အခန်း (၇၄၅-၇၄၆)
Vol. 70 Ch. 745-746
အခန်း (၇၄၅) - လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေး၊ တာအိုလက်တွဲဖော် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း၊ ဆန်ကထမင်းဖြစ်သွားခြင်း(၁)။
တစ်ချိန်တည်းမှာပင်။
ရုပ်သေးမျိုးနွယ်၏ ဌာနချုပ်၌။
ရုပ်သေးမျိုးနွယ်၏ အကြီးအကဲ အများအပြားသည် ဤတိုက်ပွဲ၌ ရှုံးနိမ့်မှုသတင်းကို ကြားသိလိုက်ရသော်လည်း၊ လူတိုင်း၏ မျက်နှာထက်တွင် တည်ငြိမ်မှုများသာ စိုးမိုးနေကာ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်ဟန်တူပေသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီတစ်ခေါက် ငါတို့ရုပ်သေးမျိုးနွယ်ရဲ့ အစီအစဉ်က ရှုံးနိမ့်သွားခဲ့ပြီ...”
"အဲဒီထဲက အရေးအကြီးဆုံး အချက်ကတော့ လူသားတွေက ငါတို့ရုပ်သေးမျိုးနွယ်ကို ခွဲခြားနိုင်တဲ့ နည်းလမ်းကို ရှာတွေ့သွားတာပဲ...”
"ဒါကြောင့်လည်း ငါတို့ရုပ်သေးမျိုးနွယ်ရဲ့ တည်ရှိမှုက ပေါ်ပေါက်သွားရတာ...”
"ဒါက ငါတို့မျိုးနွယ်အတွက်တော့ သေလောက်တဲ့ ထိုးနှက်ချက်ပဲ...”
ရုပ်သေးမျိုးနွယ် အကြီးအကဲတစ်ဦးက လေးနက်စွာ ဆိုလိုက်၏။
ရုပ်သေးမျိုးနွယ်သည် လူသားများ၏ ကိုယ်ပေါ်တွင် ကပ်ပါးနေထိုင်ရသည်ဖြစ်ရာ၊ လူသားများက သိရှိသွားခြင်းသည် ဤတိုက်ပွဲ ရှုံးနိမ့်ရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်ဟု ၎င်းက ယူဆနေလေသည်။
ဤသည်မှာ ရုပ်သေးမျိုးနွယ် ယခင်က အသုံးပြုခဲ့သော နည်းလမ်းများအားလုံး လုံးဝ အသုံးမဝင်တော့ခြင်းကို ဖော်ပြနေသည်။ ယခင်ကကဲ့သို့ လူသားများကို လျှို့ဝှက်စွာ ကြိုးကိုင်ရန်မှာမူ အလွန်ပင် မလွယ်ကူတော့ချေ။
"ဒီတစ်ခေါက် အစီအစဉ် ရှုံးနိမ့်မှာကို ကြိုတင်သိထားပေမဲ့လည်း..."
"ငါတို့ ရှုံးနိမ့်တာက အရှက်ရစရာ ကောင်းလွန်းသလို မြန်လည်း မြန်လွန်းတယ်...”
"လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက အရမ်းမြန်တယ်လို့ပဲ ပြောရမယ်၊ ဒါက စိတ်ကူးထားတာထက်တောင် ကျော်လွန်နေပြီ...”
"ဒီအတိုင်းသာ ဆက်သွားရင် ငါတို့သုံးမျိုးနွယ်စုရဲ့ ရှင်သန်ရာနယ်မြေတွေလည်း လူသားတွေရဲ့ ဖိနှိပ်မှုကို ခံရတော့မှာပဲ...”
အခြားသော ရုပ်သေးမျိုးနွယ် အကြီးအကဲတစ်ဦးက မျက်နှာအမူအရာ အလွန်လေးနက်စွာဖြင့် ပြောလိုက်လေသည်။
၎င်းတို့ ဖုန်းရှီးမြို့ကို တိုက်ခိုက်ခြင်းမှာ လူသားတို့၏ မြို့တစ်မြို့ကို ဖျက်ဆီးလိုရုံသာမက လက်ရှိလူသားတို့၏ အင်အားမှာ မည်မျှရှိပြီး မည်သည့်အဆင့်ထိ ရောက်ရှိနေပြီလဲဆိုသည်ကို စမ်းသပ်လိုသောကြောင့်လည်း ဖြစ်ပေသည်။
ဤတိုက်ခိုက်မှု၏ ရလဒ်အရ လူသားတို့၏ ထိတ်လန့်ဖွယ်ကောင်းလှသော အင်အားနှင့် ရုပ်သေးမျိုးနွယ်အပေါ် သုတေသနပြုထားမှုတို့ကို လုံးဝဥဿုံ ဖော်ပြသွားခဲ့လေသည်။ ထို့ကြောင့် ၎င်းတို့၏ အစီအစဉ်မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
သို့ရာတွင် ရလဒ် လုံးဝမရရှိခဲ့သည်တော့ မဟုတ်ပေ။
အနည်းဆုံးအနေဖြင့် သာမန်ကပ်ပါးနည်းလမ်းများသည် လူသားတို့အတွက် အသုံးမဝင်တော့သည်ကို ၎င်းတို့ သိရှိသွားခဲ့ရပြီ ဖြစ်သည်။ အလွယ်တကူပင် ခွဲခြားသိမြင်ခံလိုက်ရသည် မဟုတ်ပါလော။
"ငါတို့ရုပ်သေးမျိုးနွယ်ရဲ့ ကပ်ပါးမှုနည်းလမ်းမှာ အဆင့်သုံးဆင့် ရှိတယ်...”
"ပထမအဆင့်က သွေးသားကပ်ပါးခြင်းပဲ၊ ဒါက ရုပ်သေးတစ်ရုပ်ကို ထိန်းချုပ်သလိုမျိုး သွေးသားတည်ရှိမှုတွေကို ငါတို့ရဲ့ စစ်သည်တွေအဖြစ် အသုံးချတာ။ ဒါပေမဲ့ ဒီကပ်ပါးခြင်းက အပေါ်ယံပဲ ရှိသေးလို့ တခြားသူတွေက အလွယ်တကူ ရိပ်မိနိုင်တယ်...”
"ဒုတိယအဆင့်ကတော့ ဝိညာဉ်ကပ်ပါးခြင်းပဲ၊ ဒါက ပိုပြီး နက်ရှိုင်းတဲ့ ကပ်ပါးခြင်းမျိုး ဖြစ်ပြီး ရန်သူရဲ့ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှာ ကပ်ပါးပြီး သူတို့ရဲ့ ဝိညာဉ်မှတ်ဉာဏ်တွေကို စုပ်ယူနိုင်တာ…
ငါတို့ရုပ်သေးမျိုးနွယ်ရဲ့ အငွေ့အသက်ကိုလည်း လုံးဝ ဖုံးကွယ်ထားနိုင်တယ်၊ အင်အားအကုန်သုံးပြီး တိုက်ခိုက်တာမျိုး မဟုတ်ရင် ရုပ်သေးမျိုးနွယ်ရဲ့ အငွေ့အသက်က ပေါ်လာမှာ မဟုတ်ဘူး...”
"ဒါပေမဲ့ အခုကြည့်ရတာ ဒီအဆင့် ကပ်ပါးခြင်းကိုလည်း လူသားတွေက ဖော်ထုတ်နိုင်သွားပြီ။ လူသားတွေက 'ရုပ်သေးအဆောင်' လို့ ခေါ်တဲ့ အဆောင်တစ်ခုကို တီထွင်လိုက်ပြီး ဝိညာဉ်နဲ့ ခန္ဓာကိုယ် မကိုက်ညီတာကို သိမြင်နိုင်တာကြောင့် ကပ်ပါးခံထားရသူတွေကို ရှာတွေ့ကုန်တာပဲ...”
"တတိယအဆင့်ကတော့ 'ဝိညာဉ်ရုပ်သေးတစ်သားတည်းကျခြင်း' ပဲ၊ အဲဒါက ငါတို့ရုပ်သေးမျိုးနွယ်နဲ့ တခြားသော သွေးသားတည်ရှိမှုတွေ လုံးဝ တစ်သားတည်း ပေါင်းစည်းသွားတာပဲ…
တစ်ဖက်လူရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို အစားထိုးလိုက်တာကြောင့် ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ခွဲခြားလို့မရအောင် ဖြစ်သွားပြီး တစ်ဖက်လူရဲ့ ဇာတ်မြစ်အတိုင်း လုံးဝ ပြောင်းလဲသွားတာ...”
"ဒါပေမဲ့ ဒီအဆင့်ကို သုံးလိုက်ပြီဆိုရင် နောက်နောင်မှာ ဒီခန္ဓာကိုယ်ထဲကနေ လုံးဝ ထွက်သွားလို့ မရတော့ဘူး။ ဒီခန္ဓာကိုယ်သေရင် ငါတို့လည်း သေမှာပဲ။ ဒါကြောင့် မလွှဲမရှောင်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် ဒီလိုမျိုးအဆင့်အထိ ကပ်ပါးမှာ မဟုတ်ဘူး...”
"ဒါပေမဲ့ တစ်သားတည်း ပေါင်းစည်းသွားပြီဆိုရင်တော့ လူသားတွေ ဘယ်လိုနည်းလမ်းပဲ သုံးသုံး ငါတို့ရဲ့ ပုံမှန်ကိုယ်ထည်ကို ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့က တကယ်ပဲ လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာမို့လို့ပဲ၊ ဒါပေမဲ့ ရုပ်သေးမျိုးနွယ်ရဲ့ မှတ်ဉာဏ်တွေကိုတော့ ပိုင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး...”
ရုပ်သေးမျိုးနွယ် အကြီးအကဲတစ်ဦးက လေးနက်စွာ ရှင်းပြလိုက်၏။
သိသာထင်ရှားစွာပင် ဤသည်မှာ ရုပ်သေးမျိုးနွယ်၏ ထိတ်လန့်ဖွယ် ကပ်ပါးအတတ်ပညာပင် ဖြစ်သည်။ ဤသည်မှာလည်း ရုပ်သေးမျိုးနွယ်သည် တစ်ချိန်က စိတ်ဝိညာဉ်ကမ္ဘာ၌ အထူးအဆင့်မြင့်မျိုးနွယ်စုကြီး ဖြစ်လာရခြင်း၏ အဓိကနည်းလမ်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။
ယခင်က ရုပ်သေးမျိုးနွယ်သည် အထူးအဆင့်မြင့်မျိုးနွယ်စုများနှင့် ပါရမီရှင်များ၏ ခန္ဓာကိုယ်ထဲသို့ ကပ်ပါးဝင်ရောက်ကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်၊ ကျင့်ကြံမှုနှင့် ပါရမီတို့ကို သိမ်းပိုက်လေ့ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းပေါင်းများစွာက ရုပ်သေးမျိုးနွယ်မှ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးသည် အစစ်အမှန်ဝိညာဉ် 'ကောင်းကင်ဖီးနစ်' ၏ ခန္ဓာကိုယ်ကို လုယူ၍ ကောင်းကင်ဖီးနစ်၏ နေရာကို အစားထိုးရန် ကြိုးစားခဲ့ရာမှ ကောင်းကင်ဖီးနစ်ကို အမျက်ထွက်စေခဲ့ပြီး မျိုးဖြုတ်သုတ်သင်ခြင်း ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။
"အကြီးအကဲချုပ်... ကျုပ်တို့ တကယ်ပဲ ဝိညာဉ်ရုပ်သေးတစ်သားတည်းကျခြင်းကို သုံးရမှာလား...”
"ဒါကို သုံးလိုက်တာနဲ့ ကျုပ်တို့ရဲ့ အနာဂတ်က အကန့်အသတ် ဖြစ်သွားလိမ့်မယ်...”
ရုပ်သေးမျိုးနွယ် အကြီးအကဲတစ်ဦးက မေးမြန်းလိုက်သည်။
အမှန်အတိုင်းဆိုရလျှင် ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် ဤရုပ်သေးအတတ်ကို မသုံးလိုကြပေ။ ၎င်းတို့သည် လူသားများကို ထိန်းချုပ်ရန်သာ လိုလားခြင်း ဖြစ်ပေသည်။
အကြောင်းမှာ စိတ်ဝိညာဉ်ကမ္ဘာအတွင်းရှိ ရေတွက်မကုန်နိုင်သော မျိုးနွယ်စုများထဲတွင် လူသားများထက် ပါရမီသာသော မျိုးနွယ်စုများစွာ ရှိနေသောကြောင့် ဖြစ်သည်။
၎င်းတို့နှင့် နှိုင်းယှဉ်ပါက လူသားမျိုးနွယ်မှာ သာမန်မျှသာ ဖြစ်သည်။ အကယ်၍ တကယ်တမ်း ဝိညာဉ်ရုပ်သေးတစ်သားတည်းကျခြင်းကို သုံးမည်ဆိုပါက ပါရမီပို၍ ထူးချွန်သော မျိုးနွယ်စုများကိုသာ ရှာဖွေသင့်ပေသည်။ လူသားများကို အသုံးပြုရန် လုံးဝမလိုအပ်ဘဲ ဤသည်မှာ ၎င်းတို့၏ အနာဂတ်ကို လမ်းပိတ်လိုက်ခြင်းပင်။
"မစိုးရိမ်ပါနဲ့၊ အကြီးအကဲအားလုံးက ဒီလိုလုပ်ဖို့ မလိုပါဘူး...”
"အချို့သော အကြီးအကဲတွေ လုပ်နိုင်ရင်ကို လုံလောက်ပါပြီ...”
"ငါတို့သာ လူသားတွေရဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက် ကျင့်ကြံသူအများအပြားကို ထိန်းချုပ်နိုင်ရင် လူသားမျိုးနွယ်က တစ်နေ့ကျရင် ငါတို့လက်အောက်ကို ရောက်လာမှာပဲ...”
"လူသားတွေကို မသိမသာ ထိန်းချုပ်ပြီး ကျွန်ပြုနိုင်လိမ့်မယ်...”
"ဒါက ငါတို့ရုပ်သေးမျိုးနွယ်အတွက်တော့ ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲ...”
ရုပ်သေးမျိုးနွယ် အကြီးအကဲချုပ်က လေးလေးနက်နက်ဖြင့် ပြောလိုက်၏။
"အကြီးအကဲချုပ်... ငါတို့ 'ရွှေဖားပြုတ်မျိုးနွယ်' နဲ့ 'မြွေပျံမျိုးနွယ်' ကိုရော ကျွန်ပြုလို့ မရနိုင်ဘူးလား...”
"အဲဒီ မျိုးနွယ်စုကြီး နှစ်ခုကိုသာ ကျွန်ပြုနိုင်ရင် ငါတို့ရုပ်သေးမျိုးနွယ်ရဲ့ အင်အားက ထိတ်လန့်စရာကောင်းအောင် တိုးတက်လာမှာပဲ...”
အခြားသော အကြီးအကဲတစ်ပါးက မြွေပျံမျိုးနွယ်နှင့် ရွှေဖားပြုတ်မျိုးနွယ်တို့အပေါ် အကြံထုတ်လိုက်လေသည်။
ဤလောကတွင် ထာဝရမိတ်ဖက်ဟူ၍ မရှိဘဲ ထာဝရ အကျိုးစီးပွားသာ ရှိသည်။ အကယ်၍ ထိုမျိုးနွယ်စုကြီး နှစ်ခုကိုပါ ဝါးမျိုနိုင်ပါက ရုပ်သေးမျိုးနွယ်မှာ ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
"ခက်တယ်... အရမ်းခက်တယ်။ ငါတို့ရုပ်သေးမျိုးနွယ်ရဲ့ စွမ်းအားကို အဲဒီမျိုးနွယ်စု နှစ်ခုအပေါ်မှာ သုံးဖို့က ခက်ခဲလွန်းတယ်...”
"ပထမဆုံး ရွှေဖားပြုတ်မျိုးနွယ်က အဆိပ်ပေါင်းစုံကို ဝါးမျိုထားတဲ့ မျိုးနွယ်စုပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေ စုဝေးရာ နေရာပဲ။ ငါတို့သာ ကပ်ပါးဖို့ ကြိုးစားရင် ငါတို့ရဲ့ ကပ်ပါးကိုယ်ထည်တွေက အဆိပ်မိပြီး အရှင်လတ်လတ် သေသွားလိမ့်မယ်...”
"မြွေပျံမျိုးနွယ်ကတော့ ရွှေဖားပြုတ်မျိုးနွယ်လောက် ကြောက်စရာမကောင်းပေမဲ့ ပြဿနာက သူတို့က ဦးနှောက်မရှိတဲ့ ကောင်တွေ ဖြစ်နေတာပဲ။ သူတို့က ခေါင်းမာတယ်၊ တစ်နေ့လုံး စားဖို့ပဲ သိတယ်၊ သူတို့ရဲ့ စားချင်စိတ်ကို ဖြည့်ဆည်းဖို့ပဲ သိကြတာပဲ...”
"စားဖို့အတွက်ဆိုရင် သူတို့က ဘာမဆို လုပ်ရဲတယ်၊ ဘယ်မျိုးနွယ်ကိုမဆို ရန်စရဲတယ်။ အခုလို အခြေအနေမျိုး ရောက်နေရတာလည်း သူတို့ရဲ့ခန္ဓာကိုယ် ဗီဇစိတ်ကို မထိန်းချုပ်နိုင်တာနဲ့ အများကြီး ဆက်စပ်နေတယ်...”
"အရင်ကလည်း ရုပ်သေးမျိုးနွယ်ထဲက တစ်ယောက် မြွေပျံကို ကပ်ပါးဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမဲ့ သူက မြွေပျံကို မထိန်းချုပ်နိုင်တဲ့အပြင် မြွေပျံရဲ့ ဗီဇစိတ်ရဲ့ ထိန်းချုပ်တာကို ပြန်ခံလိုက်ရပြီး စားဖို့ သောက်ဖို့ပဲ သိတဲ့သတ္တဝါအဖြစ် ပြောင်းလဲသွားတယ်…
နောက်ဆုံးမှာ အသိဉာဏ်တွေပါ ပျောက်ဆုံးသွားပြီး သူတို့ ဗိုက်ဆာတဲ့အခါ သူတို့ရဲ့ အမျိုးအနွယ်တွေကိုတောင် ပြန်စားပစ်ကြတယ်၊ မြွေပျံတွေနဲ့ ဘာမှမခြားတော့ဘူး...”
ရုပ်သေးမျိုးနွယ် အကြီးအကဲချုပ်က ကူကယ်ရာမဲ့ သက်ပြင်းချရင်း ဆိုလိုက်၏။
၎င်းတို့အနေဖြင့် မြွေပျံမျိုးနွယ်နှင့် ရွှေဖားပြုတ်မျိုးနွယ်ကို မထိန်းချုပ်လိုခြင်း မဟုတ်ဘဲ ထိုမျိုးနွယ်စုနှစ်ခုမှာ ရုပ်သေးမျိုးနွယ်ကို လုံးဝ မကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ယခင်ကလည်း ကပ်ပါးရန် ကြိုးစားခဲ့ဖူးသော်လည်း အားလုံး ရှုံးနိမ့်ခဲ့ရလေသည်။
ထိုအချိန်မှစ၍ ၎င်းတို့သည် ထိုမျိုးနွယ်စုနှစ်ခုကို ကြိုးကိုင်ရန် မစဉ်းစားတော့ချေ။ အမှန်အတိုင်း ဆိုရလျှင် ထိုမျိုးနွယ်စုနှစ်ခုမှာ ရုပ်သေးမျိုးနွယ်ကို မကြောက်ရွံ့သောကြောင့်သာ ရုပ်သေးမျိုးနွယ်နှင့် ပူးပေါင်းခြင်း ဖြစ်ပေသည်။
သို့မဟုတ်ပါက မိမိ၏ ခန္ဓာကိုယ်ကို အချိန်မရွေး ကပ်ပါးနိုင်သော မျိုးနွယ်စုနှင့် မည်သူက စိတ်ချလက်ချ ပူးပေါင်းပါမည်နည်း။ ဤသည်မှာ မိမိကိုယ်ကိုယ် သေတွင်းထဲ ပို့ခြင်းနှင့် မခြားပေလော။
"ကြည့်ရတာ လူသားမျိုးနွယ်ကိုပဲ ကိုင်တွယ်ရတော့မှာပဲ...”
ရုပ်သေးမျိုးနွယ် အကြီးအကဲ အများအပြားသည်လည်း ခေါင်းညိတ်လိုက်ကြတော့သည်။
...
အခန်း (၇၄၆) - လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေး၊ တာအိုလက်တွဲဖော် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း၊ ဆန်ကထမင်းဖြစ်သွားခြင်း(၂)။
တစ်လခန့် ကြာပြီးနောက်။
အမှတ် (၈၈) တာအိုကျောင်းတော်၌…။
ကောင်းကင်ထက်၌ မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းသွားကာ ထူထပ်လွန်းလှသဖြင့် ဧရာမဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ ၎င်းသည် ကောင်းကင်ကပ်ဘေး၏ မျက်လုံးတော်နှင့် တူလှသည်။
မိုးကြိုးလျှပ်စီးများစွာမှာ တိမ်တိုက်များထဲ၌ ဝှက်ဖဲသဖွယ် ပေါ်လာလိုက်၊ပျောက်သွားလိုက် ဖြစ်နေပြီး ဖျက်ဆီးလိုသော အငွေ့အသက်နှင့် ဖိအားများကို ထုတ်လွှတ်နေလေသည်။
ကျောင်းတော်တစ်ခုလုံးမှာ ကပ်ဘေးတိမ်တိုက်များ၏ အောက်တွင် ကျရောက်နေပြီး အသက်ရှူပင်ကျပ်မတတ် ခံစားနေရပေသည်။
"ဘာဖြစ်တာလဲ၊ ကျောင်းတော်ထဲမှာ တစ်ယောက်ယောက် ကပ်ဘေးဖြတ်ကျော်နေတာလား...”
ထိုအချိန်တွင် ကျောင်းတော်ရှိ ဆရာအများအပြားမှာ အလွန်အံ့အားသင့်သွားကြလေသည်။ ကျောင်းတော်အတွင်း၌ တစ်စုံတစ်ဦး ကပ်ဘေးဖြတ်ကျော်နေလိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားခဲ့ကြပေ။
ပုံမှန်အားဖြင့် ဖုန်းရှီးမြို့အတွင်း၌ ကျင့်ကြံသူများ ကပ်ဘေးဖြတ်ကျော်ရန်အတွက် သီးသန့်တည်ဆောက်ထားသော လိုဏ်ဂူနန်းတော်များ ရှိပေသည်။ ကျောင်းတော်အတွင်း၌ ကပ်ဘေးဖြတ်ကျော်သူမှာ အလွန်ပင် ရှားပါးလှသည်။
အချို့မှာမူ ဖုန်းရှီးမြို့မှ ထွက်ခွာ၍ တောရိုင်းမြေများသို့ သွားရောက်ကာ ကပ်ဘေးဖြတ်ကျော်လေ့ ရှိကြသည်။ ကျောင်းတော်အတွင်းရှိ အရေးပါသော ပုဂ္ဂိုလ်ကြီးများသာ ကျောင်းတော်၌ ကပ်ဘေးဖြတ်ကျော်ရန် ရွေးချယ်တတ်ကြပေသည်။
"ဒါက လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးပဲ၊ ငါ မမှားဘူးဆိုရင် ပိုင်ကျောင်းအုပ်ကြီး ကပ်ဘေးဖြတ်ကျော်နေတာ ဖြစ်ရမယ်...”
ဆရာမတစ်ဦးက အပိုင်တွက်ကာ ပြောလိုက်၏။ အမှန်မှာ ဤသည်က လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေး ဖြစ်သောကြောင့် သူမက ချက်ချင်း ရိပ်မိလိုက်ခြင်း ဖြစ်ပေသည်။
အမှတ် (၈၈) တာအိုကျောင်းတော် တစ်ခုလုံးတွင် ပိုင်စုကျဲ့ တစ်ဦးတည်းသာ နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အခြားသော ဆရာမများမှာမူ အများဆုံး ဝိညာဉ်သန္ဓေသားအဆင့်၊ သို့မဟုတ် နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းနှင့် အလယ်အလတ်ပိုင်းများသာ ဖြစ်ကြသည်။
ပိုင်စုကျဲ့ တစ်ဦးတည်းသာလျှင် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နိုင်စွမ်း ရှိပေသည်။
"ဟုတ်တယ်... ကပ်ဘေးရဲ့ ဗဟိုချက်က ကျောင်းအုပ်ကြီးရှိတဲ့ စံအိမ်ကပဲ...”
"ကြည့်ရတာ ကျိုးဆရာက အနားမှာ ကူညီပြီး စောင့်ရှောက်ပေးနေပုံပဲ...”
"တကယ်ပဲ ပိုင်ကျောင်းအုပ်ကြီးက လေဟာနယ်သန့်စင်ခြင်း ကပ်ဘေးကို ဆင့်ခေါ်လိုက်တာပဲ၊ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းတော့မှာပေါ့...”
ဆရာမများစွာမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရပြီး ယုံရခက်နေကြလေသည်။
အမှန်အတိုင်းဆိုရလျှင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများမှာ ဖုန်းရှီးမြို့ တစ်မြို့လုံးတွင်ပင် အရေအတွက် အလွန်နည်းပါးလှသည်။
အခြေခံအားဖြင့် မိသားစုကြီးများ၏ ဘိုးဘေးအဆင့် ပုဂ္ဂိုလ်များဖြစ်ကြပြီး မြို့တော်၏ ထောက်တိုင်များသဖွယ် တည်ရှိနေကြခြင်း ဖြစ်သည်။ သာမန်အချိန်များတွင်မူ ၎င်းတို့၏ အရိပ်အယောင်ကိုပင် မြင်တွေ့ရခဲလှပေသည်။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတိုင်းမှာ အလွန်ပင် အရေးပါသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးမှာ အလွန်အမင်း ရှားပါးသည်ဟု မဆိုနိုင်သော်လည်း အချိန်တိုင်း မြင်တွေ့နိုင်သည်မျိုးတော့ မဟုတ်ပေ။
အကယ်၍ လုံးဝဥဿုံ ယုံကြည်ချက် မရှိပါက မည်သည့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူမှ မိမိကိုယ်ကိုယ် သေတွင်းထဲ မပို့လိုကြပေ။
အကယ်၍ မကျော်ဖြတ်နိုင်ပါက မိုးကြိုးကပ်ဘေးအောက်တွင် ပြာအဖြစ် ပြောင်းလဲသွားကာ ကျင့်ကြံမှုလမ်းစ ပျောက်ကွယ်သွားရပေလိမ့်မည်။ မိမိ၏ အသက်ကို မည်သူကမှ ပေါ့ပေါ့တန်တန် ကစားမည် မဟုတ်ပေ။
"မဖြစ်နိုင်တာ... အရင်က ပိုင်ကျောင်းအုပ်ကြီး ပြောတာတော့ လေဟာနယ်သန့်စင်ခြင်း ကပ်ဘေးကို ဆင့်ခေါ်ဖို့ အနည်းဆုံး နောက်ထပ် နှစ်ပေါင်းရာချီ၊ ဒါမှမဟုတ် ထောင်ချီ ပြင်ဆင်ရဦးမယ်ဆို… အခု ဘယ်လိုဖြစ်ပြီး ဒီလောက် မြန်မြန် ဆင့်ခေါ်လိုက်တာလဲ...”
"ပိုင်ကျောင်းအုပ်ကြီးက အရူးမဟုတ်ပါဘူး၊ လုံးဝ ယုံကြည်ချက် မရှိဘဲနဲ့တော့ လေဟာနယ်သန့်စင်ခြင်း ကပ်ဘေးကို ဆင့်ခေါ်မှာ မဟုတ်ဘူး။ ကျောင်းအုပ်ကြီးက သူကိုယ်တိုင် အောင်မြင်မယ်လို့ သေချာပေါက် ယုံကြည်နေလို့ပဲ ဖြစ်ရမယ်...”
"အကယ်၍ ပိုင်ကျောင်းအုပ်ကြီးသာ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်မယ်ဆိုရင် ငါတို့ အမှတ် (၈၈) တာအိုကျောင်းတော်မှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျောင်းအုပ်ကြီးတစ်ယောက် ရှိလာတော့မှာပေါ့၊ အဲဒီအချိန်ကျရင် ငါတို့ကျောင်းတော်ရဲ့ အဆင့်အတန်းက ပြောနေစရာတောင် မလိုတော့ဘူး...”
"ကျောင်းအုပ်ကြီးပိုင် မိုးကြိုးကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေလို့ မျှော်လင့်မိတယ်...”
တာအိုကျောင်းတော်မှ ဆရာ၊ ဆရာမများစွာသည် တီးတိုးပြောဆိုနေကြ၏။
သူတို့နှင့် ပိုင်စုကျဲ့၏ အကျိုးစီးပွားမှာ တစ်သားတည်းဖြစ်ပေသည်။ အကယ်၍ ပိုင်စုကျဲ့သာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပါက အမှတ် (၈၈) တာအိုကျောင်းတော်နှင့် သူတို့အတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာမည်မှာ သေချာလှသည်။
ပထမဆုံးအနေဖြင့် အမှတ် (၈၈) တာအိုကျောင်းတော် နှစ်စဉ်ရရှိမည့် ရန်ပုံငွေမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုများလာမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် လူတိုင်း၏ လစာများ တိုးလာမည်ဖြစ်ပြီး ခံစားခွင့်အမျိုးမျိုးလည်း ဆက်တိုက် ရောက်ရှိလာမည် ဖြစ်လေသည်။
...
အခြားတစ်ဖက်တွင် ဖုန်းရှီးမြို့ မြို့စားစံအိမ်တော်အတွင်း၌ ဖြစ်လေသည်။
ဖုန်းရှီးတာအိုအရှင်နှင့်တကွ ထောင်ချီလီ၊ ဟွားစစ်ချင်၊ စစ်ယွီရှီးတို့သည် ဖုန်းရှီးမြို့၏ အုပ်ချုပ်ရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေကြ၏။
မျိုးနွယ်စုသုံးခု၏ ဝိုင်းဝန်းတိုက်ခိုက်မှုအပြီး တစ်လခန့် ကြာမြင့်သွားပြီဖြစ်သော်လည်း ဆက်လက်လုပ်ဆောင်ရမည့် နောက်ဆက်တွဲကိစ္စရပ်များစွာ ကျန်ရှိနေသေးသည်။
ဥပမာအားဖြင့် ပျက်စီးသွားသော အဆောက်အအုံများကို ပြုပြင်ခြင်းနှင့် သေဆုံးသွားသော လူသားကျင့်ကြံသူများအတွက် လျော်ကြေးပေးခြင်းတို့ကဲ့သို့ ရှုပ်ထွေးလှသော ကိစ္စရပ်များစွာ ရှိနေသေးသည်။
အချုပ်အားဖြင့်ဆိုရသော် ရှုပ်ထွေးလှသော ကိစ္စရပ်များစွာ ရှိနေသေးပေသည်။ တစ်လကြာသွားခဲ့ပြီ ဖြစ်သော်လည်း အားလုံးကို အပြီးသတ် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
"အင်း... စုကျဲ့က လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေပုံရတယ်...”
ဖုန်းရှီးတာအိုအရှင်သည် သူမ၏ ဖီးနစ်မျက်လုံးများဖြင့် အဝေးသို့ လှမ်းကြည့်လိုက်ကာ တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။
"ဘာ၊ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကပ်ဘေးဖြတ်မှာလဲ...”
"ဒီကောင်မလေး ရူးသွားတာလား၊ သူမက နတ်ဘုရားအသွင်ပြောင်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေပြီဆိုပေမဲ့..."
"သူမခန္ဓာကိုယ်ထဲမှာ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးနှော ပါဝင်နေတာကြောင့် မိုးကြိုးကပ်ဘေးက အဆင့်တူကျင့်ကြံသူတွေထက်ကို အဆပေါင်းများစွာ ပိုအစွမ်းထက်နေမှာပဲလေ...”
"ပကတိယုံကြည်ချက်နဲ့ အပြည့်အဝ ပြင်ဆင်ထားတာမျိုးမရှိဘဲ ဘယ်လိုလုပ်ပြီး ကပ်ဘေးဖြတ်ကျော်မှာလဲ...”
"သူမ ဘာလုပ်ချင်နေတာလဲ...”
ဤစကားကို ကြားလိုက်ရချိန်တွင် ထောင်ချီလီ၏ မျက်နှာအရောင် ပြောင်းလဲသွားချေပြီ။
ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာမည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ပုံမှန်အားဖြင့်ဆိုလျှင် ပိုင်စုကျဲ့အနေဖြင့် အပြည့်အဝ ပြင်ဆင်ပြီးလောက်မည် မဟုတ်သေးပေ။
မည်သည့်အတွက်ကြောင့် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ရုတ်တရက် ဆင့်ခေါ်ရန် ရွေးချယ်လိုက်ရသနည်း။ တကယ်ကို စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့လွန်းလှပေသည်။
"စိတ်မပူပါနဲ့...”
"ညီမလေးစုကျဲ့က ပုံမှန်ဆိုရင် လုပ်ချင်ရာ လုပ်တတ်ပေမယ့် သူမက အရူးတော့ မဟုတ်ပါဘူး...”
"ဘယ်ကိစ္စကို လုပ်သင့်ပြီး ဘယ်ကိစ္စကို မလုပ်သင့်ဘူးလဲဆိုတာကို သူမ ကောင်းကောင်းသိပါတယ်...”
"ခုလေးတင် ငါ တွက်ကြည့်လိုက်တာ။ ညီမလေးစုကျဲ့ရဲ့ ဒီတစ်ကြိမ် ကပ်ဘေးဖြတ်ကျော်မှုက အလွန်ကောင်းမွန်တဲ့ နိမိတ်လက္ခဏာပဲ...”
"ဒီကပ်ဘေးဖြတ်ကျော်မှုမှာ အန္တရာယ်ကင်းကင်းနဲ့ ပြီးဆုံးသွားမှာမို့ ဘာမှ စိတ်ပူနေစရာ မလိုပါဘူး...”
ဟွားစစ်ချင်က ပြုံးကာ ပြောလိုက်၏။
သူမသည် မှော်ပညာတစ်ရပ်ကို အသုံးပြု၍ ပိုင်စုကျဲ့၏ ကပ်ဘေးဖြတ်ကျော်မည့် အခြေအနေကို ဗေဒင်တွက်ကြည့်လိုက်ရာ ဤကပ်ဘေးဖြတ်ကျော်မှုမှာ သေချာပေါက် အောင်မြင်မည်ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
ယခင် ကပ်ဘေးဖြတ်ကျော်မှု အကြိမ်အနည်းငယ်ကို တွက်ကြည့်ခဲ့စဉ်ကမူ အသက်ရှင်ရန် အခွင့်အရေးမှာ ဆယ်ပုံတစ်ပုံသာ ရှိခဲ့သည်။
ထို့ကြောင့် သူမမှာ အလွန် အံ့အားသင့်နေရ၏။ ပိုင်စုကျဲ့အနေဖြင့် မည်သည့် ကံကြမ္မာကောင်းမျိုးကို ရရှိခဲ့၍ ဗေဒင်နိမိတ်လက္ခဏာက ရုတ်တရက် ဤမျှကြီးမားစွာ ပြောင်းလဲသွားရသည်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။
"အလွန်ကောင်းမွန်တဲ့ နိမိတ်လက္ခဏာတဲ့လား။ စုကျဲ့က တကယ်ပဲ အပြည့်အဝ ပြင်ဆင်ထားပြီး လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားတာများလား...”
ထောင်ချီလီက ချက်ချင်း တည်ငြိမ်သွားလေသည်။
ဟွားစစ်ချင်၏ စွမ်းရည်ကို သူမ ကောင်းကောင်းသိပေသည်။ ဟွားစစ်ချင်သည် ဗေဒင်ဆရာမကြီး တစ်ဦးဖြစ်ပြီး အထူးသဖြင့် တွက်ချက်ဟောကိန်းထုတ်ခြင်းတွင် အလွန် ကျွမ်းကျင်သူဖြစ်လေသည်။
အမှန်အတိုင်းဆိုရလျှင် ယခင်က ဖုန်းရှီးမြို့၏ အန္တရာယ်အကြိမ်ကြိမ်ကို သူမ၏ တွက်ချက်မှုများမှတစ်ဆင့် ကြိုတင် သိရှိခဲ့ခြင်းဖြစ်သည်။
ဟွားစစ်ချင်က ဤသည်မှာ အလွန်ကောင်းမွန်သော နိမိတ်လက္ခဏာဟု ဆိုလာလျှင်မူ အမှန်တကယ်ပင် ဖြစ်ပေလိမ့်မည်။
သို့ရာတွင် ပိုင်စုကျဲ့က မည်သို့လုပ်ဆောင်ခဲ့၍ ယခုတစ်ကြိမ် ကပ်ဘေးဖြတ်ကျော်မှုက သေချာပေါက် အောင်မြင်မည်ဟု ဖြစ်နေရသနည်းဆိုသည်ကိုမူ သူမ အလွန် သိချင်နေမိလေသည်။