အခန်း (၆၃၇-၆၃၈)
Vol. 48 Ch. 637-638
အပိုင်း ၆၃၇ - ဆုလာဘ်များ
အင်မော်တယ်များစွာက ယွမ်ရှောင်ကို အပြုံးများဖြင့် ထောက်ခံပေးနေကြသော်လည်း သူ၏ နှလုံးသားထဲတွင် ဒေါသများ တောက်လောင်နေကာ မည်သို့သော ပါရမီရှင်မျိုးကို ပျိုးထောင်ပေးနေသည်ကို နားမလည်ကြပေ။ မနာလိုမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သက်တော်ရှည်အင်မော်တယ်က သူ့ကို တစ်ချက်ကြည့်ကာ ဆုလာဘ်များအား ကြေညာပေးခဲ့သည်။ ပထမနှင့် ဒုတိယဆုလာဘ်ကို ပေါင်းကာ အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာ ဆုချခဲ့သောကြောင့် သူ့ကို ခဏတာ မင်သက်သွားစေကာ စီရင်သူများ၏ တစ်နှစ်လစာပင် အင်မော်တယ်ကျောက်စိမ်း တစ်ရာ မပြည့်သည် မဟုတ်ပါလော။
ဆုလာဘ်က ဤမျှဖြင့် မပြီးသေးဘဲ တာအိုကောင်းကင်အဆင့် ရတနာ၊ မီးခြင်္သေ့ ဝတ်ရုံ အစုံလိုက် ချီးမြှင့်ပြန်ပြီး သရဖူ၊ ဝတ်ရုံနှင့် ဖိနပ်တို့ ပါဝင်ပြီး တစ်ခုချင်းစီ၌ ရုန်းထောင်ချီ ရေးဆွဲထား၏။ နယ်နမိတ်သတ်မှတ်ရေး နတ်ဘုရားအပ်သည် ၎င်းအောက် နိမ့်ကျသော ကောင်းကင်မြင့်အဆင့်သာ ဖြစ်ပြီး ကြားသိလိုက်ရသောအခါ ကူစုဝမ်မှာ ခပ်တိုးတိုး ရေရွတ်နေခဲ့သည်။
"အရင်ချန်ပီယံတွေတောင် ဒီလိုရတနာမျိုး မရဖူးဘူး။ အစုံလိုက်ဆိုရင် တန်ဖိုးက အင်မော်တယ်ကျောက်စိမ်း သန်းငါးဆယ်အောက် မနိမ့်ဘူး"
ကြယ်ပြာနှင့် လနီသည် မက်မွန်ပွဲတော်တွင် အင်မော်တယ်ကျောက်စိမ်း ရှစ်သိန်း တန်ကြေးရှိသည့် အရင်းအမြစ်များကို စားသောက်ခဲ့သော်လည်း စွမ်းအားအဖြစ် ချေဖျက်လိုက်သောအခါ အင်မော်တယ်ကျောက်စိမ်းများလောက် အသုံးမဝင်ချေ။ သို့သော် ဤဆုလာဘ်သည် အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာ ဖြစ်ကာ ဝတ်ရုံကိုလည်း ချက်ချင်း ထုတ်ပေးလာခဲ့၏။ မိဖုရားကျောက်က လက်တစ်ချက်ယမ်းလိုက်သောအခါ သိုလှောင်လက်စွပ်အတွင်းမှ ရွှေဖြူရောင် အလင်းတန်းသုံးခု ပျံထွက်လာ၍ ယွမ်ရှောင်၏ ခန္ဓာကိုယ်ထံ မီးခြင်္သေ့သုံးကောင် အသွင်ဖြင့် ဦးတည်လာကြသည်။ ထို့နောက် သရဖူ၊ ဝတ်ရုံနှင့် ဖိနပ်အဖြစ် ပြောင်းလဲ ကျဆင်းလာကာ စီရင်သူတစ်ယောက်၏ ချပ်ဝတ်ကို အဆင့်မြှင့်တင်ထားသကဲ့သို့ ဆင်တူလှ၏။ ဂုဏ်သိက္ခာကြီးမား၍ ခမ်းနားသော မီးခြင်္သေ့ ဝတ်ရုံကို ဆင်မြန်းလာသောအခါ ယွမ်ရှောင်၏ တင့်တယ်မှုက ကျားကို တောင်ပံ တပ်ပေးလိုက်သကဲ့သို့ ပိုမို မြင့်မြတ်လာပုံပေါ်သည်။ သရဖူက အာဏာကို ထုတ်လွှတ်ပြီး ဝတ်ရုံသည် ပင်လယ်ပြင်ကဲ့သို့ ခမ်းနားကြီးကျယ်ကာ ဖိနပ်များအထက်တွင် စွမ်းအင်များ တဝုန်းဝုန်း ဖြာထွက်နေ၏။
"ဒီနေ့ ချန်ပီယံပ ခေတ်အဆက်ဆက်မှာ ချောမောမှုရဲ့ ပြယုဂ် ဖြစ်လာရမယ်"
ထိုမြင်ကွင်းကြောင့် အင်ပါယာထိုက်ဝေပင် အံ့သြတကြီး မချီးကျူးဘဲ မနေနိုင်တော့ပေ။ အမှန်တကယ်တွင်လည်း အမျိုးသမီး အင်မော်တယ်များသည် ယွမ်ရှောင်၏ ရုပ်ရည်ကြောင့် ရင်ခုန်မြန်နေကြပြီး နုပျိုခြင်း၊ ရဲရင့်ခြင်း၊ ဂုဏ်ကျက်သရေနှင့် ပြတ်သားမှု စသဖြင့် အလှတရား၏ အရည်အချင်းမျိုးစုံ ပေါင်းစပ်ထားသောကြောင့်ပင်။ ဤအချက်ကား သူနှင့် လုဖန် ကွာခြားသော အရာ ဖြစ်ကာ ဖန်ဆင်းရှင် အင်မော်တယ်၏ ရုပ်ရည်သည် ညစ်ညမ်းမှု ကင်းမဲ့သော အသွင်ဆောင်၏။ ထို့နောက် မိဖုရားကျောက်၏ အမိန့်အောက်တွင် နဂါးကျားအရှင်သည် အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာ ပါဝင်သည့် သိုလှောင်အိတ်တစ်လုံး ပေးအပ်လာသောကြောင့် တော်ဝင်ဘဏ္ဍာတိုက်အတွင်းမှ ထုတ်ယူလာပုံရသည်။
"အချိန်ရရင် တော်ဝင်ဘဏ္ဍာတိုက်ကို လာခဲ့။ မင်း ကြိုက်တဲ့ ရတနာတစ်ခု ပေးမယ်"
"ကျေးဇူးတင်ပါတယ်"
ထို့အပြင် နဂါးကျားအရှင်ကိုယ်တိုင် သူ့ကို ဆုချရန် ကမ်းလှမ်းခဲ့ပြီး စစ်ဧကရာဇ် လုဖန်နှင့် မတည့်သော အချက်က ကောင်းကျိုးတစ်ခု ဖြစ်လာပုံပေါ်သည်။ အကယ်၍ လုဖန်သာ ရမ်းကားခြင်းမရှိဘဲ ဤအရာရှိကြီးများနှင့် ပနံသင့်နေလျှင် ရန်သူဖြစ်သော ယွမ်ရှောင်အပေါ် ဤမျှလောက် ရက်ရောကြမည် မဟုတ်ပေ။
သို့သော် အင်ပါယာ၏ ဆုလာဘ်က ဤမျှဖြင့် ရပ်တန့်မသွားသေးဘဲ သက်တော်ရှည်အင်မော်တယ်သည် နောက်တစ်ကြိမ် ကျယ်လောင်စွာ ကြေညာလိုက်ပြန်၏။
"မိုးကြိုးဧကရာဇ် ထောက်ခံချက်အရ လုယောင်က ငယ်ရွယ်ပေမယ့် ဦးဆောင်နိုင်စွမ်း ကြီးမားတယ်။ ဒါကြောင့် အထူးအမိန့်တော် ထုတ်ပြန်ပြီး အဆင့်လေး အရာရှိအဖြစ် ရာထူးတိုးကာ စစ်ဘက်ဆိုင်ရာ မိုးကြိုးတမန်တော်အဖြစ် တာဝန်ပေးအပ်လိုက်ပြီ"
ထိုအမိန့်က အင်မော်တယ်များကို ဂယက်ရိုက်သွားစေပြီး အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံဆိုသည်မှာ ဂုဏ်ထူးတစ်ခုသာ ဖြစ်၍ အစစ်အမှန် အာဏာမရှိပေ။ လက်ရှိတွင် အသက်သုံးဆယ်အောက် လူငယ်လေးတစ်ယောက်က မိုးကြိုးတမန်တော် ဖြစ်လာကာ အာဏာဖြင့် အနည်းဆုံး စီရင်သူတစ်ထောင်ကို အမိန့်ပေးနိုင်ပြီ ဖြစ်၏။ ကောင်းကင်ရုံးတော်တွင် ဂုဏ်သိက္ခာသက်သက်က အရေးမပါဘဲ အသက်ကြီးလာလေလေ အာဏာနှင့် အဆင့်အတန်း အရေးကြီးလေလေ ဖြစ်သည်။ ယွမ်ရှောင်က လူငယ်အများစု အိပ်မက်မက်နေရသည့် ရာထူးမျိုး ပိုင်ဆိုင်လာကာ ကောင်းကင်ရုံးတော် သမိုင်း၌ အငယ်ဆုံး အဆင့်လေးအရာရှိ ဖြစ်လာခဲ့ပေသည်။
"လုယောင်၊ အင်ပါယာကို ကျေးဇူးတင်လိုက်လေ"
မိုးကြိုးဧကရာဇ်၏ အကြံပေးချက်အရ သူက ကျယ်လောင်စွာဖြင့် အင်ပါယာအပေါ် သစ္စာစောင့်သိမည်ဖြစ်ကြောင်း အသံကောင်းဟစ်လိုက်၏။ မိုးကြိုးဌာနတွင် ရာထူးတစ်ခု လက်ခံလိုက်သောကြောင့် စစ်ဧကရာဇ် လုဖန်၏ ကောင်းကင်စစ်တပ်နှင့် သူက မသက်ဆိုင်တော့ပေ။ ကြီးကျယ်ခမ်းနားသော ဆုလာဘ်များသည် အဆင့်နှစ် အရာရှိများကို မနာလိုစေရန် လုံလောက်ပြီး မဟာစစ်သူကြီး ယွမ်ယင်၌ပင် တာအိုကောင်းကင်အဆင့် ရတနာ တစ်ခုတည်းသာ ပိုင်ဆိုင်သည်။ အဆင့်တစ် ကောင်းကင်အရာရှိ မျိုးဆက် လူငယ်များသည် ယွမ်ရှောင် မြင့်တက်သွားသည်ကို မော့ကြည့်နေရပြီး ဆုလာဘ်ချီးမြှင့်သော အခမ်းအနား ပြီးဆုံးသောအခါ သက်တော်ရှည်အင်မော်တယ်က အပြုံးတစ်ခုဖြင့် ချဥ်းကပ်လာပြန်သည်။
"ဘာကိစ္စရှိလို့လဲ သက်တော်ရှည်ကြီး"
ယွမ်ရှောင်က မေးခွန်းထုတ်လိုက်သောအခါ တစ်ဖက်လူသည် လျှို့လျှို့ဝှက်ဝှက်ဖြင့် လေးနက်စွာ ဖြေလာခဲ့သည်။
"အင်ပါယာက မင်းအတွက် နောက်ဆုံး လက်ဆောင်တစ်ခု ပြင်ထားသေးတယ်။ အမြင့်ဆုံး အသိအမှတ်ပြုတာလို့ ပြောနိုင်တယ်။ ဒါက လျှို့ဝှက်ချက်ပဲ။ မင်းဘာသာ ကြည့်လိုက်"
ကမ်းပေးလာသော အမိန့်စာချွန်လွှာကို ယွမ်ရှောင် ဖတ်ကြည့်လိုက်သောအခါ အောက်ပါစာသားကို မြင်လိုက်ရ၏။
"ကြယ်တာရာ ဆုတောင်းတစ်ထောင်က မင်းအတွက် လမ်းကြောင်းခင်းပေးပါစေ"
အဓိပ္ပါယ်မှာ မရေမတွက်နိုင်သော သက်ရှိများဖြင့် ပူဇော်ခြင်းကို ချီးမြှင့်လိုက်သောကြောင့် သူ၏ ခေါင်းထဲတွင် ဒိန်းခနဲ ဖြစ်သွား၏။
"ကောင်းကင်ပျံသန်းမြို့တော်မှာပဲ ကြီးပြင်းလာရတဲ့ မင်းက သေမျိုးတွေရဲ့ ပူဇော်တာကို မကြုံဖူးဘူး ထင်တယ်"
"ဟုတ်ပါတယ်"
"ဒါဆိုရင် ကွက်တိပဲပေါ့။ ဒီလိုအရာမျိုးက အဆင့်နှစ် ကောင်းကင်အရာရှိတွေတောင် သွားရေကျလောက်တဲ့ ဆုလာဘ်ပဲ။ အဆင့်တစ် ကောင်းကင်အရာရှိတွေသာ ရခွင့်ရှိတဲ့ အခွင့်အရေး ဖြစ်လို့ အင်ပါယာက မင်းအပေါ် ဘယ်လောက်အလေးထားတယ်ဆိုတာ နားလည်ရမယ်"
သက်တော်ရှည်အင်မော်တယ်က မုတ်ဆိတ်ရှည်ကြီးကို လက်ဖြင့် သပ်၍ မနာလိုသော အကြည့်ဖြင့် ကြည့်နေရင်း တစ်လုံးချင်း ပြောသည်။
"အင်ပါယာရဲ့ ကျေးဇူးတော်က ပင်လယ်လို နက်ရှိုင်းပြီး တောင်တန်းတွေလို ခမ်းနားပါပေတယ်။ ကျုပ်က သေချာပေါက် ပြန်ပေးဆပ်ပါမယ်"
သို့ရာတွင် ယွမ်ရှောင်၏ စိတ်ထဲတွင် ဒေါသမီးများ တဝုန်းဝုန်း တောက်လောင်နေကြောင်း မည်သူမျှ မရိပ်မိခဲ့ပေ။
"ဒီနေ့တော့ မင်းလည်း ပင်ပန်းနေလောက်ပြီ။ တစ်ရက်လောက် နားလိုက်ပါ။ မိုးလင်းတာနဲ့ သေမျိုးလောကတွေဆီ ငါ ကိုယ်တိုင် လိုက်ပို့ပေးမယ်"
ဤမျှမြန်ဆန်ရသော အကြောင်းအရင်းသည် ထိုက်ဝေ၏ လက်အောက်ခံ အုပ်စုအတွင်း ဆွဲသွင်းရန် ဖြစ်ကြောင်း ယွမ်ရှောင် နားလည်လိုက်၏။ သူ၏ နှလုံးသားက တရားမျှတမှုအတွက် တိုက်ခိုက်ရန် ဒေါသထွက်နေသော်လည်း အပြင်ပန်း အမူအရာ တည်ငြိမ်စေရန် ထိန်းသိမ်းထားခဲ့သည်။
"ကျုပ်ကို တစ်ရက် နှစ်ရက်လောက် အချိန်ပေးနိုင်မလား"
"မင်းမှာ ကိစ္စ ရှိလို့လား။ ဒီလိုအခွင့်အရေးကောင်းကို လက်လွှတ်မခံသင့်ဘူး"
"ကျုပ် နားလည်ပါတယ်။ ဒါပေမယ့် မိုးကြိုးဌာနက ဂုဏ်သိက္ခာကျဆင်းခဲ့ရတာ ကြာနေပြီမလား။ သူတို့အတွက် အောင်ပွဲခံ စားသောက်ပွဲလေး ကျင်းပပေးချင်လို့ပါ"
"ကောင်းပြီ။ ကောင်းပြီ။ လူငယ်တွေရဲ့ စိတ်ကို ငါ နားလည်ပါတယ်။ မင်း ပြန်အလာကို ဒီမှာပဲ ငါ စောင့်နေမယ်။ နှစ်ရက်ထက်တော့ မကြာစေနဲ့။ အင်ပါယာမှာ မင်းအတွက် နောက်ထပ် အစီအစဥ်တွေ ရှိသေးတယ်"
သူက မင်သေသေဖြင့် လိမ်လည်နိုင်ခဲ့သောကြောင့် သက်တော်ရှည်ကြီးသည် အကြောင်းပြချက်ကို ယုံကြည်သွားကာ ပခုံးသို့ လက်ဖြင့် ပုတ်လာ၏။
"စိတ်ချပါ"
ယွမ်ရှောင်က လေးနက်စွာ ခေါင်းညိတ်ပြီး ရရှိထားသော အရင်းအမြစ်များကို သုံးစွဲရန် အချိန် နှစ်ရက် ရလိုက်သည်။ မိုးကြိုးဌာနသို့ ပြန်ချင်သည့် အကြောင်းအရင်း ရှိကာ သူ့ကို သတ်ချင်နေသော စစ်ဧကရာဇ်လက်အတွင်းမှ လွတ်မြောက်ဘေးကင်းရာ ဖြစ်သောကြောင့်ပင်။ ချောင်ရူ ဘေးကင်းသည်ကိုလည်း သူက ကိုယ်တိုင် အတည်ပြုချင်ပြီး မိုးကြိုးဌာန ရှိရာ အရပ်သို့ လှမ်းကြည့်ခဲ့လေသည်။
"မိုးကြိုးဌာနထဲက အင်မော်တယ်တွေ အခု ငါ့ကို အားပေးဖို့ စိတ်အားထက်သန်လောက်ကြပြီမလား"
အပိုင်း ၆၃၈ - ကောင်းကင်ရုံးတော်မှ လူသတ်မှုများ
အင်မော်တယ်ပြိုင်ပွဲ ပြီးဆုံးသောအခါ ယွမ်ရှောင်သည် ကောင်းကင်ရုံးတော်တွင် အကျော်ကြားဆုံး လူငယ် ပါရမီရှင် ဖြစ်လာကာ ဆုပေးပြီးသည်နှင့် တပြိုင်နက် အင်ပါယာမောင်နှံ ပြန်လည် ထွက်ခွာသွားကြ၏။ သို့သော် အရာရှိများက ထွက်မသွားသေးဘဲ မိုးကြိုးဧကရာဇ်သည် ယွမ်ရှောင်ကို ရာထူးအကြီးပိုင်းများနှင့် မိတ်ဆက်ပေးခဲ့ပြီး ဌာနစုစုပေါင်း နှစ်ဆယ်ကျော် ရှိ၍ အဆပေါင်းများစွာ စွမ်းအား သာလွန်သော ပုဂ္ဂိုလ်ပေါင်း တစ်ထောင်မကပေ။ အထင်ရှားဆုံးမှာ မြောက်ပိုင်းကြယ် ဓားနတ်ဆိုး၊ နဂါးကျားအရှင်၊ မိုးကြိုးဧကရာဇ်နှင့် မင်းသားခြောက်ဖြစ်ကာ အထူးသဖြင့် မင်းသားခြောက်သည် ရယ်ရယ်မောမော ပြောဆိုနေသဖြင့် သူ့ကို အထူးနှစ်သက်ပုံရသည်။
"လုယောင်"
နိုင်းသည်လည်း ပြုစားခံထားရသည်မှ လွတ်မြောက်ပြီး မင်းသားခြောက် အနားတွင် ယဥ်ကျေးသိမ်မွေ့စွာ ရပ်နေ၏။
"ဆယ်ရက်နေရင် ငါနဲ့ နိုင်းအာ လက်ထပ်တော့မယ်။ မင်း မဖြစ်မနေ လာတက်ရမယ်"
အင်ပါယာ၏ ခွင့်ပြုမိန့်အရ လက်ထပ်ပွဲ ဖိတ်စာများကိုပင် ပေးပို့ထားပြီး ဖြစ်သည်။
"ကျုပ် လုယောင် သေချာပေါက် တက်ပါမယ်"
ယွမ်ရှောင်က နိုင်းထံ ကြည့်လိုက်ရာ မျက်လုံးချင်း ဆုံသွားပြီး ခံစားချက် အရိပ်အယောင်များ ရှိသော်လည်း မည်သူနှင့် အမှန်တကယ် လက်ထပ်ရမည်ကို နားလည်ထားပုံပေါ်၏။
"လုယောင်၊ မင်းက နာမည်ကြီးနေပြီဆိုတော့ လက်ဖွဲ့ကောင်းကောင်း ပေးရမယ်နော်။ ကိုယ့်ကိုကိုယ် အရှက်မကွဲစေနဲ့"
ထို့ကြောင့် သူမက မင်းသားခြောက်၏ လက်မောင်းကို တွဲလျက် စနောက်လိုက်သောအခါ အရာရှိကြီးများ ရယ်မောလိုက်မိကြသည်။ အချိန်အတန်ကြာပြီးနောက် မိုးကြိုးဧကရာဇ်သည် အပေါင်းအသင်းများကို ခွင့်တောင်းကာ မိုးကြိုးဌာနသို့ ပြန်၍ အောင်ပွဲကျင်းပရန် ကြေညာလိုက်၏။
"ယွဲ့ရင်၊ မင်းက လုယောင်ရဲ့ ဆရာ ဖြစ်ပေမယ့် သိုင်းပညာ သင်မပေးဘူးလား။ ဒီလိုဆိုရင် ဆရာ မဖြစ်ထိုက်ဘူး"
ဓားဌာနဘက်တွင် မြောက်ပိုင်းကြယ် ဓားနတ်ဆိုးက အရိပ်အမြွက်ပြလိုက်သောအခါ လမင်းဓားနတ်ဘုရား ယွဲ့ရင်သည် ယွမ်ရှောင်ထံ သိမ်မွေ့သော လေသံဖြင့် ကမ်းလှမ်းခဲ့သည်။
"ငါရော မိုးကြိုးဌာနကို လိုက်လို့ရမလား"
ပုံမှန်အားဖြင့် အေးစက်စက် ဖြစ်နေတတ်သောကြောင့် သူမ၏ အမူအရာ ပြောင်းလဲသွားခြင်းက အံ့သြစရာ ဖြစ်နေပြီး အင်မော်တယ်ပြိုင်ပွဲ မတိုင်ခင်ကဆိုလျှင် ဆက်ဆံရေး ဖြတ်တောက်ကြောင်းပင် ကြေညာခဲ့သည် မဟုတ်ပါလော။
"ကောင်းပြီ"
အလွန်တရာ မောက်မာသော တစ်ဖက်လူ နှိမ့်နှိမ့်ချချ ဖြစ်လာသည်ကို မြင်ရသည်မှာ ယွမ်ရှောင်အတွက် ကျေနပ်စရာကောင်းလှသည်။ အဆင့်နှစ် ကောင်းကင်အရာရှိ ဖြစ်သော ယွဲ့ရင်သည် ဓားဌာန နောက်ခံကြောင့် အစွမ်းထက် ဓားသိုင်းများ ပိုင်ဆိုင်ထားမည် ဖြစ်ရာ အဆက်အသွယ်အဖြစ် အသုံးချ၍ ရနိုင်သမျှ ညှစ်ထုတ်ရန် သူက ကြံစည်ထား၏။ ကူစုဝမ်နှင့် ယွဲ့ရင်တို့ ဘယ်ညာခြံရံလျက် သူက မိုးကြိုးဧကရာဇ်၏ နတ်သင်္ဘောအထက် တက်ကာ မိုးကြိုးဌာနသို့ ပြန်လာခဲ့လေသည်။
"မြန်မြန် ပြန်လာဖို့ မမေ့နဲ့နော်"
နတ်ဘုရားဂိတ်တွင် လတ်လတ်ဆတ်ဆတ် ရှိနေသော သွေးကွက်များအထက်တွင် ရပ်နေရင်း သက်တော်ရှည်အင်မော်တယ်က လက်လှမ်းပြကာ နှုတ်ဆက်လိုက်ခြင်း ဖြစ်၏။ ထိုက်စွေ့အဆောင်နန်းတော်တွင် ပုံရိပ်သုံးခု ပြန်လည် ရောက်ရှိလာပြီး နိုင်းသည် မင်္ဂလာပွဲအတွက် ပြင်ဆင်ရမည် ဖြစ်သောကြောင့် မိုးကြိုးဌာနသို့ လိုက်မသွားခဲ့ပေ။ ရုန်းရေကန်အနား ရောက်သောအခါ မင်းသားခြောက်သည် ကြည်လင်နေသော ရေပြင်ကို ကြည့်၍ ဆရာဖြစ်သူထံ စုံစမ်းခဲ့သည်။
"ဆရာ၊ လုယောင်ရဲ့ အသက်တံဆိပ်က ရုန်းပိုင်နက် ဖန်တီးဖို့ စွန့်ပစ်ထားတဲ့ အစီအရင်ရုန်းတွေကို စုပ်ယူလိုက်တာများလား"
"သေချာတယ်။ နိုင်းအာ၊ မိုးကြိုးဌာနရဲ့ ရွေးချယ်ပွဲတုန်းက သူ့ရဲ့ အသက်တံဆိပ်မှာ ရုန်းပိုင်နက် မရှိဘူးမလား"
"ဟုတ်ကဲ့"
ထိုက်စွေ့သူတော်စင်က နိုင်းထံ တစ်ချက်ကြည့်ကာ မေးခွန်း ပြန်ထုတ်လိုက်သောအခါ ခေါင်းညိတ်ပြခဲ့သည်။
"စစ်ဧကရာဇ် အစွမ်းထက်လာတာက ကောင်းကင်ရုံးတော်မှာ အရင်က ဒီလို ကျင့်ကြံသူမျိုး မရှိဖူးတဲ့အတွက် ကြိုတင်ပြင်ဆင်မထားလို့ပဲ။ ဒီလောက်အစွမ်းထက်တဲ့ ပါရမီရှင်ကို အသုံးချမယ့်အစား သတ်ပစ်လိုက်တာ ပိုမကောင်းဘူးလား"
မင်းသားခြောက်က တည်ငြိမ်စွာ တစ်လုံးချင်း ပြောလိုက်သောအခါ ထိုက်စွေ့သူတော်စင်သည် တီးတိုးအကြံပေးခဲ့သည်။
"ဒီကိစ္စက မရေရာဘူး။ အင်ပါယာကလည်း လုဖန်လိုမျိုး အမှားလုပ်မိမှာကို ကြောက်နေတယ်။ ဒီလူငယ်လေးကိုလည်း ပေါ့ပေါ့တန်တန် သဘောထားလို့ မဖြစ်ပြန်ဘူး"
"ဒါပေမယ့် လုဖန်နဲ့ လုယောင်က သားအဖဆိုတာကို ကျွန်တော် မယုံဘူး။ ပြောချင်တာက ခန္ဓာကိုယ်က ဖြစ်ရင် ဖြစ်လိမ့်မယ်။ ထိန်းချုပ်နေတဲ့ အသိစိတ်ကတော့ လုယောင်နဲ့ လုဖန် အစစ် မဖြစ်နိုင်ဘူး။ သူတို့ရဲ့ ဝိညာဥ်တွေက အားကောင်းလွန်းပြီး မဟာတာအိုနယ်မြေအပြင်ဘက် ကျင့်ကြံသူတွေရဲ့ လက္ခဏာမျိုး ရှိနေတယ်။ အစ်ကိုကြီးက ဒီလိုကိစ္စတွေမှာ ကိုင်တွယ်တတ်တယ်။ သူ့ကို သေချာစုံစမ်းဖို့ အကူအညီတောင်းလိုက်မယ်"
"အိမ်ရှေ့စံအပေါ် အရာအားလုံး မူတည်နေတာပါပဲ"
မင်းသားခြောက်က တွေးတွေးဆဆဖြင့် ကောက်ချက်ချလိုက်ပြီး အပြင်လူများနှင့် ပတ်သက်လျှင် ကျွမ်းကျင်သော အိမ်ရှေ့စံထံ အကူအညီတောင်းရန် ဆုံးဖြတ်ကာ ထိုက်စွေ့သူတော်စင်လည်း သဘောတူခဲ့၏။ ထို့နောက် သူက နိုင်းကို ကြင်နာစွာ စိုက်ကြည့်ကာ အနီးကပ်ခေါ်၍ ပွေ့ဖက်ထားပြီး တစ်လုံးချင်း မှာကြားပြန်သည်။
"မင်းက ချွေးမတော်ဖြစ်လို့ တော်ဝင်မိသားစုရဲ့ အကျိုးစီးပွားကို အလေးထားရမယ်။ ရန်သူဖြစ်နိုင်တဲ့ လူတွေကို သတိထားပါ။ သူတို့ကို သတ်မလား၊ အသုံးချမလားဆိုတာ အင်ပါယာတစ်ယောက်တည်းသာ ဆုံးဖြတ်နိုင်တယ်"
"ဟုတ်ကဲ့။ ကျွန်မ နားလည်ပါတယ်"
နိုင်းက လိမ္မာယဥ်ကျေးစွာဖြင့် ရိုရိုကျိုးကျိုး ခေါင်းညိတ်ပြလိုက်၏။ သို့ရာတွင် ထိုအခိုက်အတန့်တွင် အေးစက်စက် ခံစားချက်တစ်ခုကို သုံးယောက်လုံး ခံစားလိုက်ရသဖြင့် မင်းသားခြောက်သည် နိုင်းကို ကာကွယ်ပေးရန် အနောက်သို့ ပို့ကာ ရုန်းရေကန်အထက်ရှိ ကျောက်စိမ်းတံတားထံ အကြည့်ရောက်သွားသည်။
"ဘယ်သူလဲကွ"
မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိရသော မိန်းကလေးတစ်ယောက်က တံတားပေါ်တွင် ရပ်နေပြီး အသားအရေမှာ ဖြူဖွေးလှပသော်လည်း မျက်ဝန်းတစ်ဖက်၌ မီးများ တောက်လောင်၍ ကျန်တစ်ဖက်တွင် လျှပ်စီးများ တဖြတ်ဖြတ် လက်နေ၏။
"မင်းသမီးခုနစ်"
"ဘာမှ လျှောက်မလုပ်နဲ့။ မင်း အသတ်ခံရတာက မင်းသားခြောက်နဲ့ ဘာမှမဆိုင်ဘူး"
မင်းသားခြောက်၏ မျက်လုံးများ တုန်လှုပ်၍ မျက်နှာအမူအရာ ထူးဆန်းသွားသကဲ့သို့ ထိုက်စွေ့သူတော်စင်၏ မျက်နှာလည်း မည်းနက်သွားခဲ့သည်။ သို့သော် တစ်ဖက်လူက စကားပြန်မပြောဘဲ ခြေတစ်လှမ်း ထုတ်လိုက်သည်နှင့် တပြိုင်နက် တဝုန်းဝုန်း မြည်ဟီးကာ ကျောက်စိမ်းတံတားကြီး ပြိုကျသွား၏။
"သတိထား"
ထိုက်စွေ့သူတော်စင်က မင်းသားခြောက်ရှေ့တွင် ပိတ်ရပ်ကာ အဝါရောင် အဆောင်တစ်ခု ထုတ်ယူ၍ မီးလျှံများအဖြစ် ပြောင်းလဲ ပစ်ခတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ ရုပ်သေးကလေးငယ်များမှာလည်း အစွယ်များဖြဲ၍ လန်ရီထံ နတ်ဆိုးသားရဲများပမာ ပြေးဝင်သွားကြသော်လည်း မိုးကြိုးတစ်ချက်အပစ်တွင် အားလုံး ဖျက်ဆီးခံခဲ့ရ၏။
"သူ မသေခင်ကထက် ပိုပြီး သန်မာလာတာလား"
ထိုက်စွေ့သူတော်စင်သည် စစ်ဧကရာဇ်ကို မကောင်းဆိုးဝါးဆန်ဆန် အစွမ်းထက်သည်ဟု အမြဲတမ်း သတ်မှတ်ထားသော်လည်း သေရွာပြန်လာသော သတ္တမမင်းသမီးက ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ သူမက လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားကာ ဆူးချွန်တပ် တူကြီးတစ်လက် မြင်ကွင်းအတွင်း ဝင်ရောက်လာကာ သူ့ထံ ဥက္ကာပျံပမာ ကျဆင်းလာ၏။
"အသက်ဝင်စမ်း"
သူက အဆောင်များစွာ ဆင့်ခေါ်၍ ခေါင်းအထက်တွင် ပိုက်ကွန်အဖြစ် ဖြန့်ကျက်ပစ်ကာ တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားခဲ့သည်။
"ဘုန်း"
သို့သော် တူကြီး၏ ဖျက်ဆီးနိုင်စွမ်းကို လျှော့တွက်ခဲ့မိပြီး ထိုက်စွေ့သူတော်စင်ရော အဆောင်များပါ လွင့်ထွက်ကာ အဆောင်နန်းတော်၏ နန်းဆောင်များစွာကို ဖြတ်တိုက်သွားသဖြင့် အပျက်အစီးပုံကြီး ဖြစ်သွားစေ၏။
"ဆရာ"
တော်ဝင်မျိုးနွယ်၏ ပါရမီရှင် တစ်ယောက် ဖြစ်ကာ အဆင့်နှစ် ကောင်းကင်အရာရှိများနှင့် စွမ်းအားချင်း ယှဥ်နိုင်သော်လည်း မင်းသားခြောက်သည် တစ်ဖက်လူ၏ ဖိအားအောက်တွင် အသက်ရှူကြပ်လာ၏။ ကောင်းကင်အထက်တွင် မင်းသမီးခုနစ်သည် သံကြိုးအစွန်းတစ်ဖက်ရှိ သေးငယ်သော တူဖြင့် ရိုက်ချလာသောအခါ ကြောက်မက်ဖွယ် အရှိန်မျိုးနှင့် ကျဆင်းပြီး မျက်တောင်တစ်ခတ်အတွင်း အဖြူရောင် မိုးကြိုးကဲ့သို့ သူ၏ နဖူးထံ တည့်တည့်မတ်မတ် ဝင်ရောက်ခဲ့သည်။
"ညီမလေး၊ ငါက မင်းရဲ့ အစ်ကိုအရင်းပါ။ ဘယ်လိုကိစ္စရှိရှိ၊ ဆွေးနွေးလို့ရပါတယ်"
သေရေးရှင်ရေးတွင် တည်ငြိမ်မနေနိုင်သောအခါ သူက ကြောက်လန့်တကြား အော်ဟစ်၍ ရုန်းပိုင်နက်သုံးဆယ်ဖြင့် ဝန်းရံထားသည့် အသက်တံဆိပ်ကို ဆင့်ခေါ်ကာကွယ်ခဲ့၏။ သို့သော် မိုးကြိုးတူက ၎င်းကို ထိမှန်သွားသည်နှင့် တပြိုင်နက် ရုန်းပိုင်နက် သုံးဆယ်လုံး တဘုန်းဘုန်း ပေါက်ကွဲကာ ပျက်စီးကုန်သဖြင့် မျက်လုံးများ မယုံကြည်နိုင်ဟန်ဖြင့် အဆမတန် ပြူးကျယ်လာသည်။
"မလုပ်နဲ့"
နိုင်းသည်လည်း ကြောက်လန့်သွားကာ ဘေးသို့ ချက်ချင်း လိမ့်ထွက်၍ အဝေးသို့ ရှောင်ထွက်လိုက်၏။ သူမက ဒယိမ်းဒယိုင်ဖြင့် မတ်တပ်ရပ်၍ ကြည့်လိုက်သောအခါ အညှာအတာကင်းမဲ့သော မိုးကြိုးတူချက်အောက်တွင် မင်းသားခြောက်သည် မြေကြီးအတွင်း နစ်ဝင်ကာ အသားပုံကြီးအဖြစ် ပြားကပ်သွားသည်။ ထို့နောက် လျှပ်စီးကြောင်းများ ထပ်မံ ကျဆင်းလာကာ အရိုး၊ အရေပြားနှင့် ကိုယ်တွင်းအင်္ဂါများကို အမှုန့်ဖြစ်အောင် လောင်ကျွမ်းနေခဲ့သည်။
"အား"
နိုင်းသည် ကြောက်စိတ်ကြောင့် အသံကုန်အော်ဟစ်ရင်း တစ်ဝမ်းတည်းမှ ထွက်လာသော မောင်နှမအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို နားမလည်နိုင် ဖြစ်နေ၏။ ဆယ်ရက်ကြာလျှင် သူမသည် မင်းသားခြောက်ကို လက်ထပ်၍ တော်ဝင်ချွေးမတော် ဖြစ်လာနိုင်သော်လည်း လက်ရှိတွင် တူတစ်ချက်တည်းဖြင့် အိပ်မက်များ ပျက်ပြယ်ကုန်သည်။
"ဘာလို့လဲ။ ဘာလို့လဲ..."
"နင်က ငါ့ကို မေးခွန်းထုတ်နေတာလား"
မင်းသမီးခုနစ်၏ အေးစက်စက် အကြည့်က သူမထံ ကျရောက်လာသောအခါ မျက်ရည်များ တသွင်သွင် စီးကျလျက် မြေပြင်ပေါ် ဖင်ထိုင်ကျသွားသော်လည်း မေးခွန်းထုတ်နေဆဲပင်။
"ဟုတ်တယ်။ ဘာကြောင့်လဲ။ ဘာကြောင့် သတ်လိုက်ရတာလဲ"
"ငါ မဖြေချင်ဘူး။ နင့်ဘာသာ သွားမေးလိုက်လေ"
သူမကို အဖြေပေးလာသည်မှာ မိုးကြိုးတူကြီး ဖြစ်၍ ဘုန်းခနဲ မြည်အောင် နောက်တစ်ကြိမ် ရိုက်ချလိုက်သောအခါ နိုင်း ရှိနေသော နေရာ၌ လတ်လတ်ဆတ်ဆတ် သွေးကွက်တစ်ခုသာ ကျန်ရစ်လေသည်။