ထူးဆန်းတဲ့အမှု
Vol. 166 Ch. 2377
ကျန်းလုံ၏ စကားလုံးတို့က လွန်ကြူးဟန်ရသည့်တိုင် ကျိုးကြောင်းဆီလျော်မှုတော့ ရှိ၏။ အထူးသဖြင့် ယခင်က ဆရာဝန်လုပ်ခဲ့ဖူးသည့် လင်းရီထက်ပင် ဤသို့သော ကိစ္စရပ်များကို ပိုမိုတည်ငြိမ်စွာဖြင့် ရင်ဆိုင်နိုင်နေသည်။
အကယ်၍ ရဲများ၏ အကူအညီကို လိုအပ်လျှင်ပင် ယခုလို ပုံစံမျိုးအထိ ပြုလုပ်ဖို့တော့ မလိုအပ်ပေ။
သူတို့ စကားပြောနေစဉ်အတွင်းမှပဲ ကျန်းရွှယ်မေက လင်းရီထံသို့ ပြေးလွှားရောက်ရှိလာပြီး မျက်ရည်များအား သုတ်လျက် “ အရာရှိကြီး .. ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပေးပါဦး … ကျွန်မယောက်ျား လောင်ဖန်း သေဿွားလို့ပါ … ပြီးတော့ တစ်ယောက်ယောက်က သူ့ကို အခေါင်းထဲ ထည့်သွားတယ် …”
“ ဟင် ….”
ဤစကားကြားတော့ လင်းရီတို့အားလုံး အမူအရာ ပြောင်းလဲသွားခဲ့ကြသည်။
ကျန်းလုံ၏ မိတ်ဆက်ပေးမှုမှတစ်ဆင့် ကျန်းတုန်းမေ၏ မိသားစုအကြောင်း အကြမ်းဖျင်းတော့ နားလည်ထားသည်။ ကင်ဆာဖြစ်နေသည့် သူ့ယောက္ခထီးက သေလုမြောပါးဖြစ်နေသည်။
သူမ ပြောသည့် လောင်ဖန်းဆိုသူကတော့ သူမ၏ ခင်ပွန်း ဖန်းတရဲ့ပင်။
အကယ်၍ သေသွားသည့်လူက ဖန်းတရဲ့ ဆိုပါက … အခြေအနေက တစ်နည်းနည်းနှင့် မသင်္ကာဖွယ်ရာ ကောင်းနေလေပြီ။
ဤသတင်းကြားတော့ ကျန်းလုံနှင့် အခြားသူများလည်း အတော်လေး အံ့အားသင့်ကုန်ကြသည်။
“ ဘယ်လိုတွေ ဖြစ်ရတာလဲ အန်တီကျန်းရာ … အန်ကယ်ဖန်းက ဒီတိုင်း ခါးပြဿနာလောက်လေးပဲ ရှိတာ မဟုတ်ဘူးလား … ဘယ်လိုလုပ် ရုတ်တရက်ကြီး ဆုံးသွားရတာလဲ ….”
“ ဘာတွေဖြစ်လဲ ငါလည်း မသိဘူး ….” ကျန်းရွှယ်မေသည်လည်း ရှော့ခ်ရလို့နေပြီး စိတ်ကပ်ထားဖို့ကို အနိုင်နိုင် ကြိုးစားနေရသည်။
“ ဒီမနက်ခင်းတုန်းက ငါ့အဖေ သေခါနီးဖြစ်နေပြီဆိုတော့ ဈာပနာအတွက် ကြိုတင်ပြင်ဆင်ရင်း အလုပ်တွေ ရှုပ်နေကြတာ တစ်မနက်ခင်းလုံးပဲ … ဒါပေမယ့် သတိရလို့ ကြည့်ကြည့်လိုက်တော့ လောင်ဖန်းက အိမ်မှာ ရှိမနေဘူး ….”
ကျန်းရွှယ်မေက သူမ၏ မျက်ရည်ကိုသုတ်၊ ရှိုက်တငင်ငင် ငိုကြွေးရင်း ပြောလိုက်ပြီး “ အခုလေးတင် ငါ့အဖေ ဆုံးသွားခဲ့တော့ အခေါင်းထဲ ထည့်မယ်လုပ်မှ အခေါင်းက ပုံမှန်မဟုတ်ဘဲ အတော်လေး လေးနေတာကို ငါ့သားက သတိထားမိလိုက်တယ် … အဲ့တာနဲ့ အခေါင်းကို ဖွင့်ကြည့်လိုက်တော့ လောင်ဖန်းက အထဲမှာ … အသက်လည်း မရှူတော့ဘူး ….”
လူတိုင်း၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့၏။ ရဲအရာရှိတစ်ယောက်အနေနှင့် ဤသို့သော အခြေအနေမျိုးကို မည်သို့ ကိုင်တွယ်ရမလဲဆိုတာ သိသင့်ပေသည်။
“ ဘာလို့ ကျုပ်ကို လာကြည့်နေကြတာ … အရင်ဆုံး တစ်ချက် သွားကြည့်ကြတာပေါ့ …..” လင်းရီ ပြောလိုက်ပြီး “ ကျန်းဖန့် … စခန်းကို ဖုန်းဆက်ပြီး မာဟိုင်ချန်တို့ကို တစ်ယောက်ယောက် လာခေါ်ဖို့ ပြောလိုက် … ပြီးတာနဲ့ ငါတို့နောက်လိုက်ခဲ့ ….”
“ သိပြီ ….”
လင်းရီသည် ကျန်းရွှယ်မေကို ကြည့်လိုက်ပြီး “ အစ်မကြီးကျန်းက ကျုပ်တို့ကို လမ်းပြ … ဘာတွေ ဖြစ်နေလဲဆိုတာ အရင်ကြည့်ကြတာပေါ့ ….”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ … ကျွန်မနောက်လိုက်ခဲ့ပါ အရာရှိကြီးတို့ ….”
လင်းရီ လက်ရှိ ရှိနေသည့်နေရာက ကျန်းရွှယ်မေ၏ အိမ်နှင့် မီတာ တစ်ရာကျော်ခန့်မျှသာ ဝေးသည်။ သူတို့တွေ ခပ်သွက်သွက်လမ်းလျှောက်လိုက်ကြပြီး အိမ်တွင်းအိမ်ပြင် လူတွေနှင့် ပြည့်ကြပ်နေသည့် ခြံတစ်ခုကို မြင်တွေ့လိုက်ရ၏။
“ လမ်းဖယ်ပေးကြပါ လမ်းဖယ်ပေးကြပါ ….”
လင်းရီ အသံပေးလိုက်တော့ ရွာသားများက အလိုအလျောက် လမ်းဖယ်ပေးလာကြသည်။
ခြံဝန်းထဲတွင် အနီရောင် အခေါင်းတစ်လုံးက အနည်းငယ် ဟနေပြီး ကျန်းတုန်းမေ၏ သားကလွဲ၍ မည်သူကမျှ အနားသို့ မချဉ်းကပ်ဝံ့ကြချေ။ လေးစားမှုအနေဖြင့် အကွာအဝေးတစ်ခုတောင် ခြားထားကြ၏။ အမှန်တော့ သူတို့တွေက ကံဆိုးမှုများ ကူးစက်မှာကို ကြောက်ရွံ့နေကြခြင်းပင်။ သာမန်ရွာသားများ၏ အမြင်၌ ဤသို့ ရုတ်တရက် ဆန်းကြယ်စွာ သေဆုံးသွားခြင်းက ကောင်းသော နိမိတ်တစ်ခုတော့ မဟုတ်ပေ။
သို့သော် သူတို့ထဲ တစ်ဦးကတော့ ခြွင်းချက်ဖြစ်၏။
“ အန်ကယ်ဖန်း …”
အခေါင်းထဲရှိ ဖန်းတရဲ့ကို မြင်တော့ ကျန်းလုံက ချက်ချင်းပြေးသွားပြီး အခေါင်းဘေးတွင် ထိုင်လျက် ကျယ်လောင်စွာ ရှိုက်ငင် ငိုကြွေးနေတော့သည်။
“ စိတ်ကို အေးအေးထားစမ်း … ကျုပ်တို့ စုံစမ်းနေတာကို မနှောင့်ယှက်စမ်းနဲ့ ….”
“ အစ်ကိုလုံ … အရာရှိကြီးတွေ အရင်ကြည့်ပါစေ ….”
ပြောလိုက်သူက ဖန်းတရဲ့၏ သား ၊ ဖန်းကျစ်ဖျင်ပင်။ အသက်က ၂၆ ၊ ၂၇ လောက်ရှိပြီး မျက်မှန်တစ်လက်ကို တပ်ဆင်ထားကာ သန့်သန့်ပြန့်ပြန့်ရှိသည်။
ကျန်းလုံ သူ့မျက်ရည်များကို ဖယ်သပ်လိုက်ပြီး ဘေးသို့ ကပ်နေလိုက်၏။ လင်းရီကို ဆက်ပြီး မနှောင့်ယှက်တော့ပေ။
လင်းရီသည် အခေါင်းဖုံးကို ဘေးသို့ အနည်းငယ် တွန်းထုတ်လိုက်ပြီး အတွင်းတွင် လဲလျောင်းနေသည့် ဖန်းတရဲ့ကို ကြည့်လိုက်သည်။
နစ်နာသူက အသက်ငါးဆယ်အရွယ် ဝန်းကျင်ရှိပြီး အရပ်က သိပ်မမြင့်ပေ။ ၁.၇ မီတာအောက်သာ ရှိ၏။ အနည်းငယ်လည်း ဝဖိုင့်ပြီး ပုံမှန် မြင်တွေ့နေကျ သက်လတ်ပိုင်း အမျိုးသား၏ ပုံစံပင်။ ယခုလို အရွယ်မျိုးတွင် သူ့လို ကိုယ်လုံး အချိုးအစားကို မြင်တွေ့ရသည်က သဘာဝပဲ ဖြစ်၏။
အခေါင်း၏ အောက်ဘက်တွင် အဝါရောင် ပိတ်စ တစ်ခု ခင်းထားပြီး ယင်းက ရွာ၏ ဓလေ့ထုံးတမ်းတစ်ခုဖြစ်၏။ လူသေ၏ အောက်တွင် အမြဲတမ်း ထိုသို့ ခင်းဖို့ သုံးလေ့ရှိလေသည်။
နစ်နာသူက အခေါင်းထဲတွင် သပ်သပ်ရပ်ရပ် လဲလျောင်းနေရင်း သူ့ ပုံမှန် အဝတ်များကို ဝတ်စားထား၏။ အပေါ်ယံ ကြည့်ရသလောက်တော့ မည်သူအရာကမျှ ထူးထူးခြားခြား ဖြစ်ပေါ်မနေချေ။
ထို့နောက် လင်းရီ အခေါင်းကို တစ်ဖန်ထပ်ပြီး စစ်ဆေးကြည့်လိုက်သည်။ မည်သည့် ခြေရာလက်ရာ လမ်းကြောင်းမျှ မမြင်တွေ့ရပေ။
အတွင်းရှိ ခန္ဓာကိုယ်က သူ့ဘာသူ ဝင်ပြီး လဲလျောင်းအိပ်စက်နေပုံတောင် ပေါ်သည်။
လင်းရီ ယခုလို ထင်ယောင်ထင်မှား ခံစားနေရ၏။ အတွင်းတွင် လဲလျောင်းနေသည်က လူတစ်ဦးမဟုတ်ဘဲ ကြီးမားလှသည့် ဆန်းကြယ်မှုကြီး တစ်ခုပင်။
၎င်းဝန်းကျင်တွင် ထူးဆန်းသည့် အရှိန်အဝါတို့ ပျံ့လွှင့်နေလေသည်။
လင်းရီ ခါးကိုင်းပြီး အလောင်း၏ ကိုယ်ကို ရိုးရိုးရှင်းရှင်း စစ်ဆေးကြည့်လိုက်သည်။
သိသာထင်ရှားသည့် ပြင်ပ ဒဏ်ရာဒဏ်ချက်များ မရှိသော်လည်း နှုတ်ခမ်းနှင့် လည်ပင်းတစ်ဝိုက်တွင်တော့ ညိုမည်းရာဖျော့ဖျော့ကို မြင်တွေ့ရ၏။ ယင်းက နစ်နာသူသည် အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ကြောင်းကို ပို၍ ထင်သာသွားစေခဲ့သည်။
အသက်ရှူကြပ်ပြီး သေဆုံးသွားခြင်း။
သို့သော်လည်းပဲ အသက်ရှူကြပ်ခြင်းနောက်ကွယ်တွင် အသေးစိတ်အများအပြားက လိုက်ပါနေလျက်ရှိ၏။ အကြောင်းမူကား အသက်ရှူကြပ်ပြီး သေဆုံးခြင်းက အခြေအနေများစွာ အောက်၌ ဖြစ်ပေါ်နိုင်သောကြောင့်ပင်။
အနီးကပ် သေချာစစ်ဆေးကြည့်သည်တွင် သေသွားသည့်လူ၏ အင်္ကျီအဝတ်အစားပေါ်၌ ပုံမှန်မဟုတ်သည့် အရာတစ်ချို့ကို တွေ့ရှိလိုက်ရ၏။
လက်ချောင်းထိပ်နှင့် လက်ဖမိုးတွင် ပြတ်ရှရာအသေးလေး များစွာ ရှိနေပြီး ဤသည်ကတော့ ကျေးလက်တွေ နေထိုင်ရှင်သန်သူများအဖို့တော့ သာမန်ပင်။
ထို့ပြင် သေလူ၏ အဝတ်အစားပေါ်၌ သေးငယ်သည့် အနက်ရောင် အစက်အပြောက် တစ်ချို့ကိုလည်း မြင်တွေ့ခဲ့ရသေး၏။ ခပ်သာသာ ပွတ်သပ်ပြီး ရှူကြည့်လိုက်တော့ ဓာတ်ဆီနံ့တစ်ခုက ထွက်ပေါ်လာသည်။
မသိစိတ်အလျောက် လင်းရီသည် ခြံထဲထိုးရပ်ထားသည့် ဗော့ဆွာဂန် ဆာဂီတာ တစ်စင်းထံ အကြည့်ရောက်သွားခဲ့သည်။ ထိုကား၏ ဈေးနှုန်းက ယွမ်တစ်သိန်းခန့်မျှသာ ရှိပြီး ဈေးအရမ်းများနေသည်တော့ မဟုတ်ပေ။ သာမန်မိသားစုတစ်ခု တတ်နိုင်သည့် ပမာဏမျိုး ဖြစ်၏။
“ အဲ့တာ မင်းတို့အိမ်က ကားလား ….” လင်းရီက အဖြူရောင် ဆာဂီတာကို လက်ညှိုးထိုးပြီးမေးလိုက်သည်။
“ ကျွန်တော့်ကားပါ ….” ဖန်းကျစ်ဖျင် ပြန်ဖြေလိုက်၏။
“ မင်းအဖေက ပုံမှန် ဒီကားမောင်းနေကြလား …”
“ ရှားတယ် …” ဖန်းကျစ်ဖျင် ဖြေဆိုလိုက်ပြီး “ ကျွန်တော်တို့အိမ်မှာ အဖေငါးမျှားရင် သုံးနေကြ ဝူလင်ဟုန်ကွမ်း တစ်စင်းရှိတယ် … ကျွန်တော့်ကားကိုတော့ မောင်းတာရှားတယ် …”
လင်းရီ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး “ အခုကားက ဘယ်မှာလဲ ….”
“ မနက်ခင်း လေးနာရီလောက်တုန်းက ပစ္စည်းတစ်ချို့ သွားဝယ်မယ်ဆိုပြီး ကားနဲ့ ထွက်သွားခဲ့တာ ဘယ်တော့မှ ပြန်မလာတော့ဘူး .. သူ့ဖုန်းကိုလည်း ဆက်လို့မရဘူး ….” ဖန်းကျစ်ဖျင် ရှင်းပြလိုက်၏။
“ အဲ့တုန်းက အကုန်လုံးလည်း အဘိုးရဲ့ နာရေးကိစ္စနဲ့ အလုပ်ရှုပ်နေကြတော့ ထွေထူးခေါင်းထဲ ထည့်မနေကြတော့ဘူး … အခေါင်းရွေ့လို့ တစ်ခုခု ထူးဆန်းနေတာကို ခံစားမိတော့မှ အဖေက အခေါင်းထဲ ရောက်နေတာကို မြင်လိုက်ရတာပဲ … ဒါပေမယ့် ကားကိုတော့ မတွေ့မိဘူး…..”
“ ကားကို မတွေ့ဘူးလား ….”
ယင်းက လင်းရီအတွက် ပိုလို့ပင် ဇဝေဇဝါ ဖြစ်စရာပင်။ ကားက ပျောက်ကွယ်သွားခဲ့၏။ သို့တိုင် လူကတော့ အခေါင်းထဲ ရောက်လို့နေသည်။
ထိုကဲ့သို့ လှုပ်ရှားမှုက လင်းရီကို ခေါင်းခြောက်သွားစေခဲ့သည်။ ဤသည်က အာမခံကြေး ရရှိဖို့အတွက် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်သည်နှင့်လည်း မတူပေ။
ဝူလင်းဟုန်ကွမ်းလေးတစ်စင်းက ဘယ်လောက်မှ တန်တာ မဟုတ်ပေ။
သို့ပေမယ့် … ဤသည်ကလည်း လမ်းစတစ်ခုတော့ ဖြစ်၏။
“ မင်းအဖေရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိလဲ ….”
“ အတော်လေးကောင်းတယ် … ဒီတိုင်း ခါးနောက်ကျော ပြဿနာလောက်လေးပဲ ရှိတာ … သေနိုင်လောက်တဲ့ ရောဂါမျိုး တစ်ခုမှမရှိဘူး … တစ်ယောက်ယောက်က ကျွန်တော့်အဖေကို ရည်ရွယ်ချက်ရှိရှိ သတ်သွားတာ ကျိန်းသေတယ် ….” ဖန်းကျစ်ဖျင်က စိတ်ခံစားချက် ပြင်းထန်စွာဖြင့် ဆိုလိုက်သည်။
“ စိတ်ကို အေးအေးထားပါ … ငါတို့ လောလောဆယ် ယတိပြတ်ကြီး ကောက်ချက်ချလိုက်လို့ မရသေးဘူး ….” လင်းရီ တိတ်တဆိတ် ပြောလိုက်ပြီး “ မင်းတို့ဆီမှာ သူ့ရဲ့ လတ်တလော ကျန်းမာရေး စစ်ဆေးချက် မှတ်တမ်းတွေ ရှိလား … များလေ ကောင်းလေပဲ ….”
“ဟုတ် ဟုတ် … ရှိပါတယ် … ကိုးလပိုင်းတုန်းက ကျွန်တော့်အဖေ မြို့ဆေးရုံမှာ ကျန်းမာရေး သွားစစ်ဆေးခဲ့သေးတယ် … မှတ်တမ်းတွေ အကုန် ကျွန်တော် သိမ်းထားတယ် ….”
ဖန်းကျစ်ဖျင်က အိမ်ထဲသို့ ဝင်ပြီး ဆေးမှတ်တမ်းများကို ယူ၍ ပြန်ထွက်လာခဲ့သည်။
လင်းရီ အနီးကပ် သေချာကြည့်လိုက်၏။ ခါးနောက်ကျော ပြဿနာကလွဲပြီး ကျန်တာအားလုံးက ကောင်းမွန်နေသည်။
ဖန်းကျစ်ဖျင် ပြောသည့်အတိုင်း သေနိုင်လောက်သည့် ရောဂါမျိုးကို မတွေ့ရပေ။ ထို့ကြောင့် ၎င်းတို့ကတော့ ဖန်းတရဲ့၏ သေဆုံးမှုနှင့် ဆက်စပ်မနေနိုင်ပေ။
“ အခုရက်ပိုင်း မင်းအဖေ ထူးဆန်းတဲ့ အပြုအမူမျိုး လုပ်တာတွေ မြင်ဖူးလား … ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ စကားများ ရန်ဖြစ်တာမျိုးပေါ့ ….”
“ မရှိဘူး … အနားယူပြီးနောက်ပိုင်း ကျွန်တော့်အဖေက အိမ်မှာပဲ တစ်ချိန်လုံး ရှိနေတာ … တစ်ခါတစ်လေ မာကျောက်သွားကစားတယ် … တစ်ခါတစ်လေ တစ်ခြားလူတွေနဲ့ ငါးသွားမျှားတယ် … အနားယူပြီးကတည်းက အဲ့အတိုင်းပဲ ရှိနေတာ ….” ဖန်းကျစ်ဖျင် ခေတ္တတွေးတောပြီးနောက် ဖြည့်စွက် ပြောလိုက်၏။
“ ကျွန်တော့်အဖေက သဘောကောင်းတော့ အိမ်နီးနားချင်းတွေနဲ့လည်း ပြေလည်တယ် … လူသတ်ပြီး လက်စားချေရလောက်တဲ့အထိ ရန်ငြှိုးရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး …”