← Chapters

အခန်း (၆၃၉-၆၄၀)

Vol. 48 Ch. 639-640

အခန်း (၆၃၉-၆၄၀)

Vol. 48 Ch. 639-640

အပိုင်း ၆၃၉ - ထိုက်စွေ့သူတော်စင်၏ ပြစ်မှု

မင်းသားခြောက်နှင့် နိုင်းကို သတ်ဖြတ်ပြီးနောက် အဖြူရောင် ဝတ်ဆင်ထားသော သတ္တမမင်းသမီး ရှန်ရီသည် မြေပြင်ပေါ်သို့ ဆင်းသက်လာသောအခါ လျှပ်စီးမိုးကြိုးများ တဝုန်းဝုန်း မြည်ဟီး၍ မြေအောက်သို့ ဖြတ်သန်းသွားသည်။ ထို့နောက် ထိုက်စွေ့အဆောင်နန်းတော် တစ်ခုလုံး ပြိုကျကာ မရေမတွက်နိုင်သော အပျက်အစီးများကို လွင့်ပျံသွားစေသဖြင့် ဖုန်တထောင်းထောင်း ထသွားခဲ့၏။ မြေအောက်တွင် အဝါရောင် ဆေးရည်အိုင်ငယ်များ မနည်းမနော ရှိနေပြီး တစ်ခုချင်းစီ၌ ကလေးအလောင်းတစ်ယောက်စီ ဆေးစိမ်ထားသည်။ မျက်လုံးများက ကြောက်လန့်တကြား ပြူးကျယ်နေဆဲ ဖြစ်ကာ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးခဲ့ရပုံမပေါ်သဖြင့် အပြင်ပန်း ရှုခင်းလှပသော ထိုက်စွေ့အဆောင်နန်းတော်သည် သေမျိုးကလေးငယ်များကို အလောင်းရုပ်သေးအဖြစ် သန့်စင်ရာ ငရဲတစ်ခု ဖြစ်နေခဲ့လေ၏။

"သတ္တမမင်းသမီး"

ထိုက်စွေ့သူတော်စင်သည် လွင့်ထွက်သွားရာမှ ပြန်ရောက်လာသောအခါ မင်းသားခြောက်တို့ စုံတွဲ ရိုက်သတ်ခံလိုက်ရကြောင်း မြင်ခဲ့ရသည်။ သူတို့၏ ကာကွယ်သူတစ်ယောက် ဖြစ်သောကြောင့် ဒေါသများ ငယ်ထိပ်အထိ ဆောင့်တက်ကာ တစ်ကိုယ်လုံး စုတ်ဖြဲခံလိုက်ရသကဲ့သို့ နာကျင်သွား၏။

"သားရဲတွေတောင် ဆွေမျိုးအရင်းအချာကို မသတ်ဘူး။ ရှန်ရီ၊ မင်းက အစ်ကိုအရင်းကို သတ်ပြီး ကောင်းကင်ကို စော်ကားလိုက်တာလား။ ကောင်းကင်ရုံးတော်ရဲ့ အပြစ်သားက အကြိမ်တစ်ထောင်လောက် သေသင့်တယ်။ မကောင်းဆိုးဝါးကို သုတ်သင်ဖို့ နိုးထကြစမ်း၊ အလောင်းစစ်တပ်"

သူက အသံကုန်အော်ဟစ်လိုက်သောအခါ ဆေးစိမ်ထားသည့် ကလေးအလောင်းများ တဆတ်ဆတ် တုန်ယင်၍ ရုန်းကန်ရင်း မတ်တပ်ရပ်လာကြသည်။ မျက်ဆံများက အဝါရောင်နောက်နောက် ဖြစ်နေကာ သားရဲကောင်များပမာ ရှန်ရီကို စိုက်ကြည့်ရင်း မျက်နှာများ တွန့်လိမ်၍ ဒွါရကိုးပေါက်မှာ ဆေးရည်နှင့် သွေး ရောနှောစီးကျလာပြီး မျက်လုံးများ အရည်ပျော်သွားသဖြင့် မျက်တွင်းဟောက်ပက် ဖြစ်ကုန်၏။

"ဒါက နင် ကျင့်ကြံတဲ့ တာအိုလား ခွေးအိုကြီး"

ရှန်ရီက ဒေါသမီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ထိုက်စွေ့သူတော်စင်ကို ရင်ဆိုင်လိုက်သည်။

"မဟာတာအိုမှာ လမ်းစဥ် သုံးထောင်ရှိတယ်။ သေမျိုးကလေးတွေကို မြင့်မြတ်တဲ့ ကောင်းကင်ရုံးတော်ဆီ ငါ ခေါ်ဆောင်ပေးခဲ့တယ်။ သန့်စင်ပြီး စွမ်းအား မြင့်မားလာစေတယ်။ ဒါက အကျိုးရှိတဲ့ ကောင်းမှုကုသိုလ်ပဲ။ မင်းလို မင်းသမီးငယ်တစ်ယောက်က ဘာနားလည်လို့လဲ"

ထိုက်စွေ့သူတော်စင်က ကိုယ့်ကိုကိုယ် သူတော်စင်တစ်ပါးပမာ ဂုဏ်ဖော်ရင်း ဟိန်းဟောက်ကာ အဆက်မပြတ် အပြစ်တင် စွပ်စွဲနေ၏။

"ရှန်ရီ၊ မင်းက အစ်ကိုအရင်းကို သတ်ခဲ့လို့ ကောင်းကင် ဒေါသထွက်ပြီး မြေကြီးက ရှုံ့ချလိမ့်မယ်။ ကောင်းကင်ရုံးတော်မှာ မင်းလို သစ္စာဖောက်အတွက် နေရာ မရှိဘူး။ အင်ပါယာနဲ့ မိဖုရားကြီးကို ဆန့်ကျင်ရင် ကောင်းကောင်း သေရမှာ မဟုတ်ဘူး"

ထိုအခိုက်အတန့်တွင် ရှန်ရီသည် စိတ်ပျက်စွာ တောက်ခေါက်၍ စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ တူနှစ်လက်ကို ဘယ်ညာရမ်းလျက် စက်ဝိုင်းသဏ္ဍာန် ပြင်းပြင်းထန်ထန် လှည့်လိုက်သောအခါ အဖြူရောင်မီးတောက်များနှင့် မိုးကြိုးလျှပ်စီးများ ဖြာထွက်လာသည်။ ၎င်းတို့နှင့် ထိမှန်ခံလိုက်ရသည်နှင့် တပြိုင်နက် အလောင်းရုပ်သေးများ ​အမှုန့်ဖြစ်ကုန်ပြီး မသေမရှင် ဘဝတွင် သန့်စင်ခံခဲ့ရသော ကလေးဝိညာဥ်များက နောက်ဆုံးတွင် လွတ်မြောက်သော ခံစားချက်ကို ရနိုင်ခဲ့၏။ ဤသေမျိုးကလေးငယ်များမှာ ပျော်ပျော်ပါးပါး ဆော့ကစားရင်း ရှင်သန်နေရမည့် အရွယ်လေးများဖြစ်ကာ အင်မော်တယ်တစ်ယောက်၏ အစေခံအဖြစ် အတင်းအကြပ် ပြောင်းလဲခံလိုက်ရသည် မဟုတ်ပါလော။

"ဒီလောက်တောင် အစွမ်းထက်တာလား"

အလောင်းရုပ်သေး စစ်တပ် တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရသောအခါ အသံကောင်းဟစ်နေသည့် ထိုက်စွေ့သူတော်စင်မှာ အကြောက်လွန်သွားကာ မတိုက်ခိုက်ဘဲ လှည့်ပြေးခဲ့သည်။

"ကယ်ကြပါဦး။ ကယ်ကြပါဦး"

သူက အဆောင်များစွာ အကာအကွယ်အဖြစ် ပစ်ခတ်၍ မြေလျှိုး ထွက်ပြေးချင်ခဲ့သော်လည်း မြေပြင်အတွင်းသို့ အဖြူရောင် မိုးကြိုးတစ်စင်း ကျဆင်းလာကာ ဟက်တက်ကွဲသွား၏။

"အား"

သူက အလန့်တကြား မော့ကြည့်လိုက်သောအခါ ရှန်ရီသည် တောက်ပသော အလင်းများ ခြံရံလျက် ဆင်းသက်လာနေပြီ ဖြစ်သည်။

"မလုပ်ပါနဲ့ သတ္တမမင်းသမီး။ ငါ အညံ့ခံပါတယ်"

ထိုအဘိုးကြီးက အသနားခံနေစဥ်မှာပင် တူနှစ်လက်အကြားတွင် ညှပ်ရိုက်ခံလိုက်ရသောကြောင့် ဒေါင်လိုက်ပြားချပ်သွားကာ အသေဆိုးဖြင့် နိဂုံးချုပ်သွား၏။

"ကလေးတို့ နောက်ဘဝကျရင် ကောင်းမွန်တဲ့ နေရာမှာ ပြန်လည် ဝင်စားနိုင်ပါစေ"

ရှန်ရီသည် လက်ချောင်းလေးများ ဆန့်ထုတ်၍ ပျောက်ကွယ်စပြုနေသော ကလေးဝိညာဥ်များကို ထိတွေ့ကာ ဆုမွန်ကောင်း တောင်းပေးခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်ရုံးတော်၏ နေရာအနှံ့အပြား မီးများတောက်လောင်၍ အချက်ပေးသံများ ဆူဆူညံညံ ထွက်ပေါ်လာခဲ့သည်။

"ဒါက နင်တို့အတွက် အစပဲ ရှိသေးတယ်"

သူမက အေးစက်စက် ကြုံးဝါးရင်း အဆောင်နန်းတော် အပျက်အစီးများအကြား ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့၏။

မိုးကြိုးဌာနတွင် မဟာအစီအရင်မှ အင်မော်တယ်ပြိုင်ပွဲကို ပြန်လည် ထုတ်လွှင့်ပေးခဲ့ပြီး အချိန်နှင့် တပြေးညီ မဟုတ်ဘဲ နောက်ကျသောကြောင့် ယွမ်ရှောင် ပြန်လည် ထွက်ခွာလာသော အချိန်တွင် နောက်ဆုံးတိုက်ပွဲကို ပြသပေးနေ၏။ သူက ဓားဝိညာဥ်နှင့် အသက်တံဆိပ်ကို ဘေးဖယ်ထားပြီး စစ်ဧကရာဇ်၏ ကိုယ်ပွားကို အနိုင်ယူပြလိုက်သောအခါ အောင်ပွဲခံ အော်ဟစ်သံများ ပြိုင်တူ ထွက်ပေါ်လာသောကြောင့် တော်လဲသံကြီးများပင် ဖြစ်ပေါ်ခဲ့သည်။ မိုးကြိုးဌာနတစ်ခွင် ဂီတသံများ ဆူဆူညံညံ မြည်ဟီးကာ မဟာအစီအရင်ပင်လျှင် လျှပ်စီးကြောင်းများ ထုတ်လွှတ်၍ ဂုဏ်ပြုပေးခဲ့၏။ ဤမြင်ကွင်းအရ အင်မော်တယ်ပြိုင်ပွဲတွင် နှစ်ပေါင်းများစွာ အရှက်ကွဲခဲ့သောကြောင့် မိုးကြိုးဌာန မည်မျှ သည်းခံခဲ့ရသည်ကို သိနိုင်၏။ ၎င်းက သာမန်တိုက်ပွဲ မဟုတ်ဘဲ ဂုဏ်သိက္ခာ ပြန်လည် ယူဆောင်နိုင်မည့် ကိစ္စ ဖြစ်ကာ သူတို့ကို အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့သော ပြိုင်ဘက် ကောင်းကင်စစ်တပ်အား အနိုင်ယူလိုက်ခြင်းပင်။

မိုးကြိုးကိုးသွယ် ရင်ပြင်၏ အမြင့်တစ်နေရာတွင် မဟာစစ်သူကြီး ကူကျန်းရှောင်က ဆူညံပွက်လောရိုက်နေသည့် မိုးကြိုးဌာနကို ကြည့်ရင်း တစ်ကိုယ်လုံး တုန်ယင်ကာ စိုးရိမ်တကြီး ဖြစ်နေ၏။

"မဟာစစ်သူကြီး၊ ငါတို့ သူ့ကို စော်ကားခဲ့တယ်။ အခု သူက မိုးကြိုးဌာနရဲ့ ဂုဏ်ဆောင်၊ အင်ပါယာရဲ့ အနှစ်သက်ဆုံး ပါရမီရှင် ဖြစ်လာပြီ။ ဘယ်လိုလုပ်ကြမလဲ"

လျှပ်စီးသခင်ပိုဟုန်သည် ကြောက်စိတ်ကြောင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်ကာ ကူကယ်ရာမရှိဟန်ဖြင့် ရေရွတ်နေသည်။

"ဘာလုပ်လို့ရမှာလဲ။ လောလောဆယ် ဦးညွှတ်ပြီး တောင်းပန်ရမယ်။ လုယောင် ရှေ့မှာ ဒူးထောက်ရမယ်။ မိုးကြိုးဧကရာဇ် ပြန်ရောက်လာရင် လုယောင် ခွင့်လွှတ်ဖို့အတွက် ကူပြောပေးဖို့ တောင်းဆိုရမယ်"

ကူကျန်းရှောင်က အံကြိတ်၍ အရှုံးပေးလိုက်ချင်သော်လည်း လုယောင်၏ လက်ထဲတွင် ရင်သွေးနှစ်ယောက် အသတ်ခံခဲ့ရသော ပိုင်တောက်မှာ ဒူးမထောက်ချင်ပေ။

"သူက အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အဆင့်လေး အရာရှိတစ်ယောက်ပါပဲ။ ငါတို့အားလုံးအောက် နိမ့်ကျတယ်။ တောင်းပန်ဖို့ တကယ်လိုအပ်လို့လား"

"ဘာတွေ ပြောနေတာလဲ။ ရာထူးဆိုတာက သူ့အတွက် အပေါ်ယံ ဖြစ်သွားပြီ။ ငါတို့ ရာထူးတိုးလည်း အမြင့်ဆုံး ရောက်နိုင်မှ အဆင့်သုံးပေါ့။ အင်ပါယာက လုယောင်ရဲ့ အနာဂတ်တွေ ဘာတွေ စီစဥ်ထားမလဲ မသိရသေးဘူး။ မြို့စားဖုန်း သေသွားတာတောင် ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ ငါတို့က သူ့လောက် သြဇာအာဏာ ကြီးမားလို့လား"

ပိုဟုန်က ဖြတ်ပြောလိုက်သဖြင့် ပိုင်တောက်သည် သက်ပြင်းချကာ အမှန်တရားကို လက်ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ တစ်ချိန်က ယွမ်ရှောင်၏ ဓားအရိုးကို မျက်စိကျခဲ့ပြီး အတင်းအကြပ် ထုတ်ယူရန် အားထုတ်ခဲ့သော ကူကျန်းရှောင်မှာ သုံးယောက်အနက် အကြောက်ဆုံးဖြစ်ကာ မည်သို့တောင်းပန်ရမည်ကို ခေါင်းပေါက်မတတ် စဥ်းစားနေရသည်။

"ချောင်ရှန်းကတော့ ဒီတစ်ခေါက် ကံကောင်းသွားပြီ"

"ပြောဖို့ ခက်ပါတယ်။ မွေးစားသားကို သူက တကယ်တမ်း ထောက်ခံခဲ့တာ မဟုတ်သလို လုယောင်ကလည်း အလေးထားမှာ မဟုတ်ဘူး။ ချောင်ရူကတော့ မတူဘူး။ သူမက လုယောင်အတွက် အရာအားလုံး ပုံအောခဲ့မှတော့ အကျိုးအမြတ် အများဆုံး ရလိမ့်မယ်"

ပိုဟုန်၏ မှတ်ချက်ကြောင့် ကူကျန်းရှောင်၏ မျက်နှာထား ပိုမို မည်းနက်လာကာ သူ ရည်ရွယ်ထားသော မိန်းမကို လက်လွှတ်လိုက်ရရုံသာမက လုယူသွားသော လူငယ်လေးကိုပင် ဦးညွှတ်ရမည်ဖြစ်ရာ နာကျင်စရာကောင်းလွန်း၏။

"စကားမစပ် ချောင်ရှန်းက ချောင်ရူကို သေမျိုးလောကဆီ လွှတ်လိုက်တာမလား။ အခု ပြန်ရောက်ပြီလား"

ထို့နောက် ပိုဟုန်က သာမန်အင်မော်တယ်များ မကြားစေလိုဟန်ဖြင့် အနားကပ်ကာ မေးလိုက်သောအခါ ကူကျန်းရှောင်သည် ခေါင်းယမ်းပြခဲ့သည်။

"ဒါက ပထမဆုံးအကြိမ် ပူဇော်သက္ကာရ လက်ခံတာလေ။ ဘယ်လိုလုပ် မြန်မှာလဲ"

"မိုးကြိုးဧကရာဇ်က ချောင်ရူကို အတင်းအကြပ် အမိန့်ပေးခဲ့တုန်းက လုယောင်ဆိုတာ ဘာမှမဟုတ်သေးဘူး။ အခု သူက အောင်ပွဲနဲ့ ပြန်လာပြီဆိုတော့ ဖိအားပေးခဲ့တာကို သိသွားရင် ပြဿနာတက်နိုင်လောက်တယ်။ ငါတို့ ချောင်ရူကို သွားခေါ်လိုက်ကြမလား"

ပိုဟုန်က မျက်မှောင်ကြုတ်၍ အကြံတောင်းလိုက်သော်လည်း ငြင်းပယ်ခံလိုက်ရ၏။

"မလိုဘူး။ မိုးကြိုးဧကရာဇ်က လုယောင်ကို ရှင်းပြလိမ့်မယ်။ ချောင်ရူ အန္တရာယ်ရှိတာမှ မဟုတ်တာ၊ ပြဿနာ မရှိပါဘူး"

ပိုဟုန်၏ အမြင်တွင် လုယောင်သည် ကောင်းကင်အထိ တက်လှမ်းနိုင်ခဲ့သောကြောင့် လက်တွဲဖော် ဖိအားပေးခံရသည်ကို မကျေနပ်လျှင် မိုးကြိုးဧကရာဇ်နှင့် ဆက်ဆံရေး တင်းမာမည်အား စိုးရိမ်နေခြင်း ဖြစ်သည်။ သို့သော် ကူကျန်းရှောင်၏ ထင်မြင်ချက်အရ အဆင့်လေး ကောင်းကင်အရာရှိ တစ်ယောက် ဖြစ်လာလျှင် ပူဇော်သက္ကာရ လက်ခံခြင်း၏ အရေးပါပုံကို သဘောပေါက်ပေလိမ့်မည်။ ထို့အပြင် မိုးကြိုးဧကရာဇ်က ချောင်ရူကို ဒုက္ခပေးနေခြင်း မဟုတ်ဘဲ စွမ်းအား မြင့်တက်လာစေရန် ကူညီပေးခဲ့သည် မဟုတ်ပါလော။

"ပူဇော်သက္ကာရဆိုတာ ကောင်းကင်ရုံးတော်မှာ အကြီးမြတ်ဆုံး ဆုလာဘ်ပဲ။ ဒါကို လက်မခံဘူးဆိုရင် မဟာတာအိုနယ်မြေတစ်ခုလုံးနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားမယ်"

ပိုင်တောက်က ခေါင်းညိတ်၍ ထောက်ခံလိုက်ပြီး ပိုဟုန်လည်း လက်ခံလိုက်၏။

"မင်းပြောတာ မှန်တယ်။ လုယောင်က အခုမှ အဆင့်လေး အရာရှိ ဖြစ်လာတာဆိုတော့ ရက်အနည်းငယ်ကြာရင် သူကိုယ်တိုင်လည်း ပူဇော်သက္ကာရ လက်ခံရတော့မှာပဲ"

"ကောင်းကင်ရုံးတော်ကို အာခံပြီး ပူဇော်သက္ကာရတွေကို ငြင်းဆန်ရဲရင် ဘယ်သူမဆို ပါရမီ ဘယ်လောက်မြင့်မြင့်၊ အဆင့်တစ် အရာရှိ ဖြစ်နေတာတောင် အပြစ်ပေးခံရမှာပဲ"

ကူကျန်းရှောင်ကလည်း အောင်ပွဲခံရင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသော မိုးကြိုးဌာနကို ဝေ့ကြည့်ပြီး လေးနက်စွာ ပြောလိုက်လေသည်။

အပိုင်း ၆၄၀ - သုံးလောင်းပြိုင်

မိုးကြိုးဌာန၏ ကောင်းကင်ယံတွင် အိမ်ပြန်လာသော နတ်သင်္ဘောကြီး ဖြတ်သန်းသွားသောအခါ နားကွဲမတတ် ကျယ်လောင်သည့် အားပေးသံများ ပတ်ဝန်းကျင်တစ်ခွင် ဟိန်းထွက်သွား၏။ ထိပ်ဦးပိုင်းတွင် ယွမ်ရှောင် ရပ်နေပြီး လျှပ်စီးများအကြားမှ အောက်ဘက်ရှိ နေရာလပ်မကျန် လူစုလူဝေး ဖြစ်နေသော မြေပြင်ကို ငုံ့ကြည့်ခဲ့သည်။ မိုးကြိုးဌာန၏ အင်မော်တယ်များက စိတ်အားထက်သန်စွာဖြင့် လက်များမြှောက်လျက် အောင်ပွဲခံနေကြပြီး မိုးကြိုးဧကရာဇ် အစား လုယောင်ဆိုသော အမည်ကို ထပ်ကာတလဲလဲ အော်ဟစ်ခဲ့ကြ၏။ ထိုမျက်နှာများအထက်တွင် သူ့ကို မျက်ကန်း ယုံကြည်ကိုးကွယ်သော ခံစားချက်များ ထင်ဟပ်နေကာ အင်မော်တယ်ပြိုင်ပွဲအဆက်ဆက် တလျှောက်လုံး ဖိနှိပ်ခံခဲ့ရသောကြောင့် ပါရမီရှင်တစ်ဦးက လက်စားချေပေးလိုက်သောအခါ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ကုန်ကြသည်။

"အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံ မိုးကြိုးတမန်တော်လု ပြန်လာတာကို ကြိုဆိုပါတယ်"

ဂုဏ်ထူးဆောင် အမည်တစ်ခုသည် မိုးကြိုးဌာနရှိ သန်းပေါင်းများစွာသော အင်မော်တယ်များကို သူ့လက်အောက် ကျရောက်လာစေကာ တစ်ချိန်က ဝေဖန်ဖူးသူများနှင့် မဟာကောင်းကင်ကျောင်းတော်မှ တပည့်များပင် ပါဝင်၏။ သူ့ကို ချေမှုန်းနှိပ်ကွပ်ရန် ကြိုးစားခဲ့သော ကူကျန်းရှောင်နှင့် ဘက်တော်သားများလည်း အရှုံးပေးသွားပြီ ဖြစ်ကာ စစ်ဧကရာဇ် လုဖန်နှင့် အဆင်မပြေသော ဇာတ်လမ်းမှာ မိုးကြိုးဌာနပိုင်နက်အတွင်း အလွန် ရေပန်းစားနေခဲ့သည်။

"နောက်ထပ် ရက်နည်းနည်းလောက်ကြာရင် ဆရာနဲ့ သခင်မယုကို မိုးကြိုးဌာနဆီ ပြန်ခေါ်ရမယ်"

အင်မော်တယ်ပြိုင်ပွဲကို အနိုင်ယူခဲ့သောကြောင့် သူ့ကို ထောက်ခံမှုက တခဲနက် မြင့်မားသွားကာ မိုးကြိုးဌာန၏ ထိပ်ဆုံးသို့ ရောက်ရှိနေသယောင် ခံစားလိုက်ရ၏။ မိုးကြိုးဌာန အဝင်မှ မိုးကြိုးကိုးသွယ် ရင်ပြင် ရောက်သည်အထိ လမ်းတလျှောက်လုံး အင်မော်တယ်များက မရေမတွက်နိုင်လောက်အောင် အရိုအသေပေးခဲ့ကာ နတ်သင်္ဘောကြီးမှာလည်း အရှိန်လျှော့ချ၍ ကုန်းပတ်အထက်ရှိ ယွမ်ရှောင်ကို မြင်ခွင့်ပေးခဲ့သည်။

"ရောက်ပြီ"

ဦးတည်ရာသို့ ရောက်သောအခါ နတ်သင်္ဘောသည် ကြိုဆိုနေသည့် သောင်းချီသော အရာရှိများ ရှေ့မှောက်တွင် ရပ်တန့်သွားသည်။ အဆင့်နှစ် အရာရှိဖြစ်သော မဟာစစ်သူကြီးများ၊ မြို့စားများကဲ့သို့ အဆင့်သုံးအရာရှိများ၊ အဆင့်လေးအရာရှိ မိုးကြိုးတမန်တော်များအပြင် အဆင့်နိမ့် အရာရှိပေါင်းများစွာလည်း မပျက်မကွက် ရောက်ရှိနေကြ၏။

"မိုးကြိုးဧကရာဇ်နဲ့ ချန်ပီယံကို ကြိုဆို ဂုဏ်ပြုပါတယ်"

သူတို့အားလုံးက တောက်ပစွာ အပြုံးပန်းဆင်ထားကာ မိုးကြိုးဌာနကိုယ်စား ဂုဏ်ထူးဆောင် သူရဲကောင်းလူငယ်ကို ကြိုဆိုလိုက်ကြသည်။ မိုးကြိုးဧကရာဇ် ကိုယ်တိုင် ရှိနေသောကြောင့် ဌာနတစ်ခုလုံး အပြည့်စုံဆုံး စုဝေးမှုတစ်ခုပင် ဖြစ်၏။

"နောက်က လိုက်ခဲ့ပါ"

မိုးကြိုးဧကရာဇ်က ရှေ့မှ ဦးဆောင်၍ ဆင်းသွားကာ ယွမ်ရှောင်ကို အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။ မဟာစစ်သူကြီးများ၏ အရှေ့၊ မိုးကြိုးဧကရာဇ်၏ အနောက်တွင် နေရာယူထားသောကြောင့် တစ်ယောက်တည်း၏ အောက်၊ သန်းပေါင်းများစွာ အထက် ရှိရာ ယွမ်ရှောင်၏ အဆင့်အတန်း မည်မျှ မြင့်မားလာကြောင်း သိသာ၏။

"အရှင်"

အရာရှိများက ပြိုင်တူ အရိုအသေပေးလိုက်သောအခါ မိုးကြိုးဧကရာဇ်သည် မေးခွန်းထုတ်ခဲ့သည်။

"ပွဲတော် ပြင်ဆင်ပြီးပြီလား"

၎င်းက အဆင့်ခြောက်နှင့်အထက် အရာရှိများသာ တက်ရောက်ခွင့်ရှိသော မိုးကြိုးဌာန၏ အမြင့်ဆုံး အောင်ပွဲခံခြင်း ဖြစ်ကာ မြို့ငယ်လေးများဆိုလျှင် တက်ခွင့်ရသူ မများလှချေ။

"အဆင်သင့် ဖြစ်ပါပြီ။ ဒါပေမယ့် အချိန်ကပ်သွားတာကြောင့် မြို့ပေါင်းရှစ်ဆယ်က ကိုယ်စားလှယ်တွေ မရောက်သေးပါဘူး။ သုံးနာရီအတွင်း ရောက်လာမယ်ဆိုရင်တော့ လူစုံနိုင်ပါတယ်။ အရှင် ဘယ်လိုသဘောရပါမလဲ"

"စောင့်လိုက်ပါ"

မိုးကြိုးဌာန၏ ​နောက်ထပ် မဟာစစ်သူကြီးတစ်ယောက်ဖြစ်သော မန်ကျန်းက လျှောက်တင်လိုက်သောအခါ မိုးကြိုးဧကရာဇ်သည်လည်း ချန်ပီယံအနားယူနိုင်ရန်အတွက် စောင့်ဆိုင်းရန် သဘောတူခဲ့၏။ ဤဂုဏ်ပြုပွဲတွင် မိုးကြိုးဌာန လက်အောက်ရှိ အရာရှိအားလုံး တက်ရောက်လျှင် အရေးပါမှုကို ပေါ်လွင်စေပြီး ယွမ်ရှောင်အပေါ် မည်မျှအလေးထားကြောင်း ပြသရန် နည်းလမ်းပင်။

"အခုကစပြီး မိုးကြိုးဌာနက မင်းရဲ့ အိမ်၊ မိသားစုလို့ သတ်မှတ်လိုက်ပါ"

မိုးကြိုးဧကရာဇ်၏ သဘောထားက ရှင်းလင်းပြတ်သားပြီး သူ့ကို စွန့်ပစ်လိုက်သော စစ်ဧကရာဇ် လုဖန်နှင့် ဆန့်ကျင်လိုက်ခြင်း ဖြစ်သည်။

"ကျေးဇူးတင်ပါတယ်"

"အနားယူဖို့ ချောင်အိမ်တော်ကို လိုက်ခဲ့မလား"

အနားတွင် ရပ်နေသော ကူစုဝမ်က ညှင်သာစွာ မေးလိုက်သော်လည်း အငြင်းခံလိုက်ရပြီး ယွမ်ရှောင်သည် ချောင်ရူကို သွားရှာရန် စိတ်လောနေသည်။

"ကျုပ် ချောင်ရူကို သွားတွေ့လိုက်ဦးမယ်"

"မလောပါနဲ့။ ရူအာက သေမျိုးလောကကို အခုလေးတင် ဆင်းသွားတယ်တဲ့"

မိုးကြိုးဧကရာဇ်၏ စကားကြောင့် ယွမ်ရှောင်၏ မျက်နှာထား တင်းမာသွားကာ စူးရှသော မျက်ဝန်းများ လက်ခနဲ ဖြစ်သွား၏။

"သေမျိုးလောကမှာ ချောင်ရူက ဘာသွားလုပ်တာလဲ"

"ကျင့်ကြံမှု မတိုးတက်တာ ကြာပြီဆိုတော့ ပူဇော်သက္ကာရ လက်ခံဖို့ ဖြစ်လိမ့်မယ်"

"အဆောင်မပို့ခင် ထွက်သွားတာလား ဒါမှမဟုတ် အဆောင်ပို့ပြီးမှလား"

"ဒါက ဘာအရေးကြီးလို့လဲ"

ယွမ်ရှောင်၏ လေသံက ဖြည်းဖြည်းချင်း အေးစက်လာသဖြင့် မိုးကြိုးဧကရာဇ်သည်လည်း ခပ်တင်းတင်း တုံ့ပြန်သည်။

"အရေးကြီးတယ်။ ခင်ဗျား ကျုပ်ကို လှည့်စားခဲ့တာလားဆိုတာကို အတည်ပြုဖို့လေ"

ဤကား သီးသန့်စကားများ မဟုတ်သောကြောင့် အနားရှိ အရာရှိအားလုံး ကြားနိုင်ပြီး မိုးကြိုးဧကရာဇ်နှင့် ယွမ်ရှောင်အကြား သဘောထား တင်းမာနေသဖြင့် ပတ်ဝန်းကျင် တိတ်ဆိတ်နေ၏။

"လုယောင် မင်းထင်တာ မှန်တယ်။.ချောင်ရူကို ပူဇော်သက္ကာရ လက်ခံဖို့ ငါ အတင်းအကျပ် အမိန့်ပေးလိုက်တာပဲ။ ဒါက သူ့အကျိုးအတွက်ပါ။ မင်း မကျေနပ်ရင်လည်း ပြောစရာ မရှိဘူး။ ငါက မင်းကို ကူညီဖို့ ကြိုးစားနေတာပဲ။ ချောင်ရူက ခေါင်းမာလို့ ဒီအတိုင်းဆက်သွားနေရင် ပြဿနာတက်လိမ့်မယ်။ မင်းနဲ့ ထိုက်တန်တဲ့ လက်တွဲဖော်ဖြစ်လာဖို့ စွမ်းအားရော အယူမလွဲဖို့ရော အရေးကြီးတယ်"

မိုးကြိုးဧကရာဇ်က သူ့ကို စိုက်ကြည့်၍ လေးနက်စွာ တစ်လုံးချင်း ပြောလိုက်သောအခါ ပို၍ ဒေါသထွက်သွားစေသည်။ ကိုယ့်ကိုကိုယ်သာ ထိန်းချုပ်မထားလျှင် ကောင်းကင်ရုံးတော်တွင် ဝှက်ဖဲများ ထုတ်ပြမိမည်ကို စိုးရိမ်သောကြောင့်သာ သူ သည်းခံနေရ၏။

"ကောင်းပြီ။ ကျုပ် နားလည်ပါပြီ။ ဒါဆိုရင် ချောင်ရူရဲ့ တည်နေရာကို ပေးပါ။ သွားတွေ့လိုက်မယ်"

ယွမ်ရှောင်က စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစား၍ တောင်းဆိုလိုက်သော်လည်း အကြောင်းမထူးပေ။

"ပြောဖို့ ခက်တယ်။ သေမျိုးလောကတွေက များပြားလို့ သတင်းပို့အဆောင် မရောက်နိုင်ဘူး။ စစ်သူကြီးချောင် ခေါ်သွားတာဖြစ်လို့ အန္တရာယ်ကင်းမှာပါ"

"မစိုးရိမ်ပါနဲ့ လုယောင်။ ချောင်ရူက သေချာပေါက် ဘေးကင်းမှာပါ"

"အချိန်တွက်ကြည့်လိုက်လျှင် တစ်နာရီအတွင်း သူတို့ ပြန်ရောက်လာတော့မယ်"

မိုးကြိုးဧကရာဇ်အပြင် မဟာစစ်သူကြီးများကလည်း သူ့ကို ဝိုင်းဝန်း ဖြောင်းဖြနေကြ၏။ သေမျိုးလောကတစ်ခု၏ အသက်အားများ စုပ်ယူခံလိုက်ရပြီ ဖြစ်ကြောင်း တွေးမိသောအခါ ယွမ်ရှောင်၏ စိတ်ထဲတွင် ဒေါသများ ပွက်ပွက်ဆူလာ၍ ပေါက်ကွဲကာနီးတွင် မိုးကြိုးဌာနသို့ သတင်းပို့အဆောင်တစ်ခု ရုတ်တရက် ရောက်ရှိလာသည်။

"နိုင်းအာ"

အဆောင်မှ သတင်းစကားကို ဖတ်ပြီးပြီးချင်း မိုးကြိုးဧကရာဇ်၏ မျက်နှာထား မည်းနက်သွားကာ နတ်သင်္ဘောပေါ် ချက်ချင်း ခုန်တက်၍ မျက်တောင်တစ်ခတ်အတွင်း မိုးကြိုးဌာနမှ ထွက်ခွာသွား၏။

"ဘာတွေဖြစ်ကုန်တာလဲဟ"

ရုတ်တရက်ဆန်လွန်းသော အဖြစ်ကြောင့် မိုးကြိုးဌာန၏ အရာရှိများ တစ်ယောက်ကို တစ်ယောက် မသိနားမလည်ဟန်ဖြင့် ကြည့်လိုက်မိကြသည်။ ထို့နောက် နတ်ဘုရားဂိတ်မှ အဆောင်များ ထပ်မံရောက်ရှိလာကာ မဟာစစ်သူကြီးများ လက်ခံလိုက်ကြသောအခါ အကြောင်းစုံ သိသွားကြ၏။

"ဘာဖြစ်ခဲ့တာလဲ မဟာစစ်သူကြီး"

"မင်းသားခြောက်၊ နိုင်းနဲ့ ထိုက်စွေ့သူတော်စင်က ထိုက်စွေ့အဆောင်နန်းတော်မှာ သုံးလောင်းပြိုင် အသတ်ခံလိုက်ရပြီး ဝိညာဥ်တောင် မကျန်အောင် ဖျက်ဆီးခံလိုက်ရတယ်"

ဤသတင်းသည် သတ္တမမင်းသမီး ကွယ်လွန်သည်ထက် ပို၍ တုန်လှုပ်စရာကောင်းပြီး အရေးအကြီးဆုံးမှာ ကောင်းကင်ရုံးတော်အတွင်းပိုင်း၌ ဖြစ်ပွားခဲ့ခြင်းပင်။

"တရားခံက ဘယ်သူလဲ။ အင်မော်တယ်ပြိုင်ပွဲမှာ အရှက်ကွဲသွားတဲ့ စစ်ဧကရာဇ် လက်စားချေတာလား"

အရာရှိများက အလျင်စလို မေးလာကြသောအခါ ယွမ်ယင်သည် အသံ တုန်တုန်ယင်ယင်နှင့် ဖြေပေးခဲ့သည်။

"လူသတ်သမားက အသက်ပြန်ရှင်လာတဲ့ သတ္တမမင်းသမီး ရှန်ရီ"

သေရွာပြန်လာသည့်အပြင် အစ်ကိုအရင်းကို သတ်ပစ်လိုက်သော ရှန်ရီကြောင့် မိုးကြိုးဌာန၏ အရာရှိများ မင်သက်သွားကာ တွေဝေငေးငိုင်ကုန်သည်။

"ဘယ်လိုဖြစ်ဖြစ် ကောင်းကင်ရုံးတော်က အသေအချာ စစ်ဆေးမှာပါ။ ဒါပေမယ့် ငါတို့ မိုးကြိုးဌာနရဲ့ မင်းသမီးကတော့ အသတ်ခံလိုက်ရပြီ"

အောင်ပွဲခံနေသော ပတ်ဝန်းကျင်မှာ နိုင်း၏ သေဆုံးမှုသတင်းကြောင့် ဝမ်းနည်းဖွယ် ဖြစ်သွားကာ ဂုဏ်ပြုပွဲ လုပ်ရန် မသင့်တော်၍ မိုးကြိုးဧကရာဇ်၏ အမိန့်ကို စောင့်ရန် ယွမ်ယင်က ညွှန်ကြားကာ အခြေအနေ ထိန်းချုပ်လိုက်၏။

"ကျုပ်က ချောင်ရူ ပြန်လာတာကို စောင့်နေမယ်။ ရောက်ရင် အသိပေးလိုက်"

သတ္တမမင်းသမီးနှင့် ရင်းနှီးသည်ဟု ကောလဟာလများ ထွက်နေသော ယွမ်ရှောင်ကမူ မည်သည်မှ အရေးမစိုက်ဟန်ဖြင့် လှည့်ထွက်သွားသည်။ သူ ပေါက်ကွဲကာနီးတွင် သုံးလောင်းပြိုင် လူသတ်မှု သတင်းကြောင့် အသိပြန်ဝင်လာခဲ့၏။ ချောင်ရူ၏ အခြေအနေကို အတိအကျ မသိရသေးခင် လှုပ်ရှားလျှင် အမှားအယွင်း ဖြစ်နိုင်သောကြောင့် စောင့်ဆိုင်းရပေလိမ့်မည်။

"ကူးပြောင်းလာတဲ့ ခွေးကောင်က သေမျိုးလောကတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူး။ ပူဇော်သက္ကာရ ဝါးမျိုတာကို ဆန့်ကျင်ဖို့ ငါနဲ့ လန်ရီပဲ ရှိတယ်။ တစ်ယောက်က အလင်းထဲမှာ ပေါ်တင် လူသတ်ပြီး သောင်းကျန်းနေပြီဆိုမှတော့ ငါက အမှောင်ထဲမှာ ငြိမ်ငြိမ်သက်သက်နေပြီး ပိုင်မှ လှုပ်ရှားတာ အကောင်းဆုံးပဲ"

လက်ရှိတွင် ရှန်ရီ၊ ချန်ရီနှင့် လန်ရီ ကပ်ဘေးကိုယ်ပွား သုံးယောက်မှ ဖြစ်ပေါ်လာသည့် မိန်းကလေးက ကောင်းကင်ရုံးတော်တစ်ခုလုံး၏ ပစ်မှတ်ဖြစ်လာသောကြောင့် ယွမ်ရှောင်အတွက် အခွင့်အရေးများ ထွက်ပေါ်လာပေတော့မည်။

All Chapters