နှစ်ပေါင်းများစွာက ဖြစ်ရပ်ဟောင်းများ
Vol. 166 Ch. 2380
မာဟိုင်ချန်၏ အပြုံးမှာ အချိန်ရပ်တန့်ခံလိုက်ရသည့်နှယ် ရုတ်ချည်းအေးခဲသွားခဲ့သည်။
“ သူ သေပြီ .. ဟုတ်လား … မဖြစ်နိုင်တာ … ဒီတိုင်း ခါးပြဿနာ နည်းနည်းလေးပဲ ရှိတာ မဟုတ်လား ….” မာဟိုင်ချန်က မယုံကြည်နိုင်သည့် အမူအရာဖြင့် “ သေရမှာက သူ့အိမ်က အဘိုးကြီး မဟုတ်လား … ဘယ်လိုဖြစ်ပြီး သူပါ သေသွားရတာလဲ …..”
“ ဘာတွေ အတိအကျဖြစ်သွားလဲတော့ ကျုပ်လည်း သေချာမသိဘူး … အကြောင်းအရင်းကိုတော့ အခုထိ စုံစမ်းစစ်ဆေးနေတုန်းပဲ….” လင်းရီသည် မာဟိုင်ချန်ကို ကြည့်လိုက်ပြီး “ ခင်များကြည့်ရတာ သူနဲ့ အတော်လေး ရင်းနှီးပုံရတယ် ….”
“ ဒါပေါ့ … သူနဲ့ ကောင်းကောင်းကြီး ရင်းနှီးတာပေါ့ … ငါတို့ချင်း ရင်းနှီးလာတာ နှစ်လေးဆယ်ကျော်ပြီ ….”
မာဟိုင်ချန် သက်ပြင်းချလိုက်၏။ မိတ်ဆွေတစ်ဦး ဆုံးပါးသွားသည့် သတင်းကို ကြားသိလိုက်ရသည့်အတွက် စိတ်ထဲ မကောင်း ဖြစ်နေသည်။
“ ခင်များတို့နှစ်ယောက်က ရင်းနှီးလာတာ နှစ်လေးဆယ်ရှိပြီ ဟုတ်လား ….”
ဤသတင်းကို လင်းရီတို့နှစ်ယောက် မျှော်လင့်မထားခဲ့ပေ။ သူတို့၏ ခန့်မှန်းချက်အတိုင်းဆိုပါက မာဟိုင်ချန်သည် ရှန်းရန်ရွာတွင် ဓာတ်မြေဩဇာစက်ရုံ အသေးလေးတစ်ခု ဖွင့်ထားပြီး ဖန်းတရဲ့ကလည်း ယခင် ကျေးရွာသူကြီး ဖြစ်သဖြင့် သူတို့နှစ်ဦးကြားတွင် တစ်ချို့သော အကြောင်းအရာများနှင့် ဆက်စပ်ပြီး ထိတွေ့ဆက်ဆံမှုတို့ ရှိရမည်။
သို့သော် မာဟိုင်ချန်က သူတို့ချင်း ရင်းနှီးလာသည်မှာ နှစ်လေးဆယ်ကျော်ခဲ့ပြီဆိုသဖြင့် ဤသည်ကတော့ အတော်လေး အံ့အားသင့်ဖို့ ကောင်း၏။
“ ပြောစမ်းပါဦး …. ဘာတွေ အတိအကျ ဖြစ်ပျက်ခဲ့တာ … ခင်များတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး ရင်းနှီးဖြစ်သွားခဲ့ကြတာ ….”
“ ငါတို့က ကျင်းလင်မြို့အောက်ပိုင်းမှာရှိတဲ့ ကျင်းသုန်ရွာမှာ အတူကြီးပြင်းလာတဲ့ တစ်ရွာတည်းသားတွေ … ညီကိုတွေလိုမျိုးပဲ ….”
“ ဒါဆို ခင်များတို့နှစ်ယောက် ဘယ်လိုဖြစ်ပြီး ကျိုးဟိုင်ကို ရောက်လာခဲ့ကြတာ …”
“ ငါတို့ ကလေးဘဝတုန်းက မိသားစုက နွမ်းပါးတယ် … အဲ့တာအပြင်ကို ငါတို့နှစ်ယောက်က စာလည်း မတော်ကြဘူး …. ဒီတော့ အလယ်တန်းအထိ တက်ပြီးတာနဲ့ ကျောင်းထွက်ပြီး ၁၈၊၁၉ လောက်အထိ အပြင်လောကမှာ လျှောက်သွားခဲ့ကြတယ် … အဲ့နောက်မှာ ဘဝကို အခြေချဖို့ စတင်စဉ်းစားမိကြတာပဲ …”
“ အဲ့တုန်းက ရှန်းရန်ရွာမှာရှိတဲ့ သူ့မိသားစုက သူ့လက်ရှိဇနီး ကျန်းရွှယ်မေနဲ့ မိတ်ဆက်ပေးတယ် ….”
“ ခင်များပြောသလိုဆိုရင် သူက ကျန်းမိသားစုထဲ အိမ်ပါသားမက်အနေနဲ့ လက်ထပ်ဖြစ်သွားခဲ့ရင်း အဲ့မှာပဲ အခြေချဖြစ်သွားခဲ့တယ်ပေါ့ … ဒါပေမယ့် သူ့သားက သူ့ရဲ့ မျိုးရိုးနာမည်ကို ယူထားတာပါ … အိမ်ပါသားမက်လို့တောင် မထင်ရဘူး ….”
“ ကျိန်းသေပေါက် ဘယ်ဟုတ်မှာ ….” မာဟိုင်ချန် ပြောလိုက်ပြီး “ သူတို့နှစ်ယောက် ညားပြီးတော့ ကျိုးဟိုင်တက်ပြီး အလုပ်အတူ လုပ်ကြတယ် …. ကျိုးဟိုင်ဆိုတာ နေရာကောင်းပဲ …. နိုင်ငံထဲမှာ သည့်ထက်ကောင်းတဲ့ နေရာမျိုးဆိုတာ ရှားသွားပြီ … ဒါပေမယ့် နှစ်ယောက်လုံးက လက်ဖွာတဲ့ လူစားမျိုးတွေ … တစ်နှစ်ကျော်လောက် အလုပ်ကြိုးစားလိုက်တာ လက်ထဲရှိတဲ့ အရင်း ယွမ်နှစ်ထောင်ကျော်ပါ ပြုတ်သွားတယ် … အဲ့မှာ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်ပြီး လယ်စိုက်တော့တာပဲ …”
“ ဒါပေမယ့် အဲ့ဒီအချိန် ရှန်းရန်ရွာက ကျင်းသုန်ရွာထက်ပိုပြီး တိုးတက်နေပြီ …. အဲ့လိုနဲ့ သူတို့နှစ်ယောက်လည်း ရှန်းရန်ရွာမှာ အခြေချဖို့ ဆုံးဖြတ်လိုက်ကြတာ … အခြေအနေကတော့ အဲ့လိုမျိုးပဲ ….”
“ သူတို့အကြောင်းချည်းပဲ ပြောမနေနဲ့ဦး … ရှင့်အကြောင်းလည်း ပြောဦး …” ကူရိရန်က ပြောလိုက်သည်။ “ သူတို့ ကျိုးဟိုင်ကို အလုပ်လာလုပ်တဲ့အချိန် ရှင်လည်း အရွယ်ရောက်နေပြီပဲဟာ … ရှင်ကရော ဘာတွေလုပ်နေခဲ့တာ .. ရွာမှာပဲလား ….”
“ ဘယ်ကသာ …. ငါလည်း ကျိုးဟိုင်ကို လာတယ် … အဲ့နောက် မြောက်ပိုင်းကို သွားဖြစ်တယ် … အဲ့မှာ ငါ့ရဲ့ ဆွေမျိုးတွေ ရှိတယ်လေ … သူတို့ဆီ သွားတာ ….”
“ အဲ့ဒီနောက်ရော … ရှင့်ရဲ့ ဘဝက တစ်ဆစ်ချိုး ပြောင်းသွားခဲ့တယ်ဆိုပါတော့ ….”
“ ငါကတော့ သူ့ထက်စာရင် နည်းနည်းလေး ကံပိုကောင်းတယ် … အဲ့နှစ်တွေမှာ ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်နိုင်ပြီး ငွေလည်း အတော်လေး ဝင်တယ် ….” မာဟိုင်ချန် သက်ပြင်းချလိုက်၏။
“ ဒါပေမယ့် ငါဆိုတာလည်း အရက်သောက်၊ ဖာချ၊ လောင်းကစား အကုန်လုပ်တော့ ဝင်ငွေလည်း ကြမ်းသလို အသုံးလည်း ကြမ်းတယ် …. ဒါ့အပြင် တုန်းပေကလည်း ဒီခုနှစ်တွေမှာ အခြေအနေကလည်း သိပ်မဟန်ဘူးလေ … ငါ့စီးပွားရေးကလည်း အဆင်မပြေဖြစ်လာတယ် … အဲ့အချိန်မှာ ဖန်းတရဲ့က ရှန်းရန် ရွာသူကြီး ဖြစ်လာပြီး ရွာမှာ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ချင်တယ် …. ငါတို့နှစ်ယောက် တစ်ဖန် အချိတ်အဆက် မိသွားခဲ့ကြပြီး ရွာမှာ ငါပိုင်တာတွေကို အကုန်ထုတ်ရောင်း၊ ပိုက်ဆံတွေ ယူလာပြီး ရှန်းရန်ရွာမှာ ဓာတ်မြေဩဇာ စက်ရုံ အသေးစားလေး တစ်ခု တည်ထောင်တယ် … ဒီနှစ်တွေမှာ အခြေအနေက တော်တော်လေး ပြန်ကောင်းလာတယ်လို့ ပြောရမယ် ….”
ကူရိရန်က မာဟိုင်ချန်ကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး “ ဒီနှစ်တွေထဲ ရှင်က ဓာတ်မြေဩဇာ စက်ရုံ ဖွင့်ထားတဲ့အပြင် ဖန်းတရဲ့ကလည်း ရွာသူကြီးဆိုတော့ သူ့ရာထူးနဲ့ ရှင့်အတွက် အတော်လေး အဆင်ပြေနေမှာပေါ့ ….”
“ ဘယ်လိုပြောရပါ့ ….” မာဟိုင်ချန် စကားကို ခေတ္တရပ်လိုက်ပြီး “ ဒီခုခေတ်မှာ အကူအညီလေးတစ်ချို့မှ မရှိရင် စီးပွားရေးလုပ်လို့ မရဘူး ….”
“ အဓိက အချက်ကိုပဲပြော … စကားလမ်းကြောင်းမလွှဲနဲ့ ….” ကူရိရန် တင်းမာစွာ ပြောလိုက်သည်။
“ သူ တကယ်လည်း ငါ့ကို အများကြီး ကူညီပေးခဲ့တယ် … ဒါပေမဘ့် အကုန်လုံးက ဥပဒေဘောင်အတွင်းထဲကချည်းပဲ … ဘာပဲဆိုဆို ရွာထဲ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ဖို့အတွက်ပဲလေ … သူ့ဘက်ကလည်း ငါ့အတွက် အဆင်ပြေအောင် ကိစ္စတစ်ချို့တော့ ကူညီပေးသင့်တာပေါ့ ….”
“ ဒါပေမယ့် အနှစ်ချုပ်ပေးရရင် လောင်ဖန်းက တကယ့်ကို လူကောင်းတစ်ယောက်ပဲ … ဒီနှစ်တွေတစ်လျှောက်လုံးမှာ သူ့ဘက်က ဘာမှ တောင်းဆိုလာတာမျိုး မရှိဘူး … ဒါပေမယ့် ငါကတော့ သူ့မိသားစုအတွက် ကားနှစ်စီးဝယ်ပေးခဲ့တယ် … ပွဲတော်ရက်အတွင်းမှာ သူ့အိမ်သွားလည်ရင်း လက်ဆောင်ပေးလိုက်တယ် … ကျန်တာ ဘာမှ မရှိဘူး ….”
“ ခင်များပြောတဲ့ ကားနှစ်စင်းက သူ့သားမောင်းနေတဲ့ ဆာဂီတာနဲ့ ဝူလင်းဟုန်ကွမ်းကိုလား ….”
မာဟိုင်ချန် ခေါင်းညိတ်လိုက်သည်။ “ ဘယ်လောက်မှ မပေးရဘူး … နှစ်စီးပေါင်းမှ ယွမ်နှစ်သိန်းလောက်ကျတာ ….”
“ အရာရှိလင်း … မင်းရဲ့ လေသံနဲ့ ဟန်ပန်ကို ကြည့်ရသလောက် မင်းက အတွေ့အကြုံရှိတဲ့ ရဲအရာရှိဖြစ်ပြီး ကျိုးကြောင်းသင့်တင့်လူမှန်း သိသာတယ် … ဒါတွေက နှစ်ဖက် မပြောဘဲ နားလည်ကြတဲ့ အရာတွေပဲလေ … လူတိုင်း သဘောပေါက်တယ် … အခု လောင်ဖန်းလည်း မရှိတော့ဘူးဆိုတော့ ဒီကိစ္စကို ဆက်မလိုက်ပါနဲ့တော့လား ….”
လင်းရီနှင့် ကူရိရန်တို့ အကြည့်ချင်းဖလှယ်မိလိုက်ကြသည်။ သူတို့လည်း ဖန်းတရဲ့အကြောင်းကို နက်နက်ရှိုင်းရှိုင်း မတူးဆွချင်ပေ။
အခြားသူများနှင့် ယှဉ်လိုက်မည်ဆိုပါက ဖန်းတရဲ့သည် အမှန်ပင် ရိုးသားသည့် လူကောင်းတစ်ယောက် ဖြစ်ပုံရသည်။
“ ဖန်းတရဲ့နဲ့ ပတ်သက်ပြီး ခင်များ တစ်ခြား ပြောချင်တာတွေ ရှိသေးလား …..”
မာဟိုင်ချန် ခေတ္တမျှ အတွေးနက်သွားခဲ့ပြီး “ များများစားစားတော့ မရှိပါဘူး … သူ့ရဲ့ ခါးပြဿနာက မနှစ်တုန်းကစပြီး အတော်လေး ပြင်းထန်လာတယ် … အဲ့နောက် အနားယူသွားခဲ့တယ် … ငါတို့ အားတဲ့အချိန်ကျရင် အတူငါးမျှားတာ … ဒါမှမဟုတ် မာကျောက်ကစားတာတွေ လုပ်တယ် …. သူ့ပုံစံက အမြဲတမ်း အပူအပင်ကင်းပြီး အေးအေးဆေးဆေးလေးပဲ … ဘာကြောင့်များ ဒီလိုမျိုး သူတစ်ပါးသတ်တာ ခံလိုက်ရလဲဆိုတာ တကယ်ပဲ နားမလည်နိုင်တော့ဘူး ….”
“ ဖြစ်ပျက်သွားရတဲ့ အကြောင်းအရင်း အတိအကျကိုတော့ စုံစမ်းနေဆဲပဲ … ဒါပေမယ့် ခင်များကတော့ … ဒီကနေ ထွက်သွားတာနဲ့ ဘဝကို ကောင်းကောင်းမွန်မွန်နေ … စီးပွားရေး လုပ်မယ်ဆိုလည်း ကောင်းရောင်းကောင်းဝယ်ပဲလုပ် … ဖြတ်လမ်းနည်းတွေ လိုက်မယ်လို့ စဉ်းတောင် မစဉ်းစားနဲ့ …. ခေတ်ကာလတွေက ပြောင်းလဲသွားပြီ … ကျုပ်ခင်များကို နောက်တစ်ခါ ထပ်ဖမ်းရရင် ဘာတွေ ဖြစ်မလဲ ဘယ်သူက သိနိုင်မှာ …..”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ … ငါ နားလည်ပါတယ် … ငါ ထပ်မလုပ်ရဲတော့ပါဘူး … မနက်ဖြန်ကျရင် သေချာတောင်းပန်လိုက်ပါ့မယ် …..”
“ လောလောဆယ်တော့ ဒီလောက်ပဲ ….”
စစ်ဆေးမေးမြန်းပြီးနောက် နှစ်ယောက်မှာ စစ်ကြောရေး အခန်းထဲက စကားပြောရင်း ထွက်လာခဲ့ကြသည်။
“ အသုံးဝင်တဲ့ သတင်းလည်း ဘာမှ မရခဲ့သလိုပဲ ….”
လင်းရီ ခေတ္တ တွေးတောလိုက်ပြီး “ အဲ့လိုတော့ ပြောလို့ ဘယ်ရမှာ … အနည်းဆုံးတော့ ဖန်းတရဲ့က ဘယ်လိုလူစားမျိုး ဖြစ်တယ်ဆိုတာ အတည်ပြုလိုက်နိုင်ပြီလေ … ပြီးတော့ လက်စားချေဖို့အတွက် လူသတ်တယ်ဆိုတဲ့ ဖြစ်နိုင်ချေကို ဖယ်ထုတ်ထားလိုက်လို့ရပြီ …..”
“ အသတ်ခံရတဲ့အမှုတွေမှာ ယေဘုယျအားဖြင့် ဖြစ်နိုင်ချေက နှစ်ခုတည်းရှိတယ် … လူသတ်တာ မဟုတ်ရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်တာပဲ … ပြီးတော့ အခင်းဖြစ်ပွားတဲ့နေရာက အခြေအနေတွေကိုကြည့်ရင် ကိုယ့်ကိုယ်ကို သတ်သေတာကလည်း အတော်လေး ဖြစ်နိုင်ချေရှိတယ် ….”
“ ငါကတော့ အဲ့လို ဖြစ်မယ်လို့ မထင်ဘူး ….” လင်းရီ ပြောလိုက်သည်။
ကူရိရန်က လင်းရီကို ပြုံးကြည့်၍ “ နင်ပြောသလိုဆို အခုဟာက လူသတ်တာလည်း မဟုတ် ၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာလည်း မဟုတ်ရင် ဘာများ ဖြစ်နိုင်ဦးမှာ … ဘာလဲ … မြေခွေးက လာသတ်သွားတာလား ….”
“ ဟားဟား … အဲ့လိုဟုတ်ရင် ဟုတ်မှာပေါ့ …..”
“ ကဲ … နောက်ကျနေပြီ … ပြန်ကြစို့ … မနက်ဖြန်မှ ဆက်ပြောကြမယ် … ငါ အတော်လေး အိပ်ချင်နေပြီ …”
လင်းရီလည်း သမ်းဝေလိုက်၏။ နှစ်ယောက်က စခန်းကနေ အတူထွက်လာခဲ့ကြပြီး ကိုယ်စီအိမ်များသို့ သီးသန့်မောင်းထွက်သွားခဲ့ကြသည်။
သူ အိမ်ပြန်ရောက်သည့်အချိန်၌ ည ဆယ့်တစ်နာရီပင် ထိုးနေလေပြီ။
လူအိုကြီး စုံတွဲကတော့ အိပ်ရာဝင်သွားခဲ့ပြီ ဖြစ်၏။ သို့သော် ကျီချင်းရန်ကတော့ ဆိုဖာပေါ်တွင် ရှိနေသေးဆဲဖြစ်ပြီး သူမ၏ ဖုန်းကို ကြည့်နေသည်။
“ ဒီလောက်နောက်ကျနေပြီကို ဘာလို့ အခုထိ မအိပ်သေးတာ ….”
“ နင် ပြန်လာပြီပဲ ….”
လင်းရီကို မြင်တော့ ကျီချင်းရန်က မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။
“ ကလေးပစ္စည်းတွေ ကြည့်နေတာလေ … ပင်ပန်းလာတော့မှပဲ အိပ်ဖို့ စီစဉ်ထားတယ် … ဒါပေမယ့် ငါ အိပ်မပျော်ခင် နင်က ရောက်လာတာပဲ ….”
“ ရပ်လိုက် ရပ်လိုက် … ငါနဲ့ ဝေးဝေးနေ ….”
ကျီချင်းရန် အေးခဲသွားသည်။
“ နင် ဘာဖြစ်နေတာလဲ ….”
“ မေးမနေစမ်းနဲ့ …. ဒီနေ့ လူသတ်မှုတစ်ခုနဲ့ ကြုံခဲ့ရတယ် … နစ်နာသူက အခေါင်းထဲမှာ သေသွားခဲ့တာ …. အဲ့တာ အပေါ်ထပ်တက် ရေချိုးပြီး ကံဆိုးမှုတွေ ပျောက်အောင်လုပ်လိုက်ဦးမယ် … ငါ့နားကပ်လာရင် မင်းတို့သားအမိနှစ်ယောက်ကိုပါ ကံဆိုးမှုတွေ ကူးကုန်ဦးမယ် ….”
ဤစကားကြားတော့ ကျီချင်းရန်မှာ တခစ်ခစ် ရယ်မောမိသွားခဲ့၏။
“ လူကဖြင့် ဒီလောက်ကြီးနေပြီကိုပဲ အဲ့လောက်ထိ အယူသည်းနေရတုန်းလားဟယ် ….”