← Chapters

အခန်း (၆၄၅-၆၄၆)

Vol. 48 Ch. 645-646

အခန်း (၆၄၅-၆၄၆)

Vol. 48 Ch. 645-646

အပိုင်း ၆၄၅ - အားလုံး သွားပြီ

မီးခိုးမည်းများနှင့် သွေးနံ့များက အကြွင်းအကျန် အပျက်အစီးများ အကြားတွင် လှိုင်လှိုင်ထနေပြီး အရာရှိတိုင်း သုတ်သင်ခံလိုက်ရသော မိုးကြိုးကိုးပါး ရင်ပြင်၌ ယွမ်ရှောင်သည် အနှောင့်အယှက်ကင်းကင်း ရတနာများ လိုက်လံ ရိတ်သိမ်းနေ၏။ အနက်ရောင် သားရဲလေးသည်လည်း ဧရာမအသွင် ပြောင်းလဲကာ အမြင်အာရုံကို ပိတ်ဆို့နိုင်သည့် မြူခိုးများ တရစပ် ထုတ်လွှတ်ပေးနေသည်။ ထို့ကြောင့် သူက အချိန် လုံလောက်စွာ ရခဲ့ပြီး သိုလှောင်အိတ်များ ဆန့်သလောက် အလွယ်တကူ စုပ်ယူချေဖျက်နိုင်သော အင်မော်တယ်ကျောက်စိမ်းများ၊ နတ်သစ်သီးများနှင့် ဆေးလုံးများ စသည်တို့ကို ရယူနိုင်ခဲ့သည်။ စွမ်းအား ထုတ်ယူရန် ခက်ခဲသော လက်နက်များကိုမူ သူက ရှောင်ရှားခဲ့ပြီး သိမ်းဆည်းရန် ခက်ခဲသကဲ့သို့ ရောင်းထုတ်လျှင်လည်း အန္တရာယ်များကာ သက်သေနှင့်တကွ ဖမ်းမိသွားနိုင်၏။

"မိုးကြိုး မဟာအစီအရင်နဲ့ ချောင်ရူကို ကွပ်မျက်ဖို့ လုပ်တာက ငါ လှုပ်ရှားဖို့ အခွင့်အရေး ဖြစ်လာတယ်"

သူက ထိုအကြံကို ယခင်ကတည်းက အစီအစဥ် ဆွဲထားပြီးဖြစ်ကာ ဟန်ဆောင်ကောင်းလွန်းသဖြင့် ချောင်ရူပင် မုန်းတီးခဲ့မိသည်။ သေမျိုးလောကမှတဆင့် ကောင်းကင်ရုံးတော်အထိ ရှင်သန်လာသော ဘဝတွင် သူ၏ ဉာဏ်နီဉာဏ်နက်များက အခရာကျပေသည်။ မိုးကြိုးဌာနတွင် အရာရှိများစွာကို သုတ်သင်လိုက်ခြင်းက ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုထက် ပို၍ အန္တရာယ်များသော်လည်း ကြောက်ခမန်းလိလိ အမြတ်ထွက်ခဲ့သောကြောင့် ရရှိလာသည့် အရင်းအမြစ်များဖြင့်ဆိုလျှင် အန္တရာယ်များနှင့် ရင်ဆိုင်ရန် လုံလောက်သင့်သည်။ အမှုစစ်ရန် ရောက်ရှိလာမည့် ကောင်းကင်ရုံးတော်၏ အင်မော်တယ်များသည် သေဆုံးသူများ အရင်းအမြစ် မည်မျှပိုင်ဆိုင်ထားမည်ကို မသိနိုင်သောကြောင့် ခြေရာခံရ လွယ်ကူသော ပစ္စည်းများမှလွဲ၍ အရာရာကို သိမ်းယူနိုင်သည် မဟုတ်ပါလော။ တစ်ခုတည်းသော ကံဆိုးသည်မှာ မဟာအစီအရင်၏ စွမ်းအားက ဤလူ့အန္ဓများကို တစ်ချက်တည်း အမှုန့်ကြိတ်ပစ်လိုက်သောကြောင့် ဓားနှင့် ရုန်းပိုင်နက်များ ချဲ့ထွင်ရန် ဝါးမျိုစရာများ ရမလိုက်ခြင်းပင်။

ယွမ်ရှောင်က ရတနာများ လိုက်လံကောက်ယူနေသကဲ့သို့ အနက်ရောင် သားရဲလေးသည်လည်း ဝါးမျိုနိုင်သမျှ အရင်းအမြစ်များကို အလွတ်မပေးခဲ့ချေ။

"ဒါက ကောင်းကင်ရုံးတော် သမိုင်းမှာ အကြီးဆုံး လူသတ်ပွဲ ဖြစ်လိမ့်မယ်။ မိုးကြိုးဌာနတစ်ခုလုံးရဲ့ အဆင့်မြင့် အရာရှိတွေ ပွဲချင်းပြီး သေကုန်တာ ဘယ်လိုလုပ် ဖြစ်ဖူးမှာလဲ။ အဖြစ်မှန်သာ ပေါ်သွားရင် ငါက လန်ရီလိုမျိုး ရာဇဝတ်ကောင်ကြီး ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ကျင့်ကြံဆင့်မြင့်မားနေရင် ဘာအရေးစိုက်စရာ လိုသလဲ"

ကြယ်ပြာနှင့် လနီသည် လုဖန်၏ လုပ်ကြံမှုကို ကာကွယ်ရန် သိမ်းဆည်းထားသော အရင်းအမြစ်များ ကုန်ခမ်းသွားသော်လည်း အင်မော်တယ်ပြိုင်ပွဲမှ အင်မော်တယ်ကျောက်စိမ်းသန်းတစ်ရာ ရလိုက်သည့်အပြင် သူ၏ ပါးနပ်သော လှည့်ကွက်အောက်တွင် မိုးကြိုးဌာနရှိ အရင်းအမြစ်များစွာ ရရှိခဲ့သည်။ ၎င်းနှင့် သူ၏ အင်အား မြင့်လေလေ၊ ယုံကြည်ချက် ရှိလေလေ ဖြစ်သော်လည်း သူက မဆင်မခြင် သုံးစွဲလိုခြင်း မရှိပေ။ အရင်းအမြစ်များက အသက်ကယ်ဝှက်ဖဲ ဖြစ်သောကြောင့် လက်လွတ်စပယ် မဖြုန်းသင့်ချေ။ အကယ်၍ ဖြုန်းတီးမိလျှင် သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်ပါက သေချာပေါက် အန္တရာယ် ရှိပေလိမ့်မည်။ အချိန်တစ်ခုအကြာတွင် သူက အရင်းအမြစ် စုဆောင်းရေးကို လက်စသတ်ခဲ့ပြီး မိုးကြိုးဌာန၏ အဆင့်ခြောက်နှင့် အထက် အရာရှိများ စုပေါင်း၍ ပိုင်ဆိုင်သမျှ လှူဒါန်းပေးခဲ့သည်မှာ ချီးကျူးစရာပင်။

ယွမ်ရှောင်က ဖောင်းကားနေသော သိုလှောင်အိတ်ကြီးကို ထမ်းလျက် လမင်းဓားနတ်ဘုရားနှင့် ကူစုဝမ်အနား ပြန်လည် ချဥ်းကပ်သွား၏။ ထို့နောက် ၎င်းကို သားရဲလေး၏ ဝမ်းဗိုက်အတွင်း ဝှက်ထားလိုက်ကာ မဟာအစီအရင်ထံ လက်ညှိုးထိုး၍ သူ့အား မိုးကြိုးပစ်ချစေသည်။ ကောင်းကင်မှ ဂျိန်းခနဲ မြည်ဟီးကာ မိုးကြိုးတစ်စင်း ရုတ်တရက် ကျဆင်းလာ၍ တည့်တည့်မတ်မတ် ထိမှန်သွားသောကြောင့် တစ်ကိုယ်လုံး တောင့်တင်း၍ မိန်းမနှစ်ယောက်အပေါ် မှောက်လျက်သား လဲကျသွား၏။

"ဒီကောင် ကိုယ့်ကိုကိုယ်ရော၊ သူများတွေကိုပါ အတော်ရက်စက်တာပဲ"

ကြယ်ပြာ၏ မှတ်ချက်က အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေသော မိုးကြိုးကိုးပါး ရင်ပြင်၌ ပဲ့တင်ထပ်သွားသည်။ ထို့နောက် အချိန်တစ်ခု ကုန်ဆုံးသွားသောအခါ လမင်းဓားနတ်ဘုရား အရင်ဆုံး သတိရလာပြီး နာကျင်စွာ ညည်းညူရင်း မျက်လုံးများ ပွင့်လာသည်။

"ဘာဖြစ်သွားခဲ့တာလဲ"

သူမက ကြောက်စိတ်ဖြင့် ရင်လေးစွာ ရေရွတ်ရင်း အားရှိသမျှသုံးကာ ခေါင်းမတ်လိုက်သောအခါ အနားရှိ ယွမ်ရှောင်ကို မြင်လိုက်ရ၏။ သူ၏ မျက်နှာတစ်ခြမ်း မီးကျွမ်းကာ ဆံပင်အများစု လောင်ကျွမ်းသွား၍ လည်ပင်း၌ သွေးများ ရဲပဒေါင်းခတ်နေသည်။

"လုယောင်၊ နင် မသေရဘူး။ နိုးလာစမ်း"

သူမက အသံအက်အက်ဖြင့် မိုးကြိုးကြောင့် ဒဏ်ရာများ ရှိနေသော လက်ကို မြှောက်ကာ သူ၏ မျက်နှာအား ညှင်ညှင်သာသာ ပုတ်လိုက်သည်။ ထိုအပြုအမူကြောင့် ယွမ်ရှောင် နိုးမလာသော်လည်း ကူစုဝမ် ရုတ်တရက် သတိရလာကာ မျက်စိနှစ်လုံး ဖွင့်ဖွင့်ချင်း ဝမ်းဗိုက်ပေါ် ခြေထောက်နှစ်ဖက် ရောက်နေကြောင်း သိခဲ့ရ၏။

"အား"

သူမက အလန့်တကြားဖြင့် ရုတ်တရက် ထထိုင်လိုက်သောကြောင့် ဒဏ်ရာများကို ဆုတ်ဖြဲလိုက်စကဲ့သို့ နာကျင်သွားကာ မျက်ရည်ဝဲလာသည်။

"လမင်းဓားနတ်ဘုရား၊ လုယောင်ရဲ့ ချပ်ဝတ်က ငါတို့ကို ကယ်ခဲ့တာမလား"

လုယောင်ကို ဖက်ထားလျက် ရှိနေသော လမင်းဓားနတ်ဘုရားအား မြင်သောအခါ သူမက အထိတ်တလန့် ရေရွတ်ရင်း အရာရာကို ပြန်လည် မှတ်မိသွားခဲ့သည်။ ကူစုဝမ်က ကြောက်စိတ်ကြောင့် မျက်လုံးများ ပြူးကျယ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေသည့်အပြင် အဝေးမှ အင်မော်တယ်များ၏ ကယ်ပါယူပါ တစာစာ အော်သံများသာ ကြားနေရ၏။

"ချောင်ရှန်း"

သူမ၏ လင်ယောက်ျားက ပထမဆုံး မိုးကြိုးတွက် အသက်ပျောက်သွားပုံရသည်။

"ချောင်ရှန်း သေလောက်ပြီ။ မြန်မြန်လုပ်စမ်း။ နင့်မှာ ဆေးလုံးတွေ ရှိသေးလား။ သူ မသေသေးဘူး။ ငါတို့ ကုပေးရင် အချိန်မီလောက်တယ်"

လမင်းဓားနတ်ဘုရားက ရင်ခွင်ထဲရှိ လူငယ်လေးကို ငုံ့ကြည့်ရင်း စိုးရိမ်တကြီး အမိန့်ပေးသည်။

"ဟုတ်...ဟုတ်ကဲ့"

စိတ်နှင့်လူ မကပ်ဖြစ်နေသော ကူစုဝမ်သည် သိုလှောင်အိတ်ကို တုန်ရီနေသော လက်အစုံဖြင့် သွန်ချကာ ဆေးလုံးများ ကောက်ယူ၍ ယွမ်ရှောင်ကို တိုက်သကဲ့သို့ ကိုယ်တိုင်လည်း အသုံးပြုခဲ့သည်။

"ဒါက မိုးကြိုးထိန်းချုပ်ရေး ဆေးလုံးပဲ။ ခန္ဓာကိုယ်ထဲမှာ ကျန်နေတဲ့ လျှပ်စီးတွေကို ချေဖျက်ပေးလိမ့်မယ်"

သူမက လမင်းဓားနတ်ဘုရားကို မေ့မထားဘဲ ဆေးတ်ိုက်လိုက်သောအခါတွင်မှ ချီစွမ်းအင်များ ပြန်လည်ရရှိသွားပုံပေါ်သည်။

"လုယောင်ကို စောင့်ရှောက်ထား။ ဘယ်သူတွေ အသက်ရှင်မလဲ ငါ လိုက်ရှာကြည့်ဦးမယ်"

လမင်းဓားနတ်ဘုရားက အားတင်း၍ မတ်တပ်ရပ်လိုက်သော်လည်း နားအတွင်း မိုးချုန်းသံများ ကြားနေရဆဲဖြစ်ကာ မိုးကြိုးဌာန မည်မျှ ထိခိုက်ပျက်စီးသွားကြောင်း နားလည်လိုက်၏။

"ဟုတ်ကဲ့။ ချောင်ရှန်း ရှိသေးလား တစ်ချက်လောက် သွားကြည့်ပေးပါ။ သေသွားရင်တောင် အနည်းဆုံး အလောင်းလေးတော့ သယ်လာပေးဖို့ တောင်းဆိုပါတယ်"

ကူစုဝမ်၏ စကားအဆုံးတွင် သူမက ခေါင်းညိတ်၍ ထွက်ခွာသွားပြီး မကြာခင်မှာပင် မည်းမှောင်နေသော မျက်နှာထားဖြင့် ပြန်ရောက်လာခဲ့သည်။

"သွားပြီ။ အားလုံး ပျက်စီးကုန်ပြီ။ အဆင့်ခြောက် အရာရှိတွေထဲမှာ နင်နဲ့ လုယောင်ကလွဲလို့ အကုန်သေသွားတယ်။ အလောင်းတောင် မကျန်ဘူး"

ဤအချက်က မိုးကြိုးဌာနတွင် အရာရှိများ မကျန်ရုံသာမက အနာဂတ် ပျောက်သွားကြောင်းကိုပါ ဆိုလို၏။

"ဟင့်အင်း။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး"

"အမှန်တရားကို လက်ခံလိုက်ပါတော့"

သူမက ရှိုက်ကြီးတငင် ငိုနေသောကြောင့် မျက်ရည်များ စီးကျလာသဖြင့် ယွမ်ရှောင် ကသိကအောက် ဖြစ်သွားသော်လည်း ဟန်ဆောင်နေသဖြင့် ငြိမ်သက်နေရသည်။

"ဒီနေရာအကြောင်း သတင်းပြန့်နေလောက်ပြီ။ ပုံရိပ်ဖမ်း စက်လုံးတွေ တပ်ထားတယ်မလား။ ကောင်းကင်ရုံးတော်က အင်အားစုတွေ လမ်းမှာ ရောက်နေပြီ ထင်တယ်"

လမင်းဓားနတ်ဘုရားက ပတ်ဝန်းကျင်ကို စူးစမ်းရင်း သူမကို မေးခွန်းထုတ်နေ၏။

"ငိုနေလို့ ဘာမှထူးမလာဘူး။ မဟာအစီအရင်က ချွတ်ယွင်းချက်ရှိတာ ပုံမှန်ပဲလား"

"ငါ မသိဘူး"

ကူစုဝမ်ကမူ အလွန်စိတ်ဆင်းရဲနေသဖြင့် ကောင်းကောင်းမွန်မွန် စဥ်းစားနိုင်စွမ်း မရှိတော့ပေ။ လမင်းဓားနတ်ဘုရားသည် အနားတွင် ကျရောက်နေသော ပုံရိပ်ဖမ်းစက်လုံးအချို့ကို ကောက်ယူနေစဥ် မိုးကြိုးဧကရာဇ်၏ နတ်သင်္ဘောကြီး ကောင်းကင်အထက်တွင် ဆိုက်ကပ်လာ၏။ ကောင်းကင်ရုံးတော်မှ ထိပ်တန်းပုဂ္ဂိုလ်အယောက်သုံးဆယ်ကျော် ဆင်းလာကြပြီး မိုးကြိုးဌာန၏ လက်ရှိအခြေအနေကို မျက်မြင်တွေ့သောအခါ မျက်လုံးပြူးကုန်သည်။ ဦးဆောင်လာသူများမှာ ဒေါသတကြီး ဖြစ်နေသော မိုးကြိုးဧကရာဇ်နှင့် အိမ်ရှေ့စံ ဖြစ်သည်။ အိမ်ရှေ့စံက အသက်ကြီးသော်လည်း လူငယ်တစ်ယောက်၏ အသွင်မျိုး ယူထားကာ ရွှေနဂါးဝတ်ရုံ ဆင်မြန်းထား၍ ကျောက်စိမ်းပန်းပု မျက်နှာအထက်တွင် မျက်လုံးများ သောက်ရှုးကြယ်ပမာ တောက်ပနေကာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။

"အိမ်ရှေ့စံ"

ထို့ကြောင့် ကူစုဝမ်ရော လမင်းဓားနတ်ဘုရားပါ စိုးရိမ်စိတ်ကြောင့် စိတ်များ လေးလံသွားခဲ့လေသည်။

အပိုင်း ၆၄၆ - အိမ်ရှေ့စံ မင်းသားယု

ယွမ်ရှောင်သာ မရှိခဲ့လျှင် အိမ်ရှေ့စံသည် ကောင်းကင်ရုံးတော်တွင် အချောဆုံး ယောကျ်ားအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ မင်းသားထိုက်ယုနှင့် အင်ပါယာ ထိုက်ဝေသည် ကောင်းကင်ရုံးတော်၏ ထာဝရ ဒဏ္ဍာရီများ ဖြစ်ကြပြီး မင်းသား

ယုက အမှန်တကယ်အားဖြင့် မိဖုရားကျောက်ထက်ပင် အသက်ပိုကြီး၏။ ရှည်လျားသော ခေတ်အဆက်ဆက် သူက အင်မော်တယ် အလှပဂေးများ၏ အိပ်မက် ဖြစ်ခဲ့ပြီး စာတင်ရလောက်သော ဆွဲဆောင်မှုမျိုး ရှိသည်။ မိန်းကလေး စာရေးသူများ ဖွဲ့နွဲ့သော ဝတ္ထုများနှင့် ကဗျာများတွင် သူက ဇာတ်လိုက်ဖြစ်ကာ အင်ပါယာပြီးလျှင် အာဏာအရှိဆုံး ဖြစ်သောကြောင့် မိုးကြိုးဧကရာဇ်ပင် အလွန်ရိုသေလေးစားစွာ ဆက်ဆံရသည်။

လက်ရှိတွင် မိုးကြိုးဧကရာဇ်သည် တစ်ကိုယ်လုံး ဓားဖြင့် မွှန်းခံထားရသည့်အလား နာကျင်ဝမ်းနည်းနေကာ မျက်လုံးများ လျှပ်စီးမိုးကြိုးဖြင့် ပြည့်နှက်၍ မင်းသားယုကိုပင် အလေးမထားနိုင် ဖြစ်နေရ၏။ ကြားသိရသော သတင်းစကားမှာ ယုံနိုင်စရာမရှိ၍ မျက်မြင်ကိုယ်တွေ့ စစ်ဆေးရန် သူက မိုးကြိုးကိုးပါး ရင်ပြင်သို့ ရောက်ရောက်ချင်း ကိုးကိုယ်ခွဲကာ အပျက်အစီးများကို စစ်ဆေးရန် နေရာအနှံ့ ပြေးထွက်သွားခဲ့သည်။ မိုးကြိုးဌာန၏ အခြေအနေကို မြင်သောအခါ သူက စိတ်ဓာတ်များ အောက်ဆုံးအထိ ထိုးကျကာ အရာအားလုံး ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိသည်။

"အရှင်"

ကူစုဝမ်သည် တုန်တုန်ရီရီဖြင့် ခေါ်လိုက်သောအခါ တစ်ဖက်လူက ရုတ်တရက် ရောက်ရှိလာကာ အေးစက်စက် မေးလိုက်သည်။

"မင်းကလွဲပြီး အကုန်သေသွားတာလား"

"ဟုတ်ကဲ့"

"မင်းက ဘယ်လိုလုပ် အသက်ရှင်နေရတာလဲ"

မိုးကြိုးဧကရာဇ်က သံသယဖြင့် ဒေါသတကြီး ဖြစ်သွားကာ အကျိုးအကြောင်းမသင့်သော သူမ၏ လက်ကို ဖမ်းချုပ်ပစ်လိုက်၏။

"မဟာစစ်သူကြီးသုံးယောက်က အစီအရင်ရဲ့ တန်ပြန်ဒဏ်ကြောင့် သေသွားတာပါ။ ငါတို့ သုံးယောက် လွတ်မြောက်ခဲ့တာက လုယောင်ဟာ မီးခြင်္သေ့ဝတ်ရုံနဲ့ မိုးကြိုးကို ကာကွယ်ပေးခဲ့လို့ပဲ"

ကူစုဝမ်က အလန့်တကြား အော်ဟစ်ရင်း ရင်ခွင်အတွင်းရှိ ယွမ်ရှောင်ကို ညွှန်ပြလိုက်သည်။

"သူ့ကို နှိုးလိုက်စမ်း"

"အခုလေးတင် မိုးကြိုးထိန်းချုပ်ရေး ဆေးလုံး တိုက်ထားတယ်။ မကြာခင် သတိရလာမှာပါ။ ဒီထဲမှာ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတယ်။ ကြည့်လိုက်"

လမင်းဓားနတ်ဘုရားက ကြားဝင်လာပြီး သူမ ကောက်ယူထားသော ပုံရိပ်ဖမ်းစက်လုံးများကို မိုးကြိုးဧကရာဇ်ထံ ပစ်ပေးလိုက်သည်။ သူက ၎င်းတို့ကို ယူ၍ မင်းသားယုထံ ချဥ်းကပ်သွားပြီး ဆက်သခဲ့၏။ ချောင်ရူသည် ပူဇော်သက္ကာရ လက်မခံဘဲ ငြင်းဆန်ခဲ့သောကြောင့် နမူနာအဖြစ် သင်ခန်းစာပေးရန် အိမ်ရှေ့စံထိုက်ယုက စီစဥ်ခဲ့သော်လည်း အကြီးအကျယ် မှားယွင်းသွားပြီ ဖြစ်သည်။ သို့သော် သူက တည်ငြိမ်စွာ ရှိနေပြီး စက်လုံးများကို အသက်သွင်း၍ ရှုထောင့်ပေါင်းစုံမှ မှတ်တမ်းတင်ထားသည်များအား ကြည့်လိုက်၏။ ဂုဏ်ပြုပွဲစတင်သည်မှ ချောင်ရူကို ခေါ်ဆောင်လာချိန်အထိ အရာအားလုံး ပုံမှန်ဖြစ်နေကာ ယွမ်ရှောင်၏ လှောင်ရယ်သံများ ထွက်ပေါ်လာပြီးနောက် ကွပ်မျက်မှု စတင်သော အခါ မဟာအစီအရင်သည် ကမောက်ကမ ဖြစ်၍ ချောင်ရှန်းထံ အရင်ဆုံး ပစ်ခတ်ပြီး လူအုပ်ကြီးထံ ဆက်တိုက် ပစ်ချခဲ့သည်။ မှတ်တမ်းအချို့တွင် လုယောင်ကို ကူစုဝမ်နှင့် လမင်းဓားနတ်ဘုရားက ကာကွယ်ပေးထားပြီး မိုးကြိုးကိုးပါးရင်ပြင်၌ အမြင့်ဆုံး ရတနာဖြစ်သော မီးခြင်္သေ့ဝတ်ရုံ၏ အကာအကွယ် ဖြစ်တည်လာသည်ကိုလည်း မြင်နိုင်၏။

ထို့နောက် အမည်းရောင် မီးခိုးများ ထွက်ပေါ်လာကာ အရာအားလုံး မှုန်ဝါးပြီး နောက်ဆုံး မြင်နိုင်သည်မှာ ဧရာမ မိုးကြိုးသုံးစင်းက မဟာစစ်သူကြီးများကို သတ်ပစ်လိုက်သည့်အထိပင်။

"ဒါက မတော်တဆမှု ဖြစ်လောက်တယ်။ မိုးကြိုးဌာန ကံဆိုးသွားတာပဲ"

ထိုင်ယုက တအံ့တသြ မှတ်ချက်ပေးလိုက်သော်လည်း မိုးကြိုးဧကရာဇ်သည် တင်းမာစွာ ငြင်းဆန်နေသည်။

"မဖြစ်နိုင်ဘူး။ မဟာအစီအရင်က တစ်ခါမှ မမှားယွင်းဖူးဘူး။ ချွတ်ယွင်းသွားခဲ့ရင်တောင် မိုးကြိုးကိုးပါးရင်ပြင်ကိုပဲ စွမ်းအားအများကြီးနဲ့ ပစ်မှတ်ထားစရာ အကြောင်း မရှိဘူး"

"တစ်ယောက်ယောက်က ထိန်းချုပ်သွားတယ်လို့ မင်း ပြောချင်တာလဲ။ ဘယ်သူ ဖြစ်နိုင်မလဲ"

ထိုက်ယုက မေးခွန်းထုတ်လိုက်သောအခါ မိုးကြိုးဧကရာဇ်သည် မျက်လုံးများ မှိတ်၍ အချိန်တစ်ခုကြာ စဥ်းစားပြီးနောက် ယွမ်ရှောင်ထံ ရုတ်တရက် အတွေးရောက်သွားသည်။ ထိုအခိုက်အတန့်တွင် သူက သွေးမည်းများ အန်ထွက်၍ တစ်ကိုယ်လုံး ချွေးများစိုရွှဲကာ သတိရလာပြီး မျက်လုံးအပြူးသားနှင့် ပတ်ဝန်းကျင်ကို အလန့်တကြား လိုက်ကြည့်နေခဲ့၏။

"ခုနက ဘာဖြစ်သွားတာလဲ"

"မဟာအစီအရင် ချို့ယွင်းပြီး အများကြီး အသတ်ခံလိုက်ရတယ်"

ကူစူဝမ်က မျက်ရည်များဖြင့် အဖြေပေးလိုက်ပြီး ပိုမိုတည်ငြိမ်သော လမင်းဓားနတ်ဘုရားသည် ထိုက်ယုအကြောင်း မိတ်ဆက်ပေးလိုက်သည်။

"ဒါက အိမ်ရှေ့စံပါ"

"နိမ့်ကျတဲ့ ဒီအင်မော်တယ်က မင်းသားကို အရိုအသေပေးပါတယ်"

ယွမ်ရှောင်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းညွှတ်ကာ နှုတ်ဆက်သောအခါ ထိုက်ယုသည် တစ်ချက်ပြုံးလိုက်သည်။

"ဒါက အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံလား။ ဒဏ်ရာတွေ ရှိနေတာတောင် ထူးခြားတယ်ဆိုတာ ကျုပ် ပြောနိုင်တယ်"

"ကျေးဇူးတင်ပါတယ်။ ဒါနဲ့ မဟာစစ်သူကြီးတွေရော ဘယ်မှာလဲ"

ကူစုဝမ်သည် မျက်ရည်များ ထပ်မံကျဆင်းလာပြီး စကားမပြောနိုင်သောကြောင့် သူက ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သောအခါ မီးခြင်္သေ့ဝတ်ရုံ အပိုင်းအစများထံ အကြည့်ရောက်သွားခဲ့သည်။

"ကောင်းပြီ။ မင်းပြောခဲ့သလိုဆိုရင် ဘယ်သူ လုပ်တာ ဖြစ်နိုင်ချေ အများဆုံး ရှိလဲ"

ထိုက်ယုက မိုးကြိုးဧကရာဇ်ဘက် လှည့်ကြည့်ကာ မေးခွန်းထုတ်လိုက်သော်လည်း လမင်းဓားနတ်ဘုရားမှ ဝင်ဖြေလိုက်၏။

"ဖြစ်နိုင်ချေ မရှိပါဘူး။ ဒါက ကောင်းကင်ရုံးတော်ရဲ့ အစွမ်းထက် မဟာအစီအရင် ဖြစ်ပြီး မျိုးဆက်ပေါင်းများစွာ ပြည့်စုံအောင် ဖန်တီးထားတာပဲ။ အပြင်လူတစ်ယောက်က ဘယ်လိုလုပ် အလွယ်တကူနဲ့ ထိန်းချုပ်နိုင်မှာလဲ"

"ငါ အစီအရင်ကို သွားစစ်ဆေးလိုက်မယ်"

မိုးကြိုးဧကရာဇ်သည် စကားတစ်ခွန်းသာ ပြော၍ ချာခနဲ လှည့်ထွက်သွားကာ မိုးကြိုး မဟာအစီအရင်ထံ ပျံတက်သွား၏။

"မိုးကြိုးဌာနလို ကောင်းကင်ရုံးတော်ရဲ့ ဌာနကြီးတစ်ခုက ဒီလိုကပ်ဆိုက်ခဲ့ရတယ်။ ဥပဒေစိုးမိုးရေး ဌာနတစ်ခုရဲ့ အင်အားစုက တစ်ရက်တည်းနဲ့ ပျက်စီးသွားခဲ့ပြီ။ ဒီလိုဆုံးရှုံးမှုမျိုးက သမိုင်းမှာတောင် မရှိဖူးဘူး"

ထိုက်ယုက သက်ပြင်းတစ်ချက်ချ၍ ယွမ်ရှောင်ကို လှမ်းကြည့်ကာ ဆက်ပြောသည်။

"ကံကောင်းစွာနဲ့ မင်းက အသက်ရှင်ခဲ့တယ်။ လုယောင်၊ မိုးကြိုးဌာန ပြန်လည်တည်ဆောက်ဖို့ မျှော်လင့်ချက် ဖြစ်ပေးပါ။ ဒီနေ့ဖြစ်ရပ်အတွက် မင်း လွတ်မြောက်ခဲ့တာ တစ်ခုတည်းသော သတင်းကောင်းပါပဲ"

ယွမ်ရှောင်ကမူ စိတ်ဓာတ်ကျ၍ ဝမ်းနည်းပူဆွေးဟန်ဖြင့် လည်ချောင်းတစ်ဆို့ကာ စကားမပြောနိုင်သယောင် ဟန်ဆောင်ထားသည်။

"အခြေအနေ ဘယ်လိုလဲ"

ခဏအကြာတွင် မိုးကြိုးဧကရာဇ် ပြန်ရောက်လာသောအခါ ထိုက်ယုက မေးလိုက်ခြင်း ဖြစ်၏။

"အစီအရင်မှာ ပြောင်းလဲမှု မရှိဘူး။ အရာအားလုံး ပုံမှန်ပါပဲ"

"ဒါဆိုရင် ထပ်ပြီး စစ်ဆေးဖို့ အချိန်ယူပါ။ တစ်ယောက်ယောက်က ပြဿနာလုပ်နေတယ်ဆိုရင် မင်း သတ်နိုင်ပါတယ်။ အခုအခြေအနေအရ ကောင်းကင်ရုံးတော်က မိုးကြိုးဌာန ပြန်လည် တည်ဆောက်ဖို့ အစွမ်းကုန် ကူညီပေးမယ်။ တစ်ခုခု လိုအပ်တာ ရှိရင် ငါ့ကို အကြောင်းကြားပါ"

"လောလောဆယ် ဦးစားပေးက အပျက်အစီးတွေကို ရှင်းလင်းပြီး အသုဘကျင်းပရင်း ​သာမန်အင်မော်တယ်တွေကို နှစ်သိမ့်ဖို့ပါ။ နောက်ထပ် လိုအပ်တာတွေရှိမှ မင်းသားကို အနှောင့်အယှက်ပေးပါမယ်"

မိုးကြိုးဧကရာဇ်က ဦးညွှတ်လိုက်သောအခါ ထိုက်ယုသည် ခေါင်းညိတ်၍ ရွှေရောင်အလင်း အသွင်ပြောင်းကာ ကောင်းကင်သို့ မြင့်သထက်မြင့်အောင် တက်လှမ်းသွား၏။ သို့သော် သူက မထွက်ခွာခင် ယွမ်ရှောင်အတွက် နောက်ဆုံးစကား ချန်ထားရစ်ခဲ့သည်။

"မင်း ဒဏ်ရာ ရထားတာအတွက် ပူဇော်သက္ကာရက အကျိုးရှိတယ်။ အမြန်ဆုံး လုပ်လိုက်ပါ။ မင်းပြောသလို မျောက်တွေအကြောင်း ဟာသက နက်နဲတယ်။ အင်မော်တယ်တစ်ယောက်က သေမျိုးဘဝကို ဖက်တွယ်ထားရင် လမ်းစဥ်မှာ ရှေ့ဆက်နိုင်မှာ မဟုတ်ဘူး။ ဒဏ်ရာ ကုသပြီးပြီဆိုရင် မိုးကြိုးဌာန ပြန်လည်တည်ဆောက်ဖို့ လာခဲ့"

"အမိန့်အတိုင်းပါ မင်းသား"

ဤစကားအရ ထိုက်ယုသည် ပုံရိပ်ဖမ်းစက်လုံးများမှ ပြသခဲ့သော ချောင်ရူနှင့် ယွမ်ရှောင်၏ စကားဝိုင်းကို ကောင်းကောင်းကြီး မှတ်မိနေပုံပေါ်သည်။

ထိုအချိန်တွင် မိုးကြိုးဧကရာဇ်သည် ကောင်းကင်ရုံးတော်မှ လိုက်ပါလာသော စစ်သည်တစ်ယောက်ကို အမိန့်ပေးနေသည်။

"ချောင်ရူကို မိုးကြိုးတစ်ချက် ပစ်ချလိုက်ပေမယ့် သေတာကို အတည်မပြုနိုင်သလို အလောင်းလည်း မတွေ့ရဘူး။ သူ့ကို ဆက်ရှာဖို့ သတင်းပို့လိုက်။ သဲလွန်စ ဆိုရင်တောင် ဆုကြေးများများ ပေးမယ်"

ယွမ်ရှောင်ကို ဘေးတစ်ဖက်မှ တွဲထားသော လမင်းဓားနတ်ဘုရားက ခပ်တိုးတိုး ရေရွတ်လိုက်သောအခါ ကူစုဝမ်လည်း အလန့်တကြား ဖြစ်လာသည်။

"မိုးကြိုးဧကရာဇ်က တစ်ယောက်ယောက်ရဲ့ လက်ချက်လို့ တကယ် သတ်မှတ်နေသလိုပဲ"

"ဘယ်လိုလုပ် ဖြစ်မှာလဲ။ မဟာအစီအရင်ကို ထိန်းချုပ်နိုင်တယ်ဆိုရင် ကြောက်စရာကောင်းလွန်းတယ်"

ထို့နောက် သူတို့သည် ယွမ်ရှောင်ကို ချောင်အိမ်တော်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး လမင်းဓားနတ်ဘုရားမှ အကြံပေးလိုက်သည်။

"နည်းနည်းလောက် အနားယူလိုက်။ အချိန်ကျရင် နတ်ဘုရားဂိတ်ကို ပြန်သွားကြမယ်။ ငါတို့လည်း မင်းနဲ့အတူ လိုက်ပေးမယ်"

"ကျုပ်ရဲ့ မူလဝိညာဥ် ထိခိုက်နေတယ်။ ဒါကြောင့် စိတ်တည်ငြိမ်စေဖို့ တစ်ရက်လောက် အချိန်ယူချင်တယ်"

"ကောင်းပါပြီ"

လမင်းဓားနတ်ဘုရား ထွက်ခွာသွားသောအခါ ကူစုဝမ်သည် အခန်းထဲတွင် ကျန်ရစ်ခဲ့ပြီး ကုလားထိုင်တစ်လုံးအထက် ခြေပစ်လက်ပစ် ထိုင်ချကာ မျက်ရည်များ တသွင်သွင် ကျဆင်းနေ၏။

"မွေးစားအမေ၊ ကျုပ် ခဏလောက် တစ်ယောက်တည်း နေချင်တယ်"

ယွမ်ရှောင်က ဤသို့ တောင်းဆိုလိုက်သောအခါ တခြားတစ်​ယောက်ကို ပြုစုရန် မဆိုထားနှင့်၊ ကိုယ့်ကိုကိုယ်ပင် အနိုင်နိုင် ဖြစ်နေရသောအခါ သူမလည်း ခေါင်းညိတ်ပြ၍ ထွက်ခွာသွားခဲ့သည်။

"မိုးကြိုးဧကရာဇ်က မင်းကို သံသယဝင်နေတယ်။ ထိုက်ယုနဲ့ လမင်းဓားနတ်ဘုရားက ဘာမှ မသေချာဘူး။ ကူစုဝမ်ကတော့ မတော်တဆလို့ ထင်နေတယ်"

ထို့နောက် ကြယ်ပြာက အသံထွက်လာသောအခါ ယွမ်ရှောင်မှ ဆုံးဖြတ်ချက် ချပေးလိုက်သည်။

"ဘာမှဂရုစိုက်မနေနဲ့။ အရင်းအမြစ်တွေက လက်ထဲ ရောက်နေပြီ။ ငါ့ကို တိုက်ရိုက် မထိခိုက်သရွေ့ ဟန်ဆောင်ပြီး ကျင့်ကြံဆင့် မြှင့်တင်နေရမယ်"

အမှောင်ထု စတင်ကျရောက်၍ ညအချိန် ရောက်လာသောအခါ သူသည် ချောင်အိမ်တော်အတွင်းမှ တိတ်တဆိတ် ထွက်ခွာလာသဖြင့် ကြယ်ပြာက မေးခွန်းထုတ်လိုက်သကဲ့သို့ လနီမှာ ချောင်းတစ်ချက်ဟန့်ရင်း စနောက်နေခဲ့လေသည်။

"ဘယ်သွားမလို့လဲ"

"ညကမှောင်လာပြီ။ မြေကြီးပေါ်မှာ ချော်မလဲအောင် အလင်းပြဖို့ ကျောက်စိမ်းမီးအိမ် ကြီးကြီးလေး နှစ်လုံးလောက် လိုမယ်။ ပုံစံကလည်း လုံးဝန်းနေလိမ့်မယ် ထင်တယ်"

All Chapters