အခန်း (၇၄၇-၇၄၈)
Vol. 70 Ch. 747-748
အခန်း (၇၄၇) - လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေး၊ တာအိုလက်တွဲဖော် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း၊ ဆန်ကထမင်းဖြစ်သွားခြင်း(၃)။
"ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ရရှိသွားတာ ဖြစ်နိုင်တယ်...”
"မကြာသေးခင်ကမှ စုကျဲ့ တာအိုလက်တွဲဖော်တစ်ယောက် ရှာတွေ့ထားတယ်ဆိုတာ မဟုတ်ဘူးလား...”
"ငါသိထားသလောက်ဆိုရင် ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးနှောမှာ ကောင်းကျိုးကို ရှာဖွေပြီး ဆိုးကျိုးကို ရှောင်ရှားနိုင်ခြင်း၊ အကောင်းအဆိုးကို အာရုံခံနိုင်ခြင်း စတဲ့ ထူးဆန်းတဲ့ စွမ်းရည်များစွာ ရှိတယ်...”
"ဒါပေမယ့် သူမဆီမှာ အရေးကြီးဆုံး စွမ်းရည်တစ်ခုလည်း ရှိသေးတယ်။ အဲဒါကတော့ ကြီးမားတဲ့ ကံကြမ္မာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ခင်ပွန်းကို ရှာဖွေနိုင်ခြင်းပဲ...”
"ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးရဲ့ ရွေးချယ်ခံရပြီဆိုတာနဲ့ အဲဒီလူက အနာဂတ်မှာ သေချာပေါက် အောင်မြင်မှုကြီးကြီးမားမား ရမှာပဲ...”
"ဒါကြောင့် စိတ်ဝိညာဉ်ကမ္ဘာမှာ ကောလာဟလတွေ ရှိခဲ့ဖူးတယ်။ ဧကရာဇ်ဖြစ်လာမယ့်သူတိုင်းက သေချာပေါက် ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးရဲ့ ခင်ပွန်းဖြစ်ရမယ်ဆိုပြီးတော့လေ...”
ဖုန်းရှီးတာအိုအရှင်၏ လှပသော မျက်လုံးအစုံတွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး သူငယ်အိမ်၏ နက်ရှိုင်းသောနေရာတွင် မရေမတွက်နိုင်သော သတင်းအချက်အလက်များ လည်ပတ်နေလေသည်။
"မြို့စားမင်းပြောချင်တဲ့ အဓိပ္ပာယ်က စုကျဲ့ဟာ သူမရဲ့ခင်ပွန်း အကူအညီနဲ့ ဒီတစ်ကြိမ် ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်တာလို့ ဆိုလိုချင်တာလား...”
ထောင်ချီလီ၏ လှပသော မျက်လုံးများက လင်းတလှည့်မှိန်တလှည့် ဖြစ်နေ၏။
သူမ၏ စိတ်အာရုံနက်ရှိုင်းသော နေရာတွင် ထိုခွေးကောင်၏ ပုံရိပ်က အလိုအလျောက် ပေါ်လာတော့၏။
အမှန်တကယ်ပင် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသား၏ စွမ်းရည်မှာ သာမန်မဟုတ်ပေ။ သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သော်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ခဲ့သည်မှာ အလွန် အံ့မခန်းဖြစ်ရပေသည်။
အကယ်၍ ထိုအမျိုးသားသာဆိုလျှင် ပိုင်စုကျဲ့ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန် ကူညီပေးနိုင်သည်မှာ မဖြစ်နိုင်သော ကိစ္စတော့မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ထိုအမျိုးသားမှာ အလွန် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။
ထိုအမျိုးသား၏ နောက်ကြောင်းအစစ်အမှန်က မည်သို့ရှိသည်ကို သူမကိုယ်တိုင်လည်း မသိချေ။
"မှန်တယ်...”
ဖုန်းရှီးတာအိုအရှင်က ပြတ်ပြတ်သားသားပင် ပြောလိုက်၏။
ပိုင်စုကျဲ့၏ အစွမ်းအစကို သူမ ကောင်းကောင်းသိပေသည်။ ပိုင်စုကျဲ့မှာ အထက်တန်းလွှာ သခင်မလေးတစ်ဦးဖြစ်ပြီး အစစ်အမှန် မင်းသမီးတစ်ပါးလည်း ဖြစ်လေသည်။
မျက်နှာသာမပေးခံရသည့် မင်းသမီးတစ်ပါး ဖြစ်နေလျှင်ပင် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေသေးသည်။
မွေးကင်းစကတည်းက စားကောင်းသောက်ဖွယ်များကို စားသုံးကာ မရေမတွက်နိုင်သော လူများ၏ ခစားပြုစုမှုကို ခံခဲ့ရသူဖြစ်လေသည်။
ထိုကဲ့သို့သော သခင်မလေးတစ်ဦးအနေဖြင့် ကိုယ်ပိုင်စွမ်းရည်ဖြင့် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ရယူနိုင်ရန်ဆိုသည်မှာ အင်မော်တယ်လောကသို့ တက်လှမ်းရန်ထက်ပင် ပိုမို ခက်ခဲလှပေလိမ့်မည်။
သေချာသည်မှာ အမျိုးသားတစ်ဦးကို ရှာဖွေခြင်းကလည်း စွမ်းရည်တစ်ရပ်ဟု ဆိုရမည်ဆိုလျှင် ထိုကောင်မလေးသည် အမှန်တကယ်ပင် ပါရမီထူးချွန်လှပေသည်။
"ဒါဆိုရင် ဒီကောင်မလေးက ပြိုင်ဘက်ကင်းပဲ...”
"ဝင်စားရတဲ့ ဘဝကလည်း ကောင်းလွန်းတယ်။ ယောက်ျားရှာတဲ့ စွမ်းရည်ကလည်း ကောင်းလွန်းတယ်...”
ဟွားစစ်ချင်က လေးနက်စွာ သက်ပြင်းချရင်း ပြောလိုက်၏။
သူမအနေဖြင့် အပြည့်အဝ အရှုံးပေးလိုက်ရပြီ ဖြစ်လေသည်။
ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးနှောဆိုသည်နှင့် ထိုက်တန်သည်ဟုသာ ဆိုရပေမည်။ သူမသည် အမှန်တကယ်ပင် ကောင်းကင်တာအို၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိထားသူဖြစ်ပြီး ကြီးမားလှသော ကံကြမ္မာကောင်းများကို ပိုင်ဆိုင်ထားသည်။
"ဒီလိုဆိုမှတော့ ဖုန်းရှီး၊ နင် သူ့ကို သွားတွေ့ဖို့ အစီအစဉ်ရှိနေတာလား...”
ထောင်ချီလီက သိချင်စိတ်ဖြင့် မေးလိုက်၏။
"မလိုပါဘူး။ လောလောဆယ် အချိန်မကျသေးဘူး...”
"အရင်တိုက်ပွဲမှာ ငါလည်း ဒဏ်ရာနည်းနည်း ရထားတော့ အချိန်အတိုင်းအတာတစ်ခုအထိ တံခါးပိတ်ကျင့်ကြံဖို့ လိုသေးတယ်...”
"စုကျဲ့ ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီးတဲ့အခါကျရင် ငါ့ကိုယ်စား လက်ဆောင်ကြီးကြီးတစ်ခု ပြင်ဆင်ပြီး စုကျဲ့ဆီ ပို့ပေးလိုက်ကြပါ...”
ဖုန်းရှီးတာအိုအရှင်က လက်ဝှေ့ယမ်းလိုက်၏။
သူမ အနည်းငယ်မျှ အလျင်လိုခြင်း မရှိပေ။
ဖုန်းရှီးမြို့အတွင်း၌ ရှိနေသရွေ့ အချိန်မရွေး တွေ့ဆုံနိုင်မည်သာ ဖြစ်ပေသည်။
တစ်ဖက်လူက ကြီးမားသော ကံကြမ္မာကောင်းများ ပိုင်ဆိုင်ထားသူ ဖြစ်နေလျှင်ပင် မည်သို့ အရေးပါမည်နည်း။
ကျင့်ကြံခြင်းတွင် အရေးအကြီးဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရန်ဖြစ်ပြီး အခြားသူများက မိမိအတွက် ကြီးမားသော အကူအညီများကို ပေးစွမ်းနိုင်မည် မဟုတ်ပေ။
"ကောင်းပါပြီ မြို့စားမင်း...”
ဟွားစစ်ချင်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြ၏။
…………
ဤအချိန်လေးအတွင်း၌ပင်၊ အမှတ် (၈၈) တာအိုကျောင်းတော်အတွင်း…။
ရွှစ်…။
ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခုသည် စံအိမ်အတွင်းမှ ချက်ချင်း ပျံသန်းထွက်ပေါ်လာပြီး လေထဲသို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။
ထိုသူကား အခြားသူမဟုတ်ဘဲ ပိုင်စုကျဲ့ပင် ဖြစ်ပေသည်။
သူမသည် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို စားသုံးပြီးနောက် သူမ၏ မူလဝိညာဉ်ကို ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လန်သွားမတတ် လွယ်လွယ်ကူကူ ပြောင်းလဲသွားစေခဲ့ကာ မူလဝိညာဉ်အား ယန်အစစ်အမှန်နယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိစေခဲ့လေသည်။
ထိုအခိုက်အတန့်တွင် သူမ၏ မူလဝိညာဉ်မှာ တောက်ပသော နေမင်းကြီးအလား အလွန်အမင်း ပူပြင်းလွန်းလှသည်။
မူလဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာလာပြီး လေဟာနယ်ထဲတွင် ရပ်တည်နေရလျှင်ပင် ပြင်ပလောကမှ လေ၊ မိုးနှင့် မိုးကြိုးလျှပ်စီးများကို ကြောက်ရွံ့နေမည် မဟုတ်တော့ပေ။
သူမခန္ဓာကိုယ်ပေါ်ရှိ မှော်စွမ်းအင်များမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ချေပြီ။
မကြာမီ ရောက်ရှိလာတော့မည့် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် ယခုအခါ သူမ ယုံကြည်မှု အပြည့်ရှိနေပေသည်။
ဝုန်း… ဝုန်း… ဝုန်း…။
နောက်တစ်စက္ကန့်တွင် ကောင်းကင်ပေါ်မှ ခရမ်းရောင် မိုးကြိုးလျှပ်စီးတန်းများ ချက်ချင်း ကျဆင်းလာလေသည်။ ရေပုံးတစ်လုံးခန့် တုတ်ခိုင်သော ထိုမိုးကြိုးများ၏ ဖျက်ဆီးနိုင်စွမ်းမှာ ကြောက်မခန်းလိလိဖြစ်ကာ ဖျက်ဆီးခြင်းအငွေ့အသက်များ ပါဝင်နေသည်။
ပိုင်စုကျဲ့က သူမ၏ လက်သေးသေးလေးကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ အောက်ခြေအဆင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်သော ရေခဲနတ်ဘုရားကွင်းကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရ၏။
ထိုကွင်းမှ ငွေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာကာ မိုးကြိုးများနှင့် ဝင်တိုက်မိသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဖျက်ဆီးနိုင်စွမ်းရှိသော လှိုင်းလုံးများက အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားပြီး အမှတ် (၈၈) တာအိုကျောင်းတော်၏ ကာကွယ်ရေးအစီအရင်ကို ဆက်တိုက် တုန်ခါသွားစေလေသည်။
ကမ္ဘာမြေကြီးပေါ်တွင် အက်ကွဲကြောင်းများပင် ထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည်။
ဤသည်မှာ မည်သည့်ကျင့်ကြံသူကိုမဆို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်နေပြီး မည်သူကမျှ ထိပ်တိုက်ရင်ဆိုင်ရဲမည် မဟုတ်ပေ။
"ဒါက စိတ်ဝိညာဉ်ကမ္ဘာရဲ့ လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးလား...”
"တကယ်ကို သာမန်မဟုတ်ဘူးပဲ...”
အဝေးမှနေ၍ ထိုမြင်ကွင်းကို ကြည့်နေသော ကျိုးစွေ့၏သူငယ်အိမ်များ ကျုံ့ဝင်သွားကာ အလွန်အမင်း အံ့အားသင့်သွားရလေသည်။
သိသာထင်ရှားစွာပင် ဤလေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးသည် ယခင်အင်မော်တယ်ကျင့်ကြံခြင်းလောကမှ မိုးကြိုးကပ်ဘေးနှင့် နှိုင်းယှဉ်ပါက မည်မျှပို၍ ကြောက်စရာကောင်းနေသည်ကိုပင် မသိနိုင်တော့ပေ။
သူကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသော ရှန်ရှောင်မိုးကြိုးကပ်ဘေးပင်လျှင် ဤသည်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
စိတ်ဝိညာဉ်ကမ္ဘာတွင် နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူများစွာ ထွက်ပေါ်လာခဲ့သော်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ အမှန်တကယ်တက်လှမ်းနိုင်သည့် ကျင့်ကြံသူများမှာ တစ်သောင်းတွင် တစ်ယောက်ပင်မရှိသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
အကယ်၍ ဤကဲ့သို့သော မိုးကြိုးကပ်ဘေးမျိုးကို ရင်ဆိုင်ရမည်ဆိုလျှင် သာမန်ကျင့်ကြံသူများမှာ သေချာပေါက် သေဆုံးရမည်သာ ဖြစ်ပေသည်။
မိုးကြိုးကပ်ဘေးကို ခုခံနိုင်ရန် လုံလောက်သော ရတနာများစွာ ပြင်ဆင်ထားခြင်းမရှိပါက အသက်ဆုံးရှုံးပြီး တာအိုလမ်းစဉ် ပျက်စီးသွားမည်မှာ သေချာလှသည်။
ထို့ကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူများစွာသည် အနှစ်တစ်ထောင်၊ နှစ်ထောင်ခန့် အချိန်ယူ၍ ပြင်ဆင်ရသည်မှာ အလွန်ပုံမှန်ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တစ်ကြိမ်တစ်ခါမျှ ခုခံနိုင်စွမ်းမရှိတော့သည်နှင့် ကိုယ့်အသက်လေးမှာ အပြီးတိုင် ဇာတ်သိမ်းသွားမည်သာ မဟုတ်ပါလော။
မည်သူကများ အလေးမထားဘဲ နေဝံ့ပါမည်နည်း။
လေဟာနယ်သန့်စင်ခြင်းအဆင့်တွင်ပင် အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းရန် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရစမြဲ ဖြစ်သည်။ ထို့အပြင် မိုးကြိုးကပ်ဘေး၏စွမ်းအားကလည်း တစ်ဆင့်ထက်တစ်ဆင့် ပိုမိုကြီးမားလာချေသည်။
ထို့ကြောင့် လေဟာနယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူ အများအပြားမှာ မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်ရန် မဝံ့ရဲကြဘဲ သက်တမ်းကုန်ဆုံးသည်အထိသာ နေထိုင်သွားကြလေသည်။
"တိုက်...”
ဤအခိုက်အတန့်တွင် ပိုင်စုကျဲ့၏မျက်နှာမှာ တည်ကြည်လေးနက်နေပြီး လက်ထဲတွင် အောက်ခြေအဆင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာ ရေခဲနတ်ဘုရားကွင်းကို ကိုင်ဆောင်ထား၏။
ယခုအကြိမ် လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးမှာ စုစုပေါင်း ရှစ်ဆယ့်တစ်ချက်ရှိပြီး တစ်ချက်ထက်တစ်ချက် ပိုမိုပြင်းထန်လာကာ စွမ်းအားများမှာ အဆက်မပြတ် တိုးပွားနေသည်။
အစောပိုင်းက အစပျိုးရုံသာ ရှိသေးပြီး၊ နောက်ပိုင်းသို့ရောက်လေ စွမ်းအားမှာ ပို၍ကြောက်မက်ဖွယ်ကောင်းလာလေ ဖြစ်ပေသည်။
အကယ်၍ အပြည့်အဝ အာရုံစိုက်မထားပါက သူမ၏ ယခုတစ်ကြိမ် ကပ်ဘေးဖြတ်ကျော်မှုမှာ သေချာပေါက် ကျရှုံးသွားမည်သာ ဖြစ်၏။
သူမသည် မိမိ၏ကျင့်ကြံမှုစွမ်းအားများကို ဤကောင်းကင်အဆင့်ဝိညာဉ်ရတနာအတွင်းသို့ ထည့်သွင်းလိုက်ရာ ချက်ချင်းပင် ရတနာ၏စွမ်းအားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဖြူလွင် အေးစိမ့်သောအလင်းတန်းများ ဖြာထွက်လာကာ ကပ်ဘေးမိုးကြိုးများနှင့် ထိပ်တိုက်ဆောင့်မိသွားလေသည်။
တိုက်မိသည့်အကြိမ်တိုင်းတွင် ကြောက်မက်ဖွယ် ဖျက်ဆီးအားများ ပေါ်ထွက်လာပြီး အမှတ် (၈၈) တာအိုကျောင်းတော်တစ်ခုလုံးကို တုန်ခါသွားစေကာ တစ်အုန်းအုန်းမြည်ဟည်းသွားစေ၏။
မြေပြင်တွင်လည်း ပင့်ကူအိမ်သဏ္ဌာန် အက်ကြောင်းများစွာ ပေါ်ပေါက်လာချေသည်။
အခန်း (၇၄၈) - လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေး၊ တာအိုလက်တွဲဖော် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း၊ ဆန်ကထမင်းဖြစ်သွားခြင်း(၄)။
"လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးရဲ့ စွမ်းအားက ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ...”
ပိုင်စုကျဲ့၏ မျက်နှာအမူအရာ ပျက်ယွင်းသွား၏။ သာမန် လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးဆိုလျှင် သူမ လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ကောင်း ကျော်ဖြတ်နိုင်ပေမည်။
သို့သော် သိသာထင်ရှားစွာပင် ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးနှော ဖြစ်နေခြင်းကြောင့် သူမ၏ လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးမှာ အဆင့်တူကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေပြီး ခရမ်းရောင်ကပ်ဘေးမိုးကြိုး တစ်ချက်စီတိုင်းသည် အခြားကပ်ဘေးမိုးကြိုးများထက် အရွယ်အစား အဆပေါင်းများစွာ ကြီးမားနေသည်။
အစပိုင်း ကပ်ဘေးမိုးကြိုး အနည်းငယ်အပြီးမှာပင် သူမ၏သွေးလေများမှာ ဆူပွက်လှုပ်ခတ်လာပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ် ရသွားလေသည်။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက ကျန်ရှိနေသော ကပ်ဘေးမိုးကြိုးများကို သူမ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
"စိတ်မပူပါနဲ့၊ ဆက်ပြီးသာ ကပ်ဘေးဖြတ်ကျော်လိုက်ပါ။ မင်းရဲ့ လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးကို ကိုယ် ကူပြီး လျှော့ချပေးပါ့မယ်...”
ထိုစဉ် အသံတစ်သံက သူမ၏သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ ချက်ချင်း ဝင်ရောက်လာ၏။
'ဒါ အစ်ကိုကျိုးပဲ…'
ပိုင်စုကျဲ့မှာ ချက်ချင်းပင် ဝမ်းသာသွားရလေသည်။ စကားပြောသူမှာ သူမ၏ခင်ပွန်းဖြစ်သူ ကျိုးစွေ့မှန်း သူမ သိလိုက်၏။
ကျိုးစွေ့၏စကားကို ကြားရသောအခါ သူမ၏ရင်ထဲတွင် ချက်ချင်းပင် စိတ်အေးသွားရသည်။ ဤယောက်ျားသာ ဘေးတွင်ရှိနေလျှင် ယခုအကြိမ် လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးကို လွယ်ကူစွာ ကျော်ဖြတ်နိုင်မည်ဖြစ်ကာ မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ဟု ယုံကြည်သွားလေသည်။
ထိုအခိုက်တွင် ပြင်းပြသော သတ္တိများ သူမရင်ထဲ၌ ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရ၏။
ဝုန်း... ဝုန်း... ဝုန်း…။
စကားသံဆုံးသည်နှင့် ခရမ်းရောင် လေဟာနယ်သန့်စင်ခြင်းကပ်ဘေးမိုးကြိုး အချက်ပေါင်းများစွာက ကောင်းကင်ယံမှ ကျဆင်းလာကာ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးမိုးကြိုးမန္တန်အက္ခရာများ တောက်ပနေပြီး ပေါက်ကွဲအားကောင်းသော ဖျက်ဆီးမှုကို ပြသနေပေသည်။
"မဖြစ်နိုင်တာ၊ လေဟာနယ်သန့်စင်ခြင်းအဆင့် ကပ်ဘေးမိုးကြိုးတွေ တကယ်ပဲ အားနည်းသွားတာလား...”
ထိုအချိန်တွင် ပိုင်စုကျဲ့မှာ အံ့သြဝမ်းသာဖြစ်သွားရ၏။
အဘယ်ကြောင့်ဆိုသော် သူမ၏ လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးမှာ ယခင်ကထက် အဆပေါင်းများစွာ အားနည်းသွားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူများ ဖြတ်ကျော်ရသော ကပ်ဘေးမိုးကြိုးများထက်ပင် အားနည်းနေသေး၏။
ကျိုးစွေ့ မည်သို့လုပ်လိုက်သည်ကို သေချာမသိသော်လည်း ဤသို့ဖြစ်လာခြင်းမှာ သူမအတွက် သိသာထင်ရှားသော သတင်းကောင်းပင် ဖြစ်ပေသည်။
ဤအခိုက်အတန့်တွင် ကျိုးစွေ့၏ထိန်းချုပ်မှုအောက်၌ ‘မိုးကြိုးကပ်ဘေးကူ’မှာ ကောင်းကင်ပေါ်ရှိ အမည်းရောင်ကပ်ဘေးတိမ်တိုက်များထဲသို့ ချက်ချင်းပျံသန်းသွားပြီး ကပ်ဘေးတိမ်တိုက် နက်ရှိုင်းရာမှ ကပ်ဘေးမိုးကြိုးစွမ်းအင်များကို အဆက်မပြတ် ဝါးမျိုနေသည်ကို မြင်တွေ့နေရတော့သည်။
ဤသည်ကပင် ဤကပ်ဘေးတိမ်တိုက်ရှိ ကပ်ဘေးမိုးကြိုးစွမ်းအားများကို အဆက်မပြတ် လျော့နည်းသွားစေခြင်း ဖြစ်သည်။
ပိုင်စုကျဲ့အပေါ် ကျရောက်လာချိန်တွင် ထိုကဲ့သို့သော ကပ်ဘေးမိုးကြိုးစွမ်းအားမှာ များများစားစား မကျန်တော့ပေ။
‘မိုးကြိုးကပ်ဘေးကူ’အတွက်မူ ဤလေဟာနယ်သန့်စင်ခြင်းအဆင့် ကပ်ဘေးမိုးကြိုးများမှာ ကြီးမားသော အားဖြည့်ဆေးများပင် ဖြစ်ချေသည်။
ဒီရေလှိုင်းများကဲ့သို့သော ကြီးမားလှသည့် ကပ်ဘေးမိုးကြိုးစွမ်းအင်များသည် ၎င်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
၎င်းကိုယ်ပေါ်ရှိ အငွေ့အသက်များသည်လည်း အဆပေါင်းများစွာ တိုးတက်လာပြီး ကျင့်ကြံမှုအဆင့်မှာလည်း ကြီးမားစွာ တိုးတက်လာလေသည်။
မှန်ပေသည်၊ ဤသည်မှာ ‘မိုးကြိုးကပ်ဘေးကူ’အတွက် ကျင့်ကြံမှုအဆင့်တက်ရန် သံသယဖြစ်ဖွယ်မလိုသော ကြီးမားသည့် အခွင့်အရေးကြီးတစ်ခုပင် ဖြစ်ပေတော့သည်။
သုံးရက်ကြာပြီးနောက်။
ဟုတ်ပေသည်၊ ယခုအကြိမ် လေဟာနယ်သန့်စင်ခြင်းကပ်ဘေးမိုးကြိုးမှာ သုံးရက်နှင့် သုံးညတိုင်တိုင် ကြာမြင့်ခဲ့၏။
လေဟာနယ်သန့်စင်ခြင်းကပ်ဘေးမိုးကြိုးများ အဆက်မပြတ် ကျဆင်းလာကာ ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေလောက်အောင် မိုးကြိုးသံများ တဝုန်းဝုန်း မြည်ဟည်းနေခဲ့သည်။
အမှတ် (၈၈) တာအိုကျောင်းတော်မှာလည်း စာသင်ကြားနိုင်ခြင်းမရှိသဖြင့် ခေတ္တရပ်နားထားလိုက်ရပြီး ကျောင်းသားများကို ရက်အနည်းငယ်ကြာ ကျောင်းပိတ်ပေးလိုက်ရလေသည်။
ကျိုးစွေ့၏ လျှို့ဝှက်အကူအညီဖြင့် လေဟာနယ်သန့်စင်ခြင်းကပ်ဘေးမိုးကြိုးများကို အဆက်မပြတ် လျှော့ချပေးခဲ့သောကြောင့် ပိုင်စုကျဲ့မှာ ကပ်ဘေးဖြတ်ကျော်ရာတွင် လွန်စွာလွယ်ကူခဲ့ပြီး ကောင်းကင်ပေါ်ရှိ ကပ်ဘေးမိုးကြိုးများကို လုံးဝ ကြောက်ရွံ့ခြင်း မရှိတော့ပေ။
သုံးရက်သုံးည ကြာမြင့်ပြီးနောက် ကောင်းကင်ပေါ်ရှိ ကပ်ဘေးတိမ်တိုက်၏ စွမ်းအင်များမှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားရလေတော့သည်။
ဝုန်း...။
ထူထဲသော ကပ်ဘေးတိမ်တိုက်ကြီးများမှာ ချက်ချင်း လွင့်စင်သွားပြီး ကောင်းကင်ယံသည်လည်း ယခင်ကဲ့သို့ ပြန်လည် ကြည်လင်သွားလေသည်။
ပတ်ဝန်းကျင်တွင် လန်းဆန်းသော လေကောင်းလေသန့်များ ပျံ့နှံ့နေပြီး လူကို လန်းဆန်းတက်ကြွသွားစေ၏။
ပတ်ဝန်းကျင်ရှိ လေထုကို အနည်းငယ် ရှူရှိုက်လိုက်ရုံဖြင့် ကျင့်ကြံမှုစွမ်းအားများကို လျင်မြန်စွာ တိုးတက်စေနိုင်ပြီး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့်အလားပင်။
"အောင်မြင်ပြီ...”
ဤအခိုက်အတန့်တွင် ပိုင်စုကျဲ့သည် ဝေဟင်အလယ်မှ ဆင်းသက်လာကာ ကပ်ဘေးတိမ်တိုက်များ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့်၊ သူမ၏ ယခုတစ်ကြိမ် ကပ်ဘေးဖြတ်ကျော်မှုမှာ နောက်ဆုံးတွင် အောင်မြင်သွားပြီဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် သူမသည်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ကြောင်း သိလိုက်ရ၏။
ယခင်ကနှင့် နှိုင်းယှဉ်ပါက သူမ၏စွမ်းအားမှာ ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ပြောင်းလဲသွားချေပြီ။
ဆယ်ဆမက တိုးတက်လာလေသည်။ သူမသည် ဘေးတွင် အစောင့်အရှောက်အဖြစ် ရပ်နေသော ကျိုးစွေ့ကို ဝမ်းသာအားရ ကြည့်လိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် ဤယောက်ျားသာ မရှိပါက သူမ ယခုတစ်ကြိမ် ကပ်ဘေးဖြတ်ကျော်ရာတွင် ဤမျှလွယ်ကူမည်မဟုတ်ကြောင်း သိထားသောကြောင့်ပင်။
အမှန်အတိုင်းဆိုရလျှင် ကပ်ဘေးမိုးကြိုးက ဤမျှလောက်အထိ အနည်းငယ်မျှပင် ကြောက်စရာမကောင်းသည်ကို သူမ ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်ပြီး အမှန်တကယ်ပင် စဉ်းစား၍မရနိုင်အောင် ထူးဆန်းလှပေသည်။
"ဒီ..."
ကျိုးစွေ့သည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး လေဟာနယ်သန့်စင်ခြင်းအစောပိုင်းအဆင့်သို့ တက်လှမ်းသွားသော ပိုင်စုကျဲ့ကို ယခင်ကနှင့် ယှဉ်ကြည့်လိုက်ရာ အလွန်လှပသော မျက်နှာလေးမှာ သိသာစွာ ပို၍ရင့်ကျက်လာပြီး မျက်ခုံးနှစ်ခုကြားတွင် ပို၍ ညို့ငင်ဆွဲဆောင်မှု ရှိလာသည်ကို တွေ့လိုက်ရ၏။
သူမ၏ခန္ဓာကိုယ်မှာလည်း ပို၍ရင့်ကျက်လာပြီး ခန္ဓာကိုယ်အကောက်အကွေ့များမှာ ပို၍ အံ့မခန်းဖြစ်လာသည်။
ဖြူဖွေးနူးညံ့သော ခြေဖဝါးလေးတစ်စုံဖြင့် ဝေဟင်အလယ်တွင် ဖွဖွလေး နင်းထားပုံမှာ အထူးပင် ဆွဲဆောင်မှုရှိလှ၏။
ရွှေရောင် အမွေးပွအမြီးလေးမှာလည်း အသာလေး လှုပ်ခါနေသည်။
ဤသည်မှာ ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေးတစ်ဦးမှ ရင့်ကျက်သောအမျိုးသမီးလေးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။
သူမ၏ အပြုံး၊ အမူအရာ၊ လှုပ်ရှားမှုတိုင်းမှာ တစ်ကမ္ဘာလုံးကို ညို့ငင်ဖမ်းစားနိုင်သော မြေခွေးမိစ္ဆာမလေးအလားပင်။
ပို၍ အရေးကြီးသည်မှာ ကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ခဲ့ရခြင်းကြောင့် သူမကိုယ်ပေါ်ရှိ ဝတ်စုံများမှာ စုတ်ပြတ်နေပြီး အဝတ်စတချို့သာ ကျန်ရှိတော့ရာ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများကို လုံးဝ မဖုံးကွယ်နိုင်တော့ချေ။
နှာခေါင်းသွေးလျှံလောက်အောင်ပင် သွားရည်ကျချင်စရာ ကောင်းလှသည်။
ဝှစ်...။
နောက်တစ်စက္ကန့်တွင် ပိုင်စုကျဲ့သည် ကိုယ်ဟန်တစ်ချက် ဖျပ်ခနဲလှုပ်ရှားလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ကျိုးစွေ့၏ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ကာ သွယ်လျဖြူဖွေးသော လက်နှစ်ဖက်ဖြင့် ကျိုးစွေ့၏လည်ပင်းကို ကိုအာလာဝက်ဝံလေးတစ်ကောင်ကဲ့သို့ သိုင်းဖက်ချိတ်ဆွဲထားလေတော့သည်။
"ပိုင်စုကျဲ့... မင်း အခု မီးစကို လာဆွနေတာပဲ...”
ကျိုးစွေ့က ပိုင်စုကျဲ့ကို ကြည့်ကာ ပြောလိုက်၏။
သူ၏ခန္ဓာကိုယ်ထဲရှိ နဂါးဆင်သွေးကြော လှုပ်ရှားလာသည်ကို ခံစားလိုက်ရပြီး ပိုင်စုကျဲ့ကိုယ်ပေါ်မှ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေး၏ အငွေ့အသက်များမှာလည်း ပို၍ ပြင်းထန်လာကာ သူ၏ခန္ဓာကိုယ်ထဲရှိ အငွေ့အသက်များနှင့် ပေါင်းစပ်သွားသကဲ့သို့ပင်။
ထိုက်ယင်ချီနှင့် ထိုက်ယန်ချီတို့ အပြန်အလှန် ပေါင်းစပ်သွားပြီး ယင်ယန်ပေါင်းစည်းသွားသည့်အလား ဖြစ်နေတော့သည်။
သူ၏ခန္ဓာကိုယ်ထဲရှိ သွေးများမှာလည်း မီးတောင်ချော်ရည်များကဲ့သို့ ဆူပွက်လာတော့သည်။
ဤသည်မှာ သွေးဗီဇမှ လာခြင်းဖြစ်ပြီး လုံးဝ ထိန်းချုပ်၍မရနိုင်ချေ။
"ဟုတ်လို့လား... ခစ်ခစ်… ကျွန်မကတော့ ရှင့်ရဲ့ အပူရှိန်ကို နည်းနည်းလေးမှ မခံစားရသေးပါဘူး...”
ပိုင်စုကျဲ့က တခစ်ခစ်ရယ်မောလိုက်ပြီး မွှေးကြိုင်သော လေငွေ့လေးများကို မှုတ်ထုတ်လိုက်၏။
သူမသည် လှပသော မျက်ဝန်းများဖြင့် ကျိုးစွေ့ကို ရန်စသကဲ့သို့ ကြည့်လိုက်ရာ သိသာစွာပင် သေမည်ကိုမကြောက်၊ မီးဖလံမျိုး မီးကိုတိုးသကဲ့သို့ အသွင်ပေါက်နေပေသည်။
အမှန်တကယ်ပင် သူမသည်လည်း ထိုနည်းတူဖြစ်ကာ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးဆက်၏ တွန်းအားကို လုံးဝ မထိန်းချုပ်နိုင်တော့သည့်အလားပင်။
ယခုအခါ သူမသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ သန့်စင်သော ဗီဇစိတ်ကသာ လမ်းညွှန်ပေးနေတော့သည်။
ရွှစ်...။
ချက်ချင်းပင် ကျိုးစွေ့သည် ပိုင်စုကျဲ့ကို ပွေ့ချီကာ အိမ်တော်၏ အိပ်ခန်းထဲသို့ ဝင်သွားလေတော့သည်။
အိမ်တော်တစ်ခုလုံးကိုလည်း ချက်ချင်းပင် အစီအရင်ဖြင့် လွှမ်းခြုံဖုံးအုပ်လိုက်ကာ အကာအကွယ်အစီအရင်တစ်ခု ဖန်တီးလိုက်၏။
အကယ်၍ ကျိုးစွေ့၏ခွင့်ပြုချက် မရှိပါက မည်သူမျှ အတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ယခုအခါ ၎င်းတို့နှစ်ဦး၏ သီးသန့်ချိုမြိန်သောအချိန်လေး ဖြစ်ပေရာ မည်သူကိုမျှ ဝင်ရောက်နှောင့်ယှက်ခွင့် ပြုနိုင်မည် မဟုတ်ချေ။
...