← Chapters

ထူးဆန်းတဲ့ အဘွားကြီး

Vol. 166 Ch. 2381

ထူးဆန်းတဲ့ အဘွားကြီး

Vol. 166 Ch. 2381

“ အမေငါ့ဆီ အရင်က ဖုန်းဆက်ပြီး ပြောထားပေါင်း မနည်းဘူး … တကယ်လို့ လူသေတဲ့ အမှုတွေနဲ့ ကြုံခဲ့ရင် ငါ့ကို မင်းနဲ့ ဝေးဝေးနေတဲ့ …. အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း ရေချိုးပြီး ကံဆိုးမှုတွေကို ဆေးကြောပစ်ရမယ်တဲ့ …..”

“ ဒါဆိုလည်း နင် မြန်မြန်သွားလေ ….”

“ ငါ သွားပြီး နင်လဲဖို့ အဝတ်အစားအသစ်တွေ ယူလာခဲ့ပေးမယ် ….”

“ ရေချိုးခန်းရှေ့မှာပဲ ချထားပေးလိုက် ….”

“ အိုကေ ….”

လင်းရီ ရေချိုးရန်အတွက် အပေါ်ထပ်သို့ တက်သွားခဲ့သည်။ ကျီချင်းရန်က သူ့အတွက် သန့်ရှင်းသည့် အဝတ်အစားတစ်ချို့ ယူပေးပြီး ရေချိုးခန်းတံခါးရှေ့တွင် ချထားပေးလိုက်သည်။ ပြီးသည့်နောက် အခန်းထဲသို့ ပြန်သွားခဲ့၏။

နာရီဝက်ခန့် ကြာပြီးနောက် လင်းရီ ရေချိုးခန်းထဲက ပြန်ထွက်လာသည်။

“ မင်းဘာတွေ ကြည့်နေတာလဲ ….”

“ ကဗျာပေါင်းချုပ်နဲ့ ချူရဲ့သီချင်းများ ဖတ်နေတာ ….”

“ ဘာလို့ ရုတ်တရက်ကြီး အဲ့တာတွေကို စိတ်ဝင်စားသွားရတာလဲ ….”

“ ကလေးကို ဘာနာမည်မှည့်ပေးရင် ကောင်းမလဲလို့လေ … “

“ ကလေးက ဘာလေးမှန်းတောင် မသိသေးတာကို နာမည်အကြောင်း တွေးဖို့က စောလွန်းမနေဘူးလား ….”

“ မဟုတ်ဘူးဆိုရင်တောင် ချစ်စနိုးနဲ့ခေါ်မယ့် နာမည်လေးတော့ ကြိုပြီး စဉ်းစားထားသင့်တာပေါ့ …..”

“ အဲ့တာက လွယ်ပါတယ် … အမ်း ……” လင်းရီ ခေတ္တတွေးတောလိုက်ပြီး “ သားလေးဆိုရင် ကိုတန့်(ခွေးဥ) လို့ပေးမယ် … မိန်းကလေးဆိုရင်တော့ ချွေ့ဟွား(ကျောက်စိမ်းပန်းလေး)လို့‌ ခေါ်မယ် ….”

“ ဘယ်လိုနာမည်တွေလဲ အဲ့တာ ….” ကျီချင်းရန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး “ နင့်အိမ်က ကလေးကိုပဲ ကိုတန့်လို့ပေး …..”

“ ဟမ် … ဟုတ်တယ်လေ … ငါ့အိမ်က ကလေးရဲ့ နာမည်က ကိုတန့်ပဲလေ …”

ကျီချင်းရန် “ ???? “

“ နင်က သိပ် စိတ်တိုဖို့ကောင်းတာပဲ … “

ကျီချင်းရန် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ပြီး လင်းရီကို အကြိမ်ရေ များစွာ ရိုက်နှက်လိုက်ကာ ချစ်စဖွယ်ဟန်ဆောင်ရင်း ဆန္ဒပြလိုက်သည်။

“ ကိုတန့်လည်း မဖြစ်ဘူး ၊ ချွေ့ဟွားဆိုလည်း မရဘူး … ရှောင်ဟွားဆိုရင်တောင် လက်ခံနိုင်ရုံလောက်လေးပဲ …”

“ ဒါဆို သားလေးဖြစ်ခဲ့ရင် ကိုယ်တို့ သူ့ကို ရှောင်တန့်(ဥလေး)လို့ ခေါ်ကြတာပေါ့ ….”

“ ငါနင့်ကို လည်ပင်းညှစ်သတ်ပစ်မယ် လင်းရီ … နင့်သားကျတော့မှ ……”

စကားတစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားခဲ့သည်။ ကျီချင်းရန် သူမကိုယ်သူမ အချိန်မီ နှုတ်ထိန်းလိုက်နိုင်ခဲ့လေသည်။

“ ရပြီ .. တော်လောက်ပြီ …” လင်းရီသည် ကျီချင်းရန်ကို ပခုံးဖက်၍ “ နောက်ကျနေပြီဆိုတော့ အရင်ဆုံး အိပ်ကျတာပေါ့ … ကောင်းကောင်း အနားယူဖို့ လိုတယ်လေ ….”

“ အွန်း … ငါလည်း ပင်ပန်းလာသလိုပဲ ….” ကျီချင်းရန် သမ်းဝေလိုက်ရင်း “ နာမည်ကိစ္စကိုတော့ မနက်ဖြန်မှ ဆက်စဉ်းစားကြတာပေါ့ … အရင်အိပ်ကြမယ် ….”

လင်းရီ မီးပိတ်လိုက်ပြီး နှစ်ယောက်မှာ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက် တိုးဝှေ့ရင်း အိပ်ပျော်သွားခဲ့ကြ၏။

…..

နောက်တစ်နေ့ နံနက်ခင်း၊ မနက်စာစားပြီးနောက် လင်းရီသည် ပုံမှန်အတိုင်း ကျီချင်းရန်ကို ကုမ္ပဏီသို့ လိုက်ပို့ပေး၍ ရှင်းရှန်း ရဲစခန်းသို့ မောင်းထွက်လာခဲ့သည်။

သူ စခန်းသို့ ရောက်သည်နှင့်တစ်အပြိုင်နက် မာဟိုင်ချန်နှင့် ကျန်းလုံတို့က ဝင်ပေါက်ဝတွင် မတ်တပ်ရပ်နေပြီး ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ကလည်း သူတို့ဘေးတွင် ရှိနေကာ ရင်ကြားစေ့ပေးရေးအတွက် ဆောင်ရွက်နေကြသည်။

“ အခြေအနေ ဘယ်လိုရှိလဲ …” လင်းရီ မေးလိုက်သည်။

“ အဆင်ပြေသွားပြီ ….” ကျန်းဖန့်က မာဟိုင်ချန်ကို ညွှန်ပြ၍ “ သူက ဆေးဖိုး ယွမ်ငါးထောင် ပေးဖို့ သဘောတူတယ် ….”

လင်းရီ ခေါင်းညိတ်လိုက်ပြီး ကျန်းလုံကို ကြည့်၍ “ လျော်ကြေးငွေကို ခင်များ ကျေနပ်တယ်မလား …..”

“ ကျေနပ်ပါတယ် … ကျေးဇူးအများကြီး တင်ပါတယ် အရာရှိလင်း ….”

“ ပြဿနာ မရှိပါဘူး ….” လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ တစ်ခြားမရှိဘူးဆို ခင်များတို့ ပြန်ကြတော့ …. အခုကစပြီး ကိုယ့်ကိစ္စကိုယ် လုပ်ကြ … စောက်ပြဿနာတွေ ထပ်မရှာကြနဲ့တော့ ….”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ … ငါတို့ နားလည်ပါတယ် ….” မာဟိုင်ချန်က ပြုံးလျက် နာခံလိုက်သည်။

နှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြပြီး အပြင်လူတွေ မရှိတော့ ကျန်းဇီရှင်းက “ အစ်ကိုရီ … ဓာတ်ခွဲခန်းရလဒ်တွေ ထွက်လာပြီ … နစ်နာသူရဲ့ မျက်နှာပေါ်မှာ တွေ့ခဲ့တဲ့ အမွှေးက တကယ်လည်း မြေခွေးအမွှေးတွေပဲ ….”

ဤသတင်းကြားတော့ လင်းရီ၏ နှလုံးသားမှာ ထူးထူးဆန်းဆန်း တည်ငြိမ်နေသည်။

ယမန်နေ့က အမှုကို စဉ်းစားသုံးသပ်စဉ်တွင် ဤသို့သော ဖြစ်နိုင်ချေကိုလည်း သူ့ဘက်က တွက်ချက်ထားပြး ဖြစ်၏။ ထို့ကြောင့် ဤသတင်းအချက်အလက်က သူ့ကို အံ့အားသင့်သွားစေခဲ့ခြင်း မရှိပေ။

“ ကြည့်ရတာ လူသတ်သမားက ငါတို့နဲ့ တူးတူပုန်းတမ်း ကစားချင်နေပုံပဲ …” ကျန်းဖန့်က စီးကရက်တစ်လိပ်ကို မီးညှိရင်း ပြောလိုက်သည်။ “ ဒီလိုမျိုး ခိုးကြောင်ခိုးဝှက်ဂိမ်းတွေ ကစားနေလို့ ဘာအသုံးမှမဝင်ဘူး … တကယ်လို့ တစ်ယောက်ယောက်က ဒီလို ကိစ္စမျိုး လုပ်ဝံ့တယ်ဆိုရင် ကျိန်းသေပေါက် ခြေရာလက်ရာတွေ နောက်မှာ ကျန်ခဲ့မှာပဲ … ငါတို့ အဲ့လူသတ်သမားကို မဖမ်းနိုင်ဘူးဆိုတာ မယုံဘူး ….”

ခေတ္တခန့် စကားပြောဆိုပြီးနောက် လင်းရီသည် သူ့ရုံးခန်းသို့ ပြန်လာ၍ ကူရိရန်ကို ရှာဖွေလိုက်သည်။

“ ဘာသတင်းထူးသေးလဲ ….”

“ လောလောဆယ်တော့ ဘာမှမထူးဘူး ….” ကူရိရန်က မတ်တပ်ရပ်၍ ဆံပင်ကို နောက်သို့ စုလိုက်ပြီး ခေါင်းစည်းကြိုးတစ်ကွင်းနှင့် ထုံးထားလိုက်သည်။ “ သွားကြရအောင် … ရှန်းရန်ရွာက အဘွားကြီးနဲ့ သွားတွေ့ကြမယ် ….”

“ သွားစို့ ….”

နှစ်ယောက်က ရိုးရိုးတန်းတန်း ပြင်ဆင်မှုများ ပြုလုပ်ပြီး ရှန်းရန်ရွာသို့ အတူတကွ ထွက်ခွာလာခဲ့ကြသည်။

ရှန်းရန်ရွာသို့ ရောက်လာခဲ့သောအခါ စခန်းရှိ အခြားသော ဌာနများမှ လုပ်ဖော်ကိုင်ဖက်များကလည်း စုံစမ်းစစ်ဆေးခြင်းနှင့် သက်သေအထောက်အထားများ ရရှိရေးအတွက် အလုပ်များနေကြသည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီတို့တွေ အလျင်မလိုဘဲ နစ်နာသူ၏ အိမ်သို့ တစ်ချက် အရင် ဝင်ကြည့်လိုက်၏။

ဖန်းတရဲ့အိမ်၏ ခြံဝန်းထဲ၌ မာဟိုင်ချန် ရောက်ရှိနေသည်။

သူက ကျန်းရွှယ်မေနှင့် စကားပြောဆိုနေပြီး မျက်ဝန်းများကလည်း ရဲရဲနီနေလျက် ရှိသည်။

သူနှင့် ဖန်းတရဲ့တို့ ဆက်ဆံရေးက မည်မျှကောင်းကြောင်း ထိုအရာက သက်သေပင်။ မဟုတ်ပါက ထိုမျှ စစ်မှန်သည့် ခံစားချက်မျိုးကို ထုတ်ဖော်နိုင်မှာ မဟုတ်ချေ။

လင်းရီကို မြင်တော့ မာဟိုင်ချန်က အပြုံးတစ်ခုကို အတင်းအကြပ် ပြုလုပ်လိုက်ပြီး လင်းရီထံ ခေါင်းညိတ်ပြလိုက်သည်။ ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည့်သဘောပင်။

“ အစ်ကိုကျူး … အခြေအနေ ဘယ်လိုရှိလဲ … ခင်များတို့ရော တစ်ခုခု ရှာတွေ့သေးလား ….”

ဘေးတွင် ဆေးလိပ်သောက်နေသည့် ကျူးကျွင်းချီမှာ လင်းရီတို့ ချဉ်းကပ်လာတာကို မြင်တော့ သူ ကိုင်ထားသည့် ပစ္စည်းကို ဘေးဖယ်ထားလိုက်သည်။

“ အကုန်လုံးက အတော်လေး ပုံမှန် ဖြစ်နေတယ် … ဒီရဲ့ ဖန်းတရဲ့က ရွာထဲမှာ တကယ့်ကို ဂုဏ်သတင်းကောင်းတာ … ရွာသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆယ်နှစ်သက်တမ်းမှာ ရွာအတွက် ကောင်းကျိုးရှိတာတွေ အများကြီး လုပ်ခဲ့ပေးတယ် ….”

ပြောရင်းဖြင့် ကျူးကျွင်းချီက အပြင်ဘက်ရှိ လမ်းသို့ လက်ညှိုးထိုးပြလိုက်သည်။

“ လမ်းလည်း သူပဲ ပြင်ခဲ့တာ … အရာရှိကောင်းတစ်ယောက်လို့ ဆိုလို့ရတယ် ….”

“ မနေ့တုန်းက ကျုပ်တို့တွေ မာဟိုင်ချန်ကို စစ်မေးကြည့်တုန်းကလည်း ဖန်းတရဲ့အကြောင်း ကောင်းတာတွေချည်း ပြောသွားတယ် …” လင်းရီ ပြောလိုက်၏။

“ တကယ့်ကိုပဲ … သူ့ရဲ့ ဆိုရှယ်အသိုင်းအဝိုင်းက မကြီးမားဘူး … အနားယူပြီးတော့ သူနေ့တိုင်း လုပ်တဲ့ အလုပ်တွေဆိုတာ မာကျောက်ကစားတာ ၊ ငါးမျှားတာ ၊ ရွာထဲက လူတွေနဲ့ စကားပြောတာ … ဒီလောက်ပဲ… အပြင်လူတွေနဲ့ တွေ့တယ်ဆိုတာလည်း ရှားတယ် ….” ကျူးကျွင်းချီ ဖြည့်စွက်ပြောလိုက်၏။

“ သူ့မိသားစု အခြေအနေကရော ဘယ်လိုရှိလဲ … သူတို့မှာ ဘာပိုင်ဆိုင်ထားတာတွေရှိလဲ ….”

“ သူတို့ လက်ရှိ နေနေတဲ့ အိမ်အပြင်ကို သူတို့သားက ကျိုးဟိုင် မြို့ပြင် တစ်နေရာမှာ တိုက်ခန်းတစ်ခု ပိုင်ထားတယ် … စုစုပေါင်း ၃ သန်းလောက်ရှိတယ် … ၁.၅ သန်းလောက်တော့ အရစ်ကျနဲ့ ချေထားပြီးပြီ … သူ့လက်ထဲမှာကတော့ ယွမ်တစ်သိန်းလောက်ရှိတယ် … ဒီတိုင်း သာမန် လူတန်းစား တစ်ယောက်ပါပဲ … ပိုက်ဆံအတွက်နဲ့ လူသတ်ရအောင်လည်း များနေတဲ့ ပိုင်ဆိုင်မှုမျိုး မရှိဘူး ….”

နှစ်ဦးလုံး တိတ်ဆိတ်သွားခဲ့သည်။

လက်တွေ့ကျကျ ပြောကြေးဆိုပါက … ဖန်းတရဲ့သည် အသက်ရှိစဉ်အခါတွင် လူကောင်းတစ်ဦး ဖြစ်ခဲ့၏။ ပြောစမှတ်ပြုရလောက်သည့် မိသားစု ကြွယ်ဝမှုမျိုးလည်း မရှိဘဲ ပေါင်းသင်းဆက်ဆံသည့် အသိုင်းအဝိုင်းကလည်း သန့်သန့်ရှင်းရှင်း ရှိသည်။

သို့တိုင် … ထိုကဲ့သို့သော လူတစ်ယောက်က ဆန်းကြယ်စွာဖြင့် သေဆုံးသွားခဲ့၏။

နောက်ပြီး သူ၏ သေဆုံးပုံ သေဆုံးနည်းကလည်း ယုတ္တိနှင့်မညီကာ အင်မတန် အငြင်းပွားစရာ ကောင်းလွန်းလှသည်။

“ အထဲသွားပြီး တစ်ချက် ကြည့်ကြရအောင် ….”

ကူရိရန်က ပြောလိုက်ပြီး လင်းရီနှင့်အတူ အိမ်ထဲဝင်လာသည်။

ဖန်းတရဲ့၏ အိမ်က ခေတ်သစ်တိုက်ခန်းများကဲ့သို့ ဖွဲ့စည်းထားပြီး အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းတစ်ခုနှင့် အတော်လေး ကောင်းမွန်သည်။

သို့သော် အိမ်၏ အတွင်းပိုင်းကို ဝင်လာတော့ တစ်စုံတစ်ရာက လူ၏ စိတ်ကို မွန်းကြပ်သယောင် ခံစားစေရပြီး အိမ်၏ နွေးထွေးမှုမျိုးကို မခံစားရချေ။ အိမ်မှာ အသက်ဝိဉာဏ် ကင်းမဲ့နေသလိုပင်။

ဧည့်ခန်း၏ ထောင့်တစ်နေရာတွင် လင်းရီသည် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဒူးထောက်ပြီး ရှိခိုးနေသည့် အမယ်အိုကြီး တစ်ဦးကို မြင်တွေ့လိုက်ရသည်။ တစ်စုံတစ်ရာကိုလည်း နှုတ်က ရေရွတ်နေသည်။

“ ဒါ ကျွန်တော့် အဘွားပါ ….” အနီးနားရှိသည့် ဖန်းကျစ်ဖျင်က တီးတိုးပြောပြလိုက်၏။

လင်းရီ ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲက ပြန်မထွက်မီ ဘေးဘီဝဲယာတစ်ခွင်ကို ကျီးကန်းတောင်မှောင် တစ်ချက်ကြည့်လိုက်သည်။

ပြီးနောက် … သူတို့တွေ အခေါင်းထားရာ ဂိုဒေါင်နေရာသို့ ထွက်လာခဲ့၏။ နေရာတစ်ဝိုက်ကိုတော့ ရဲတံဆိပ်ဖြင့် စည်းခတ်ထားသည်။

“ ဟမ် …”

ဂိုဒေါင်ထဲ ဝင်ရောက်လာတော့ လင်းရီက တစ်စုံတစ်ရာကို တီးတိုးရေရွတ်ရင်း ခါးကိုင်းလိုက်သည်။

ဂိုဒေါင်ကြမ်းပြင်က အုတ်နီခဲခင်းထားပြီး ဝင်ပေါက် အနီးနားတွင် နှစ်မီတာကျော် ရှည်လျားသည့် ထူးဆန်းသည့် အမှတ်ကြီး တစ်ခု ရှိနေသည်။

“ တစ်ခုခု တွေ့လို့လား ….” ကူရိရန် မေးလိုက်သည်။

“ ဒီကို ကြည့်လိုက် … ဒီမှာ အမှတ်တွေ ရှိတယ် ….” လင်းရီသည် ကြမ်းပြင်သို့ ညွှန်ပြလိုက်ပြီး “ ဒါပေမယ့် ဘယ်ကနေ ပေါ်လာမှန်းလဲ မသိဘူး ….”

ကူရိရန် အနားသို့ ကပ်လာခဲ့ပြီး “ တစ်ခုခု ရွှေ့ရင်း ကျန်ခဲ့တာများလား ….”

“ ဖြစ်နိုင်တယ် … ငါ ပုံနည်းနည်း ရိုက်ထားလိုက်မယ် ….”

“ အိုကေ ….”

ထိုအချိန်မှာပဲ ကျူးကျွင်းချီ အထဲသို့ ဝင်လာခဲ့ပြီး “ လောင်ကျန်း ငါ့ဆီ မက်ဆေ့ချ်ပို့လတယ် …. အခေါင်းပေါ်က လက်ဗွေရာ တော်တော်များများက ဖန်းတရဲ့ လက်ဗွေရာတွေတဲ့ …..”

“ ဟင် …”

ဤစကားကြားတော့ နှစ်ဦးလုံး အတော်လေး အံ့အားသင့်သွားခဲ့ကြသည်။

“ သူ့လက်ဗွေရာတွေ အဲ့ပေါ်မှာ ရှိတယ်ဆိုတာ ပုံမှန်ပဲမလား ….” လင်းရီ ပြောလိုက်ပြီး “ ဘာပဲဆိုဆို သူက အိမ်ထောင်ဦးစီးပဲလေ ….”

“ ဒါပေမယ့် လက်ဗွေရာရဲ့ နေရာတွေက မှားနေတယ် …. သူတို့က အပေါ်ဆုံးအလွှာမှာ ရှိနေကြတာ … ရှင်းအောင်ပြောရရင် အလောင်းကို သယ်ထုတ်လာတဲ့ လူတွေအပြင် အခေါင်းကို နောက်ဆုံးထိတွေ့ခဲ့တဲ့လူက ဖန်းတရဲ့ပဲ ….”

“ မဖြစ် … မဖြစ်နိုင်တာ … သူ့ဘာသူ အခေါင်းထဲ ဝင်သွားတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ … တကယ်ပဲ မြေခွေးနတ်မင်းကြောင့်များလား …..”

သူတို့နောက်ရှိ ရွာသားများက ကြောက်လန့်တကြားနှင့် မြည်တမ်းမိသွားခဲ့ကြ၏။ ၎င်းတို့၏ မျက်နှာများမှာ ဖြူဖပ်ဖြူလျော် ဖြစ်နေသည်။

“ လက်ရှိ အမှုမှာ ဘာကောက်ချက်ချစရာမှ ရှိသေးတာ မဟုတ်ဘူး … အဲ့ဒီ ပေါက်တတ်ကရတွေကို ယုံမနေနဲ့ …” ကျူးကျွင်းချီက လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။

“ ဘယ်လိုပဲပြောပြော သူ့ဘာသူ အခေါင်းထဲ ဝင်လတယ်လို့တော့ ကျုပ်လည်း မယုံဘူး … ကျုပ်တို့တွေ ဆက်ပြီး စုံစမ်းဖို့လိုမယ် ….” လင်းရီ ပြောလိုက်သည်။

ကျူးကျွင်းချီ ခေါင်းညိတ်လိုက်၏။ “ မင်းတို့ကောင်တွေ လုပ်စရာရှိတာ ဆက်လုပ်ကြ … ငါ ဒီမှာ စောင့်ကြည့်ထားလိုက်မယ် ….”

နှစ်ဦးလုံး ခေါင်းညိတ်ပြီး ခြံထဲသွားကာ ဖန်းကျစ်ဖျင်ကို လှမ်းခေါ်လိုက်သည်။

“ အရာရှိလင်း ….”

“ ငါ မင်းကို လူတစ်ယောက်အကြောင်း မေးချင်လို့ ….”

“ ဟုတ် မေးပါ အရာရှိလင်း …”

“ ဒီရွာမှာ ဆံပင်နည်းနည်း၊ ခါးကိုင်းကိုင်း ၊ လမ်းလျှောက်တုတ်နဲ့ အနည်းဆုံး အသက်ရှစ်ဆယ်၊ ကိုးဆယ်လောက် ရှိပြီလို့ ထင်ရတဲ့ အဘွားကြီး တစ်ယောက် ရှိလား ….”

လင်းရီ၏ စကားကိုကြားတော့ ဖန်းကျစ်ဖျင်၏ မျက်နှာမှာ ကျိန်စာတိုက်ခံလိုက်ရသည့်နှယ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

“ အရာရှိလင်း ပြောနေတာ အဲ့ဒီ ရူးနေတဲ့ အဘွားကြီးအကြောင်းလား ….”

“ ရူးနေတဲ့ အဘွားကြီး ဟုတ်လား …. မင်းတို့နှစ်မိသားစုကြား ရန်ဖြစ်ထားတာတွေများ ရှိထားလို့လား ….”

“ အဲ့ အဘွားကြီးရဲ့ မျိုးရိုးနာမည်က 'စွန်း'တဲ့ … သူ့ယောက်ျားက အစောကြီး သေသွားခဲ့တာ … ငယ်ငယ်တုန်းကတော့ သူ့မှာ သားတစ်ယောက် ရှိခဲ့ဖူးတယ် … ဒါပေမယ့် အိမ်ထောင်ကျပြီးတဲ့နောက်မှာ အချိန်အတော်ကြာတဲ့အထိ ကလေးက မရနိုင်ဘူး … အဲ့ဒီအတွက်နဲ့ ချွေးမဖြစ်သူကို အပြစ်တင်ပြီး သားဖြစ်သူနဲ့ ပူးပေါင်းပြီး ချွေးမလုပ်သူကို သတ်လိုက်ကြတယ် … ဒါပေမယ့် လနည်းနည်းလောက် ကြာတော့ သူ့သားကလည်း ကားအက်စီးဒင့်တစ်ခုနဲ့ ဆုံးသွားခဲ့တယ် … ပြောရရင် ဝဋ်လည်သွားတယ်ပေါ့ …. အဲ့တုန်းကတည်းကစပြီး အဘွားကြီးက စိတ်သိပ်မှန်တော့တာ မဟုတ်ဘူးဗျ … ကျွန်တော်တို့အိမ်ကိုလည်း လာလာပြီး ပြဿနာရှာနေကြ …. ကျွန်တော်ဆို အဲ့အဘွားကြီးကို ရိုက်တောင်သတ်ပစ်ချင်တယ် ….”

All Chapters