← Chapters

အခန်း (၇၄၁-၇၄၂)

Vol. 70 Ch. 741-742

အခန်း (၇၄၁-၇၄၂)

Vol. 70 Ch. 741-742

အခန်း (၇၄၁) - သခင်မထောင်... အရှင်မလည်း မသေချင်ဘူးမလား၊ မျက်နှာများသည့် လူယုတ်မာ(၁)။

"ကာကွယ်စမ်း...”

လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသက်ရှိငါးဦးက အော်ဟစ်လိုက်ကာ ကိုယ်ပိုင်မန္တန်များကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ထပ်ဆင့်အတားအဆီးများ ပေါ်ထွက်လာကာ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး ဤထူးဆန်းသော မီးခိုးရောင်အလင်းတန်းကို ကာကွယ်ရန် ကြိုးစားလိုက်ကြသည်။

သို့သော် ၎င်းတို့၏ လုပ်ရပ်များမှာ မည်သို့မျှ အသုံးမဝင်ကြောင်း ထိတ်လန့်ဖွယ်ကောင်းသော အမှန်တရားအဖြစ် လျင်မြန်စွာပင် တွေ့ရှိသွားကြလေသည်။

ဤမီးခိုးရောင်အလင်းတန်းသည် ၎င်းတို့ခန္ဓာကိုယ်၏ အတားအဆီးကာကွယ်မှုများကို အလွယ်တကူ ထိုးဖောက်သွားကာ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားခဲ့၏။

၎င်းတို့သည် ဤမီးခိုးရောင်အလင်းတန်းကို အစပိုင်းတွင် အရေးမပါလှဟု မှတ်ယူခဲ့ကြသော်လည်း ၎င်းတို့ကိုယ်တိုင်၏ နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ရန် ကြိုးစားခဲ့ကြသည့်တိုင် မည်သို့မျှ အသုံးမဝင်ခဲ့ချေ။

မည်သူက ထင်မှတ်ထားပါမည်နည်း။ ဤမီးခိုးရောင်အလင်းတန်းသည် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီးနောက် ရှင်သန်မှုအတွက် လိုအပ်သော အနှစ်သာရများကို ဝါးမျိုလိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ သက်တမ်းများကို ဆွဲထုတ်သွားခဲ့လေသည်။

မူလကပင် ၎င်းတို့မှာ သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေကြပြီး အလွန်ဆုံး ငါးနှစ်ခန့်သာ အသက်ရှင်ရန် ကျန်ရှိတော့ခြင်း ဖြစ်၏။

ယခုမူ 'ကုယုံဆန်းကြယ်အလင်းပညာရပ်' ၏ အစွမ်းကြောင့် ကျန်ရှိနေသော သက်တမ်းများပါ ဆုံးရှုံးသွားရချေပြီ။

"မဖြစ်နိုင်ဘူး... ဒါက နတ်ငါးပါးအနိစ္စရောက်ခြင်းလား... ငါတို့ သက်တမ်းကုန်သွားပြီလား...”

"ငါတို့ သက်တမ်းတွေ ကုန်သွားပြီ... အခု ငါတို့ သေရတော့မှာလား...”

လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသက်ရှိငါးဦးမှာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြ၏။

၎င်းတို့သည် မိမိတို့၏ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးများမှ အမည်းရောင်အရာဝတ္ထုများ စီးကျလာသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးမှ ပုပ်အဲ့သော အနံ့အသက်များ ထွက်ပေါ်လာကာ ဆွေးမြည့်နေသော အလောင်းများကဲ့သို့ ဖြစ်သွားလေသည်။

တစ်စက္ကန့်မျှအတွင်းမှာပင် ၎င်းတို့သည် မည်သည့် တုံ့ပြန်မှုမျှ မလုပ်နိုင်တော့ဘဲ ဝိညာဉ်များပါ ထာဝရ ချုပ်ငြိမ်းသွားကာ ပြာအဖြစ်သို့ ပြောင်းလဲသွားရချေပြီ။

ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသက်ရှိငါးဦးမှာ မြေပြင်ပေါ်သို့ ပြိုင်တူလဲကျသွားကာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။ ၎င်းတို့သည် မျက်လုံးများ ပြူးကျယ်လျက်ပင် သေဆုံးသွားခဲ့ကြကာ မိမိတို့ မည်သို့သေဆုံးသွားရသည်ကိုပင် သိရှိသွားပုံမရချေ။

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... တစ်ခဏအတွင်းမှာပဲ လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြား ငါးယောက်လုံးကို သတ်လိုက်တာလား... အထက်လောကကို တက်လှမ်းလာတဲ့သူတွေက တကယ်ပဲ ဒီလောက်တောင် စွမ်းတာလား...’

ဤအခိုက်အတန့်တွင် ထောင်ချီလီမှာလည်း သူမ၏ လှပသော မျက်ဝန်းအစုံကို ပြူးကျယ်လျက် ပါးစပ်အဟောင်းသား ဖြစ်သွားရကာ မယုံကြည်နိုင်သော အမူအရာများ ပေါ်ထွက်နေလေသည်။

မူလက ဤအမျိုးသားသည် ကိုယ့်သေတွင်း ကိုယ်တူးနေသည်ဟု သူမက ထင်မှတ်ထားခဲ့၏။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့် သန်မာသူကို သွားရောက် ယှဉ်ပြိုင်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်း မဟုတ်လျှင် မည်သည့်အရာများ ဖြစ်ဦးမည်နည်း။

သို့သော် ယခုအခါတွင်မူ မျက်စိတစ်မှိတ်စာ အချိန်လေးအတွင်းမှာပင် ဤအမျိုးသားသည် လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြား သက်ရှိငါးဦးကို သတ်ဖြတ်ပစ်လိုက်ချေပြီ။

ဤတိုက်ခိုက်ရေး စွမ်းအားမှာ ပြင်းထန်လွန်းလှသည်။

မဟုတ်သေး၊ ပြင်းထန်သည်ဟု ဖော်ပြ၍ပင် မရနိုင်တော့ဘဲ ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ဖော်ပြနိုင်ပေမည်။

ဤခံစားချက်မှာ ကြက်တစ်ကောင်ကို သတ်ရသကဲ့သို့ လွယ်ကူနေပုံရ၏။

ပေါ့ပေါ့ပါးပါး တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြား သက်ရှိငါးဦးမှာ သေဆုံးသွားခဲ့ရပုံ ပေါ်လေသည်။

ဆိုလိုသည်မှာ အကယ်၍သာ ဤအမျိုးသား ဆန္ဒရှိပါက သူမကိုယ်တိုင်ကိုလည်း အလွယ်တကူ သတ်ပစ်နိုင်ပြီး အားထုတ်မှုများစွာ လိုအပ်မည် မဟုတ်ပေ။

ပြဿနာမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ တစ်ဦးအား အလွယ်တကူ အဆင့်ကျော်လွန် စိန်ခေါ်နိုင်စေပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်များကို သတ်ဖြတ်နိုင်စေသည့် ဤနည်းလမ်းကား မည်သည့် နည်းလမ်းဖြစ်နေသနည်း ဟူသည်ပင်။

သူမသည် လူသားမျိုးနွယ်အကြား၌ ဤမျှကြာရှည်စွာ နေထိုင်ခဲ့သော်လည်း ဤကဲ့သို့သော နည်းလမ်းကို တစ်ခါမျှ မကြားဖူးခဲ့ချေ။

ဝှစ်...။

ထောင်ချီလီ တစ်စုံတစ်ရာ ပြောမလာနိုင်သေးမီမှာပင် ကျိုးစွေ့က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ မျိုးနွယ်ခြားငါးကောင်၏ အလောင်းများကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး ပဉ္စမအဆင့် 'အရက်ကူ'ထံသို့ ဝါးမျိုသန့်စင်ရန် ပေးအပ်လိုက်လေသည်။

ဤလေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားငါးကောင်၏ အလောင်းများဖြင့် ဆဋ္ဌမအဆင့် ဝိညာဉ်အရက် အမြောက်အမြားကို သေချာပေါက် ချက်လုပ်နိုင်မည်ဟု သူ ယုံကြည်သည်။

မှန်ပေသည်၊ အရေးအကြီးဆုံးအချက်မှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ရွှေဖားပြုတ်ကြီး သေဆုံးပြီးနောက် ပေါက်ကွဲသွားကာ ပတ်ဝန်းကျင်ကို ညစ်ညမ်းသွားစေမည်ကိုလည်း သူ စိုးရိမ်သောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် တိုက်ရိုက်ဝါးမျိုပစ်လိုက်ပြီး ဝိညာဉ်အရက်အဖြစ် သန့်စင်လိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။

ဤသည်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် မဟုတ်ပါလော။

"ကျိုး... တာအိုရောင်းရင်းကျိုး...”

ထောင်ချီလီက ကျိုးစွေ့ကို ကြည့်လိုက်၏။ သူမ၏လေသံက ရှေ့မှောက်ရှိ ဤအမျိုးသားအား မျိုးဆက်တူတစ်ယောက်အဖြစ်၊ ထို့ထက်ပို၍ စီနီယာတစ်ဦးအဖြစ်ပင် အပြည့်အဝ မှတ်ယူနေချေပြီ။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူများဟူသည် အလွန်လက်တွေ့ကျလှသည်။ မည်သူက စွမ်းအားကြီးမားသနည်း၊ ထိုသူက စီနီယာပင် ဖြစ်လေသည်။

ရှေ့မှောက်ရှိ ဤအမျိုးသား၏ ကျင့်ကြံမှုအဆင့်က နတ်ဘုရားအသွင်ပြောင်းအဆင့်၌သာ ရှိနေသော်ငြား တိုက်ခိုက်ရေးစွမ်းရည်မှာမူ လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်၏။

ထိုသို့ဆိုလျှင် သူသည် အစစ်အမှန် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူပင် ဖြစ်ပေသည်။

"ကျုပ်ရဲ့ လျှို့ဝှက်ချက်ကို စီနီယာထောင် သိသွားလိမ့်မယ်လို့ ထင်မထားမိဘူး...”

"စီနီယာ့ကို ဘယ်လို ကိုင်တွယ်ရမလဲလို့ ထင်ပါသလဲ...”

ကျိုးစွေ့သည် ထောင်ချီလီ၏အနီးသို့ ရောက်လာပြီး အထက်စီးမှနေ၍ ဤအလှပဂေးလေးအား ပြုံးစိစိဖြင့် ကြည့်လိုက်လေသည်။

ဤအလှပဂေးလေးမှာ ဒဏ်ရာရထားသော်လည်း နှုတ်ခမ်းထောင့်ရှိ သွေးစလေးက သူမ၏အလှအပကို ပိုမိုပေါ်လွင်စေ၏။

ယခုအချိန်၌ သူမ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး ဆွဲဆောင်မှုအပြည့်ရှိသော ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်နေမှုက သွားရည်ကျချင်စရာကောင်းကာ ရင်ခုန်လှိုက်မောဖွယ် ဖြစ်နေသည်။

ဖုန်းရှီးမြို့၏ နာမည်အကြီးဆုံး မုဆိုးမတစ်ဦးဆိုသည်အတိုင်း ပီပြင်လွန်းလှသည်ဟုသာ ဆိုရပေမည်။

"မင်းက ငါ့ကို ဘာလုပ်ချင်လို့လဲ။ သတ်ပြီး အလောင်းဖျောက်ချင်တာလား...”

"ငါ့သေဆုံးမှုကို မျိုးနွယ်ခြားတွေ သတ်ဖြတ်သွားသလိုမျိုး ဟန်ဆောင်ချင်တာလား...”

ဤစကားကို ကြားလိုက်ရချိန်တွင် ထောင်ချီလီ၏ နူးညံ့လှပသော ခန္ဓာကိုယ်လေးမှာ တသိမ့်သိမ့် တုန်ယင်သွားရ၏။

သူမသည် မျိုးနွယ်ခြားများ၏ လက်အောက်တွင် သေဆုံးရခြင်းမျိုး မဟုတ်ဘဲ မျိုးနွယ်တူ လူသားကျင့်ကြံသူတစ်ဦး၏ လက်တွင် သေဆုံးရလိမ့်မည်ဟု မည်သို့ ထင်မှတ်ထားပါမည်နည်း။

ထို့အပြင် ထိုသူက သူမ အထင်ကြီးလေးစားရသော မျိုးဆက်သစ်တစ်ဦး ဖြစ်နေပြန်သေးသည်။

သို့သော် ရှေ့မှောက်ရှိ ဤအမျိုးသား၏ စိုးရိမ်ပူပန်မှုများကိုလည်း သူမ ကောင်းစွာ နားလည်ထားပေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့်ဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်အား သတ်ဖြတ်နိုင်သော အဆင့်ကျော်တိုက်ခိုက်သည့် နည်းလမ်းသာ ပျံ့နှံ့သွားပါက မယုံနိုင်လောက်အောင် ကြီးမားသော ပြဿနာကြီး ဖြစ်လာမည်မှာ သေချာလှပြီး၊ နောင်တစ်ချိန်တွင် ဤအမျိုးသား၌ အေးချမ်းမှု ရှိတော့မည် မဟုတ်ချေ။

လူသားမျိုးနွယ်၏ ခန္ဓာပေါင်းစည်းခြင်းအဆင့်၊ မဟာယာနအဆင့် ကျင့်ကြံသူများပင်လျှင် ဤလျှို့ဝှက်ပညာရပ်အပေါ် အလွန် စိတ်ဝင်စားကြမည်မှာ အမှန်ပင်။

ထိုပညာရပ်ကို လွှဲပြောင်းပေးအပ်စေရန် နည်းလမ်းပေါင်းစုံဖြင့် ဤအမျိုးသားအား ဖိအားပေးလာကြပေလိမ့်မည်။

ယခုလက်ရှိ လူသားမျိုးနွယ်များမှာ အလွန်စည်းလုံးနေသည်ဖြစ်၍ ဤကဲ့သို့သောကိစ္စများ ဖြစ်လာမည်မဟုတ်ဟု မယူဆသင့်ပေ။

အမှန်အတိုင်း ဆိုရလျှင် အကျိုးအမြတ်များ လုယူရန်အတွက် မျိုးနွယ်တူအချင်းချင်းပင် ဖြစ်စေကာမူ နည်းလမ်းပေါင်းစုံ သုံးကြမည်သာ။

"ကျုပ်ရဲ့ နည်းလမ်းက အဲဒီလောက်အထိတော့ မရက်စက်ပါဘူး။ စီနီယာထောင်က ကျုပ်ကို ကတိတစ်ခု ပေးရင် လုံလောက်ပါပြီ...”

ကျိုးစွေ့က ပြောလိုက်၏။

ဘာ…။

ဤစကားကို ကြားသောအခါ ထောင်ချီလီ၏ လှပသော မျက်နှာလေးမှာ ရဲတက်သွားပြီး သူမ၏ မျက်လုံးလှလှလေးများဖြင့် ကျိုးစွေ့အား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

သူမ ပို၍ပင် ဒေါသထွက်သွားရချေပြီ။

'ဒီယောက်ျားက ငါ့ကို မသတ်ချင်ဘူး၊ ဒါပေမဲ့ လျှို့ဝှက်ပေးထားစေချင်တယ်ဆိုတော့ တွေးစရာ တစ်ခုပဲ ရှိတော့တယ်။ မုဆိုးမဖြစ်တဲ့ ငါ့ကို ပိုင်ဆိုင်ချင်လို့ပဲ ဖြစ်ရမယ်...’ ဟု တွေးလိုက်မိသည်။

ဤလောက၌ ကောင်းသောယောက်ျားများ မရှိသလောက် ရှားပါးပြီး သူမ၏ ခန္ဓာကိုယ်ကိုသာ အချိန်ပြည့် မျက်စိကျနေကြသည်ကို သူမ ကောင်းစွာ သိထားပေသည်။

ဤခွေးကောင်၌ ပိုင်စုကျဲ့ကဲ့သို့ တာအိုလက်တွဲဖော် ရှိနေပါလျက်နှင့်ပင် မရောင့်ရဲနိုင်ဘဲ ပို၍ လိုချင်နေသေးသည် မဟုတ်လော။

အမှန်တကယ်ပင် အလိုမကျနိုင်လောက်အောင် လောဘကြီးလွန်းလှပေသည်။

တွေးကြည့်မည်ဆိုလျှင် လူသားဧကရာဇ်၌ပင် ကိုယ်လုပ်တော်သုံးထောင် ရှိပေသည်။

ထိုသို့ဆိုလျှင် ဤအကောင်သည်လည်း ယောက်ျားတစ်ယောက်ပင် ဖြစ်ရာ နှာဘူးထလွန်းပြီး မယားငယ် ယူချင်နေသည်မှာ သေချာလှ၏။

ဤခွေးကောင်သည် သူမအား စောစောကတည်းက မျက်စိကျနေခဲ့ပြီး သူ လိုချင်တာကို ရရန် ကြံရွယ်နေသည်မှာ သေချာလှသည်။

သူမ၌ လင်ယောက်ျား ရှိခဲ့ဖူးသည်ကို သိနေပါလျက်နှင့်၊ ထိုသူ သေဆုံးသွားသည်မှာ ကြာပြီဖြစ်သော်ငြား ဤသို့ ပြုမူချင်နေသေးသည်။

အမှန်တကယ်ကို တဏှာရူးနေသော ခွေးကောင်ပင် ဖြစ်တော့သည်။

ယခုချက်ချင်း ဤအမျိုးသားအား ကိုက်သတ်ပစ်လိုက်ချင်စိတ်များပင် ပေါ်ပေါက်လာရ၏။

သို့ရာတွင် သူမ သည်းခံလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ယခု သူမ သေဆုံး၍ မဖြစ်သေး။ လုပ်စရာများစွာ ကျန်ရှိနေသေးသဖြင့် ဤနေရာ၌ အကြောင်းမဲ့သက်သက် သေဆုံးသွား၍ မဖြစ်ပေ။

ခွေးအကိုက်ခံရသည်ဟုသာ သဘောထားလိုက်ရတော့မည်။

မည်သို့ပင်ဖြစ်စေ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဤခန္ဓာကိုယ်မှာ အခွံတစ်ခုမျှသာ ဖြစ်ပြီး မည်သည့်အရာမျှ မဟုတ်ပေ။

ဤသို့တွေးလိုက်မိသည်နှင့် သူမက စတင်၍ အဝတ်များအား ချွတ်လေတော့သည်။

ယခင်က ဤကဲ့သို့သော အပြုအမူမျိုး တစ်ခါမျှ မလုပ်ခဲ့ဖူးဘဲ ယခင်လင်ယောက်ျားအတွက်သာ မိမိကိုယ်မိမိ ကျောက်စိမ်းကဲ့သို့ ဖြူစင်စွာ စောင့်ထိန်းခဲ့သော်ငြား၊ ဝက်သား မစားဖူးသော်လည်း ဝက်ပြေးသည်ကိုတော့ မြင်ဖူးသည် မဟုတ်ပါလော။

ဤကဲ့သို့သော ကိစ္စများနှင့် ပတ်သက်၍ သူမမှာ သီအိုရီပိုင်းဆိုင်ရာ အသိပညာများ ကြွယ်ဝလှပြီး ကောင်းစွာ နားလည်ထားဆဲ ဖြစ်လေသည်။

အခန်း (၇၄၂) - သခင်မထောင်... အရှင်မလည်း မသေချင်ဘူးမလား၊ မျက်နှာများသည့် လူယုတ်မာ(၂)။

"စီနီယာထောင်၊ ဘာလုပ်နေတာလဲ...”

ကျိုးစွေ့က ထောင်ချီလီကို စူးစမ်းစွာကြည့်ကာ သူမ၏အပြုအမူကို နားမလည်နိုင်စွာဖြင့် မျက်တောင်တစ်ချက် ခတ်လိုက်၏။

"ဘာလုပ်ရမှာလဲ...”

"မင်းက အဲဒီကိစ္စကို လိုချင်နေတာ မဟုတ်ဘူးလား၊ ဟန်ဆောင်မနေစမ်းပါနဲ့...”

"ဒါတောင် ကျမ်းစာတိုက်လို လူမြင်ကွင်းမှာ၊ နေ့ခင်းကြောင်တောင်ကြီးကိုလေ...”

"ကိစ္စပြီးရင် ထွက်သွားတော့၊ ငါတို့ သေတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ထပ်မပတ်သက်ကြေးပဲ...”

ထောင်ချီလီက ကျိုးစွေ့ကို လှပသော မျက်ဝန်းများဖြင့် ဒေါသတကြီး စိုက်ကြည့်ကာ သွားကြိတ်လျက် ပြောလိုက်လေသည်။

သူမ၏ စကားများက ရိုင်းစိုင်းကြမ်းတမ်းနေသော်လည်း လှပသော မျက်နှာလေးမှာ ရဲတက်နေပြီး မျက်လုံးများက အရည်လဲ့ကာ မြူဆွယ်နေသယောင် ရှိနေသဖြင့်၊ ငြင်းပယ်ချင်ဟန်ဆောင်ကာ လက်ခံနေသည့်အသွင် ပေါက်နေပြီး သွားရည်ကျချင်စရာပင် ဖြစ်နေတော့သည်။

အမှန်အတိုင်း ဆိုရလျှင် ထောင်ချီလီကိုယ်တိုင်ပင် ယခုအချိန်၌ မည်သို့ ခံစားနေရမှန်း မသိတော့ချေ။

ဤအမျိုးသား၏ ခြိမ်းခြောက်မှုကို ခံနေရသည်မှာ သိသာလှသော်လည်း သူမ၏ ရင်ဘတ်ထဲတွင် တဒိုင်းဒိုင်းခုန်နေပြီး အလွန်အမင်း စိတ်လှုပ်ရှားမှုကို ခံစားနေရ၏။

ဤအပြစ်ရှိသလို ခံစားချက်ကပင် သူမကို အတိုင်းမသိ စိတ်လှုပ်ရှားစေလေသည်။

သူမ၏ ရင်ထဲမှ အသံတစ်သံကပင် ပြောနေသေး၏။

အကယ်၍ ဤကဲ့သို့သော အမျိုးသားသာ ဆိုပါက သူမဘက်က အမြတ်ထွက်သွားသည်ဟုပင် ဆိုနိုင်ပြီး နွားအို မြက်နုစားသည်ဟုပင် သတ်မှတ်နိုင်ပေသည်။

မှန်ပေသည်၊ အကယ်၍သာ ဤအကောင်သည် အလွန်ရုပ်ဆိုးသော အဘိုးကြီးတစ်ယောက် ဖြစ်နေမည်ဆိုပါက သူမ အသေသာ ခံလိုက်မည်ဖြစ်ပြီး ဤကဲ့သို့သော ကိစ္စမျိုးကို သဘောတူမည် မဟုတ်ချေ။

သို့သော် ဤအမျိုးသားသည် ပြိုင်ဘက်ကင်းလောက်အောင် ချောမောခန့်ညားနေပြီး ဖုန်းရှီးမြို့၏ နံပါတ်တစ် အချောဆုံးအမျိုးသား ဖြစ်နေသည် မဟုတ်ပါလော။

ဤကဲ့သို့သော အမျိုးသား၏ အမြတ်ထုတ်ခြင်းကို ခံရမည်ဆိုလျှင်လည်း လက်မခံနိုင်စရာ မရှိပေ။

"စီနီယာထောင်၊ ခင်ဗျား အထင်လွဲနေပြီ...”

"ကျုပ်က ခင်ဗျားအပေါ်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး...”

"စောစောက ကျုပ်ပြောချင်တာက စီနီယာ့ကို ကျုပ်ရဲ့ကိစ္စတွေကို လျှို့ဝှက်ပေးထားဖို့ ပြောချင်တာပါ...”

"ဒီလေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားတွေကို စီနီယာကပဲ သတ်လိုက်တာ၊ ကျုပ်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောပေးရင် ရပါပြီ...”

ကျိုးစွေ့က ပြုံးစိစိဖြင့် သူ၏အကြံကို ပြောလိုက်လေသည်။

"ဘာ၊ မင်းပြောတာက တကယ်လား...”

"ငါ့ကို လျှို့ဝှက်ပေးဖို့ပဲ လိုတာလား။ တခြားအာမခံချက်တွေ မလိုဘူးပေါ့...”

"ငါ့ကိုလည်း ဘာမှ လုပ်စရာ မလိုဘူးပေါ့...”

ဤစကားကို ကြားလိုက်ရချိန်တွင် ထောင်ချီလီမှာ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

ရှေ့မှောက်ရှိ ဤအမျိုးသားသည် သူမအား မည်သည့်အရာမျှ ပြုလုပ်ရန် ရည်ရွယ်ထားခြင်း မရှိဘဲ လျှို့ဝှက်ပေးထားရန်သာ လိုလားနေမည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။

စောစောက သူမ၏ အပြုအမူများကို တွေးမိသွားချိန်တွင် သူမ၏ မျက်နှာလေးမှာ ပို၍ပင် ရှက်သွေးဖြာသွားရပြီး အလွန်အမင်း ရှက်ရွံ့သွားရလေသည်။

မြေကြီးထဲသို့ ခေါင်းထိုးကာ ဖွက်ထားချင်စိတ်များပင် ပေါ်ပေါက်လာရ၏။

ဤအမျိုးသားက သူမအပေါ် မည်သည့် ရည်ရွယ်ချက်မျှ မရှိသည်မှာ သိသာလှပေသည်။

သို့သော် သူမကိုယ်တိုင်ကသာ အတွေးချော်ပြီး အရှက်ကွဲခဲ့ရချေပြီ။

သူမ၏ တစ်သက်တာတွင် ဤမျှလောက် အရှက်ကွဲဖူးခြင်း မရှိခဲ့ပေ။

"ဟုတ်ပါတယ်။ တခြား အာမခံချက်တွေ မလိုပါဘူး… ကျုပ်ကို လျှို့ဝှက်ပေးထားဖို့ပဲ လိုတာပါ...”

"စီနီယာထောင်နဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာ မှန်ပေမဲ့ စီနီယာထောင်က ကတိတည်ပြီး ယုံကြည်ရတဲ့သူဆိုတာ ကျုပ် သိပါတယ်...”

"စီနီယာထောင်က ကျုပ်အတွက် လျှို့ဝှက်ပေးထားမယ်ဆိုရင် ကျန်တာတွေက ပြဿနာ မဟုတ်တော့ပါဘူး...”

"ပြီးတော့ ကျုပ်မှာလည်း တာအိုလက်တွဲဖော် ရှိပါတယ်...”

"စီနီယာထောင်က တိုင်းပြည်ကို လှုပ်ခတ်နိုင်လောက်အောင် လှပပေမဲ့ ကျုပ်ရဲ့ တာအိုလက်တွဲဖော်ကလည်း အလွန်လှပသူပါ...”

"အသက်အရွယ်ကလည်း ပြဿနာတစ်ခုပဲလေ...”

ကျိုးစွေ့က ဖြောင့်မတ်တည်ကြည်သော အမူအရာဖြင့် ပြောလိုက်လေသည်။

သူ ဤသို့ ပြောလိုက်သော်လည်း စောစောကတည်းက ထောင်ချီလီအား 'ချစ်ခြင်းမေတ္တာကူ' ခတ်ထားပြီး ဖြစ်လေသည်။

ဤသို့ဆိုလျှင် ရှေ့မှောက်ရှိ ဤအမျိုးသမီးသည် အခြားသူများထံ သူ၏လျှို့ဝှက်ချက်များကို ပေါက်ကြားနိုင်တော့မည် မဟုတ်ချေ။

မူလက သူသည် ဤကဲ့သို့သော မုဆိုးမကို ပြဿနာ မရှာချင်ခဲ့ပေ။

သို့သော် ဤအမျိုးသမီးက သူ၏ လျှို့ဝှက်ချက်များကို သိသွားခဲ့ပြီ မဟုတ်လော။

သူမကို မသတ်ချင်ပါက ဤကဲ့သို့သော နည်းလမ်းကိုသာ အသုံးပြုနိုင်တော့မည် ဖြစ်၏။

ဤသည်မှာ အမှန်တကယ်ပင် နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိသော အခြေအနေပင် ဖြစ်ပေသည်။

ထို့ပြင် သူမ၏ လင်ယောက်ျား သေဆုံးသွားသည်မှာလည်း နှစ်ပေါင်းထောင်ချီ ရှိနေပြီဖြစ်ပြီး ယခုအခါတွင် သူမမှာ အထီးကျန်နေသူတစ်ဦးသာ ဖြစ်လေသည်။

ဤအမျိုးသမီးကို ပိုင်ဆိုင်လိုက်ရလျှင်လည်း ပြဿနာမရှိနိုင်ပေ။ သူမကို ဆက်လက်၍ မုဆိုးမအဖြစ် မထားနိုင်သည်မှာ သေချာလှ၏။

ကောင်းကင်ဘုံရှိ သူမလင်ယောက်ျား၏ ဝိညာဉ်ကလည်း နားလည်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။

"ဘာ...”

ဤစကားကို ကြားသောအခါ ထောင်ချီလီ၏ လှပသော မျက်ဝန်းများတွင် ဒေါသရိပ်များ ထွက်ပေါ်လာ၏။ သူမသည် ဝမ်းသာမသွားသည့်အပြင် ရင်ထဲတွင် ဒေါသစိတ်များပင် ပေါ်ပေါက်လာရချေသည်။

ဤခွေးကောင်၏ စကားက မည်သည့်အဓိပ္ပာယ်နည်း။

သူ့မှာ တာအိုလက်တွဲဖော် ရှိတယ်ဆိုတာက ဘာသဘောလဲ။

အသက်အရွယ်က ပြဿနာတစ်ခုဆိုတာကကော။

ဤစကားများက သူမကို အထင်သေးနေကြောင်း သိသာလွန်းလှပေသည်။

သူမကို တိုင်းပြည်ကို လှုပ်ခတ်နိုင်လောက်အောင် လှပသည်ဟု ချီးကျူးထားပြီး စကားလုံးများက ချိုသာနေသော်လည်း၊ ဤသည်မှာ ယဉ်ကျေးပျူငှာစွာ ပြောဆိုခြင်းသက်သက်သာ ဖြစ်ကြောင်း သိသာလှ၏။

ဆိုလိုသည်မှာ ဤခွေးကောင်က သူမကို သဘောမကျဘဲ သူမမှာ အသက်ကြီးနေပြီဖြစ်ကာ အလှအပများ ကျဆင်းနေပြီဟု ထင်မှတ်နေခြင်းပင်။

စောစောက သူမ၏ အပြုအမူများမှာ လူပြက်တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူမဘာသာ အတွေးချော်နေခဲ့ခြင်းသာ ဖြစ်လေသည်။

ပိုင်စုကျဲ့မှာ သူမ ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ စောင့်ရှောက်ခဲ့သော သမီးတစ်ယောက်ကဲ့သို့ ဖြစ်နေသော်ငြား ရှေ့မှောက်ရှိ ဤအမျိုးသား၏ အထင်သေးခြင်းကို ခံလိုက်ရသောကြောင့် သူမ ဒေါသထွက်သွားရချေပြီ။

သူမ ထောင်ချီလီသည် မည်မျှပင် အသက်ကြီးနေပါစေ၊ အလွန်တရာ လှပနေဆဲဖြစ်ပြီး သူမကို လိုက်လံပိုးပန်းနေသော အမျိုးသားများမှာ မြို့တစ်မြို့စာပင် အပြည့်ရှိနိုင်ပေသည်။

သို့ရာတွင် ဤခွေးကောင်က သူမအား အသက်ကြီးသည်ဟုပင် အထင်သေးနေသည် မဟုတ်လော။

ဤသည်မှာ အမှန်တကယ်ပင် အဓိပ္ပာယ်မရှိလွန်းရာ သည်းခံနိုင်စွမ်း မရှိတော့ချေ။

အမှန်အတိုင်းဆိုရလျှင် ခုနက ကျိုးစွေ့က သူမကို အနိုင်ကျင့်ချင်နေသည်ဟု ထင်မှတ်ခဲ့စဉ်ကထက်ပင် ပို၍ ဒေါသထွက်နေမိလေသည်။ ဤသည်မှာ သူမ၏ ဆွဲဆောင်မှုနှင့် ဂုဏ်သိက္ခာတို့နှင့်ပါ သက်ဆိုင်သွားပြီ ဖြစ်၏။

"ကျိုးတာအိုရောင်းရင်းက ကျုပ်အပေါ် ဒီလောက်တောင် ယုံကြည်မှုရှိနေမှတော့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောပါဘူး… စိတ်အေးအေးထားပါ… ဒီနေ့ကိစ္စတွေက ကျုပ်တို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်ပဲ ဖြစ်စေရမယ်… မင်းနဲ့ငါရယ်၊ ကောင်းကင်နဲ့ မြေကြီးပဲ သိလိမ့်မယ်… တတိယလူ သိဖို့ဆိုတာ လုံးဝမဖြစ်နိုင်စေရဘူး...”

ထောင်ချီလီက သူမ၏ လှပသော မျက်ဝန်းအစုံဖြင့် ကျိုးစွေ့ကို ကြည့်ရင်း နူးညံ့သိမ်မွေ့သော ပုံစံကို ဖမ်းလိုက်လေသည်။ သို့သော် သူမ၏ စိတ်အတွင်း၌မူ လှောင်ပြောင်နေမိ၏။

'ဟင်း... ဒီလူကတော့ အတော်လေး ရိုးအအနိုင်တာပဲ… လူတွေရဲ့ စိတ်နှလုံးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတယ်ဆိုတာ သူ လုံးဝမသိသေးဘူး… စကားအနည်းငယ်နဲ့ပဲ တခြားသူတွေ ကတိတည်လိမ့်မယ်လို့ ထင်နေတာလား… တကယ်လို့သာ အဲဒီလောက် လွယ်ကူနေမယ်ဆိုရင် ဒီလောကမှာ သစ္စာဖောက်တွေ၊ ကတိမတည်တဲ့လူတွေ ရှိနေမှာ မဟုတ်တော့ဘူး...’ ဟု သူမက တွေးလိုက်မိသည်။

သို့သော်လည်း သူမသည် ဤကိစ္စကို အခြားသူများအား ပေါက်ကြားရန် အစီအစဉ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စကို ပေါက်ကြားအောင် လုပ်ခြင်းဖြင့် သူမအတွက် မည်သည့် အကျိုးအမြတ်မှ ရရှိမည် မဟုတ်သောကြောင့် ဖြစ်၏။

အလွန်ဆုံးရှိလှမှ ထိုလူအား ပြဿနာ အနည်းငယ် ပေးနိုင်ရုံသာ ရှိပေမည်။

သို့ရာတွင် ဤအားနည်းချက်ကိုသာ ဆုပ်ကိုင်ထားနိုင်ပါက ထိုလူအား သူမ၏အမိန့်ကို နာခံစေပြီး စိတ်ကြိုက် ခိုင်းစေနိုင်ပေလိမ့်မည်။

ထိုလူယုတ်မာက သူမကို အသက်ကြီးသည်ဟု အထင်သေးခဲ့သည် မဟုတ်ပါလော။

သူမ၏ အလှတရားများ လျော့ပါးသွားပြီဟု ထင်မှတ်နေသည် မဟုတ်ပါလား။

သူမ၏ ဆွဲဆောင်မှုအောက်တွင် ထိုလူ မူးမူးရူးရူး ဖြစ်သွားချိန်ကျမှ ဘာစကား ပြောဦးမလဲဆိုသည်ကို ကြည့်ရပေမည်။

ထိုအချိန်ကျလျှင် ဤလူသည် သူမ၏ အစေအပါး အစစ်အမှန် ဖြစ်လာပေလိမ့်မည်။

သူမ၏ စိတ်အတွင်း၌ အမျိုးမျိုးသော အကြံအစည်များ ပေါ်ပေါက်လာလေသည်။

"အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ ထောင်စီနီယာရဲ့ စကားကို ကျုပ်ကတော့ အကြွင်းမဲ့ ယုံကြည်ပါတယ်"

ကျိုးစွေ့က ခေါင်းညိတ်ပြလိုက်၏။

ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ' ၏ စွမ်းအားကို ထုတ်ဖော်လိုက်လေသည်။ ကျမ်းစာတိုက်တစ်ခုလုံးတွင် ပျံ့နှံ့နေသော အဆိပ်ငွေ့များကို ခဏချင်းအတွင်း ဝါးမျိုပစ်လိုက်ပြီး အစာအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထောင်ချီလီ၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကိုပင် 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ' က ဖြေရှင်းပေးလိုက်၏။ ထို့ကြောင့် ထောင်ချီလီ၏ ကျင့်ကြံမှုစွမ်းအားများ ပြန်လည်နိုးထလာလေသည်။ ယခင်ကကဲ့သို့ နုံးချည့်နေခြင်းမျိုး မရှိတော့ချေ။

"မင်းမှာ အဆိပ်ဖြေနိုင်တဲ့ ဒီလိုနည်းလမ်းတွေလည်း ရှိနေတာလား...”

ထောင်ချီလီမှာ များစွာ အံ့အားသင့်သွားရ၏။

သူမသည် ရှေ့တွင်ရှိသော ဤလူအား ပို၍ ပို၍ လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားလာရသည်။ ဤလူသည် အောက်ဘုံလောကမှ တက်လှမ်းလာသော ကျင့်ကြံသူတစ်ဦးသာ ဖြစ်၏။

ပုံမှန်အားဖြင့် အောက်ဘုံလောကမှ နည်းလမ်းများ မည်မျှပင် များပြားစေကာမူ ဝိညာဉ်လောကရှိ ကျင့်ကြံသူများကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။ သို့သော် ဤလူမှာမူ ထူးခြားချက်များစွာ ရှိနေပြီး သူ၏ နည်းလမ်းများမှာလည်း အံ့မခန်းနိုင်အောင် များပြားလှသည်။

ဝိညာဉ်လောကမှ ကျင့်ကြံသူဖြစ်သော သူမပင်လျှင် သူ့ကို မယှဉ်နိုင်ချေ။ ဤသည်ကို နှိုင်းယှဉ်ကြည့်ပါက သူမတို့ကသာ အောက်ဘုံလောကမှ ကျင့်ကြံသူများအလား ဖြစ်နေပြီး ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။

အမှန်အတိုင်း ဆိုရလျှင် သူမသည် ဤလူအပေါ် ပို၍ ပို၍ စိတ်ဝင်စားလာကာ သူ၏ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များ အားလုံးကို တူးဖော်ကြည့်လိုစိတ်များ ပြင်းပြလာလေသည်။

"ဒါက ကျုပ်ရဲ့ ဝှက်ဖဲလေး အချို့ပါပဲ။ ဒီကိစ္စ ပြေလည်သွားပြီဆိုတော့ ကျန်တာတွေကို စီနီယာပဲ တာဝန်ယူပေးပါတော့...”

ကျိုးစွေ့က ထိုသို့ပြောပြီးနောက် 'တည်နေရာပြောင်းကူ' ကို အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်း ထိုနေရာမှ ထွက်ခွာသွားလေသည်။ သူ၏ အရှိန်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှ၏။

'ဒီလူ့ဆီမှာ လျှို့ဝှက်ချက်တွေနဲ့ နည်းလမ်းတွေ အများကြီး ရှိနေတာပဲ။ တကယ်လို့ လမ်းခုလတ်မှာ အန္တရာယ်မကြုံခဲ့ဘူးဆိုရင် သူက ဒုတိယမြောက် လူသားဧကရာဇ် ဖြစ်လာနိုင်တယ်' ဟု ထောင်ချီလီက တွေးတောရင်း သူမ၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပလာလေသည်။

All Chapters