← Chapters

သူတို့ အကုန် သေရမယ်

Vol. 166 Ch. 2378

သူတို့ အကုန် သေရမယ်

Vol. 166 Ch. 2378

“ ရဲဘော်အရာရှိကြီး … လောင်ဖန်းက တကယ် လူကောင်းတစ်ယောက်ပါ … ရွာသူကြီးလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံး ရွာအတွက် ကောင်းတာတွေ အများကြီး လုပ်ပေးသွားခဲ့တယ် … ဒေါသတော့ နည်းနည်းကြီးတယ်ဆိုပေမယ့် ကျိုးကြောင်းတော့ သင့်တယ် … သူ ဒေါသဖြစ်ရင်လည်း အမြဲတမ်း တစ်ဘက်အမှားကြောင့်ပဲ .. ဘာမဟုတ်တာလေးလောက်နဲ့ လူသတ်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ….”

“ ငါလည်း အဲ့လို ခံစားရတယ် … လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကတောင် လောင်ဖန်း ငါ့ကို ဆဲသေးတယ် … ဒါပေမယ့် ငါ ဒေါသမထွက်ပါဘူး .. သူ့ကိုတောင် ငါနဲ့အတူ မာကျောက်ကစားဖို့ ဖိတ်ခဲ့သေးတယ် ….”

ရွာသားများက တစ်ယောက်ပြီးတစ်ယောက် ဖန်းတရဲ့အကြောင်း ပြောလာခဲ့ကြသည်။ သို့သော် အကုန်လုံးက ကောင်းသည့် ကိစ္စများသာ ဖြစ်၏။ အသေးစား ရန်ဖြစ်မှုလေးများ ရှိခဲ့လျှင်ပင် အကုန်လုံးက ၎င်းတို့၏ အမှားကြောင့်သာ ဖြစ်ကြောင်း ဝန်ခံထားခဲ့ကြသည်။

ထို့ကြောင့် လက်စားချေရန်အတွက် လူသတ်ခြင်းဟူသည့် ဖြစ်နိုင်ချေတစ်ခုကိုတော့ ပယ်ထားလိုက်၍ ရလေပြီ။

အခြေအနေကို နားလည်သဘောပေါက်ပြီးနောက် လင်းရီသည် အခေါင်းထဲရှိ ဖန်းတရဲ့၏ ကိုယ်ကို ကြည့်ရင်း အတွေးနက်နေမိသည်။

ဤအမှုက အတော်လေး ထူးဆန်းလှပြီး သံသယဖြစ်စရာလည်း မရှိပေ။

ဖန်းတရဲ့တွင်လည်း ကိုယ့်ကိုယ်ကို သတ်သေစရာအကြောင်း မရှိသလို တစ်စုံတစ်ယောက်၏ လက်စားချေလိုမှုကြောင့် အသတ်ခံရသည့် ဖြစ်နိုင်ချေလည်း မရှိပေ။

သို့သော် သူက အခေါင်းထဲတွင် သေဆုံးသွားခဲ့၏။ ဤသည်က အတော်လေးကို သံသယဖြစ်ဖို့ ကောင်းလွန်းလှသည်။

အကယ်၍ သူသာ အခေါင်းထဲတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့မည်ဆိုပါက အသက်ရှူကြပ်သည့်အတွက် နောက်ဆုံး စက္ကန့်ပိုင်းတွင် သဘာဝအလျောက် ရုန်းကန်လာမည်က ထုံးစံပင်။ ဤသည်က လူတိုင်း၏ အလိုလို တုံ့ပြန်မှု ဖြစ်၏။ အခေါင်းထဲတွင် ဤမျှ သပ်ရပ်စွာ လဲလျောင်းနေစရာ အကြောင်းမရှိပေ။

အိမ်တွင်း သတ်ဖြတ်မှုကတော့ ပိုလို့ပင် မဖြစ်နိုင်ပေ။

အလောင်းကို ဖျောက်ဖျက်သည့် နည်းလမ်းက ရှုပ်ထွေးလေလေ၊ အမှားပါဖို့ များလေလေဟူသော မှုခင်းလောဂျစ်နှင့်လည်း ကိုက်ညီနေခြင်း မရှိပေ။

ဟမ် …

ထိုအချိန်မှာပဲ အခေါင်းအတွင်း၌ ထူးဆန်းသည့် တစ်စုံတစ်ရာကို လင်းရီ သွားတွေ့၏။

သေလူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အဖြူရောင် အမွှေးနှစ်ချောင်းကို မြင်တွေ့လိုက်ရပြီး တစ်ခုချင်းစီက ဆယ်စီတီမီတာခန့် ရှည်လျား၏။

“ ဇီရှင်း … ဒါကို တစ်ချက် လာကြည့်စမ်း … ဒါ ဘာလို့ ထင်လဲ ….”

ကျန်းဇီရှင်း အနားသို့ ကပ်လာပြီး ခေတ္တခန့် သေချာ စူးစမ်းကြည့်လိုက်၏။

“ တိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ အမွှေးနဲ့တူတယ် …” ကျန်းဇီရှင်း ပြောလိုက်ပြီး မရေမရာ လေသံဖြင့် “ ခွေးများလား …..”

“ တူတော့ တူတယ် … ဒါပေမယ့် ငါလည်း မသေချာဘူး … အတည်ပြုဖို့ ယူသွားကြတာပေါ့ … ငါ့ဖို့ အိတ်ယူလာခဲ့ပေးစမ်းပါ …”

“ အိုကေ ….”

ကျန်းဇီရှင်းက ကားထဲသို့ သွား၍ လိုက်လံရှာဖွေလိုက်ပြီး သက်သေပစ္စည်းထည့်သည့် အိတ်တစ်လုံးကို ရှာတွေ့သွားခဲ့သည်။ လင်းရီက အဖြူရောင် အမွှေးနှစ်ချောင်းကို ထိုအိတ်ထဲထည့်ပြီး ချိတ်ပိတ်ထားလိုက်၏။

ပြီးနောက် ခန္ဓာကိုယ်ကို ထပ်မံစူးစမ်းရှာဖွေသည်။ စစချင်းတုန်းက နစ်နာသူသည် အသက်ရှူကြပ်ခြင်းကြောင့် သေဆုံးသွားခြင်း ဖြစ်မည်ဟု ယူဆခဲ့သော်လည်းပဲ ယခုမူကား ထိုယူဆချက်က မှားယွင်းသည်မျိုးလည်း ဖြစ်နေနိုင်သည်။ ပြောဖို့ ခဲယဉ်းလှ၏။

ပြီးသည့်နောက် လင်းရီသည် လူတစ်ချို့ကို လှမ်းခေါ်လိုက်ပြီး ကျွမ်းကျင်သည့် အလောင်းစစ်ဆေးသူများထံ အလာင်းကို အပ်နှံပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ပြုလုပ်စေသည်။

တစ်ချိန်တည်းတွင် နစ်နာသူနှင့် နီးစပ်သည့် ဆွေမျိုးမိတ်ဆွေများကိုလည်း လိုအပ်သည့် စုံစမ်းမေးမြန်းမှုတို့ ပြုလုပ်ဖို့ လိုသည်။ အလုပ်က များပြားလှသဖြင့် တစ်ယောက်တည်း ကိုင်တွယ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဤအတောအတွင်း လင်းရီသည် ဟော်ယွမ်ယွမ်ထံသို့ ဖုန်းဆက်ပြီး ကျီချင်းရန်ကို အလုပ်က သွားကြိုပေးဖို့ ပြောဆိုလိုက်၏။ သူကိုယ်တိုင်ကတော့ အချိန်မီ အလုပ်ဆင်းနိုင်မှာ မဟုတ်တော့ချေ။

ကောင်းကင်ကြီး တဖြည်းဖြည်းနှင့် နက်မှောင်လာချိန် ၊ ညအချိန်သည်လည်း ကျရောက်လို့လာပြီး စုံစမ်းမေးမြန်းမှု လုပ်ငန်းစဉ်က တော့ ဆက်ပြီး ပြုလုပ်နေလျက်ရှိ၏။

ကျန်းဇီရှင်းက ပေါင်မုန့်နှင့် ရေတစ်ဘူးကို လင်းရီနှင့် ကျန်းဖန့်တို့အတွက် ယူလာခဲ့ပေးသည်။ နှစ်ယောက်က ကြီးမားလှသည့် အပြင်ဘက် ကွပ်ပျစ်ပေါ်တွင် ထိုင်လျက် စားသောက်ရင်းဖြင့် အမှုအကြောင်းကို ဆွေးနွေးနေလျက် ရှိသည်။

“ လင်းကြီး … ဒီအမှုက နည်းနည်းတော့ ကြက်သီးထဖို့ ကောင်းတယ်လို့ မင်းမထင်ဘူးလား …” ကျန်းဖန့်က ကြက်သီးမွေးညှင်းဖြန်းလျက် ပြောလိုက်၏။

လင်းရီ မော့ကြည့်လိုက်ပြီး တံခါးပေါက်ဝတွင် အဖြူရောင် မီးအိမ်နှစ်လုံးက ချိတ်ဆွဲထားလျက် ရှိ၏။

ခြံဝန်းထဲတွင် တိရစ္ဆာန်ပုံစံနှင့် လူပုံစံ စက္ကူရုပ် အများအပြား ရှိနေပြီး ပိန်းပိတ်မှောင်မည်းနေသည့် ကောင်းကင်းကြီးကိုပါ ထည့်ပေါင်းလိုက်လျှင် အမှန်တကယ်လည်း ကြောက်ဖို့ကောင်းသည်ဟူသည့် ခံစားချက်မျိုးရ၏။

“ ဒီတိုင်း တိုက်ဆိုင်သွားရုံပါပဲ … အစတုန်းကတော့ ဒါတွေက သူ့အဖေအတွက်ပဲ … အခုတော့ သားဖြစ်သူအတွက်ပါ ဖြစ်သွားတာပေါ့ ….” လင်းရီ ပြောလိုက်သည်။ “ အဲ့တာတွေပဲ လိုက်ကြည့်မနေနနဲ့ … ရွာထဲ တစ်ယောက်ယောက် သေသွားရင်လည်း ဒီပုံစံပဲ … သူတို့ရဲ့ နာရေးဓလေ့က ငါတို့ မြို့ပေါ်ကနဲ့တော့ ဘယ်တူလိမ့်မှာ ….”

လင်းရီ တက္ကသိုလ် တက်စဉ်အခါက ဝမ်ချွေ့ပင်း၏ ရွာတွင် ဈာပနာပွဲနှင့် တစ်ခါကြုံတွေ့ခဲ့ဖူးသည်။ အပြင်အဆင်တို့က လက်ရှိ သူ့ရှေ့ကနှင့် အတော်လေး ဆင်တူသည်။ ထို့ကြောင့် သူ့အတွက် မထူးဆန်းဟု ပြော၍ရသည်။

“ ငါပြောချင်တာက အဲ့ဒီ နာရေးသုံးပစ္စည်းတွေ အကြောင်း မဟုတ်ဘူး ….” ကျန်းဖန့်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး တီးတိုးလေသံဖြင့် “ မင်းစဉ်းစားကြည့်ကွာ … အကောင်းအတိုင်း အသက်ရှိနေတဲ့ လူတစ်ယောက်က အခေါင်းထဲမှာ သေသွားခဲ့တယ် … ဘယ်လောက်တောင် ရက်စက်ပြီး ကြောက်ဖို့ကောင်းလိုက်လဲ စဉ်းစားကြည့် ….”

“ အစ်ကိုရီ … ဖန်းတရဲ့က သူ့မိန်းမ မသိအောင် နောက်ကွယ်မှာ မကောင်းတဲ့ ကိစ္စတွေ တိတ်တိတ်လေး ခိုးလုပ်နေတာရော မဖြစ်နိုင်ဘူးလား … ပြီးတော့ တိုင်ခံရမှာကိုကြောက်ပြီး အခါင်းထဲ ပုန်းရင်း ကိုယ့်ကိုယ်ကို သတ်သေသွားတာမျိုးပေါ့ …” ကျန်းဇီရှင်းက သူမ၏ အမြင်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

“ မဖြစ်နိုင်ဘူး … လူတစ်ယောက်က အလုံပိတ် အခေါင်းထဲဝင်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်ဆိုရင် နောက်ဆုံးအချိန်အခိုက်အတန့်မှာ ရုန်းကန်နေမှာ သေချာတယ် …. အဲ့တာက အလိုလို တုံ့ပြန်မှုပဲ … ဘယ်သူကမှ မတွန်းလှန်နိုင်ဘူး ... သူ့ဘာသူ အခေါင်းထဲ ရောက်နေတာကတော့ မဖြစ်နိုင်ဘူး ….”

“ အဲ့တာဆို ပိုပြီးတောင် ထူးဆန်းသွားပြီ …. ပြီးတော့ လူသေထားလို့လားတော့ မသိပါဘူး … လေတစ်ချက်ဖြတ်တိုက်သွားရင်းကို လူက တစ်ကိုယ်လုံး ကြက်သီးဖြန်းသွားသလိုပဲ ….”

“ လူလေး … ငါ မင်းကို တစ်ခု ပြောပြချင်တယ် ….”

တစ်စုံတစ်ယောက်၏ အသံကို ကြားတော့ လူတိုင်းက မသိစိတ်အလျောက် အသံလာရာဘက်သို့ လှမ်းကြည့်မိသွားခဲ့ကြသည်။

အားးးး ….

ကျန်းဇီရှင်း တစ်ကိုယ်လုံး တုန်ယင်သွား၏။

စကားပြောလိုက်သူက အသက်ကြီးပိုင်း အမျိုးသမီး တစ်ဦးပင်။ အတော်လေးလည်းအိုသည်။ အသက်ရှစ်ဆယ်၊ ကိုးဆယ်ခန့် ရှိပြီဟု ထင်ရ၏။ သူမ၏ မျက်နှာတစ်ပြင်လုံးတွင် အရေးအကြောင်းများနှင့် အချိန်၏ တိုက်စားမှုများကို မြင်တွေ့နေရသည်။

ခါးတစ်ခုလုံး ကိုင်းညွှတ်နေပြီး တုတ်ကောက်ကို အမှီသဟဲပြုထားရ၏။ ဆံပင်လည်း အနည်းငယ်မျှသာ ကျန်ရစ်တော့ပြီး သွားကလည်း ရှေ့သွားတစ်ချို့သာ မြင်ရတော့သည်။

“ အဘွားက ကျွန်တော်တို့ကို ဘာပြောချင်တာလဲ ….”

ကျန်းဖန့်က ကြောက်လန့်တုန်ယင်စွာဖြင့် ပြန်မေးလိုက်သည်။

“ ငါ မင်းတို့ကို ပြောပြမယ် … ဒီမှာ အချိန်ဖြုန်းမနေကြနဲ့တော့ … အိမ်ကို အမြန်ပြန်ကြတော့ ….”

“ အာ ….”

သုံးဦးသားလုံး အမူအရာ ပြောင်းလဲသွားခဲ့ကြပြီး အမယ်အိုကြီး၏ စကားလုံးတို့ထဲ မကောင်းသည့် အငွေ့အသက်များကို ခံစားမိနေကြသည်။

“ သူတို့တွေ သေမယ်ဆိုတာ ငါ ကြိုသိနေတာ ကြာပြီ … ဒီနေ့ ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားရုံပဲ ….”

“ သူတို့တွေ သေကြမယ် ဟုတ်လား ….”

ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ နှစ်ယောက်လုံး ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့ကြပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်း ဖြန်းသွားခဲ့သည်။

မှုန်ရီဝေဝါးနေသည့် အမယ်အိုကြီး၏ မျက်လုံးများကို ကြည့်မိတော့ ကြောက်ရွံ့စိတ်က အလိုလို ဖြစ်ပေါ်လာကာ ကျန်းဇီရှင်းမှာ မသိလိုက်ပါဘဲ လင်းရီနောက်ကွယ်တွင် ပုန်းအောင်းမိသွားခဲ့လေသည်။

လင်းရီပင် ကျောတစ်လျှောက်လုံး ကြက်သီးဖြန်းသွားခဲ့၏။

“ ဘယ်လိုတွေ ဖြစ်ရတာလဲအဘွား … ခင်များက ဒီလို ဖြစ်မယ်မှန်း ကြိုသိနေတယ်ပေါ့ …. အတွင်းသတင်းတွေ ဘာတွေများ ရထားလို့လား ….”

“ ဘယ်နားက အတွင်းသတင်းရှိမှာ ….” အမယ်အိုကြီးက အထင်တသေးနှင့် နှာခေါင်းရှုံ့လိုက်ပြီး “ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဖန်းလောင်အာ မြေခွေးတစ်ကောင်ကို သတ်ခဲ့တယ်လေ … မြေခွေးဆိုတာက မြင့်မြတ်သားရဲပါလို့ သူတို့ကို ပြောပြခဲ့သေးတယ် …. ကံဆိုးမှုနဲ့ မကြုံချင်ရင် ကောင်းကောင်းမွန်မွန် မြေမြုပ်ပေးသင့်တာ … ဒါကိုတောင် ငါ့စကား နားမထောင်ဘဲ အဲ့မြေခွေးကို ချက်စားပစ်လိုက်ကြသေးတယ် … အခုကြည့်လိုက် … ဒီလို‌တွေ ဖြစ်လာခဲ့ပြီ … မြေခွေးနတ်မင်းက ပြန်ပြီး လက်စားလာချေတာပဲ ….”

“ ဟားဟား … “ လင်းရီ အနည်းငယ် ရယ်ချင်သွားခဲ့ပြီး “ အဘွား … ခင်များက မြောက်ပိုင်းကမလား ….”

“ မင်း ဘယ်လိုသိတာ ….”

“ မြေခွေးနတ်မင်းဆိုတာက မြောက်ပိုင်းသားတွေ ကိုးကွယ်တဲ့ နတ်မင်းတွေထဲက တစ်ပါးလေ … ကျုပ်တို့ တောင်ပိုင်းနဲ့ ဆိုင်မှမဆိုင်တာ …..”

“ မင်းတို့ ….. ဟင်း …. လူငယ်လေးတွေ …..”

အမယ်အိုကြီးက စိတ်ပျက်သွားသည့် အကြည့်တစ်ခုကို လှစ်ဟာပြသလိုက်ပြီး ခေါင်းတစ်ယမ်းယမ်း ပြုလိုက်မိသည်။ ပြီးနောက် သူမ၏ တုတ်ကောက်နှင့် သူတို့သုံးယောက်အရှေ့ကနေ ဖြတ်သွားရင်း ပါးစပ်ကလည်း တစ်စုံတစ်ရာကို တတွတ်တွတ် ရေရွတ်သွာခးြ့၏။

“ မြေခွေနတ်မင်းရဲ့ အမွှေးကျန်ခဲ့တာတောင် မြေခွေးနတ်မင်း မဟုတ်ဘူးဆိုတာကို ငြင်းဆန်နေသေးတယ် … မိုက်မဲလွန်းပါဘိသနဲ့ ….”

ဟစ် ….

အေးစက်သည့် လေတစ်ဝှေ့က တိုက်ခတ်သွားခဲ့၏။ သုံးဦးသားလုံး နေရာမှာတင် အေးခဲသွားခဲ့ကြသည်။

“ မြေခွေးအမွှေး …..”

ဖန်းတရဲ့၏ မျက်နှာပေါ်တွင် အမွှေးတစ်ချို့ ရှိနေခဲ့တာကို သူတို့ အကုန်လုံး မှတ်မိသွားခဲ့ကြသည်။

“ စစချင်းတုန်းကတော့ မဟုတ်သလိုနဲ့ အခု နောက်တစ်ခါ ပြန်တွေးကြည့်တော့ တကယ်လည်း မြေခွေးအမွှေး ဖြစ်နေမလားနော်….” ကျန်းဇီရှင်းက တုန်ယင်နေသည့် လေသံဖြင့် ပြောဆိုလိုက်သည်။

ရုတ်ချည်းဆိုသလို လင်းရီသည် တစ်စုံတစ်ရာကို အမှတ်ရသွားခဲ့ပြီး ယခုလေးတင် ထွက်ခွာသွားသည့် အမယ်အိုကြီးနောက် ပြေးလိုက်သွားခဲ့၏။

ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့လည်း နောက်ကလိုက်ပါလာသည်။

သူတို့တွေ ဘာကြောင့် အမယ်အိုကြီးနောက် လိုက်နေကြလဲဆိုတာ သူတို့ကိုယ်တိုင်လည်း မသိကြပေ။ ခန္ဓာကိုယ်၏ အလိုအလျောက် လုပ်ဆောင်မှုတစ်ခုဟု ပြောလျှင် ပိုမှန်မည်။

“ အဘွား … ခဏလေး စောင့်ပါဦး ….” လင်းရီ အမယ်အိုကြီးကို လှမ်းအော်လိုက်၏။

“ ဘာလဲ … ငါပြောတာကို အခုယုံသွားပြီလား ….”

“ ကျုပ် အခုလေးတင် အမှတ်ရလို့ …. အဘွား စောနက သူတို့တွေ အကုန်သေမှာလို့ ပြောတုန်းက သူတို့တွေ ဆိုတာ လူနှစ်ယောက်ကို ရည်ညွှန်းချင်တာလား ….”

ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့လည်း ဤအမယ်အိုကြီးက ထိုသို့သော စကားမျိုး ပြောခဲ့သည်ကို မှတ်မိသွားခဲ့ကြသည်။

“ အင်း ….”

အမယ်အိုကြီးက အက်ကွဲသည့် အသံဖြင့် ပြောလိုက်ပြီး “ ဖန်းတရဲ့တင် သေမှာ မဟုတ်ဘူး … အဲ့ဒီ သေချင်းဆိုး တစ်ကောင်လည်း သေဦးမှာ … သူတို့အားလုံး သေကိုသေမှာ …”

All Chapters