လုပ်သွားတာ လှတယ်
Vol. 166 Ch. 2385
“ ဒါကြောင့်မို့ အခုလောလောဆယ် ငါတို့ အဲ့ဒီ အဘွားကြီးကို သွားထိလို့ မရသေးဘူး … စောင့်ပြီး အခြေအနေတွေ ဘယ်လို ဖြစ်လာမလဲ အရင်ကြည့်ကြတာပေါ့ ….” ကျူးကျွင်းချီ ပြောလိုက်သည်။
“ သူ့ရဲ့ အသက်အရွယ်နဲ့ လူသတ်မှုကို တစ်ယောက်တည်း ကျူးလွန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး … အလွန်ဆုံး ကြံရာပါပဲ ဖြစ်နိုင်မယ် ….”
“ ဒါပေမယ့် အခုလောလောဆယ် လမ်းစတွေအကုန်လုံး ပျောက်နေပြီ … ဘယ်ကနေ စလို့ စရမှန်းတောင် မသိတော့ဘူး ….” ကူရိရန် ပြောလိုက်၏။
လူတိုင်း တိတ်ဆိတ်သွားခဲ့သည်။
လက်ရှိ လောလောဆယ်တွင် ယင်းက သူတို့အတွက် အကြီးမားဆုံး အခက်အခဲကြီးပင်။
စုံစမ်းစစ်ဆေးစရာလည်း မရှိတော့သလောက် ဖြစ်နေပြီ ဖြစ်၏။ သံသယဖြစ်စရာ မည်သူကိုမျှလည်း မတွေ့ရသဖြင့် သူတို့ကို ဘယ်ကနေ စလို့ စရမှန်း မသိ ဖြစ်နေစေသည်။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့သည်။
ဟော်ယွမ်ယွမ်ထံက ဖြစ်၏။
“ တစ်ခုခု ဖြစ်လို့လား ….” လင်းရီ လေးနက်သည့် လေသံဖြင့် မေးမြန်းလိုက်၏။
ယခုရက်ပိုင်းတွင် ဟော်ယွမ်ယွမ်က ကျီချင်းရန်ကို အဖော်လုပ်ပေးရင်း ဆေးရုံသို့ အတူ ဆေးသွားစစ်ပေးလေ့ ရှိသည်။ ထို့ကြောင့်လည်း ဖုန်းဝင်လာသည့်အချိန်၌ ကျီချင်းရန် တစ်ခုခု ဖြစ်နေမှာကို စိတ်ပူနေခြင်းပင်။
“ ရှင် အခု အလုပ်များနေလား ….”
“ ဘာဖြစ်လို့လဲ ….”
“ Apple ကုမ္ပဏီကလူတွေ ဒီရောက်လာတယ် ….” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ကျွန်မတို့ မနက်ခင်းတုန်းက အစည်းအဝေး ထိုင်ပြီးပြီ … ဒါပေမယ့် အခြေအနေ တော်တော်များများမှာ သဘောတူညီမှု မရခဲ့ဘူး … သူတို့က ရှင်နဲ့ တိုက်ရိုက်စကားပြောချင်တယ်လို့ ပြောနေကြတယ် ….”
“ အိုး … အဲ့ကိစ္စ ….”
လင်းရီ သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။
ယခုမတိုင်မီ ချီရှန်းကျောက်က သူ့ထံသို့ ကြိုတင် အသိပေးပြီးသားပင်။
သို့သော် နှစ်သစ်ကူးပြီးနောက် လင်းရီသည်လည်း အခြားသော ကိစ္စများနှင့် မအားလပ်နိုင်အောင် အလုပ်များနေရာ ကိုင်တွယ်ဖို့ကို စိတ်မဝင်စားတော့ချေ။ ထို့ကြောင့်လည်း ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ထံ လက်လွှဲထားခြင်း ဖြစ်၏။
ထင်မှတ်မထားစွာဖြင့် … တစ်ဖက်က သူနှင့် လူကိုယ်တိုင် တွေ့ဆုံချင်နေသည်။
“ မင်းနဲ့ လောင်ချီတို့ မဖြေရှင်းနိုင်ဘူးလားကွ ….”
“ အဓိကပြဿနာက သူတို့တွေ ရှင်နဲ့ စကားပြောမယ်ဆိုပြီးပဲ ခေါင်းမာနေကြတာ …” ဟော်ယွမ်ယွမ် ပြောလိုက်သည်။ “ မဟုတ်ရင် သူတို့က …. ကျွန်မတို့ကိုဆို အလေးအနက် မထားကြဘူး ….”
“ ဒါဆိုလည်း ကောင်းပြီလေ … ငါ လာပြီး တစ်ချက်ကြည့်လိုက်မယ် ….”
လင်းရီ ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး ခေတ္တအနားယူပြီး စိတ်ကိုရှင်းလင်းရန်အတွက် အဆင်သင့်ဖြစ်နေသည်။
အခြားသူများကို အသိပေးပြီးနောက် လင်းယွင်အုပ်စုထံသို့ ကားမောင်းထွက်လာခဲ့လိုက်သည်။
လမ်းတွင် သူသတိပြုမိလိုက်သည်က ကုမ္ပဏီ မရောက်ဖြစ်သည်ကိုပင် လအတော်ကြာနေလေပြီ။
ကုမ္ပဏီ ဥက္ကဌအနေဖြင့် … သူက တကယ့်ကို တာဝန်ယူမှု ကင်းမဲ့သူ တစ်ဦးပင်။
….
လင်းယွင်အုပ်စု၏ အစည်းအဝေးခန်း အတွင်း၌။
ချီရှန်းကျောက်၊ ဟော်ယွမ်ယွမ်၊ ထျန်းရန်နှင့် များပြားလှသည့် အမှုဆောင် အဖွဲ့ဝင်များက စုဝေးနေကြသည်။
၎င်းတို့နှင့် မျက်နှာချင်းဆိုင်တွင် နိုင်ငံခြားသား သုံးဦးက သူတို့ကိုယ်သူတို့ တီးတိုးတိုင်ပင်နေကြ၏။
“ သူတို့ရဲ့ အဆိုပြုချက်ကို ကြားရင် ဥက္ကဌလင်း ဘာပြောမယ်လို့ ထင်လဲ ….” ထျန်းရန် တီးတိုးမေးလိုက်သည်။
“ ငါတို့ကိုတောင် မကျော်နိုင်တာ သူ့ကိုလည်း ကျော်နိုင်မယ့်လမ်းမရှိဘူး …” ဟော်ယွမ်ယွမ် ခွန်းတုံ့ပြန်လိုက်၏။
“ ငါမြင်သလောက် ပြောရရင် သူ လူကို မရိုက်လောက်ဘူးဆိုရင်တောင် စကားနဲ့တော့ သေချာပေါက် စုတ်ဖြဲပစ်မှာ ကျိန်းသေတယ် ….”
ကုမ္ပဏီ၏ CFO တစ်ဦးအနေဖြင့် ဘဏ္ဍာရေးအပေါ် ဟော်ယွမ်ယွမ်၏ ဆတ်ဆတ်ထိမခံမှုက အခြားသူများထက်ကို သာလွန်သည်။
သူမအမြင်၌ တစ်ဖက်၏ ပရောဂျက်က လုံးဝ မတန်သည့် ပရောဂျက်မျိုးပင်။
တစ်ဖက်သူက Apple ကုမ္ပဏီ ဖြစ်နေခဲ့လျှင်ပင် ပူးပေါင်းစရာ အကြောင်း မရှိပေ။
ထိုစဉ်အချိန်မှာပဲ တစ်ဖက်ရှိ နိုင်ငံခြား ကိုယ်စားလှယ်ဘက်၌ Apple ၏ ကိုယ်စားလှယ်သုံးဦးတို့မှာ ၎င်းတို့အချင်းချင်း တီးတိုး ဆွေးနွေးနေခဲ့ကြ၏။
“ သူတို့ရဲ့ ဥက္ကဌက ဘာလား .. ဒီလောက် အရးကြီးတဲ့ အစည်းအဝေးမျိုးကိုတောင် မတက်ဘူးတဲ့လား …..”
ပြောလိုက်သူက ဖီအိုနာ အမည်ရသည့် နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးပင်။ သူမသည်လည်း ဟော်ယွမ်ယွမ်ကဲ့သို့ Apple ကုမ္ပဏီ၏ CFO ဖြစ်၏။
“ သူက အခု တစ်ဝက်နားသလို ဖြစ်နေပြီလေ … ဒါကြောင့်မို့လည်း အလုပ်အများစုကို သူ့ရဲ့ အမှုဆောင်တွေနဲ့ပဲ လွှဲထားတော့တာပေါ့ ….” Apple ကုမ္ပဏီ၏ ဂလိုဘယ် ဒုဥက္ကဌ ၊ အယ်လ်မိုက ပြောလိုက်သည်။
“ ဒီပရောဂျက်နဲ့ ပတ်သက်ပြီး မင်းမှာ ယုံကြည်ချက် ရှိလား ….” ဘေးရှိ ဇက်ခ် အမည်ရသည့် လူမည်းတစ်ဦးက မေးမြန်းလိုက်၏။ သူက Apple ကုမ္ပဏီ၊ စွမ်းအင်သစ်ကား ဌာန၏ ခေါင်းဆောင်ပင်။
“ သေချာပေါက် ရှိတာပေါ့ ….” အယ်လ်မို ယုံကြည်ချက် အပြည့်ဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ ဒီကလူတွေ အကုန်လုံးက လင်းယွင်အုပ်စုရဲ့ စီနီယာ အမှုဆောင် အဖွဲ့ဝင်တွေဆိုပေမယ့် သူတို့ရဲ့ ဂလိုဘယ်အမြင်ကတော့ ငယ်ရွယ်တဲ့ ဥက္ကဌလေးနဲ့ ယှဉ်လိုက်ရင် ကျဉ်းမြောင်းလွန်းသေးတယ် ….”
“ ဒီလောက်ကောင်းတဲ့ ပရောဂျက်မျိုးကို ငြင်းဆန်ချင်နေတယ်ဆိုတော့ ဒီကောင်တွေ ဘယ်လိုစဉ်းစားနေမှန်းကို နားမလည်နိုင်တော့တာ … တကယ့်ကို စိတ်ပျက်စရာပဲ ….”
“ ဒါက နှစ်ဦးနှစ်ဘက် အမြတ်အစွန်းရစေမယ့် အပေးအယူဆိုတာ အသိသာကြီးပဲ … ငါတို့နဲ့ ပူးပေါင်းလိုက်တာက သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို တိုးတက်စေရုံတင် မကဘူး … ကမ္ဘာရဲ့ အသိအမှတ်ပြုကိုလည်း ရစေနိုင်တယ် …”
“ ဟွာရှက စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဒီလို အခွင့်အရေးမျိုးဆိုတာ မယုံကြည်နိုင်စရာကောင်းလောက်အောင်ကို ရှားတယ် ….”
“ ပြီးတော့ အဲ့တာကိုတောင် ပူးပေါင်းဖို့ ငြင်းဆန်နေသေးတယ် … ဒီလို ကုမ္ပဏီမျိုးကို သူတို့လိုလူစားမျိုးတွေ ဆက်ပြီး ထိန်းချုပ်နေဦးမယ်ဆိုရင်တော့ ကုမ္ပဏီရဲ့ ရေရှည် အနာဂတ်အလားအလားအတွက်ကတော့ အတော်လေး ရင်လေးစရာပဲ ….”
“ အတိအကျပဲ …. တစ်ခြားကုမ္ပဏီတွေဆို ငါတို့နဲ့ ပူးပေါင်းချင်လွန်းလို့ ဒူးထောက်လုမတတ်ဖြစ်နေကြတာ ….”
မကြာမီ ခန်းမတစ်လျှောက် ခြေလှမ်းသံများ ပဲ့တင်လာသည်။
လင်းရီ အစည်းအဝေးခန်းတံခါးကို တွန်းဖွင့်ဝင်လာခဲ့ပြီး နှစ်ဘက် ကုမ္ပဏီ၏ အမှုဆောင် အဖွဲ့ဝင်များကို မြင်တွေ့လိုက်ရသည်။
လင်းရီ ဝင်ရောက်လာသည့် အချိန်မှာပဲ ချီရှန်းကျောက်နှင့် အခြားသူများက နှုတ်ဆက်ရန်အတွက် မတ်တပ်ရပ်လိုက်ကြ၏။
လင်းရီ ခေါင်းညိတ်ရုံမျှသာ ညိတ်ပြလိုက်ပြီး အသိအမှတ်ပြုလိုက်သည်။
“ ဥက္ကဌလင်း … မင်္ဂလာပါ ….”
အယ်လ်မိုက မတ်တပ်ရပ်ပြီး လင်းရီထံသို့ လျှောက်လှမ်းလာကာ လက်ဆန့်တန်းလိုက်သည်။
ကိုယ်စားလှယ်သုံးဦးနှင့် တစ်ဦးချင်းစီ လက်ဆွဲနှုတ်ဆက်ပြီးနောက် လင်းရီ သူ့ထိုင်ခုံသို့ ဝင်ထိုင်လိုက်၏။
“ အသေးစိတ် ပြောပြပါဦး ….”
“ ဒီလိုပါ …” အယ်လ်မို စပြီး ရှင်းပြသည်။ “ ဒီနှစ်မှာ ငါတို့ဘက်က EV ကားနယ်ပယ်ထဲကို ခြေချဖို့ စီစဉ်ထားတယ် … မင်းတို့ ကုမ္ပဏီက ကမ္ဘာ့ ဘက်ထရီရဲ့ ဈေးကွက်ရှယ်ယာ ၃၄ ရာခိုင်နှုန်းလောက်ကို ချုပ်ကိုင်ထားတယ်ဆိုတော့ ဒီနယ်ပယ်ထဲမှာ မင်းတို့နဲ့ ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ် ….”
“ ကြားရတာတော့ ကောင်းတဲ့ကိစ္စပါပဲ … လူတိုင်း အတူပူးပေါင်းပြီး ငွေရှာကြတာပေါ့ ….” လင်းရီ သာမန်လျှံကာပဲ ပြောလိုက်သည်။
ကိုယ်စားလှယ်ဝင် သုံးဦးလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သိနေပါသည်ဟူသော အပြုံးများဖြင့် ယုံကြည်ချက်များ ဖြာထွက်လာကြသည်။
ထိုစဉ် ဟော်ယွမ်ယွမ်ကတော့ ဘေးတွင် ထိုင်နေရင်း မျက်လုံးလှိမ့်လျက် စိတ်ထဲ ကြိတ်ပြီး ကျိန်ဆဲလိုက်၏။
“ အရူးသုံးကောင်ကတော့ ဆပ်ကပ်လာကပြနေတယ် ….”
“ ငါတို့ဘက်က ကမ္ဘာကို ဦးဆောင်နိုင်မယ့် EV ကားမျိုး ထုတ်ဖို့ စီစဉ်ထားတယ် …” အယ်လ်မိုက ဆက်ပြောလိုက်ပြီး “ အထဲမှာ Apple ကုမ္ပဏီရဲ့ smart devices တွေကိုလည်း ထည့်သွင်းထားမယ် … ခေတ်သစ်ကို ဦးဆောင်နိုင်မယ့် ထုတ်ကုန်သစ်တစ်ခု ဖြစ်လာရမယ် ….”
“ ကြားရတာတော့ အရမ်းမိုက်တယ် … အော်ဒါ အကြောင်း အရင်ပြောကြတာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ခင်များတို့ဘက်က ယူနစ် ဘယ်လောက် လိုချင်တာလဲ ….”
“ မဟုတ်သေးဘူးလေ ဥက္ကဌလင်း … မင်း နားလည်မှု လွဲနေပြီ ထင်တယ် …” အယ်လ်မို ရှင်းပြလိုက်ပြီ “ ငါတို့ လိုအပ်တဲ့ ထုတ်ကုန်တွေက လက်ရှိ ဈေးကွက်ထဲ ရှိတဲ့ဟာတွေနဲ့ လုံးဝ မတူဘူး … ဒီတော့ ထုတ်လုပ်ရေးလိုင်း အသစ် တစ်ခု လိုတယ် ….”
“ ပြဿနာ မရှိဘူး … ကျုပ် လုပ်ပေးနိုင်တယ် ….” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ကျုပ်ရဲ့ အဆက်အသွယ်တွေနဲ့ ဒီက မြေတွေဝယ်ပြီး ခင်များတို့အတွက် ကိုယ်ပိုင် စက်ရုံ ဆောက်ပေးနိုင်တယ် …”
“ ထုတ်လုပ်ရေးလိုင်း တစ်လိုင်း မပြောနဲ့ … ဆယ်လိုင်းဆိုရင်တောင် အဆင်ပြေတယ် ….”
“ ခင်များတို့ရဲ့ စက်ရုံနဲ့ ထုတ်လုပ်ရေးလိုင်းတွေ ရယ်ဒီဖြစ်တာနဲ့ ကျုပ်ဘက်က လူလွှတ်လိုက်မယ် ….”
“ ဒီတော့ ခင်များတို့ ပြန်သွားပြီး အဲ့ကိစ္စ ခင်များတို့ ဘာသာ ဆွေးနွေးလိုက်ကြ …. ဒီနေ့ မီတင်မှာ အဲ့အကြောင်း မလိုသေးဘူး ….”
အယ်လ်မိုနှင့် အခြားသူများမှာ အချင်းချင်း ပြန်ကြည့်မိသွားခဲ့ကြ၏။ သူတို့၏ အပြုံးများမှာ ယခင်ကလောက် သက်တောင့်သက်သာ မဖြစ်ကြတော့ပေ။
“ ဥက္ကဌလင်း … မင်း နားလည်မှု လွဲနေတုန်းပဲထင်တယ် ….” အယ်လ်မို ပြောလိုက်ပြီး “ ငါ ဆိုလိုချင်တဲ့ သဘောက မင်းတို့ကုမ္ပဏီက စက်ရုံဆောက်တဲ့နေရာမှာ ရင်းနှီး မြုပ်နှံပေးရမယ် … ပြီးတာနဲ့ ငါတို့က ဈေးနှုန်းကိစ္စ ဆွေးနွေးကြမယ် ….”
“ အဲ့တာက မင်းတို့ကုမ္ပဏီရဲ့ ထုတ်လုပ်နိုင်စွမ်းကိုလည်း တိုးချဲ့ပေးနိုင်တယ်လေ ….”
လင်းရီ ဘာမျှ မဆိုချေ။
သူ့ထိုင်ခုံနောက်သို့ ကျောမှီလိုက်၏။
အခန်းမှာ တစ်မိနစ်ကျော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် သူ နောက်ဆုံး စကားစလာခဲ့သည်။
“ခင်များတို့ဘက်က ဘယ်နှနှစ် ပူးပေါင်းဖို့ စီစဉ်ထားလဲ ….”
“ ၂ နှစ်ကတိ စာချုပ် ချုပ်ပေးလို့ရတယ် ….”
“ ပြီးတော့ ဈေးက ……”
အယ်လ်မို ယဉ်ကျေးစွာ ပြုံးလိုက်ပြီး “ အဲ့တာကတော့ ဆက်ပြီး ညှိနှိုင်းလို့ရတယ်လေ … ငါတို့ သဘောတူညီမှုတစ်ခု ရနိုင်မယ်လို့ ကျိန်းသေပေါက် ယုံကြည်တယ် …..”
လင်းရီ ဟော်ယွမ်ယွမ်ကို လှမ်းကြည့်လိုက်၏။
“ လုပ်ထုံးလုပ်နည်းအတိုင်း ပြောလိုက်ရမလား … ဒါမှမဟုတ် တိုက်ရိုက်ပဲ ပြောလိုက်ရမလား ….”
“ အမ် ….. ကျွန်မ အခုထိ နေ့လည်စာ မစားရသေးဘူးဆိုတော့ လုပ်ထုံးလုပ်နည်းတွေ ကျော်လိုက်တာပေါ့ …” ဟော်ယွမ်ယွမ် ပြန်ဖြေလိုက်သ်ည။
လင်းရီ လည်ချောင်းရှင်းပြီး တည်ငြိမ်စွာ ဆိုလိုက်၏။
“ တကယ်လို့ ခင်များတို့က ၂ နှစ်ကြာပြီးတဲ့နောက်မှာ ကျုပ်တို့နဲ့ ဆက်ပြီး မပူးပေါင်းတော့ဘူးဆိုရင် ကျုပ်တို့က ဘာဖြစ်သွားမှာ … ထုတ်လုပ်ရေးလိုင်း အသစ်တွေကရော ဘယ်လိုတွေ ဖြစ်ကုန်မှာ ….”
စကားကို ခေတ္တရပ်နားပြီးနောက် လင်းရီ ဆက်ပြောလိုက်သည်။
“ ခင်များတို့ရဲ့ ထုတ်လုပ်ရေးလိုင်းတွေက Apple ထုတ်ကုန်တွေအတွက် သီးသန့်လုပ်ထားတာ … တစ်ခြား ဘရန်းတွေက သုံးလို့ရတာ မဟုတ်ဘူး ….”
“ ဒီတော့ ခင်များတို့ဘက်က ပူးပေါင်းမှုကို ရပ်တန့်လိုက်တာနဲ့ ကျုပ်တို့တွေ ခွေးဖြစ်သွားမှာပေါ့ ….”
“ နောက်ပြီး ခင်များတို့ ကုမ္ပဏီရဲ့ အပြုအမူအတွေကို ကြည့်ရင် ဈေးလျှော့ပေးလာအောင်လို့ ဆက်တိုက် ဖိအားပေးလာမှာ ကျိန်းသေတယ် ….”
“ ဒီလို စောက်ကျက်သရေတုံးတဲ့ အမှိုက်ပရောဂျက်မျိုးကို ….”
“ ကျုပ် သဘောတူပါမယ်လို့ ဘာတွေကများ ခင်များတို့ကို ယုံကြည်ချက် ပေးလိုက်တာ ….”
ဟော်ယွမ်ယွမ်မှာ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။
လုပ်သွားတာ လှတယ် …
စာစဉ် (၁၆၆) ပြီး၏။
(10 May 2026, 1:07 PM. )