အမှုအသစ်
Vol. 166 Ch. 2376
ရဲကားလာနေတာကို မြင်တော့ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြပြီး သူတို့မျက်လုံးတို့ထဲတွင် သတိထားမှုတို့ ကြီးစိုးနေသည်။
ကားကို ထိုးရပ်ပြီးနောက် လူသုံးဦး ဆင်းလာခဲ့ကြ၏။
လင်းရီက မြေပြင်တွင် ထိုင်နေသည့်လူကို တစ်ချက်ကြည့်လိုက်ရာ မနေနိုင်ဘဲ အလိုအလျောက် မျက်မှောင်ကြုတ်မိသွားခဲ့သည်။ ပြီးနောက် သူ့အကြည့်က လူအုပ်ထံသို့ ဖြတ်သန်းသွားခဲ့၏။
ကျန်းဖန်နှင့် ကျန်းဇီရှင်းတို့က ရှေ့သို့ တက်လာကြပြီး မြေပေါ်ထိုင်နေသည့်လူကို မတ်တပ်ရပ်ရန် ကူညီပေးလိုက်ကြသည်။ အနာတရများက သိပ်မပြင်းထန်ပေ။ လူက သတိရှိနေဆဲဖြစ်၏။
“ ရှင်တို့တွေ လူတစ်ယောက်လုံး ဒဏ်ရာရနေတာကို ဘယ်လိုတောင် ရပ်ကြည့်နေနိုင်ကြတာလဲ … တစ်ယောက်မှလည်း လာမကူပေးကြဘူး ….”
ရွာသားများက အချင်းချင်း ပြန်ကြည့်မိလိုက်ကြပြီး သူတို့ ခေါင်းများကို ငုံ့ထားကြသည်။ မည်သူကမျှ ခွန်းတုံ့မပြန်ဝံ့ကြပေ။
သို့သော် ၎င်းတို့အားလုံးက ရည်ရွယ်ချက်ရှိရှိဖြင့် ဖြစ်စေ၊ မရှိ၍ ဖြစ်စေ အနီးတွင် ရှိနေသည့် သက်လတ်ပိုင်း အမျိုးသားထံသို့ အကြည့်ပို့နေမိကြ၏။
“ ရဲကို ဖုန်းဆက်လိုက်တာ ဘယ်သူလဲ ….” လင်းရီ မေးမြန်းလိုက်၏။
“ အရာရှိကြီး … ကျုပ်ပါ … ကျုပ် ရဲခေါ်လိုက်တာပါ …..” စောနက မြေပေါ်ထိုင်နေသည့် အမျိုးသားက လက်ထောင်ပြလာသည်။
“ ဖြည်းဖြည်းပြောပါ … အရင်ဆုံး ဒဏ်ရာတွေ ဆေးထည့်လိုက်ဦး ….”
“ ရတယ် … ကျုပ် ဒဏ်ရာတွေက မပြင်းထန်ပါဘူး ….”
“ ဒါဆိုလည်း ကျုပ်တို့ကိုပြော … အခု ဘာတွေ ဖြစ်နေတာလဲ ….”
“ အရာရှိကြီး … ကျုပ်နာမည် ကျန်းလုံပါခင်ဗျ ….”
ကျန်းလုံမှာ ဒေါသတကြီးနှင့် အနီးနားတွင် ရပ်နေသည့် သက်လတ်ပိုင်း အမျိုးသားကို လက်ညှိုးထိုးပြလိုက်ပြီး “ သူက ကျုပ်တို့မြေပေါ်မှာ စက်ရုံတစ်ခု ဆောက်ချင်တယ် … ကမ်းလှမ်းတဲ့ဈေးကလည်း ခွက်ဈေးသာသာရယ် … ကျုပ် သဘောမတူနိုင်ဘူး … ဒါကြောင့်မို့ ကျုပ်အိမ်ကိုလာပြီး နေ့တိုင်းနေ့ ပြဿနာလာရှာနေတာပဲ ….”
“ စိုက်ပျိုးရမယ့် ရာသီချိန်က ရောက်လာတော့မယ် … သူက သူ့လူတွေကို ခေါ်လာပြီး ကျုပ်ကို ပြဿနာရှာတယ် … အပင်စိုက်လို့မရအောင်လည်း တားသေးတယ် … အရာရှိကြီး … ဒါ လူကို တမင်သပ်သပ် အနိုင်ကျင့်နေတာပဲ မဟုတ်လားဗျာ ….”
“ ခင်များပြောတဲ့ စကားလုံးတွေက မှန်ကန်တယ်ဆိုတာ သေချာတယ်နော်… လိမ်ပြောရင် ခင်များလည်း အကျိုးဆက်တွေကို ခံစားရမှာ ….”
“ အကုန်မှန်တယ်လို့ ကျုပ် အာမခံတယ် … ကျုပ်ပြောသွားတဲ့ထဲ ချဲ့ကားထားတာ တစ်ခုမှ မပါဘူး… ကျုပ်အတွက် တရားမျှတမှုရအောင် လုပ်ပေးပါ အရာရှိကြီး ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ ကျန်းလုံ ညွှန်ပြသည့် သက်လတ်ပိုင်း အမျိုးသားကို ကြည့်ရင်း “ သူပြောသွားတာတွေကို ခင်များ သဘောတူလား .. “
သက်လတ်ပိုင်း အမျိုးသားက လင်းရီကို အမှုမထားသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ ပြီးနောက် အနားသို့ ကပ်လာခဲ့ဖို့ လှမ်းခေါ်လိုက်၏။
“ ဟေ့ကောင်လေး … ဒီနားတိုးလာခဲ့စမ်း ….”
ကျန်းဖန့် “ ??? “
ကျန်းဇီရှင်း “ ??? “
ထိုကဲ့သို့သော အမှုမထားသည့် ဟန်အမူအရာက သူတို့နှစ်ဦးလုံးကို ကြက်သေသေသွားခဲ့စေသည်။
တိုင်ကြားခံရသူ တစ်ဦးက ရဲအရာရှိကို ဤသို့သော ပမာမခန့် လေသံမျိုးဖြင့် စကားပြောသည်အား သူမတို့တွေ ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရခြင်းပင်။
လင်းရီလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သာမန်လူတစ်ဦးဆိုပါက ထိုသို့သော လေသံဟန်ပန်မျိုးနှင့် စကားပြောဝံ့မှာ မဟုတ်ချေ။
သူတောင်းဆိုသည့်အတိုင်း လင်းရီ အနားသို့ လျှောက်သွားပြီး နံဘေးတွင် မတ်တပ်ရပ်လိုက်သည်။
အမျိုးသားက အိတ်ထောင်ထဲကနေ Mevius တစ်ဘူး ထုတ်လာပြီး လင်းရီထံသို့ တစ်လိပ်ကမ်းလိုက်၏။
“ ငါ့ညီ … တစ်လိပ်လောက်ဆွဲဦးမလား ….”
ကမ်းလာသည့်လက်ကို နောက်သို့ ပြန်တွန်းပေး၍ လင်းရီ ငြင်းလိုက်၏။
“ ငါ့နာမည်က မာဟိုင်ချန် … အရမ်းကြီး အတည်ပေါက်တွေ လုပ်မနေစမ်းပါနဲ့ကွာ … အချင်းချင်း တစ်လှေတည်းစီးတွေကိုပဲ …”
“ ဟေ့လူ … ခင်များနဲ့ တစ်လှေတည်းစီးတွေလို့ လာမပြောနဲ့ … ကျုပ် ခင်များကို သိလည်းမသိသလို မှတ်လည်း မမှတ်မိဘူး …”
“ မင်း အခုလုပ်နေတဲ့ပုံစံက စာအုပ်ကြီးအတိုင်း ဖြစ်နေတယ် … မင်းက အသစ်လေးဆိုတာ ငါ လောင်းရဲတယ် ….” မာဟိုင်ချန် ပြုံးလျက် ပြောလိုက်ပြီး “ မင်းက ရှင်းရှန်း စခန်းခွဲက ဖြစ်ရမယ် … ရှန်းရန်ရွာက မင်းတို့ရဲ့ စီမံအုပ်ချုပ်မှုမှာ ရှိတယ်လေ ….”
“ အဲ့တော့ ဘာဖြစ်လဲ … ခင်များ ဘာကို ပြောချင်နေတာ ….”
“ ငါ့ အလယ်တန်း အတန်းဖော်နာမည်က လီမင်ရန် … မြို့ထဲမှာ အလုပ်လုပ်တယ် … မင်းတို့နဲ့ စနစ်တစ်ခုတည်းအောက်မှာပဲ … သူက လက်ရှိမှာ ဒါရိုက်တာကွာ … ငါ တစ်ခြား ထပ်ပြောရဦးမှာလား ….” မာဟိုင်ချန်က ယုံကြည်ချက် အပြည့်နှင့် ဆိုလိုက်သည်။
“ တကယ်လို့ မင်း မသိဘူးဆိုရင် ပြန်ပြီး သွားမေးကြည့်လိုက်ဦး … လီမင်ရန် ဘယ်သူလဲလို့ … ကိုယ့်အနာဂတ်ကို တန်ဖိုးထားတယ်ဆိုရင် ငါ့လမ်းမှာ လာမရှုပ်နဲ့ …. မင်းက ငယ်သေးတယ် … ရူးမိုက်တာတွေ မလုပ်ချင်စမ်းနဲ့ … သူရဲကောင်းဆိုတာ နာမည်ပဲ လှတာ … ပေးဆပ်ရတာတွေက မတန်ပါဘူး ….”
ထိုသို့ပြောပြီးနောက် မာဟိုင်ချန်သည် အရှိန်အဝါအပြည့်နှင့် ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။ လင်းရီကို ဆက်ပြီး အာရုံထားမနေတော့ချေ။
“ ခင်များရဲ့ အတန်းဖော်လောက်ကို မပြောနဲ့ … ခင်များအဖေနာမည် ထည့်ပြောရင်တောင် အသုံးမဝင်ဘူး ….”
မာဟိုင်ချန်၏ လျှောက်လတ္တံ့ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ သူ့မျက်နှာအမူအရာမှာ အုံ့မှိုင်းလာသည်။
“ ကောင်လေး … မင်းစကားကို ကြည့်ပြောစမ်း … ကြမ်းကျွံရင် နှုတ်လို့ရပေမယ့် စကားကျွံရင်တော့ နှုတ်မရဘူးကွ ….”
“ ဒီလိုလှည့်ကွက်လေးတွေနဲ့ ကျုပ်ကို လာလှည့်စားလို့ရမယ် မထင်နဲ့ … သူနဲ့ ခြိမ်းခြောက်လို့ အလုပ်ဖြစ်မယ်ထင်ရင် သူ့ဆီ ဖုန်းခေါ်လိုက်လေ … သူ ဘယ်လောက်ထိ လွှမ်းမိုးမှုကြီးလဲဆိုတာ ကြည့်ကြတာပေါ့ ….”
“ ဟက် ….” မာဟိုင်ချန် နှာမှုတ်လိုက်၏။ “ အတော်ခေါင်းမာတဲ့ ကောင်လေးပဲ … မင်း စောင့်နေစမ်း … ငါအခုပဲ ဖုန်းခေါ်ပြမယ် ….”
မာဟိုင်ချန် သူ့ဖုန်းကို ထုတ်၍ လီမင်ရန်ထံသို့ ချက်ချင်းပဲ ဆက်သွယ်လိုက်သည်။
“ အစ်ကိုလီ …. မင်း အလုပ်ရှုပ်နေလား ….”
“ အခုလေးတင် အစည်းအဝေးပြီးတာပဲ… ဘာကိစ္စလဲ ….”
“ ဓာတ်မြေဩဇာ စက်ရုံ ကိစ္စပါပဲ … အဲ့ငနဲက သူ့မြေကို ရောင်းဖို့ ငြင်းပြီး ရဲတိုင်လိုက်တာ အခု ရှင်းရှန်းရဲစခန်းက အရာရှိသေးသေးလေးတွေ ငါ့ကို လာဖမ်းချင်နေတယ် … မင်း စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောပေးပါလား ….”
လီမင်ရန် စက္ကန့်အနည်းငယ်မျှကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး ခေတ္တကြာတော့ အသံထွက်လာခဲ့သည်။
“ တစ်ဖက်ကို ဖုန်းပေးလိုက် ….”
မာဟိုင်ချန် တဟားဟား ရယ်မောလိုက်ပြီး “ ငါ အခု စပီကာဖွင့်ထားတာ သူ ကြားတယ် …."
“ ငါက ပြည်သူ့လုံခြုံရေးဌာန ဒါရိုက်တာ လီမင် …… “
“ ခင်များဘာခင်များ ဘယ်သူဖြစ်ဖြစ် ကျုပ်နာမည် လင်းရီ … ကျုပ် ဘယ်သူလဲ ခင်များသိလား ….”
တစ်ဖက်လူ စကားမဆုံးခင်မှာပဲ လင်းရီ စကားဖြတ်ပြောလိုက်သည်။
“ ဟမ် … ဒါရိုက်တာလင်းလား … ဒီအမှုကို မင်းကိုင်နေတာလား …..”
သိသာစွာဖြင့် … လီမင်ရန်ဆိုသူက လင်းရီမည်သူမည်ဝါ ဖြစ်သည်ကို သိရှိနေဟန်ရပြီး သူ့လေသံက ချက်ချင်း ရိုသေကိုးစားသည့် အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
“ ကျုပ်ဘယ်သူဆိုတာ သိမှတော့ လိုရင်းပဲ ပြောလိုက်မယ် … ဒီလူ ၊ မာဟိုင်ချန်က သူ ဘာလုပ်ထားတယ်လို့ ခင်များထင်လဲ ….”
“ သူ ဘာတွေ လုပ်ထားလဲ ငါမသိဘူး … တကယ်လို့ ဒါရိုက်တာလင်းက သူ့ကို ဖမ်းချင်တယ်ဆိုလည်း ဖမ်းလိုက်ပါ… အပြစ်ပေးလိုက်ပါ … သူနဲ့ ငါ့ကြားမှာ ဘာပတ်သက်မှုမှ ရှိတာမဟုတ်ဘူး …”
“ကျုပ်ကြားချင်တာလည်း အဲ့စကားပဲ ….”
မာဟိုင်ချန် ကြက်သေသေသွားခဲ့၏။ သူ့ကိုယ်သူ ထင်ယောင်ထင်မှားတွေ မြင်နေမိသည်ဟုပင် ခံစားနေရတော့သည်။
“ အစ်ကိုလီ … မင်းဘယ်လို စကားမျိုး ပြောလိုက်တာလဲ …. မင်း ဝင်မစွက်ဖက်တော့ဘူးလား ….”
“ ယီးလို'မာ' ... ဒီချီးထုပ်ကို ငါ့ခေါင်းပေါ် လာမတင်ချင်စမ်းနဲ့ ….” လီမင်ရန် ဒေါသထွက်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ မင်းရဲ့ နေ့ရက်ကောင်းတွေတော့ အဆုံးသတ်ပြီ … ဒါရိုက်တာလင်း ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်မယ်ဆိုတော့ မင်းကိုယ်မင်း ဂုဏ်ရှိတယ်လို့မှတ်လိုက် … ဒါပဲ … စောက်ပါးစပ်ကို ပိတ်ထား ….”
“ ဒါပေမယ့် ….” မာဟိုင်ချန်က ပြန်ငြင်းရန် ကြိုးစားလိုက်သော်လည်း လီမင်ရန်၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။
“ ဘာ ဒါပေမယ့်လဲ … ဒါရိုက်တာလင်း ဖမ်းတာကို ခံရတယ်ဆိုတာ ဂုဏ်ယူဖို့ကောင်းတဲ့ ကိစ္စကွ … သူ ဖမ်းတဲ့လူစားမျိုးတွေက ပိုင်ရုံရှိုတို့ ၊ ဝေရိဟွာတို့လို လူစားမျိုး … မင်းကိုယ်မင်း ပြန်ကြည့်စမ်း … ကိုယ့်ကိုယ်ကို ဘာကောင်လို့ ထင်လဲ ….”
ဆူငေါက်ပြီးနောက် လီမင်ရန် တန်းပြီး ဖုန်းချသွားခဲ့ကာ မာဟိုင်ချန်ကို အပိုစကား ဆက်ပြောခွင့် မပေးခဲ့ချေ။
မာဟိုင်ချန် မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေပြီး အချိန်အတော်ကြာသည်ထိတိုင်အောင် စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ ရှိနေသည်။
“ ကျုပ် ခင်များကို ဆက်ပြီး အချိန်ပေးလိုက်မယ် … နောက်ထပ် ဖုန်းဆက်ချင်သေးတဲ့လူတွေ ရှိသေးရင် ဆက်လေ …”
“ မရှိ … မရှိတော့ပါဘူး ….”
မာဟိုင်ချန် ဟာလာဟင်းလင်း ဖြစ်လို့နေသည်။ အခြားရွေးချယ်စရာမရှိတော့ပါဘဲ အပြစ်ဝန်ခံလိုက်ရတော့သည်။
လင်းရီ လက်ထိပ်ထုတ်၍ မာဟိုင်ချန်ကို လက်ထိပ်ခတ်ပြီး ကျန်းလုံကို ကြည့်လိုက်သည်။ “ ကျုပ်တို့ သူ့ကို ခေါ်သွားတော့မယ် … နောက်ပိုင်းကျရင် ခင်များကို ဆေးဖိုး သူ ပြန်လျော်ပေးလိမ့်မယ် … ကျုပ်တို့ဆီက သတင်းကို စောင့်နေလိုက် ….”
မာဟိုင်ချန် ဖမ်းခံလိုက်ရတာကို မြင်တော့ ကျန်းလုံသည် သူ၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။
ကျန်သည့် ရွာသားများကလည်း လက်ခုပ်လက်ဝါးတီးနေကြ၏။ မာဟိုင်ချန်ဆိုသည့် လူ၏ လက်အောက်တွင် ဆက်ပြီး ဒုက္ခခံစားစရာ မလိုတော့ချေ။
လင်းရီ၏ လုပ်ရပ်များက အမှန်တကယ်ကို ကျေးဇူးတင်စရာ ကောင်းလှပေသည်။
မာဟိုင်ချန်တို့ လူအုပ်စုက အတော်လေး များပြားသဖြင့် ကျန်းဖန့်က နောက်ကားတစ်စင်း ခေါ်ယူလိုက်ပြီး အပေါင်းအပါများကို လက်ထိပ်ခတ်၍ ကားပေါ်တင်ဆောင်ရန် အရင်ဆုံး ထွက်ခွာသွားခဲ့သည်။
လင်းရီနှင့် သူ့အသင်းတို့ ထွက်သွားမည် လုပ်သည့် အချိန်မှာပဲ အဝေးတစ်နေရာမှ ထိတ်လန့်တကြားနှင့် ရုတ်ချည်း အော်ဟစ်သံကို ကြားလိုက်ရသည်။
အသံထဲတွင် ထိတ်ထိတ်ပျာပျာ ဖြစ်မှုနှင့် ကြောက်လန့်မှုတို့ ပြည့်နှက်နေပြီး ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်သွားခဲ့ဟန်ပင်။
“ အရာရှိကြီးတို့ … နေကြပါဦး … ဒီမှာ လူတစ်ယောက် သေသွားလို့ပါ ….”
အော်ဟစ်သံကို ကြားတော့ သုံးယောက်လုံး ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားခဲ့ကြပြီး ကားပေါ်က အလျင်အမြန် ဆင်းလိုက်ကြ၏။ သက်လတ်ပိုင်း အမျိုးသမီးက သူတို့ထံ ဒရောသောပါး ပြေးလာနေပြီး မျက်ရည်များကို သုတ်လျက် ကျယ်လောင်စွာ အော်ဟစ်နေသည်။
ကျန်းလုံ ရေရွတ်လိုက်၏။ “ အန်တီကျန်း မဟုတ်လား … သူ့အဖေက စောနလေးတင် ဆုံးသွားတာကို ဘာလို့ ရဲတွေကို ပြေးခေါ်နေတာလဲတဲ့ ….”
“ ခင်များ ဒီ အမျိုးသမီးကို သိလို့လား ….”
ကျန်းလုံ ခေါင်းညိတ်လိုက်ပြီး ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် “ သူ့နာမည်က ကျန်းရွှယ်မေ .. သူ့ယောက်ျားက ဖန်းတရဲ့ … ဒီက ရွာသူကြီးလေ … ဒါပေမယ့် ကျန်းမာရေးမကောင်းလို့ ၁၀ ပိုင်းတုန်းကတည်းက အနားယူသွားပြီ … သူတို့အိမ်က အဘိုးကြီးကတော့ အစာအိမ်ကင်ဆာလို့တော့ ပြောကြတာပဲ … ဆရာဝန် ပြောတဲ့အတိုင်းဆို ဒီနှစ်သစ်ကူးတောင် ကျော်နိုင်မှာ မဟုတ်ပါဘူးဆို .. အခု တွက်ကြည့်လိုက်ရင် ဒီရက်ပိုင်းတင် ဆုံးသွားရမှာ … အသက်ကြီးပြီး ရောဂါကြောင့် သေသွားတာက သာမန်ပဲဟာ ဘာကိစ္စ ရဲကို ပြေးတိုင်ချင်နေရတာပါလိမ့် ….”