← Chapters

အခန်း (၆၃၃-၆၃၄)

Vol. 48 Ch. 633-634

အခန်း (၆၃၃-၆၃၄)

Vol. 48 Ch. 633-634

အပိုင်း ၆၃၃ - ငါက မျက်စိတဆုံး မြင်နိုင်တယ်

"မိုးကြိုးဧကရာဇ် ရောက်လာတာ အချိန်ကိုက်ပဲ"

အင်မော်တယ်များက ဤသို့ ရေရွတ်လိုက်ကြပြီး တစ်ဖက်လူ အချိန်ကိုက် ထွက်ပေါ်လာသော အကြောင်းအရင်းမှာလည်း ထင်ရှားသည်။ သူက အရင်ဆုံး မိဖုရားကျောက်ကို အရိုအသေပေးပြီးနောက် ရင်းနှီးဖော်ရွေသော မိတ်ဆွေတစ်ယောက်ဟန်ပန်ဖြင့် ယွမ်ရှောင်အား စိုးရိမ်တကြီး မေးလာသည်။

"မင်းရဲ့ ဒဏ်ရာတွေ သက်သာလား။ ကုသဖို့ အချိန်လိုသေးလား။ လိုအပ်ရင် လက်ကျန်ပွဲစဥ်တွေကို ရွှေ့ဆိုင်းပေးဖို့ ငါ တောင်းဆိုပေးနိုင်တယ်"

"မလိုအပ်ဘူး။ လက်ကျန် နှစ်ပွဲကို ကျုပ် အခုတောင် ယှဥ်ပြိုင်လိုက်ချင်သေးတယ်"

ယွမ်ရှောင် ခေါင်းယမ်း၍ ပြောလိုက်သော အဖြေအရ အန်းယောင်ကို အနိုင်ယူပြီး ကိုယ့်ကိုကိုယ် သက်သေပြရန် အလွန်ဆန္ဒပြင်းပြနေကြောင်း သိသာ၏။ သေချာ စဥ်းစားကြည့်လိုက်လျှင် ၎င်းက ယုတ္တိရှိပြီး အိမ်ထောင်ဦးစီးတစ်ယောက်သည် ဇနီးနှင့် သားများကို ကိုယ်ကျိုးအတွက် စွန့်ပစ်ခဲ့ပြီး ရာထူးအဆင့်အတန်း မြင့်တက်လာသောအခါတွင်လည်း တပည့်တစ်ယောက် လက်ခံ၍ အန်းယောင်ဟူ၍ အမည်ပေးလိုက်ခြင်းမှာ ကိုယ့်မိသားစုကိုယ် ပြန်လည် လှောင်ပြောင်လိုက်ခြင်း မဟုတ်ပါလော။

"အခု လုယောင်က မိုးကြိုးဌာနရဲ့ ဘက်တော်သား အစစ်အမှန် ဖြစ်သွားပြီ"

"လုဖန်က ပါရမီရှင် သားအရင်းကို မိုးကြိုးဧကရာဇ်ဆီ ရက်ရက်ရောရော ပေးလိုက်တာပဲ"

"ဇာတ်လမ်းက စိတ်ဝင်စားစရာ ကောင်းနေပြီ"

ပတ်ဝန်းကျင်၌ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေသော စကားသံများ ထွက်ပေါ်နေကာ နောက်ဆုံး တိုက်ပွဲ လေးခုကို စောင့်မျှော်နေကြ၏။ တိုက်ခိုက်ရေးစင်မြင့် ရှေ့မှောက်တွင် ယွမ်ရှောင်နှင့် မိုးကြိုးဧကရာဇ် ရင်ဘောင်တန်း ရပ်နေကြပြီး အေးစက်စက် စကားသံ တစ်ခု ထွက်ပေါ်လာသည်။

"မိုးကြိုးတမန်တော်ချောင် ဘယ်မှာလဲ"

"မကြာခင် သူ သတင်းပို့ပါလာလိမ့်မယ်"

စကားဆုံးသည်နှင့်တပြိုင်နက် ယွမ်ရှောင်ထံ ချောင်ရူ၏ သတင်းပို့ အဆောင် ပျံသန်း ရောက်ရှိလာကာ သတင်းစကား ထွက်ပေါ်လာ၏။

"လုယောင်၊ ငါ အဆင်ပြေပါတယ်။ မိုးကြိုးဌာနကနေ မင်းကို စောင့်ကြည့်အားပေးနေတယ်။ မိုးကြိုးဌာနရဲ့ စီရင်သူအဖြစ် အောင်ပွဲဆင်ပြီး ပြန်လာမှာကိုလည်း စောင့်ကြိုနေပါတယ်"

မိုးကြိုးဧကရာဇ်က ရုတ်တရက် မေးခွန်းထုတ်လိုက်ပြီး ယွမ်ရှောင်သည် မဖြေချင်ဟန်ဖြင့် စကားလမ်းကြောင်း ပြောင်းခဲ့သည်။

"မင်းက အစ်မကြီးတွေကို ကြိုက်တတ်တာလား"

"ကျုပ်အတွက် မိုးကြိုးဌာနမှာ မိတ်ဆွေ သိပ်မရှိဘူး။ တကယ်လို့ အခုထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပေးမယ်ဆိုရင် မိုးကြိုးဌာနအတွက် အမှန်တကယ် ကြိုးစားပေးမယ်"

"နားလည်ပြီ"

မိုးကြိုးဧကရာဇ် ခေါင်းညိတ်ပြလိုက်သောအခါ သူက မေးခွန်းပြန်ထုတ်၏။

"ခင်ဗျား ကျုပ်ကို ကာကွယ်ရဲလို့လား။ လုဖန်ကို မကြောက်ဘူးပေါ့"

"ဒါက ကောင်းကင်ရုံးတော်ပါ။ ထင်တိုင်းကြဲနေတဲ့ လုဖန်ရဲ့ ဓားပြစခန်း မဟုတ်ဘူး"

တစ်ဖက်လူ၏ အဖြေကြောင့် သူက စိတ်အေးသွားကာ မမျှော်လင့်ဘဲ လုပ်ကြံခံလိုက်ရသည့်တိုင်အောင် စိတ်တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူ၏ ပါရမီနှင့် အရည်အချင်းကြောင့် မိုးကြိုးဌာနက ကျောထောက်နောက်ခံ ဖြစ်လာပြီး လုဖန်ဆိုသော ဖိအားကို ခံနိုင်ရည်ရှိလာသည်။

"အခုက စပြီး ကျုပ် ဘာဖြစ်ဖြစ် မိုးကြိုးဌာနရဲ့ လူပဲ"

အနားတွင် ရပ်နေသော နိုင်းသည် ဖခင်ဖြစ်သူနှင့် ယွမ်ရှောင် အဆင်ပြေနေသည်ကို ကြည့်ရင်း အတွင်းစိတ်၌ ပဋိပက္ခ ဖြစ်နေသည်။

"ပြိုင်ပွဲဝင်တွေ လူစုကြမယ်"

မကြာမီ လေးယောက်တွဲ ရှုံးထွက်ပွဲစဥ် ကျင်းပရန် အချိန်ရောက်လာသောအခါ သက်တော်ရှည်အင်မော်တယ်က ကြေညာလိုက်ပြီး ယွမ်ရှောင်သည် တက်လှမ်းလာသော အင်မော်တယ်များကို ချက်ပြုတ်နေသည့် ဤသက်ကြားအိုကြီးကို တစ်ချက် ကြည့်လိုက်သည်။ သူက မိုးကြိုးဌာနနှင့် ပူးပေါင်းရန် ရည်ရွယ်ချက် မရှိဘဲ လုဖန်သာ စိတ်ထားကောင်းမွန်၍ ပူဇော်သက္ကာရကို ဆန့်ကျင်လျှင် တစ်ဖက်တည်း ရှိချင်ခဲ့၏။

"ဘဝမှာ လိုချင်တာတွေ အမြဲတမ်း ဖြစ်မလာနိုင်ဘူး။ လူတိုင်းက ကိုယ့်အကြံနဲ့ကို အောက်တန်းကျနေမှတော့ ငါ တစ်ယောက်တည်း အကုန် ရှင်းပစ်မယ်"

သူက စိတ်ထဲတွင် ကြုံးဝါးနေစဥ် အန်းယောင်နှင့် ဝူချင်းသည် စုံတွဲပမာ ပူးတွဲ ရောက်ရှိလာကြပြီး လူမြင်ကွင်းတွင် ဖြူစင်မြင့်မြတ်သူများပမာ ဟန်ဆောင်နေကြသည်။ အန်းယောင်သည် လုပ်ကြံမှု မအောင်မြင်ခဲ့သောကြောင့် သူ့ကို တစ်ချက်ပင် မကြည့်ရဲဘဲ သူစိမ်းပမာ ပြုမူနေခဲ့သည်။ ထိုအချိန်တွင် မိဖုရားကျောက်က တွဲဆိုင်းတစ်ခု မဲနှိုက် ရွေးချယ်ပေးလိုက်ပြီး သက်တော်ရှည်ကြီး၏ ကြေညာချက်အရ လုယောင်နှင့် ဝူချင်း ရင်ဆိုင်ရပေလိမ့်မည်။

"မိဖုရားကြီး၊ ကျွန်မက လုယောင်ကို မယှဥ်နိုင်တဲ့အတွက် အကျိုးမရှိဘဲ တိုက်ခိုက်ပြီး ကိုယ့်ကိုကိုယ် အရှက်မခွဲချင်ပါဘူး။ အရှုံးပေးပါတယ်"

ဝူချင်းက ချက်ချင်း ရှေ့ထွက်လာကာ မိဖုရားကျောက်ရှေ့မှောက်တွင် ဒူးထောက်၍ ခွင့်တောင်းခဲ့သည်။

"ကိုယ့်ကိုကိုယ် သိတာကလည်း လူတော်ပါပဲ။ ငါ ခွင့်ပြုတယ်"

မိဖုရားကျောက်၏ သဘောထားကြောင့် နောက်ထပ် ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သော ဝူကွမ်သည်လည်း ဒူးထောက်၍ စကားဆိုလာခဲ့၏။

"မိဖုရားကြီး၊ ကျွန်တော်လည်း အန်းယောင်ကို မယှဥ်နိုင်ပါဘူး။ ဝူချင်းနဲ့ လက်ရည်စမ်းပွဲမှာလည်း ရှုံးခဲ့ဖူးပါတယ်။ ဒါကြောင့် လူတိုင်းကို အလဟဿ အချိန်မကုန်စေလိုပါဘူး။ အရှုံးပေးချင်ပါတယ်။ တတိယနေရာကိုလည်း စွန့်လွှတ်ပါမယ်"

သူက တိုက်ပွဲနှစ်ခုလုံးကို ပြတ်ပြတ်သားသား အရှုံးပေးခဲ့ပြီး အန်းယောင်ကို အနိုင်မယူနိုင်လျှင်ပင် တတိယနေရာအတွက် စိန်ခေါ်နိုင်ချေရှိ၏။ သို့သော် သူက ဝူချင်းကိုပါ ဆက်လက် အရှုံးပေးခဲ့သောကြောင့် အခြေအနေ တင်းမာသော ဖိအားအောက်တွင် ကိုယ့်ကိုကိုယ် အရှက်မခွဲလိုခြင်း ဖြစ်နိုင်၏။

"ဒါဆိုရင် တတိယနေရာကိုလည်း ဆုံးဖြတ်ပြီးပြီဆိုတော့ နောက်ဆုံးတိုက်ပွဲတစ်ခုတည်း ကျန်တော့တာပေါ့"

မိဖုရားကျောက်က တစ်ချက်ပြုံး၍ မှတ်ချက်ပေးလိုက်သောအခါ နဂါးကျားအရှင်သည်လည်း အကြံပြုလိုက်ရာ အင်မော်တယ်အများအပြား ဝင်ရောက် ထောက်ခံနေကြသည်။

"ဒါဆိုရင် ပွဲကြီးပွဲကောင်းကို တိုက်ရိုက်သွားလိုက်ကြမလား"

"ကောင်းတယ်။ ကောင်းတယ်"

ဂုဏ်သိက္ခာ ပြန်လည် မြှင့်တင်ရန် အရေးတကြီး လိုအပ်နေသော မိုးကြိုးဌာနမှ လွဲ၍ ကျန်အရာရှိများသည် တိုက်ပွဲကောင်းတစ်ခု ကြည့်လိုခြင်းသာ ဖြစ်ပြီး ဘက်မလိုက်ကြပေ။ လုဖန်၏ လုပ်ကြံမှုကိုပင် အသက်ရှင်လျက် လွတ်မြောက်လာသော ယွမ်ရှောင်၏ အရည်အချင်းက ဆွဲဆောင်မှု ရှိသော်လည်း မိုးကြိုးဧကရာဇ် တစ်ယောက်တည်းသာ ပေါ်တင် ထောက်ခံပေးခဲ့သောကြောင့် စစ်ဧကရာဇ် မည်မျှ အာဏာစက် ကျယ်ပြန့်ကြောင်း ဖော်ပြနေသည်။ အကြည့်အားလုံး ကျရောက်လာသောအခါ အန်းယောင်သည် လက်ဆစ်များ တဖျစ်ဖျစ်မြည်အောင် ချိုး၍ အညောင်းဆန့်ကာ ပျင်းရိဟန်ဖြင့် စင်မြင့်အထက် တက်သွားခဲ့သည်။

"ချောလိုက်တာ"

နိုင်းက တီးတိုး ရေရွတ်သည်ကို ကြားဖြစ်အောင် ကြားလိုက်သဖြင့် ယွမ်ရှောင် ပြောစရာ စကားရှာမရ ဖြစ်နေ၏။

"နေစမ်းပါဦး။ မင်းက ဘယ်သူ့ကို အားပေးမှာလဲ"

"မိုးကြိုးဌာနရဲ့ မျှော်လင့်ချက် ဖြစ်တဲ့ နင်ပါ"

သူမက အလျင်အမြန် ပြန်ဖြေလိုက်သော်လည်း အချစ်ရူးမလေးသဖွယ် ဖြစ်နေသောကြောင့် ဖြေဆေးမှာ တစ်ခုတည်း ရှိပေသည်။ စင်မြင့်အထက်တွင် အန်းယောင်သည် လက်နှစ်ဖက် နောက်ပစ်၍ မတ်တပ်ရပ်နေကာ ယွမ်ရှောင်ကို လှောင်ပြောင်သရော်ဟန်ဖြင့် ငုံ့ကြည့်နေပြီး ကိုယ့်ကိုကိုယ် ဇာတ်လိုက်အဖြစ် သတ်မှတ်ထားပုံပေါ်၏။

"အကြည့်က လုဖန်နဲ့ တူနေပါလား။ ဒီအခြေအနေတောင် ရောက်လာပြီပေါ့။ အဟက်"

အန်းယောင်ဆိုသည်မှာ အစစ်အမှန် တည်ရှိသော လူသားတစ်ယောက် မဟုတ်ဘဲ လုဖန်၏ ကိုယ်ပွားသာ ဖြစ်နေသောကြောင့် ယွမ်ရှောင်၏ ဒေါသမီးများ ပိုမို တောက်လောင်လာခဲ့သည်။

"သူတို့က ဝိညာဥ်တစ်ခုတည်းကနေ ခွဲထွက်ထားတာပဲ။ ဒါဆိုရင် တိုက်ပွဲက ခက်ခဲတော့မှာပေါ့"

ကြယ်ပြာက ဤသို့ မှတ်ချက်ပြုလိုက်ပြီး တစ်ဖက်လူသည် လျှို့ဝှက်လုပ်ကြံရန် ကျရှုံးသွားသောအခါ တိုက်ခိုက်ရေးစင်မြင့်အထက်တွင် ပေါ်တင် သတ်ဖြတ်ရန် ကြံစည်နေပြန်သည်။ ကူးပြောင်းလာသူတစ်ယောက်၏ ဉာဏ်ရည်အရ ရန်သူ အင်အားကြီးမားလာရန် အချိန်ပေးမည် မဟုတ်ဘဲ တိုက်ခိုက်သတ်ဖြတ်နိုင်မည့် အခွင့်အရေးတိုင်းကို အပြည့်အဝ အသုံးချပေလိမ့်မည်။ ၎င်းကို နားလည်ထားသော ယွမ်ရှောင်က ပခုံးတစ်ချက်တွန့်၍ စိတ်ထဲတွင် ရေရွတ်လိုက်လေသည်။

"ခွေးကောင် လုဖန်၊ မင်းအကြံကို ငါ မြင်နေရတယ်ကွ"

အပိုင်း ၆၃၄ - အင်ပါယာ

အင်မော်တယ်ပြိုင်ပွဲ၏ အထွတ်အထိပ် ဖြစ်သော ဗိုလ်လုပွဲသည် ကောင်းကင်ရုံးတော် တစ်ခုလုံး၏ အာရုံကို ဖမ်းစားထားနိုင်သည်။ မဟာကောင်းကင်စစ်တပ်အတွင်း မရေမတွက်နိုင်သော စစ်သည်များက အန်းယောင်ကို ထောက်ခံနေကြသကဲ့သို့ မိုးကြိုးဌာနတစ်ခုသည် ယွမ်ရှောင်ဘက်တွင် ရှိနေကြသည်။ ပရိသတ်များမှာလည်း တော်ဝင်နန်းတော်အပြင်ဘက်ရှိ မဟာတာအိုနယ်မြေ အရပ်မျက်နှာအသီးသီးမှ အင်မော်တယ်များ ပါဝင်ကြပြီး ကောင်းကင်ရုံးတော်၏ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ကြီးပင် ကိုယ်တိုင် ကြွချီလာခဲ့၏။

"အင်ပါယာ ကြွချီတော်မူလာပြီ"

ယွမ်ရှောင် တိုက်ပွဲစင်မြင့်အထက် မတက်ခင် အချိန်ကလေးမှာပင် သက်တော်ရှည် အင်မော်တယ်က ရုတ်တရက် ကြေညာခဲ့ပြီး အရာရှိအားလုံး အရှေ့အရပ်သို့ လှည့်၍ ပြိုင်တူ အရိုအသေပေးလိုက်ကြသည်။ အလင်းရောင်တစ်ခု ထွက်ပေါ်လာကာ နတ်ကြိုးကြာများနှင့် မင်္ဂလာခြင်္သေ့များ အရင်ဆုံး လမ်းရှင်းပေးကာ ခြွေရံသင်းပင်းများစွာ ဝန်းရံထားသော အင်ပါယာသည် နေရောင်ခြည်ပမာ လင်းလက်တောက်ပစွာဖြင့် မိဖုရားကျောက်ဘေးသို့ ဆင်းသက်လာခဲ့၏။ နတ်သားရဲများက မြူခိုးများအဖြစ် ပြောင်းလဲ၍ ပေါင်းစည်းလိုက်ကြသောအခါ ဧရာမ ပလ္လင်ကြီးတစ်ခု ဖြစ်တည်ပြီး အဖြူရောင်ဝတ်ရုံ ဆင်မြန်းထားသည့် ဆံပင်ဖြူဖြူ၊ မျက်ဝန်းဖြူဖြူနှင့် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူက နတ်ဘုရားတစ်ပါးပမာ မြင့်မြတ်သန့်စင်သော အရှိန်အဝါများ ထွက်ပေါ်နေကာ သာမန်လူများ စိတ်ကူးယဥ်ကြည့်တတ်သည့် အင်မော်တယ်တစ်ယောက်၏ အသွင်အပြင် အတိအကျ ပိုင်ဆိုင်ထား၏။ ကရုဏာ၊ မြင့်မြတ်မှုနှင့် တရားမျှတမှုကို ဖော်ဆောင်တတ်သော မေတ္တာရှင်တစ်ယောက်နှင့် တူညီကာ ဧကရာဇ်ဘွဲ့ခံ အင်မော််တယ်များကဲ့သို့ ခြိမ်းခြောက်လိုသော ဖိအားမျိုး မရှိဘဲ ရိုသေလေးစားစရာ ကောင်းလှသည်။

"တော်ဝင် အင်ပါယာကို ဂါရဝပြုပါတယ်"

အင်မော်တယ်များက လေးစားရိုသေစွာ ကြိုဆိုလိုက်သောအခါ အင်ပါယာသည် တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြကာ ယွမ်ရှောင်နှင့် အန်းယောင်ထံ အကြည့်ရောက်လာသည်။

"မင်းတို့နှစ်ယောက်လုံးက မဟာတာအိုနယ်မြေရဲ့ ရတနာတွေ ဖြစ်ပြီး လမ်းစဥ်အားလုံးအတွက် ကောင်းချီးပါပဲ"

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဆုံးအစ မရှိတဲ့ အင်မော်တယ်လမ်းစဥ်မှာ ကျုပ်တို့လို သာမန်လူတွေက မမောက်မာရဲပါဘူး။ မခံယူဝံ့ပါဘူး အင်ပါယာ"

ယွမ်ရှောင်က အပြင်ပန်းတွင် ဤသို့ ပြန်ဖြေလိုက်သော်လည်း ကြယ်ပြာမှ စိတ်ချင်းဆက်သွယ်၍ သတိပေးလာသောကြောင့် ရင်ထဲတွင် ဒေါသများ လှိုင်းထန်နေ၏။

"ဒီစောက်အဘိုးကြီးရဲ့ အသွင်အပြင်က အပေါ်ယံပဲ။ ပူဇော်သက္ကာရတွေကို ဝါးမျိုးထားသမျှ အင်မော်တယ်တွေထဲမှာ သူက အဆိုးဆုံးပဲ"

ထို့ကြောင့် ကောင်းကင်ရုံးတော်၏ အုတ်မြစ်သည် အောက်ခြေမှ ထိပ်ဆုံးအထိ လှိုက်စားနေကာ သေမျိုးလောကများနှင့် ပတ်သက်လျှင် သဘောထား ပုပ်ပွနေကြောင်း သိသာသည်။ အင်ပါယာကိုယ်တိုင် ရာဇဝတ်သား ဖြစ်နေသောအခါ အုပ်ချုပ်ရေး စနစ်တစ်ခုလုံး ပျက်စီးယိုယွင်းနေသည်မှာ မထူးဆန်းတော့ပေ။ မိုးကြိုးဌာနတွင် လူမှန်ဖြစ်သော ချောင်ရူ ဖယ်ကျဥ်ခံရခြင်း၊ တက်လှမ်းလာသော အင်မော်တယ်များ ပိုးကောင်အစာအဖြစ် ချက်ပြုတ်ခံရခြင်း စသည့် လုပ်ရပ်များမှာ သူတော်စင်ဟန်ဆောင်ထားသည့် ဤအဘိုးကြီးထံမှ မြစ်ဖျားခံလာခြင်းပင်။

"ဒီအဘိုးကြီး ဝါးမျိုထားတာ အလွန်အကျွံ ဖြစ်နေတာလား"

"ငါ့လို သားရဲတစ်ကောင် အန်ချင်စိတ်ဖြစ်လာတဲ့အထိ ဆိုးရွားလွန်းတယ်"

ကြယ်ပြာက ဥပမာပေးရန်အတွက် နတ်ဘုရားဂိတ်မှ တံခါးစောင့် အင်မော်တယ်နှစ်ယောက်နှင့် အင်ပါယာကို နှိုင်းယှဥ်ပြလိုက်သည်။ ဆိုးရွားမှုကို တိုင်းတာသော စံနှုန်းတစ်ခု ရှိလျှင် တံခါးစောင့်များက ၁၀၀ဆိုလျှင် အင်ပါယာသည် တစ်သိန်းအထိ ရှိပေလိမ့်မည်။ ထိုကောက်ချက်ကြောင့် ယွမ်ရှောင်သည် ဒေါသထွက်လွန်း၍ လည်ချောင်းများ မီးခဲပမာ ပူလောင်ကာ ပြောစရာစကားပင် ရှာမရချေ။ တစ်ဖက်လူက အစွန်းရောက်မည်ဟု သူ မျှော်လင့်ထားသော်လည်း လက်တွေ့တွင် အစွန်းရောက်သည်ထက် ပမာဏများစွာ ကျော်လွန်၍ ရက်စက်ကြမ်းကြုတ်လွန်းနေသည် မဟုတ်ပါလော။

"အင်မော်တယ်လမ်းစဥ်မှာ စွမ်းအား ကွာခြားတာက ကြီးလွန်းတယ်။ သန်မာလာတာနဲ့အမျှ ကိုယ်ကျိုးကြည့်တတ်သူတွေက ထိန်းချုပ်မရလောက်အောင် ဆိုးရွားကြတယ်။ ဒါက ဖြစ်နေကျပါ"

"ဖန်ဆင်းရှင်က ဒါကို ဖြစ်စေခဲ့တာလား"

ယွမ်ရှောင်က မေးခွန်းထုတ်လိုက်သောအခါ ကြယ်ပြာသည် ခါးသက်သက် ရယ်မောကာ ပြန်ဖြေခဲ့သည်။

"ဖန်ဆင်းရှင်က အရာအားလုံးကို အသက်သွင်းပေးခဲ့တယ်။ အခု လမ်းစဥ်ကို အုပ်စိုးနေတဲ့ ဘိုးဘေးနတ်ဘုရား ခြောက်ယောက်မှာတောင် အပြစ်အနာဆာတွေ မကင်းဘူး"

"လုယောင်၊ တိုက်ခိုက်ရေးစင်မြင့်ကို တက်ပါ"

သူ အတွေးနက်နေစဥ် သက်တော်ရှည် အင်မော်တယ်က သတိပေးလာခဲ့ပြီး ပတ်ဝန်းကျင်မှာ အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားကာ ကြွချီလာသော အင်ပါယာကို စောင့်ခိုင်း၍ မသင့်တော်ချေ။ ဌာနတိုင်း စောင့်ကြည့်နေကြပြီး ကောင်းကင်ရုံးတော်၏ ပါရမီရှင်နှင့် စီရင်သူအသစ်တစ်ယောက်၏ အားပြိုင်မှုအရ ရလဒ်တိုင်းက သေချာပေါက် သက်ရောက်မှု ကြီးမားပေလိမ့်မည်။

"အန်းယောင် ကျော်ကြားလာတာက စစ်ဧကရာဇ်အတိုင်းပဲ။ စွမ်းအားကို သေချာဖုံးကွယ်ထားပြီး တစ်ကြိမ်တောင် မရှုံးဖူးဘူး။ ဒီလို ဝိညာဥ်လမ်းစဥ် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရတာ ခက်ခဲလွန်းတယ်"

ကူစုဝမ်က စိုးရိမ်တကြီး ရေရွတ်လိုက်သောအခါ ယွမ်ယင်သည် ကန့်ကွက်လိုက်သည်။

"လုယောင်ကလည်း အကြိမ်တိုင်း အံ့သြစရာတွေ လုပ်ပြခဲ့တယ်"

"ဒါပေမယ့် ငါ စိုးရိမ်တာက အန်းယောင် မဟုတ်ဘူး။ စစ်ဧကရာဇ်ကို..."

ထိုစကားကြောင့် စစ်ဧကရာဇ် မည်မျှ ကြောက်စရာကောင်းကြောင်း နားလည်ထားသည့် ယွမ်ယင်လည်း တိတ်ဆိတ်သွားခဲ့သည်။ တစ်ဖက်လူက အန်းယောင်ကို မည်သည့် ဝှက်ဖဲများ သင်ပေးထားမည် ဖြစ်ကြောင်း ခန့်မှန်းရ မလွယ်ပေ။ သားဖြစ်သူကို သတ်ခဲ့သော လူသတ်သမားကို မုန်းလေလေ၊ ယွမ်ရှောင် ရှုံးနိမ့်မည်ကို သူ စိုးရိမ်လေလေ ဖြစ်၏။ အကယ်၍ အင်မော်တယ်ပြိုင်ပွဲ၌ မိုးကြိုးဌာနသာ အရှက်ကွဲသွားလျှင် စစ်ဧကရာဇ်နှင့် တပည့် ကောင်းကင်ရုံးတော်တွင် သောင်းကျန်းမည်ကို မည်သူမျှ တားနိုင်ကြမည် မဟုတ်ချေ။

တိုက်ပွဲစင်မြင့်အထက်သို့ ရောက်သောအခါ ယွမ်ရှောင်သည် သူ့ကို အလေးမထားဟန်ဖြင့် ပေါ့ပေါ့နေ ပေါ့ပေါ့စား အသွင်ဖြင့် ရပ်နေသော အန်းယောင်ထံ အကြည့်ရောက်သွား၏။ ပြိုင်ဘက်နှစ်ယောက်တွင် တစ်ယောက်က လမ်းဘေးကြွက်ပမာ ထင်မှတ်ရပြီး ကျန်တစ်ယောက်မှာ နတ်ဘုရားပမာ တင့်တယ်လှသည်။ ပြုစားခံထားရသော မိန်းမများမှလွဲလျှင် ရုပ်ရည်ပိုင်း၌ ယွမ်ရှောင်က အန်းယောင်ထက် အဆပေါင်းမြောက်များစွာ သာလွန်ပေသည်။

"မင်းလိုမျိုး တရားမျှတမှုအတွက်လို့ ကြွေးကြော်နေတဲ့ လူသားတွေကို မရေမတွက်နိုင်အောင် ငါ အနိုင်ယူဖူးတယ်။ နောက်ထပ် လှေကားထစ်တစ်ခုပါပဲ"

အန်းယောင်က စပ်ဖြီးဖြီး မျက်နှာထားဖြင့် လှောင်ပြောင်လိုက်သော်လည်း ယွမ်ရှောင်မှာ တည်ငြိမ်နေသည်။

"ဒါဆိုရင် ငါ့အကြောင်း မင်း ဘာမှမသိပါဘူး"

အမှန်တကယ်၌ သူက အလွန်တရာ မိုက်မဲ၍ ဒေါသကြီးကာ လက်စားချေတတ်သော သေမျိုးလူသား၏ စရိုက်ကို ဖန်ဆင်းရှင် အင်မော်တယ်၏ ရုပ်ရည်ဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်သည်။

"ဟား ဟား မင်းက ဘာတွေများ ဖုံးကွယ်ထားနိုင်မှာလဲ"

အန်းယောင်က လက်ညှိုးတထိုးထိုးဖြင့် ဟားတိုက်လှောင်ရယ်ကာ စနစ် ခေါ် ဖရိုဖရဲ မူလဝိညာဥ်၏ အကူအညီကြောင့် ယုံကြည်မှုအပြည့် ရှိနေပုံရသည်။ ၎င်းက အသိစိတ်မဲ့ဟန်ဆောင်ကာ ကြိုးကိုင်ခြယ်လှယ်နေသည်ကို မသိသော ကူးပြောင်းလာသူမှာ ကြိုးစားအားထုတ်စရာ မလိုအပ်ဘဲ စွမ်းအား ကြီးမားနေသောကြောင့် အင်မတန် မောက်မာနေခဲ့၏။ သူက ဤလောကကြီးကို ကစားစရာ ဂိမ်းတစ်ခုပမာ သဘောထား၍ ပျော်ပါးနေသော်လည်း တည်ငြိမ်စွာ ရပ်နေသော ယွမ်ရှောင်၏ စိတ်ထဲတွင် ဒေါသများ ပွက်ပွက်ဆူနေကြောင်း နားမလည်ခဲ့ပေ။

"တကယ် အစွမ်းထက်တဲ့ မုဆိုးတွေက အားနည်းတဲ့ သားကောင်တွေကို အမဲမလိုက်ဘူး။ တကယ့်သားရဲလို့ ခေါ်နိုင်တဲ့ စောက်ရူးဇာတ်လိုက်တွေကိုမှ အမဲဖျက်ချင်တာကွ"

ယွမ်ရှောင်က စိတ်ထဲမှ ကြုံးဝါးရင်း တိတ်တိတ်ဆိတ်ဆိတ် ရပ်နေရင်း ညာလက်တွင် အသက်တံဆိပ်၊ ဘယ်လက်တွင် ဓားဝိညာဥ်ကို ဆင့်ခေါ်ခဲ့သည်။ မိုးပြာရောင်နှင့် ခရမ်းရောင်များ ဖြာထွက်နေသော အရှိန်အဝါက အရိုင်းဆန်ဆန် မြင့်တက်လာပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ ကောင်းကင်သင်္ချိုင်းဓားတွင် ပိုင်နက် လေးခုသာ ရှိသော်လည်း ထုတ်လွှတ်နေသော စွမ်းအားမှာ ထောင်စောင့်နဂါးတံဆိပ်အောက် မလျော့ပေ။

"ဓားနဲ့ ရုန်း လမ်းစဥ်နှစ်မျိုးလုံးမှာ ထူးချွန်ပြီး ကျင့်စဥ်တွေကို ကျွမ်းကျင်ပိုင်နိုင်တယ်။ တကယ့်ပါရမီရှင်တစ်ယောက် ဖြစ်လာဖို့ ပြည့်စုံတဲ့ အလားအလာပဲ"

"ဒါပေမယ့် ဝိညာဥ်လမ်းစဥ်ကလည်း ခန့်မှန်းရခက်တယ်။.ဘယ်သူ အနိုင်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ မလွယ်ဘူး"

ထိုက်စွေ့သူတော်စင်နှင့် သက်တော်ရှည်အင်မော်တယ်က အချင်းချင်း ဆွေးနွေးနေကြသော်လည်း စင်မြင့်အထက်ရှိ အန်းယောင်မှာမူ လက်ခုပ်လက်ဝါးတီး၍ ရယ်မောနေဆဲပင်။

"ဓားဝိညာဥ်နဲ့ အသက်တံဆိပ် နှစ်မျိုးလုံးကို ကျွမ်းကျင်တယ်။ တိုက်ပွဲအတွက် မွေးဖွားလာတဲ့ ဇာတ်လိုက်အစစ်က မင်းပဲ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ဓားဝိညာဥ်နှင့် အသက်တံဆိပ်ကို လမင်းဓားနတ်ဘုရားနှင့် ကူစုဝမ်ထံ ရုတ်တရက် ပစ်ပေးလိုက်သောကြောင့် လေထဲတွင် ပျံသန်းသွားကြ၏။

"မွေးစားအမေ၊ ဆရာ၊ ဒါတွေကို ကျုပ်အတွက် လုံခြုံအောင် သိမ်းထားပေးပါ။ ဓားဝိညာဥ်နဲ့ အသက်တံဆိပ် တစ်လက်မလောက် ရွေ့သွားတာနဲ့ ကျုပ် အရှုံးပေးတယ်"

သူ၏ စိန်ခေါ်ချက်က ရဲရင့်လွန်းသောကြောင့် ပတ်ဝန်းကျင်ကို ခဏတာ တိတ်ဆိတ်သွားစေကာ တီးတိုးစကားများ ဆူညံလာသည်။

"မင်းကို အနိုင်ယူဖို့ ဒါတွေတောင် မလိုဘူး"

ထို့နောက် သူက အစစ်အမှန် ကြီးစိုးလွှမ်းမိုးနိုင်စွမ်းဖြင့် အန်းယောင်ကို နိမ့်ကျသော သားရဲတစ်ကောင်ပမာ စိုက်ကြည့်၍ အထင်သေးစွာ ပြောလိုက်လေသည်။

All Chapters