← Chapters

ဝင်ခွင့်တားမြစ်ထားတဲ့နေရာ

Vol. 166 Ch. 2383

ဝင်ခွင့်တားမြစ်ထားတဲ့နေရာ

Vol. 166 Ch. 2383

ဤတစ်ကြိမ်တွင်တော့ … ကူရိရန် တစ်ဦးတည်းသာလျှင် မဟုတ်။ လင်းရီသည်လည်း အေးစက်သည့် လေပြင်းက တစ်ကိုယ်လုံးသို့ ဖြတ်တိုက်သွားသည့်နှယ် ခံစားလိုက်ရသည်။

သူ့ဦးရေဖျားများပင် ကျိန်းစပ်သွားခဲ့၏။

သို့သော် လင်းရီ ဘာမျှ မဆိုပေ။ သူ့မျက်လုံးများဖြင့် ကူရိရန်ကို တိတ်တဆိတ် အချက်ပြရင်း နှစ်ယောက်အတူ အမယ်အိုကြီး၏ အိမ်ထဲသို့ ဝင်လိုက်ကြသည်။

အမယ်အိုကြီး၏ အိမ်သွင်ပြင်က ဖန်းတရဲ့၏ အိမ်သွင်ပြင်နှင့် လုံးဝကွာခြားသည်။ ရှေးဟောင်း အိမ်အိုလေး တစ်လုံးဖြစ်၏။ ကော်ရစ်ဒါသို့ အရောက်တွင် တစ်မီတာခန့် ကျယ်ဝန်းသည့် လမ်းလေးတစ်ခုက ရှေ့တွင်ရှိ‌နေပြီး လမ်း၏ တစ်ဖက်တစ်ချပ်စီတွင် အခန်းတစ်ခန်းစီ ရှိနေလျက်ရှိ၏။ သို့သော် နှစ်ခန်းလုံးက ပိတ်ထားသည်။ သူတို့ရှေ့ နှစ်မီတာလောက် အကွာတွင် နောက်ထပ် အခန်းတစ်ခု ရှိနေပြီး ထူထဲသည့် လိုက်ကာတစ်ခုက ကာစီးထား၏။

အထဲဝင်လာပြီး နောက်က တံခါးကို ပိတ်လိုက်တော့ နေရာတစ်ခွင်လုံး ရုတ်ချည်း မှောင်မည်းသွားသည့်နှယ် ခံစားလိုက်ရသည်။

ပိတ်ထားသည့် တံခါးတစ်ချပ်ချင်းစီတိုင်းက သူတို့ကို စီရင်ဖို့ စောင့်ဆိုင်းနေသည့်နှယ်ပင်။

ဘေးဆွဲတံခါးနှစ်ခု၏ အောက်ဘက်တွင် မှိန်ပျပျ အလင်းလေးတစ်ခုက ဖြာထွက်နေလျက် ရှိ၏။ ထိုအလင်းက ဧည့်ခန်းဘက်က ဖြစ်နိုင်သည်။

သို့တိုင် နှစ်ဦးလုံးမှာ မသိစိတ်အလျောက် ရှေ့ တစ်မီတာအကွာရှိ အခန်းတံခါးပေါက်ဝကို အကြည့်ရောက်နေမိကြသည်။

ထိုနေရာက အတော်လေး အမှောင်ကျနေပြီး ထူထဲသည့် ပန်းပွင့်ပုံစံ ခန်းစီတစ်ခုက တစ်စုံတစ်ရာကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသည့်နှယ် ဖုံးအုပ်ထားလျက် ရှိသည်။

“ အဲ့နေရာကို နောက်မှ စစ်ကြည့်ကြတာပေါ့ … ဒီနှစ်ခန်းကို အရင်ဝင်ကြည့်ကြမယ် …”

ကူရိရန် ခေါင်းညိတ်လိုက်သည်။ ပြီးနောက် လင်းရီလည်း ဘယ်ဘက်က တံခါးကို ဘေးသို့ ဆွဲဖွင့်လိုက်၏။

ကျွီ …..

တံခါးက အသံမြည်၍ ပွင့်လာသည်။

အခန်းက သေးငယ်ပြီး နှစ်ဆယ်စတုရန်းမီတာပင် မရှိပေ။ သို့ပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင်ကို သန့်ရှင်းသပ်ရပ်နေပြီး နေ့စဉ်နေ့တိုင်း သန့်ရှင်းရေးလုပ်ထားသည်မှာ သိသာသည်။

အား …..

ကူရိရန်၏ အော်ဟစ်သံက ရုတ်ချည်း ထွက်ပေါ်လာသည်။

လင်းရီ အလျင်အမြန် ပြေးသွားကြည့်လိုက်၏။

အပူပေးလို့ရသည့် အုတ်ကုတင်ထက်တွင် အနက်ရောင် ဝတ်စုံနှစ်စုံက သပ်ရပ်စွာ တည်ရှိနေသည်။ အဝတ်အစားပုံစံက အင်မတန် ရှေးဆန်ပြီး ဆယ်စုနှစ်များစွာခန့်က လူတို့ ဝတ်ဆင်ခဲ့ကြသည့် ပုံစံမျိုး ဖြစ်သည်။ ထို့ပြင် တစ်ခုလုံးကို ချည်ဖြင့် ပြုလုပ်ထား၏။

ဆောင်းက လုံးဝ မကုန်သေးသော်လည်း ကျိုးဟိုင်ကဲ့သို့သော နေရမျိုးတွင် ထိုသို့သော အဝတ်အစားမျိုးကို မည်သူကမျှ မဝတ်ကြတော့ပေ။

အဝတ်နှစ်စုံ ထိုနေရာတွင် ရှိနေသည်က လူကို ဖော်မပြနိုင်လောက်အောင် ထူးဆန်းသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

“ အဲ့တာမြင်ပြီး သေအောင် လန့်သွားတာပဲ ….”

ကူရိရန် သူမ၏ ရင်ဘက်ကို ဆက်တိုက် ဖိထားမိသည်။

“ ငါ ထင်နေတာ လူနှစ်ယောက် လဲလျောင်းနေတာများလားလို့ပေါ့ … ဟူး … လန့်လိုက်တာ သေတော့မယ် ….”

လင်းရီ ဘာမျှ မဆိုချေ။ တကယ်လည်း အဝတ်ကို ဖြန့်ထားသည်က လူနှစ်ဦး လဲလျောင်းသည်နှင့် တူနေသည်။

အခန်းထဲတွင် မိနစ်အနည်းငယ်ခန့် နေပြီးနောက် နှစ်ယောက်က လေထုကို ကျင့်သားရလာဟန်တူပြီး အနည်းငယ် သက်တောင့်သက်သာ ဖြစ်လာခဲ့ကာ အခန်းကို ဂရုတစိုက်နှင့် စူးစမ်းကြတော့သည်။

ကြမ်းပြင်ထက်တွင် ဗီရိုအသေးလေး တစ်ခု ရှိ၏။ ၎င်းက ကုတင်ဘေးတွင် ဖြစ်ပြီး ပြတင်းပေါက်နှင့်လည်း ဘေးချင်းကပ်ပင်။

၎င်းအပေါ်တွင် တီဗွီတင်ထားပြီး အဖြူအမည်း ကာလာနှင့် ကြည့်ရသလောက်ကတော့ အတော်လေးကို ဟောင်းနွမ်းနေလေပြီ။

ထိုအရာများကလွဲပြီး အခန်းထဲ မည်သည့်ပစ္စည်းကမျှ မရှိသလောက်ပင်။

“ အိမ်ပုံစံက ထူးဆန်းသလို ခံစားရတယ် … ငါ အရင်ကလည်း ကျေးလက်ဒေသဘက်တွေ ရောက်ဖူးပါတယ် … ဟောင်းလှပါပြီဆိုတဲ့ အိမ်တွေကတောင် ဒီလိုမျိုး မခံစားရပါဘူး ….”

“ ဒါ မြောက်ပိုင်းဒေသရဲ့ ပုံမှန်အိမ်ပုံစံပဲလေ ….” လင်းရီ ရှင်းပြလိုက်ပြီး “ ငါ အရင်က မြောက်ပိုင်း ရောက်ဖူးတယ် … ဒေသခံတစ်ယောက်က ပြတိုက် ခေါ်သွားတော့ အခု အိမ်ရဲ့ ပုံစံနဲ့ အဲ့က ဓာတ်ပုံတွေထဲကနဲ့ အတော်လေး ဆင်တူတယ် … အဘွားစွန်းကလည်း မြောက်ပိုင်းကဆိုတော့ သူ့အိမ်ကို ဒီပုံစံမျိုး ဆောက်ထားတာ မဆန်းပါဘူး …..”

စကားတပြောပြောဖြင့် လင်းရီ ကုတင်အနားသို့ လျှောက်လှမ်းလာပြီး သပ်ရပ်စွာ ခင်းကျင်းထားသည့် အင်္ကျီများကို ကြည့်လိုက်၏။ ခံစားချက်ကို ပြောရလျှင်တော့ ကြက်သီးထဖွယ်ရာပင်။

လင်းရီ လက်လှမ်းပြီး အင်္ကျီထောင့်စွန်းကို ပင့်ကြည့်လိုက်၏။ သို့သော် သူပင့်ကြည့်လိုက်သည်နှင့် ချက်ချင်းပဲ ချွေးအေးများ ပျံလာခဲ့သည်။

အင်္ကျီအောက်ဘက်တွင် ငွေစက္ကူများစွာ ခင်းကျင်းထား၏။

သို့သော် ၎င်းတို့က ဈေးထဲရောင်းသည့် ငရဲငွေများ မဟုတ်ဘဲ ယခင်ခေတ်က အသုံးပြုခဲ့သည့် လုံးဝန်းသည့် ကြေးပြားများပင်။ ဈေးကွက်ထဲ၌ပင် ယခုလို ကြေးပြားမျိုး မြင်ရဖို့က မဖြစ်နိုင်တော့ပေ။

“ ဒါတွေကို အင်္ကျီအောက်မှာ ခင်းထားတယ်ဆိုတော့ ဒီအဘွားကြီးက ဘာလုပ်ချင်နေတာပါလိမ့် ….”

ကူရိရန် ရေရွတ်လိုက်ရင်း စိတ်ထဲတွင်တော့ ကြောက်လန့်နေကာ နောက်ကျောပင် မလုံချင်သလို ဖြစ်လာသည်။

သူမက အသည်းငယ်တတ်သောကြောင့်တော့ မဟုတ်ပါဘဲ ယခုလို အပြင်အဆင်မျိုးကို ဘယ်တုန်းကမျှ မမြင်တွေ့ဖူးသောကြောင့်ပင်။

လင်းရီ အဝတ်အစားတစ်ခုလုံးကို လှန်ကြည့်လိုက်တော့ အောက်ဘက်တွင် ကြေးပြားအပြည့် ခင်းထားသည်ကို မြင်တွေ့လိုက်ရသည်။

အင်္ကျီအတိုင်း ပုံဖော်ထားပြီး အဝတ်စနှင့် ဖုံးလွှမ်းထားကာ ပင့်လှန်ကြည့်မှပဲ မြင်တွေ့နိုင်မည်။

ကူရိရန်က အခြားအင်္ကျီတစ်ထည်ကို လှန်ကြည့်လိုက်သောအခါ အလားတူပုံစံမျိုးကို မြင်တွေ့လိုက်ရသည်။

“ အင်္ကျီအောက်မှာ ဒီလိုခံပြီး ဘာလုပ်တာပါလိမ့်နော်….” ကူရိရန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“ မြောက်ပိုင်းရဲ့ ထုံးစံ တစ်ခုခု နေမှာပေါ့ …. နောက်မှ မေးကြည့်ကြလို့ ရတာပဲ … “

အင်္ကျီကို နဂိုပုံစံအိုင်း ပြန်ထားပေးလိုက်ပြီး ဗီရိုရှေ့တွင် ရပ်၍ အပေါ်ဘက် တံခါးအသေးကို ဆွဲဖွင့်လိုက်သည်။

အတွင်းတွင် အထည်ဟောင်း တစ်ချို့ ရှိနေပြီး မှိုနံ့ခပ်ဖျော့ဖျော့က လှိုင်ထွက်လာသည်။

သို့သော် ၎င်းအပေါ်ထပ်တွင် စက္ကူအပိုင်းအစ နှစ်ခုရှိနေပြီး ၎င်း၏ အဓိပ္ပာယ်ကိုတော့ … သူလည်း မသိပေ။

“ ဒီမှာ ဘာမှ ရှိတဲ့ပုံမပေါ်ဘူး … နောက်အခန်းတစ်ခုကို စစ်ကြည့်ကြတာပေါ့ ….”

ကူရိရန် ခေါင်းညိတ်လိုက်သည်။ နှစ်ယောက်မှာ အခြားအခန်းတစ်ခုသို့ ဦးတည်လိုက်ကြ၏။

ကျွိ ကျွိ ကျွိ …..

အားးးး …

ထိုအချိန်မှာပဲ ကြွက်တစ်ကောင်က ဘယ်ကမှန်းမသိ ထွက်လို့လာပြီး ကူရိရန်၏ ခြေထောက်ရှေ့က ဖြတ်ပြေးသွားရာ ကူရိရန်မှာ ကြောက်လန့်တကြားနှင့် လင်းရီအပေါ်သို့ ခုန်တက်လုနီးပါး ဖြစ်သွားခဲ့၏။

“ စိတ်ငြိမ်ငြိမ်ထားစမ်းပါဟ … ဒီတိုင်း ကြွက်ကလေးပါပဲ … အဲ့လောက်လည်း ကြောက်နေစရာ မလိုပါဘူး ….”

“ ခဏလေး ခဏလေး … ငါ စိတ်ငြိမ်အောင် လုပ်လိုက်ဦးမယ် …..”

ကူရိရန်မှာ လေကို အမောတကော ရှူရှိုက်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားနေလျက် ရှိသည်။ ယခုလို ပတ်ဝန်းကျင်မျိုး၌ အမျိုးသမီး တစ်ဦးဖြစ်သည့် သူမ၊ ရဲအရာရှိတစ်ဦး ဆိုသော်လည်း ကြောက်လန့်နေခြင်း မရှိဟု ပြောလျှင် မုသားဆိုရာ ကျလိမ့်မည်။

နှစ်မိနစ် ၊ သုံးမိနစ်ခန့် ကြာပြီးသည့်နောက် ကူရိရန်၏ မျက်နှာအရောင်မှာ အများအပြား ပိုကောင်းလာသည်။

“ သွားကြရအောင် … အထဲမှာ ဘာရှိနေလဲ ကြည့်ကြတာ‌ပေါ့ ….”

အခြားအခန်းတံခါးပေါက်ဝရှေ့တွင် ရပ်နေရင်း လင်းရီသည် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။

ပြင်းထန်သည့် အမွှေးနံ့သာတိုင် ရနံ့က လှိုင်ခနဲ လှိမ့်ထွက်လာသည်။

၎င်းတို့ရှေ့တွင်တော့ စားပွဲအရှည်ကြီး တစ်လုံး ရှိနေပြီး … အပေါ်၌ မြေခွေးနတ်မင်း ရုတ်ထုနှင့် အမွှေးတိုင် သုံးချောင်းကို ပူဇော်ထားသည်။

ဘေးပတ်ဝန်းကျင်တွင်လည်း နားမလည်နိုင်စွာ ရေးသားထားသည့် အဆောင်အမျိုးမျိုးကိုလည်း ခင်းကျင်းထားသည်။

ထို့ပြင် ကြမ်းပြင်တွင်တော့ … အဝါရောင်နှင့် အဖြူရောင် ငရဲငွေများ ပြန့်ကျဲနေပြီး ကြက်သီးထဖွယ်ရာ လေထုအခြေအနေကို ဖန်တီးလို့နေသည်။ လေအေးတစ်ချက်က သူတို့၏ အဝတ်အစားများကို ဖောက်ထွင်း၍ မွှေးညှင်းပေါက်များထဲ တိုးဝင်လာသည့်နှယ် ကူရိရန်မှာ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညှင်းများ ထောင်ထလာခဲ့သည်။

ကူရိရန်သည် လင်းရီ၏ အင်္ကျီလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားနေမိ၏။ ထိုသို့သော အရာမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သဖြင့် မလန့်ဘဲ မနေနိုင်ချေ။

“ သွားစို့ … ဒီအခန်းထဲ ဘာမှမရှိဘူး .. အပြင်ပြန်ထွက်ကြစို့ ….”

ကူရိရန် ဘာစကားမှမဆိုဘဲ အရင်ဦးစွာ ထွက်သွားခဲ့သည်။

နှစ်ယောက်က တံခါးကို တစ်ဖန် ပြန်ပိတ်လိုက်၏။ ပြီးနောက် ပတ်ဝန်းကျင်ကလည်း အနည်းငယ် မှေးမှိန်သွားခဲ့သည်။

သူတို့၏ အကြည့်က ရှေ့တစ်မီတာ အကွာရှိ တံခါးပေါက်ဝသို့ ကျရောက်နေသည်။

အသံအတိ တိတ်ဆိတ်မှုက သူတို့ကို ဝန်းရံထားပြီး ကူရိရန်၏ နှလုံးခုန်သံနှင့် ရင်ခုန်တကြီး တံတွေးမျိုချသံကိုပါ ကြားနေရသည်။

ထိုတံခါးနောက်ကွယ်က အဘွားစွန်း မဝင်ဖို့ တားမြစ်ထားသည့် မီးဖိုချောင် တစ်ခု ဖြစ်မည်မှန်း နှစ်ဦးလုံး ရိပ်မိကြသည်။

သို့သော်လည်းပဲ မည်သည့် သဘောတူညီထားမှုမျှ မရှိသဖြင့် သူတို့ဘက်ကလည်း စကားလိုက်နာရန် မလိုအပ်ချေ။

ယခုက စစ်ဆေးကြည့်ဖို့ အချိန်ပင်။

“ အဲ့လောက်လည်း စိတ်လှုပ်ရှားနေစရာ မလိုပါဘူးကွာ … ဒီတိုင်း ဝင်ပြီး ခဏလောက်ကြည့်ကြတာပေါ့ ….”

မသိစိတ်အလျောက်… ကူရိရန်သည် ခါးနောက်ကျောရှိ သေနတ်ကိုထုတ်ပြီး သတိကြီးစွာဖြင့် ရှေ့သို့ ချဉ်းကပ်သွားခဲ့သည်။

တစ်မီတာမျှသော အကွာအဝေးက အလှမ်းမဝေးဘဲ မိနစ်ဝက်ခန့် လမ်းလျှောက်ရုံမျှနှင့် တံခါးဝသို့ ရောက်ရှိလာသည်။

တံခါးရှေ့တွင် ရပ်တန့်ရင်း လင်းရီ တံခါးတွန်းဖွင့်ဖို့ လုပ်လိုက်သည်။ သို့သော် ထိုအချိန်မှာပဲ ကူရိရန်က လင်းရီကို အတင်းအကြပ် ဟန့်တားလာခဲ့၏။

“ မင်းကြောက်တယ်ဆိုလည်း အပြင်ထွက်ပြီး ငါ့ကို စောင့်နေလိုက် ….”

“ မလုပ်နဲ့ ….”

“ အဲ့အဘွားကြီးကို တစ်ယောက်တည်း ရင်ဆိုင်မှာက ပိုပြီးတောင် ကြောက်ဖို့ကောင်းသေးတယ် ….” ကူရိရန် တိုးညှင်းစွာ ပြောလိုက်ပြီး “ ငါ့ကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်ခဏလောက်ပေးဦး …..”

လင်းရီသည် သူ့လက်ကို လိုက်ကာပေါ်တင်ရင်း ဘေးသို့ ညင်သာစွာ ဆွဲဖယ်လိုက်သည်။

ကျွီ …..

လင်းရီ၏ လက်ထဲမှာပဲ တံခါးက မြည်သံထွက်ရင်း ညင်သာစွာ တွန်းပွင့်လာသည်။

သို့သော် တံခါးဖွင့်လိုက်သည့် အချိန်မှာပဲ လင်းရီတို့ နှစ်ဦးလုံး နေရာမှာတင် ကြက်သေသေသွားခဲ့တော့သည်။

အကြောင်းမူကား ... သူတို့တွေ တစ်ကြိမ်တစ်ခါမျှ စိတ်ကူမယဉ်ခဲ့မိသည့် မြင်ကွင်းတစ်ခုက ပေါ်ထွက်လာခဲ့‌သောကြောင့်ပင်။

All Chapters