← Chapters

အခန်း (၇၄၃-၇၄၄)

Vol. 70 Ch. 743-744

အခန်း (၇၄၃-၇၄၄)

Vol. 70 Ch. 743-744

အခန်း (၇၄၃) - သခင်မထောင်... အရှင်မလည်း မသေချင်ဘူးမလား၊ မျက်နှာများသည့် လူယုတ်မာ(၃)။

ရွှစ်… ရွှစ်… ရွှစ်…။

ထိုအချိန်တွင် ကျမ်းစာတိုက်အတွင်း သတိမေ့မြောနေသော ကျင့်ကြံသူများမှာ တစ်ဦးပြီးတစ်ဦး ပြန်လည်နိုးထလာကြသည်။ သူတို့သည် ပရမ်းပတာ ဖြစ်နေသော ကျမ်းစာတိုက်၏ အခြေအနေကို မြင်တွေ့ရလျှင် များစွာ တုန်လှုပ်သွားကြ၏။

"အကြီးအကဲ... ခုနက လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိတဲ့ မျိုးနွယ်ခြားသက်ရှိတွေကော ဘယ်ရောက်ကုန်ပြီလဲ...”

လူအများအပြားက သိလိုစိတ်ဖြင့် မေးမြန်းကြလေသည်။ ခုနကမူ သူတို့သည် သေရတော့မည်ဟု ထင်မှတ်ထားကြခြင်း ဖြစ်၏။

ထိုမျှများပြားလှသော လေဟာနယ်သန့်စင်ခြင်းအဆင့် ရန်သူများကို ခေါင်းဆောင်တစ်ဦးတည်းနှင့် ခုခံနိုင်မည်မဟုတ်ဘဲ အစီအရင် ပျက်စီးသွားသည်နှင့် သူတို့အားလုံး သေဆုံးရတော့မည်ဟု ယူဆထားကြခြင်း ဖြစ်လေသည်။

သို့သော် ယခု နိုးလာချိန်တွင်မူ သူတို့မှာ အသက်ရှင်လျက် ရှိနေသေးသည်ကို တွေ့ရှိလိုက်ရ၏။ ကြမ်းကြုတ်လှသော မျိုးနွယ်ခြားသက်ရှိများမှာမူ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။

"မစိုးရိမ်ကြပါနဲ့၊ သူတို့အားလုံးကို ငါသတ်လိုက်ပြီ… ယခုတော့ ယာယီအားဖြင့် ဘေးကင်းသွားပြီ… ဒါပေမဲ့ ဖုန်းရှီးမြို့အတွင်းမှာ မျိုးနွယ်ခြားသက်ရှိတွေ အများကြီး သောင်းကျန်းနေဆဲမို့ ဘယ်နေရာကိုမှ လျှောက်မသွားကြနဲ့...”

ထောင်ချီလီက လေဟာနယ်သန့်စင်ခြင်းအဆင့်နှောင်းပိုင်း၏ ဖိအားများကို ထုတ်ဖော်ကာ ကျမ်းစာတိုက်တစ်ခုလုံးကို လွှမ်းခြုံ၍ ပြောလိုက်၏။

"ဟုတ်ကဲ့ပါ၊ အကြီးအကဲ...”

ထိုစကားကို ကြားသောအခါ ကျင့်ကြံသူများက ထောင်ချီလီကို အလွန်အမင်း ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ မျိုးနွယ်ခြားသက်ရှိများကို အကြီးအကဲတစ်ဦးတည်းဖြင့် သတ်ဖြတ်နိုင်သည်ဆိုခြင်းက သူမ၏ စွမ်းအားမှာ မည်မျှနက်ရှိုင်းသည်ကို ပြသနေပေသည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်၏အနားတွင် နေရခြင်းက သူတို့အတွက် အလွန်ပင် လုံခြုံမှုရှိသည်ဟု ခံစားရစေ၏။

ပတ်ဝန်းကျင်မှ ကြည်ညိုသော အကြည့်များကို မြင်သောအခါ ထောင်ချီလီမှာ အနည်းငယ် စိတ်မလုံသလို ခံစားလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် ထိုမျိုးနွယ်ခြားသက်ရှိများကို သူမကိုယ်တိုင် သတ်ခဲ့ခြင်းမဟုတ်ဘဲ ထိုအမျိုးသား၏ အားစိုက်ထုတ်မှုကြောင့်သာ ဖြစ်သောကြောင့်ပင်။

သူမသည် အခြားသူ၏ ဂုဏ်ပုဒ်ကို လုယူနေသကဲ့သို့ ဖြစ်နေ၏။ သို့သော်လည်း ထိုလူမှာလည်း ဤဂုဏ်ပုဒ်ကို လာရောက် တောင်းဆိုလိမ့်မည် မဟုတ်သောကြောင့် စိတ်အေးသွားရလေ၏။

ဤသည်မှာ ထိုလူအတွက် လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးခြင်းကြောင့် ရရှိသော အဖိုးအခဟုသာ မှတ်ယူလိုက်တော့သည်။ လူတိုင်းသည် မိမိတို့ လိုအပ်ချက်ကို အသီးသီး ရယူကြခြင်းသာ ဖြစ်၏။

ထိုလူ၏ အစွမ်းအစနှင့်ဆိုလျှင် သူ၏ ကျင့်ကြံမှုအတွက် ဤကဲ့သို့သော ဂုဏ်ပုဒ်များကို လိုအပ်လိမ့်မည် မဟုတ်ပေ။

.........

ထိုအချိန်တွင် ကျိုးစွေ့သည် ‘တည်နေရာပြောင်းကူ’ ကို အသုံးပြုကာ အမှတ် (၈၈) တာအိုကျောင်းတော်သို့ ပြန်ရောက်လာပြီ ဖြစ်၏။

သူသည် ကျောင်းတော်သို့ အလျင်အမြန် ပြန်လာရခြင်းမှာ ပိုင်စုကျဲ့တွင် အန္တရာယ်ရှိနေသည်ကို အာရုံခံမိသောကြောင့် ဖြစ်လေသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိသော ရန်သူနှစ်ဦးသည် ပိုင်စုကျဲ့ရှိရာ နေရာသို့ ပျံသန်းသွားနေကြလေသည်။ သိသာထင်ရှားသည်မှာ ၎င်းတို့သည် ပိုင်စုကျဲ့ကို အထူးတလည် လာရောက် ရှာဖွေခြင်း ဖြစ်၏။

ဝှစ်...။

မျက်စိတစ်မှိတ်အတွင်း ကျိုးစွေ့သည် ပိုင်စုကျဲ့ရှိရာ ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ပိုင်စုကျဲ့သည် တံခါးပိတ် ကျင့်ကြံနေဆဲ ဖြစ်ပြီး အပြင်လောကတွင် ဖြစ်ပျက်နေသည်များကို မသိရှိသေးပေ။

သူမသည် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ရရှိပြီးနောက် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် အာရုံစူးစိုက် ကြိုးပမ်းနေခြင်း ဖြစ်၏။ အကယ်၍ အသက်အန္တရာယ်နှင့် မကြုံတွေ့ရပါက သူမသည် ခဏချင်းနှင့် ထွက်လာမည့်ပုံ မရှိချေ။

"ရုပ်သေးမျိုးနွယ်ရဲ့ သတင်းတွေအရဆိုရင် ရှေ့မှာရှိတာ လူသားဧကရာဇ်ရဲ့ သမီးတော် ပိုင်စုကျဲ့ နေထိုင်တဲ့နေရာပဲ"

"အိုး... လူသားဧကရာဇ်ရဲ့ သမီးတော်က ဒီလို ဝေးလံခေါင်ဖျားတဲ့ မြို့ကို ဘာလို့ လာရတာလဲ။ တစ်ခုခု ကြံစည်နေတာလား"

"မသိဘူး... ဒါပေမဲ့ ဘာပဲကြံစည်နေနေ သူ့ကို ဖမ်းလိုက်ရုံပဲ"

"ဘာလို့ ဖမ်းမှာလဲ... တိုက်ရိုက် သတ်ပစ်လိုက်လို့ မရဘူးလား။ အဲဒီ လူသားဧကရာဇ် အဘိုးကြီးက ငါတို့ မျိုးနွယ်စု သုံးခုရဲ့ အသက်ပေါင်းများစွာကို သတ်ခဲ့တာ… ဒါက ရန်ငြိုးအဟောင်းတွေပဲ။ အခု သူ့သမီးကို သတ်လိုက်တာက ငါ့အတွက် လက်စားချေတာပဲ…"

"မိုက်မဲလိုက်တာ။ လူသားဧကရာဇ် သမီးကို သတ်လိုက်လို့ ဘာထူးမှာလဲ။ ဒေါသဖြေရုံပဲ ရှိမယ်။ ဒါပေမဲ့ သူ့ကို အရှင်ဖမ်းမိရင်တော့ ငါတို့အတွက် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်။ ဥပမာ ငါတို့ရဲ့ အကြီးအကဲတွေ အများကြီးကို လူသားတွေ ဖမ်းထားပြီး မြို့တော်အကျဉ်းထောင်မှာ ပိတ်ထားကြတာ။ ဒီသမီးတော်ကိုသာ ဖမ်းမိရင် ငါတို့ အကြီးအကဲတွေနဲ့ ပြန်လဲလို့ ရနိုင်တယ်"

"အော်... အဲဒီလိုလား။ အဲဒါဆိုရင်တော့ ငါတို့ တာဝန်က လုံးဝ အမှားခံလို့ မဖြစ်ဘူးပေါ့"

"တခြားလူတွေက ဖုန်းရှီးမြို့ရဲ့ အစီအရင်တွေကို တိုက်ခိုက်နေတုန်း ငါတို့က သမီးတော်ကို အရှင်ဖမ်းမယ်။ ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ သတင်းတွေအရဆိုရင် အဲဒီ သမီးတော်က နတ်ဘုရားအသွင်ပြောင်း ပြီးပြည့်စုံခြင်းအဆင့်ပဲ ရှိသေးတာ။ တစ်ခဏအတွင်း အရှင်ဖမ်းလို့ ရတယ်"

"ဒါဆိုရင်လည်း ငါတို့ သတိထားရမယ်။ တခြားသူတွေ မတွေ့အောင် လုပ်ရမယ်။ ခြေရာလက်ရာ မကျန်စေနဲ့"

"တကယ်တော့ ဒီနားက လူသားအားလုံးကို သတ်ပစ်ချင်တာ။ ဒါပေမဲ့ အလုပ်ပြီးမြောက်ဖို့အတွက် သူတို့ အသက်ကို ခဏတော့ ချမ်းသာပေးလိုက်မယ်။ ငါတို့ရဲ့ တာဝန်က ပိုအရေးကြီးတယ်"

စကားပြောနေကြသည်မှာ လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိသော မြွေပျံနှစ်ကောင် ဖြစ်၏။

သူတို့သည် ဟင်းလင်းပြင်အတွင်း ကိုယ်ရောင်ဖျောက်ကာ တိမ်လွှာများကို စီးနင်းလျက် အံ့မခန်းအရှိန်ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်လေသည်။ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အမှတ် (၈၈) တာအိုကျောင်းတော်၏ အစီအရင်များကို လွယ်လွယ်ကူကူ ဖြတ်ကျော်လာနိုင်ခဲ့ပြီး ရုပ်သေးမျိုးနွယ်က ပေးထားသော သတင်းများအရ ပိုင်စုကျဲ့၏ တိကျသော တည်နေရာကိုလည်း ရှာတွေ့သွားကြလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ပိုင်စုကျဲ့ရှိရာ ခြံဝင်းအတွင်းသို့ ရောက်ရှိလာကြ၏။ သို့သော်လည်း သူတို့၏ ရှေ့တွင် နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိသော လူသားတစ်ဦးက ပိတ်ဆို့ထားသည်ကို တွေ့ရှိလိုက်ရ၏။

"လေဟာနယ်သန့်စင်ခြင်းအဆင့် မြွေပျံနှစ်ကောင်ပါလား။ သက်တမ်းကတော့ ဆယ်နှစ်ပဲ ကျန်တော့တယ်။ သတ်လို့ရတယ်…"

ကျိုးစွေ့က နှလုံးသားမျက်လုံး စွမ်းအားဖြင့် ကြည့်လိုက်ရာ ထိုမြွေပျံနှစ်ကောင်၏ သက်တမ်းကို ချက်ချင်း သိရှိသွားလေသည်။

၎င်းတို့မှာ အလွန်ပင် အိုမင်းနေကြပြီဖြစ်ပြီး သက်တမ်း ဆယ်နှစ်သာ ကျန်တော့ချေသည်။ သူ၏အတွက်မူ ဤသည်မှာ ရင်ဆိုင်နိုင်သော ရန်သူမျိုး ဖြစ်၏။

အကယ်၍ အမှန်တကယ် ရင်ဆိုင်ရန် ခက်ခဲပါက သူသည် ပိုင်စုကျဲ့ကို ခေါ်ဆောင်ကာ ထွက်ပြေးပေလိမ့်မည်။ သူသည် မည်သည့် ရန်သူကိုမှ မကြောက်ပေ။

မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ၊ ရှန်းဟိုင်ပုလဲ၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက် ပုန်းအောင်းလိုက်ပါက ရန်သူသည် သူ့ကို မည်သို့မှ လုပ်နိုင်မည် မဟုတ်ချေ။

"နုံချာလှတဲ့ လူသား နတ်ဘုရားအသွင်ပြောင်းအဆင့်လေးကများ..."

"ဒီလောက်တောင် မောက်မာရဲတယ်ပေါ့"

"ငါတို့ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲရအောင် မင်းကို ဘယ်သူက သတ္တိတွေ ပေးထားတာလဲ"

လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ မြွေပျံနှစ်ကောင်သည် ဤစကားကို ကြားသောအခါ ချက်ချင်းပင် ဒေါသအိုးပေါက်ကွဲသွားလေတော့သည်။

မည်သည့်နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူမဆို ၎င်းတို့နှင့်တွေ့လျှင် ကြောက်ဒူးတုန်ကာ အသက်ပျောက်မတတ် ဖြစ်ရသည်သာ မဟုတ်ပါလော။ အချို့ဆိုလျှင် ဒူးထောက်ကာ အသက်ချမ်းသာပေးရန်ပင် အသနားခံကြပေလိမ့်မည်။

သို့ရာတွင် ယခုမူ ဤလူငယ်က ၎င်းတို့အား သတ်ဖြတ်နိုင်သည်ဟု ပြောဆိုဝံ့နေချေပြီ။

ဤသည်မှာ ၎င်းတို့အား အသတ်ခံရမည့် သိုးသူငယ်များကဲ့သို့ သဘောထားနေခြင်းပင် ဖြစ်လေသည်။ ဤသည်ကို ၎င်းတို့ လုံးဝသည်းမခံနိုင်ချေ။

ဝုန်း...။

ထိုလေဟာနယ်သန့်စင်ခြင်းအဆင့် မြွေပျံနှစ်ကောင် တစ်စုံတစ်ရာ မပြောနိုင်သေးမီမှာပင် ကျိုးစွေ့က ကုယုံဆန်းကြယ်အလင်း လျှို့ဝှက်ပညာရပ်ကို ချက်ချင်းထုတ်ဖော်လိုက်၏။

မီးခိုးရောင်အလင်းတန်းနှစ်ခုသည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ဘာ…။

ထိုလေဟာနယ်သန့်စင်ခြင်းအဆင့် မြွေပျံနှစ်ကောင်မှာ ချက်ချင်းပင် ကြောင်အမ်းသွားကြ၏။ ၎င်းတို့သည် မိမိတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်သကဲ့သို့ ပြူးကြည့်နေကြလေသည်။

ဤအခိုက်အတန့်တွင် ၎င်းတို့၌ ကျန်ရှိနေသော သက်တမ်းများအားလုံး ချက်ချင်းပင် လုယူခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ သေခြင်းတရား၏ အငွေ့အသက်များသည် ၎င်းတို့၏ တစ်ကိုယ်လုံးသို့ ချက်ချင်းပျံ့နှံ့သွား၏။

တစ်စုံတစ်ရာ စကားပင် မဆိုနိုင်သေးမီမှာပင် ၎င်းတို့၏ မျက်လုံးများမှာ အရောင်အဆင်း ကင်းမဲ့သွားကာ ဧရာမမြွေနဂါးကြီးများ၏ ခန္ဓာကိုယ်မှာ ဝေဟင်မှ မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေတော့သည်။

တိုက်ကွက်တစ်ချက်တည်းဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ မြွေပျံကြီးနှစ်ကောင်ကို သုတ်သင်နိုင်ခဲ့ချေပြီ။

ကုယုံဆန်းကြယ်အလင်း လျှို့ဝှက်ပညာရပ်၏ စွမ်းပကားမှာ အမှန်တကယ်ပင် အံ့မခန်းလှပေသည်။

'ကုယုံဆန်းကြယ်အလင်း လျှို့ဝှက်ပညာရပ်က တကယ်ကို ထူးခြားတာပဲ။ ဒါက အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တဲ့ အတုမရှိ တန်ခိုးစွမ်းအားတစ်ခုပဲ။ စွမ်းအားက တကယ်ကို ကြီးမားလွန်းတယ်'

ကျိုးစွေ့က တွေးလိုက်မိ၏။

ကျိုးစွေ့က လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ထိုမြွေပျံနှစ်ကောင်၏ အလောင်းများကို ရှန်းဟိုင်ပုလဲ အတွင်းနေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည်။

၎င်းတို့ကို သုတ်သင်ပြီးနောက် အခြားလေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ မျိုးနွယ်ခြားသက်ရှိ ကျင့်ကြံသူများ ထပ်မံရောက်ရှိလာမည် မဟုတ်တော့ဟု ခန့်မှန်းရလေသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဖုန်းရှီးမြို့ရှိ လူသားကျင့်ကြံသူများက တန်ပြန်တိုက်စစ် စတင်နေပြီ ဖြစ်သောကြောင့်ပင်။

ဝုန်း...။

ချက်ချင်းပင် ဖုန်းရှီးမြို့ တစ်မြို့လုံးရှိ သတ္တမအဆင့် အစီအရင်ကြီးမှာ လှုပ်ရှားလာကာ ကမ္ဘာမြေကြီးပင် တုန်ဟီးသွားလေသည်။ ကောင်းကင်ထက်တွင် နီရဲသောနေမင်းကိုးစင်း ပေါ်ထွက်လာသကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် အပူရှိန်များကို ထုတ်လွှတ်နေ၏။ ဤသည်မှာ သတ္တမအဆင့် အထွတ်အထိပ်အစီအရင် ဖြစ်သော ကိုးရောင်ခြည်နေမင်း အစီအရင်ကြီးပင် ဖြစ်လေသည်။

ချက်ချင်းဆိုသလိုပင် ဖုန်းရှီးမြို့ တစ်မြို့လုံးမှာ ကမ္ဘာငယ်တစ်ခုသဖွယ် ပြောင်းလဲသွားကာ ပတ်ပတ်လည်ရှိ မြို့ရိုးများမှာ လေဟာနယ် အတားအဆီးများ ဖြစ်သွားတော့သည်။ မြို့တော်မှာ လုံးဝန်းသော အကာအကွယ်တစ်ခုအတွင်း ပိတ်မိသွားသကဲ့သို့ ဖြစ်နေပေသည်။

မည်သူမျှ ဤနေရာမှ ဝင်ထွက်၍ မရနိုင်တော့ဘဲ လုံးဝပိတ်ဆို့ခြင်း ခံလိုက်ရချေသည်။ သိသာထင်ရှားစွာပင် ထိုမျိုးနွယ်ခြားသက်ရှိ ကျင့်ကြံသူများသည် ဖုန်းရှီးမြို့၏ သတ္တမအဆင့် အစီအရင်ကို ပထမဦးစွာ မဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် ၎င်းတို့၏ အစီအစဉ်မှာ ကျရှုံးသွားရန် သတ်မှတ်ပြီးသား ဖြစ်နေပေသည်။

ခဏအတွင်းမှာပင် ကောင်းကင်ထက်ရှိ နေမင်းကိုးစင်းပေါ်တွင် များပြားလှသော မန္တန်အက္ခရာများ ပေါ်ထွက်လာကာ နက်ရှိုင်းသော လျှို့ဝှက်ချက်များကို သယ်ဆောင်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော အနီရောင် အလင်းတန်းများသည် မျိုးနွယ်ခြားသက်ရှိတိုင်းကို ချက်ချင်းပင် ပစ်မှတ်ထားလိုက်တော့သည်။

အခန်း (၇၄၄) - သခင်မထောင်... အရှင်မလည်း မသေချင်ဘူးမလား၊ မျက်နှာများသည့် လူယုတ်မာ(၄)။

ဝုန်း... ဝုန်း... ဝုန်း...။

ထိုမျိုးနွယ်ခြားသက်ရှိများမှာ ဘာဖြစ်မှန်းပင် မသိလိုက်ဘဲ အနီရောင် အလင်းတန်းများ၏ ထိမှန်ခြင်းကို ခံလိုက်ရကာ ခန္ဓာကိုယ်များမှာ ချက်ချင်းပင် အရည်ပျော်သွားပြီး ပြာအဖြစ်သို့ လောင်ကျွမ်းသွားရလေတော့သည်။ ထိုမျိုးနွယ်ခြားသက်ရှိများ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ သေခြင်းတရားမှ လွတ်မြောက်ရန် ခဲယဉ်းလှသည်။

'အခြေအနေတွေက ပြီးဆုံးသွားပြီ ထင်တာပဲ'

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် မျက်လုံးကို အသာအယာ မှေးလိုက်မိလေသည်။

ဖုန်းရှီးမြို့ရှိ လူသားကျင့်ကြံသူများမှာ ရုတ်တရက် တိုက်ခိုက်ခံရခြင်းကြောင့် အနည်းငယ် ပြင်ဆင်မှု အားနည်းသကဲ့သို့ ရှိသော်လည်း အနည်းနှင့်အများတော့ စွမ်းဆောင်ရည် ရှိကြပေသည်။ ၎င်းတို့ သတိဝင်လာသည်နှင့် ထိုမျိုးနွယ်ခြားသက်ရှိ သက်ရှိအားလုံးကို အမြစ်ပြတ် သုတ်သင်လိုက်နိုင်ကြ၏။

သို့သော် သူမှာမူ သာမန်နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သဖြင့် ဤကဲ့သို့သော စစ်ပွဲမျိုးတွင် ပါဝင်ပတ်သက်ရန် မလိုအပ်ချေ။ သူသည် လူသိမခံဘဲ အသာလေးသာ နေနေရန် ဆုံးဖြတ်လိုက်လေသည်။

.........

ရက်အနည်းငယ် ကြာပြီးနောက်။

ဖုန်းရှီးတာအိုအရှင်သည် စစ်တပ်ကြီးကို ဦးဆောင်ကာ မိုးကြိုးတောင်တန်းမှ ဖုန်းရှီးမြို့သို့ ပြန်လည်ရောက်ရှိလာ၏။ လူစုမှာ ခရီးပန်းလာပုံရပြီး တစ်ကိုယ်လုံးတွင် သွေးစွန်းကာ အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေပေသည်။

၎င်းမှာ ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲခဲ့ရကြောင်း ထင်ရှားလှ၏။ သို့သော် တိုက်ပွဲရလဒ်မှာမူ အလွန်ပင် တောက်ပလှပေသည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ မြွေပျံ အလောင်းတစ်လောင်းကို သယ်ဆောင်လာနိုင်ခဲ့သော်လည်း ရုပ်သေးမျိုးနွယ်နှင့် ရွှေဖားမျိုးနွယ်မှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်။

သို့သော် ၎င်းတို့နှစ်ဦးမှာလည်း ဖုန်းရှီးတာအိုအရှင်ကြောင့် ပြင်းထန်သော ဒဏ်ရာများရသွားသဖြင့် အချိန်တိုအတွင်းတွင် ထပ်မံ၍ ပြဿနာရှာနိုင်ဦးမည် မဟုတ်ချေ။

ကျန်ရှိသော စစ်တပ်သုံးခုမှာလည်း လုံးဝချေမှုန်းခံလိုက်ရကာ သေကျေဒဏ်ရာရသူ အမြောက်အမြား ရှိခဲ့လေသည်။ ဤတိုက်ပွဲမှာ လူသားတို့၏ ကြီးကျယ်သော အောင်ပွဲဖြစ်သည်ဟု ဆိုရပေမည်။

ဖုန်းရှီးမြို့အတွင်း ဖြစ်ပွားခဲ့သော ဆူပူသောင်းကျန်းမှုများမှာလည်း လျင်မြန်စွာပင် ငြိမ်သက်သွားခဲ့၏။

ဖုန်းရှီးမြို့အတွင်းသို့ ခိုးဝင်လာသော မျိုးနွယ်ခြားသက်ရှိ ကျင့်ကြံသူများမှာ သတ္တမအဆင့် အထွတ်အထိပ် အစီအရင်ဖြစ်သော ကိုးရောင်ခြည်နေမင်း အစီအရင်ကြီး စတင်လှုပ်ရှားလိုက်သည်နှင့် အစီအရင်၏ စွမ်းအားဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရကာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားရပြီး အရိုးပင် မကျန်ရစ်တော့ချေ။

သို့သော် ဖုန်းရှီးမြို့ရှိ အဆောက်အဦး အများအပြားမှာမူ ဤတိုက်ခိုက်မှုကြောင့် အတော်အတန် ပျက်စီးသွားခဲ့ရ၏။ လူအချို့လည်း အသက်ဆုံးရှုံးခဲ့ရပေသည်။

သို့ရာတွင် မျိုးနွယ်ခြားသက်ရှိ အင်အားစုများကို သုတ်သင်နိုင်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက အလွန်ကြီးမားသော အောင်ပွဲတစ်ခုပင် ဖြစ်လေသည်။

"မြို့စားမင်းကို ဂုဏ်ပြုပါတယ်"

"မြွေပျံမျိုးနွယ်က ခန္ဓာပေါင်းစည်းခြင်းအဆင့် တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တာပဲ"

ဖုန်းရှီးမြို့ရှိ ကျင့်ကြံသူ အများအပြားက ဝိုင်းဝန်းဂုဏ်ပြုကြလေသည်။

အဆင့်တူ ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်ခြင်း၊ ၎င်းမှာ မျိုးနွယ်ခြားသက်ရှိ ကျင့်ကြံသူ ဖြစ်နေခြင်းမှာ လူသားမျိုးနွယ်တစ်ခုလုံးကို တုန်လှုပ်စေရန် လုံလောက်လှပြီး အလွန်ကြီးမားသော စွမ်းဆောင်ချက်တစ်ခုပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် မြွေပျံမျိုးနွယ်ကဲ့သို့သော မျိုးနွယ်စုတွင်ပင် ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ ပုဂ္ဂိုလ်ကြီးများမှာ အလွန်ပင် ရှားပါးသောကြောင့်ပင်။

တစ်ဦးသေဆုံးသွားပါက ထိုနေရာကို ပြန်လည်ဖြည့်ဆည်းနိုင်ရန် မည်မျှကြာအောင် စောင့်ဆိုင်းရမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။

ယခုအခါ ဖုန်းရှီးတာအိုအရှင်က တစ်ဦးကို သတ်ဖြတ်လိုက်နိုင်သဖြင့် မြွေပျံမျိုးနွယ်မှာ မည်မျှကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

"နှမြောစရာပဲ၊ ရုပ်သေးမျိုးနွယ်နဲ့ ရွှေဖားမျိုးနွယ်က ခန္ဓာပေါင်းစည်းခြင်းအဆင့် နှစ်ယောက် လွတ်သွားတယ်…"

"ဒီမျိုးနွယ်စုနှစ်ခုက စွမ်းရည်မှာ သိပ်မပြောပလောက်ပေမဲ့ ထွက်ပြေးတဲ့နေရာမှာတော့ တော်တော်လေး ကျွမ်းကျင်ကြတယ်…"

ဖုန်းရှီးတာအိုအရှင်က မကျေမနပ် ပြောလိုက်၏။

သူမသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် သုံးဦးလုံးကို တစ်ပြိုင်နက်တည်း အမြစ်ပြတ် သုတ်သင်နိုင်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်လေသည်။

သို့သော် အခြားခန္ဓာပေါင်းစည်းခြင်းအဆင့် နှစ်ဦး၏ ထွက်ပြေးနိုင်စွမ်းကို သူမ အနည်းငယ် အထင်သေးခဲ့မိသည်။ တစ်ဖက်လူက အသက်လုကာ ထွက်ပြေးရန်သာ အာရုံစိုက်နေပါက ဖမ်းဆီးရန်မှာ မလွယ်ကူလှချေ။

ဤစကားကို ကြားသောအခါ ကျင့်ကြံသူ အများအပြားမှာ ဆွံ့အသွားကြ၏။

မြို့စားမင်းကြီးမှာ လူသားမျိုးနွယ်တွင် နာမည်ကျော်ကြားလှသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူပီသလှပေသည်။ တစ်ယောက်တည်းနှင့် သုံးယောက်ကို တိုက်ခိုက်ကာ သုံးယောက်လုံးကို သတ်ဖြတ်နိုင်မည်ဟု ပြောဆိုဝံ့သူမှာ ဤမြို့စားမင်းကြီး တစ်ဦးတည်းသာ ရှိပေလိမ့်မည်။

"အင်း၊ မင်းတို့လည်း ဒီတစ်ခေါက် တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့ကြတယ်လို့ ကြားတယ်…"

"ဒီတစ်ခေါက်မှာ မျိုးနွယ်စုသုံးခုပေါင်းပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူ အယောက်ပေါင်း ဆယ်နဲ့ချီ လွှတ်လိုက်ပြီး ဖုန်းရှီးမြို့ကို အကြီးအကျယ် ဖျက်ဆီးခိုင်းတယ်လို့ သိရတယ်…"

"မင်းတို့အားလုံးက ဒါကို ဖြေရှင်းနိုင်ခဲ့ပြီး ဖုန်းရှီးမြို့ကို ကြီးကြီးမားမား ဆုံးရှုံးမှု မရှိအောင် တားဆီးနိုင်ခဲ့တာပဲ…"

ဖုန်းရှီးတာအိုအရှင်က သူမ၏ လက်အောက်ငယ်သားများကို ကျေနပ်စွာ ကြည့်လိုက်၏။

သူမသည် ဖုန်းရှီးမြို့အနေဖြင့် ထိုးနှက်ချက်အပြင်းအထန် ရရှိလိမ့်မည်ဟု အစောပိုင်းက ထင်မှတ်ထားခဲ့ခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုမျိုးနွယ်စုသုံးခုကို လှည့်စားရန်အတွက် သူမသည် အထူးချွန်ဆုံး ကျင့်ကြံသူများကို ခေါ်ဆောင်သွားခဲ့ခြင်းကြောင့်ပင်။

သို့မဟုတ်ပါက ရန်သူမှာလည်း ငတုံးမဟုတ်သဖြင့် အလွယ်တကူ အယုံသွင်းခံရမည် မဟုတ်ချေ။

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ ဖုန်းရှီးမြို့တွင် ကျန်ရစ်ခဲ့သော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက ရန်သူကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီး ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ သူမ၏ ခန့်မှန်းချက်ထက်ပင် ကျော်လွန်နေသည်။

သူမ၏ မျှော်မှန်းချက်ထက် အနည်းငယ် သာလွန်နေကြောင်း ဝန်ခံရပေမည်။

"တကယ်တော့ အားလုံးက မမထောင်ရဲ့ စွမ်းဆောင်ချက်တွေပါ"

"ဒီတစ်ခေါက် ကျမ်းစာတိုက်ကို လာတိုက်တဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားသက်ရှိ ခြောက်ယောက်ရှိပါတယ်"

"ဒါပေမဲ့ အဲဒီခြောက်ယောက်လုံးကို မမထောင်က အလွယ်တကူပဲ နှိမ်နင်းနိုင်ခဲ့တာပါ"

"အဲဒီနောက်မှာလည်း မမထောင်က သတ္တမအဆင့် အစီအရင်ကြီးကို လှုပ်ရှားစေပြီး ကျန်နေတဲ့ မျိုးနွယ်ခြားသက်ရှိ လေဟာနယ်သန့်စင်ခြင်းအဆင့်တွေကို သုတ်သင်ဖို့ ကျွန်မတို့ကို ကူညီခဲ့တာပါ"

"မမထောင်သာ မရှိရင် ကျွန်မတို့တွေ ဒီလောက်လွယ်လွယ်ကူကူနဲ့ မျိုးနွယ်ခြားသက်ရှိတွေကို သုတ်သင်နိုင်မှာ မဟုတ်ပါဘူး"

စကားပြောလိုက်သူမှာ ဟွားစစ်ချင် ဖြစ်ပြီး သူမက အောင်မြင်မှုအားလုံးကို ထောင်ချီလီ၏ အပေါ်သို့ ပုံချပေးလိုက်၏။

ဤတိုက်ပွဲတွင် မျိုးနွယ်ခြားသက်ရှိများကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့ခြင်းမှာ ထောင်ချီလီက ရုတ်တရက် အစွမ်းပြကာ မျိုးနွယ်ခြားသက်ရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် အများအပြားကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

အကယ်၍ ထောင်ချီလီက မလှုပ်ရှားခဲ့ပါက ဖုန်းရှီးမြို့အနေဖြင့် ပိုမိုကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အနိုင်ရရှိမည်မှာ သေချာသော်လည်း မည်မျှအထိ ဆုံးရှုံးမည်ကို ခန့်မှန်းရခက်လှပေသည်။

"အိုး…၊ ချီလီ မင်းမှာ ဒီလို စွမ်းရည်မျိုး ရှိနေတာလား"

ဤစကားကို ကြားသောအခါ ဖုန်းရှီးတာအိုအရှင်မှာလည်း အံ့အားသင့်သွား၏။

သူမသည် ဤညီမငယ်အား ကောင်းစွာသိသည်ဟု ထင်ခဲ့မိသည်။ ပါရမီ ထူးချွန်သော်လည်း တိုက်ခိုက်ရေးတွင် မကျွမ်းကျင်ဘဲ ဖုန်းရှီးမြို့၏ တစ်ဦးတည်းသော သတ္တမအဆင့် အစီအရင်ပညာရှင်၊ အစစ်အမှန် ပါရမီရှင်တစ်ဦးအဖြစ်သာ သူမ သိထားခြင်း ဖြစ်လေသည်။

သို့သော် မျိုးနွယ်ခြားသက်ရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် အများအပြား၏ တိုက်ခိုက်မှုကို ရင်ဆိုင်ကာ အားလုံးကို အမြစ်ပြတ် သုတ်သင်နိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ သူမ၏ ခန့်မှန်းချက်ထက် အလွန်ပင် ကျော်လွန်နေပေသည်။

"ဒါက ကိစ္စအသေးအဖွဲလေးပါ…"

"အစီအရင်ရဲ့ စွမ်းအားကို ခေတ္တချေးသုံးလိုက်ရုံပါပဲ…"

ထောင်ချီလီက စိတ်အေးလက်အေးပင် ပြောလိုက်၏။ သူမသည် မျက်နှာမပျက်၊ ရင်မခုန်ဘဲ မျိုးနွယ်ခြားသက်ရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် ခြောက်ဦးကို သတ်ဖြတ်ခဲ့သော သူရဲကောင်းအဖြစ် ဟန်ဆောင်လိုက်လေသည်။

သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပုံမှန်အားဖြင့် လူသိမများသော်လည်း သတ္တမအဆင့် အစီအရင်ပညာရှင် ဆိုသည့် ဂုဏ်ပုဒ်မှာပင် သူမအား ကြီးမားသော စကားပြောခွင့်ကို ပေးထားပြီး ဖြစ်ပေသည်။

အခြားကျင့်ကြံသူများ သံသယရှိလျှင်ပင် မည်သူမျှ မပြောဝံ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် လေဟာနယ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းကျင့်ကြံသူတစ်ဦးလည်း ဖြစ်သောကြောင့်ပင်။

ခန္ဓာပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးများမှလွဲ၍ သူမအား မည်သူက ရန်ပြုဝံ့ပါမည်နည်း။

"ငါတို့ ဖုန်းရှီးမြို့ရဲ့ သတ္တမအဆင့် အစီအရင်ပညာရှင်ပီသပါပေတယ်၊ မင်းရဲ့ အစီအရင်ပညာရပ်က ဒီအတောအတွင်းမှာ ပိုပြီး တိုးတက်လာပုံရတယ်…"

"နောင်တစ်ချိန်မှာ မင်းက ငါတို့ လူသားမျိုးနွယ်ရဲ့ ဒုတိယမြောက် အဋ္ဌမအဆင့် အစီအရင်ပညာရှင် ဖြစ်လာနိုင်တာပေါ့…"

ဖုန်းရှီးတာအိုအရှင်က ချီးကျူးစကား ဆိုလိုက်၏။

သူမသည် သူမ၏ ဤညီမငယ်မှာ အကန့်အသတ်မရှိသော အလားအလာများ ရှိသည်ဟု အမှန်တကယ်ပင် ထင်မြင်မိပေသည်။ ပုံမှန်အားဖြင့် လောဘကင်းမဲ့လွန်းကာ ပျင်းရိနေတတ်ခြင်းကြောင့်သာ သူမ၏ အစွမ်းအစများကို အပြည့်အဝ ထုတ်မပြနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ယခုကြည့်ရသည်မှာ အစွမ်းအစများကို မထုတ်ပြနိုင်ခြင်း မဟုတ်ဘဲ ဝှက်ထားခြင်းသာ ဖြစ်ပုံရသည်။ ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် ဤမိန်းမက သူမ၏ အစစ်အမှန် စွမ်းအားများကို နောက်ဆုံး၌ ထုတ်ဖော်ပြသလိုက်ခြင်းမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။

ဤကဲ့သို့သော ညီအစ်မများ ရှိနေခြင်းကြောင့်သာ ဖုန်းရှီးမြို့မှာ တောင်ကြီးတစ်တောင်ကဲ့သို့ ခိုင်ခံ့တည်ငြိမ်နေခြင်း ဖြစ်ပေသည်။

"မြှောက်ပင့်လွန်းနေပါပြီ…"

ဤစကားကို ကြားသောအခါ ထောင်ချီလီ၏ လှပသောမျက်နှာလေးမှာ အနည်းငယ် နီမြန်းသွား၏။ သို့သော် ထိုလူယုတ်မာလေး၏ နောက်ကြောင်းကို ဖုံးကွယ်ပေးရန်အတွက် သူမသည် ဤအောင်မြင်မှုကို မတတ်သာဘဲ လက်ခံလိုက်ရလေတော့သည်။

အခြေအနေအရ ထိုလူအား လူသိရှင်ကြား ထုတ်ဖော်၍ ဖြစ်မည်မဟုတ်ချေ။ ဤသည်မှာ လူတိုင်းအတွက် ကောင်းမွန်သော နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် အခြေအနေဖြစ်သည်ဟုသာ ဆိုရပေတော့မည်။

All Chapters