အခန်း (၅၃-၅၄)
Vol. 5 Ch. 53-54
အခန်း -၅၃ အသက်ကယ်ဆေး
နှစ်ရက်မျှသာ ရှိသေးသော်လည်း ပထမဆုံးအကြီးစား ကပ်ရောဂါသည် တရားဝင် စတင်ပေါက်ကွဲသွား၏။တစ်ရက်အတွင်း ကိုးဦး ဆက်တိုက် သေဆုံးခဲ့ပြီးဒုတိယနေ့တွင်နောက်ထပ် ၂၁ ဦး သေဆုံးခဲ့ပြန်သည်။သေဆုံးသူအားလုံးမှာအသားများ မည်းနက်သွားကြပြီး သူတို့၏ သေဆုံးပုံကိုကြည့်ရသည်မှာ အလွန်ပင်ထိတ်လန့်ဖွယ်ကောင်းလှသည်။
လူဦးရေ ထောင်ဂဏန်းမျှသာ ရှိသော မြို့ငယ်လေးတွင် နှစ်ရက်အတွင်း လူသုံးဆယ် သေဆုံးခြင်းမှာ တစ်ခါမှ မကြားဖူးသော ကိစ္စဖြစ်ရာ ချက်ချင်းပင် လူထုကြားတွင် ထိတ်လန့်တုန်လှုပ်မှုများ ပျံ့နှံ့သွား၏။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကပ်ရောဂါမျိုးသည် လူအမြောက်အမြား မြို့ကို စွန့်ခွာထွက်ပြေးမှုကို ဖြစ်စေကာ ရောဂါပိုးများကို ပိုမိုပျံ့နှံ့စေပြီး မတွေးဝံ့စရာ အခြေအနေများကို ဖြစ်ပေါ်စေပေလိမ့်မည်။
ကံကောင်းသည်မှာ ဝမ်ကျုံးယွန်းသည် ကိုယ်ရံတော် ငါးရာကို အသုံးချ၍ တင်းကျပ်စွာ ခုခံကာကွယ်ထားသဖြင့် ကပ်ရောဂါကိုနယ်မြေတစ်ခုအတွင်း၌သာ စထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ဤခေတ်မှ လူများသည် အသားမည်း ကပ်ရောဂါအကြောင်းကိုလုံးဝမသိနားမလည်ကြသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ ဝူကျိရှန်း၏ လုပ်ဖော်ကိုင်ဖက်များမှာ ဘာဖြစ်နေသည်ကို သိကြပြီး အစီအမံအချို့ ပင်ပြုလုပ်ထားကြသည်။
သမိုင်းအတွေ့အကြုံများအရ ရှီးဟူ၊ အင်ဒိဂိုမြစ်နှင့် ကော့တစ်စသည့် ဆေးဖက်ဝင် အပင်များသည် အကျိုးသက်ရောက်မှု အနည်းငယ် ရှိနေသေးသည်။
ထို့ကြောင့် ထိုဆေးဖက်ဝင် အပင်များ၏ ဈေးနှုန်းမှာ ထိုးတက်သွားသည်။ မသမာသော ကုန်သည်များက ပစ္စည်းသိုလှောင်၍ ဈေးတင်ရောင်းခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ မူလက တန်ဖိုးမရှိသလောက်ဖြစ်သော ထိုဆေးပင်များသည် ရက်အနည်းငယ်အတွင်း ဈေးနှုန်း အဆပေါင်းများစွာ မြင့်တက်သွားပြီး ဝယ်ယူရန်ပင် မဖြစ်နိုင်တော့ပေ။
ဝမ်ကျုံးယွန်းသည် ရက်စက်သောသူ ဖြစ်ရာ ထိုမသမာသော ကုန်သည်များကို ညှာတာမှုမရှိဘဲ ခေါင်းဖြတ်သတ်လိုက်ပြီးလူမြင်ကွင်းတွင်ချိတ်ဆွဲပြထားသည်။
ထိုသို့ သွေးထွက်သံယို ရက်စက်သော နည်းလမ်းများကတရားမဝင် ကုန်သည်များကို တုန်လှုပ်သွားစေပြီး ဈေးနှုန်းများကို လျင်မြန်စွာ တည်ငြိမ်သွားစေသည်။ မည်သူမျှ နိုင်ငံတော် ဘေးဒုက္ခအပေါ်တွင် အမြတ်ထုတ်ရန် မတွေးဝံ့ကြတော့ပေ။
ခြုံငုံကြည့်လျှင် ဝမ်ကျုံးယွန်း၏ ကပ်ရောဂါ ကာကွယ်ရေး နည်းလမ်းများသည် ရိုးရှင်းပြီး ကြမ်းတမ်းလွန်းသော်လည်း အမှန်တကယ်ပင် ထိရောက်ကာ ကပ်ရောဂါကို ထိန်းချုပ်ရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အခြားတစ်ဖက်တွင်မူ ဝူကျိရှန်းမှာ မနိုင်မနင်းဖြစ်နေပြီဖြစ်သည်။ရောဂါကူးစက်ခံရသူ အရေအတွက်မှာ အဆမတန်တိုးပွားလာပြီး ဝူ ဆေးခန်းလေးမှာ ချက်ချင်းပင် လူပြည့်လျှံသွားကာ လူနာဆောင်များတွင်ပင် ကုသမှုကိုစောင့်ဆိုင်းနေသော လူနာများနှင့် ပြည့်နှက်နေသည်။
ဝူကျိရှန်းနှင့် ချင်းချင်းတို့ မနားမနေ အလုပ်လုပ်နေကြသော်လည်း မလိုက်နိုင်တော့ပေ။ကံကောင်းသည်က ငရဲမင်း ဟူသော ဂုဏ်သတင်းမှာ ပျံ့နှံ့နေပြီဖြစ်သဖြင့် လူများသည် ဝူကျိရှန်းအပေါ် မျက်ကန်းယုံ ယုံကြည်နေကြသည်။ ဝူ ဆေးခန်းထဲသို့ ရောက်သွားသရွေ့ အသက်ချမ်းသာရာ ရလိမ့်မည်ဟုပင် ယုံကြည်နေကြသည်။
သို့သော် ဝူကျိရှန်းကမူ ထိုမျှ မရိုးရှင်းသည်ကို သိသည်။ အဘယ်ကြောင့်ဆိုသော် သူ ၂၁ ရာစုမှ ယူဆောင်လာခဲ့သော အသက်ကယ် ပဋိဇီဝဆေးများမှာ ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။
အသားမည်း ကပ်ရောဂါ၏ အဓိကအချက်မှာ ပလိပ်ရောဂါ ဘက်တီးရီးယား ဖြစ်သည်။ တရုတ်တိုင်းရင်းဆေးများမှာ ဘက်တီးရီးယား ဆန့်ကျင်သော အာနိသင် အနည်းငယ် သာရှိ နေသည်။ဘက်တီးရီးယားများကို လုံးဝ အမြစ်ပြတ် သေစေရန်အတွက် ပဋိဇီဝဆေး အမြောက်အမြား အထူးသဖြင့် စထရက်တိုမိုင်စင် လိုအပ်သည်။
အကယ်၍ စထရက်တိုမိုင်စင်သာ လုံလောက်စွာ ရှိပါက အသားမည်း ကပ်ရောဂါကို လွယ်ကူစွာ ကုသနိုင်သည်။သို့သော် မင်မင်းဆက်တွင် စထရက်တိုမိုင်စင်များစွာ ဘယ်က ရနိုင်မှာလဲ။စထရက်တိုမိုင်စင် မရှိလျှင် ပင်နီဆလင်မှာလည်း ရွေးချယ်စရာ ကောင်းတစ်ခု ဖြစ်သည်။
ဝူကျိရှန်း၏ မူလခေတ်တွင် ပင်နီဆလင် ဆေးပုလင်းတစ်လုံး၏ ဈေးမှာ အနည်းငယ်မျှသာရှိပြီး ကြက်သွန်မြိတ် တစ်ပင်၏ ဈေးထက်ပင် နည်းသည်။
သို့သော် ထိုဆေး၏ နောက်ကွယ်တွင် ဆေးပညာ၊ ဇီဝကမ္မဗေဒ၊ အဏုဇီဝဗေဒနှင့် ဓာတုဗေဒ စသည့် ဘာသာရပ်များစွာ ပါဝင်သော တိကျသည့်စက်မှုစနစ်ကြီးတစ်ခုလုံး ရှိနေခြင်း ဖြစ်သည်။
ပင်နီဆလင် ထုတ်လုပ်ပုံမှာ အလွန်မခက်ခဲလှဘဲ ဆေးပညာ ဗဟုသုတ အနည်းငယ် ရှိသူတိုင်း ထုတ်လုပ်နိုင်သော်လည်း ၎င်းကို အမှန်တကယ် လက်ဝယ်ရရှိရန်မှာမူ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် မတီထွင်နိုင်သေးမီ ပင်နီဆလင်ကို ထုတ်လုပ်နိုင်လျှင်ပင် သီးသန့်ခွဲထုတ်၍ မရနိုင်ပေ။ ခွဲထုတ်နိုင်လျှင်ပင် ဘျူတနော ဒြပ်ပေါင်းများ မရှိပါက ပုံဆောင်ခဲ ပြုလုပ်၍ မရနိုင်ရာ ဘာအဓိပ္ပာယ် ရှိဦးမည်နည်း။စင်ကြယ်မှု စစ်ဆေးခြင်းနှင့် ဓာတ်မတည့်မှု စမ်းသပ်ခြင်းများမှာမူ ပြောနေစရာပင် မလိုတော့ပေ။
ဝူကျိရှန်း ၂၁ ရာစုသို့ ပြန်သွားပြီး ဆေးဝါးစက်ရုံတစ်ခုလုံးကို မင်မင်းဆက်သို့ သယ်လာနိုင်မှသာ ဖြစ်လိမ့်မည်။ လျှပ်စစ်မီးအတွက် ဂျင်နရေတာ အကြီးစားများလည်း လိုအပ်မည် ဖြစ်ရာ ဆီတန်ပေါင်းများစွာလည်း လိုအပ်ပေလိမ့်မည်။ဒါက ဖြစ်နိုင်ပါ့မလား။
အတိုချုပ်ပြောရလျှင် မင်မင်းဆက်တွင် ပင်နီဆလင် ထုတ်လုပ်ရန် ကြိုးစားခြင်းမှာစိတ်ကူးယဉ်အိပ်မက်သာ ဖြစ်သည်။ ထိုကဲ့သို့သော အရာများသည် ဖျော်ဖြေရေး နိုဗယ်လ်များထဲ၌သာ တည်ရှိပြီး လက်တွေ့တွင်မူ မအောင်မြင်နိုင်ပေ။
သို့သော် ဝူကျိရှန်းက လက်မလျှော့ပေ။
သူသည် ပင်နီဆလင် စစ်စစ်ကို ထုတ်လုပ်ရန် ဘယ်သောအခါမှ မစဉ်းစားခဲ့ပေ။ ပင်နီဆလင်နှင့် ဆင်တူသော ဆေးရည် တစ်မျိုးမျိုးကို ထုတ်လုပ်နိုင်လျှင်ပင် လုံလောက်ပြီ ဖြစ်သည်။
ပင်နီဆလင် ဆေးရည်ဆိုသည်မှာ အမှန်တကယ်တော့ ပင်နီဆလင်၏ တစ်ပိုင်းတစ်စ ကုန်ချောပစ္စည်းသာ ဖြစ်သည်။
ဆေးဝါးထုတ်လုပ်ခြင်းသည် အလွန် တိကျသော သိပ္ပံပညာ ဖြစ်သည်။ ဆေးဝါးအများစုမှာထုတ်လုပ်မှုအဆင့်တစ်ခုခုလိုအပ်သွားပါက အရည်အသွေး ပြောင်းလဲသွားပြီး အသက်ကယ်ဆေးမှ အသက်သေစေသောအဆိပ်ပင် ဖြစ်သွားနိုင်သည်။ သို့သော် ပင်နီဆလင်မှာမူ ချွင်းချက် ဖြစ်သည်။
ဂျပန်တော်လှန်ရေး စစ်ပွဲကာလက ပင်နီဆလင်ကို စတင်ထုတ်လုပ်ခါစ ဖြစ်သဖြင့် ဈေးနှုန်းမှာ ကောင်းကင်သို့ မြင့်တက်နေသည်။စစ်ပွဲကြောင့်၎င်းသည် အရေးအကြီးဆုံး စစ်ဗျူဟာမြောက်ပစ္စည်း ဖြစ်လာပြီး သာမန်လူများမှ ငွေရှိလျှင်ပင် ဝယ်၍ မရနိုင်ပေ။
ရန်သူရော မိမိတို့ဘက်ကပါဆေးကို ရရှိရန် ပြင်းထန်စွာ ယှဉ်ပြိုင်ကြပြီး ပျံ့နှံ့မှုကိုလည်းတင်းကျပ်စွာတားမြစ်ထားသည်။
ရှေ့တန်းမှ ပြောက်ကျားတပ်ဖွဲ့ဝင်များသည်ပင်နီဆလင်ဆေးကို ရရှိရန် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ကြရသည်။စစ်ပွဲနောက်ဆုံးအဆင့်သို့ ရောက်မှသာ အခြေခံဒေသများမှ ဆေးဝါးကျွမ်းကျင်သူအချို့က ရိုးရှင်းသော နည်းလမ်းများကို သုံး၍ပင်နီဆလင်အတုကိုထုတ်လုပ်ခဲ့ကြသည်။
အခြေခံဒေသများရှိ စစ်သည်နှင့် ပြည်သူများတွင် ကြီးမားသော ဆေးဝါးစက်ကိရိယာများ၊ ကုန်ကြမ်းများနှင့် ဓာတုဗစ္စည်းများမရှိသဖြင့်ပင်နီဆလင် စစ်စစ်ကို မထုတ်လုပ်နိုင်ကြပေ။ သူတို့သည် တစ်ပိုင်းတစ်စ ကုန်ချောကိုသာ ထုတ်လုပ်နိုင်ကြသည်။
အမေရိကန် စစ်သားများ အသုံးပြုသော ပင်နီဆလင်နှင့် လုံးဝ မတူဘဲ အခြေခံဒေသများမှ ထုတ်လုပ်သော ပင်နီဆလင်မှာ ပုလင်းလေးများထဲမှ အမှုန့်မဟုတ်ဘဲ မျက်စဉ်းဆေးနှင့် တူသောအရည်သာဖြစ်သည်။၎င်းသည်ပင်နီဆလင် ဆေးရည် ဖြစ်သည်။
ထိုသို့ ထုတ်လုပ်ထားသော ပင်နယ်ဆလင်မှာ အာနိသင် အလွန်နည်းပါးပြီး၎င်း၏အကြီးမားဆုံး အားနည်းချက်မှာဆေးရည်ကို ကြာရှည်စွာ သိုလှောင်၍ မရခြင်း ဖြစ်သည်။
ပုံဆောင်ခဲအဖြစ် မပြုလုပ်နိုင်သဖြင့် ဆေးရည်အဖြစ်သာ တည်ရှိရာ အပူချိန်နှင့် အလင်းရောင်ကို ခံနိုင်ရည် မရှိပေ။သာမန်အပူချိန်တွင် ဆယ်နာရီခန့် ကြာလျှင်ပင် အာနိသင် ပျက်ပြယ်သွားတတ်သည်။
ထိုအချက်ကြောင့် ပင်နီဆလင် အတု ကို သိုလှောင်ရန် ခက်ခဲ၏။ တိုက်ပွဲဖြစ်၍ ဒဏ်ရာရသူများ ရှိလာချိန်တွင် ဆေးမှာ အာနိသင် ပျက်ပြယ်နေတတ်သည်။
သို့သော်လည်း အခြေခံဒေသရှိ စစ်သည်နှင့် ပြည်သူများသည် ထိုနည်းပညာ အခက်အခဲကို ကျော်လွှားနိုင်ခဲ့ကြသည်။ ၎င်းမှာ ချက်ချင်းထုတ်၊ ချက်ချင်းသုံး သည့် နည်းလမ်းဖြင့် အသက်ကယ်ဆေး ဖြစ်လာစေခြင်း ဖြစ်သည်။
သူတို့သည် ထုပ်ပိုးခြင်း၊ ပိတ်သိမ်းခြင်း၊ သယ်ယူခြင်းနှင့် သိုလှောင်ခြင်း အဆင့်အားလုံးကို လျှော့ချလိုက်ပြီး ဆေးဝါးအလုပ်ရုံကို ဆေးရုံ အတွင်း၌သာ တည်ဆောက်လိုက်ကြသည်။ ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင်သူ၏ အခန်းကဏ္ဍကို ပေါင်းစပ်လိုက်ကြခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ဒေသန္တရ အခြေအနေအပေါ် မူတည်၍ ရိုးရှင်းစွာ တွေးခေါ်နိုင်မှုကပင် စစ်သည်နှင့် ပြည်သူများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး ဂျပန်တော်လှန်ရေး စစ်ပွဲကြီးတွင် ကြီးမားသော အကျိုးပြုမှုကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဂျပန်တော်လှန်ရေး စစ်ပွဲကာလက အလုပ်ရုံလေးများကပင် ပင်နီဆလင် အတု ကို ထုတ်လုပ်နိုင်ခဲ့လျှင် ငါလည်း လုပ်နိုင်လောက်မည်။ဝူကျိရှန်းသည် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အခန်း -၅၄ ကိုယ်ပိုင်နည်းဖြင့်ဆေးဖော်ပြီ
"ကျုပ်ကို ဆေးဖော်ခိုင်းတာလား"
အဘိုးအိုတင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်နှာပေါ်မှ အရေးအကြောင်းများမှာ ပို၍ပင် နက်ရှိုင်းသွားသည်။သူသည် လုံးဝမယုံကြည်နိုင်သော အမူအရာဖြင့် ငြင်းလိုက်၏။
"တစ်သက်လုံး တို့ဟူးပဲလုပ်စားလာတာပါ။ ဆေးဝါးကိစ္စတွေကိုတော့ လျှောက်မလုပ်ဝံ့ပါဘူး"
ဆေးဝါးဆိုသည်မှာ ရောဂါကုသရန် အသုံးပြုခြင်းဖြစ်ရာ အသက်နှင့်ဆိုင်သည့် ကိစ္စဖြစ်သည်။မည်သူက ပေါ့ပေါ့ဆဆ လုပ်ဝံ့ပါမည်နည်း။
အဘိုးအိုတင်ကို ဆေးဖော်ခိုင်းခြင်းမှာ စစ်ဗိုလ်ချုပ်ကြီး ကျန်းဖေးကို ပန်းထိုးခိုင်းသကဲ့သို့ပင် လုံးဝမဖြစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်သည်။
"ကျွန်တော်ဖော်မယ့် ဆေးက တကယ်တော့ တို့ဟူးလုပ်တာနဲ့ အတော်လေး တူပါတယ်"
တို့ဟူးလုပ်ခြင်းနှင့် ဆေးဖော်ခြင်းမှာ လုံးဝမပတ်သက်ပေ။ မည်သို့ တူနိုင်ပါမည်နည်း။ တို့ဟူးလုပ်သည့် ကိစ္စတွင် အဘိုးအိုတင်မှာ ထိပ်တန်းကျွမ်းကျင်သူဖြစ်သော်လည်း ဆေးဖော်ရန်မှာမူ အိမ်မက်ပင် မမက်ဖူးပေ။
"အသားမည်း ကပ်ရောဂါက အရမ်းပြင်းထန်နေပြီး လူတွေလည်း နေ့တိုင်း သေနေကြတယ်။ ကျွန် တော်တို့အထူးဆေးတစ်မျိုးကို ထုတ်လုပ်ရမယ်၊ဒါကို အဖေပဲ ကျွန်တော့်ကို ကူညီနိုင်မှာ"
"ဒါပေမဲ့ ငါက ဆေးဘယ်လိုဖော်ရမလဲ ဆိုတာမသိဘူးလေ"
"မသိလည်း ကိစ္စမရှိပါဘူး။ ဆေးဖော်တဲ့ နည်းလမ်းကို ကျွန် တော်သင်ပေးပါ့မယ်။ ပြောတဲ့အတိုင်းသာ လုပ်ပါ"
ပင်နီဆလင် ထုတ်လုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများမှာ နည်းပညာပိုင်းအရ အခက်အခဲ မရှိပေ။ တို့ဟူးလုပ်ငန်းဖြင့် ဘဝကို ဖြတ်သန်းလာသော အဘိုးအိုတင်ကဲ့သို့ လူတစ်ဦးအတွက် အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည်။
ဝူကျိရှန်း၏ လမ်းညွှန်မှုနှင့် အကူအညီ ကြောင့်အဘိုးအိုတင်သည် သူ၏ တို့ဟူးလုပ်သည့် ကိရိယာအားလုံးကို ဝူ ဆေးခန်းသို့ ရွှေ့ပြောင်းလာပြီး တို့ဟူးလုပ်သည့် လုပ်ငန်းစဉ်အတိုင်း စတင်လုပ်ဆောင် တော့သည်။
ပထမဦးစွာ ရေစိမ်ထားသော ပဲပိစပ်များကို ကြိတ်ပြီး ပဲဖတ်များ ရအောင်လုပ်သည်။ထို့နောက် ကျောက်ကြိတ်ဆုံဖြင့် ပဲနို့ရည်ညက်ညက်ရအောင် ကြိတ်ပြီးနောက် ပိတ်စဖြင့် အထပ်ထပ်စစ်ကာ ပဲဖတ်များကို ဖယ်ထုတ်၏။ထိုအဆင့်များကို အဘိုးအိုတင် လုပ်ဆောင်လာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ အလွန်ပင် ကျွမ်းကျင်နေပြီဖြစ်သည်။ မျက်စိမှိတ်ထားလျှင်ပင် အမှားအယွင်းမရှိ လုပ်နိုင်ပေသည်။
သတိထားရမည့်အချက်တစ်ခုမှာဆေးရည်အတွင်းသို့ ဆီတစ်စက်မျှ မဝင်စေရန် ဖြစ်သည်။ယင်းအချက်မှာ အဘိုးအိုတင်အတွက် ပုံမှန်ကိစ္စသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တို့ဟူးလုပ်ရာတွင်လည်း ဆီနှင့်မထိတွေ့ရ သောကြောင့် ဖြစ်သည်။
တို့ဟူးလုပ်ရာတွင် ပဲပိစပ်ပရိုတင်းများ ခဲသွားစေရန် သဘာဝဓာတုပစ္စည်းများဖြစ်သော ဆားရည် သို့မဟုတ် ကျောက်မှုန့်များကို အသုံးပြုရသော်လည်း တို့ဟူးလုပ်ငန်းခွင်၌ ဆီကိုမူ လုံးဝမတွေ့နိုင်ပေ။ ဆီသည် တို့ဟူးခဲစေရန် အနှောင့်အယှက်ဖြစ်စေသကဲ့သို့ ပင်နီဆလင် ပေါက်ဖွားရန်အတွက်လည်း မကောင်းပေ။ ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုလာသော အိုးများ၊ ပုံးများနှင့် အိုးခြမ်းပဲ့များမှာ ဆီတစ်စက်မျှ မထိတွေ့ဖူးသဖြင့် ထိအချက်ကို စိတ်ချနိုင်သည်။
ထို့နောက် ဆန်ပြုတ်ပျစ်ပျစ်တစ်အိုးကို ချက်ပြီး ကျက်ပြီးသား ဆန်ပြုတ်နှင့် ပဲနို့ရည်စိမ်းတို့ကို သမအောင် မွှေရသည်။ ၎င်းမှာ ဆန်မှရသော သကြားဓာတ်နှင့် ပဲပိစပ်မှရသော ပရိုတင်းများ အပြည့်အဝ ရောနှောသွားစေရန် ဖြစ်သည်။
ကြိုတင်ပြင်ဆင်မှုများမှာ နည်းပညာ မလိုပေ။ နာရီဝက်ခန့်အတွင်းမှာပင် အဘိုးအိုတင်သည် ပဲနို့နှင့် ဆန်ပြုတ်ရောနှောထားသော ဆေးရည် အိုးကြီးအိုးငယ် အမြောက်အမြားကို ထုတ်လုပ်နိုင်ခဲ့သည်။
"ပြီးရင် ဘာဆက်လုပ်ရမလဲ"
"ပြီးရင်တော့ ဒါတွေကို ပိတ်စနဲ့ အုပ်ပြီး နွေးထွေးတဲ့နေရာမှာ ရက်အနည်းငယ် ထားရမယ်"
ထိုစကားကို ကြားသောအခါ အဘိုးအိုတင်မှာအံ့အားသင့်သွားရသည်။ဆန်ပြုတ်နှင့် ပဲနို့ကို နွေးထွေးသောနေရာတွင် ရက်အနည်းငယ် ထားလိုက်လျှင် မုချ မှိုတက်ပြီး ပုပ်သိုးသွားပေလိမ့်မည်။ဤသည်မှာ အစားအသောက်များကို ဖြုန်းတီးနေခြင်း မဟုတ်ပါလား။
မှိုတက်တာ ဟုတ်လား။မှိုတက်ခြင်းမှာ လိုအပ်ချက်ပင် ဖြစ်သည်။ကျွန်တော်လိုချင်တာကလည်း မှိုတက်ဖို့ပဲ။
ပဲနို့နှင့် ဆန်ပြုတ် ရောနှောထားသော အိုးများမှာ ပင်နီဆလင် မွေးမြူရန်အတွက်အသင့်တော်ဆုံး အာဟာရဓာတ်များ ဖြစ်သည်။ စက်မှုထုတ် ပရိုတင်းများနှင့် ဂလူးကို့စ်များ မရှိသည့်အပြင် သက်ဆိုင်ရာ ဓာတုဗစ္စည်းများလည်း မရှိသဖြင့်သဘာဝ အချဉ်ဖောက်နည်းဖြင့်သာ ပင်နီဆလင်ကို မွေးမြူရခြင်း ဖြစ်သည်။
ထိုနည်းလမ်းမှာ အလွန်ပင် ရှေးကျသော်လည်း ထိုခေတ်၏ နည်းပညာ အခြေအနေအရ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
ဝူကျိရှန်းက အသားမည်း ကပ်ရောဂါကို တိုက်ဖျက်ရန် အထူးဆေးကို အလုပ်များစွာဖြင့် ပြင်ဆင်နေစဉ် လမ်းတစ်ဖက်ရှိ နတ်ဆေးဆရာကြီးစွန်းမှာလည်း ထိုနည်းတူပင် အလုပ်ရှုပ်နေသည်။
သို့သော် သူသည် ပဋိဇီဝဆေးကို ဖော်စပ်နေခြင်း မဟုတ်ဘဲ ပါးကျိန်းချိုင်းလင်ဆေးရည်ကို ဖော်စပ်နေခြင်း ဖြစ်သည်။
ရှီးဟူ ၂ ကျပ်သား၊ ကွမ်းကူ ၂ ကျပ်သား၊ ဝက်သစ်ချနှင့် အလစ်စမာ ၈ ပဲစီ၊ လင်းဇီး ၃ ကျပ်သား၊ အထရက်တီလုတ် ၁ ကျပ်သား၊ သစ်ကြံပိုးနှင့် နွယ်ချို ၂ ပဲစီနှင့် ပင်နယ်လီယာ ၁ ကျပ်သားတို့ကို ဆေးညွှန်းအဖြစ် အသုံးပြုသည်။
၎င်းဆေးညွှန်းမှာစွန်းမိသားစု၏ သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာသော လျှို့ဝှက်ဆေးနည်း ဖြစ်သည်။
၎င်းမှာ ဆေးဘုရင်ဟု တင်စားရသော စွန်းစီမြောင် သေဆုံးပြီးနောက် စားပွဲပေါ်တွင် ကျန်ရစ်ခဲ့သည့် ဆေးနည်းဖြစ်ပြီး သူ၏ မျိုးဆက်များက ရတနာကဲ့သို့ တန်ဖိုးထားကြသည်။
ထိုဆေးနည်း၏ အကြီးမားဆုံး အာနိသင်မှာ သွေးအေးစေခြင်း၊ အဆုတ်ကို သန့်စင်စေခြင်း၊ ချောင်းဆိုးပျောက်စေခြင်းနှင့် အဆိပ်အတောက် ပြေစေခြင်းတို့ ဖြစ်ရာ ကပ်ရောဂါအများစုအတွက် အလွန်ကောင်းမွန်သော ကုထုံးဖြစ်သည်။
ဆေးဘုရင်စွန်းစီမြောင် ချန်ထားခဲ့သော ဤဆေးနည်းမှာ အမှန်တကယ်ပင် ထူးခြားလှသည်။ အသေးစိတ် အချက်အလက်တိုင်းမှာ တရုတ်တိုင်းရင်းဆေးပညာ၏ နှစ်ပေါင်းထောင်ချီသော အနှစ်သာရများကို ဖော်ပြနေသည်။
ထိုဆေးတွင်ပါရှိသောရှီးဟူနှင့် ကွမ်းကူတို့မှာ အဓိကဆေးများအဖြစ် အဆိပ်ဖြေခြင်းနှင့် အဆုတ်သန့်ခြင်းကို လုပ်ဆောင်သည်။ ဝက်သစ်ချနှင့် အလစ်စမာတို့က သွေးအေးစေပြီး အပူဒဏ်ကို ဖယ်ရှားပေးသည်။ လင်ဇီးနှင့် အထရက်တီလုတ်တို့က ကိုယ်တွင်း အညစ်အကြေးများကို ဖယ်ရှားပေးသည်။ နွယ်ချိုနှင့် သစ်ကြံပိုးတို့က ဆေးအာနိသင်များကို မျှတစေပြီး ပင်နယ်လီယာကို ဆေးလမ်းညွှန်အဖြစ် အသုံးပြုခြင်းမှာ လုံးဝ ပြည့်စုံလှသည်။
ကိုယ်တွင်းကိုယ်ပ မျှတစေခြင်းနှင့် အခြေခံကျန်းမာရေးကို မြှင့်တင်ပေးခြင်းဟူသော တိုင်းရင်းဆေးပညာ သဘောတရားများအပြင် ဆေးကို ကျိုချက်ရာတွင်လည်း မလွယ်ကူပေ။
ပထမဦးစွာ အဓိကဆေးများကို မီးပြင်းပြင်းဖြင့် ကျိုချက်ကာ ဆေးရည်ထုတ်ယူရသည်။ ထို့နောက် တစ်နာရီခန့် အလိုအလျောက် အေးသွားအောင် ထားရသည်။ ပြီးမှ မီးပြင်းပြင်းဖြင့်ပင် အခြားဆေးများကို ထပ်ထည့်ကာ ရေအေးအနည်းငယ် ရော၍ မီးအေးအေးဖြင့် ထပ်ခါထပ်ခါ ကျိုချက်ရသည်။ နောက်ဆုံးတွင် ဆေးလမ်းညွှန်များကို ထည့်ကာ ရေသုံးခွက်ကို တစ်ခွက်စာ ကျန်အောင်အထိ ကျိုချက်ရခြင်း ဖြစ်သည်။
ဆေးသောက်သည့်အခါတွင်လည်း သီးသန့်ကျိုထားသော ဆေးရည်ကို အရင်သောက်ရပြီးမှ ခါးသက်လှသော ဆေးရည်ကို သောက်ရသည်။
"နတ်ဆေးဆရာကြီးစွန်း၊ ရှင့်ရဲ့ ဆေးနည်းက တကယ်ပဲ ထိရောက်ရဲ့လား။ အသားမည်း ကပ်ရောဂါကို တကယ်ပဲ ကုနိုင်ပါ့မလား"
"ဒါပေါ့"
နတ်ဆေးဆရာကြီး စွန်းကယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။
"ဒီဆေးနည်းက ဆေးဘုရင်ကြီး ချန်ထားခဲ့တဲ့ လျှို့ဝှက်ဆေးနည်းပဲ့။ ကပ်ရောဂါတွေအတွက် အစွမ်းဆုံးပဲ။ ငါ့ဆေးနည်းနဲ့တောင် မရရင် ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ မကုနိုင်တော့ဘူး"
"ဒါပေမဲ့... ဆေးငါးအိုး သောက်ပြီးတာတောင် ဘာလို့ မသက်သာတာလဲ"
စွန်းမိသားစုက ခမ်းနားသော နာရေးအခမ်းအနား ကျင်းပပြီး ရက်အနည်းငယ်အတွင်းမှာပင် ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သော စွန်းမျိုးနွယ်စုဝင်များမှာ ဖျားခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများ ပြလာကြသည်။နတ်ဆေးဆရာကြီးစွန်းအနေဖြင့် သူတို့ ရောဂါကူးစက်ခံထားရသည်ကို အလိုအလျောက် သိရှိလိုက်သည်။
သို့သော် သူသည် ဤအချက်ကို ဝန်ခံရန် ဝန်လေးနေသည်။ အဘယ်ကြောင့်ဆိုသော် နာရေးအခမ်းအနားတွင် သေသူက ရောဂါမဖြန့်ဘူး ဟု သူ ကယုံကြည်ချက်ရှိရှိ ပြောခဲ့သောကြောင့် ဖြစ်သည်။ ယခု ဝန်ခံလိုက်ပါက မိမိကိုယ်ကိုယ် ပါးရိုက်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
အသက်အန္တရာယ်နှင့် ဆိုင်သော်လည်း နတ်ဆေးဆရာကြီး စွန်းမှာ အမှန်တရားကိုဖုံးကွယ်ထားဆဲဖြစ်သည်။ အကြောင်းမှာ သူသည် အသားမည်း ကပ်ရောဂါကို ကုသနိုင်သည်ဟု သူ့ကိုယ်သူယုံကြည်နေသောကြောင့် ဖြစ်သည်။ ထိုယုံကြည်မှုမှာ ပါးကျိန်းချိုင်းလင် ဆေးရည်ကြောင့် ဖြစ်သည
နတ်ဆေးဆရာကြီး စွန်း၏ မျှော်လင့်ချက်မှာထိုဆေးကို သောက်လိုက်သည်နှင့် ချက်ချင်း သက်သာသွားရန် ဖြစ်သည်။ သို့သော် လက်တွေ့မှာမူ သူ ထင်သလောက် မလွယ်ကူပေ။
စွန်းမျိုးနွယ်စုဝင် လူနာများသည် ဆေးပေါင်းများစွာ သောက်ပြီးသော်လည်း အခြေအနေမှာ သိသိသာသာ တိုးတက်မလာသဖြင့် သူ၏ ဆေးပညာအပေါ် သံသယဝင်လာကြသည်။
သို့သောနတ်ဆေးဆရာကြီး စွန်းတွင် အကြောင်းပြချက် ရှိပြသဖြစ်သအူသည်။
"ဒီကပ်ရောဂါက အရမ်းပြင်းထန်တာ၊ ဘယ်လိုလုပ် အလွယ်တကူ ကုနိုင်မှာလဲ။ လမ်းတစ်ဖက်က ဝူကျိရှန်းလည်း ကုနေတာပဲ၊ ဘယ်နှစ်ယောက် သက်သာလို့လဲ။ သူ့ဆေးခန်းကနေ အလောင်းတွေ နေ့တိုင်း ထွက်နေတာ မမြင်ဘူးလား"
အသားမည်း ကပ်ရောဂါ၏ သေဆုံးနှုန်းမှာ အလွန်မြင့်မားသည်။ကျန်းမာရေး အားနည်းသူများအတွက် သေဆုံးနှုန်းမှာ ၆၀ ရာခိုင်နှုန်း ထက်ပင် ပိုနိုင်သည်။ ကျန်းမာသန်စွမ်းသူများပင်လျှင် ၃၀ ရာခိုင်နှုန်းကျော် သေဆုံးနိုင်သည်။
ဝူဆေးခန်းတွင်လူနာ အမြောက်အမြားကို လက်ခံထားသဖြင့် နေ့စဉ် လူသေဆုံးမှုများ ရှိနေခြင်းမှာ မဆန်းပေ။
နတ်ဆေးဆရာကြီး စွန်းဘက်တွင်မူ စွန်းမိသားစုဝင် ခုနစ်ဦး၊ ရှစ်ဦးကိုသာ ကုသပေးနေခြင်း ဖြစ်ပြီး ယခုအချိန်အထိမည်သူမျှ သေဆုံးခြင်း မရှိသေးပေ။
မည်သူမျှ မသေဆုံးသေးခြင်းမှာ နတ်ဆေးဆရာကြီး စွန်းအတွက် တစ်ခုတည်းသော နှစ်သိမ့်မှု ဖြစ်နေသည်။ ကျွမ်းကျင်သော သမားတော်တစ်ဦးဖြစ်သည့်အတိုင်း သူသည်လည်း တိတ်တဆိတ် စိုးရိမ်နေမိသည်။
သူသည် ရောဂါကို အမြစ်ပြတ်ကုသနိုင်စွမ်း မရှိဘဲ ရောဂါပိုမို ဆိုးရွားမလာအောင်သာ ထိန်းထားနိုင်သည်ကို သူ ကိုယ်တိုင် သိသည်။
သူသည် ရောဂါလက္ခဏာကိုသာ ကုသနိုင်ပြီး ရောဂါဇစ်မြစ်ကိုမူ မကုနိုင်ပေ။
နတ်ဆေးဆရာကြီး စွန်းသည် သူ၏ လည်ပင်းပေါ်မှ မာကျောနေသော အကျိတ်များကို မသိမသာ စမ်းကြည့်လိုက်ပြီး အတွင်းခန်းသို့ ပြန်ဝင်သွားပြီးကာပါးကျိန်းချိုင်းလင် ဆေးရည် တစ်ခွက်ကိုတစ်ကျိုက်တည်း သောက်ချလိုက်သည်။
နတ်ဆေးဆရာကြီး စွန်းကိုယ်တိုင်ပင်လျှင် ကပ်ရောဂါ ကူးစက်ခံထားရပြီ ဖြစ်သည်။ဆေးရည်၏ အာနိသင်ကြောင့်သာ လက္ခဏာများမှာ သိသိသာသာ ပေါ်မလာသေးခြင်း ဖြစ်သည်။
တကယ်တော့ သူကိုယ်တိုင် ကောင်းစွာ သိရှိသည်။သူ၏ဆေးရည်မှာ ရောဂါဆိုးရွားလာမှုကို နှေးကွေးစေရုံသာတတ်နိုင်ပြီး ရောဂါပျောက်စေရန်မစွမ်းနိုင်ပေ။
သို့သော် သူလည်း ဘာမှမတတ်နိုင်ပါ၊ထိုအရာမှာ ကြောက်မက်ဖွယ်ကောင်းသော အသားမည်း ကပ်ရောဂါ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။