အခန်း (၆၃၅-၆၃၆)
Vol. 48 Ch. 635-636
အပိုင်း ၆၃၅ - မူလကြာပန်း
တိတ်ဆိတ်မှုတစ်ခုသည် ယွမ်ရှောင်၏ စကားလုံးများ ပျံ့နှံ့သွားသည်နှင့်အမျှ ကောင်းကင်ရုံးတော်ကို လွှမ်းခြုံကာ နားမလည်နိုင်သော အကြည့်များ ဖြစ်ပေါ်လာစေသကဲ့သို့ မိုးကြိုးဧကရာဇ်၊ မြောက်ပိုင်းကြယ် ဓားနတ်ဆိုးနှင့် နဂါးကျားအရှင်ကဲ့သို့ အဆင့်တစ်အရာရှိများ မျက်မှောင်ကြုတ်ကုန်သည်။
"သူက စိတ်လွတ်သွားတာလား။ အခုအချိန်ထိ အကောင်းဆုံး လက်နက်တွေက သူ့ရဲ့ ဓားဝိညာဉ်နဲ့ အသက်တံဆိပ် မဟုတ်ဘူးလား"
"ဒီလူငယ်လေးက အကောင်းဆုံး လက်နက်တွေကို စွန့်ပစ်လိုက်တော့ ဘယ်လို တိုက်ခိုက်တော့မှာလဲ"
မြောက်ပိုင်းကြယ် ဓားနတ်ဆိုးက မှတ်ချက်ချလိုက်သောအခါ မိုးကြိုးဧကရာဇ်နှင့် နဂါးကျားအရှင်၏ တုံ့ပြန်စကားမှာ ကွဲပြားနေသည်။
"သူက အဖေအရင်းကို အနိုင်ယူပြချင်ပေမယ့် မောက်မာဖို့အတွက် တကယ့်ရတနာတွေကို ဖယ်ထားလိုက်ပြီ။ ဒါက လုပ်ရပ်နဲ့ ပန်းတိုင် မကိုက်ညီတာပဲ"
"ဒါပေမယ့် အမှန်အတိုင်း ပြောရရင် သူက အတော်လေး တွက်ချက်တတ်တယ်ကွ။ ဓားဝိညာဉ်ကို လမင်းဓားနတ်ဘုရား၊ အသက်တံဆိပ်ကို ကူစုဝမ်ဆီ ပေးလိုက်တော့ မင်းရဲ့ ဓားဌာနကိုရော မိုးကြိုးဌာနကိုရော ချည်ပြီးတုပ်ပြီး ဖြစ်သွားတာပေါ့"
"ဘာဖြစ်ဖြစ် အန်းယောင်လို ပေါ့ပျက်ပျက်ကောင်စားမျိုးနဲ့ ယှဥ်လိုက်ရင် သူက အသာကြီးပဲ"
ယွမ်ရှောင်၏ လုပ်ရပ်သည် အန်းယောင်၏ မောက်မာမှုကို ရိုက်ချိုးပစ်ရန်မှတစ်ပါး အခြား မရှိပေ။ ထို့ကြောင့် အန်းယောင်က မျက်လုံးပြူးကာ အံ့သြသွားသော်လည်း လက်ခုပ်တီးမပျက်၊ အပြုံးမပျက်ဘဲ ပြောလာခဲ့သည်။
"အစ်ကိုလု မင်းက တစ်ခုခုတော့ တစ်ခုခုပဲ။ ငါ့ကို ဆန့်ကျင့်တိုက်ခိုက်ဖို့ မလွယ်တာတောင် ဒီလို မိုက်ရူးရဲဆန်သေးတယ်ပေါ့"
ယွမ်ရှောင်ကမူ တစ်ချက်ပင် မကြည့်ဘဲ အထင်သေးဟန်ဖြင့် တစ်လုံးချင်း ပြန်ပြောလိုက်၏။
"လုဖန်၊ မင်းလုပ်ပြနေတာတွေကို မျောက်ဖင်နီတစ်ကောင် လျှောက်ကနေသလိုပဲ။ အင်မော်တယ်ပြိုင်ပွဲမှာ ကိုယ်ပွားတစ်ခု အသုံးပြုပြီး လူတိုင်းကို အရူးလုပ်ရဲသေးတယ်။ ဒါပေမယ့် မင်းက သနားစရာ ခွေးကောင်သက်သက်ပဲ"
ထိုစကားများက လှောင်ပြောင်စော်ကားလိုက်ခြင်း ဖြစ်သော်လည်း အန်းယောင်ကို လုဖန်ဟူ၍ ခေါ်ခဲ့သောကြောင့် ထိချက်ပြင်းလှ၏။ တစ်ဖက်လူက အမှန်တရားကို သိနေသောကြောင့် အန်းယောင်သည် ပါးဖြတ်ရိုက်ခံလိုက်ရသည့်အလား နောက်သို့ ခြေသုံးလှမ်း ဆုတ်သွားခဲ့ကာ အပြုံးများ ပျောက်ကွယ်၍ တစ်ချက်တည်းဖြင့် အပြတ်ရှင်းလိုစိတ် ပေါက်လာစေသည်။ သူ၏ တုံ့ပြန်ချက်က ကောင်းကင်ရုံးတော်ရှိ အင်မော်တယ်အားလုံးကို အမှန်တရားအား သဘောပေါက်သွားစေ၏။ စစ်ဧကရာဇ်ကဲ့သို့ အဆင့်အတန်းမြင့်မားသော အရာရှိကြီးတစ်ယောက်က လူငယ်များ၏ ပြိုင်ပွဲအတွင်း ကိုယ်ပွားဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခြင်းမှာ ထူးဆန်းပြီး အမှန်တရား ပေါ်ပေါက်သွားသောအခါ သေချာပေါက် ဂုဏ်သိက္ခာ စွန်းထင်းသွားပေလိမ့်မည်။ မျက်လုံးတိုင်းက အန်းယောင်ထံ ပြိုင်တူ ကျရောက်လာပြီး မျက်နှာထားများမှာ စိတ်ဝင်စားစရာကောင်းလှ၏။
"လုဖန်ကတော့ သေချာပေါက် ဒေါသထွက်နေလောက်ပြီ"
မိုးကြိုးဧကရာဇ်က ရယ်မောလိုက်သကဲ့သို့ နဂါးကျားအရှင်သည်လည်း ထပ်ဖြည့်ပေးလိုက်၏။
"ဒီကောင့် ဂုဏ်သိက္ခာက သားအရင်းကြောင့် ဖျက်ဆီးခံလိုက်ရပြီ"
မြောက်ပိုင်းကြယ် ဓားနတ်ဆိုးကမူ သူ့ကိုယ်သူ ယွမ်ရှောင်လောက် အမြင်မစူးရှကြောင်း ဝန်ခံခဲ့သည်။
"လုယောင်က တစ်ခုခုပဲ။ ငါတောင် အန်းယောင်က ကိုယ်ပွားဆိုတာ မသိခဲ့ဘူး"
ထိုအချိန်တွင် ယုံကြည်မှုအပြည့်ဖြင့် ပေါ့ပျက်ပျက် စပ်ဖြဲဖြဲ လုပ်နေခဲ့သော အန်းယောင်သည် မျှော်လင့်မထားသော စကားတစ်ခွန်းတည်းဖြင့် မျက်နှာတစ်ခုလုံး မည်းနက်သွားသည်။
"ဒီတာဝန်က တော်တော်လေး ခက်ခဲနေပြီ"
သူ၏ စရိုက်အရ ခန့်မှန်းမရသော ကိန်းရှင်များနှင့် ရင်ဆိုင်ရလျှင် တစ်ချက်တည်း ဖျက်ဆီးပစ်ရပေလိမ့်မည်။
"ချီးပဲ"
သူက ကျိန်ဆဲရင်း နိုင်းကို အနိုင်ယူ၍ ယွမ်အယ်အား သတ်ဖြတ်ခဲ့သကဲ့သို့ တိုက်ကွက်ကို ထုတ်ဖော်လိုက်ပြီး ဝိညာဥ်စွမ်းအားများစွာ ဖြာထွက်လာသည်။ တစ်ဘဝလုံး သူက အခြားလူများကို လှည့်ဖျားလာခဲ့သော်လည်း တစ်ဖက်လူ၏ လက်ထဲတွင် ဖော်ထုတ်ခံလိုက်ရသောအခါ သည်းမခံနိုင်တော့ပေ။ ဤလောကသို့ ဝိညာဥ် ကူးပြောင်းလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လူပုံအလယ် အရှက်ကွဲသွားခြင်းပင်။
"မင်းလက်ထဲမှာ ဓားဝိညာဥ်နဲ့ အသက်တံဆိပ် မရှိရင် ငါ့ကို ယှဥ်နိုင်မှာလား"
ခဏအတွင်းမှာပင် ကိုယ်ပွားလုဖန် သို့မဟုတ် အန်းယောင်၏ စွမ်းအားက အကန့်အသတ်ထိရောက်အောင် ဆွဲထုတ်ခံလိုက်ရပြီး အနက်ရောင်ကြာတစ်ပွင့်အတွင်း အရှိန်အဟုန်ပြင်းစွာ ပေါင်းစပ်ပေးခဲ့သည်။ ၎င်းဖြစ်တည်လာသည်နှင့် တပြိုင်နက် တိုက်ခိုက်ရေးစင်တစ်ခုလုံး အမှောင်ကျလာကာ အလင်းတန်းများ အားလုံးပျောက်ကွယ်၍ ယွမ်ရှောင်အရှေ့တွင် ကြာနက်တစ်ခုတည်းသာ တောက်ပနေတော့၏။ သူက လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သောအခါ ပွင့်ဖတ်များ ကွာကျလာ၍ နဂါးနက်များ အသွင်ပြောင်းလဲကာ ခန္ဓာကိုယ် ပတ်ပတ်လည် ဝန်းရံ၍ ပြိုင်ဘက်ထံ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် လက်တစ်ချက် ယမ်းလိုက်သောအခါ နဂါးနက် ၁၈ကောင်သည် ယွမ်ရှောင်ထံ လွင့်ထွက်သွားပြီး အရှိန်မြန်လေလေ၊ စွမ်းအားကြီးမားလေလေ ဖြစ်ကာ အမြန်ဆုံး သတ်ပစ်ရန် ကြံစည်ထားပုံပေါ်၏။
အန်းယောင်၏ တိုက်ကွက်သည် တအံ့တသြ ချီးကျူးသံများ ထွက်ပေါ်လာစေပြီး လက်ရှိ တိုက်ခိုက်ရေးစွမ်းအားမှာ နိုင်းကို အနိုင်ယူခဲ့သည်ထက် လေးငါးဆမက များပြားနေသည်။
"အန္တရာယ် ရှိတယ်"
ကူစုဝမ်က အသံကုန် အော်ဟစ်၍ မျက်စိမျက်နှာပျက်ကာ ရုန်းပိုင်နက် ၂၂ခု ပါဝင်သော အသက်တံဆိပ်ကို အသုံးပြုစေချင်ခဲ့သည်။
နဂါးနက်များ၏ ဝိညာဥ်တိုက်ကွက်အောက်တွင် ယွမ်ရှောင်သည် မုန်တိုင်းအတွင်းမှ ဧရာမ သင်္ဘောကြီးပမာ တည်တည်ငြိမ်ငြိမ် ရှိနေပြီး လုံးဝ မကြောက်ချေ။ လက်နှစ်ဖက်ဖြင့် ရှေ့တည့်တည့်တွင် စက်ဝိုင်းတစ်ခု ဆွဲလိုက်သောအခါ ဖန်ဆင်းရှင် အင်မော်တယ်ကို ပုံတူကူးထားသည့် မူလဝိညာဥ် ထွက်ပေါ်လာသည်။ ထိုအချိန်တွင် မြင့်မြတ်ခမ်းနားသော အရှိန်အဝါတစ်ခု ပြန့်ထွက်နေသောကြောင့် ချဥ်းကပ်လာသည့် ဝိညာဥ်စွမ်းအား နဂါးနက်များမှာ ချက်ချင်း ပျက်ပြယ်ကုန်၏။ ဤကား အတွေးရတနာ ကျင့်စဥ်ဖြင့် ဖော်ထုတ်လိုက်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားမျိုးနှင့် ဝိညာဥ်စွမ်းအားများစွာ ပိုင်ဆိုင်သည့် မူလဝိညာဥ်ပင်။
ရွှေရောင်အလင်းစက်ကွင်းတစ်ခုသည် မူလဝိညာဥ် ပတ်လည်၌ တောက်ပလင်းလက်နေကာ ၎င်း၏ တည်ရှိမှုသည် ပင်လယ်ကြီးပမာ ဖိအားကြီးမားလှသည်။
"ဒါကမှ ဝိညာဥ်လမ်းစဥ်ရဲ့ အနှစ်သာရကွ"
၎င်း၏မျက်ဝန်းများ ဖြတ်ခနဲ ပွင့်လာလာကာ အန်းယောင်၏ ကြာနက်ထံ အထင်သေးဟန် စိုက်ကြည့်၍ တစ်ချက်လှုပ်လိုက်သည်နှင့် တပြိုင်နက် ကြာဖြူတစ်ပွင့်အဖြစ် ပွင့်လန်းလာ၏။ ယွမ်ရှောင်က ပစ်မှတ်ကို ညွှန်ပြလိုက်သောအခါ ကြာပန်းဝတ်ဆံများသည် အဖြူရောင် နဂါး ၉၉ကောင် အဖြစ် တဝေါင်းဝေါင်း ဟိန်းဟောက်ရင်း ရွှေရောင်ဝိညာဥ်စွမ်းအားများအကြားမှ အသစ်ပြန်လည် မွေးဖွားလာခဲ့သည်။ ပရိသတ်များမှာ ပို၍ အံ့သြသွားကြပြီး အန်းယောင်သည် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မယုံကြည်နိုင်လောက်စရာ အဖြစ်မျိုးနှင့် ရင်ဆိုင်နေရသည်။
"မဖြစ်နိုင်ဘူး။ စနစ်က ပြောတာ ဒီနဂါးနက်တွေဟာ အမှောင်ချောက်နက် ဝိညာဥ် နဂါးတွေတဲ့။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတောင် ၁၈ကောင်တည်း ဆင့်ခေါ်နိုင်တာလေ"
ထို့အပြင် ဝိညာဥ် စွမ်းအား သိပ်သည်းမှုက များစွာ ကွာခြားပြီး ကြာနက်သည် ဖျက်ဆီးခြင်းကို ကိုယ်စားပြုလျှင် ယွမ်ရှောင်၏ ကြာဖြူသည် သန့်စင်လှပ၍ အမှောင်ခွင်းမည့် တရားမျှတမှု အငွေ့အသက် ပိုင်ဆိုင်ထားသည်။ အဖြူရောင်နှင့် အနက်ရောင် ဝိညာဥ်စွမ်းအားများ ထိပ်တိုက် ရင်ဆိုင်မိသောအခါ ကြာဖြူ၏ အလင်းရောင်က အမှောင်ဝိညာဥ်စွမ်းအားကို ချက်ချင်း ဖိနှိပ်၍ အန်းယောင်၏ နဖူးအထိ နိမ့်ဆင်းသွားစေခဲ့၏။
"မူလကြာပန်း"
အန်းယောင်က နောက်တစ်ကြိမ် မျက်နှာပျက်သွားကာ သေရေးရှင်ရေး အချိန်တွင် အစွမ်းကုန် ထုတ်သုံးလိုက်၏။ ကြာနက်က မျက်တောင်တစ်ခတ်အတွင်း ခန္ဓာကိုယ်အတွင်း ဝင်ရောက် ပေါင်းစပ်ကာ တစ်ကိုယ်လုံးအနှံ့ ပွင့်ဖတ်သဏ္ဍာန် ရုန်းများ ထင်ဟပ်သွားသဖြင့် အနက်ရောင် စွန်းထင်းသွားသည်။
"ဟား ဟား"
ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများ ရန်သူထံမှ ထွက်ပေါ်လာသော်လည်း ယွမ်ရှောင်သည် အေးစက်စက် ရယ်မောရင်း ထပ်တူ စွမ်းဆောင်ပြခဲ့သည်။ နဂါးဖြူများနှင့် ကြာဖြူ ပြန်လည် ပေါင်းစည်းကာ သူ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်၍ အနက်ရောင် တောက်ပနေသော အန်းယောင်ထက် အဆမတန် လင်းလက်လျက်ရှိ၏။
"ဘာကြီးလဲ"
အန်းယောင်၏ မျက်လုံးများ ပြူးထွက်လာကာ အံ့သြလွန်းသဖြင့် အသံထွက် အော်လိုက်မိသည်။ သူ၏ အမြင်တွင် စနစ်မှ ထောက်ပံ့ပေးထားသော မူလကြာပန်းသာ ပြိုင်ဘက်ကင်း မဟုတ်ပါလော။
"မင်းမှာလည်း စနစ်တစ်ခု ရှိနေတာလား"
သူက ကြောက်အားလန့်အား အော်ဟစ်နေသော်လည်း ယွမ်ရှောင်သည် ရပ်တန့်မသွားဘဲ တဟုန်ထိုး ပြေးဝင်လာကာ ဝိညာဥ်စွမ်းအားချင်း ဆောင့်တိုက်ပစ်ခဲ့သည်။ အဖြူရောင် အလင်းများက အနက်ရောင် အမှောင်ထုကို ချက်ချင်း ချေမွပစ်လိုက်သဖြင့် အန်းယောင်မှာ တဆတ်ဆတ် တုန်ရီလျက် အဖြူရောင်မီးလျှံများအောက်တွင် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်အထိ မီးရှို့ခံနေရ၏။
"ငါ့လိုကောင်က ကပ်ပါးကောင် စနစ်ကို လိုအပ်မယ် ထင်နေတာလား"
ယွမ်ရှောင်သည် အန်းယောင်၏ လည်ပင်းကို ဆုပ်ကိုင်ပစ်လိုက်ပြီး မျက်လုံးချင်း တည့်တည့်စိုက်ကြည့်ရင်း ရှုံ့ချလိုက်သည်။ ထိုစကားအဆုံးတွင် အန်းယောင်သည် ပြာဖြစ်သည်အထိ ဝိညာဥ်ရော ရုပ်ခန္ဓာပါ လောင်ကျွမ်းသွားသောအခါ ဖန်ဆင်းရှင်မျိုးစေ့နှင့် ဝိညာဥ်စွမ်းအားများ ချက်ချင်း စုပ်ယူခံလိုက်ရ၏။ နောက်ဆုံးတွင် လမ်းဘေးကြွက်တစ်ကောင်နှင့် ဆင်တူသော လူသွမ်းလူပျက် ကိုယ်ပွားကောင်မှာ ဝတ်ရုံတစ်ခုတည်းသာ ကျန်ရစ်ပြီး အဆုံးသတ်မလှခဲ့ချေ။
"လုဖန်၊ မင်းကို တစ်ခါလောက် သတ်မပြရင် ဘယ်သူ့ကို ရန်စမိတယ်ဆိုတာ သဘောပေါက်မှာ မဟုတ်ဘူး"
ယွမ်ရှောင်က လက်ပေါ်မှ ပြာများကို ခါချလျက် တိုက်ခိုက်ရေးစင်မြင့်အထက်မှ တစ်လှမ်းချင်း ဆင်းသွားစဥ် နန်းဆောင်တစ်ခုအတွင်းရှိ လုဖန်မှာ မျက်လုံးများ ပြူးကျယ်ပြီး အနက်ရောင် သွေးတစ်လုတ် ရုတ်တရက် အန်ထွက်လာခဲ့လေသည်။
အပိုင်း ၆၃၆ - အင်ပါယာထိုက်ဝေ
"ကိုယ်ပွားက စွမ်းအား ကန့်သတ်ချက် ရှိလို့ ရှုံးသွားတာက ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် ဒီဇာတ်လိုက်က စနစ် ဆုချထားတဲ့ ဝိညာဥ်သိုင်းကို ဘယ်လိုလုပ် သိနေရတာလဲ"
လုဖန်သည် နှုတ်ခမ်းထောင့်မှ သွေးမည်းများကို လက်ခုံဖြင့် သုတ်ပစ်ရင်း တိုက်ပွဲစင်မြင့်ထံ ငေးကြည့်ကာ အတွေးနက်နေသည်။ သူက မျက်စိရှေ့ရှိ ရွှေရောင် မျက်နှာပြင်ကို စိုက်ကြည့်လိုက်သောအခါ စာသားများ ပြောင်းလဲ၍ နောက်ဆုံးတွင် စာသားတစ်ကြောင်းတည်းသာ ထွက်ပေါ်လာ၏။
"ချို့ယွင်းချက် ရှိမရှိ စစ်ဆေးနေသည်"
"ချီးကို စစ်ဆေးနေတာလား။ ဒီကောင်ကြောင့် ငါ့ ကစားပွဲ ပျက်စီးသွားနိုင်တယ်။ သူ့ကို သတ်ဖို့ အကုန်လုံး ပုံအောပစ်ရမယ်"
ထို့နောက် သူက အိပ်ရာပေါ်တွင် ဝတ်လစ်စလစ် အိပ်နေသော လမင်းသခင်မကို နှိုး၍ ကောင်းကင်စစ်တပ်အတွင်းရှိ စစ်သူကြီးအားလုံးထံ ဆင့်ခေါ်စာပို့ရန် အမိန့်ပေးလိုက်သည်။ ဤတစ်ကြိမ်တွင် လုယောင်နှင့် နားခိုရာဂိုဏ်းဟူသော မမျှော်လင့်ဘဲ ပေါ်လာသည့် ကိန်းရှင်များကို သူ အမှန်တကယ် ဖျက်ဆီးရပေလိမ့်မည်။ သူ၏ မျက်လုံးများက ကောင်းကင်ရုံးတော်တစ်ခုလုံးကို ဝေ့ကြည့်ကာ မျက်နှာတစ်ခုလုံး မည်းနက်နေသော်လည်း အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"ငါ ရှန်းရှဝတ္ထုတွေ အများကြီး ဖတ်ဖူးတယ်။ ဦးနှောက်မရှိတဲ့ ဗီလိန်တွေက ဇာတ်လိုက် ကြီးထွားဖို့ အချိန်ပေးတတ်ကြတယ်။ မင်းအတွက် ကံဆိုးတာက ငါ လုဖန်ဟာ စောက်ရူး မဟုတ်ဘူး"
သူ၏ လက်အတွင်းမှ သတင်းပို့အဆောင်များစွာ ပျံထွက်သွားကာ ကောင်းကင်ရုံးတော်တစ်ခုလုံး အနှံ့အပြား ရောက်ရှိသွားကြသည်။
ထိုအခိုက်အတန့်တွင် တိုက်ခိုက်ရေးစင်မြင့်၌ ပွက်လောရိုက်နေပြီဖြစ်ကာ တည်ငြိမ်လွန်းသော အရာရှိကြီးများပင် မတ်တပ်ရပ် လက်ခုပ်တီး၍ အားပေးနေသောကြောင့် စိတ်ကူးကြည့်ရန်ပင် မလုံလောက်ချေ။ အန်းယောင်က အကြွင်းအကျန် မရှိဘဲ အနက်ရောင် ပြာအဖြစ် လောင်ကျွမ်းကာ ယွမ်ရှောင်အတွက် အခမ်းနားဆုံး နောက်ခံအဖြစ် အသုံးတော်ခံလျက် ရှိသည်။ တိုက်ပွဲစင်မြင့်အထက်မှ ဆင်းလာသောအခါ သူ၏ စီရင်သူချပ်ဝတ်သည် တဖြတ်ဖြတ် တောက်ပ၍ ဆံပင်ရှည်များ ဝဲကျနေကာ နတ်ဘုရားတစ်ပါးပမာ တင့်တယ်နေ၏။
"ဟင်"
အန်းယောင် သေသွားသောအခါ နိုင်း၏ နှလုံးသားတွင် နာကျင်မှုတစ်ခု စူးရှစွာ ဖြစ်ပေါ်လာသော်လည်း ယွမ်ရှောင်၏ ချောမောခန့်ညားလွန်းသော ရုပ်ရည်ကြောင့် ခဏချင်း ပျောက်ကွယ်သွားသည်။ ဤတစ်ကြိမ်တွင် ပြုစားခံထားရသည်ထက် သာလွန်သော အစစ်အမှန် ခံစားချက်များပင် ပါဝင်နေသကဲ့သို့ အခြားသူများလည်း မိုးကြိုးဌာနအတွက် မျက်ရည်ကျလောက်အောင် ဝမ်းမြောက်နေကြ၏။
"ထူးခြားလိုက်တာ။ သူက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတယ်"
"စစ်ဧကရာဇ်က သိက္ခာကျသွားပေမယ့် မိုးကြိုးဌာနကတော့ ရတနာတစ်ခု ရလိုက်ပြီ"
"အရှင်လု ဒီလို ရှုံးနိမ့်ရမယ်လို့ ဘယ်သူထင်ထားမှာလဲ"
ပတ်ဝန်းကျင်၌ ချီးကျူးသံများ ပဲ့တင်ထပ်နေကာ တစ်ချိန်က စစ်ဧကရာဇ်ကြောင့် နစ်နာဖူးသော အင်မော်တယ်များ၏ လေးစားမှုကို ယွမ်ရှောင် ရရှိခဲ့သည်။
"နောက်ဆုံးတိုက်ပွဲအပြီးမှာ အင်မော်တယ်ပြိုင်ပွဲ အနိုင်ရသူကို ဆုံးဖြတ်ပြီးပါပြီ။ ကောင်းကင်ရုံးတော်ရဲ့ လူငယ်ချန်ပီယံအသစ်ကတော့ မိုးကြိုးဌာနရဲ့ အဆင့်ခြောက်စီရင်သူ လုယောင် ဖြစ်ပါတယ်"
သက်တော်ရှည်အင်မော်တယ်က မင်သက်နေရာမှ အသိပြန်ဝင်လာသောအခါ ချက်ချင်း ကြေညာပေးခဲ့ပြီး ဒုတိယနေရာအကြောင်း မပြောခင် အင်ပါယာစုံတွဲထံ လှမ်းကြည့်လိုက်၏။
"ထားလိုက်တော့။ ဆုတွေအားလုံး ချန်ပီယံကို ပေးသင့်တယ်။ သူ့စွမ်းဆောင်ရည်က နှစ်ဆ ချီးမြှောက်ဖို့ ထိုက်တန်လွန်းတယ်"
အာရုံစိုက်မှုအားလုံး၏ အရင်းခံ ဖြစ်သော အင်ပါယာက မုတ်ဆိတ်ကို ပွတ်သပ်၍ ပြုံးကာ အမိန့်ပေးခဲ့သည်။ လမင်းသခင်မ၏ သမီးဖြစ်သော ဝူချင်းမှာ အန်းယောင် သေသွားသည့်အတွက် အထီးကျန်နေသယောင် ဖြစ်ကာ ခေါင်းငုံ့တိတ်ဆိတ်နေသဖြင့် ဒုတိယနေရာကို အရေးမစိုက်လောက်ချေ။ တိုက်ပွဲစင်မြင့်ထံ စုံတွဲလိုက် ရောက်ရှိလာသော်လည်း တစ်ယောက်က အသတ်ခံလိုက်ရပြီး ကျန်တစ်ယောက်သည် ဒုတိယနေရာနှင့် ထိုက်တန်သည့်တိုင်အောင် အင်ပါယာသည် ဆုမပေးရန် လျစ်လျူရှုထားခဲ့၏။ ထိုကြေညာချက်က ယွမ်ရှောင်အတွက် ဝမ်းသာစရာ ဖြစ်ပြီး အမှန်တကယ် အလေးထားသည်မှာ ဂုဏ်ထူးနှင့် အဆင့်အတန်း မဟုတ်ဘဲ အရင်းအမြစ်များပင် ဖြစ်သည်။ လုဖန်၏ အလစ်ချောင်း လုပ်ကြံမှုကြောင့် အားနည်းသွားသော အနက်ရောင်သားရဲလေးကို ပြန်လည် ထောက်ပံ့ပေးရန် လိုအပ်နေသည် မဟုတ်ပါလော။
"အင်ပါယာကလည်း ငါ့ဆီမှာ တစ်ခုခုကို မြင်နေပုံရတယ်။ အသုံးချင်ရင်လည်း ငါ့အတွက် အကျိုးရှိတယ်"
သူက ပါရမီကို သက်သေပြ၍ အရင်းအမြစ်များ စုဆောင်းကာ ယခုအချိန်အထိ တစ်လှမ်းချင်း မြင့်တက်လာနိုင်ခဲ့သော်လည်း စစ်ဧကရာဇ် ခေါ် ကူးပြောင်းလာသူသည် အချိန်မဆိုင်းဘဲ တွေ့တွေ့ချင်း သတ်ပစ်ချင်ခဲ့သည်။ လက်ရှိတွင် တစ်ဖက်လူ၏ ဂုဏ်သိက္ခာကို လမ်းဘေးရောက်အောင် ကန်ထုတ်ခဲ့သောကြောင့် ယွမ်ရှောင်သည် ကောင်းကင်ရုံးတော်၏ အထက်တန်းလွှာများထံမှ အရင်းအမြစ်များကို ရနိုင်သလောက် ညှစ်ထုတ်ရပေလိမ့်မည်။ ကောင်းကင်ရုံးတော်၏ အင်ပါယာတွင် ထူးကဲသော နာမ်စားအမည်များစွာ ပိုင်ဆိုင်ထားသော်လည်း အများအားဖြင့် အဖြူရောင်ဧကရာဇ် ထိုက်ဝေဟူ၍ ကျော်ကြား၏။ သူ၏ အမြင်တွင် ရှည်လျားထွေပြားသော ဘွဲ့ထူးဂုဏ်ထူးများစွာ ပိုင်ဆိုင်ထားသော အကြောင်းအရင်းမှာ အလွန့်အလွန် အသက်ရှည်သောကြောင့် ဖြစ်ပေလိမ့်မည်။ လက်ရှိ မိဖုရားကျောက်သည် အယောက်တစ်ရာမြောက် မိဖုရားခေါင်ကြီး ဖြစ်သော်လည်း မျိုးဆက်အရေအတွက်မှာ အံ့သြစရာကောင်းလောက်အောင် ခုနစ်ယောက်သာ ရှိ၏။
အင်ပါယာထိုက်ဝေအတွက် မိဖုရားကျောက်ကို အမြတ်နိုးဆုံး ဖြစ်ကာ မင်းသားခြောက်နှင့် မင်းသမီးခုနစ်ဟူသော ရင်သွေးနှစ်ယောက် မွေးဖွားပေးခဲ့သည်။ ယခင်မင်းသားများတွင် အိမ်ရှေ့စံမှ လွဲလျှင် ကျန်သူများမှာ အချိန်၏ စမ်းသပ်မှုဒဏ်ကို မခံနိုင်ဘဲ အသက်ကြီးရင့်ကာ ကွယ်လွန်သွားကြပြီ ဖြစ်၏။ မူလတွင် ယွမ်ရှောင်သည် အင်ပါယာထိုက်ဝေ အသက်ရှည်လွန်းသော အကြောင်းအရင်းကို နားမလည်သော်လည်း မျက်မြင်တွေ့လိုက်ရသောအခါ ပူဇော်သက္ကာရ ခေါ် သေမျိုးလောက၏ အသက်ဓာတ်များကြောင့် ဖြစ်နိုင်ကြောင်း နားလည်သွားသည်။
"ထိုက်ဝေရဲ့ အသွင်အပြင်က ကောင်းမွန်ပေမယ့် ငါ့ကို အရူးလုပ်လို့မရဘူး။ ကူးပြောင်းလာသူတစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တာဟာ ရင်ဆိုင်ရလွယ်ကူတဲ့ လူတစ်ယောက် မဟုတ်လို့ ဖြစ်ရမယ်"
ယွမ်ရှောင်သည် အလွန်မုန်းတီးသော အုပ်စုနှင့် တစ်ဖက်တည်း ရပ်တည်ခဲ့ရသော်လည်း ဉာဏ်မနည်းပေ။
"လုယောင် အမိန့်နာခံပါ"
"ဟုတ်ကဲ့"
"အရည်အချင်း ထူးချွန်ပြောင်မြောက်တဲ့ လူငယ်လေး၊ မင်းက ကောင်းကင်ရုံးတော်ရဲ့ ပါရမီရှင်တွေထဲမှာ အင်မော်တယ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာခဲ့တယ်။ ဒီလိုအခိုက်အတန့်မှာ အင်ပါယာရဲ့ ကျေးဇူးတော်နဲ့ ဆုလာဘ်တစ်ခု ချီးမြှင့်ခဲ့တယ်။ အင်မော်တယ်လမ်းစဥ်မှာ ဆက်လက် လျှောက်လှမ်းပြီး ကောင်းကင်ရုံးတော်ရဲ့ အမိန့်အာဏာအရ တရားမျှတမှုကို ထောက်ခံအားပေးပြီး အစစ်အမှန် အင်မော်တယ်တစ်ပါး ဖြစ်လာပါစေ"
ထို့နောက် သက်တော်ရှည်အင်မော်တယ်က ရှေ့ထွက်လာပြီး ထိုက်ဝေကို ဦးညွှတ်၍ ရွှေရောင် အမိန့်စာလိပ်ကို ဖွင့်လှစ်ကာ ကြေညာခဲ့သည်။ ဤနေရာရှိ မြင်ကွင်းအားလုံးကို မိုးကြိုးဌာနတစ်ခုလုံးတွင် ပြသမည် ဖြစ်ကာ သတင်းအသေးစိတ်က မဟာတာအိုနယ်မြေအနှံ့ ရောက်ရှိသွားပေလိမ့်မည်။
"လုယောင်၊ ငါ မင်းအတွက် လုပ်ပေးနိုင်ခဲ့ပြီး"
တရားမျှတမှုအတွက် ကြိုးစားရုန်းကန်ရင်း စီရင်သူစာမေးပွဲတွင် ကျရှုံးခဲ့ရသော လူငယ်စီရင်သူတစ်ယောက်၏ အမည်က ကောင်းကင်ရုံးတော်တစ်ခုလုံး ကျော်ကြားသွားခဲ့သည်။
"စီရင်သူလု ခင်ဗျားလည်း ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါ"
ယွမ်ရှောင်၏ အတွေးထဲတွင် နောက်ဆုံးထွက်သက်၌ မျှော်လင့်ချက်မဲ့သော လုအန်း၏ အကြည့်ကို ပြန်လည် အမှတ်ရခဲ့သည်။ လုအန်းကဲ့သို့ အမှန်တကယ် ဖြောင့်မတ်ကာ တရားမျှတသည့် ကျင့်ကြံသူများအကြောင်း စဥ်းစားမိသောအခါ ဒေါသကြောင့် မျက်လုံးများလည်း နီရဲကုန်သည်။ အမှောင်ခြမ်းက ကြီးစိုးနေသော ဤလမ်းစဥ်တွင် တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း ကျော်ကြားမှု မရှိဘဲ လူမသိသူမသိ သေဆုံးသွားခဲ့ရသော ကျင့်ကြံသူ အမြောက်အများ ရှိနေသည် မဟုတ်ပါလော။
သေမျိုးလောကများကို ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် ကြိုးကြိုးစားစား ကျင့်ကြံကာ တက်လှမ်းလာကြသော အင်မော်တယ်များတွင် သူ တစ်ယောက်တည်းသာ အသက်ရှင်နိုင်ခဲ့ပြီး မဟာတာအိုနယ်မြေ၏ အခမ်းနားဆုံးနေရာတွင် ရပ်တည်နိုင်သည်အထိ မရပ်မနား တိုက်ပွဲဝင်ခဲ့ရသည်။ ကောင်းကင်ရုံးတော်တွင် နှိမ့်နှိမ့်ချချ နေထိုင်ရသော သို့မဟုတ် ကွယ်လွန်သွားသော လူကောင်းများကို ယွမ်ရှောင်က ကိုယ်စားပြုပြီး လက်ရှိ အောင်မြင်မှုကို သာယာမနေဘဲ လုပ်စရာရှိသည်များစွာ ကျန်ရစ်နေ၏။ သေမျိုးလူသား၏ ဒေါသနှင့် မခံချင်စိတ်များက အစမှအဆုံးတိုင်အောင် စိတ်ထဲတွင် လောင်ကျွမ်းတောက်လောင်နေဆဲ ဖြစ်ကာ ကျင့်ကြံရေးလမ်းစဥ်ရှိ မတရားမှုမှန်သမျှကို တွန်းလှန်တိုက်ခိုက်မည့် မီးတောက်တစ်ခု ဖြစ်လာလေသည်။