အခန်း (၅၅-၅၆)
Vol. 5 Ch. 55-56
အခန်း - ၅၅ မိတ်ဆွေစစ်များ
"အထက်လူကြီးတွေရဲ့ အမိန့်အရ အားလုံး သိစေဖို့ ကြေညာလိုက်တယ်"
အင်္ကျီအနက်ရောင် ဝတ်ထားသော ရုံးစေအချို့နှင့်အတူကျန်းစစ်ကောသည် တိတ်ဆိတ်နေသော လမ်းမထက်တွင် မောင်းထုရင်း အော်ဟစ်လာ၏။
"အိမ်ထောင်စုတိုင်း ကြွက်တွေကို အစွမ်းကုန် သတ်ကြ။သန်းတွေ၊ လှေးတွေနဲ့ ခြင်တွေဟာ မကောင်းမှုအားလုံးရဲ့ရင်းမြစ်ပဲ"
ဆယ်ရက်ကြာ ကွာရန်တင်း စောင့်ကြည့်ကာလ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ရုံးတော်မှ ဝန်ထမ်းများသည် ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ကြပြီဖြစ်ရာခရိုင်တစ်ခုလုံး အတိုင်းအတာဖြင့် ကပ်ရောဂါကို ခုခံသည့် အခြေအနေသို့ ရောက်ရှိလာသည်။
ပထမဆုံး လုပ်ဆောင်ရမည့်အလုပ်မှာ သန်း၊ လှေးနှင့် ကြွက်များကို နှိမ်နင်းရန် ဖြစ်သည်။
အသားမည်း ကပ်ရောဂါဆိုသည်မှာ ပလိပ်ရောဂါ၏ အမည်နာမ ဖြစ်ပြီး ကနဦး ကူးစက်မှုမှာ လှေးကိုက်ခံရခြင်းမှ စတင်ကာ ကြွက်နှင့် အခြား နို့တိုက်သတ္တဝါငယ်များသည် လှေးများအတွက် ကြားခံ လက်ခံကောင်များ ဖြစ်ကြသည်။ထို့ကြောင့် လှေး၊ သန်းနှင့် ကြွက်များကို နှိမ်နင်းခြင်းသည် အခြေခံအကျဆုံး ကူးစက်မြစ်ဖျားခံရာကို ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်။
ကျန်းစစ်ကောနှင့် အခြားသူများသည် လမ်းထောင့်သို့ ကွေ့လိုက်သည့်အခါ ဝူဆေးခန်း ဆိုင်းဘုတ်ကို အဝေးမှ ပင်မြင်လိုက်ရသည်။ သူတို့သည် တစ်ခုခုကို ကြောက်လန့်နေသကဲ့သို့ အနားသို့ တိုးမကပ်ဝံ့ကြပေ။
ဆေးခန်းရှေ့ရှိ တိုင်များနှင့် ပတ်ပတ်လည်ရှိ ခြံစည်းရိုး နံရံများပေါ်တွင် "တားမြစ်သည်" ဟူသော စာလုံးကြီးများကို ရေးသားထားသည်။
ထိုစာလုံးများကို သွေးရောင်ကဲ့သို့ နီရဲသော ဆေးများဖြင့် ရေးထားခြင်းဖြစ်ရာ အဝေးမှကြည့်လျှင် အလွန်ပင် ထင်ရှားနေသည်။ ဆေးခန်းအဝင်ဝတွင် အရောင်စုံ အဝတ်စများဖြင့် "သီးသန့်ဇုန်" အဖြစ် နယ်နိမိတ် သတ်မှတ်ထားသည်။
ဝူဆေးခန်းတွင် အသားမည်း ကပ်ရောဂါ လူနာ အမြောက်အမြား ရှိနေသဖြင့် ၎င်းကိုယ်တိုင်ကပင် ကြီးမားသော ရောဂါပိုး သိုလှောင်ရုံကြီး ဖြစ်နေသည်။
အခြားသူများ အနားမကပ်စေရန် သတိပေး ဆိုင်းဘုတ်များစွာကို အထူးစိုက်ထူထားပြီး ဤနေရာသည် အသက်အန္တရာယ်ရှိသော တားမြစ်နယ်မြေ ဖြစ်ကြောင်း အမြဲ သတိပေးနေသည်။
အသားမည်းကပ်ရောဂါသည် ကြောက်စရာကောင်းသော အကြောင်းအရာ ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ကပ်ရောဂါ ပြန့်ပွားပြီး လူတိုင်း ထိတ်လန့်နေချိန်တွင် မည်သူမျှ ဤနယ်မြေထဲသို့ မဝင်ဝံ့ကြပေ။
ကလေးများကို ခြောက်လှန့်ရန်အတွက် မိဘအချို့က ဝူ ဆေးခန်းမှာ သရဲခြောက်တယ်ဟုပင် ပြောကြရာ ကလေးများမှာ အမြဲတမ်း အဝေးမှ ရှောင်သွားကြသည်။
ဆေးခန်းထဲမှ လူသေအလောင်းများကို မင်းသား၏ ကိုယ်ရံတော်များက သယ်ထုတ်နေသည်ကို အဝေးမှ မြင်လိုက်ရသည့်အခါ ကျန်းစစ်ကောနှင့် အခြားသူများမှာ ပို၍ပင် ကြောက်လန့်သွားကြသည်။
သူတို့သည် ငရဲတံခါးဝတွင် ရပ်နေရသကဲ့သို့ ခံစားနေရပြီး အချိန်မရွေး ရောဂါကူးစက်ကာ အသက်ဆုံးရှုံးသွားနိုင်သည်ဟု ထင်နေကြသည်။
အရေးကြီးကိစ္စ မရှိပါက ကျန်းစစ်ကောနှင့် ရုံးစေများသည် ထိုနေရာတွင် ဘယ်တော့မှ နေမည်မဟုတ်ပေ။ သို့သော်လည်းသူတို့သည် အရောင်စုံ အဝတ်စများဖြင့် တားထားသော နယ်နိမိတ်မျဉ်" ကိုလည်း မကျော်ဝံ့သဖြင့် ဆေးခန်းဘက်သို့ လှမ်း၍သာ အော်ခေါ်လိုက်ရသည်။
"ညီလေး ဝူ၊ ညီလေး ဝူ၊ ခဏလောက် ထွက်ခဲ့ပါဦး"
အော်သံကို ကြားသဖြင့် ဝူကျိရှန်း ဆေးခန်းထဲမှ ထွက်လာ၏။
အိပ်ရေးပျက်ခံကာ အလုပ်လုပ်နေရသဖြင့် ဝူကျိရှန်းမှာ အလွန်ပင် နွမ်းနယ်နေပုံရပြီး မျက်လုံးများမှာ နီရဲကာ အသံပင် အက်ကွဲနေသည်။
"အစ်ကိုစစ်၊ ဘာကိစ္စ ရှိလို့လဲ"
" အရေးကြီးတာတော့ မဟုတ်ပါဘူး။ လီပန်းထို ရောဂါကူးစက်ခံရတယ်ဆိုလို့ ခရိုင်ဝန်မင်းနဲ့ ငါတို့ ညီအစ်ကိုတွေ အားလုံး စိတ်ပူနေကြတာ။ အဲဒါကြောင့် လီပန်းထိုရဲ့ အခြေအနေကို လာမေးတာပါ။ သူ ဘယ်လိုနေသေးလဲ"
လီပန်းထိုသည် ရုံးတော်၏ ဖမ်းဆီးရေး အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ ၎င်းသည် နောင်ခေတ်မှ ရာဇဝတ်မှုနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင်နှင့် တူပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ခရိုင်ရုံးတော်ရှိ ဝန်ထမ်းအားလုံးကို စုပေါင်း၍ ကွာရန်တင်း စောင့်ကြည့်ခဲ့သည်။ ကျန်းစစ်ကောမှာ ကံကောင်းစွာဖြင့် ရောဂါ မကူးစက်ခဲ့သော်လည်း လီပန်းထိုမှာမူ ကံမကောင်းခဲ့ပေ။
လီပန်းထို၏ အခြေအနေကို မေးသည့်အခါ ဝူကျိရှန်း၏ မျက်နှာမှာ အနည်းငယ်ပျက်ယွင်းသွား၏။
"လီပန်းထိုက အရမ်းကို အခြေအနေ ဆိုးနေပါတယ်။ သူ့ရဲ့ ဂျိုင်းနဲ့ ပေါင်ခြံတွေမှာ အသားတွေ မည်းနေပြီ၊ ခုနတင်ပဲ သွေးတွေ အန်သေးတယ်"
ခန္ဓာကိုယ်၏ တစ်နေရာရာတွင် သွေးယိုစီးမှု ပြင်းထန်လာသည့်အခါ အသားများမှာ မည်းနက်သွားလေ့ရှိသည်။ ၎င်းသည် အလွန်အန္တရာယ်ကြီးသော လက္ခဏာဖြစ်ပြီး သေမင်းနှင့် နီးကပ်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။
"ကြည့်ရတာ လီပန်းထိုတော့ မလွယ်တော့ဘူးပဲ"
လုပ်ဖော်ကိုင်ဖက် ဖြစ်သလို ယခင်က အထက်လူကြီးလည်း ဖြစ်ခဲ့ဖူးသဖြင့် လီပန်းထို၏ အခြေအနေ ဆိုးရွားမှုကို သိလိုက်ရသောအခါ ကျန်းစစ်ကောစိတ်မကောင်း ဖြစ်သွားသည်။
"လီပန်းထိုက လူချစ်လူခင် များတဲ့သူပါ၊ ဒီလို ကြောက်စရာကောင်းတဲ့ ရောဂါ ကူးစက်ခံရလိမ့်မယ်လို့ မထင်မိဘူး။ သူ နေရဖို့ သုံးလေးရက်ပဲ ကျန်တော့ပုံရတယ်။ ကျန်ရစ်မယ့် သူ့မိန်းမနဲ့ ကလေးတွေကိုပဲ သနားမိတယ်"
သက်ပြင်းတစ်ချက်ချပြီးနောက် ကျန်းစစ်ကောက သက်ပြင်းချကာ ဆိုလိုက်သည်။
"ညီလေး ဝူ၊ လီပန်းထိုကို ပြောပေးပါဦး၊ ဘာမှ စိတ်မပူဘဲ အနားယူပြီး ကုသမှုခံယူဖို့။ သူ့မိသားစု ကိစ္စတွေအတွက်ကတော့... ငါတို့ ညီအစ်ကိုတွေ အစွမ်းကုန် ကြည့်ရှုပေးပါ့မယ်လို့"
အစွမ်းကုန် ကြည့်ရှုပေးပါ့မယ် ဟူသော စကားမှာ အဓိပ္ပာယ် များစွာရှိသည်။ ပို၍ ပွင့်လင်းစွာ ပြောရလျှင် "ငါတို့ရဲ့ သံယောဇဉ်အရ မင်းရဲ့ မိန်းမနဲ့ ကလေးတွေကို ငါတို့ စောင့်ရှောက်ပေးမယ်၊ မင်း စိတ်အေးအေးနဲ့ သွားပါ၊ ငါတို့ မင်းအတွက် ငွေစက္ကူတွေ အများကြီး မီးရှို့ပေးပါ့မယ်" ဟူ၍ ဖြစ်သည်။
"ကောင်းပါပြီ၊ ဒီစကားတွေကို လီပန်းထိုဆီ ကျွန်တော် သေချာပြောပေးပါ့မယ်။ အစ်ကိုစစ် တခြား ပြောစရာ ရှိသေးလား"
"မင်းအတွက် သခင်မလေးရွန့်နဲ့ လက်ထပ်ဖို့ ကျုပ် တရားဝင် တောင်းဆိုပေးပြီးပြီ။ ခရိုင်ဝန်မင်းနဲ့ သူ့ဇနီးကလည်း အပြည့်အဝ သဘောတူကြတယ်။ ကပ်ရောဂါ ပြီးသွားရင်တော့ စေ့စပ်ကြောင်းလမ်းမှုကို လုပ်ကြတာပေါ့"
ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် ဝူကျိရှန်းမှာ မအားမလပ် ဖြစ်နေသဖြင့် စေ့စပ်ရေး ကိစ္စများကို စိတ်မဝင်စားနိုင်ပေ။ သူက အေးစက်စွာပင် ပြောလိုက်သည်။
"ဒုက္ခရှာပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုစစ်။ ကပ်ရောဂါကို အရင် ကျော်လွှားနိုင်အောင် ကြိုးစားကြတာပေါ့။ တခြား ကိစ္စမရှိရင် ပြန်လို့ရပါပြီ"
မမြင်ရသော ရောဂါပိုးအပေါ် ကြောက်လန့်ခြင်းမှာ သဘာဝပင် ဖြစ်သည်။ ဝူဆေးခန်းမှာ ငရဲတံခါး မဟုတ်သော်လည်း ဤနေရာသည် လူကို ရင်တုန်စေသဖြင့် မည်သူမျှ ကြာကြာမနေချင်ကြပေ။ ကျန်းစစ်ကောနှင့် အခြားသူများသည် အားနာစကားပင် မပြောနိုင်တော့ဘဲ အမြန် ပြေးထွက်သွားကြသည်။
လီပန်းထိုမှာ အမှန်တကယ်ပင် အခြေအနေ ဆိုးနေသည်။ ပြင်းထန်စွာ ချောင်းဆိုးခြင်းနှင့်အတူ သွေးများ ပါလာတတ်ရာ သူ၏ အဝတ်အစားများပေါ်တွင် သွေးစွန်းကွက်များမှာ မခြောက်သေးပေ။
"ခုနက ညီနောင်စစ်တို့ အသံ ကြားလိုက်သလိုပဲ"
"ဟုတ်တယ်၊ သူတို့ ခင်ဗျားကို လာမေးတာပါ။ ပြီးတော့... ဘာမှ စိတ်မပူဘဲ ကုသမှုခံယူဖို့၊ မိသားစု ကိစ္စတွေကိုလည်း စိတ်မပူဖို့ ပြောသွားကြတယ်"
ဝူကျိရှန်းက အတတ်နိုင်ဆုံး လိမ္မာပါးနပ်စွာ ပြောလိုက်သော်လည်း ရုံးတော်တွင် ကြာရှည်စွာ အလုပ်လုပ်ခဲ့သောလီပန်းထိုသည် လူ့သဘောသဘာဝကို သိရှိသဖြင့် ထိုစကား၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။သူနေရဖို့ အချိန်သိပ်မကျန်တော့သည်ကို သိသော်လည်းသူမယုံကြည်ချင်သေးပေ။
လီပန်းထိုသည် အသက် သုံးဆယ်ကျော်သာ ရှိသေးသည်။ လွန်ခဲ့သော လေးရက်က အသားမည်း ကပ်ရောဂါ ကူးစက်ခံထားရကြောင်း သိလိုက်ရသည့်အခါ ဝူဆေးခန်းသို့ ကုသမှုခံယူရန် ချက်ချင်း ရောက်လာခဲ့သည်။
ထိုလေးရက်အတွင်းတွင် ရောဂါသည်များ တဖြည်းဖြည်း ဆိုးရွားလာကာ အခြားသူများသေဆုံးသွားသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် ဤရောဂါ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ ကောင်းစွာ သိ နေသည်။
သို့သော် သူ၏ အခြေအနေမှာ ဤမျှအထိ လျင်မြန်စွာ ဆိုးရွားလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ချစ်လှစွာသော ဇနီးနှင့် သားသမီးငယ်များ၊ အိုမင်းမစွမ်းသော မိဘများကို သတိရလိုက်သည့်အခါ သူ စိတ်မကောင်း ဖြစ်ရသည်။ သူသည် မျက်ရည်များကို ထိန်းထားရင်း သေခြင်းတရားကို နားလည်သူကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်၏။
"အနှစ်တစ်ထောင်ခံမယ့် သံတံခါးတောင် နောက်ဆုံးမှာ မြေပုံပဲ ဖြစ်သွားတာပဲ့။ လူအဖြစ် မွေးဖွားလာမှတော့ ငရဲမင်းနဲ့ တွေ့ရမှာပဲ။ ယောက်ျားတစ်ယောက်က အသက်သုံးဆယ်မှာ အခြေကျရမယ်၊ ငါက အသက် ၃၁ နှစ် ရှိပြီဆိုတော့ သေသွားရင်တောင် အရွယ်မတိုင်ခင် သေတယ်လို့ မခေါ်နိုင်တော့ပါဘူး"
သေခြင်းတရားမှာ ကမ္ဘာပေါ်တွင် အခက်ခဲဆုံး အရာဖြစ်သည်။ ရဲရင့်သယောင် ဟန်ဆောင်ထားမှုမှာ ကြာရှည်မခံပေ။ သူ၏ စိတ်ထဲတွင် အသက်ရှင်ချင်စိတ်များ ရှိနေဆဲ ဖြစ်သည်။
"ဆရာဝူ၊ ကျုပ် ဒီလောက်ထိ ဖြစ်နေပြီဆိုတော့ ဘာမှ ဖုံးကွယ်မနေပါနဲ့တော့။ ကျုပ်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါ။ ကျုပ် နေရဖို့ ဘယ်နှစ်ရက် ကျန်သေးလဲ"
လီပန်းထို၏ ရောဂါလက္ခဏာများအရ သူသည် အဆုတ်ပလိပ်ရောဂါနှင့် သွေးဆိပ်တက် ပလိပ်ရောဂါ နှစ်မျိုးလုံး ကူးစက်ခံထားရပြီး အခြေအနေမှာ အလွန်ပင် လျင်မြန်စွာ ဆိုးရွားနေသည်။ မည်သည့်အချိန်တွင် နောက်ဆုံးထွက်သက် ထွက်သွားမည်ကို မသိနိုင်ပေ။
လီပန်းထိုမှာ ပါးနပ်သူ ဖြစ်သည်။ ဝူကျိရှန်း ဖြေရန် တွန့်ဆုတ်နေသည်ကို မြင်သည့်အခါ သူ၏ အချိန်များမှာ အကန့်အသတ် ရှိနေပြီဖြစ်ကြောင်း သိလိုက်သည်။
"ကျုပ် နောက်လအထိ နေရဦးမလား"
ဝူကျိရှန်း တိတ်ဆိတ်နေမိသည်။ဒီနေ့က ၂၃ ရက်နေ့ ရှိပြီ။ သူ နောက်လအထိတောင် နေရမှာ မဟုတ်ဘူး။
"ငါးရက်လောက်ကော နေရဦးမလား"
ဝူကျိရှန်း ဘာမှ မပြောသေးပေ။
"သုံးရက်ရော"
အကယ်၍ ကံကောင်းလျှင် လီပန်းထိုသည် သုံးရက်ခန့် ခံနိုင်ပေလိမ့်မည်။
ကံမကောင်းလျှင်မူ... မနက်ဖြန် နေထွက်တာကိုပင် မြင်ရမည် မဟုတ်ပေ။ဤတစ်ကြိမ်တွင်မူ ဝူကျိရှန်း စကားပြောလိုက်သည်။
"လီပန်းထို၊ ခင်ဗျားရဲ့ ရောဂါအတွက်... ဒီလိုပဲ ပြောပါ့မယ်၊ အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ"
ဒါကတော့ နောက်ဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
အခန်း (၅၆) - ငရဲမင်းနှင့် ရင်ဆိုင်ရခြင်း
ထိုစကားကို ကြားလိုက်ရချိန်တွင် လီပန်းထို၏ မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားလေသည်။ သေဘေးကို မကြောက်မရွံ့ ရင်ဆိုင်ဝံ့သည့် သန်မာသော ယောကျာ်းတစ်ဦး၏ ပုံရိပ်ကို ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ပေ။ မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာသော်လည်း သူသည် အော်ဟစ်ငိုယိုခြင်း မပြုဘဲ တိတ်ဆိတ်စွာပင် ပါးပြင်ပေါ်သို့ စီးကျခွင့်ပြုထား၏။
ရေနစ်နေသူတစ်ဦးသည် နောက်ဆုံးမြက်ပင်တစ်ပင်ကို အသည်းအသန် လှမ်းဆွဲသကဲ့သို့ လီပန်းထိုသည် ဝူကျိရှန်း၏ အင်္ကျီလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အသံကို ထိန်းကာ တောင်းပန်တိုးလျှိုးလေသည်။
"ဆရာဝူ... မင်းက နတ်ဆေးဆရာပဲ။ မင်းက ငရဲမင်းပဲလေ။ ကျုပ်ကို မကယ်နိုင်ဘူးလား။ တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား"
"နည်းလမ်းတော့ ရှိပါတယ်"
လီပန်းထိုသည် ချက်ချင်းပင် ခေါင်းမော့လာ၏။ သူ၏ မျက်လုံးများထဲတွင် အသက်ဆက်ရှင်ရတော့မည့် ဝမ်းသာအားရမှုများ ပြည့်နှက်နေပြီး စိတ်ယောင်နေသူတစ်ဦးကဲ့သို့ တတွတ်တွတ် ရေရွတ်နေတော့သည်။
"ဆရာဝူမှာ နည်းလမ်းရှိမယ်ဆိုတာ ကျုပ်သိသားပဲ။ ခင်ဗျားမှာ နည်းလမ်းရှိမှာ သေချာပါတယ်။ ခင်ဗျားက ငရဲမင်းပဲလေ။ ဒီရောဂါကို မင်းတောင် မကုနိုင်ရင် ဒီလောကမှာ ဘယ်သူမှ ကုနိုင်မှာ မဟုတ်တော့ဘူး"
လီပန်းထိုကဲ့သို့ မျှော်လင့်ချက်မဲ့နေသော လူနာများအတွက်မူ အလွန်သေးငယ်သော မျှော်လင့်ချက်ကိုပင် အတင်းအဆုပ်ကိုင်ထားတတ်ကြသည်။
ဝူကျိရှန်းက မည်သည့်ဆေးကိုမဆို ပေးလိုက်လျှင်ပင် သူ သေမင်းလက်မှ ပြန်လည်လွတ်မြောက်လာမည်ဟု သူသည် ရိုးသားစွာ ယုံကြည်နေ၏။
သို့သော် ကိစ္စရပ်များမှာ သူထင်ထားသကဲ့သို့ မရိုးရှင်းပေ။
"ကျွန်တော်ဆေးတချို့ ရထားတယ်။ ဒီဆေးက အရေပြားနက်ရောဂါကို ကုနိုင်တာတော့ အမှန်ပဲ"
အထူးဆေးရှိနေမှတော့ အဘယ်ကြောင့် အမြန်မသုံးရတာလဲ။ ဝေခွဲမရဖြစ်နေစရာဘာရှိ နေလို့လဲ။
ဝူကျိရှန်းသည် ဆုံးဖြတ်ရခက်နေဆဲပင် ဖြစ်သည်။
"ဒီဆေးက သူ့ဘာသာသူတော့ အဆိပ်ပြင်းတယ်။ ဆေးအာနိသင်ကလည်း မတည်ငြိမ်ဘူး။ အသက်ကို တကယ်ကယ်နိုင်မလားဆိုတာ မသေချာဘူး။ အလွန်ဆုံးရှိမှ အခွင့်အရေးက သုံးဆယ်ရာခိုင်နှုန်းပဲ ရှိတယ်။ တစ်ခုခု မှားယွင်းသွားရင် ခင်ဗျားဒီနေရာတင် အသက်ပျောက်သွားနိုင်တယ်။ ဒါကို မခင်ဗျားသေချာစဉ်းစားပါ"
အခွင့်အရေး သုံးဆယ်ရာခိုင်နှုန်းသာ ရှိသော်လည်း မျှော်လင့်ချက်မဲ့စွာ သေမည့်ရက်ကို စောင့်နေရသည်ထက်မူ အဆပေါင်းများစွာ သာလွန်ပေသည်။
"သုံးဆယ်ရာခိုင်နှုန်းပဲ ဖြစ်ဖြစ်။ ငရဲမင်း လာခေါ်တာကို ထိုင်စောင့်နေမယ့်အစား ငါ ဒီဘေးအန္တရာယ်ကို ရင်ဆိုင်ပြီး စမ်းကြည့်ချင်တယ်။ ကျုပ်ကို ဆေးသာပေးပါ"
သေခြင်းနှင့် ရှင်ခြင်းကြားတွင် လီပန်းထိုသည် မကြုံစဖူး ပြတ်သားမှုကို ပြသလိုက်၏။ အသက်ရှင်ရန်အတွက် အခွင့်အရေး အနည်းငယ်သာ ရှိသော်လည်း စမ်းသပ်လိုသည်မှာ လူသားတို့၏ သဘာဝပင် ဖြစ်ပေသည်။
သို့သော် ဝူကျိရှန်းတွင် စိုးရိမ်ပူပန်မှုများစွာ ရှိနေသေး၏။ အကယ်၍ လီပန်းထိုသည် ရောဂါဖြင့် သေဆုံးသွားပါက မည်သူကမျှ ဘာမှပြောမည် မဟုတ်ပေ။
သို့သော် ဆေးမှား၍ သေဆုံးသွားပါကမူ ၎င်းမှာ ကြီးလေးသော ဆေးဘက်ဆိုင်ရာ မတော်တဆမှု ဖြစ်သွားပြီး တာဝန်အားလုံးမှာ ဝူကျိရှန်းပေါ်သို့ ကျရောက်လာမည် ဖြစ်သည်။
နောင်တွင် ပြဿနာမတက်စေရန်အတွက် ဘေးအန္တရာယ်များကို ရှင်းပြပြီးနောက် ဝူကျိရှန်းသည် တာဝန်ယူမှု သဘောတူစာချုပ်တစ်ခုကို အမြန်ရေးသားလိုက်သည်။ ထို့နောက် လီပန်းထိုကို လက်မှတ်ထိုးခိုင်းပြီး လက်ဗွေနှိပ်ခိုင်းလေသည်။
သေဘေးနှင့် ရင်ဆိုင်နေရချိန်တွင် ဘေးအန္တရာယ်အားလုံးမှာ အရေးမပါတော့ပေ။ လီပန်းထိုသည် စာချုပ်ကို ကြည့်ပင်မကြည့်ဘဲ လက်ဗွေနှိပ်လိုက်တော့သည်။
ဝူကျိရှန်းပြောသော အထူးဆေးမှာ အမှန်စင်စစ်အားဖြင့် အကြမ်းစား ပြုလုပ်ထားသော ပင်နီဆလင် သာ ဖြစ်၏။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဝူကျိရှန်းသည် ရေတွင် ပျော်ဝင်နိုင်သော ပင်နီဆလင်ကို ထုတ်ယူနိုင်ခဲ့သည်။ ထိုဆေးကို ထုတ်ယူပုံမှာ မရှုပ်ထွေးလှပေ။ မှိုတက်နေသော မျက်နှာပြင်မှ ပင်နီဆလင်မှိုများကို ယူကာ ဂွမ်းစဖြင့် အထပ်ထပ် စစ်ထုတ်ရုံသာ ဖြစ်သည်။
ထို့နောက် အိမ်သုံး မုန်ညင်းဆီကို ထည့်ကာ သေချာစွာ မွှေရသည်။ ထို့နောက် နေရောင်နှင့် ဝေးသော အေးမြသည့်နေရာတွင် အနည်ထိုင်ရန် တစ်နာရီခန့် ထားလိုက်ပါက အရည်များ အလွှာလိုက် ကွဲသွားသည်ကို မြင်တွေ့ရမည် ဖြစ်၏။
မုန်ညင်းဆီမှာ သိပ်သည်းဆနည်းသဖြင့် အပေါ်ဆုံးတွင် ပေါ်နေပြီး အလယ်တွင် အနယ်မထိုင်သေးသော အညစ်အကြေးများ ရှိနေသည်။ အောက်ဆုံးမှ ကြည်လင်သော အရည်မှာမူ ပင်နီဆလင်ပင် ဖြစ်ပေသည်။
အမှန်မှာ ပင်နီဆီလင်မှာ အချောကိုင်ထားသော ဆေးဝါး ဖြစ်ပြီး ဝူကျိရှန်း ဖော်စပ်ထားသည်မှာ အကြမ်းထည် အဆင့်မျှသာ ရှိသေး၏။ ၎င်းကို လူနာများပေါ်တွင် တိုက်ရိုက်အသုံးပြုရန် မသင့်တော်သော်လည်း ယခုကဲ့သို့ အရေးပေါ် အခြေအနေတွင်မူ အခြားနည်းလမ်း မရှိတော့ပေ။
ထိုပင်နီဆလင်ဆေးရည်သည် သန့်စင်ခြင်းနှင့် ပုံဆောင်ခဲ ပြုလုပ်ခြင်း အဆင့်များသို့ မရောက်သေးသကဲ့သို့ ဓာတ်မတည့်မှု စမ်းသပ်ခြင်းကိုလည်း မလုပ်ဆောင်ရသေးပေ။
ဆေးအာနိသင် မည်မျှရှိမည်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်ချေ။ အကယ်၍ လူနာမှာ ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ပေါ်ပါက ဤဆေးသည် သေဆေး ဖြစ်သွားပေလိမ့်မည်။
လီပန်းထိုသာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မဟုတ်ပါက ဝူကျိရှန်းသည်ထိုဆေးကို သုံးရန် မည်သို့မျှ ဝံ့မည်မဟုတ်ပေ။
ဆေးထိုးပေးချိန်တွင် ဝူကျိရှန်းသည် အလွန်ပင် ဂရုစိုက်နေရ၏။ သူသည် သွေးပြန်ကြောအတွင်းသို့ ဆေးသွင်းရန် မဝံ့ဘဲ ကြွက်သားအတွင်းသို့သာ ထိုးပေးလိုက်သည်။ ထို့နောက် သွေးပေါင်ချိန်နှင့် ကိုယ်အပူချိန်ကို အမြဲမပြတ် စောင့်ကြည့်နေတော့သည်။
လူနာ၏ ကိုယ်အပူချိန် သုည ဒသမ လေး ဒီဂရီခန့် တက်လာချိန်တွင် ပိုးသတ်ဆေး စတင် အာနိသင် ပြနေပြီဖြစ်ကြောင်း ဝူကျိရှန်း သိလိုက်သည်။ သို့သော် ၎င်းမှာ ဘေးအန္တရာယ် နီးကပ်လာသည့် လက္ခဏာလည်း ဖြစ်နိုင်ပေသည်။
"လီပန်းထို... ခင်ဗျားတစ်ခုခု နေမထိထိုင်မသာ ဖြစ်ရင် ကျွန်တော့်ကို ချက်ချင်းပြော။ အောင့်မထားနဲ့"
"တစ်ကိုယ်လုံး ယားယံနေတာမျိုး ရှိလား။ ပိုးကောင်လေးတွေ တွားသွားနေသလိုမျိုးရော ခံစားရလား"
ယားယံခြင်းမှာ ပိုးသတ်ဆေးနှင့် ဓာတ်မတည့်သည့် ကနဦး လက္ခဏာ ဖြစ်သည်။ အကယ်၍ လူနာမှာ ယားယံလာပါက မကြာမီ အနီစက်များ ထွက်လာပြီး ကိုယ်တွင်း အင်္ဂါများ ပျက်စီးကာ သေဆုံးသွားနိုင်ပေသည်။
"နေလို့ မကောင်းတာမျိုး မရှိပါဘူး။ နည်းနည်းတော့ ခေါင်းမူးသလိုပဲ။ ငရဲမင်းရဲ့ ဆေးကို ငါယုံပါတယ်။ မင်းကို စောင့်နေတဲ့ လူတွေအများကြီး ရှိတာပဲ။ ကျုပ်နားမှာ နေမနေပါနဲ့တော့။ မင်း အလုပ်တွေ သွားလုပ်ပါ"
လီပန်းထိုက အတင်းပြုံးကာ ပြောလိုက်၏။သို့သော် ဝူကျိရှန်းမှာမူ စိုးရိမ်နေဆဲပင်။ ဆေးထိုးပြီးနောက် ပထမဆုံး တစ်နာရီမှာ အလွန် အရေးကြီးသည်။
"ဒီနာရီဝက်က... အသက်ရှင်မလား၊ သေမလား ဆိုတာကို ဆုံးဖြတ်ပေးမယ့် စမ်းသပ်မှုပဲ။ ခင်ဗျားဒီနာရီဝက်ကို ကျော်ဖြတ်နိုင်ရင် အသက်ရှင်မယ်။ မကျော်ဖြတ်နိုင်ရင်တော့"
ဝူကျိရှန်းက စကားကို ဆုံးအောင် မပြောသော်လည်း လီပန်းထိုက နားလည်သွား၏။
"ငါ နားလည်ပါပြီ။ ဒီနာရီဝက်မှာ ငါတို့ ငရဲမင်းနဲ့ တိုက်ရိုက် ရင်ဆိုင်နေရတာပေါ့။ သေမလား ရှင်မလား ဆိုတာ ကံတရားအတိုင်းပါပဲ"
ဝူကျိရှန်းအတွက်မူ ဤသည်မှာ သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မသေချာသော ကိစ္စတစ်ခုကို စမ်းသပ်ခြင်း ဖြစ်သည်။ သူသည် သေမင်းနှင့် ထိပ်တိုက် ရင်ဆိုင်နေရခြင်း ဖြစ်ပြီး နောက်ဆုံးရလဒ်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်တော့ချေ။