ယင်အိမ်
Vol. 166 Ch. 2382
ဖန်းကျစ်ဖျင်၏ ပြောပြမှုက လင်းရီနှင့် ကျန်နှစ်ယောက်ကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။
ဖန်းကျစ်ဖျင်က ဤစကားမျိုး ပြောလာမည်ဟု သူတို့တွေ မျှော်လင့်မထားခဲ့သလို ထူးဆန်းသည့် အမယ်အိုကြီးတွင်လည်း ထိုသို့သော အတိတ်မျိုး ရှိနေလိမ့်မည်ဟု ထင်မှတ်မထားကြချေ။
“ မင်းတို့ချင်းက အမျိုးမတော်ကြဘူးမလား … အဲ့တာကို ဘာကိစ္စ အိမ်လာပြီး ပြဿနာ လာရှာနေတာလဲတဲ့ …..”
“ ကျွန်တော့်အဖေက ဗုဒ္ဓဘာသာဝင်လေ … ပြီးတော့ ကြင်နာတတ်တယ် … ကျွန်တော့်အဖေမို့လို့ မြှောက်ပြောနေတာ မဟုတ်ဘူးနော် … အရာရှိလင်းတို့ မယုံရင် ရွာသားတွေကို လိုက်မေးကြည့်လို့ရတယ် ….” ဖန်းကျစ်ဖျင် ပြောလိုက်သည်။ “ ပြီးတော့ ကျွန်တော့်အဖေက ဆယ်စုနှစ် တစ်ခုစာလောက် ရွာရဲ့ ရွာသူကြီး ဖြစ်ခဲ့ဖူးသူဆိုတော့ အဲ့အဘွားကြီး အသက်က ကြီးကြီးနဲ့ တစ်ကိုယ်တည်း တစ်ကောင်ကြွက် နေနေရတာကို မြင်တော့ စာနာသနားစိတ်နဲ့ တစ်ခါတစ်လေ ဆန်တွေ၊ ဆီတွေ၊ ဂျုံတွေ ပို့ပေးတယ် …. အရင်ကတော့ အဆင်ပြေတယ် … ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ကျွန်တော့်အဖေကို မြင်လိုက်တိုင်း အဖေက အပြစ်ကျူးလွန်ထားတယ် ၊ မြေခွေးနတ်မင်းကအဖေ့ကို လာသတ်တော့မယ် … အဲ့လိုပဲ ပြောနေတာ …. ကြားရဖန်များလာတော့ ကျွန်တော့်အဖေလည်း စိတ်အနှောင့်အယှက် ဖြစ်လာပြီး သူ့ကို အရင်ကလို ဂရုမစိုက်ပေးတော့ဘူး ….”
“ ဒီကိစ္စ မဖြစ်ခင် မင်းအဖေက တကယ်လည်း မြေခွေးတစ်ကောင်ကို သတ်ခဲ့ဖူးတယ် မဟုတ်လား ….”
“ ဟင်း … မပြောစမ်းပါနဲ့ဗျာ …. အဲ့ကိစ္စက အရင်သုံးနှစ်ကျော်လောက်တုန်းကပဲ ….” ဖန်းကျစ်ဖျင် ပြောလိုက်ပြီး “ အန်ကယ်မာက ဓာတ်မြေဩဇာ စက်ရုံ ထောင်ထားတယ် … ဒါပေမယ့် ကြွက်တွေက အရမ်းသောင်းကြမ်းတာ … ဒါကြောင့်မို့ ကျွန်တော့်အဖေက စတိုခန်းထဲမှာ ကြွက်ထောင်ချောက်တွေ ဆင်ပေးတယ် … ရက်အနည်းငယ် ကြာပြီးတော့ အဖေနဲ့ ဦးလေးမာက ကြွက်ထောင်ချောက် တစ်ခုမှာ မြေခွေးတစ်ကောင် ဖမ်းမိနေတာကို မြင်တွေ့လိုက်ရတယ် … ဒါပေမယ့် သူတို့ ရှာတွေ့တဲ့အချိန်မှာ မြေခွေးက သေပြီးနေပြီ … ဓာတ်မြေဩဇာတွေ စားမိပြီး အဆိပ်သင့်ထားတဲ့ပုံပဲ ….”
“ ကျွန်တော်တို့အားလုံးက ကျေးတောသူ ၊ကျေးတောသားတွေ … ဟိုလို ကိစ္စတွေကို အဲ့လောက်ထိလည်း အာရုံထားမနေဘူး … ပြီးတော့ အဲ့ဒီမျိုးဆက်နဲ့ ကျွန်တော်တို့ အဖေမျိုးဆက်နဲ့ကလည်း မတူတော့ဘူး … အဆိပ်မိမိ ၊မမိမိ ဒီတိုင်း စားပြီး အရက်နဲ့ မြည်းပစ်လိုက်တယ် … အဲ့နောက်ပိုင်းမှာ အဲ့ရူးနေတဲ့ အဘွားကြီးက အိမ်လာလာပြီး အဖေက မြေခွေးကို သတ်ခဲ့တယ် … မြေခွေးနတ်မင်းရဲ့ ကျိန်စာမိနေပြီ … ပေါက်တတ်ကရမျိုးစုံ လာလာပြောတော့တာပဲ ….”
“ ပြဿနာက အဲ့တာပဲ ….” လင်းရီ ပြောလိုက်ပြီး “ မြေခွေးက အဆိပ်သင့်ပြီး သေသွားခဲ့တယ်ဆိုရင် အဲ့အဘွားကြီးက ဘာကြောင့်မို့ မင်းအဖေကို လာပြီး အပြစ်တင်နေရတာ ဖြစ်မလဲ ….”
“ ထောင်ချောက်ဆင်တဲ့ လူက အဖေမှန်း သူသိထားလို့ နေမှာပေါ့ …. ထောင်ချောက်ကို အဖေကိုယ်တိုင် ဆင်ထားတော့ မြေခွေးသေသွားတဲ့ ကိစ္စမှာ အဖေက တာဝန်ရှိတယ်လေ … သူတို့ အဲ့လို ယူဆတာနေမှာပေါ့ ….”
“ အဲ့လိုသာဆိုရင်တော့ မင်းအဖေနဲ့ ဆိုင်မှမဆိုင်ပဲ ….”
“ ဒါကြောင့်မို့ စောက်အဘွားကြီးက ရူးနေတယ်လို့ ကျွန်တော်ပြောနေတာပေါ့ ….” ဖန်းကျစ်ဖျင် ကျိန်ဆဲလိုက်သည်။
“ စိတ်ကို အေးအေးထား ….” လင်းရီ ပြောလိုက်ပြီး “ သူ ဘယ်မှာနေလဲ မင်းသိလား … ငါ သူ့ဆီ တစ်ချက် သွားကြည့်ချင်တယ် ….”
ဖန်းကျစ်ဖျင်က လင်းရီကို ခြံဝင်ပေါက်ဝသို့ ခေါ်သွားပြီး နောက်ကျောဘက်ကို ညွှန်ပြလိုက်သည်။
“ ရွာရှေ့ဘက်ခြမ်းက ပထမဆုံးအိမ်ပဲ … အစုတ်ပဲ့ဆုံးအိမ် … အရာရှိလင်း အဲ့ရောက်တာနဲ့ အလိုလို သိလိမ့်မယ် ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ သူ့နာမည်က ဘယ်သူလဲ …”
“ နာမည်ကိုတော့ ဘယ်သူမှမသိကြဘူး … လူတိုင်းက သူ့ကို အဘွားစွန်းလို့ပဲ ခေါ်ကြတာ ….” ဖန်းကျစ်ဖျင် ပြောလိုက်ပြီး “ နှစ်တွေ ဒီလောက်ကြာပြီကို ရွာထဲလည်း သူနဲ့ ဘယ်သူကမှ အဆက်အဆံ မလုပ်ချင်ကြဘူးလေ … သူ့ကို ခေါ်ရင်လည်း လူတိုင်းက အဘွားစွန်းဆိုပြီးပဲ ခေါ်ကြတာ ….”
“ အိုကေ … ငါ နားလည်ပြီ ….”
လင်းရီသည် ကူရိရန်ကို အကြည့်တစ်ချက်ပေးလိုက်ပြီး နှစ်ယောက်မှာ အဘွားစွန်း၏ အိမ်ဘက်သို့ ထွက်လာခဲ့ကြသည်။
“ အဘွားစွန်းက ဒီအမှုထဲ ပါဝင်ပတ်သက်နေမယ်လို့ နင်ထင်လား ….”
“ သိပ်တော့ မဖြစ်နိုင်လောက်ဘူး …” လင်းရီ စဉ်းစားပြောလိုက်ပြီး “ သူက အဘွားကြီး … တစ်ယောက်တည်း လူသတ်ပြီး လူသေအလောင်းကို အခေါင်းထဲ ထည့်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး … ဆက်စပ်မှု ရှိခဲ့မယ်ဆိုရင်တောင် ကြံရာပါလောက်ပဲ ဖြစ်မှာ … ကောက်ချက်မချခင် ဘာတွေဖြစ်နေလဲ အရင်သွားကြည့်ကြတာပေါ့ …..”
ဖန်းတရဲ့၏ အိမ်နှင့် အဘွားစွန်းတို့ အိမ်က မီတာတစ်ရာလောက် အလှမ်းဝေး၏။
ဖန်းကျစ်ဖျင် ပြောသည်အတိုင်းပဲ သူတို့တွေ ရွာ၏ အရှေ့စွန်ဘက်ခြမ်းသို့ ရောက်သည်နှင့် အဘွားစွန်း၏ အိမ်အိုလေးကို မြင်တွေ့လိုက်ရသည်။ သေးငယ်သည့် မြောက်ပိုင်းအိမ်လေး တစ်လုံး ဖြစ်ပြီး ရှန်းရန်ရွာအတွက် ပုံမှန်ဟုတ်မနေပေ။
အိမ်အပြင်ဘက်တွင် မြေနေရာလွတ် အသေးလေး တစ်ခု ရှိ၏။ မြေနေရာလွတ်ကို ထိုးဆွပြီး တစ်စုံတစ်ရာ စိုက်ပျိုးထားကြသည့် အခြားသော အိမ်များနှင့် မတူညီပါဘဲ အဘွားစွန်း၏ ခြံမြေနေရာလွတ်တွင်တော့ လူမနေသည့် အိမ်ဝိုင်းနှယ် ရေညှိများ၊ပေါင်းပင်များ ပေါက်ရောက်နေလျက် ရှိသည်။
“ ဖန်းကျစ်ဖျင် ပြောတာ မှန်သလိုပဲ …. ဒီ အဘွားကြီးက အတော်လေးကို လူမုန်းများနေတာပဲ ….” ကူရိရန်ပြောလိုက်ပြီး “ ဖုန်တွေလည်း နေရာတိုင်းပဲ … ပုံမှန် လာလည်တဲ့လူ ဘယ်သူမှမရှိတာ သိသာတယ် ….”
“ လူတိုင်းကတော့ အဲ့လိုပြောနေကြတာပဲ … ဖန်းတရဲ့ တစ်ယောက်တည်းပဲ ဒီလာပြီး အဘွားကြီး အသက်ရှိသေး၊ မရှိသေး လာစစ်ဆေးပေးတာ … ဒီလိုမျိုး ပြောရဆိုရ လက်ပေါက်ကပ်တဲ့ အဘွားကြီးမျိုးကို ဘယ်သူကရော အမြင်ကြည်မှာ …..”
“ ဖန်းတရဲ့က အတော်လေး စိတ်နှလုံးကောင်း ရှိတဲ့လူလို့ ပြောရမယ် … သူ့တာဝန်ဝတ္တရားကြောင့်လားတော့ မသိ၊ ဘာပဲဆိုဆို သူက ရွာသူကြီးပဲဟာ …..”
“ ရွာသူကြီးဖြစ်တာနဲ့ မဆိုင်ပါဘူးကွာ … သူ လာမကြည့်ပေးတော့ရော ဘာဖြစ်မှာမို့လို့ … ဘယ်သူကမှ သူ့ကို အပြစ်ရှာလို့ ရမှာမှ မဟုတ်တာ ….” လင်းရီ ပြောလိုက်ပြီး “ ဒီတိုင်း … သူကိုက လူကောင်း ဖြစ်နေလို့ပါ … ပြီးတော့ မိသားစုကလည်း ဗုဒ္ဓဘာသာဝင်တွေဆိုတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ ယုံကြည်ထားကြတယ်လေ ….”
“ လူကောင်းတစ်ယောက်က အသတ်ခံလိုက်ရတယ် … ဒါကြီးကတော့ အတော်လေး ထူးဆန်းတယ် ….”
“ ထူးဆန်းတဲ့ ကိစ္စတွေ ဘေးချိတ်ထားလိုက် …. အခုတော့ ဝင်ပြီး တစ်ချက်ကြည့်ကြတာပေါ့ ….”
ဟောင်းနွမ်းဆွေးမြေ့နေသည့် သစ်သားတံခါးအိုလေးကို တွန်းဖွင့်ပြီး နှစ်ယောက်မှာ အိမ်ဝိုင်းထဲသို့ ဝင်လာခဲ့ကြသည်။ ပေါင်းပင်၊မြက်ပင်များက တစ်မီတာကျော်လောက် ရှည်လျားနေပြီး နှစ်ပေါင်းများစွာ မခုတ်ထွင်၊ မရှင်းလင်းထားသည့်နှယ်ပင်။
“ မင်းတို့ ရောက်လာကြပြီပဲ ….”
“အားးးးး “
အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကူရိရန်ကို တစ်ကိုယ်လုံး တုန်ယင်သွားစေခဲ့ကာ မသိစိတ်အလျောက် လင်းရီအနားသို့ ပူးကပ်မိသွားခဲ့၏။
နှစ်ယောက်က ရှေ့သို့ လှမ်းအနည်းငယ် လျှောက်အလှမ်းလိုက်ပြီး ကြိမ်ထိုင်ခုံ တစ်လုံးပေါ်တွင် နေဆာလှုံနေသည့် အမယ်အိုကြီး တစ်ယောက်ကို မြင်တွေ့လိုက်ရ၏။
သို့သော် သူတို့နှစ်ဦးကို အံ့အားသင့်သွားစေဆုးကတော့ သူမ၏ လက်မောင်းထဲတွင် နှင်းကဲ့သို့ ဖြူဖွေးနေသည့် မြေခွေးဖြူတစ်ကောင် ရှိနေခြင်းပင်။
အခြားသက်ရှိများကို ခံစားမိသည့်အလား … အမယ်အိုကြီး၏ ရင်ခွင်ထဲရှိ မြေခွေးက ထရပ်ပြီး ပဲစေ့ကဲ့သို့ နက်မှောင်သည့် ၎င်း၏ မျက်ဝန်းများဖြင့် လင်းရီနှင့် ကူရိရန်တို့ကို စူးစိုက်ကြည့်နေလျက် ရှိသည်။
“ အဘွား … ခင်များ အခြေအနေ မကောင်းဘူးဆိုတာ ကြားမိလို့ ကျွန်တော်တို့ လာကြည့်တာ …. အဘွားအတွက် လူမှုဖူလှုံရေး ထောက်ပံ့ကြေးငွေ ရအောင် လုပ်ပေးနိုင်ရင်လည်း လုပ်ပေးနိုင်မှာပေါ့ ….” လင်းရီ ပြုံးလျက် ပြောဆိုလိုက်သည်။
အမယ်အိုကြီး၏ မျက်လုံးအိမ်တို့က အတွင်းထဲသို့ ချိုင့်ဝင်နေပြီး မျက်လုံးဟောက်ပက် ဖြစ်နေသည့်နှင့်တူသည်။ နေ့ခင်းကြောင်တောင်၌ပင် လေဟာနယ်တွင်းပေါက်ကြီးကဲ့သို့ နက်ရှိုင်းလှသည်။ သူမ၏ မျက်နှာထက်တွင်လည်း ငြီးငွေ့နေဟန်တူသော ဆန်းကြယ်သည့် အပြုံးတစ်ခုကို ဆင်မြန်းထား၏။
ကူရိရန်မှာ သက်တောင့်သက်သာ မဖြစ်သလို ခံစားနေရသည်။ ရှေ့တွင် မြင်တွေ့နေရသည့် မြင်ကွင်းက နေ့ခင်းကြီး၌ပင် သူမကို ကြက်သီးတဖြန်းဖြန်း ဖြစ်နေစေသည်။
ရုတ်တရက်ဆိုသလို သူမ ထင်ယောင်ထင်မှားတွေ မြင်ယောင်လာရသည်။
ရှေ့ရှိ အမယ်အိုကြီးက လူစင်စစ်မဟုတ်ပါဘဲ မြေခွေးတစ်ကောင် ဖြစ်နေသည့်နှယ်ပင်။
လင်းရီပင်လျှင် အမယ်အိုကြီး၏ အကြည့်ကြောင့် အတော်လေး စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။
“ ဟီးဟီး …..”
အမယ်အိုကြီးက ထူးထူးဆန်းဆန်း ရယ်မောလာခဲ့၏။ သူမ၏ ရယ်သံက တစ်ခုခုကို ကုတ်ခြစ်နေသည့်နှယ်ပင်။
“ မင်းတို့တွေ ငါနဲ့တွေ့ဖို့ လာတာ မဟုတ်ဘူးဆိုတာ ငါ လောင်းရဲတယ် ….”
“ ဘာလို့ မဟုတ်ရမှာ ….” လင်းရီ ပြုံးလျက် ပြောလိုက်၏။ “ ကျွန်တော်တို့ အစက မရည်ရွယ်ထားပေမယ့် အဘွားရဲ့ အခြေအနေကို သိလိုက်ရတော့ တစ်ချက်ကြည့်ဖို့ လာခဲ့လိုက်တာ ….”
“ မင်းတို့ လိမ်နေတာ ….”
အမယ်အိုကြီး၏ အကြည့်တို့က ရုတ်တရက်ဆိုသလို ကြမ်းကြုတ်သွားခဲ့ပြီး သူမ၏ အသံ နားထောင်ရသည်မှာ အားအင်တစ်ချို့ ရရှိနေဟန်ပင်။
“ မင်းတို့က ဒီကို လူသတ်သမား ရှာဖို့ အတွက် ရောက်လာကြတာ … ငါပြောတာ မှန်လား ….”
“ ဒီတိုင်း လမ်းကြုံလို့ ဝင်ခဲ့ရုံပါပဲ .. လူသတ်သမားကိစ္စနဲ့ မဆိုင်ပါဘူးဗျာ …..”
“ ဒါဆိုလည်း လုပ်လေ ….”
အမယ်အိုကြီး၏ အသံက တစ်ဖန် ပျင်းရိသွားခဲ့ပြီး “ အိမ်ထဲမှာ နေရာ ဘယ်လောက်မှ မကျယ်ဘူး … မင်းတို့ လှည့်ပတ်ကြည့်လို့ရတယ် … ဒါပေမယ့် မီးဖိုချောင်ထဲတော့ မဝင်နဲ့ … အေး ငါသတိမပေးဘူး မပြောနဲ့နော်…”
နှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။ နေ့ခင်းကြီး၌ပင် ဤအမယ်အိုကြီးထံမှ ဖော်မပြနိုင်လောက်အောင် ကြက်သီးထဖွယ်ရာကောင်းသော ခံစားချက်မျိုး ရရှိနေသည်။
သို့သော် သူမက မလုပ်ဖို့ ပြောလေလေ၊ မီးဖိုချောင်နှင့် ပတ်သက်၍ သူတို့၏ သိချင်စိတ်က ပိုပြီး ပြင်းပြလာလေ ဖြစ်၏။
ဧကန္တ … မီးဖိုချောင်ထဲမှာ တစ်ခုခု ဝှက်ထားလို့များလား ….
ဒါပေမယ့် ယုတ္တိကျကျ စဉ်းစားကြည့်ရင် တကယ်လို့ တစ်ခုခု အရှက်ရစရာရှိနေမယ်ဆိုရင် ဒီလိုမျိုး ထုတ်မပြောလောက်ပါဘူး ဟုတ်တယ်မလား ….
မသစိတ်အလျှောက် .. နှစ်ယောက်မှာ မြောက်ပိုင်းအိမ်သေးသေးလေးထဲသို့ လှမ်ကြည့်လိုက်မိကြသည်။ ၎င်း၏ ဘေးတွင် ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်၏ အရိပ်က တစ်အိမ်လုံးကို လွှမ်းခြုံထားပြီး နေတစ်ပြောက်ပင် မဝင်ရောက်နိုင်ချေ။
ယင်းက ….
သရဲခြောက်သည့် အိမ်တစ်အိမ်အလားပင်။
“ နားလည်ပါပြီ ….” လင်းရီ သူ၏ နာ့ဗ်ကြောများကို ခိုင်မာအောင် ပြုလုပ်ရင်း ခွန်းတုံ့ပြန်လိုက်သည်။
အမယ်အိုကြီးက မျက်လုံးမှိတ်ပြီး အနားယူနေသည်။ သူမရင်ခွင်ထဲရှိ မြေခွေးဖြူလေးပင် အများအပြား တည်ငြိမ်သွားခဲ့၏။
နှစ်ယောက်လည်း စကားများများ ပြောမနေဘဲ အိမ်လေးထဲသို့ ဝင်ဖို့ ဟန်ပြင်လိုက်ကြသည်။
ကူရိရန်က ခါးနောက်ဘက်တွင် ထိုးထားသည့် သေနတ်ပေါ်သို့ လက်တင်ထားလျက် အချိန်အခါမရွေး အဆင့်သင့်ဖြစ်ရန် ဟန်ပြင်ထား၏။
သို့သော် သူတို့တွေ အထဲသို့ လှမ်းခါနီးမှာပဲ ရုတ်တရက်ဆိုသလို အမယ်အိုကြီးထံမှ စကားသံ ခပ်ဖျော့ဖျော့က လွင့်ပျံလာသည်။
“ လူတွေက မလုပ်သင့်တာကို လုပ်မိရင် … သေတတ်တယ် ….”
“ မင်းတို့ မမြင်သင့်တာကို မြင်မိရင်လည်း … သေတတ်တယ် ….”