်ကပ်တွေအပြင် အရေးကြီးဆုံးကတော့ သွေးလှည့်ပတ်မှု စနစ်ပဲ"
သွေးလှည့်ပတ်မှုမှာ ရိုးရှင်းသော သဘောတရားဖြစ်သော်လည်း ချင်းချင်းအတွက်မူ နားလည်ရန် ခက်ခဲလှ၏။ နှလုံးမှာ ရင်ဘတ်ထဲတွင် ရှိသော်လည်း သွေးများမှာ တစ်ကိုယ်လုံးတွင် ရှိနေသည်မှာ အားလုံးသိထားသည့်အချက် ဖြစ်၏။ သို့သော် ဝူကျိရှန်းကမူ နှလုံးသည် တစ်ကိုယ်လုံးရှိ သွေးအားလုံးကို ထိန်းချုပ်ထားသည်ဟု ပြောနေသဖြင့် သူမအတွက် သဘာဝမကျသလို ခံစားနေရသည်။
"တစ်ကိုယ်လုံးက သွေးတွေက နှလုံးထဲမှာ ရှိနေတယ်လို့ ငါပြောတာ မဟုတ်ဘူး။ စီးဆင်းနေတဲ့ ရေတွေလိုပဲ သွေးလှည့်ပတ်မှု အကြောင်းကို ငါပြောနေတာ"
"ဒါဆို လူ့ခန္ဓာကိုယ်ထဲမှာ သွေးတွေ ဘယ်လို လှည့်ပတ်နေလဲဆိုတာ အသေးစိတ် ပြောပြပါဦး"
"သွေးလှည့်ပတ်မှု သဘောတရားကို သိဖို့ဆိုရင် အရင်ဆုံး နှလုံးရဲ့ အခြေခံ တည်ဆောက်ပုံကို သိရမယ်။ လူ့နှလုံးကို အပိုင်း လေးပိုင်း ခွဲထားတယ်"
"ဘာပြောလိုက်တယ်... လူမှာ နှလုံး လေးခု ရှိတာလား"
ချင်းချင်း အံ့အားသင့်သွား၏။
"လူတစ်ယောက်မှာ နှလုံး လေးခု ဘယ်လိုလုပ် ရှိမှာလဲ"
"လူမှာ နှလုံး လေးခု ရှိတယ်လို့ ငါမပြောဘူး။ နှလုံးကို အပိုင်း လေးပိုင်း ခွဲထားတာလို့ ပြောတာ။ အဲဒီ အပိုင်း တစ်ခုချင်းစီကို ဆက်သွယ်ထားတဲ့ အပေါက်တွေ ရှိတယ်၊ အဲဒီကနေ သွေးတွေ စီးဆင်းသွားတာပေါ့"
ချင်းချင်းတွင် ခန္ဓာဗေဒဆိုင်ရာ အခြေခံ လုံးဝမရှိသဖြင့် ဝူကျိရှန်းက အလွယ်ကူဆုံးနည်းဖြင့် ရှင်းပြနေရခြင်း ဖြစ်သည်။
သို့သော် ချင်းချင်းမှာမူ နားလည်သလိုလိုနှင့် ဇဝေဇဝါ ဖြစ်နေဆဲပင်။ သူမသည် မိမိဘာသာ ကောက်ချက်ချကာ ပြောလိုက်၏။
"လူ့နှလုံးထဲမှာ အပေါက်တွေ ရှိတယ်ဆိုတာ ကျွန်မ သိပါတယ်"
ဤခေတ်ကာလတွင် ခန္ဓာဗေဒပညာရပ် မရှိသေးရာ ချင်းချင်းက နှလုံးတည်ဆောက်ပုံကို သိနေခြင်းကြောင့် ဝူဇီရှန်းမှာ အံ့သြသွားရသည်။ "မင်း ဘယ်လို သိတာလဲ"
"သိတာ ကြာလှပြီ"
ချင်းချင်းက ရယ်မောရင်း ပြောလိုက်သည်။ "
လူတစ်ယောက်ရဲ့ နှလုံးထဲမှာ အပေါက်တွေ များလေလေ၊ အဲဒီလူက ပိုပြီး တော်လေလေပဲ။ ဥပမာ သျှန်မင်းဆက်က ဝန်ကြီးချုပ် ပီကန်းဆိုရင် ခုနစ်ပေါက်ပါတဲ့ ထူးခြားတဲ့ နှလုံးသား ရှိတာလေ"
နတ်ဘုရားများ ဘွဲ့နှင်းသဘင် ဝတ္ထုမှာ နောက်ပိုင်းမှ ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း ၎င်းနှင့် ပတ်သက်သော ဒဏ္ဍာရီများမှာ လူထုကြားတွင် စောစီးစွာပင် ရှိနေခဲ့ပြီး ဖြစ်သည်။
"ဝန်ကြီးချုပ် ပီကန်းက ခုနစ်ပေါက်ပါတဲ့ နှလုံးသားနဲ့ မွေးဖွားလာတာမို့ သစ္စာရှိပြီး သိက္ခာရှိတဲ့သူ ဖြစ်ခဲ့တာပေါ့။ သေပြီးတဲ့နောက်မှာလည်း နတ်ဘုရား ဖြစ်သွားတာလေ"
အာပရိကုတ်၏ ရှင်းပြချက်ကြောင့် ဝူကျိရှန်းမှာ ရူးချင်စိတ်ပင် ပေါက်သွားတော့သည်။ ငါက ဆေးပညာအကြောင်း ပြောနေတာကို သူမက နတ်ဘုရား ပုံပြင်တွေ လာပြောနေ၏။
အခြေခံ ဆေးပညာ ဗဟုသုတ မရှိသူအား သွေးလှည့်ပတ်မှု သဘောတရားကို စကားပြောရုံဖြင့် နားလည်အောင် လုပ်ရန်မှာ အလွန် ခက်ခဲလှပေသည်။ ဝူကျိရှန်းသည် မီးဖိုချောင်သို့ သွားကာ ချက်ပြုတ်ထားသော ဝက်နှလုံးတစ်ခုကို ယူလာပြီး လှီးဖြတ်ကာ ပြလိုက်သည်။
"ဒီဝက်နှလုံးကို ကြည့်စမ်း။ ဒီမှာ အပေါက်လေးတွေ ရှိနေတယ် မဟုတ်လား"
ချင်းချင်းက သေချာကြည့်ပြီးနောက် ဝူကျိရှန်း ပြောသည့်အတိုင်း အမှန်တကယ် ရှိနေသည်ကို တွေ့လိုက်ရ၏။
"ကျွန်မ ဝက်နှလုံးစွပ်ပြုတ် သောက်ဖူးတာ အကြိမ်ကြိမ်ပဲ၊ ဒါပေမဲ့ ဒီနေ့မှပဲ နှလုံးထဲမှာ အပေါက်တွေ ရှိတာကို သတိထားမိတော့တယ်"
"ဝက်နှလုံးနဲ့ လူ့နှလုံးက တကယ်တော့ အတူတူပဲ"
ဝူကျိရှန်း စကားမဆုံးခင်မှာပင်ချင်းချင်းက တဟားဟား ရယ်မောတော့သည်။
"ဝက်နှလုံးနဲ့ လူ့နှလုံးက အတူတူပဲ ဟုတ်လား။ ဆရာ လျှောက်မပြောပါနဲ့။ ဝက်က ဝက်၊ လူက လူပဲလေ။ ဘယ်လိုလုပ် အတူတူ ဖြစ်မှာလဲ"
"ဇီဝဗေဒ ရှုထောင့်ကနေ ကြည့်ရင်တော့ အခြေခံအားဖြင့် ဘာမှ မကွာခြားဘူး"
အလွန် ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ချင်းချင်းမှာဟက်ဟက်ပက်ပက်ရယ်လိုက်ရာ ခါးပင် လိမ်သွားတော့သည်။
"ဆရာကတော့ ဟာသတွေ ပြောတာ တော်လိုက်တာ၊ ကျွန်မကို ရယ်အောင် လုပ်နေပြန်ပြီ။ လူတွေက ဆန်စပါးကို စားတယ်၊ ဝက်တွေက ဖွဲနုနဲ့ ကောက်ရိုး စားတာလေ။ လူတွေက အိမ်မှာ နေတယ်၊ ဝက်တွေက ဝက်ခြံထဲမှာ နေတာ။ လူတွေက အသိဉာဏ်အရှိဆုံး သတ္တဝါတွေပဲ၊ ဝက်တွေကတော့ ထုံထိုင်းတာပေါ့။ လူနဲ့ ဝက် ဘယ်လိုလုပ် အတူတူ ဖြစ်မှာလဲ"
"လူရော ဝက်ရောက နို့တိုက်သတ္တဝါတွေပဲလေ"
"နို့တိုက်သတ္တဝါ ဆိုတာ ဘာလဲဟင်"
"မိခင်ရဲ့ နို့ကို သောက်ပြီး ကြီးပြင်းလာရတဲ့ သတ္တဝါတွေကို နို့တိုက်သတ္တဝါလို့ ခေါ်တာပေါ့"
"ဒါဆို ဆရာ့စကားအရ နွားတွေ ဆိတ်တွေကလည်း နို့တိုက်သတ္တဝါတွေပေါ့"
"ဟုတ်တာပေါ့"
"ဒါဆို နွားတွေ ဆိတ်တွေကလည်း လူတွေလိုပဲလားဟင်"
ဝူကျိရှန်းအတွက်မူ ဝက်၊ နွား၊ မြင်း၊ ဆိတ်နှင့် လူသားအားလုံးမှာ နို့တိုက်သတ္တဝါများသာ ဖြစ်ကြသည်။ သို့သော် ချင်းချင်းအတွက်မူ ဤအယူအဆကို လက်ခံရန် အလွန် ခက်ခဲလှပေသည်။
ဤပြဿနာကို ရှင်းပြနိုင်ရန်အတွက် အခြေခံ ဆေးပညာမျှဖြင့် မလုံလောက်တော့ဘဲ ပိုမိုနက်ရှိုင်းသော ဇီဝဗေဒ သဘောတရားများမှ စတင်ရပေတော့မည်။။