အခန်း (၅၇-၅၈)
Vol. 5 Ch. 57-58
အခန်း (၅၇) - အသက်ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ ဝန်ခံကတိပြုလွှာ
ဝူကျိရှန်းသည် သူကိုယ်တိုင် ဖော်စပ်ထားသော ပင်နီဆလင်၏ အာနိသင်အပေါ် စိုးရိမ်ပူပန်ခြင်း မရှိသော်လည်း ဖြစ်လာနိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများအတွက်မူ အလွန်ပင် စိုးရိမ်နေမိ၏။
လူနာတစ်ဦး၏ အသက်ကို အလောင်းအစားလုပ်ခြင်းမှာ ဆေးပညာရှင်တစ်ဦးအတွက် ကျင့်ဝတ်ဖောက်ဖျက်ခြင်း ဖြစ်သော်လည်း ယခုအခြေအနေတွင် သူ၌ ရွေးချယ်စရာ လမ်းမရှိပေ။
ရေဖြင့် ဖော်စပ်ထားသော ပင်နီဆလင်မှာ အကြမ်းစား ပိုးသတ်ဆေးမျှသာ ဖြစ်သည်။ ဆေးအာနိသင်ကို စမ်းသပ်မထားခြင်းမှာ ပြဿနာ မဟုတ်သော်လည်း ဓာတ်မတည့်မှု ရှိ၊ မရှိ စမ်းသပ်သည့် အဆင့်ကို ကျော်လိုက်ခြင်းမှာ အသက်အန္တရာယ်ကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်ပေသည်။
ယခုကဲ့သို့ ဆေးပစ္စည်း ရှားပါးလှသော ပတ်ဝန်းကျင်တွင် ဆေးပမာဏ အမြောက်အမြား အသုံးပြုပြီးနောက် ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ပေါ်လာပါက မည်သို့မျှ ကုစားနိုင်မည် မဟုတ်တော့ချေ။
အချိန်များသည် တိတ်ဆိတ်စွာ ကုန်ဆုံးနေ၏။ ဝူကျိရှန်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် မသိလိုက်ဘဲ ချွေးအေးများပင် ထွက်လာလေသည်။
ဆေးခန်းအတွင်းရှိ လူတိုင်းသည်လည်း အသက်ရှူရန်ပင် မေ့လျော့နေကြ၏။
ထိုဆေးမှာ အသားမည်းရောဂါကို ကုသနိုင်သည့် တစ်ခုတည်းသော အထူးဆေး ဖြစ်သည်။ အကယ်၍ လီပန်းထိုသာ ဤအတားအဆီးကို ကျော်ဖြတ်နိုင်ပါက လူတိုင်း အသက်ရှင်နိုင်မည့် မျှော်လင့်ချက် ရှိလာပေလိမ့်မည်။
သို့သော် လည်း၎င်းမှာ လူနာများ၏ စိတ်ကူးယဉ်မှုသာ ဖြစ်ပေသည်။ ပင်နီဆလင်နှင့် ဓာတ်မတည့်မှုမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပေ။ လီပန်းထိုတွင် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း အခြားသူများတွင်လည်း မရှိဟု မဆိုလိုနိုင်ချေ။
သို့သော်လည်း လူတိုင်းကထိုဆေးရည်သည် အသက်ကယ်နိုင်သော နတ်ဆေးဖြစ်သည်ဟုသာ ယုံကြည်နေကြ၏။
အရေးအကြီးဆုံး နာရီဝက်အချိန်မှာ နှစ်ပေါင်းတစ်ရာခန့် ကြာမြင့်နေသကဲ့သို့ ခံစားရသော်လည်း နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့လေသည်။
လီပန်းထိုသည် ဘာမှမဖြစ်ဘဲ ဘေးကင်းနေ၏။ သိသာထင်ရှားသော ဓာတ်မတည့်သည့် လက္ခဏာများလည်း ပေါ်မလာပေ။
ပို၍ သေချာစေရန် နောက်ထပ် နာရီဝက်ခန့် ထပ်မံစောင့်ကြည့်လိုက်သည်။
ရှေးဟောင်းနည်းလမ်းအတိုင်း ဖော်စပ်ထားသော ပင်နီဆလင်မှာ အသုံးပြု၍ရကြောင်း အချက်အလက်များက သက်သေပြနေ၏။ လီပန်းထိုအပေါ်တွင် မည်သည့် ပြင်းထန်သော တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
ထိုမျှဆိုလျှင် လုံလောက်လေပြီ။
"လီပန်းထို... ခင်ဗျား ဒီအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီ"
ဝူကျိရှန်းသည် သက်ပြင်းချလိုက်ရင်း ဆေးပမာဏကို နှစ်ဆတိုးကာ ထပ်မံထိုးပေးလိုက်တော့သည်။
"ငါ အသက်ရှင်ပြီလား"
ငရဲတံခါးဝသို့ ရောက်လုနီးပါး ဖြစ်ခဲ့သော လီပန်းထိုသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွား၏။ သူ၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများမှာ ကွပ်မျက်ခါနီး အကျဉ်းသားတစ်ဦးက လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ သူသည် မျက်ရည်များ စီးကျနေသော်လည်း တဟားဟား ရယ်မောရင်း ပြတင်းပေါက်အပြင်ဘက်သို့ လက်ညှိုးငေါက်ငေါက်ထိုးကာ ကြိမ်းမောင်းလေသည်။
"ငါ ကျော်ဖြတ်နိုင်ခဲ့ပြီ။ ငရဲမင်းအိုကြီး... မင်း ငါ့ကို ဘာမှလုပ်လို့မရတော့ဘူး။ ဟားဟား... ဟားဟားဟား..."
လီပန်းထို၏ ဆဲဆိုသံမှာ ငရဲမင်းကို အနိုင်ယူလိုက်သည့် အောင်ပွဲခံတေးသွားပင် ဖြစ်တော့သည်။
ခဏချင်းတွင်ပင် ဝူဆေးခန်းတစ်ခုလုံး၌ အောင်ပွဲခံသံများ ညံသွား၏။ လူတိုင်းက အော်ဟစ်ကာ သေမင်းကို မကြောက်တော့ကြောင်း ထုတ်ဖော်ပြသနေကြသည်။
"ငရဲမင်းမှာ ဝိညာဉ်နှုတ်အမိန့်ရှိရင် ငါတို့ဆီမှာလည်း ငရဲမင်း(ဝူကျိရှန်း) ရှိတာပဲ။ ဘယ်သူက သူ့ကို ဂရုစိုက်မှာလဲ"
"ငါလည်း မကြောက်တော့ဘူး"
အသားမည်းရောဂါမှာ ကြောက်စရာကောင်းသော ကုမရသည့် ရောဂါဖြစ်ကြောင်း သိကြသော်လည်း ဝူကျိရှန်းက ငရဲမင်းကို ထိပ်တိုက်ရင်ဆိုင်ပြလိုက်ခြင်းမှာ လူနာများအတွက် စိတ်ခွန်အား အဆမတန် ရရှိစေခဲ့သည်။
ဤခေတ်ကာလရှိ ပလိပ်ရောဂါပိုးများသည် မည်သည့်ဆေးယဉ်ပါးမှုမျှ မရှိသေးသဖြင့် အကြမ်းစား ပင်နီဆလင်မှာ အာနိသင် နည်းသော်လည်း ဆေးပမာဏ အမြောက်အမြား သုံးစွဲပါကအလွန်ပင်ထိရောက်မှုရှိလှပေသည်။
နောက်တစ်နေ့ မွန်းတည့်ချိန် ရောက်သော်လီပန်းထို၏ ရောဂါလက္ခဏာများမှာ သိသိသာသာ လျော့ပါးသွား၏။
ချောင်းဆိုးနေဆဲ ဖြစ်သော်လည်း ယခင်ကကဲ့သို့ သွေးများ အမြောက်အမြား အန်ခြင်း မရှိတော့ပေ။ ကိုယ်ပေါ်ရှိ ရောင်ရမ်းနေသော အကျိတ်များမှာလည်း ပျော့ပြောင်းလာပြီး ပျောက်ကွယ်စပြုလာလေသည်။
လီပန်းထိုတွင် ပင်နီဆလင်နှင့် ဓာတ်မတည့်မှု မရှိသဖြင့် ဆက်လက်ကုသရန် လွယ်ကူသွား၏။ ဆေးပမာဏ အမြောက်အမြားကိုသာ ဆက်လက်အသုံးပြုနေလိုက်သည်။
လီပန်းထို၏ အခြေအနေကို ကြည့်ခြင်းဖြင့် ဆေးပမာဏကို ခန့်မှန်းနိုင်လာပြီး နောက်ပိုင်းကုသမှုများမှာလည်း ပိုမိုရိုးရှင်းလာတော့သည်။
မနေ့ကကဲ့သို့ သေခြင်းရှင်ခြင်းကို မခန့်မှန်းနိုင်သည့် အခြေအနေမျိုး မဟုတ်တော့သဖြင့် ဝူကျိရှန်းနှင့် လီပန်းထိုတို့မှာ ယုံကြည်မှု အပြည့်ဖြင့် စကားပြောနိုင်ကြပြီ ဖြစ်သည်။
"လီပန်းထို... ချင်းချင်းကိုပဲ ခင်ဗျားကို ဆေးထိုးခိုင်းလိုက်မယ်။ သူမရဲ့ လက်ရာက သိပ်မကောင်းသေးပေမယ့် အဆင်ပြေမှာပါ"
လွန်ခဲ့သော ရက်များအတွင်း ချင်းချင်းသည် ဝူကျိရှန်း၏ ဘေးတွင် အမြဲရှိနေခဲ့သဖြင့် လက်ထောက်ကောင်း တစ်ဦး ဖြစ်လာခဲ့သည်။
သူမသည် ဆေးထိုးနည်းကို သိထားသော်လည်း လက်တွေ့မလုပ်ဖူးသေးသဖြင့် လီပန်းထိုမှာ လေ့ကျင့်ရန်အတွက် အကောင်းဆုံး လူနာပင် ဖြစ်ပေသည်။
ချင်းချင်းမှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် အပ်ကိုအကြိမ်ကြိမ် ထိုးပြီးမှသာ အောင်မြင်သွား၏။ သူမကိုယ်တိုင်လည်း ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။
"ဦးလေးလီ... နာသွားလား။ ကျွန်မ ပထမဆုံး လုပ်ဖူးတာမို့ သည်းခံပေးပါနော်"
"ဟားဟား"
လီပန်းထိုက သဘောကျစွာ ရယ်မောရင်း ပြောလိုက်၏။
"ငါက ငရဲမင်းရဲ့ နှာခေါင်းကိုတောင် သွားကိုင်ခဲ့တဲ့သူပဲ။ ငရဲတံခါးဝကိုလည်း အကြိမ်ကြိမ် ရောက်ခဲ့ပြီးပြီ။ မင်းရဲ့ အပ်စိုက်တာလောက်ကို ငါက ဘာလို့ ကြောက်ရမှာလဲ။ ငါ့မိန်းမ အပ်ချုပ်ရင်း အပ်စူးတာတောင် ဒီထက် နာဦးမယ်။ မင်း မတတ်သေးရင် နောက်ထပ် အကြိမ်အစိတ်လောက် ထပ်ထိုးစမ်းပါ။ ငါ မျက်ခုံးတွန့်မိရင် ယောကျာ်းမဟုတ်တော့ဘူး"
ဆေးခန်းအတွင်းရှိ အခြေအနေမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် လန်းဆန်းလာခဲ့လေသည်။
"ကျွန်တော်လည်း အဲဒီဆေးကို သုံးချင်တယ်..."
ကျိုးပန်းရှန်းက စတင်ပြောလိုက်သည်နှင့် အခြားသူများကလည်း ဝိုင်းဝန်း ထောက်ခံကြတော့သည်။
လီပန်းထို၏ အခြေအနေ ကောင်းမွန်လာသည်ကို အားလုံး မြင်တွေ့ထားကြသဖြင့် အဘယ်သူက ဆေးမသုံးဘဲ နေလိုပါမည်နည်း။
သို့သော် ဝူကျိရှန်းမှာမူ ဤဆေးကို လူတိုင်းအား ပေးရန် မဝံ့သေးပေ။
ဤသည်မှာ စစ်မှန်သော ပိုးသတ်ဆေး မဟုတ်သေးချေ။ လီပန်းထိုတွင် ဓာတ်မတည့်မှု မရှိသော်လည်း အခြားသူများတွင်လည်း ထိုသို့ပင် ဖြစ်မည်ဟု အာမမခံနိုင်ပေ။ အကယ်၍ လူသေဆုံးမှု ဖြစ်ပေါ်လာပါက ပြဿနာတက်နိုင်ပေသည်။
ထို့ကြောင့် သူသည် ဤဆေး၏ ပြင်းထန်သော ဆိုးကျိုးများကို လူတိုင်းအား ရှင်းပြရတော့သည်။
"ဒီဆေးက ထိရောက်ပေမယ့် ဘေးထွက်ဆိုးကျိုးကတော့ အများကြီး ရှိတယ်..."
လူနာများ နားလည်စေရန် သူက အရိုးရှင်းဆုံး ရှင်းပြလိုက်၏။
"ဒီဆေးက အဆိပ်အတောက် ဖြစ်စေနိုင်တယ်။ မလိုအပ်ဘဲ မသုံးတာ အကောင်းဆုံးပဲ"
"ဆေးတိုင်းမှာ အဆိပ်ရှိတာပဲလေ။ တောင်ပို့သရက်ပင်ကိုတောင် လျှောက်စားလို့ မရတာပဲ"
ကျိုးပန်းရှန်းမှာ စကားပြော ကောင်းသူ ဖြစ်သဖြင့် သူသိထားသော ဆေးပညာ ဗဟုသုတအနည်းငယ်ဖြင့် ပြန်လည် ရှင်းပြလေသည်။
"အသားမည်းရောဂါက အဆိပ်ဆိုရင် ဒီဆေးကလည်း အဆိပ်ပေါ့။ အဆိပ်ကို အဆိပ်နဲ့ တိုက်ရမယ်ဆိုတဲ့ သဘောကို ကျွန်တော် နားလည်ပါတယ်။ အသက်ရှင်မယ်ဆိုရင် အာဆင်းနစ်အဆိပ်ကိုတောင် ငါးပိဿာလောက် စားရဲပါတယ်"
"ဒါက အဆိပ်ကို အဆိပ်နဲ့ တိုက်တာထက် ပိုရှုပ်ထွေးတယ်။ လီပန်းထိုက ကံကောင်းလို့ ရှင်တာ။ တခြားသူတွေလည်း အဆင်ပြေမယ်လို့ မဆိုလိုဘူး။ သေချာစဉ်းစားကြပါ"
"ရေအေးသောက်ရင်းတောင် သီးပြီး သေနိုင်တာပဲ။ ဆရာဝန်ဆိုတာလည်း နတ်ဘုရားမှ မဟုတ်တာ။ ဟွာထော့ ပြန်ရှင်လာရင်တောင် လူတိုင်းကို ကယ်နိုင်မယ်လို့ အာမခံမှာ မဟုတ်ဘူး"
ကျိုးပန်းရှန်းက ခေါင်းရမ်းရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
"အသက်ရှင်ခြင်းနဲ့ သေခြင်းဆိုတာ ကံတရားအတိုင်းပဲ။ ဒီဆေးကို သုံးပြီး သေသွားရင်တောင် ကျွန်တော့်ကံပဲလို့ မှတ်ပါမယ်။ ဆရာ့ကို အပြစ်မတင်ပါဘူး"
"ဒါပေမဲ့..."
"ဖင့်နွှဲမနေပါနဲ့တော့"
ကျိုးပန်းရှန်းသည် ဝန်ခံကတိပြုလွှာ တစ်ခုကို ကိုယ်တိုင်ရေးသားကာ လက်မှတ်ထိုးပြီးဝူကျိရှန်းထံ ပေးလိုက်သည်။
"ဒါက လူ့အသက်နဲ့ ဆိုင်တဲ့ကိစ္စပဲ။ ပါးစပ်ပြောဆိုတာ သက်သေမခိုင်လုံဘူး။ ဒီစာရှိနေရင် ဆရာ ကျွန်တော့်ကို ကုရင်း သေသွားခဲ့ရင်တောင် ကျွန်တော့်သားက ဆရာ့ကို လာဒုက္ခပေးမှာ မဟုတ်တော့ဘူး"
ကျိုးပန်းရှန်းက အသက်ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ ဝန်ခံကတိပြုလွှာကို ရေးသားလိုက်ပြီ ဖြစ်သဖြင့် ဝူကျိရှန်းလည်း ဆက်ပြောမနေတော့ဘဲ ဆေးအသုံးပြုပေးလိုက်တော့သည်။
ထိုသို့ မြင်တွေ့ရချိန်တွင် အခြားလူနာများသည်လည်း ကျိုးပန်းရှန်းကို စာကူရေးခိုင်းကာ လက်ဗွေများ အသီးသီး နှိပ်ကြပြီး ဝူကျိရှန်းထံသို့ ကတိပြုလွှာ အထပ်လိုက် ပေးအပ်ကြတော့သည်။
အမှန်စင်စစ် ဤသည်မှာ လူထုက ဝူကျိရှန်းအပေါ် အကန်းယုံ ယုံကြည်နေကြခြင်းသာ ဖြစ်သည်။ ၎င်းက ပင်နီဆလင်၏ အကြမ်းစား သဘာဝကို ပြောင်းလဲပေးနိုင်ခြင်း မရှိသကဲ့သို့ ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကိုလည်း တားဆီးပေးနိုင်မည် မဟုတ်ပေ။။
အခန်း (၅၈) ရလဒ်ထွက်လာပြီ
နှစ်ရက်အကြာ ညနေခင်းတွင် အမျိုးသမီးတစ်ဦးသည် ကလေးငယ်နှစ်ဦးကို လက်ဆွဲကာ သီးသန့်ခွဲထားရာဇုန် ၏ အပြင်ဘက်သို့ ရောက်လာခဲ့သည်။ သူမမှာ လီပန်းထို၏ ဇနီးနှင့် သားသမီးများပင် ဖြစ်၏။
လီပန်းထိုသည် ဝူဆေးခန်း၏ အဝင်ဝတွင် ရပ်နေရင်း အဝေးမှနေ၍ သူ၏ ဇနီးမယားကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"နင်တို့ ဘာလို့ လာကြတာလဲ"
ဇနီးဖြစ်သူ၏ မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေပြီး ပြောစရာ စကားလုံးပေါင်း တစ်ထောင်မက ရှိနေသော်လည်း နောက်ဆုံးတွင် သက်ပြင်းချရုံသာ တတ်နိုင်ရှာသည်။
"ကျန်းစစ်ကောတို့ ညီအစ်ကိုတွေ အိမ်ကို တစ်ခေါက် လာသွားကြတယ်။ ဆန်နဲ့ အစိမ်းအကျက်တချို့တောင် လာပေးသွားသေးတယ်။ သူတို့ပြောပုံအရဆိုရင် ရှင်က အသက်ငင်နေပြီဆိုလို့ ကလေးတွေကို ခေါ်ပြီး နောက်ဆုံးအကြိမ် လာကြည့်တာပါ"
"ငါက အသက်ငင်နေတယ် ဟုတ်လား။ ကျန်းစစ်ကောတို့ အဖွဲ့ လျှောက်ပြောနေတာတွေကို မယုံနဲ့"
လီပန်းထိုက သူ ကျန်းကျန်းမာမာ ရှိနေကြောင်း ပြသသည့်အနေဖြင့် ကိုယ်ဟန်ပြကာ တဟားဟား ရယ်မောလိုက်၏။
"လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ ငရဲမင်းရဲ့ နှာခေါင်းကို သွားကိုင်မိတာ မှန်ပါတယ်။ ဒါပေမဲ့ ငရဲမင်းက ငါ့ကို မခေါ်သွားဘူးလေ။ ဝူသမားတော်ကြီးက ငါ့ကို ငရဲပြည်ကနေ အတင်းပြန်ဆွဲခေါ်လာတာ။ အခုဆို ငါ့ရောဂါက တစ်ဝက်ကျော်ကျော် သက်သာနေပြီ။ စိုးရိမ်စရာ ဘာမှမရှိတော့ဘူး"
အသားမည်းကပ်ရောဂါမှာ အလွန်ကြောက်စရာကောင်းပြီး နေ့တိုင်း လူများ သေဆုံးနေကြရာ ဤရောဂါမှာ တကယ်ပဲ ပျောက်ကင်းနိုင်ပါသလော။
"ပျောက်တာပေါ့။ မပျောက်ရင် နင် မုဆိုးမ ဖြစ်နေတာ ကြာပြီ"
လီပန်းထိုက သဘောတကျ ရယ်မောရင်း ပြောလေသည်။
"ငါသာ တကယ် အသက်ငင်နေရင် နင့်ဆီကို သေတမ်းစာ တစ်စောင်စောင်တော့ ပါးမှာပေါ့"
"အသားမည်းကပ်ရောဂါက ကုမရတဲ့ရောဂါလို့ သူတို့ပြောကြတယ်။ တစ်ခါဖြစ်ရင် ငရဲမင်းရဲ့ သေခြင်းရှင်ခြင်း မှတ်တမ်းထဲမှာ နာမည်က ပါသွားပြီတဲ့"
"ငရဲမင်းအိုကြီးက ဘာမှမဟုတ်ပါဘူး"
ရှေးလူများသည် နတ်ဘုရားနှင့် သရဲတစ္ဆေများကို သဘာဝအလျောက် ကြောက်ရွံ့တတ်ကြသော်လည်း တစ်ခါ သေ ဖူးသွားသော လီပန်းထိုအတွက်မူ ငရဲမင်းမှာ ကြောက်စရာ မဟုတ်တော့ပေ။
"နင်ကလည်း ဘာတွေ ငိုယိုနေတာလဲ။ အိမ်ကို အမြန်ပြန်တော့။ ဩော်... ဒါနဲ့ ငါ့ခေါင်းအုံးအောက်မှာ ငွေစအနည်းငယ် ဝှက်ထားတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက လောင်းကစားလုပ်တုန်းက ချေးထားတာ။ အဲဒါကို လျှောက်မသုံးနဲ့ဦး။ ငါ ပြန်ရောက်ရင် ပိုင်ရှင်ကို ပြန်ပေးရမှာ"
အကယ်၍ လီပန်းထိုသာ တကယ် သေခါနီးဖြစ်နေပါက လောင်းကစားကြွေးမြီ အနည်းငယ်ကို ဂရုစိုက်နေမည် မဟုတ်ပေ။ ယခုကဲ့သို့ ပိုက်ဆံပြန်ပေးရန် စဉ်းစားနေခြင်းကပင် သူ တကယ် အဆင်ပြေနေကြောင်း သက်သေပြနေပေသည်။
"ဒါဆို... ဒါဆို ရှင် ဘယ်တော့ အိမ်ပြန်လာမှာလဲ"
ဇနီးဖြစ်သူ၏ အမြင်တွင် ဝူဆေးခန်းမှာ သေမင်းတံခါးဝကဲ့သို့ ဖြစ်နေသဖြင့် လီပန်းထို အိမ်သို့ ပြန်မရောက်မချင်း သူမ စိတ်မအေးနိုင်ရှာပေ။
"အခု နွေဦးတောင် ရောက်နေပြီ။ အိမ်က လယ်ကွင်းတွေက ရှင်ပြန်လာပြီး ထွန်ယက်မှာကို စောင့်နေကြတာ"
"ငါ ခဏတော့ ပြန်လို့မရသေးဘူး"
လီပန်းထိုက ပြောလိုက်၏။
"ဆရာဝူက ပြောတယ်။ ငါ့လို ရောဂါတစ်ခါဖြစ်ပြီးတဲ့သူက နောက်တစ်ခါ ဒီရောဂါကို မကြောက်ရတော့ဘူးတဲ့။ ဆရာ့ဆီမှာ လူအင်အား လိုနေတာနဲ့ ငါ ရောဂါအရှင်းပျောက်သွားရင်တောင် ဆရာ့ကို ရက်အနည်းငယ် ကူညီပေးရဦးမယ်"
လီပန်းထိုက လက်ကို လှုပ်ရင်း ဆက်ပြောလိုက်သည်။
"အိမ်က လယ်ကွင်းတွေအတွက်တော့ နေ့စားအလုပ်သမားတစ်ယောက်လောက် ငှားပြီး လုပ်ထားလိုက်ပါဦး။ စိုက်ပျိုးရေးရာသီကိုတော့ မကျော်စေနဲ့"
ဇနီးမောင်နှံနှစ်ဦး စကားပြောနေစဉ်မှာပင် ဝမ်ကျုံးယွင်သည် နန်းတွင်းအစောင့်အရှောက် တစ်ဖွဲ့နှင့်အတူ အပြေးအလွှား ရောက်ရှိလာခဲ့၏။
သီးသန့်ခွဲထားရာဇုန်အနီးသို့ လူများ ချဉ်းကပ်နေသည်ကို မြင်လျှင် မြင်ချင်း သူသည် ဘာမှမမေးဘဲ ချက်ချင်းပင် မောင်းထုတ်လိုက်တော့သည်။
လီပန်းထို၏ ဇနီးနှင့် သားသမီးများကို သိုးအုပ်ကဲ့သို့ မောင်းထုတ်ပြီးနောက် ဝမ်ကျုံးယွင်သည် ဇုန်၏ အစွန်းတွင် ရပ်ကာ အထဲသို့ အော်ဟစ်လိုက်သည်။
"ဝူသမားတော်ထွက်လာပြီး ငါ့ကို တွေ့စမ်းပါဦး"
"ဒီနေ့ လူဘယ်နှယောက် သေလဲ"
ထိုမေးခွန်းကို မေးချိန်တွင် ဝမ်ကျုံးယွင်၏ လေသံမှာ အရေးမပါသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။
ဝမ်ကျုံးယွင်၏ အမြင်တွင် ရောဂါဖြင့် သေဆုံးသူများမှာ အလောင်းများသာ ဖြစ်ပြီး အစီအစဉ်အတိုင်း တိုက်ရိုက် မီးရှို့ဖျက်ဆီးရမည် ဖြစ်သည်။ လူမည်မျှ သေဆုံးသည်ဖြစ်စေ ၎င်းမှာ ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်၏။
သနားရမည်ဟု မယူဆသကဲ့သို့ မလိုအပ်သော ခံစားချက်များကိုလည်း သူ မထားရှိပေ။
"ဒီနေ့ တစ်ယောက်မှ မသေဘူး"
"တစ်ယောက်မှ မသေဘူး ဟုတ်လား"
ဝမ်ကျုံးယွင်မှာ ဆေးခန်းမှ အလောင်းများ နေ့တိုင်း ထွက်လာသည်ကို မြင်တွေ့နေကျ ဖြစ်သည်။ ဆေးခန်းရှိ လူနာဦးရေမှာ ပိုများလာသော်လည်း ယနေ့တွင် တစ်ယောက်မျှ မသေဆုံးခြင်းက သူ့ကို အံ့အားသင့်စေ၏။
"တစ်ယောက်တောင် မသေဘူးပေါ့လေ"
"ဟုတ်ကဲ့... တစ်ယောက်မှ မသေပါဘူး"
"ကောင်းပြီ... အလွန်ကောင်းတယ်"
ကပ်ရောဂါမှာ အလွန်ပြင်းထန်နေပြီး နေ့စဉ် လူသေဆုံးမှုများ ရှိနေသော်လည်း ဝူဆေးခန်းတွင် တစ်ဦးမျှ မသေဆုံးခြင်းက ဝမ်ကျုံးယွင်ကို အံ့အားသင့်စေသော်လည်း သူက ဝမ်းသာအားရဟန် မပြဘဲ ခပ်အေးအေးပင် ချီးကျူးလိုက်သည်။
"မင်းရဲ့ ဆေးပညာက တကယ်ပဲ ထူးချွန်တာပဲ"
စကားပြောရင်း ဝမ်ကျုံးယွင်သည် လူနာစာရင်းတစ်ခုကို ဝူကျိရှန်းထံ ကမ်းပေးလိုက်ပြီး ရုံးလုပ်ငန်းဆန်ဆန် လေသံဖြင့် ပြောလေသည်။
"ဒါက ဒီနေ့တွေ့ရှိတဲ့ လူနာစာရင်းပဲ။ သူတို့ကို ဒီနေ့နဲ့ မနက်ဖြန်အတွင်း မင်းဆီ ပို့ပေးလိမ့်မယ်"
ရှည်လျားလှသော နာမည်စာရင်းကို ကြည့်ရင်း ဝူကျိရှန်း၏ ဦးရေပြားပင် တဆစ်ဆစ် နာကျင်လာ၏။
"ဒီလောက်တောင် များတာလား။ လူနှစ်ရာနီးပါး ရှိမှာပဲ"
ဤမြို့နယ်ငယ်လေးတွင် စုစုပေါင်း အိမ်ထောင်စု အနည်းငယ်သာ ရှိသော်လည်း တစ်ရက်တည်းတွင် လူနာ ဤမျှ ထွက်ပေါ်လာခြင်းမှာ မှန်းဆရန်ပင် ခက်ခဲလှပေသည်။
"တစ်ရာ့ရှစ်ဆယ့်လေးယောက်"
ဝမ်ကျုံးယွင်က တိကျသော ကိန်းဂဏန်းကို ပြောလိုက်၏။
"အနီးနားက မြို့နယ်တချို့က လူနာတွေကိုလည်း မင်းဆီကိုပဲ လွှဲပေးရမယ်"
ကပ်ရောဂါမှာ အရှိန်အဟုန်ဖြင့် ကူးစက်နေသဖြင့် မြောက်ပိုင်းဒေသ အနှံ့အပြားတွင် လူနာများမှာ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာနေသည်။ လုံရှီးမှသည် ကမ်းရိုးတန်းဒေသများအထိ နေရာအနှံ့မှာ ကပ်ရောဂါဇုန်များ ဖြစ်ကုန်ကြပြီ။
ကံကောင်းထောက်မစွာဖြင့် ဝူကျိရှန်းက အချိန်မီ သတင်းပို့ခဲ့သဖြင့် ကျင်းမင်းသားဘက်တွင် ကြိုတင်ပြင်ဆင်မှုတချို့ ရှိခဲ့သည်။
မြစ်ဝါမြစ်အနောက်ဘက်နှင့် ထိုက်ဟန်တောင်တန်း အရှေ့ဘက်ခြမ်းတို့တွင် တင်းကျပ်သော သီးသန့်ခွဲထားမှု စနစ်ကို ကျင့်သုံးထားသဖြင့် အခြားဒေသများထက်စာလျှင် ကူးစက်မှု အခြေအနေမှာ များစွာ သာလွန်နေသေး၏။
ဝူကျိရှန်းသည် ကြောက်စရာကောင်းသောအသားမည်းကပ်ရောဂါကို ကုသနိုင်သဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေးတပ်မှူးဖြစ်သူ ဝမ်ကျုံးယွင်သည် လူနာများကို ဤနေရာသို့သာ တတ်နိုင်သမျှ ပို့လိုပေသည်။
ရုတ်တရက် လူနာအမြောက်အမြား လက်ခံရခြင်းမှာ ဝူကျိရှန်း၏ ကုသနိုင်စွမ်းကို ကျော်လွန်နေပြီ ဖြစ်သည်။
"လူတွေ ဒီလောက်များတာ... ကျွန်တော် တစ်ယောက်တည်း မနိုင်ဘူး"
ဝမ်ကျုံးယွင်သည် ဤပြဿနာကို လုံးဝ ဂရုမစိုက်ပေ။ သူ၏ တာဝန်မှာ လူနာများကို ခွဲထုတ်ရန်သာ ဖြစ်ပြီး ကုသရန်မှာ ဝူကျိရှန်း၏ တာဝန်သာ ဖြစ်သည်။ လူနာများ ရောက်လာပြီးနောက် အမှန်တကယ် အသက်ရှင်မရှင် ဆိုသည်မှာ သူ့အတွက် အဓိက မဟုတ်ပေ။
"ကျွန်တော့်ဆေးခန်းကလည်း လူတွေ ပြည့်နေပြီ။ ဒီလောက်လူတွေကို လက်မခံနိုင်တော့ဘူး..."
"ဆေးခန်းက လက်မခံနိုင်ဘူး ဟုတ်လား။ ပြဿနာမရှိပါဘူး"
"အခုအချိန်ကစပြီး ဘေးဘယ်ညာက လူနေအိမ်အားလုံးကို သိမ်းယူလိုက်မယ်"
ဝမ်ကျုံးယွင်၏ အမိန့်အောက်တွင် နန်းတွင်းအစောင့်အရှောက် တစ်ဒါဇင်ခန့်သည် ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး ဘေးဘက်ရှိ အိမ်နီးချင်းများအားလုံးကို အတင်းမောင်းထုတ်လိုက်ကြတော့သည်။
"အခုရော လောက်ပြီလား။ မလောက်သေးရင် လမ်းတစ်ခုလုံးကိုပါ သိမ်းပေးလို့ရတယ်"
ကပ်ရောဂါကာလတွင် အရာအားလုံးမှာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက်သာ ဖြစ်ရမည်ဆိုသော်လည်း ဝမ်ကျုံးယွင်၏ နည်းလမ်းမှာမူ ရိုးရှင်းလွန်းပြီး ကြမ်းတမ်းလှပေသည်။
သာမန်ပြည်သူများကို လမ်းပေါ်သို့ အတင်းမောင်းထုတ်လိုက်ပါက သူတို့ မည်သို့ အသက်ဆက်ကြမည်နည်း။
ဤပြဿနာများမှာ ဝမ်ကျုံးယွင်၏ ထည့်သွင်းစဉ်းစားမှုထဲတွင် မရှိပေ။ သူ၏ စိတ်ထဲတွင် ကျင်းမင်းသား ပေးအပ်သော တာဝန်ကို အောင်မြင်ရန်သာ အရေးကြီးပြီး မည်သည့်နည်းလမ်းကိုမဆို သုံးစွဲရန် ဝန်မလေးပေ။
"အိမ်တွေ ရရုံနဲ့ မပြီးသေးဘူး။ ကျွန်တော့်မှာ လူအင်အား လိုတယ်။ အင်အား အများကြီး လိုတာ"
"ယွမ်ချွမ်းတပ်စခန်းမှာ ရှိတဲ့ စစ်ဘက်ဆိုင်ရာ သမားတော်အားလုံးကို စုစည်းပြီး မင်းရဲ့ အမိန့်အောက်မှာ ထားပေးဖို့ ငါ အမိန့်ထုတ်ပေးမယ်။ တခြား ပြောစရာ ရှိသေးလား"
"ကျွန်တော်... ဘာမှ မရှိတော့ပါဘူး"
"မင်း ဒီကပ်ရောဂါမှာ အများကြီး အားထုတ်ခဲ့တယ်။ အချိန်ကျရင် မင်းအတွက် ဂုဏ်ပြုဆု တောင်းပေးမယ်။ အကောင်းဆုံး ကြိုးစားပါ"
ဝမ်ကျုံးယွင်သည် အဆင့်အတန်း၊ ရာထူး၊ အရည်အချင်းနှင့် နည်းလမ်းပေါင်းစုံ ပြည့်စုံသူ ဖြစ်ပြီး ကျင်းမင်းသား၏ အရေးပါဆုံးသော လူယုံတစ်ဦးလည်း ဖြစ်ပေသည်။ ဤကပ်ရောဂါမှာ သူ၏ အရည်အချင်းကို ပြသရန် အကောင်းဆုံး အခွင့်အရေးပင်။
ဝူကျိရှန်း၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးကြောင်း သူသိသဖြင့် သူ တတ်နိုင်သမျှ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနေခြင်းသာ ဖြစ်တော့သည်။