← Chapters

မာဟိုင်ချန်လည်း သေရမယ်

Vol. 166 Ch. 2379

မာဟိုင်ချန်လည်း သေရမယ်

Vol. 166 Ch. 2379

ကျောချမ်းဖွယ်ရာ တိတ်ဆိတ်မှုကြီး တစ်ခုက လင်းရီတို့ သုံးဦးလုံးအပေါ် ကြီးစိုးသွားခဲ့သည်။ အမယ်အိုကြီး၏ မျက်လုံးထဲ စိုက်ကြည့်လိုက်တော့လည်း ခိုင်မာမြဲမြံမှုကို မြင်တွေ့နေရပြီး စိုးစဉ်းမျှသော တုံ့ဆိုင်းမှုကိုပင် မမြင်တွေ့ရပေ။ သူမက တကယ်ပဲ တစ်စုံတစ်ရာကို ကြိုမြင်၊ ကြိုသိနေဟန်ပင်။

“ အဘွား … ခင်များ ပြောနေတဲ့ အဲ့လူဆိုတာက ဘယ်သူ့ကို ပြောနေတာလဲ ….”

“ မာဟိုင်ချန်ပေါ့ ….” အမယ်အိုကြီးက သဘာဝကျကျပဲ ဖြစ်သင့်နေသည့် လေသံဖြင့် “ သူနဲ့ ဖန်းတရဲ့ နှစ်ယောက်လုံး သေကိုသေရမှာ ….”

မာဟိုင်ချန် …

“ အဘွားက တစ်ခုခု သိထားတာများ ရှိနေတာလား ….”

“ အဲ့ဒီမြေခွေးက သူ့ရဲ့ စက်ရုံထဲမှာ တွေ့တာ … ဖန်းတရဲ့က အဲ့မြေခွေးကို သတ်လိုက်တယ် … နှစ်ယောက်က အတူသတ်ပြီး အသားကို အတူစားတယ် ….”

“ အခု ဖန်းတရဲ့ သေပြီ … မာဟိုင်ချန်လည်း မလိုလောက်တော့ဘူး ….”

ပြောဆိုပြီးနောက် အမယ်အိုကြီးက လက်တစ်ဖက်ကို နောက်ပစ်ထားရင်း ခါးကိုင်းကိုင်းနှင့် ရှေ့ရှိ အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ လမ်းလျှောက်တုတ်၏ တစ်တက်တက် ပဲ့မြည်သံသည်သာလျှင် ဆက်လက် ထွက်ပေါ်နေသည်။

လမ်းလျှောက်ရင်းဖြင့်လည်း တစ်စုံတစ်ရာကို ရေရွတ်သွားခဲ့၏။

“ သူတို့အကုန်သေမှာ … သူတို့အကုန် သေမှာ ….”

ည၏ အေးစက်သောလေပြင်းက အဖြူရောင် မီးအိမ်များကို တိုက်ခတ်သွားခဲ့ပြီး ခြံဝန်းထဲရှိ ကုလားအုတ်နှင့် မြင်းစက္ကူရုပ်များက လေနှင့်အတူ သူတို့သုံးယောက်ပေါ်သို့ ကျဆင်းလာခဲ့သည်။

“ အစ်ကိုရီ ….”

ကျန်းဇီရှင်းက အနည်းငယ် ကြောက်ရွံ့နေပြီး လင်းရီ၏ နံဘေးတွင် ရပ်နေရင်း သူ၏ လက်မောင်းကို ဆွဲထားလိုက်သည်။

“ ဘာမှမဖြစ်ဘူး… လောကကြီးထဲ အဲ့လိုအရာမျိုးတွေ ဆိုတာ မရှိဘူး … မကြောက်နဲ့ ….”

“ ဒါပေမယ့် စောနက အဘွားကြီး ပြောသွားခဲ့တာ မာဟိုင်ချန်လည်း သေမယ်လို့လေ …. ဒါက …..”

“ အဲ့လူက ငါတို့ဖမ်းတာ ခံလိုက်ရပြီလေ … အဲ့တာ သူ့ဝဋ်လည်တာပဲ ….” ကျန်းဖန့် ပြောလိုက်၏။

“ မျှော်လင့်ရတာပဲ …..”

“ နင်တို့တွေ ဘာလုပ်နေကြတာလဲ ….”

သုံးယောက်သား ကြောက်ကြောက်လန့်လန့်နှင့် ဖြစ်နေစဉ် ကူရိရန်က ခြံထဲ ရောက်လာခဲ့၏။

“ အစ်မရိရန် ….” ကျန်းဇီရှင်း သူမကို နှုတ်ဆက်လိုက်သည်။

“ အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ … နင်တို့ တစ်ခုခု တွေ့မိသေးလား …..”

“ နစ်နာသူ သေသွားတဲ့ အချိန်က လွန်ခဲ့တဲ့ နာရီ ၂၀ လောက်တုန်းကပဲ … မိသားစုဝင်တွေ ပြောပြတဲ့အတိုင်းဆိုရင် အိမ်က ထွက်သွားပြီး သိပ်မကြာခင်မှာ ဖြစ်ပျက်သွားခဲ့တာပဲ ….”

“ အ‌ခေါင်းနဲ့ ပတ်သက်ပြီး ထူးခြားတာရော ရှိလား …..”

ကူရိရန် ခေါင်းယမ်းလိုက်၏။ “ ဒီတိုင်း သာမန် အခေါင်းပဲ … ဘာထောင်ချောက် ၊ ဘာလှည့်ကွက်တွေမှ မရှိဘူး …..”

“ အခု ပြဿနာက အခေါင်းက အဲ့မှာပဲ တစ်ချိန်လုံး ရှိနေတာ … တကယ်လို့ လူသတ်သမားက နစ်နာသူကို အထဲမှာ ထည့်ဖို့ဆိုရင် မလွယ်တဲ့ ကိစ္စပဲ … လူသေတွေရဲ့ ခန္ဓာကိုယ် အလေးချိန်က အတော်လေး လေးတယ် … လူတစ်ယောက်တည်း ကိုင်တွယ်ဖို့ဆိုတာ မလွယ်ဘူး ….”

ကူရိရန်၏ စကားကို လူတိုင်းက သဘောတူလိုက်ကြသည်။

ကျုံးဝေ့တပ်ဖွဲ့ဝင်များ … ဒါမှမဟုတ် ကောင်းမွန်စွာ လေ့ကျင့်ထားသည့် အထူးတပ်ဖွဲ့ဝင်များကလွဲ၍ အခြား သာမန်လူများက ဤသို့ လုပ်ဆောင်ဖို့ဆိုသည်မှာ အင်မတန် မလွယ်ကူသည့် ကိစ္စရပ်တစ်ခုပင်။

လက်ရှိ အခြေအနေအရ ၊ ဤသည်က ကြီးကြီးမားမား သံသယ ဖြစ်စရာပင်။

လင်းရီ စိတ်ထဲ တွေးတောလိုက်မိသည်။ အကယ်၍ သူသာ ဖြစ်ခဲ့မည်ဆိုပါက အခေါင်းကို ဖွင့်ပြီး အလောင်းကို အထဲထည့်ဖို့က ပြဿနာ ရှိမှာ မဟုတ်ချေ။ ကြီးကြီးမားမား စွန့်စားရမည်ကတော့ အိမ်ထဲရှိ အခြားသူများ မြင်တွေ့သွားခြင်း ဖြစ်၏။

ကိစ္စအောင်မြင်အောင် ပြုလုပ်လိုလျှင် မြန်နိုင်သမျှ မြန်မြန် ပြုလုပ်ဖို့လိုသည်။

သို့သော် ဤသည်က လူသတ်ခြင်း၏ ပုံမှန်လောဂျစ်များနှင့် ကိုက်ညီနေခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယင်းလုပ်ရပ်က ကာယကံရှင်အား ဖော်ထုတ်ရန် လွယ်ကူစေမည် ဖြစ်သောကြောင့်ပင်။

“ ဘယ်အလုပ်တွေ မပြီးသေးဘူးလဲ ….”

“ အကုန် ပြီးခါနီးပြီ … လုပ်ဖော်ကိုင်ဖက်တွေကလည်း အထဲမှာ အလောင်းကို စစ်ဆေးဖို့အတွက် နစ်နာသူရဲ့ မိသားစုဝင်တွေနဲ့ စကားပြောကြည့်နေတယ် … သူတို့ ဆန္ဒရှိ၊မရှိပေါ့ …”

ကူရိရန် သူမ၏ ဆံပင်ကို နောက်သို့ ပင့်သပ်လိုက်ပြီး “ ဒါဆို မိသားစုဝင်နဲ့ ဆွေမျိုးတွေကို စစ်ဆေးမေးမြန်းဖို့အတွက် စခန်းပြန်ခေါ်သွားဖို့အတွက်ပဲပေါ့ ….”

“ နစ်နာသူရဲ့ မျက်နှာပေါ် တွေ့ခဲ့တဲ့ အမွှေးနှစ်မျှင်ကို တစ်ခြားသူတွေ ပြကြည့်သေးလား …”

ကူရိရန် ခေါင်းညိတ်လိုက်သည်။ “ တစ်ခြားလူတွေလည်း ကြည့်ပြီးတော့ တိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ အမွှေးတစ်ခုခု ဖြစ်ဖို့များတယ်လို့ ထင်ကြတယ် … ဟက်စကီတို့ … ဒါမှမဟုတ် Samoyeds လို အိမ်မွေးခွေးမျိုးတွေ ၊ မဟုတ်လည်း ကြောင်တွေပေါ့ …..”

“ ဒါပေမယ့် ကြည့်ရသလောက်ကတော့ အိမ်မှာ အဲ့လိုမျိုး တိရစ္ဆာန်တွေ မွေးထားတာလည်း မမြင်မိပါဘူး …”

“ အစ်ကိုရီ ….” ကျန်းဇီရှင်းက မပြောမီ အနည်းငယ် တုံ့ဆိုင်းနေသည့် လေသံဖြင့် “ တကယ်ပဲ မြေခွေးအမွှေး ဖြစ်နေလောက်မလားဟင် …..”

“ ပြောဖို့ခက်တယ်ဆိုပေမယ့် မဖြစ်နိုင်ဘူးလို့လည်း ပြောမရဘူး ….”

ကူရိရန် သူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

“ နင်တို့နှစ်ယောက် တစ်ခြား သတင်းတွေ သိထားကြသေးတာလား …”

လင်းရီလည်း မည်သည်ကိုမျှ မကွယ်ဝှက်ပါဘဲ စောနတုန်းက ဖြစ်ပျက်ခဲ့သည်များကို ကူရိရန်ထံ ပြောပြလိုက်သည်။

ကူရိရန် တင်းကြပ်စွာ မျက်မှောင်ကြုတ်မိသွားခဲ့၏။

“ တကယ်လို့ အဲ့တာက တကယ်ပဲ မြေခွေး အမွှေး ဖြစ်ခဲ့မယ်ဆိုရင်တောင် ရှင်းပြချက်ကြီးက သိပ်ရယ်စရာ ကောင်းလွန်းတယ် … ဒီလောကကြီးထဲမှာ ထူးဆန်းတဲ့ ရုပ်လွန်ဝတ္ထုတွေဆိုတာ မရှိဘူး ….”

“ အဲ့လိုမျိုး တစ်သမှတ်တည်းတော့ ပြောလိုက်လို့ ဘယ်ဖြစ်မှာလဲ အစ်မရိရန်ရယ် ….” ကျန်းဇီရှင်း ပြောလိုက်ပြီး “ ဒီလောကကြီးထဲမှာ သိပ္ပံနည်းကျ မရှင်းပြနိုင်တဲ့ အရာတွေ အများကြီးရှိတယ် … ညီမ ငယ်ငယ်တုန်းက တစ်ခေါက် ……..”

“ ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့ ….” ကူရိရန် တင်းမာစွာ ပြောဆိုလိုက်ပြီး “ ကိုယ့်အထောက်အထားကိုယ် သတိရဦး … မတော်လို့ အပြင်လူ တစ်ယောက်ယောက်က နင်‌ ပြောတာ ကြားသွားခဲ့ရင် အလုပ်ပါ ပြုတ်နေဦးမယ် ….”

“ ဟုတ် အစ်မရိရန် ….”

“ အဲ့အမွှေးက ဘယ်တိရစ္ဆာန်ဟာလဲဆိုတာ ငါတို့ အတည်ပြုဖို့ လိုသေးတယ် … အရင်ဆုံး စစ်ဆေးဖို့ ပို့လိုက်ကြတာပေါ့ ….”

ထိုသို့ပြောပြီးနောက် လင်းရီ အချိန်ကို တစ်ချက် ကြည့်လိုက်သည်။

“ ပြန်ကြစို့ … ငါတို့ အစ်ကိုဟွေ့နဲ့ တစ်ခြားသူတွေကိုလည်း ဒီအကြောင်း ပြောပြရမယ် ….”

“ အိုကေ ….”

သူတို့တွေ ရှင်းရှန်းရဲစခန်းသို့ ပြန်ရောက်လာတော့ ည ရှစ်နာရီ ကျော်နေလေပြီ။

“ အဲ့က အခြေအနေတွေ ဘယ်လိုရှိလဲ … တစ်ခုခု တိုးတက်လာသေးလား ….”

ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့တွင် အခြားကိုင်တွယ်စရာ ကိစ္စများ ရှိနေသဖြင့် ရှန်းရန်ရွာသို့ မသွားနိုင်ဘဲ လင်းရီတို့ ပြန်ရောက်အလာကိုသာ စောင့်ဆိုင်းနေခဲ့ကြသည်။

လင်းရီနှင့် ကူရိရန်တို့၏ တင်ပြချက်ကို နားထောင်ပြီးနောက် နှစ်ဦးသား အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။ သို့သော် မည်သည့်နေရာက စတင်ရမှန်းမသိ။ အခက်တွေ့နေကြလေသည်။

“ လူသတ်သမားက အတော်လေး စိတ်ဝင်စားဖို့ကောင်းသားပဲ … အမွှေးနှစ်မျှင်ကိုတောင် နစ်နာသူရဲ့ မျက်နှာပေါ် ထားခဲ့လိုက်သေးတယ်ပေါ့ ….” ကျူးကျွင်းချီက ဆေးလိပ်ဖွာရင်း ပြောလိုက်ပြီး “ ဒီလိုအမှုမျိုးဆိုတာ ရှားတယ် ….”

“ ဒါကြောင့်လည်း လူသတ်သမားက ဉာဏ်ကောင်းနေတာ ….” ကျန်းဟွေ့ ပြောလိုက်ပြီး “ စွန့်စားမှု ကြီးကြီးမားမား ယူခဲ့တယ်ဆိုပေမယ့် ငါတို့ရဲ့ စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းစဉ်ကိုလည်း နှောင့်ယှက်နိုင်ခဲ့တယ် … တကယ်လို့ သူ့အစီအစဉ်သာ အောင်မြင်သွားခဲ့ရင် ဖော်ထုတ်ခံရနိုင်မယ့် အခွင့်အရေးလည်း လျှော့နည်းသွားမှာပဲ … လက်ရှိ အခြေအနေကို ကြည့်ရသလောက်ဆို သူ့ဘက်က လိုချင်တာကို ရပြီးနေပြီ ….”

ကျန်းဟွေ့ ဆေးလိပ်ပြာများကို တောက်ချလိုက်သည်။

“ နောက်ထပ် ဦးစားပေးက နစ်နာသူရဲ့ ဝူလင်းဟုန်ကွမ်းကို ရှာဖို့ပဲ … ပြီးရင် သူ့ရဲ့ မိသားစုဝင်တွေကို စစ်ဆေးရမယ် …. လူသတ်သမားက ရွာထဲကပဲ ဖြစ်ဖို့များတယ် ….”

“ ပြီးတော့ မင်းတို့ပြောတဲ့ အဲ့ဒီ အဘွားကြီးကိုလည်း စစ်ဆေးသင့်တာ … အတော်ကြက်သီးထဖို့ကောင်းတဲ့ အဘွားကြီး …” ကျူးကျွင်းချီ ပြောလိုက်၏။

“ အင်း .. သူ့ကိုလည်း စစ်ဆေးရမယ် … နှစ်အုပ်စု ခွဲလိုက်ကြတာပေါ့ …” ကျန်းဟွေ့ ပြောလိုက်ပြီး “ ငါက ကားအကြောင်း စုံစမ်းမယ် … လောင်ကျူး … မင်းက လူတွေကို ထွက်ဆိုချက် စုဆောင်းဖို့ လုပ်လိုက် … လင်းရီ … မင်းတို့နှစ်ယောက်က အဲ့ဒီ အဘွားကြီးကို စစ်ဆေးပြီး သဲလွန်စ တစ်ခုခု ရနိုင်မရနိုင် ကြည့်ကြည့်လိုက် …”

“ အိုကေ ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။

“ ကျုပ်တို့ ခေါ်လာခဲ့တဲ့ မာဟိုင်ချန်က အထဲမှာ ရှိနေတုန်းပဲမလား ….”

“ ရှိနေတုန်းပဲ … စုံစမ်းမေးမြန်းနေတာကတော့ ပြီးသလောက်ရှိပြီ …..” ကျန်းဟွေ့ ပြောလိုက်သည်။

“ သူက ရှန်းရန်ရွာမှာ ဓာတ်မြေဩဇာ စက်ရုံ အသေးလေး တစ်ခုကို ပိုင်တဲ့လူ … အထက်နဲ့လည်း အဆက်အသွယ်တစ်ချို့ရှိတယ် … ဒါကြောင့်လည်း အမြဲတမ်း မောက်မာစီးပိုးနေတာပေါ့ … ဒါပေမယ့် အမှုကြီးကြီးမားမား မကျူးလွန်ဘဲ ဒီတိုင်း ခိုက်ရန်ဖြစ်ပွားပြီး စကားများတဲ့ ပြဿနာလောက်လေးက သူ့ကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ဖို့ မလုံလောက်ဘူး ….”

“ ဒါဆိုလည်း တစ်ပတ်လောက် အချုပ်ထဲ အိပ်ခိုင်းထားလိုက်ရင်ကော ….”

“ အခြေအနေ အရင်ဆုံးကြည့်တာပဲ … ငါတို့ ကျန်းလုံကို ဆက်သွယ်ပြီးပြီ … သူ့ဘက်ကလည်း ညှိနှိုင်းဖို့ ဆန္ဒရှိတယ် …. သူ့ကို မနက်ဖြန် ဒီလာခဲ့ခိုင်းဖို့ စီစဉ်ထားတယ် … နှစ်ယောက် သဘောတူညီမှု ရမရ အဲ့မှာ အဖြေထွက်မှာပဲ ….”

လင်းရီ‌ ခေါင်းညိတ်ပြီး ဘာမျှ မဆိုပေ။

သာမန် အရပ်သား အငြင်းပွားမှု ပြဿနာများတွင် အများစုက နှစ်ဖက် ညှိနှိုင်း၍ ကျေအေးပေးသည်နှင့် အဆုံးသတ်သွားလေ့ရှိ၏။ ပိုက်ဆံနည်းနည်း ပေးလိုက်ရုံမျှနှင့် အဆင်ပြေသည်။

ထို့ပြင် အကယ်၍ တစ်စုံတစ်ယောက်က လူသတ်မှု ၊ သို့မဟုတ် ပြန်ပေးဆွဲမှုကဲ့သို့သော ကြီးကြီးမားမား ပြစ်မှုမျိုးကို မကျူးလွန်ပါက ခုံရုံးတင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့က အတော်လေး ခဲယဉ်းလှ၏။

“ ကျုပ် တစ်ချက် သွားကြည့်ဦးမယ် ….”

“ ငါလည်း လိုက်မယ်….”

လင်းရီနှင့် ကူရိရန်တို့ နှစ်ယောက်အတူ စစ်ကြောရေးအခန်းထဲသို့ ဝင်ရောက်လာခဲ့ကြပြီး မာဟိုင်ချန်က အတွင်းတွင် ထိုင်နေလျက်သားရှိ၏။

“ အရာရှိလင်း … မင်း ရောက်လာပြီပဲ ….”

မာဟိုင်ချန်က လင်းရီကို အပြုံးဖြင့် နှုတ်ဆက်လိုက်ပြီး သူ၏ ကြီးစိုးသည့် ဘက်ခြမ်းကို မပြသဝံ့ပေ။

“ ပြုံးဖြီးဖြီး လုပ်မနေနဲ့ … ကျုပ် ခင်များကို ပြောပြစရာ သတင်းတစ်ခု ရှိတယ် … ဖန်းတရဲ့ သေပြီ ….” လင်းရီ သာမန်လျှံကာ အမူအရာဖြင့် ပြောလိုက်၏။

(ဝူလင်းဟုန်ကွမ်းက ကျနော် အစပိုင်းမှာ ပုံနဲ့ တစ်ခါပြဖူးပါတယ်ဗျ။ သေးသေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ EV ကားပါ။)

All Chapters