အခန်း (၅၁-၅၂)
Vol. 5 Ch. 51-52
အခန်း -၅၁ ကျင်းမင်းသား
ကျင်းမင်းသား၏ ရှေ့တွင် အလေးချိန် ပိဿာ သုံးလေးရာရှိသော တောဝက်များမှသည် ပါးနပ်သော မြေခွေးများ၊ လျင်မြန်သော ယုန်များနှင့် လတ်လတ်ဆတ်ဆတ် သတ်ထားသော တောဝက်ဝံတစ်ကောင်အထိ အမဲလိုက်ရရှိသော သားကောင်များ စုပုံနေသည်။
အမဲလိုက်ခြင်းသည် ကျင်းမင်းသား၏ ဝါသနာအနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ ထိုဝါသနာကို ဖြည့်ဆည်းရန်အတွက် စီလင်းဥယျာဉ်ကို သီးသန့်တည်ဆောက်ထားပြီး တောသားရဲ အမြောက်အမြားကို မွေးမြူထားကာ ကျင်းမင်းသား၏ သီးသန့်အမဲလိုက်ကွင်းအဖြစ် အသုံးပြု လေ့ရှိ၏။
အမဲလိုက်ခြင်းကို နှစ်သက်သော အခြားမင်းသားများနှင့်မတူတာကကျင်းမင်းသားသည် အခြွေအရံ အမြောက်အမြား ခေါ်ဆောင်လေ့မရှိဘဲ ကိုယ်ရံတော် အနည်းငယ်ကိုသာ ခေါ်ဆောင်လေ့ရှိသည်။
လူအုပ်ကြီးနှင့် အမဲလိုက်ကာ လေးများ၊ ပိုက်ကွန်များ ဆင်ယင်ခြင်းသည် သားကောင် မည်မျှပင် ရရှိစေကာမူ အရသာမရှိဘဲ သတ်ဖြတ်ခြင်း၏ ပျော်ရွှင်မှုကို လုံးဝ ပျောက်ကွယ်စေသည်ဟု ကျင်းမင်းသားက ယူဆသည်။
ထို့ကြောင့် သားကောင်နှင့် တွေ့သည့်အခါတိုင်း ထိုကိုယ်ရံတော်များသည် အသာတကြည် ဖယ်ပေးကြပြီး ကျင်းမင်းသားက သားကောင်ကို သတ်ဖြတ်သည်ကိုသာ စောင့်ကြည့်ကြရ၏။
ကျင်းမင်းသားသည် သတ်ဖြတ်ခြင်းကို မြတ်နိုးပြီး အမဲလိုက်ရာတွင် လေးနှင့်မြှား သို့မဟုတ် သေနတ်များကို ဘယ်သောအခါမှ အသုံးမပြုပေ။ တောဝက် သို့မဟုတ် တောဝက်ဝံကဲ့သို့ သားကောင်ကြီးများနှင့် တွေ့လျှင်ပင် ဓားကို ဆွဲထုတ်၍ ခုတ်သတ်လေ့ရှိသည်။ လတ်လတ်ဆတ်ဆတ် သွေးနှင့်အသားများ လွင့်စင်နေသည့်ကြားမှ သတ်ဖြတ်ခြင်း အရသာကို ထိုသို့ပြုလုပ်မှသာ သူ ခံစားနိုင်သည်။
ထုံးစံအတိုင်းပင် ကျင်းမင်းသားသည် ရရှိသော သားကောင်များကို ကိုယ်ရံတော်များအား ရက်ရက်ရောရော ဝေပေးလိုက်သည်။ သူသည် အမဲလိုက်သည့် လုပ်ဆောင်ချက်ကိုသာ နှစ်သက်ပြီး တောသားရဲ အသားများအပေါ် စိတ်ဝင်စားမှု မရှိပေ။
ကိုယ်ရံတော်တစ်ဦး ကမ်းပေးသော အပူပေးထားသည့် တဘက်ဖြင့် မျက်နှာကို သုတ်ရင်း ကျင်းမင်းသားက
"ခမည်းတော်ဆီ ပို့မယ့် တုံ့ပြန်လျှောက်လဲချက်ကို ရေးပြီးပြီလား" ဟု ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ရေးပြီးပါပြီ။ အရှင် ကြည့်ရှုစစ်ဆေးနိုင်ဖို့ တင်ပြမလို့ပဲ ရှိပါသေးတယ်"
"ကျုပ်ကို ပြနေဖို့ မလိုဘူး။ ခမည်းတော်ဆီ တိုက်ရိုက်သာ ပို့လိုက်တော့"
ကျင်းမင်းသားက သူ၏ အတွင်းဝန်ချုပ်ကို ပြုံး၍ ကြည့်ကာ
"မင်း အလုပ်လုပ်တာကို ကျုပ် ယုံတယ်"
မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးတွင် ကျင်းမင်းသားသည် စစ်တပ်ကို ဦးဆောင်၍ အောင်ပွဲရခဲ့သော်လည်း ကျူးယွမ်ကျန်း၏ ပြင်းထန်သော ကြိမ်းမောင်းမှုကို ခံခဲ့ရသည်။ ကျူးယွမ်ကျန်းက ကျင်းမင်းသားကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချရန် အမိန့်တော် ပြန်တမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။
မင်မင်းဆက်ကို တည်ထောင်သူ အရှင်မင်းကြီး ကျူးယွမ်ကျန်းသည် သူ၏ ဘဝတစ်ဝက်ကို တိုက်ပွဲများထဲတွင် ကုန်ဆုံးခဲ့သူဖြစ်သဖြင့် စစ်မြေပြင်၏ အခြေအနေများကို ကောင်းစွာ သိရှိသူဖြစ်သည်။
ကျင်းမင်းသားနှင့် ယန့်မင်းသားတို့သည် မွန်ဂိုစစ်တပ်ကို နှစ်ဖက်ညှပ်၍ တိုက်ခိုက်ကာ အောင်ပွဲရခဲ့သော်လည်း ကျင်းမင်းသားဘက်မှ အထိအခိုက် အကျအဆုံးများပြားခဲ့သည်။အထူးသဖြင့် ရန်သူကို အထဲရောက်အောင် မျှားခေါ်သော ဗျူဟာကြောင့် ပြည်သူများစွာ သေကြေပျက်စီးခဲ့ရ၏။
ထိုအခြေအနေနှင့် နှိုင်းယှဉ်လျှင် ယန့်မင်းသား ကျူးဒီ ဦးဆောင်သော အရှေ့ပိုင်းစစ်တပ်သည် ရလဒ်ကြီးကြီးမားမား မရသော်လည်း တည်ငြိမ်မှုရှိသည်မှာ ချီးကျူးဖွယ် ဖြစ်သည်။ ကျူးယွမ်ကျန်းသည် အမြော်အမြင်ရှိသူ ဖြစ်သဖြင့် မိုင်ပေါင်းထောင်ချီ ဝေးကွာနေသော်လည်း ထိုအောင်ပွဲသည် အသက်ပေါင်းများစွာကို ရင်းနှီး၍ ရယူထားခြင်း ဖြစ်သည်ကို သိမြင်သည်။
ကျူးယွမ်ကျန်းသည် စိတ်တိုတတ်သူဖြစ်ရာ ကျင်းမင်းသားကို မဆိုထားနှင့်လက်ရှိ အိမ်ရှေ့စံမင်းသားကိုပင် အလျှော့ပေးလေ့မရှိပေ။ ကျူးယွမ်ကျန်း၏ အမျက်ဒေါသကို ဖြေဖျောက်ရန်အတွက် ကျင်းမင်းသားသည် မိမိကိုယ်ကိုယ် ခုခံကာကွယ်သည့် လျှောက်လဲချက်ကို တင်သွင်းရခြင်း ဖြစ်သည်။
"နောက်ပြီးတော့"
ကျင်းမင်းသားနှင့် တွေ့သည့်အခါတိုင်း အတွင်းဝန်ချုပ်သည် အမြဲတမ်း သတိကြီးစွာ ထားရသည်။
"မြို့တော်က သတင်းတွေအရဆိုရင် အိမ်ရှေ့စံမင်းသားက အရှင့်အတွက် ကောင်းတဲ့စကားတွေ ပြောမပေးခဲ့ရင် အရှင်မင်းကြီးရဲ့ အမျက်ဒေါသက"
ကျူးယွမ်ကျန်းက စိတ်ကြီးသော်လည်း အိမ်ရှေ့စံမင်းသားကမူ လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ မင်မင်းဆက်၏ အိမ်ရှေ့စံ ကျူးပြန်သည် သဘောထား နူးညံ့သူဖြစ်ပြီး ခမည်းတော် အမျက်ထွက်သည့် အခါတိုင်း ညီတော်များအတွက် အမြဲတမ်း အကောင်းပြောပေးလေ့ရှိသည်။ အထူးသဖြင့် ယခုတစ်ကြိမ်တွင် အိမ်ရှေ့စံ၏ စကားများသာ မရှိပါက ပြစ်တင်ရှုတ်ချသည့် အမိန့်တော် ပြန်တမ်းတစ်ခုတည်းနှင့် ပြီးသွားမည် မဟုတ်ပေ။
"ကျုပ်ရဲ့ နောင်တော် အိမ်ရှေ့စံက စိတ်နှလုံး ကောင်းသူပဲ့"
အိမ်ရှေ့စံအကြောင်း ပြောသည့်အခါ ချင်းမင်းသား၏ မျက်နှာတွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာ၏။
"နောင်တော်ကြီးက ကျုပ်အတွက် အကောင်းပြောပေးမယ်ဆိုတာ ကျုပ် သိပြီးသားပါ။ နောက်မှ လက်ဆောင်တစ်ခု ပြင်ဆင်ပြီး အရှေ့နန်းဆောင်ကို လူလွှတ်လိုက်ဦး"
"လက်ဆောင်က ပြင်ဆင်ပြီးပါပြီ"
ကျင်းမင်းသား၏ ယုံကြည်ရသူဖြစ်သည့်အတိုင်း အတွင်းဝန်ချုပ်သည် လုပ်သင့်သည်များကို ပြင်ဆင်ပြီးသား ဖြစ်သည်။ အိမ်ရှေ့စံသည် ရိုးရိုးရှင်းရှင်း နေထိုင်တတ်သူ ဖြစ်သဖြင့် လက်ဆောင်သည် အလွန်အမင်း တန်ဖိုးကြီးနေပါက အိမ်ရှေ့စံ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။
သို့သော်လည်း အလွန်အမင်း သိမ်ဖျင်း၍လည်း မရပေ။ နောင်တော်နှင့် ညီတော်ကြားက သံယောဇဉ်ကို ဖော်ပြနိုင်ရမည်။ ၎င်းသည် ခက်ခဲသော အလုပ်ဖြစ်သော်လည်း အတွင်းဝန်ချုပ်မှာ ကျွမ်းကျင်နေပြီ ဖြစ်သည်။
"မူပိုင်"
အတွင်းဝန်ချုပ်၏ အမည်မှာ ဝမ်ကျုံးယွန်း ဖြစ်ပြီး မူပိုင်မှာ သူ၏ ချစ်စနိုးခေါ်ဝေါ်သော အမည်ဖြစ်သည်။
"ဒီနေ့ ဘာထူးခြားတာ ရှိသေးလဲ"
အတွင်းဝန်ချုပ် ဝမ်ကျုံးယွန်းသည် တစ်ချိန်က ကျင်းမင်းသား၏ အစေအပါး ဖြစ်ခဲ့ဖူးသည်။ ကျင်းမင်းသား နန်းဆောင်တည်၍ မင်းသားဖြစ်လာကတည်းက လိုက်ပါလာခဲ့ပြီး အနီးကပ်ဆုံး အတွင်းဝန်ဖြစ်လာခဲ့၏။ သူသည် မင်းသား၏ နေ့စဉ်ကိစ္စများကို အမြဲ စီမံခန့်ခွဲပေးရသည်။
"အားလုံး ပုံမှန်ပါပဲ၊ ထွေထွေထူးထူး မရှိပါဘူး။ ဒါပေမဲ့"
သူက အရေးမကြီးသော ကိစ္စတစ်ခု ပြောသလိုကို နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
"ခုနတင် ယွမ်ချွမ်း တပ်စခန်းက သမားတော်တစ်ယောက် ရောက်လာတယ်"
"သမားတော် ယွမ်ချွမ်း တပ်စခန်းက သမားတော်ဟုတ်လား"
ကျင်းမင်းသား မျက်မှောင်ကြုတ်ကာမေးလိုက်၏။
"ဘာကိစ္စတဲ့လဲ"
"တကယ်တော့ ဘာမှမဟုတ်ပါဘူး"
ဝမ်ကျုံးယွန်းက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
"ပြင်းထန်တဲ့ ကပ်ရောဂါတစ်ခု ရှိနေပုံရတယ်၊ သူက ယွမ်ချွမ်း တပ်စခန်းကနေ စစ်သည်တွေ လွှတ်ပေးဖို့ လာတောင်းတာလေ။ ရယ်စရာကောင်းလိုက်တာ၊ သမားတော်လေး တစ်ယောက်က စစ်တပ် စေလွှတ်ဖို့ အရှင့်ဆီက အမိန့်လာတောင်းတယ်ဆိုတာ"
"အသေးစိတ် ပြောစရာရှိတာ ပြောစမ်း"
ဝမ်ကျုံးယွန်းက ဝူကျိရှန်း၏ ရည်ရွယ်ချက်ကို ပြောပြသည့်အခါ အထူးသဖြင့် "အသားမည်း ကပ်ရောဂါ" အကြောင်း ပြောသည့်အခါ ကျင်းမင်းသား၏ မျက်လုံးများ တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။
"အဲဒီ သမားတော်ဘယ်မှာလဲ"
"ကျွန်တော်မျိုး သူ့ကို ပြန်လွှတ်လိုက်ပါပြီ"
"သူ... သူ ချန်ထားခဲ့တဲ့ အရာ... အဲဒါကို ဘယ်လိုခေါ်လဲ"
ကျင်းမင်းသားသည် ထိုကိစ္စကို အလွန်စိတ်ဝင်စားသွားပုံ ရသည်။
"ကပ်ရောဂါ ကာကွယ်ရေး စီမံချက်လို့ ခေါ်ပုံရပါတယ်"
"အဲဒီ စီမံချက်ကို ကျုပ်ဆီ ယူလာခဲ့"
"အဲဒါကို လွှင့်ပစ်လိုက်ပြီ"
"လွှင့်ပစ်လိုက်တယ် ဟုတ်လား"
ကျင်းမင်းသား၏ မျက်လုံးထဲတွင် မကျေနပ်မှုများ ဖြတ်ပြေးသွားသည်။
"မင်း အဲဒါကို မလွှင့်ပစ်သင့်ဘူး။ အနည်းဆုံးတော့ ကျုပ်ကို ပြသင့်တယ်"
ကျေးလက်ကသမားတော်တစ်ဦး ရေးထားသည့်စစ်ရေး နှင့်လုံးဝမပတ်သက်သော အရာက ဘာများ အသုံးဝင်မှာလဲ။
"ကျုပ် သိသလောက်ဆိုရင် ဒီ အသားမည်း ကပ်ရောဂါက မဟာတံတိုင်း တည်ဆောက်ရေး စခန်းကနေ ပျံ့လာတာ ဖြစ်ရမယ်"
ကျင်းမင်းသား၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထူးဆန်းသော အလင်းတန်းတစ်ခု လက်သွားသည်။
"ဒီရောဂါက အရမ်း ပြင်းထန်တယ်၊ သေချာ မကိုင်တွယ်နိုင်ရင် လူတွေအများကြီး သေလိမ့်မယ်"
ကျင်းမင်းသားသည် ထိုကဲ့သို့သော ကိစ္စများကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့သော်လည်း သူ၏ ဖော်ပြချက်မှာ ကျေးလက်သမားတော်ပြောသည့်အတိုင်း ဖြစ်နေသဖြင့် ဝမ်ကျုံးယွန်း အံ့အားသင့်သွားသည်။
"အရှင်က ဒီရောဂါအကြောင်း သိနေတာလား"
"အနောက်ဘက်က ဒုတိယအစ်ကိုတော်နဲ့ အရှေ့ဘက်က စတုတ္ထညီတော် နှစ်ယောက်လုံးက ဒုက္ခပေးမယ့်သူတွေပဲ။ ဒီညီအစ်ကို နှစ်ယောက် ကျုပ်ဘေးမှာ ရှိနေသရွေ့ ကျုပ် မျက်စိတစ်ဖက်မှိတ်ပြီး အိပ်နေရတာ။ ဒီလိုကိစ္စမျိုးကို ကျုပ်ဘယ်လိုလုပ် မသိဘဲ နေမလဲ။"
အနောက်ဘက်က ဒုတိယအစ်ကိုတော်မှာ ဒုတိယမင်းသား ချင်မင်းသား ဖြစ်ပြီး အရှေ့ဘက်က စတုတ္ထညီတော်မှာ ယန့်မင်းသား ကျူးဒီ ဖြစ်သည်။ ၎င်းတို့သည် ကျင်းမင်းသားနှင့်အတူ မင်မင်းဆက် မြောက်ပိုင်း နယ်စပ်ဒေသများကို အုပ်ချုပ်ရသော မင်းသားများ ဖြစ်ကြသည်။ အပြင်ပန်းတွင် သဟဇာတ ဖြစ်သယောင် ရှိသော်လည်း ညီအစ်ကိုကြား အားပြိုင်မှုများမှာ ပြင်းထန်နေပြီ ဖြစ်သည်။
"ကျုပ်တို့ သုံးယောက်လုံး မဟာတံတိုင်း စီမံကိန်းကို လုပ်နေကြတာဆိုတော့ အသားမည်း ကပ်ရောဂါက ချင်နဲ့ ယန့်နယ်မြေတွေဆီလည်း ပျံ့နေလောက်ပြီ"
ကျင်းမင်းသား၏ နယ်မြေတွင် အသားမည်း ကပ်ရောဂါ စတင်တွေ့ရှိနေပြီ ဆိုပါက မြစ်ဝါမြစ် အနောက်ဘက်နှင့် ထိုက်ဟန်တောင်တန်း အရှေ့ဘက် ဒေသများတွင်လည်း ကူးစက်နေပေလိမ့်မည်။ သို့သော် ချင်မင်းသားနှင့် ယန့်မင်းသားတို့မှာ ရောဂါအခြေအနေ၏ ပြင်းထန်မှုကို သတိမထားမိသေးပုံ ရသည်။
အကယ်၍ ကျင်းမင်းသားဘက်မှ ကပ်ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်ပါက၎င်းသည်ကြီးမားသောအမှတ်ရစရာဖြစ်လာမည်ဖြစ်ပြီး အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကိုပင် ရရှိနိုင်သည်။
ဝမ်ကျုံးယွန်းသည် ကျင်းမင်းသား၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။
"ကျွန်တော်မျိုး အမြင်ကျဉ်းသွားပါတယ်။ ဒီအချိန်မှာ ရှိနေတဲ့ အရေးကြီးတဲ့ ဆက်နွယ်မှုကို မမြင်ခဲ့မိဘူး။ ဒါပေမဲ့ အဲဒီ သမားတော်ရေးထားတဲ့ စီမံချက်ကတော့ ပြာဖြစ်သွားပြီ"
"လူတိုင်း အမှားလုပ်တတ်ကြတာပဲ။ နောင်တရနေဖို့ မလိုဘူး၊ ပြန်ပြင်နိုင်အောင်သာ အကောင်းဆုံး ကြိုးစားစမ်း"
ကျင်းမင်းသားက စိတ်ရှည်သော ဆရာတစ်ဦးကဲ့သို့ လူငယ်လေးဝမ်ကျုံးယွန်းကို ပြောလိုက်၏။
"ဒီသမားတော်က တပ်မှူးချုပ်ဟူချန်ရဲ့ ဦးခေါင်းကို အပေါက်ဖောက်ခဲ့တဲ့သူပဲ။ ဒီကိစ္စက စစ်တပ်ထဲမှာ ပြန့်နေပြီ။ ဒီလူမှာ တကယ့် အရည်အချင်း ရှိပုံရတယ်။ ကံကောင်းတာက ဒီလူက ကျုပ်တို့ဘက်မှာ ရှိနေတာပဲ။ ဒါက ကျုပ်ရဲ့ ကံကောင်းခြင်းပဲ"
"စီမံချက်က မီးလောင်သွားပြီဆိုလည်း ထားလိုက်တော့။ ဒီလူ ရှိနေသရွေ့ အခွင့်အရေးက ကျုပ်လက်ထဲမှာ ရှိနေတုန်းပဲ"
ကျင်းမင်းသားက သင်ပြပေးသည့် လေသံဖြင့် မေးလိုက်သည်။
"အခု မင်း ဘာလုပ်ရမလဲ သိပြီလား"
"ကျွန်တော်မျိုး အခုချက်ချင်း စစ်တပ် စေလွှတ်ဖို့ အမိန့်စာ ရေးပါ့မယ်။ ယွမ်ချွမ်း တပ်စခန်းကနေ စစ်သည် တစ်ရာကို အဲဒီ ဆရာဝန်ဆီ လွှတ်ပေးလိုက်ပါ့မယ်"
"မဟုတ်ဘူး၊ အဲဒါ မလုံလောက်ဘူး"
ထိုသို့ပြောရင်းကျင်းမင်းသားက အားရပါးရ ရယ်မောလိုက်ပြီး
"ကျုပ်ရဲ့ ကိုယ်ရံတော် ငါးရာကို ပေးမယ်၊ မင်းကိုယ်တိုင် ဦးဆောင်သွား"
"ခမည်းတော်က ကျုပ်ကို စိတ်နှလုံး ရက်စက်ပြီး ပြည်သူတွေအပေါ် ကြမ်းတမ်းတယ်လို့ အမြဲပြောတယ်။ ဒီတစ်ကြိမ်မှာတော့ ကျုပ်က ပြည်သူတွေကို ဘယ်လောက်တောင် ဂရုစိုက်ပြီး ချစ်မြတ်နိုးလဲဆိုတာ တစ်ကမ္ဘာလုံး မြင်စေရမယ်"
အခန်း - ၅၂ အစေခံမလေး၏မျှော်လင့်ချက်
"ဒီလူလိမ်အိုကြီး၊ တစ်နေကုန် ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာပဲ လဲနေပြီးတော့ စားတော့ အတော်စားနိုင်တယ်"
ချင်းချင်းက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ထမင်းပန်းကန်ကို စားပွဲပေါ်သို့ အသံမြည်အောင် တင်ရင်း ကျယ်လောင်စွာ ဗြစ်တောက်ဗြစ်တောက် ပြောလိုက်သည်။
"စားစမ်း၊ စားစမ်း၊ စားရင်းနဲ့ နင်နေပါစေဦး လူလိမ်အိုကြီးရဲ့"
ကျိုးပန်းရှန်း၏ အခြေအနေမှာ ထိန်းချုပ်နိုင်သည်မှာ ကြာပြီဖြစ်ပြီး ယခုအခါ ပြန်လည်ကျန်းမာလာသည့် အဆင့်တွင် ရှိနေသည်။ နေ့စဉ် ဝဝလင်လင် စားသောက်ရသည့်အပြင် ပြုစုပေးမည့် လှပသော အစေခံမိန်းကလေးတစ်ဦးပင် ရှိနေသဖြင့် ကျိုးပန်းရှန်းမှာနတ်ပြည်ရောက်နေသကဲ့သို့ဖြစ်နေသည်။ သူသည် စိုးရိမ်ပူပန်မှုများကို အမှန်တကယ်ပင် မေ့လျော့နေပြီ ဖြစ်သည်။
တစ်ခုတည်းသော အားနည်းချက်မှာချင်းချင်းသည် ကျိုးပန်းရှန်းအပေါ် မည်သည့်သံယောဇဉ်မျှ မရှိဘဲ သူမ၏ ရွံရှာမှုကိုလည်း ဘယ်သောအခါမှ ဖုံးကွယ်ထားခြင်း မရှိပေ။
"ချင်းချင်း၊ ညစ်ပတ်ပြီး နံစော်နေတဲ့ ဒီအဘိုးကြီးကို နင် မပြုစုချင်ဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါက အလကား ခိုင်းနေတာ မဟုတ်ပါဘူး"
ကျိုးပန်းရှန်းက စပ်ဖြဲဖြဲဖြင့် ပြောလိုက်သည်။
"ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး နင် ငါ့ကို မပင်ပန်းနိုင်ဘဲ ပြုစုပေးခဲ့တာဆိုတော့ နင့်ရဲ့ ကံကြမ္မာကို ငါ ဟောပေးရင် ဘယ်လိုလဲ။ အခမဲ့လေ"
"တကယ်သာ ဟောနိုင်ရင် ရှင် အခုလောက်ဆို ချမ်းသာနေမှာပေါ့။ ဘာလို့ အပေါ်အင်္ကျီအသစ်တစ်ထည်တောင် မဝယ်နိုင်လောက်အောင် ဆင်းရဲနေရတာလဲ"
"မိန်းကလေး၊ ငါ ကျိုးပန်းရှန်းကို အထင်မသေးနဲ့ဦး"
ကျိုးပန်းရှန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"ငါက ကျိုးမင်းဆက် ဝမ်မင်းကြီးရဲ့ ဗေဒင်ပညာကို သုံးတာ၊ တကယ်ကို ထိရောက်တယ်"
"နင့်ရဲ့ မျက်နှာသွင်ပြင်အရဆိုရင် 'ကြက်ဖနီကြယ် က ရွေ့လျားနေတယ်။ နင့်မျက်လုံးတွေကလည်း နွေဦးရာသီလို တောက်ပနေပြီး မျက်နှာကလည်း ပန်းပွင့်လေးလို ဝင်းပနေတယ်၊ ဒါက ကောင်းတဲ့အရာတွေ ရောက်လာတော့မယ်လို့ ဆိုလိုတာပဲ။ လှပတဲ့ အိမ်ထောင်ရေးတစ်ခု မကြာခင် ဖြစ်လာတော့မယ်"
ထိုစကားကို ကြားသောအခါ ချင်းချင်းချက်ချင်း စိတ်ဝင်စားသွား၏။ အကြောင်းမှာ ကျိုးပန်းရှန်း၏ ဟောကိန်းမှာ အလွန်တိကျနေသောကြောင့် ဖြစ်သည်။
သူမ၏သခင်မလေးရွန့်နှင့် ဆရာဝူတို့သည် တိတ်တဆိတ် ကတိပြုထားကြပြီး မကြာခင် လက်ထပ်ကြတော့မည် ဖြစ်သည်။ ထိုအခါ ချင်းချင်းသည်လည်း အခြွေအရံအဖြစ် လိုက်ပါသွားရမည် ဖြစ်သည်။
ကျိုးပန်းရှန်းကဲ့သို့သော လမ်းဘေးဗေဒင်ဆရာမှာ လူတို့၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရာတွင် အတော်ဆုံး ဖြစ်သည်။
ချင်းချင်း၏ တုံ့ပြန်မှုကို မြင်သောအခါ သူ ဟောလိုက်သည်မှာ မှန်ကန်သွားပြီဖြစ်ကြောင်းသိလိုက်ပြီး ချက်ချင်းပင်ရယ်မောကာပြောလိုက်၏။
"မိန်းကလေးချင်းချင်း၊ နင် အိမ်ထောင်ရှင်မကြီး ဖြစ်လာတဲ့အခါ ဒီအဘိုးကြီးရဲ့ဒီနေ့ဟောကိန်းကို သတိရပြီး ဘယ်လောက်တောင် မှန်လဲဆိုတာ သိရလိမ့်မယ်"
လွန်ခဲ့သော ခဏကတော့ ကျိုးပန်းရှန်းသည် တကယ်ပင် ဗေဒင်ဟောနိုင်သည်ဟုသူမထင်မှတ်ခဲ့သော်လည်း ယခုစကားကို ကြားလိုက်ရသည့်အခါ ချင်းချင်းချက်ချင်း သဘောပေါက်သွားသည်။ဤလူလိမ်အိုကြီးမှာ လျှောက်ပြောနေခြင်းသာ ဖြစ်သည်။
သခင်မလေးရွန့်ကသာ အိမ်ထောင်ရှင်မကြီး ဖြစ်မည်။ ချင်းချင်း၏ အဆင့်အတန်းအရ အလွန်ဆုံးရှိလှမှ ဝူကျိရှန်း၏ မယားငယ်သာ ဖြစ်လာနိုင်သည်။ အိမ်ထောင်ရှင်မကြီး အဆင့်အတန်းမှာ သူမအတွက် ဘယ်သောအခါမှ ဖြစ်နိုင်မည် မဟုတ်ပေ။
"ရှင် လိမ်ပြန်ပြီ လူလိမ်အိုကြီးရဲ့။ ရှင့်ရဲ့ ဟောကိန်းက လုံးဝမမှန်ဘူး"
"မမှန်ဘူး ဟုတ်လား။ မဖြစ်နိုင်တာ။ နင့်မှာ အိမ်ထောင်ရှင်မကြီး ဖြစ်မယ့် မျက်နှာပေါက်ရှိတယ်၊ ဘယ်လိုလုပ် မမှန်ဘဲ နေမလဲ"
ကျိုးပန်းရှန်းသည် သူနှင့်အတူ အမြဲဆောင်ထားသော လိပ်ခွံကို ထုတ်လိုက်သည်။ ပြောင်လက်နေသော ကြေးပြားသုံးပြားကို နှိုက်ယူ၍ လိပ်ခွံထဲသို့ ထည့်ကာ ဂါထာမန္တန်များကို ရွတ်ဖတ်ပြီး အားရပါးရ လှုပ်ယမ်းလိုက်သည်။ ထို့နောက် ကြေးပြားများကို ချလိုက်ပြီး ၎င်းတို့ ကျရောက်ပုံကို သေချာစွာ စစ်ဆေးသည်။
"အင်း... အင်း"
အကြိမ်ကြိမ် ခေါင်းညိတ်ပြီးနောက် ကျိုးပန်းရှန်းက လျှို့ဝှက်သော လေသံဖြင့် ဆိုသည်။
"ဒီဗေဒင်အရဆိုရင် နင်ဟာ အိမ်ထောင်ရှင်မကြီး ဖြစ်ဖို့ ကံပါလာတာ အမှန်ပဲ့"
"ကျွန်မက ငယ်သေးလို့ ရှင့်ရဲ့ လိမ်ညာတဲ့ စကားတွေကို ယုံမယ်လို့ မမှတ်နဲ့ဦး"
"ဒီတစ်ခါ ငါက ဟွမ်တီမင်းကြီးရဲ့ နန်းတွင်းဗေဒင်နည်းကို သုံးထားတာ။ ဒါကို လိမ်တယ်လို့ ဘယ်လိုပြောနိုင်မှာလဲ"
ကျိုးပန်းရှန်းသည် သူ၏ ရင်ဘတ်ကို တဗုန်းဗုန်း ထုရင်းအခိုင်အမာကိုပြောလိုက်၏။
"ငါ့မှာရှိတဲ့ ကြေးပြားနှစ်ဆယ်နဲ့ နင်နဲ့ လောင်းဝံ့တယ်။ နင် အိမ်ထောင်ရှင်မကြီး ဖြစ်မှာ သေချာတယ်၊ တကယ်ကို သေချာတယ်"
"ရှင့်လို လူလိမ်အိုကြီးနဲ့ ကျွန်မ မလောင်းချင်ပါဘူး..."
သူတို့ စကားပြောနေစဉ်မှာပင် လမ်းမပေါ်မှ ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသည်။ ချင်းချသ်းသည် ပျော်ပျော်နေတတ်သူ ဖြစ်သဖြင့် ဘာဖြစ်သည်ကို သိရန် အပြင်သို့ ပြေးထွက်သွားသည်။
အဝေးတွင် စစ်သည်အုပ်စုတစ်စု အစီအရီ ချီတက်လာသည်ကို သူမ မြင်လိုက်ရသည်။ ထိုစစ်သည်များသည် ရဲရင့်ထည်ဝါပြီး သူတို့၏ ဦးထုပ်ပေါ်ရှိ အရောင်စုံ အမွှေးအတောင်များသည် ဝင်လုဆဲ ဆည်းဆာအောက်တွင် အလွန်ပင် တောက်ပနေ၏။
ပန်းထိုးဝတ်ရုံများနှင့် အမွှေးအတောင်
တပ် ဦးထုပ်များကို ဝတ်ဆင်ထားသည်မှာ မင်းသား၏ ကိုယ်ရံတော်တပ်ဖွဲ့သာ ဖြစ်နိုင်သည်။ မြို့ငယ်လေးမှ လူများသည် ထိုကဲ့သို့ အဆင့်မြင့်စစ်တပ်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ချက်ချင်းပင် လာရောက်ကြည့်ရှုသူများနှင့် ပြည့်နှက်သွားသည်။
အားလုံးကို အံ့အားသင့်စေသည်မှာ ခေါင်းဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ နန်းတွင်းသမားတော် ဝူကျိရှန်း ဖြစ်နေခြင်းပင် ဖြစ်သည်။
ယွမ်ချွမ်း တပ်စခန်းသို့ စစ်ကူတောင်းရန် သွားသော ဝူကျိရှန်းက မင်းသား၏ ကိုယ်ရံတော်များစွာကို ခေါ်လာလိမ့်မည်ဟု ချင်းချင်း အိပ်မက်ပင် မမက်ဖူးပေ။
"ရပ်စမ်း"
ဝမ်ကျုံးယွန်း၏ အော်ဟစ်သံနှင့်အတူ ကိုယ်ရံတော်အားလုံး ချက်ချင်း ရပ်တန့်သွားကြသည်။ ဝမ်ကျုံးယွန်းသည် ကျင်းမင်းသား၏ အနီးတွင် ကိစ္စအဝဝကို စီမံပေးခဲ့ရသော်လည်း ယခုကဲ့သို့ တစ်ကိုယ်တော် ဦးဆောင်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် သူသည် အစွမ်းကုန် ကြိုးစားနေသည်။
"ကပ်ရောဂါဟာ ရန်သူကြီးနဲ့ တူတယ်။ အမိန့်မနာခံတဲ့သူကို စစ်ဥပဒေအတိုင်း အရေးယူမယ်"
"ဟုတ်ကဲ့"
ကိုယ်ရံတော် ငါးရာက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့၏ တင်းကျပ်လှသော စည်းကမ်းမှာ တိုက်ပွဲကြီးတစ်ခု စတင်တော့မည့်အလား ခံစားရစေသည်။
"မြို့အဝင်အထွက် လမ်းအားလုံးကို ပိတ်လိုက်စမ်း။ အပြင်နဲ့ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်"
"အများပြည်သူဆိုင်ရာ နေရာအားလုံးကို ပိတ်ထားရမယ်။ လူစုလူဝေး လုပ်တာကို လုံးဝ ခွင့်မပြုဘူး"
"လူနာအားလုံးကို သေချာ စစ်ဆေးပါ။ ရောဂါကူးစက်ခံထားရသူတွေကို တွေ့ရင် ချက်ချင်း ဆေးကုသမှု ခံယူဖို့ ဖမ်းဆီးခေါ်ဆောင်သွားရမယ်"
"ရောဂါနဲ့ သေဆုံးသူတွေကို ချက်ချင်း မီးသင်္ဂြိုဟ်ရမယ်"
"အမိန့်မနာခံတဲ့သူကို ခေါင်းဖြတ်မယ်"
"ကုန်ဈေးနှုန်းကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပါ။ ကုန်ပစ္စည်း သိုလှောင်တဲ့သူကို ခေါင်းဖြတ်မယ်။
"ဈေးတင်ရောင်းတဲ့သူကို ခေါင်းဖြတ်မယ်"
ဝမ်ကျုံးယွန်းသည် ဆယ်ခုထက်မကသော အမိန့်များကို ပြတ်ပြတ်သားသား ထုတ်ပြန်လိုက်သည်။ သူသည် အလွန်ပင် တော်ပုံရသော်လည်း တကယ်တော့ ထိုအမိန့်များအားလုံးကို လမ်းခရီးတွင် ဝူကျိရှန်းက သင်ပေးခဲ့ခြင်း ဖြစ်သည်။
"နားလည်လား"
"နားလည်ပါပြီ"
"ချက်ချင်း အကောင်အထည်ဖော်ကြ"
ကိုယ်ရံတော်များ လူစုခွဲတော့မည့်အချိန်တွင် ဝူကျိရှန်းက "နေဦး" ဟု လှမ်း အော်လိုက်သည်။ ဝမ်ကျုံးယွန်းသည် မောက်မာတတ်သူ ဖြစ်ပြီး ဝူကျိရှန်းကဲ့သို့ လူငယ်လေးကို အထင်သေးသော်လည်း လက်ရှိအခြေအနေကို သူ နားလည်သည်။ ကပ်ရောဂါကို တိုက်ဖျက်ရာတွင် ဝူကျိရှန်းက မည်သူမဆိုထက် ပို၍ ကျွမ်းကျင်သည်ကို သိသဖြင့် သူက လေးစားမှု အတော်အတန် ပြသလိုက်သည်။
"ဆရာဝူ၊ တခြား ဘာညွှန်ကြားချက်များ ရှိသေးလဲ"
ဝူကျိရှန်းက လူအုပ်ထဲမှ ချင်းချင်းကို လှမ်း၍ လက်ဝှေ့ယမ်းပြလိုက်သည်။
"ချင်းချင်း၊ ဒီကို ခဏလာဦး"
ချင်းချင်းမှာ ထိုကဲ့သို့ အင်အားကြီးသော စစ်တပ်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် အနည်းငယ် ကြောက်နေပုံရသည်။ ဝူကျိရှန်း၏ နောက်ကွယ်မှနေ၍
"ဘာလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။
"ငါ လုပ်ခိုင်းထားတဲ့ နှာခေါင်းစည်းတွေ ဘယ်မှာလဲ။ မြန်မြန်သွားယူခဲ့ဦး၊ ငါတို့ ညီအစ်ကိုတွေကို ဝေပေးရမယ်"
နှာခေါင်းစည်း ဟုတ်လား။ချင်းချင်းသည်လွန်ခဲ့သော ရက်အနည်းငယ်က ရိုးရှင်းသော နှာခေါင်းစည်းအချို့ကို လုပ်ခဲ့သော်လည်း အနည်းငယ်သာ ရှိသေးသည်။ ဤနေရာတွင် စစ်သည် ငါးရာတောင် ရှိနေသဖြင့် လုံးဝ မလောက်နိုင်ပေ။
"မလောက်လည်း ကိစ္စမရှိဘူး၊ ငါတို့ဆီက ဝါဂွမ်းပိတ်စတွေကို ယူခဲ့လိုက်"
ချင်းချင်းသည် ဆေးခန်းမှ ပိတ်စများကို အမြန်သွားယူသည်။ ဝူကျိရှန်းသည် ပိတ်စကို တြိဂံပုံစံ အကြီးကြီး ဖြတ်လိုက်ပြီး သူ၏ နှာခေါင်းနှင့် ပါးစပ်ကို စည်းလိုက်သည်။
"ဒီ အသားမည်း ကပ်ရောဂါက အသက်ရှူလမ်းကြောင်းကနေ ကူးစက်နိုင်တယ်။ ညီအစ်ကိုတွေ အားလုံး ဒီလိုမျိုး စည်းထားရမယ်"
မည်သို့ ဝတ်ဆင်ရမည်ကို ကိုယ်တိုင် သရုပ်ပြပြီးနောက် သူက ထပ်ခါထပ်ခါ တိုက်တွန်းလိုက်သည်။
"ကပ်ရောဂါက အရမ်း ပြင်းထန်နေတယ်၊ အားလုံး သတိထားကြပါ။ မဖြစ်မနေမှလွဲရင် လူနာတွေကို မကိုင်တွယ်ပါနဲ့။ အထူးသဖြင့် ကူးစက်ခံထားရသူတွေရဲ့ အညစ်အကြေးတွေကို လုံးဝ မထိတွေ့ပါနဲ့"
"သုံးနာရီခြား တစ်ခါ၊ လက်နဲ့ မျက်နှာကို ဆပ်ပြာရည်နဲ့ ဆေးကြပါ။ နှာခေါင်းစည်းတွေနဲ့ အဝတ်အစားတွေကို ပြန်မသုံးခင် ရေနွေးပူပူနဲ့ ပြုတ်ရမယ်"
ဝမ်ကျုံးယွန်းက ကျင်းမင်းသား၏ အမိန့်ကို မည်သို့ အကောင်းဆုံး အကောင်အထည်ဖော်ရမည်ကိုသာ ဂရုစိုက်သည်။ထိုကိုယ်ရံတော်များ၏ ဘေးကင်းရေးကိုမူ သူ ထည့်သွင်းစဉ်းစားခြင်း မရှိပေ။
ထိုသို့မဟုတ်ဘဲ ဝူကျိရှန်းကသာ အသေးစိတ် ညွှန်ကြားချက်များ ပေးနေပြီး ထိုကိုယ်ရံတော်များ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် အစွမ်းကုန် ကြိုးစားပေးနေခြင်းက ပို၍ နွေးထွေးမှု ရှိစေသည်။မည်သို့ပင်ဖြစ်စေ၊
ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်ကြီးမှာ စတင်နိုင်ခဲ့ပြီ ဖြစ်သည်။