← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) စမ်းသပ်ခြင်းမျှော်စင်၊ ကံကြမ္မာသားတော် ရှုချန်နှင့် ပြန်လည်ဆုံတွေ့ခြင်း

​ပထမအဆင့် စစ်ဆေးမှု ပြီးဆုံးသွားသောအခါ အကြီးအကဲ လီဟုန်က စင်မြင့်ထက်မှ ဆင်းသွားပြီး ဒုတိယအကြီးအကဲ၏ အလှည့် ရောက်လာသည်။

သူ၏အမည်မှာ ကျင်းလိုင် ဖြစ်ပြီး ကမ္မနယ်ပယ် အဆင့် ၄ ကျင့်ကြံသူ ဖြစ်သည်။

သူက ဒုတိယအဆင့် စစ်ဆေးမှုကို တာဝန်ယူမည် ဖြစ်သည်။

​"ပထမအဆင့်ကို အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒါက မင်းတို့အားလုံးမှာ ခိုင်မာတဲ့ 'သိုင်းတာအိုနှလုံးသား' ရှိတယ်ဆိုတာကို ပြသနေတာပဲ၊ တကယ့်ကို ထူးချွန်ကြတယ်"

​"သိုင်းတာအိုလမ်းစဉ်ဆိုတာ မဆုတ်မနစ် ရှေ့သို့ တိုးနေရမယ့် လမ်းစဉ်ပဲ"

​"နောက်ထပ် ဒုတိယအဆင့် စစ်ဆေးမှုကို မင်းတို့ ဝင်ရောက်ရတော့မယ်၊ အကယ်၍ ဒီအဆင့်ကို အောင်မြင်ခဲ့ရင် မင်းတို့အားလုံး ငါတို့ ထိုက်ယိ မြင့်မြတ်နယ်မြေရဲ့ အတွင်းစည်းတပည့်တွေ ဖြစ်လာကြလိမ့်မယ်"

​"အခု ဒုတိယအဆင့် စစ်ဆေးမှုရဲ့ စည်းကမ်းချက်တွေကို ငါ ကြေညာမယ်"

​"ဒီစစ်ဆေးမှုကတော့ မင်းတို့ရဲ့ လက်တွေ့တိုက်ခိုက်ရေး စွမ်းရည်ကို စမ်းသပ်မှာ ဖြစ်တယ်၊ မင်းတို့က 'စမ်းသပ်ခြင်းမျှော်စင်' ထဲကို ဝင်ရောက်ပြီး သားရဲတွေနဲ့ တိုက်ခိုက်ရမယ်၊ ဆယ်ထပ်မြောက်ကို အောင်မြင်စွာ ရောက်ရှိနိုင်တဲ့ တပည့်တွေသာ အတွင်းစည်းတပည့် ဖြစ်ခွင့်ရမယ်"

​"ဆယ်ထပ်ထက် ကျော်လွန်သွားရင်တော့ အထပ်တိုင်းအတွက် ဆုလာဘ်တွေ ရရှိမှာ ဖြစ်တယ်၊ အထပ် မြင့်လေလေ ဆုလာဘ်တွေက ပိုပြီး ကောင်းလေလေပဲ"

​"ပိုမြင့်မားတဲ့ အထပ်တွေဆီ ရောက်အောင် ကြိုးစားကြ"

​ကျင်းလိုင်၏ စကားဆုံးသည်နှင့် စင်မြင့် အောက်ရှိ တပည့်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ဒုတိယအဆင့် စစ်ဆေးမှုမှာ 'စမ်းသပ်ခြင်းမျှော်စင်' ကို တိုက်ခိုက်ရမည်ဟု သူတို့ ထင်မထားခဲ့ပေ။

အရင်ကမူ အပြင်သို့ထွက်ကာ သားရဲများကို အမဲလိုက်ရုံဖြင့် အတွင်းစည်းသို့ တက်လှမ်းနိုင်ခဲ့သော်လည်း ယခုမူ စမ်းသပ်ခြင်းမျှော်စင် ဖြစ်နေသည်။

​ထိုမျှော်စင်က အတွင်းစည်းတပည့်များသာ လေ့ကျင့်ခွင့်ရသော နေရာဖြစ်ပြီး အထပ်တိုင်းတွင် ကြောက်မက်ဖွယ် သားရဲများနှင့် မိစ္ဆာများ ရှိနေသည်။

ပုံမှန်အချိန်တွင် အတွင်းစည်းတပည့်များက တိုက်ခိုက်ရေး အတွေ့အကြုံနှင့် ဆုလာဘ်များအတွက်သာ ဝင်ရောက်လေ့ရှိသည်။

ယခုမူ အပြင်စည်းတပည့်များပါ ဝင်ရောက် တိုက်ခိုက်ရတော့မည် ဖြစ်သည်။

​အချို့မှာ စိတ်လှုပ်ရှားစွာဖြင့် ဆယ်ထပ်ထက် ကျော်လွန်ကာ ဆုလာဘ်များ ရယူရန် မျှော်လင့်နေသော်လည်း အချို့မှာမူ မျက်နှာများ ဖြူဖျော့နေကြသည်။ အတွေ့အကြုံ နည်းပါးသူများအဖို့ ဤမျှ ကြောက်စရာကောင်းသော စိန်ခေါ်မှုကို ချက်ချင်း ရင်ဆိုင်ရန်မှာ ခက်ခဲလှသည်။

သို့သော် အကြီးအကဲ ကျင်းလိုင်ကမူ သူတို့ကို ဂရုမစိုက်ပေ။

သူက လက်ကို ဝေ့ယမ်းလိုက်ပြီး ရှုချွမ်း အပါအဝင် ပထမအဆင့် အောင်မြင်သူ အားလုံးကို မျှော်စင်အဝင်ဝသို့ ပို့ဆောင်လိုက်သည်။

​စမ်းသပ်ခြင်းမျှော်စင်က မြင့်မြတ်နယ်မြေ၏ အလယ်ဗဟို တွင် တည်ရှိပြီး 'သိုင်းပညာ မျှော်စင်' နှင့် ယှဉ်လျက် ရှိသည်။

အတွင်းစည်းတပည့်များက သိုင်းပညာမျှော်စင်တွင် သိုင်းပညာ များ ရွေးချယ်ပြီးနောက် ဤမျှော်စင်တွင် လက်တွေ့ လေ့ကျင့်လေ့ ရှိကြသည်။

​အကြီးအကဲ ကျင်းလိုင်က တပည့်များကို ကြည့်ကာ သတိပေးလိုက်သည်။ "မျှော်စင်ထဲ ဝင်တဲ့အခါ အထူးသတိထားကြ၊ အထဲမှာ သေရင် တကယ်သေမှာပဲ၊ ငါ နောက်နေတာ မဟုတ်ဘူး"

​အကြီးအကဲ၏ တည်ကြည်သော မျက်နှာကို မြင်သောအခါ စိတ်လှုပ်ရှားနေသော တပည့်များပင် ချက်ချင်း ငြိမ်သက်သွားကြသည်။

​"ဟက်... မျှော်စင်လေး တစ်ခုတည်းလား ဒါက ကလေးကစားစရာပဲ ရှိသေးတယ်"

​ရုတ်တရက် လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

ရှုချန် က ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့ ထွက်လာကာ လူအားလုံးကို မထီမဲ့မြင် ပြုသကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

၎င်းကို ကြားသောအခါ အကြီးအကဲ ကျင်းလိုင်၏ မျက်နှာ ညိုမည်းသွားသော်လည်း ပြန်လည် တုံ့ပြန်ခြင်း မပြုခဲ့ပေ။

မာနကြီးနေတယ့် ကောင်စုတ်လေး မျှော်စင်ထဲ ရောက်ရင် သိမယ်ဟုသာ စိတ်ထဲက တွေးနေမိသည်။

​ထိုအချိန်တွင် ရှုချန်က ရှုချွမ်းကို လှည့်ကြည့်ကာ မထီမဲ့မြင် လေသံဖြင့် ပြောလိုက်သည်။ "မင်း မျှော်စင်ထဲမှာ ငါ့ကို ကျော်တက်နိုင်ဖို့ မျှော်လင့်ပါတယ်"

ရှုချွမ်းမှာမူ ဘာကြောင့်မှန်း မသိဘဲ ကြောင်အသွားမိသည်။

သူ ရှုချန်ကို သိသော်လည်း ၎င်းမှာ သူ ပထမဆုံး တွေ့ခဲ့ဖူးသော 'ကံကြမ္မာသားတော်' ဖြစ်ပြီး 'မဟာယန်' ကျင့်စဉ် အခွင့်အရေးကို လုယူခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

၎င်းမှလွဲ၍ ရှုချန်ကို သူ ရန်စခဲ့ဖူးခြင်း မရှိပေ။

​ရှုချွမ်းက ဇဝေဇဝါ ဖြစ်နေသဖြင့် စနစ်ကို အသုံးပြုကာ ရှုချန်၏ အချက်အလက်များကို ထပ်မံ စစ်ဆေးလိုက်သည်။

​【အမည် - ရှုချန်】

【နယ်ပယ် - ချီစုစည်းခြင်းနယ်ပယ်၊ အဆင့် ၇】

【ပါရမီ - ထင်ပေါ်ကျော်ကြားသူ】

【ကံကြမ္မာ - ကံကြမ္မာသားတော် (ရွှေရောင်)၊ ဘေးဒုက္ခကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်သူ (ခရမ်းရောင်)၊ စိတ်ဓာတ် မခိုင်မာသူ (အဖြူရောင်)】

【ဘဝဇာတ်ညွှန်း - အခက်အခဲများကို ကျော်လွှားကာ အဆင့်တက်လှမ်းမည့် ကံကြမ္မာ ၏ ခရီးစဉ်】

【အခွင့်အလမ်း ၁ - နောက်တစ်နေ့တွင် မျှော်စင် ဆယ်ထပ်မြောက်ရှိ သားရဲ အားလုံးကို အနိုင်ယူ ပြီးနောက် ဝှက်ထားသော ဆုလာဘ် 'ဖန်တီးရှင် ကြာစေ့' ကို ရရှိမည် ဖြစ်သည်။ ၎င်းကို ဝါးမြိုပြီးနောက် သူ၏ ပါရမီမှာ မြင့်တက်လာပြီး ကျင့်ကြံခြင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်။】

​【အခွင့်အလမ်း ၂ - ငါးရက်အကြာတွင် ကျင့်ကြံခြင်း တိုးတက်မှုကြောင့် 'ချီစုစည်းခြင်း' နယ်ပယ်၏ စံချိန်ကို ချိုးဖျက်ကာ အပြင်စည်း စစ်ဆေးပွဲတွင် ပထမရရှိပြီး 'ကျန်းရန်' တောင်ထိပ်သို့ ဝင်ရောက်ခွင့် ရမည်။ ထို့နောက် အနောက်တောင် ကျောက်နံရံရှိ ရှေးတောင်ထိပ်သခင်များ ချန်ထားခဲ့သော ဓားလမ်းစဉ်၏ အနှစ်သာရကို နားလည်သဘောပေါက်သွားမည်။】

​【အခွင့်အလမ်း ၃ - ဆယ့်ငါးရက်အကြာတွင် တင်းအန်မြို့၌ တာဝန်ထမ်းဆောင်နေစဉ် သူ၏ ငယ်သားများက ဖခင်ကို သင်္ဂြိုဟ်ရန် ငွေလိုနေသော ကလေးငယ်တစ်ဦးထံမှ မိသားစုအမွေအနှစ် သိုင်းကျင့်စဉ် တစ်ခု ကို လုယူပေးလာမည်။ ထိုကျင့်စဉ်အတွင်း၌ ဝှက်ထား သော 'ကောင်းကင်အဆင့်' သိုင်းကျင့်စဉ်ဖြစ်သည့် 'မဟာယန်' ကျင့်စဉ် (အပြည့်အစုံ) ကို တွေ့ရှိသွားမည် ဖြစ်သည်။】

......

​အချက်အလက်များကို ဖတ်ပြီးနောက် ရှုချွမ်းမှာ မှင်တက်သွားရသည်။

​"အလိုလေး... ဒါဟာ 'ကံကြမ္မာသားတော်' ဆိုတာလား တကယ့်ကို မျက်စိပွင့်သွားတာပဲ"

​ရှုချွမ်း စိတ်ထဲက ရေရွတ်လိုက်မိသည်။

သူ 'မဟာယန်' ကျင့်စဉ်ကို ရရှိပြီးနောက် လဝက်ပင် မရှိသေးမီ ရှုချန်၏ ကျင့်ကြံခြင်းမှာ ချီစုစည်းခြင်း အဆင့် ၂ မှ အဆင့် ၇ သို့ ခုန်တက်သွားခြင်းမှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။

ထို့ပြင် သူ အခွင့်အရေးတစ်ခု လုယူလိုက်သော်လည်း ရှုချန်တွင် အခြား အဖိုးတန် အခွင့်အရေး သုံးခု ထပ်မံ ပေါ်ပေါက်လာခြင်းမှာ မယုံနိုင်စရာပင်။

​ရှုချွမ်းက 'ဖန်တီးရှင် ကြာစေ့' ကို မြင်လိုက်ရသောအခါ အလွန်ပင် မနာလို ဖြစ်သွားမိသည်။

ထိုကြာစေ့က သဘာဝတရားမှ ပေါက်ဖွားလာသော နတ်ဘုရားပစ္စည်း ဖြစ်ပြီး လူတစ်ဦး၏ ပါရမီနှင့် နားလည်နိုင်စွမ်းကို အခြေခံကတည်းက ပြောင်းလဲပေးနိုင်သော အရာဖြစ်သည်။

၎င်းကို ပိုင်ဆိုင်သူသည် 'ကောင်းကင်ဘုရင်' နယ်ပယ် သို့ မရောက်မချင်း မည်သည့် အဟန့်အတားမှ မရှိဘဲ ချောမွေ့စွာ ကျင့်ကြံနိုင်မည် ဖြစ်သည်။

​ရှုချွမ်း ပို၍ အံ့ဩသွားသည်မှာ ရှုချန်ထံတွင် 'မဟာယန်' ကျင့်စဉ် အပြည့်အစုံကို မြင်လိုက်ရခြင်း ဖြစ်သည်။

ရှုချွမ်း လက်ရှိ ရရှိထားသော ကျင့်စဉ်မှာ ချီစုစည်းခြင်း အဆင့် ၉ အထိသာ ကျင့်ကြံနိုင်ပြီး နောက်ပိုင်းအတွက် ကျင့်စဉ် အသစ် ပြောင်းလဲရန် သို့မဟုတ် နောက်ဆက်တွဲကို ရှာဖွေရန် လိုအပ်နေသည်။

ယခုမူ အခွင့်အရေးမှာ ရှေ့တည့်တည့်သို့ ရောက်လာပြီ ဖြစ်သည်။

​"ဒါဟာ တကယ့်ကို မယုံနိုင်စရာ အခွင့်အရေးပဲ"

​ရှုချွမ်း၏ မျက်နှာတွင် အံ့ဩဝမ်းသာရိပ်များ ပေါ်လာပြီး ရှုချန်ကို ကြည့်သော အကြည့်မှာလည်း ပြင်းပြလာသည်။

ထိုအချိန်တွင် ရှုချန်သည် ရှုချွမ်းက သူ့ကို ဂရုမစိုက်သကဲ့သို့ ဖြစ်နေသဖြင့် ပို၍ ဒေါသထွက်လာသည်။

သူက အကြီးအကဲ ကျင်းလိုင် ရှေ့တွင်ပင် ရှုချွမ်းကို သင်ခန်းစာ ပေးချင်နေမိသည်။

​ကံကောင်းထောက်မစွာဖြင့် အကြီးအကဲ ကျင်းလိုင်က စကားပြောလာသည်။

​"ကဲ... အထဲကို ဝင်ကြတော့"

​"မှတ်ထားပါ၊ အသက်အန္တရာယ်နဲ့ ကြုံလာရင် 'လက်လျှော့တယ်' လို့ အော်ပြောလိုက်တာနဲ့ မျှော်စင်က မင်းတို့ကို အလိုအလျောက် အပြင်ကို ပို့ပေးလိမ့်မယ်၊ မိုက်ရူးရဲ ဆန်ပြီး အသက်ကို အဆုံးရှုံးမခံကြနဲ့"

​ပြောပြီးသည်နှင့် အကြီးအကဲက လက်ကို ဝေ့ယမ်းလိုက်ရာ ရှုချွမ်းနှင့် အခြားသူများမှာ စမ်းသပ်ခြင်းမျှော်စင်၏ ပထမထပ်အတွင်းသို့ ရောက်ရှိသွားကြလေတော့သည်။

အခန်း (၂၀) ဆယ်ထပ်မြောက်ကမ္ဘာနှင့် မိစ္ဆာမျိုးနွယ်စု

​ဤခရီးတွင် အရေးကြီးဆုံးအရာမှာ 'ဖန်တီးရှင် ကြာစေ့' ကို ရရှိရန်ပင် ဖြစ်သည်

​၎င်းက သူ၏ စစ်ဆေးမှုတွင် ထိပ်ဆုံးမှ အောင်မြင်နိုင်ရေး၊ သိုင်းတာအိုပါရမီကို ပြောင်းလဲနိုင်ရေး၊ ခိုင်မာသော အခြေခံအုတ်မြစ် ချမှတ်နိုင်ရေးနှင့် နောင်တစ်ချိန်တွင် မြင့်မြတ်နယ်မြေ၏ 'သူတော်စင်' ဖြစ်လာနိုင်မည့် ကောင်းကင်လှုပ်ခတ်စေမည့် အခွင့်အလမ်းများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။

ထို့ကြောင့် သူက အထူးပင် ဂရုစိုက်ရမည် ဖြစ်သည်။

​သဲလွန်စများအရ 'ဖန်တီးရှင် ကြာစေ့' ဆိုသည်မှာ ရှုချန်က ဆယ်ထပ်မြောက်ရှိ မိစ္ဆာ များကို သတ်ဖြတ်ပြီး ထိုအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးနောက် မတော်တဆ ရရှိခဲ့သော ဝှက်ထားသည့် ဆုလာဘ်တစ်ခု ဖြစ်သည်။

ရှင်းလင်းသော ရည်မှန်းချက် ရှိနေသဖြင့် ရှုချွမ်း၏ နောက်ထပ်တာဝန်မှာ ရှုချန်ထက် အရင် ဆယ်ထပ်မြောက်သို့ ရောက်အောင်သွားရန်၊ မိစ္ဆာမျိုးနွယ်စုကို ရှာဖွေရန်၊ မိစ္ဆာများကို သတ်ဖြတ်ရန်နှင့် ကြာစေ့ကို အရယူရန်ပင် ဖြစ်သည်။

​ထိုအချိန်တွင် ရှုချွမ်း၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိသည်။ အခွင့်အရေးကို လက်ဦးမှု ရယူရန်ပင်

​သူက သူ၏ဓားကို ထမ်းကာ ပထမထပ် စမ်းသပ်မှုဆီသို့ ဦးတည်လိုက်သည်။ ဤ စမ်းသပ်ခြင်းမျှော်စင် တွင် အထပ်တိုင်းသည် ကမ္ဘာငယ်လေးတစ်ခုစီ ဖြစ်ပြီး ထိုကမ္ဘာများအတွင်း၌ မတူညီသော စမ်းသပ်မှု တာဝန်များ ပျံ့နှံ့နေသည်။ ထိုတာဝန်များကို ပြီးမြောက်အောင်မြင်ပါက ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

​ရှုချွမ်းသည် ကံကောင်းလှသဖြင့် ပထမထပ်၏ စမ်းသပ်မှု တာဝန်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

​【တာဝန် - အဆိပ် မြွေ ချိုင့်ဝှမ်းရှိ 'ချီစုစည်းခြင်းနယ်ပယ်' အဆင့် ၃ ရှိသော မြွေဟောက် ဘုရင်ကို သတ်ဖြတ်ရန်။】

ချီစုစည်းခြင်း ​အဆင့် ၃ ရှိသော မြွေဟောက် ဘုရင်ကို သတ်ရမည်မှာ သာမန်တပည့်များအတွက် ခက်ခဲနိုင်သော်လည်း ရှုချွမ်းအတွက်မူ မခဲယဉ်းလှပေ။

သို့သော် ဤတာဝန်မှာ ထင်သလောက် မရိုးရှင်းကြောင်း သိသာပါသည်။

'အဆိပ်မြွေချိုင့်ဝှမ်း' ဟူသော အမည်ကို ကြားရုံနှင့်ပင် နေရာအနှံ့တွင် အဆိပ်ပြင်းမြွေများ ရှိနေမည်ကို ခန့်မှန်းနိုင်သည်။

မြွေဟောက် ဘုရင်ကို သတ်ရန်အတွက် ဦးစွာ ဤအဆိပ်မြွေများကို ရှင်းလင်းရမည် ဖြစ်သည်။ မဟုတ်ပါက မြွေဟောက် ဘုရင်အနားသို့ ချဉ်းကပ်နိုင်မည် မဟုတ်ပေ။

​တာဝန်အချက်အလက်များအတိုင်း ရှုချွမ်းက အဆိပ်မြွေ ချိုင့်ဝှမ်းသို့ ရောက်ရှိလာသည်။

ရှုချွမ်း ခန့်မှန်းထားသည့်အတိုင်းပင် ချိုင့်ဝှမ်းအတွင်း၌ 'ခန္ဓာကိုယ်သန့်စင် ခြင်းနယ်ပယ်' အထွတ်အထိပ်ထက် မပိုသော အဆိပ်မြွေများမှာ အစုလိုက်အပြုံလိုက် ရှိနေသည်။

​"ဟူး... တကယ်လို့ မြွေကြောက် တတ်တဲ့သူဆိုရင်တော့ ဒီနေရာမှာတင် မေ့လဲသွားမှာပဲ"

​ရှုချွမ်းက မြွေကြောက်တတ်သူ မဟုတ်သော်လည်း မြေပြင်အနှံ့ ခြေချစရာမရှိအောင် များပြားလှသော အဆိပ်မြွေများကို မြင်လိုက်ရသောအခါ ကြက်သီးမွေးညင်းများ ထသွားမိသည်။

​"သေစမ်း"

​ရှုချွမ်းက သူ၏လက်ထဲရှိ ဓားကို ဝှေ့ယမ်းကာ ခုတ်ပိုင်းလိုက်သည်။

ထက်ရှသော ဓားချီ မှာ ချက်ချင်းပင် ဖြတ်ပြေးသွားပြီး မြေပြင်ပေါ်ရှိ အဆိပ်မြွေများကို တစ်ပိုင်းစီ ပြတ်တောက်သွားစေကာ ချက်ချင်း သေဆုံးစေခဲ့သည်။

ဤတစ်ချက်တည်းဖြင့် ရှုချွမ်းက မြွေပင်လယ်ကြီးအတွင်း လမ်းတစ်ခု ဖောက်လိုက်နိုင်သည်။

​"ရှူး... ရှူး..."

​ထိုအချိန်တွင် အဆိပ်မြွေများသည်လည်း ကျူးကျော်သူ ရှုချွမ်းကို သတိပြုမိသွားကြပြီး ရှုချွမ်း၏ ရှေ့က ခုတ်ချက်ကို မကြောက်မရွံ့ဘဲ ဟိန်းဟောက်ကာ ပြေးဝင်လာကြသည်။

​"အချိန်ကိုက်ပဲ"

​ရှုချွမ်းက သူ၏ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ အဆိပ်မြွေများမှာ သူ၏အနားသို့ပင် မကပ်နိုင်ဘဲ တစ်ပိုင်းစီ ပြတ်တောက်ကုန်ကြသည်။

သူက ဤအခွင့်အရေးကို အသုံးချကာ ချိုင့်ဝှမ်း၏ အတွင်းပိုင်းသို့ ဆက်လက် တိုးဝင်သွားသည်။

မြွေဟောက် ဘုရင်က ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာရှိ မြွေဂူအတွင်း၌ နေထိုင်သည်။

​ရှုချွမ်းက သိပ်ပြီး အားထုတ်စရာမလိုဘဲ မြွေဂူသို့ ရောက်ရှိလာသည်။

ချီစုစည်းခြင်းနယ်ပယ် အဆင့် ၄ ရှိသော ရှုချွမ်းအတွက် အပြင်ဘက်မှ အဆိပ်မြွေများမှာ သူ့ကို အန္တရာယ် မပေးနိုင်ပေ။

မြွေဂူအတွင်း၌ ရှစ်ပေခန့် ရှည်လျားကာ အရောင်အသွေး စုံလင်သော ဧရာမမြွေကြီးဖြစ်သည့် မြွေဟောက် ဘုရင်ကို တွေ့လိုက်ရသည်။

၎င်း၏ ပတ်ပတ်လည်တွင် ချီစုစည်းခြင်း အဆင့် ၁ ရှိသော အဆိပ်မြွေ အုပ်စုတစ်စု ရှိနေသည်။

​"အပြင်မှာ အကောင်ပေါက်လေးတွေ အများကြီး ရှိနေတာ ဒါကြောင့်ကိုး၊ မင်းက လူကြမ်းတွေကို ဒီမှာ စုထားတာပေါ့"

​"သေစမ်း"

​ရှုချွမ်းက ပထမထပ်တွင် အချိန်အများကြီး မဖြုန်းလိုသဖြင့် အမြန်ဆုံး အဆုံးသတ်ချင်နေသည်။

မြွေဟောက် ဘုရင်မှာ ရှုချွမ်း၏ အတွေးကို သိနေသကဲ့သို့ အဆိပ်မြွေအုပ်စုကို အရင် တိုက်ခိုက်ခိုင်းလိုက်သည်။

​ပြင်းထန်သော အဆိပ်ငွေ့များနှင့်အတူ မြွေများစွာမှာ ရှုချွမ်းထံသို့ ခုန်အုပ်လာကြသည်။

သို့သော် ရှုချွမ်းက လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ဓားကို ဝှေ့ယမ်းကာ မြွေဟောက် ဘုရင်ကို ကာကွယ်နေသော မြွေများကို ချက်ချင်း ခေါင်းဖြတ်ပစ်လိုက်သည်။

ဂူအတွင်း၌ မြွေဟောက် ဘုရင် တစ်ကောင်တည်းသာ ကျန်တော့သည်။

​မြွေဟောက် ဘုရင်မှာ သူ၏ ငယ်သားများ အလွယ်တကူ ရှုံးနိမ့်သွားသည်ကို မယုံကြည်နိုင်ဘဲ ဒေါသထွက်သွားသည်။ သူကိုယ်တိုင်ပင် ပါဝင်တိုက်ခိုက်ကာ သူ၏မြွေအမြီးဖြင့် ရှုချွမ်းကို ရိုက်ပုတ်လိုက်သည်။

ရှုချွမ်းက မြွေအမြီးကို ဖမ်းဆုပ်ကာ မြွေဟောက် ဘုရင်၏ အသက်ချက်မ ဆီသို့ လျင်မြန်စွာ ခုန်တက်ပြီး ဓားဖြင့် အစွမ်းကုန် ထိုးစိုက်လိုက်သည်။

​"ဖွတ်"

​ဓားရှည်မှာ မြွေဟောက် ဘုရင်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်။

အသက်ချက်မ အထိုးခံရသဖြင့် နာကျင်မှုမှာ ချက်ချင်း ပြန့်နှံ့သွားပြီး မြွေဟောက် ဘုရင်မှာ ရှုချွမ်းကို ခါချရန် ရူးသွပ်စွာ ရုန်းကန်တော့သည်။

​"သားရဲ ဆိုတာ သားရဲ ပါပဲ၊ အင်အားသုံးဖို့ပဲ သိတယ်"

​ရှုချွမ်းက လှောင်ပြုံးပြုံးကာ သူ၏ဓားကို တစ်ဖန် မြှောက်လိုက်သည်။

သူက သူ၏ မူလချီ အားလုံးကို ထုတ်ကာ 'အနီရောင်သွေး ဓားသိုင်း' ၏ တတိယအဆင့်ကို အသက်သွင်းလိုက်သည်။

​"ဘုန်း"

​ကျယ်လောင်သော အသံကြီးနှင့်အတူ မြွေဟောက် ဘုရင်မှာ သွေးစက် သွေးနများအဖြစ် လွင့်စင်သွားလေတော့သည်။

ပထမထပ် စမ်းသပ်မှု ပြီးမြောက်သွားပြီဖြစ်သဖြင့် ရှုချွမ်းက ဒုတိယထပ်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။

တစ်ချိန်တည်းမှာပင် ရှုချန်သည်လည်း နောက်ဆုံး သားရဲကို နှိမ်နင်းပြီး ဒုတိယထပ်သို့ ရောက်လာခဲ့သည်။

​...

​ထိုသို့ဖြင့် ရှုချွမ်းက တွေ့သမျှ သားရဲ အားလုံးကို နှိမ်နင်းကာ တစ်ရက်အတွင်းမှာပင် ဆယ်ထပ်မြောက်အထိ တိုက်ခိုက်လာခဲ့သည်။

မျှော်စင်အပြင်ဘက်တွင် အကြီးအကဲ သုံးဦးမှာ ဆယ်ထပ်မြောက်တွင် အလင်းရောင်လင်းလာသည်ကို ကြည့်ကာ ကျေနပ်စွာ ပြုံးနေကြသည်။

​"မဆိုးဘူး၊ တပည့်တစ်ယောက်က ဆယ်ထပ်မြောက်ကို ဒီလောက်မြန်မြန် ရောက်လိမ့်မယ်လို့ မထင်ထားဘူး"

​"အပြင်စည်းတပည့်တွေရဲ့ ကျင့်ကြံခြင်း အဆင့်က အရင်နှစ်တွေထက် မြင့်မားနေတော့ ဆယ်ထပ်မြောက်ကို ဒီလောက်မြန်မြန် ရောက်တာ ပုံမှန်ပါပဲ"

​ဆယ်ထပ်မြောက်သို့ ရောက်သောအခါ ရှုချွမ်းက ဤနေရာ၏ ထူးခြားမှုကို သတိပြုမိလိုက်သည်။ ဤဆယ်ထပ်မြောက် ကမ္ဘာတွင် အဆောက်အဦး အကြွင်းအကျန်အချို့ စတင် ပေါ်ပေါက်လာသည်။

ရိုးရှင်းလှသော်လည်း ၎င်းမှာ အဆောက်အဦး ဖြစ်သည်မှာ သေချာသည်။

​"မိစ္ဆာမျိုးနွယ်စုက ဒီနားမှာပဲ ရှိမှာလား"

​ဤမေးခွန်းနှင့်အတူ ရှုချွမ်းက အဆောက်အဦးကို တွေ့ရှိသော နေရာသို့ ဦးတည်လိုက်သည်။

နောက်ဆုံးတွင် မြေပြန့်လွင်ပြင်တစ်ခုထက်၌ သူ၏ ပစ်မှတ်ဖြစ်သော မိစ္ဆာမျိုးနွယ်စုကို တွေ့ရှိသွားသည်။

ဆယ်ထပ်မြောက်၏ တာဝန်ကိုလည်း သူ ရရှိလိုက်ပြီ ဖြစ်သည်။

​【တာဝန် - ဤလွင်ပြင်ပေါ်ရှိ မိစ္ဆာအားလုံးကို သတ်ဖြတ်ရန်။】

​ရှုချွမ်းက မဆိုင်းမတွဘဲ သူ၏ဓားကို ဆွဲကာ ရှေ့သို့ တိုးဝင်လိုက်သည်။

လူသားနှင့် မိစ္ဆာက ရန်သူတော်များ ဖြစ်ကြရာ ယခုကဲ့သို့ တွေ့ရှိရသဖြင့် သူက လက်တွန့်နေမည် မဟုတ်ပေ။

ရှုချွမ်း မျိုးနွယ်စုအနားသို့ မကပ်မီ အပြင်ဘက်တွင် ကင်းလှည့်နေသော မိစ္ဆာနှစ်ဦးကို သတိပြုမိသွားသဖြင့် သစ်ပင်တစ်ပင်ပေါ်တွင် အသာပုန်းကာ အကဲခတ်နေလိုက်သည်။

​"ခေါင်းဆောင်ရဲ့ အစီအစဉ်က အောင်မြင်မယ် ထင်လား ငါတို့ ဒီမှာ မျိုးဆက်နဲ့ချီပြီး ပိတ်မိနေတာ၊ တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား"

​မိစ္ဆာနှစ်ဦးမှာ တစ်ခုခုကို ဖုံးကွယ်ထားသကဲ့သို့ သံသယဖြစ်ဖွယ် ပြုမူနေကြသည်။

​"သေချာပေါက် ဖြစ်နိုင်တာပေါ့ ငါတို့ ခေါင်းဆောင်ကို ယုံကြည်ရမယ်။ သူသာ 'အဲ့ဒီအရာ' နဲ့ ပေါင်းစည်းနိုင်ရင် ငါတို့ကို အပြင်ကမ္ဘာဆီ ပြန်ခေါ်သွားနိုင်လိမ့်မယ်"

​"ဒီ ထိုက်ယိ မြင့်မြတ်နယ်မြေဟာ တကယ့်ကို ယုတ်မာတာပဲ၊ ငါတို့ကို ဒီမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့တယ်။ ငါတို့ မျိုးနွယ်စုတွေ ပြန် ဆင်းသက်လာတဲ့အခါ ပထမဆုံး လုပ်မှာက သူတို့ကို အမြစ်ပြတ် သုတ်သင်ဖို့ပဲ"

​မိစ္ဆာတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။

​ရှုချွမ်းက မိစ္ဆာနှစ်ဦး၏ စကားကို ကြားဖြတ် နားထောင်လိုက်သည်။

သူတို့ ပြောနေသော 'အဲ့ဒီအရာ' ဆိုသည်မှာ 'ဖန်တီးရှင် ကြာစေ့' ဖြစ်မည်ဟု ရှုချွမ်း ခန့်မှန်းလိုက်သည်။

သိသာသည်မှာ ဤမိစ္ဆာမျိုးနွယ်စုသည်လည်း ကြာစေ့၏ ထူးခြားမှုကို သိရှိထားပြီး သူတို့၏ ခေါင်းဆောင်မှာ ၎င်းနှင့် ပေါင်းစည်းရန် ကြားဝင်ကြိုးစားနေခြင်း ဖြစ်သည်။

​"ငါတို့ အချိန်ဆွဲလို့ မရတော့ဘူး"

​ခေါင်းဆောင်နှင့် ကြာစေ့ မပေါင်းစည်းမီ ၎င်းကို အမိအရ ရယူရမည်

​ရှုချွမ်းက ဆက်လက် ပုန်းကွယ်မနေတော့ဘဲ သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

​"လူသားတစ်ယောက်ပဲ၊ ငါတို့ မိစ္ဆာမျိုးနွယ်စုဆီကို လာရဲတယ်ပေါ့"

​ရှုချွမ်းကို တွေ့သည်နှင့် မိစ္ဆာနှစ်ဦးမှာ ဒေါသတကြီး အော်ဟစ် လိုက်ကြသည်။

ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်မှ မိစ္ဆာချီ များ ထွက်ပေါ်လာပြီး ပြင်းထန်သော အပုပ်နံ့များ ထွက်လာသည်။

ထို့နောက် ရှုချွမ်းထံသို့ ပြေးဝင်လာကြသည်။ ရှုချွမ်း မဆိုင်းမတွဘဲ သူ၏ဓားဖြင့် ရှေ့သို့ တိုးဝင်လိုက်သည်။

"ချွင်"

ဓားရှည်ကို ဝှေ့ယမ်းလိုက်သောအခါ ထက်ရှသော ဓားချီ မှာ လေထုကို ဖြတ်တောက်သွားပြီး အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာသည်။

မိစ္ဆာနှစ်ဦးမှာ မျက်စိရှေ့တွင် မှောင်မိုက်သွားပြီး သွေးများ ပန်းထွက်နေသော ခေါင်းပြတ် လူသေကောင် နှစ်ခုကိုသာ မြင်လိုက်ရသည်။

ထို့နောက် ထိုအလောင်းများမှာ ထူးဆန်းစွာပင် လျင်မြန်စွာ ပုပ်ဆွေးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အပုပ်ရည်များသာ ကျန်တော့သည်။

ရှုချွမ်းက ဤအချက်ကို မအံ့ဩပေ။

မိစ္ဆာများက ဤလောကတွင် အသိအမှတ်ပြုခြင်း မခံရသဖြင့် သေဆုံးသည်နှင့် ချက်ချင်း အပုပ်ရည် ဖြစ်သွားတတ်သည်။

ရှုချွမ်းက ဓားကို ကိုင်ကာ မိစ္ဆာမျိုးနွယ်စုအတွင်းသို့ ပြေးဝင်သွားသည်။

လမ်းတစ်လျှောက်တွင် တွေ့သမျှ မိစ္ဆာတိုင်းကို အသံမထွက်စေဘဲ တစ်ချက်တည်းဖြင့် သတ်ဖြတ်သွားသည်။

မကြာမီမှာပင် ရှုချွမ်းက မိစ္ဆာမျိုးနွယ်စုအတွင်း မိစ္ဆာချီ အရှိန်အဝါ အပြင်းထန်ဆုံးနေရာသို့ ရောက်ရှိလာသည်။

ထိုနေရာတွင် မိစ္ဆာများစွာမှာ သူတို့၏ မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံနေကြသည်။

ပြင်းထန်သော အပုပ် နံ့များနှင့်အတူ မိစ္ဆာချီ များမှာ လေထုထဲတွင် ပျံ့နှံ့နေသည်။

၎င်းမှာ ငရဲခန်းတစ်ခုကဲ့သို့ပင် မြင်တွေ့နေရလေတော့သည်။

All Chapters