နင်တို့တွေလည်း သေရမယ်
Vol. 166 Ch. 2384
“ ဒါ … ဒါက ….”
ကူရိရန်သည် နေရာ၌မှာပင် အေးခဲသွားခဲ့ပြီး ရေခဲတမျှ အေးစက်သည့် ချွေးအေးတို့က ချောမွတ်သည့် နဖူးမျက်နှာပြင်ထက်သို့ စီးကျလာခဲ့သည်။
လင်းရီ၏ အမူအရာသည်လည်း အလားတူစွာ လေးနက်တည်ကြည်နေသည်။
သူ များပြားလှသည့် ဖြစ်နိုင်ချေ မြင်ကွင်းမျိုးစုံကို စိတ်ကူးယဉ်ကြည့်ခဲ့ဖူးသည်။
သို့ပေမယ့် … ရှေ့တွင် သူ မြင်တွေ့နေရသည့် မြင်ကွင်းမျိုးတော့ မပါချေ။
ကြမ်းပြင်တွင် ဂွမ်းကပ်စောင်အဟောင်းတစ်ထည်ကို ခင်းထားပြီး ၎င်းအထက်တွင် နှင်းကဲ့သို့ ဖြူဖွေးနေသည့် မြေခွေးနှစ်ကောင်က လဲလျောင်းနေလျက်ရှိသည်။
တစ်စုံတစ်ရာက အထဲသို့ ဝင်ရောက်လာသည်ကို ခံစားမိသည့် အခိုက်အတန့်မှာပဲ မြေခွေးနှစ်ကောင်က ချက်ချင်းပဲ မတ်တပ်ရပ်ကာ လင်းရီနှင့် ကူရိရန်တို့ကို ရန်လိုစွာ စိုက်ကြည့်နေသည်။
၎င်းတို့ နံဘေးတွင် တိရစ္ဆာန်အလောင်းများက နေရာအနှံ့ ပျံ့ကျဲနေလျက် ရှိ၏။
ကြက်များ၊ ဘဲများ၊ ငန်းများ ၊ ပုံမှန်မြင်တွေ့နေကျ မွေးမြူရေး တိရစ္ဆာန်များအပြင် ခွေးများ၊ ကြောင်များလည်း ရှိနေသည်။ အနှီ တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်က သွေးများဖြင့် ဖုံးလွှမ်းနေပြီး … အချို့ဆိုလျှင် ပုပ်ပင် ပုပ်နေကြပြီဖြစ်၏။ ဆိုးရွားပြီး အော်ဂလီဆန်သည့် အနံ့ဆိုးများကို ထုတ်လွှတ်နေလျက်ရှိသည်။
၎င်းအပြင်ကို နံရံများတွင်လည်း အဖြူရောင် စက္ကူနှင့် အဝါရောင် ပိတ်စများ ဖုံးလွှမ်းထားပြီး နားမလည်နိုင်သည့် သင်္ကေတများကို ရေးဆွဲထားသည်။
မီးဖိုချောင်ကိုယ်၌ကတော့ အထူးတလည် ထူးခြားနေသည်မျိုး မရှိပေ။
သူတို့မျက်စိရှေ့ မြင်တွေ့သမျှ အရာအားလုံးက အကုန်ပင်။
လင်းရီ သတိနှင့် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်၏။ ဤနေရာတွင် စုံစမ်းလောက်စရာ မည်သည့်အရာကမျှ ရှိမနေချေ။ ကူရိရန်ကို နောက်သို့ ဆုတ်ရန် တိတ်တဆိတ် လက်ဟန်ပြလိုက်၏။
သူတို့တွေ အခန်းထဲက ချက်ချင်း ထွက်လိုက်ကြပြီး တံခါးကို ပိတ်လိုက်တော့မှ ကူရိရန်က စိတ်သက်သာရစွာ သက်ပြင်းမောကြီး တစ်ချက်ချလိုက်သည်။
နောက်ကွယ်တွင် ပိတ်ဆို့နေသည့် တံခါးက ငရဲတံခါးဝနှယ် သူမအတွက်တော့ တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းလှ၏။
“ သွားကြစို့ … ဒီမှာ အသုံးဝင်မယ့်ဥစ္စာ ဘာမှလည်း ရှိမယ့်ပုံ မပေါ်ဘူး ….”
“ အင်း ….”
ကူရိရန် အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားခဲ့ပြီး လင်းရီနောက်လိုက်ပါလာ၍ နဂိုလမ်းကြောင်းအတိုင်း လျှောက်လှမ်းရင်း အပြင်သို့ ထွက်လာခဲ့သည်။
သစ်သားတံခါးကို ပြန်တွန်းဖွင့်လိုက်တော့ တောက်ပသည့် နေရောင်ခြည်က သူမ၏ ကိုယ်ပေါ်သို့ တစ်ဖန်ဖြာကျလာသည်။ ကူရိရန်မှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာမြေကြီး၏ နွေးထွေး သက်တောင့်သက်သာ ရှိမှုကို ခံစားမိသွားခဲ့သည်။
“ အဘွား … ကျွန်တော်တို့ ကြည့်လို့ပြီးသွားပြီ … အခုပြန်တော့မယ် … အဘွားက ဒီမှာ တစ်ယောက်တည်း နေတဲ့လူဆိုတော့ ကျန်းမာရေး ဂရုစိုက်ဦးနော်….”
ဤမျှ ဖုန်းရွှေမကောင်းသည့် နေရာမျိုးတွင် လင်းရီသည် ကြာကြာမနေလိုသဖြင့် ချက်ချင်းပဲ ထွက်ခွာဖို့ ဟန်ပြင်လိုက်သည်။
အမယ်အိုကြီးက ခေါင်းညိတ်လိုက်၏။
နှစ်ယောက်လည်း ထွက်သွားဖို့ လုပ်လိုက်သည်။
သို့သော် ထိုအချိန်မှာပဲ အမယ်အိုကြီး၏ အက်ကွဲကြမ်းရှသည့် အသံက ၎င်းတို့အနောက်ကနေ ထွက်ပေါ်လာသည်။
“ မင်းတို့တွေ မီးဖိုချောင်ထဲသို့ မဝင်ခဲ့ကြဘူးမလား ….”
“ မဝင်ခဲ့ပါဘူးဗျ ….” လင်းရီ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်၏။
“ မင်း ညာနေတာ …..”
ချက်ချင်းဆိုသလို အဘွားကြီး၏ အသံက တစ်ဖန် ကြမ်းတမ်းလာခဲ့ပြီး “ မင်းတို့ ဝင်ခဲ့တယ် … သူတို့နှစ်ယောက် ငါ့ကို ပြောပြပြီးသွားပြီ …”
“ ဟစ် …..”
ကူရိရန်တစ်ကိုယ်လုံး ကြက်သီးဖြန်းသွားခဲ့ပြီး မွေးညှင်းလေးများက တစ်ကိုယ်လုံးအနှံ့ ထောင်ထသွားခဲ့တော့၏။
လင်းရီ ဟောက်ပက်ပြီး မည်းနက်နေသည့် အမယ်အိုကြီး၏ မျက်လုံးကို စိုက်ကြည့်လိုက်၏။
နှစ်ဦးမှာ အကြည့်ချင်းဆုံသွားခဲ့သည်။
အဆိုပါ အခိုက်အတန့်တွင် လင်းရီထံမှ ကြီးမားလှသည့် ဖိအားအရှိန်အဝါက ပျံ့လွှင့်လာသည်။ သို့တိုင် အမယ်အိုကြီးက အနည်းငယ်မျှပင် မတုန်လှုပ်သွားခဲ့ချေ။
ထိုအစား ကြက်သီးထဖွယ်ရာ အပြုံးတစ်ခုကို လှစ်ဟာပြလာခဲ့၏။
“ ဟီးဟီးဟီး …..”
အမယ်အိုကြီးက ရယ်မောသွားခဲ့ပြန်သည်။ သူမ၏ အသံက ဖော်မပြနိုင်လောက်အောင် ကောက်ကျစ်စဉ်းလဲနေပြီး “ မင်းတို့ ကြည့်ခဲ့တာကောင်းတယ် … သိပ်ကောင်းတယ် ….”
“ “ အခုတော့ မင်းတို့တွေ ဝအောင် စားရတော့မယ် ….”
“ မင်းတို့ ဝအောင်စားပြီးသွားခဲ့ရင် ……”
သူမ၏ အကြည့်က ရုတ်တရက် ပို၍ လေးနက်လာခဲ့ပြီး လင်းရီနှင့် ကူရိရန်ကို နက်နက်ရှိုင်းရှိုင်း စူးစိုက်ကြည့်လိုက်သည်။
“ သူတို့အကုန်လုံးလည်း သေရမယ် ….”
နေ့ခင်းကြောင်တောင်၌ပင် အမယ်အိုကြီး၏ စကားလုံးတို့က ၎င်းတို့၏ ဦးခေါင်းထက်တွင် တိမ်မည်းတိမ်စိုင်များ စုပြုံလာသည့်နှယ် ခံစားလိုက်ရပြီး အရာအားလုံးကို မှိုင်းညှို့သွားစေခဲ့၏။
“ သွားကြရအောင် … သူ့ကို လျစ်လျူရှုထားလိုက် ….”
ယခုအချိန်တွင်တော့ ကူရိရန်သည် အခြေခံယဉ်ကျေးမှုလေးကိုပင် မထိန်းသိမ်းချင်တော့ပေ။
လင်းရီကို ဆွဲပြီး အဘွားကြီးစွန်း၏ အိမ်ထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့လိုက်၏။
ရွာ၏ ကွန်ကရစ်လမ်းပေါ်သို့ ရောက်သည်အထိ ပြေးလာခဲ့ပြီးတော့မှသာ ကူရိရန်လည်း စိတ်လုံခြုံမှုကို တစ်ဖန်ပြန်ခံစားလိုက်ရ၏။
“ အဲ့အဘွားကြီးက တကယ့်ကို ……”
“ ဖော်ပြဖို့ ခက်တယ် … မင်း အဲ့လို ပြောချင်နေတာမလား ….” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။
ကူရိရန် ခေါင်းညိတ်လိုက်၏။
“ သူ့ကို စိတ်မနှံ့ဘူးလို့ ပြောရအောင်လည်း ပုံမှန်အတိုင်း စကားပြောနိုင်နေတယ် … ဒါပေမယ့် ပုံမှန်ဖြစ်တယ်လို့ ပြောရအောင်လည်း သူပြောသမျှတွေ အကုန်လုံးက ဆန်းကြယ်ပြီး နားမလည်နိုင်တဲ့ အရာတွေချည်းပဲ …”
“ အဲ့ဒီတော့ အဘွားကြီးက မရူးတာလည်း ဖြစ်နိုင်တာပဲလေ ….” လင်းရီ အခိုင်အမာ ပြောဆိုလိုက်ပြီး “ သူ့မျက်ဝန်းတွေက ရှုပ်ထွေးမနေဘူး …. အခုလိုမျိုး ထူးဆန်းသယောင် သရုပ်ဆောင်နေတာက သူကိုက လိုချင်နေလို့ပဲ ….”
“ အဲ့ဒီတော့ … နင်က သူ့ကို လူသတ်သမား ဖြစ်မယ်လို့ သံသယဝင်နေတာလား ….”
“ ပြောဖို့ခက်တယ် …..”
“ ငါကတော့ သူ့ကို အဓိက သံသယတရားခံအနေနဲ့ ထားသင့်တယ်လို့ ထင်တာပဲ …” ကူရိရန် ပြောလိုက်ပြီး “ ဖန်းတရဲ့ သတ်လိုက်တဲ့ မြေခွေးက သူမွေးထားတဲ့ တစ်ကောင် ဖြစ်လောက်တယ် …. အဲ့ရန်ငြှိုးကို တစ်ချိန်လုံး မကျေဘူး ဖြစ်နေတာ နေမှာ ….”
“ မင်းရဲ့ သီအိုရီက မှန်မယ်ဆိုရင် သူ လုပ်လိုက်သင့်တာကြာပေါ့ … ဘာကိစ္စ သုံးနှစ်ကြီးများတောင် စောင့်နေဦးမှာ …. အဓိပ္ပာယ်မှ မရှိတာ ….”
ကူရိရန် အတွေးနက်သွားခဲ့ရသည်။
လင်းရီ၏ စကားက တကယ်လည်း ယုတ္တိရှိ၏။
“ အရင်ပြန်ကြတာပေါ့ … အစ်ကိုကျူးတို့ တစ်ခုခု ရှာတွေ့ထားပြီလား ပြောမရဘူး ….”
“ အင်း …..”
နှစ်ယောက်က ဖန်းတရဲ့၏ အိမ်သို့ ပြန်ရောက်လာခဲ့ကြသည်။ သူတို့ရင်ဘက်ထဲရှိ ကြောက်လန့်စိတ်တို့ကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့လေသည်။
“ မင်းတို့ ပြန်လာတာ မြန်လှချည်လား … အခြေအနေ ဘယ်လိုရှိလဲ …..”
ကျူးကျွင်းချီက စီးကရက် တစ်လိပ်ကို သောက်ရင်း မေးလိုက်သည်။
ကူရိရန်လည်း ကြုံတွေ့ခဲ့ရသမျှကို အမှန်အတိုင်း ပြန်ပြောပြလိုက်၏။
“ အတည်ကြီးလား … အဲ့အဘွားကြီးက ရူးနေတာမဟုတ်ရင် ဘာလား …..”
“ လင်းရီကတော့ သူ ဟန်ဆောင်နေတာ ထင်တယ်တဲ့ …. ကျွန်မလည်း အဲ့လို ခံစားရတယ် ….” ကူရိရန်က သူမ၏ ဆံမြိတ်ကို ဘေးသို့ ပင့်သပ်လိုက်ပြီး “ ဒါပေမယ့် နစ်နာသူရဲ့ မျက်နှာပေါ်မှာ မြေခွေးမွှေး နှစ်မျှင်ရှိနေတယ် … ပြီးတော့ အဘွားကြီးက မြေခွေးသုံးကောင်ကို မွေးထားတယ် …. နောက်ပြီး ရွာထဲကလူတွေ သူ့အိမ်ကို သွားလည်ခဲတာကို ဆက်စပ်ကြည့်လိုက်ရင် အကုန်လုံးက ချိတ်ဆက်နေသလိုပဲ ….”
ကျူးကျွင်းချီ ခေါင်းညိတ်လိုက်သည်။
“ ဒါပေမယ့် လောလောဆယ် အဘွားကြီးကို ဘေးကပ်ထားဦး … သဲလွန်စတွေ ထပ်ရပြီးတော့မှ သူ့ကို အတူ စစ်ဆေးကြည့်ကြတာပေါ့ … မဟုတ်ရင် ရန်သူကို သတိပေးသလို ဖြစ်သွားလိမ့်မယ် ….”
“ အစ်ကိုကျူး … ခင်များရော တစ်ခုခု ရှာတွေ့ထားသေးလား …..”
ကျူးကျွင်းချီ ပခုံးတွန့်ပြလိုက်၏။
“ ဘာမှကို မတွေ့တာ …. အလုပ်သိမ်းရအောင် မင်းတို့နှစ်ယောက် ပြန်အလာကို စောင့်နေတာ …..”
“ ဒါဆိုလည်း ပြန်ကြရအောင် …” ကူရိရန် ပြောလိုက်ပြီး “ နစ်နာသူကို စစ်ဆေးနေတဲ့ကိစ္စက ပြီးသွားလောက်ပြီ ထင်တယ် ….”
“ သွားကြစို့ ….”
လူတိုင်း စခန်းသို့ ပြန်ရောက်သည့်အချိန်၌ မွန်းလွဲ တစ်နာရီကျော်နေလေပြီ။
ကန်သင်းတွင် တစ်ခုခု စားပြီးနောက် ရုံးခန်းသို့ ပြန်လာခဲ့ကြသည်။
သူတို့ ရောက်လာပြီး မကြာမီ ကျန်းဇီရှင်းက အထဲသို့ ရောက်လာသည်။
“ အစ်ကိုကျူး ၊ အစ်ကိုရီ ၊ အစ်မရိရန် ၊ ရလဒ် ထွက်လာပြီ …..”
“ ဘာပြောထားလဲ ….”
“ ဖန်းတရဲ့ ကိုယ်ပေါ်က လက်ဗွေရာတွေက သူ့မိသားစုရဲ့ လက်ဗွေရာတွေ … စိမ်းသက်နေတဲ့ လက်ဗွေရာတစ်ချို့လည်း ရှိတယ် … ဒါပေမယ့် လူသတ်သမားရဲ့ လက်ဗွေရာတော့ မဖြစ်နိုင်လောက်ဘူး ….”
“ ဘာမှလည်း မရလိုက်သလိုပါပဲ …..” ကျူးကျွင်းချီက နောက်သို့ ကျောမှီပြီး လက်ကို ခေါင်းအနောက်တွင် ထားလျက် “ အိမ်က မူလတန်းကလေး ငါ့သားတောင် ဒီဘက်ခေတ်မှာ လူသတ်သမားတွေက လက်အိတ်ဝတ်နေကြတယ်ဆိုတာ သိတယ် …. တကယ့် လူသတ်သမားဆိုလို့ကတော့ ပြောမနေနဲ့တော့ …..”
“ အခုတော့ လောင်ကျန်း နစ်နာသူ မောင်းသွားတဲ့ ကားကို ရှာတွေ့ပြီလားအပေါ် မူတည်တော့တာပဲ ….”
လင်းရီနှင့် ကူရိရန်တို့နှစ်ဦးလုံး ခေါင်းညိတ်လိုက်ကြသည်။
“ ဒါပေမယ့် ကျွန်မ အခုထိ မရှင်းသေးတာက ….” ကူရိရန် ပြောလိုက်ပြီး “ လူသတ်သမားက နစ်နာသူ အလောင်းကို အခေါင်းထဲ ဘယ်လိုထည့်သွားတာလဲပဲ ….”
“ နစ်နာသူက မနက်ခင်း လေးနာရီလောက်မှာ အိမ်ကနေ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ သေသွားခဲ့တယ် …. ဒါပေမယ့် ရွာမှာ လေးနာရီဆိုတာက လူတိုင်း အိပ်ရာထတဲ့ အချိန် ဖြစ်နေပြီ …. တကယ်လို့ တစ်ယောက်ယောက်က အဲ့အချိန်မှာ အလောင်းကို အခေါင်းထဲ ထည့်ဖို့ လုပ်မယ်ဆိုရင် ဖမ်းမိခံရနိုင်ချေ အင်မတန် များတယ် …..”
“ အန္တရာယ်များတယ်ဆိုပေမယ့် ဖြစ်နိုင်ချေတော့ ရှိတုန်းပါပဲ ….” ကျူးကျွင်းချီ ပြောလိုက်ပြီး “ သူတို့မှာ ဂိုဒေါင်ရှိတာကို မမေ့လိုက်နဲ့ … အခေါင်းက ဂိုဒေါင်ထဲမှာဆိုတော့ ရှေ့တံခါး ၊ နောက်တံခါး အကုန်ပိတ်ထားလိုက်ရင် သီးသန့်နေရာတစ်ခု ဖြစ်သွားပြီ … တကယ်လို့ လူသတ်သမားက မြန်မြန်လေး လှုပ်ရှားရင် လုပ်လို့ရတယ် ….”
“ ဒါပေမယ့် မင်းပြောသလိုမျိုးပဲ …. အဲ့ဒီအချိန် အတောအတွင်းလေးမှာ ဖမ်းခံရနိုင်ချေက အတော်လေးများတယ် …..”
ကျူးကျွင်းချီက နောက်ထပ် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး “ ငါ အမှုတွေ ကိုင်တွယ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး …. ဒီလိုအမှုမျိုးတော့ ပထမဆုံး ကြုံဖူးတာပဲ …..”
“ လူသတ်သမားက ရဲတွေကို ရှုပ်ထွေးအောင် လုပ်ချင်လို့ ဖြစ်လိမ့်မယ် … အဲ့တာကြောင့်လည်း အခုလိုမျိုး ဇာတ်လမ်းခင်းထားတာပဲ ….” လင်းရီ ပြောလိုက်သည်။
“ ဒါပေမယ့် တကယ်လို့များ သူတို့က သဘာဝလွန်ရှုထောင့်ဘက်ကို အများဆုံး ဦးစားပေး ဖော်ပြချင်နေတယ်ဆိုရင်တော့ …. အဲ့အဘွားကြီးကလည်း ကြံရာပါ တစ်ယောက် ဖြစ်ဖို့ ကောင်းကောင်းကြီး ဖြစ်နိုင်ချေများတယ် ….” ကျူးကျွင်းချီ ပြောလိုက်ပြီး “ ဒီကိစ္စက သူ တစ်ရွာလုံးကို လိုက်ပြောရင်း သဘာဝအလျောက် အယုံသွင်းသလို ဖြစ်နေပြီလေ ….”
ကူရိရန်၏ မျက်လုံးတို့ တောက်ပလာခဲ့ပြီး “ ဒါဆိုရင် သူက တကယ်ပဲ ကြံရာပါ တစ်ယောက်ပေါ့နော် ….”