← Chapters

အခန်း (၆၄၃-၆၄၄)

Vol. 48 Ch. 643-644

အခန်း (၆၄၃-၆၄၄)

Vol. 48 Ch. 643-644

အပိုင်း ၆၄၃ - ပြစ်ဒဏ် (၁)

"ဂုဏ်ပြုပွဲ စနေပြီ"

မိုးကြိုးကိုးပါးရင်ပြင်သို့ ဝင်ခွင့်မရသော်လည်း မိုးကြိုးဌာန၏ သန်းချီသော အင်မော်တယ်များက အဝေးမှပင် စိတ်လှုပ်ရှားစွာ အားပေးနေကြသည်။ လမ်းများနှင့် အဆောက်အအုံများတွင် လူများ ပြည့်ကျပ်နေပြီး အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံဆိုသော ဂုဏ်သတင်းသည် ပေါက်ကွဲအားပြင်းထန်ကာ နိုင်း၏ သေခြင်းကိုပင် မေ့လျော့သွားစေ၏။ မိုးကြိုးဌာနမှ လူတိုင်း ဂုဏ်ယူဝံ့ကြွားနေကြပြီး ပျော်ရွှင်ဝမ်းမြောက်ကာ တစ်ယောက်ချင်းစီသည် ခေါင်းမော့ရင်ကော့၍ လမ်းသလားနေကြသည်။ ယွမ်ရှောင်ကို ဂုဏ်ပြုရန်အတွက် မိုးကြိုးကိုးပါးရင်ပြင်၌ အရာရှိများ စုဝေးနေသကဲ့သို့ မိုးကြိုးဌာနတစ်ခွင် သာမန်အင်မော်တယ်များ အောင်ပွဲခံနေကြ၏။ သို့သော် ဤဂုဏ်ပြုပွဲ ကျင်းပချိန်နှင့် သဟဇာတမဖြစ်လောက်အောင် ချောင်ရူကို လှည့်လည်ပြသခြင်းမှာ အကျည်းတန်ပေသည်။

"မင်းတို့ ကြားပြီးပြီလား။ တမန်တော်ချောင်က တာအိုကောင်းကင် အဆင့် ပြစ်မှုကြီး ကျူးလွန်ခဲ့လို့ အိမ်ရှေ့စံ ကိုယ်တိုင် သေမိန့်ချလိုက်တယ်။ မိုးကြိုးကိုးပါး ရင်ပြင်မှာ ကွပ်မျက်မလို့တဲ့"

"မင်း အခုမှ သိတာဆိုရင် နောက်ကျနေပြီ။ သူ့ကို လမ်းပေါ်မှာ လိုက်ပြနေတာ ငါ မြင်လိုက်ရတယ်။ ရှက်စရာကောင်းလိုက်တာကွာ"

"ဒါနဲ့ လုယောင်နဲ့ သူက ဆက်ဆံရေး တစ်ခု ရှိခဲ့တယ်မလား"

"လျှောက်မပြောနဲ့။ ချောင်ရူက အမြတ်ထုတ်ချင်လို့ ဖြားယောင်းခဲ့တာ သေချာတယ်။ လုယောင်ကိုတောင် ဆွဲသွင်းချင်ပေမယ့် ငြင်းပယ်ပြီး အဆက်အသွယ် ဖြတ်လိုက်ပြီတဲ့။ လမ်းပေါ်မှာ လှည့်လည်နေရင်း သူက လုယောင်ကို အဆက်မပြတ် ကျိန်ဆဲနေတာ"

"ဒီမိန်းမ ရူးသွားတာလား။ မိုးကြိုးဌာနရဲ့ ဂုဏ်ဆောင် ပါရမီရှင်ကို သူ့အတွက် အသက်စွန့်စေချင်တာက အိပ်မက်မက်နေတာပဲ"

မိုးကြိုးဌာနအတွင်း လူအုပ်ကြီးက ကျယ်လောင်စွာ ပြောဆိုနေစဥ် အကျဥ်းလှည်းသည် ရုံးတော်အတွင်း ဝင်ရောက်လာသဖြင့် ကွပ်မျက်ခြင်း နီးကပ်လာပြီ ဖြစ်သည်။

"မဟာစစ်သူကြီးတွေက ချောင်ရူကို သတ်ပြီး ဂုဏ်ပြုပွဲ ကျင်းပမယ်လို့ ကြားတယ်"

"ငါတို့ရဲ့ ချန်ပီယံလည်း စိတ်ညစ်နေလောက်တယ်။ သူ့အတွက် အလှလေးတစ်အုပ်လောက် ပို့ပေးသင့်တယ်"

"ဟုတ်တယ်။ လူငယ်ဆိုတော့ သွေးဆူလွယ်မှာပဲ။ ဘေးမှာ မိန်းမလှတွေ ရှိနေရင် ချောင်ရူရဲ့ ဖြားယောင်းတာကို မေ့သွားလိမ့်မယ်"

ဆွေးနွေးသံများက တစ်စတစ်စ ဆူညံလာပြီး လူတိုင်း စိတ်အားထက်သန်စွာဖြင့် ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံနေကြသည်။ ၎င်းက မိုးကြိုးဌာနအတွက် နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံးနေ့တစ်နေ့ ဖြစ်လာခဲ့ပြီး နေရာတိုင်း ပွဲလမ်းသဘင် ကျင်းပနေသည်။

"ရာဇဝတ်သားကို ခေါ်လာကြစမ်း"

မိုးကြိုးကိုးပါးရင်ပြင်တွင် ထိုအမိန့်က ကျယ်လောင်စွာ ထွက်ပေါ်လာသောအခါ အရာရှိတိုင်း အာရုံစိုက်လိုက်ကြပြီး ချောင်ရှန်းသည် ချောင်ရူကို သံကြိုးမှ ဆွဲခေါ်ကာ အလယ်ဗဟိုသို့ ချဥ်းကပ်လာ၏။ သူမ၏ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသောကြောင့် ညှို့အားများ ပျောက်ကွယ်ပြီး လှည့်လည်ပြသနေစဥ် တလျှောက်လုံး လူအုပ်ကြီး၏ လှောင်ပြောင်သံများကြောင့် မျက်လုံးများပင် အရောင်မှိန်ဖျော့သွားသည်။ သူမက ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်ကာ ကောင်းကင်ရုံးတော်တွင် မည်သူမျှ မကယ်နိုင်တော့သဖြင့် သေခြင်းတရားသည်သာ လွတ်မြောက်ရာ ဖြစ်လာခဲ့၏။

"ဒုန်း"

ချောင်ရှန်းက သူမကို ဆောင့်ဆွဲလိုက်သဖြင့် ကြမ်းပြင်တွင် ဒူးထောက်ကျသွား၍ ရှေ့မှောက်တွင် မဟာစစ်သူကြီးများနှင့် ယွမ်ရှောင် ရှိနေသည်။ အဆင့်ခြောက်နှင့်အထက် အတွင်းစည်း အရာရှိကြီးများလည်း ဘေးတွင် ဝန်းရံထားကြပြီး ကူကျန်းရှောင်က မတ်တပ်ရပ်ကာ ရှင်းလင်းစွာ ကြေညာလိုက်သည်။

"ချောင်ရူ၊ မင်းကို မသတ်ခင် အမှား ဝန်ခံပြီး နောင်လာ​နောက်သားတွေကို သင်ခန်းစာပေးဖို့ ခွင့်ပြုတယ်။ သေကာနီးမှာ အပြစ်ဝန်ခံမယ်ဆိုရင် မိုးကြိုးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာကို ထောက်ပြီး ဂုဏ်သိက္ခာရှိရှိ သေခွင့်ပေးမယ်"

ထိုအချိန်တွင် အိမ်ရှေ့စံ၏ တောင်းဆိုချက်အတိုင်း အရာရှိများသည် ပုံရိပ်ဖမ်းစက်လုံးများဖြင့် မှတ်တမ်းတင်နေကြသည်။ ၎င်းတို့ကို ကောင်းကင်ရုံးတော်အနှံ့ ဖြန့်ချီပြီး သတိပေးချက်အဖြစ် ဆောင်ရွက်ရန် ရည်ရွယ်ရန် အမှန်တကယ်အားဖြင့် မည်သူမဆို ပူဇော်သက္ကာရ လက်ခံထားသူများချည်း ဖြစ်၏။ မိုးကြိုးကွပ်မျက်ခြင်းသည် ချက်ချင်း အသက်နှုတ်ယူခြင်း မဟုတ်ဘဲ နှေးကွေးစွာ နှိပ်စက်သော စီရင်မှု ဖြစ်ပြီး ရာဇဝတ်သားက အကြိမ်တစ်ထောင် ဓားဖြင့် ခုတ်ခံရသည့်ပမာ နာနာကျင်ကျင် ခံစားရပေလိမ့်မည်။ ရာဇဝတ်သားက ကွပ်မျက်နေစဥ် တလျှောက်လုံး သတိရှိနေမည်ဖြစ်ကာ ခန္ဓာကိုယ် ပျက်စီးသွားကြောင်း မျက်မြင် တွေ့နေရပေလိမ့်မည်။ မိုးကြိုးဧကရာဇ်နှင့် အိမ်ရှေ့စံသည် ကွပ်မျက်ခြင်းကို ဂုဏ်ပြုပွဲ၌ ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်မှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းနှင့် နာကျင်မှုတို့ မိုးနှင့်မြေပမာ ကွာခြားပုံ လက်တွေ့ပြသ၍ ခြိမ်းခြောက်လိုသောကြောင့်ပင်။

"ချောင်ရူ အပြစ် ဝန်ခံစမ်း"

ချောင်ရှန်းက အေးစက်စက် ပြောလိုက်သောအခါ အရာရှိထောင်ချီသည် ပြိုင်တူ ဖိအားပေးခဲ့ပြီး ချောင်ရူမှာ တစ်လောကလုံးနှင့် တစ်ယောက်ဆိုသော ခံစားချက်မျိုး ရလိုက်၏။ သူမသည် ဝမ်းနည်း၍ ကြောက်လန့်နေသော်လည်း မင်းသားခေါင်းဆောင်းထားသော ဘီလူးမျက်နှာများကို မြင်သောအခါ ဒေါသများ ဖြစ်တည်လာခဲ့သည်။ ထို့နောက် သူမက ယွမ်ရှောင်ထံ စိုက်ကြည့်လိုက်သောအခါ တည်ငြိမ်၍ မည်သည်မျှ အရေးမစိုက်ဟန်ဖြင့် ကရုဏာ ကင်းမဲ့သော မျက်ဝန်းများဖြင့် ရင်ဆိုင်တွေ့ခဲ့၏။

"လုယောင်၊ နင့်ရဲ့ပါရမီက ​အတိတ်မှာရော လက်ရှိရော ထူးချွန်လွန်းတယ်။ ကျင့်ကြံဆင့်မြင့်မားဖို့ ပူဇော်သက္ကာရ မလိုအပ်ဘူး။ ဒါကြောင့် သေမျိုးတွေကိုယ်စား ငါ မေးမယ်။ တိရိစ္ဆာန်တွေတောင် မျိုးတူချင်း မစားသောက်ကြပေမယ့် လူသားတွေက ကျင့်ကြံဆင့်မြင့်တက်ချင်ရုံသက်သက်နဲ့ ဘာကြောင့် မျိုးတူချင်း သတ်ဖြတ်ဝါးမျိုနေကြတာလဲ"

ချောင်ရူက ရှိသမျှ ခွန်အားကို စုစည်း၍ တစ်လုံးချင်း မေးခွန်းထုတ်လိုက်သောအခါ ယွမ်ရှောင်သည် တည်ငြိမ်စွာဖြင့် တုံ့ပြန်သည်။

"မှားတယ်။ အင်မော်တယ် လမ်းစဥ်ဆိုတာ သာမန်အရာတွေထက် ပိုပြီး သာလွန်တယ်။ အထက်ကို တက်လှမ်းရမယ်။ လူတွေက မျောက်တွေကို အမဲလိုက်နိုင်ရင် အင်မော်တယ်တွေကရော သေမျိုးတွေကို သတ်ခွင့်ရှိတယ်။ မင်းက ဒီလို အမှန်တရားကိုတောင် လက်မခံနိုင်ဘဲ သနားကြင်နာနေမှတော့ လမ်းစဥ်နဲ့ မထိုက်တန်ဘူး။ အသိဉာဏ်မဲ့တဲ့ မျောက်တစ်ကောင်လို သေလိုက်တာ ကောင်းတယ်"

စကားအဆုံးတွင် အရာရှိများထံမှ ထောက်ခံအားပေးသော လက်ခုပ်သံများ ထွက်ပေါ်လာပြီး ချောင်ရူကို လှောင်ပြောင်နေသကဲ့သို့ပင်။ သူမ ချစ်မြတ်နိုးခဲ့သော လူငယ်လေးသည် မတတ်သာ၍ လက်ပိုက်ကြည့်နေသည်ဟု ယုံကြည်ထားသော်လည်း ယခု အရာအားလုံး ပျက်စီးသွားတော့သည်။ မျက်ရည်များ ဆည်ရေကျိုးသကဲ့သို့ ဒလဟော စီးကျလာကာ သေမျိုးတို့၏ ကံကြမ္မာအတွက် ငိုနေမိသည်။

"မင်းမှာ နောက်ဆုံးစကား ပြောစရာ ရှိသေးလား"

"မရှိဘူး"

"ဒါဆိုရင် စိတ်ချလက်ချ သွားပါ။ နောက်ဘဝကျ မျောက်တစ်ကောင်အဖြစ် မွေးဖွားလာရင် ဒီလိုပြဿနာတွေ ရှိမှာ မဟုတ်ပါဘူး။ ဟား ဟား"

အေးစက်လွန်းသော ရယ်သံကြောင့် အရာရှိများမှာလည်း ယွမ်ရှောင်၏ ဟာသကို သဘောကျဟန်ဖြင့် ဝါးလုံးကွဲ ရယ်မောနေကြသည်။

"ငါတို့ရဲ့ ချန်ပီယံကြီးက တကယ့်ကို သွေးအေးတာပဲ"

"ကောင်းတယ်။ အင်မော်တယ်ဆိုတာ လုံလောက်အောင် ရက်စက်ရမယ်။ မဟုတ်ရင် ဘယ်လိုလုပ် အမြင့်ကို တက်နိုင်မှာလဲ"

သူတို့၏ အမြင်တွင် ဤလူငယ်လေးသည် အနာဂတ်တွင် မိုးကြိုးဌာန၏ စံပြခေါင်းဆောင်တစ်ယောက် ဖြစ်လာမည်ဟု သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။ ထို့နောက် မဟာစစ်သူကြီးများသည် ကွပ်မျက်ရန် အချိန်ကျပြီဟု မှတ်ယူကာ အကြည့်ချင်းဖလှယ်လိုက်ကြသော်လည်း ယွမ်ယင်မှာမူ ကူစုထောင် ပြောခဲ့သော သတင်းများအရ ထူးဆန်းကြောင်း ခံစားမိခဲ့၏။

"လုယောင်က သိသိသာသာ ပြောင်းလဲသွားတယ်လို့ မင်းတို့ မထင်ဘူးလား"

"ဒါက လူ့သဘာဝပါပဲ"

ကူကျန်းရှောင်က ပေါ့ပေါ့ပါးပါး ဖြေလိုက်သော်လည်း ဤအချိန်မတိုင်ခင် သေရွာပြန်လာသော မင်းသမီးခုနစ်နှင့် လုယောင်၏ ဆက်ဆံရေးအကြောင်း မိုးကြိုးဧကရာဇ်ထံ တိတ်တဆိတ် သတင်းပို့ထားခဲ့သည်။

"ကွပ်မျက်မှု စတင်မယ်"

အရာရှိများက မတ်တပ်ရပ်ကာ ကောင်းကင်အထက်ရှိ မိုးကြိုး မဟာအစီအရင်ထံ မော့ကြည့်လိုက်ကြ၏။

"မိုးကြိုးဌာနက ရာဇဝတ်သားကို ရှင်းလင်းမယ်"

မဟာစစ်သူကြီးများက ဟိန်းဟောက်လိုက်သောအခါ ရွှေရောင်၊ ငွေရောင်နှင့် အနက်ရောင် လျှပ်စီးကြောင်းများ အထက်သို့ မြင့်တက်သွားကြသည်။ မိုးကြိုးဌာနအတွင်း ရှိနေသော မည်သူ ဖြစ်စေ၊ စိတ်လှုပ်ရှားစွာဖြင့် ကွပ်မျက်မှုကို အရသာခံ စောင့်ကြည့်နေကြ၏။

"သတ်၊ သတ်၊ သတ်"

သာမန်အင်မော်တယ်များသည် ချောင်ရူက သေမျိုးများကို ဝါးမျိုကျင့်ကြံရန် ငြင်းဆန်သည့်အတွက် အိမ်ရှေ့စံ သေမိန့်ချလိုက်ကြောင်း မသိကြပေ။ မိုးကြိုးဌာန၏ အရာရှိများမှာမူ အဆင့်လေး တမန်တော်တစ်ယောက် ကွပ်မျက်ခံရမည့်အပေါ် မနာလိုစိတ်ဖြင့် လည်ချောင်းကွဲမတတ် အော်ဟစ်အားပေးနေကြသည်။ ယွမ်ရှောင်၏ လျစ်လျူရှုမှု၊ အရာရှိများ၏ သတ်ဖြတ်လိုစိတ်နှင့် မဟာစစ်သူကြီးများ၏ အာဏာ စသော ဖိအားများက ဗဟိုချက်ဖြစ်သော ချောင်ရူအပေါ် ပြိုင်တူ ကျရောက်လာခဲ့သည်။

"ထားလိုက်ပါတော့။ ဘဝဆိုတာ ဒီလိုပါပဲ။ ​နောက်ဘဝကျရင် ဒီလိုလူ့တိရိစ္ဆာန်တွေ မရှိတဲ့ အရပ်မှာ ပြန်ပြီး မွေးဖွားပါစေ"

သူမက အသက်ရှင်ရန် လက်လျှော့လိုက်ပြီ ဖြစ်ကာ ညှင်းပန်းနှိပ်စက်၍ သတ်ဖြတ်သော ကွပ်မျက်မှုကို အရေးမစိုက်တော့ပေ။ သနားကြင်နာမှု ကင်းမဲ့စွာဖြင့် သေမျိုးများကို ဝါးမျိုကျင့်ကြံရန် ငြင်းဆန်မိသည့်အတွက် သူမသည် ရာဇဝတ်သားအဖြစ် သတ်မှတ်ခံရကာ ကောင်းကင်ရုံးတော်၏ ဆန့်ကျင်ဘက် ရောက်သွား၏။ ဤအချိန်တွင် တတ်နိုင်သည်မှာ မြန်မြန် သေလိုက်ရုံသာ ဖြစ်၍ မိုးကြိုးတိမ်တိုက်များအောက်တွင် ဒူးထောက်နေသော ချောင်ရူမှာ မြန်မြန် ကွပ်မျက်ပါစေ ဟူ၍သာ ရေရွတ်လိုက်လေသည်။

အပိုင်း ၆၄၄ - ပြစ်ဒဏ် (၂)

ချောင်ရူ မြင်နေရသော မိုးကြိုး မဟာအစီအရင်သည် ဘဝတလျှောက်လုံး အံ့မခန်း ဖြစ်ခဲ့ရပြီး မိုးကြိုးဌာန၏ သင်္ကေတ ဖြစ်သော်လည်း လက်ရှိတွင် သူမ၏ အသက်ကို နှုတ်ယူပေတော့မည်။

"ဘုန်း"

လျှပ်စီးကြောင်း သုံးခုသည် မိုးကြိုးကိုးပါး ရင်ပြင်မှ အထက်သို့ မြင့်တက်၍ အစီအရင်နှင့် ပေါင်းစည်းသွားသောအခါ ၎င်းမှာ ခေတ်အဆက်ဆက် အိပ်မောကျနေသည့် သားရဲကြီးတစ်ကောင် နိုးထလာသည့်အလား တုန်ခါပြီး လောကတစ်ခွင် လှုပ်ခတ်သွားစေသည်။ မိုးကြိုးပေါင်း သန်းချီက အစီအရင်အတွင်း ဖြစ်ပေါ်လာ၍ ဧရာမ မိုးကြိုးဝဲတစ်ခု အသွင် ပြောင်းလဲကာ မရေမတွက်နိုင်သော ပေါက်ကွဲမှုများ ပေါ်ပေါက်လာခဲ့၏။

"အခွံမာသီးခွဲဖို့ စစ်တူကို သုံးနေသလိုပဲ"

"မိုးကြိုးဌာနက အာဏာကြီးမားပြီး အစွမ်းထက်တယ်"

အရာရှိများက စိတ်လိုလက်ရ ရယ်မောနေကာ သူတို့ မပိုင်ဆိုင်ခဲ့ရသော မိန်းမလှတစ်ယောက် ဖျက်ဆီးခံရတော့မည်ကို အရသာခံ ကြည့်နေကြသည်။ သူမသည် မိုးကြိုးဌာနရှိ ယောကျ်ားပေါင်းများစွာ၏ အိပ်မက် ဖြစ်ခဲ့သော်လည်း ကိုယ့်ကိုကိုယ် အပြစ်ကင်းဟန်ဖြင့် ဝိုင်းဝန်း စွပ်စွဲခဲ့ကြ၏။

"ဝုန်း ဝုန်း ဝုန်း"

မဟာအစီအရင်က အကြိမ်သုံးဆယ်တိုင်တိုင် မြည်ဟီးလိုက်သောကြောင့် မိုးကြိုး နတ်ဘုရားတစ်ပါး ဒေါသထွက်နေသကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ဖြစ်ကာ မရေမတွက်နိုင်သော မိုးကြိုးများသည် ချောင်ရူထံ ကျဆင်းလာသည်။

"ကြောက်စရာကောင်းလိုက်တာ"

ဤမြင်ကွင်းမျိုး မကြုံဖူးသော ကူစုဝမ်၏ မျက်နှာအထက်တွင် လျှပ်စီးများ တလက်လက်ဖြင့် ရောင်ပြန်ဟပ်နေသည်။

"ချောင်ရူကို သတ်ဖို့ ဒီလောက် စွမ်းအားအများကြီး လိုအပ်လို့လား။ နင်တို့က အလွန်အကျွံ လုပ်နေသလိုပဲ"

ဓားဌာန၏ လူတစ်ယောက်ဖြစ်သော လမင်းဓားနတ်ဘုရားပင် တအံ့တသြ မှတ်ချက်ပေးလိုက်၏။

"အိမ်ရှေ့စံက ဒီလောက် အစွမ်းပြခိုင်းမယ်လို့ ဘယ်သူ ထင်ထားမှာလဲ"

ထိုမိန်းမနှစ်ယောက် စကားပြောနေစဥ် ကောင်းကင်ရှိ အစီအရင်ထံမှ ကျဆင်းလာသော မိုးကြိုးများသည် မြွေနဂါးများပမာ ကောင်းကင်တစ်ခွင် ယှက်သန်းလိုက်ကြ၏။ ထို့နောက် လျှပ်စီးဝဲအတွင်းမှ ကြောက်မက်ဖွယ် မိစ္ဆာမျက်နှာကြီးတစ်ခု တိုးထွက်လာကာ မိုးကြိုးဌာနကို ငုံ့ကြည့်ရင်း ဒေါသတကြီး ဟိန်းဟောက်နေသည်။

"ဒါ...ဒါကြီးက..."

မိုးကြိုးဌာန၏ အရာရှိများသာမက ရင်ပြင် အပြင်ဘက်ရှိ အင်မော်တယ်များပင် ဟိန်းသံကြောင့် နားအူသွားကာ ကြက်သေ​သေသွားကြသည်။

"မဟာအစီအရင် ချို့ယွင်းနေတာလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မိုးကြိုးကိုးပါးရင်ပြင်၌ နေရာယူထားသော အရာရှိများ၏ ခန္ဓာကိုယ်အထက်တွင် ဖိအားကြောင့် သွေးစို့ထွက်လာခဲ့၏။ ထိုအချိန်တွင် ဝုန်းခနဲ မိုးချုန်းသံကြီး ရုတ်တရက် ထွက်ပေါ်လာကာ လျှပ်စီးဝဲတစ်ခုလုံး ပြင်းပြင်းထန်ထန် ကျုံ့ဝင်လာသဖြင့် ချောင်ရှန်းသည် မဟာစစ်သူကြီးများထံ ပြေးသွားကာ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။

"ဘာတွေ ဖြစ်ကုန်တာလဲ၊ မဟာစစ်သူကြီး။ ဒါက အကုန်လုံးကို သတ်တော့မလို့လား"

စကားဆုံးသောအခါတွင်မှ သူသည် ဖြူဖပ်ဖြူရော်နှင့် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည့်အပြင် ဒွါရကိုးပေါက်တွင် သွေးချင်းချင်းနီလျက်ရှိသော မဟာစစ်သူကြီးများ၏ အသွင်အပြင်ကို သတိထားမိခဲ့သည်။

"ဒါကြီးက အထိန်းအကွပ်မဲ့နေပြီ"

ကူကျန်းရှောင်က အလန့်တကြား ရေရွတ်ပြီးပြီးချင်း မဟာအစီအရင်နှင့် ဆက်သွယ်ခဲ့သည့် လက်နှစ်ဖက်မှာ ဘုန်းခနဲ ပေါက်ကွဲသွားသဖြင့် ချောင်ရှန်းကို ကြောက်ဒူးတုန်သွားစေ၏။ သူက တုန်တုန်ရီရီနှင့် အထက်သို့ မော့ကြည့်လိုက်သော ခဏတွင် ကတုံးပြောင်​ပြောင်ကို အနက်ရောင် မိုးကြိုးတစ်စင်းဖြင့် ပစ်ချခံလိုက်ရသည်။ မျက်လုံးများ ပြူးထွက်လာကာ စကားတစ်ခွန်းပင် မပြောနိုင်ခင်မှာပင် မိုးကြိုးကြောင့် ပြာဖြစ်အောင် ချက်ချင်း လောင်ကျွမ်းသွားခဲ့သည့်အပြင် ကြမ်းပြင်၌ ဧရာမ အပေါက်ကြီးတစ်ခုပင် ဖြစ်သွားစေသည်။

"အား"

ထို့နောက် မိုးကြိုးကိုးပါး ရင်ပြင်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားကာ ကျောစိမ့်သွားသော အရာရှိများသည် အလန့်တကြားဖြင့် သွေးရူးသွေးတန်း ထွက်ပြေးကုန်သည်။ ထို့နောက် မိုးကြိုးများ တရစပ် ကျဆင်းလာကာ ကောင်းကင်ဘုံမှ ပစ်ခတ်လိုက်သော ဓားများကဲ့သို့ တစ်ယောက်ချင်းစီကို ပစ်ချခဲ့သည်။ ကြောက်မက်ဖွယ် စွမ်းအားက လူကို သတ်ပစ်လိုက်သည့်အပြင် သိုလှောင်အိတ်နှင့် အကာအကွယ်ရတနာများပင် မကျန် ဖျက်ဆီးပစ်လိုက်၏။ သေမျိုးများထက် သာလွန်သည်ဟု ကိုယ့်ကိုကိုယ် သတ်မှတ်ထားသော အရာရှိများသည် မဟာအစီအရင်အောက်တွင် ပိုးကောင်များပမာ ကြိတ်ချေခံနေရပြီး မည်သည့် ရတနာဖြင့် ကာကွယ်သည်ဖြစ်စေ၊ အသတ်ခံလိုက်ရသည်ချည်းသာ။

"မဟုတ်ဘူး။ မဖြစ်နိုင်ဘူး"

ရုတ်တရက် ပေါ်ပေါက်လာသော ကပ်ဘေးကြောင့် ယွမ်ယင်၏ မျက်လုံးများ နီမြန်းကာ ဓားအစင်းပေါင်းများစွာဖြင့် ထိုးစိုက်ခံနေရသကဲ့သို့ နာကျင်လာ၏။

"မဟာစစ်သူကြီး ကယ်ပါဦး"

ထိုအချိန်တွင် အားကိုးတကြီး အော်သံ ထွက်ပေါ်လာသောကြောင့် သူက ချာခနဲ လှည့်ကြည့်လိုက်သောအခါ ယွမ်ရှောင်ကို မိုးကြိုးတစ်စင်း ထိမှန်သွားကြောင်း မြင်လိုက်ရသည်။ အနားတွင် ရှိနေသော မိန်းမနှစ်ယောက်သည် မျက်စိမျက်နှာပျက်၍ အကာအကွယ်ရတနာများ ပြုင်တူ ဆွဲထုတ်၍ လှုပ်ရှားလိုက်သော်လည်း အမှုန့်ဖြစ်အောင် လောင်ကျွမ်းသွားခဲ့သည်။ မီးခိုးများ ရှင်းလင်းသွားသောအခါ ယွမ်ရှောင်လည်း ပျောက်ကွယ်နေပြီး မိုးကြိုးပစ်ချထားသည့် အရိပ်အယောင် တွင်းနက်ကြီးသာ ရှိ၍ ကံကြမ္မာကို သိနိုင်ပေသည်။

"သွားပြီ။ အကုန်လုံး သွားပြီ"

ကူကျန်းရှောင်၏ အသံတွင် မျှော်လင့်ချက်မဲ့နေသော ခံစားချက်များ ပြည့်နှက်၍ အနားတွင် ရှိနေသော ကျန်စစ်သူကြီးနှစ်ယောက်မှာလည်း ရပ်ကြည့်နေရုံသာ တတ်နိုင်၏။ ခဏအတွင်း အရာရှိတစ်ထောင်ကျော်က ချွင်းချက်မရှိ အသတ်ခံလိုက်ရပြီး မဟာအစီအရင်၏ စွမ်းအားအောက်တွင် ပြာပုံများသာ ကျန်ရစ်ခဲ့သည်။ ကမ္ဘာကိုပင် ဖျက်ဆီးနိုင်လောက်သော မိုးကြိုးများက အပြင်ဘက်သို့ပင် ပြန့်ထွက်လာကာ သေမင်း၏ တံစဥ်ပမာ မိုးကြိုးဌာနတစ်ခုလုံး လွှမ်းခြုံသွားတော့သည်။

"အား ဘာကြီးလဲ"

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ မိုးကြိုးပစ်ချက်တိုင်းတွင် အငွေ့ပျံသွားကြပြီး မိုးကြိုးကိုးပါး ရင်ပြင်နှင့် နီးကပ်လေလေ၊ အသေစောလေလေ ဖြစ်ကုန်သည်။ ရင်ပြင်ဝင်ပေါက်တွင် နေရာယူထားသည့် မဟာကောင်းကင်ကျောင်းတော် တပည့်တစ်သောင်းကျော်မှာ ပူးကပ်နေကြသဖြင့် အနက်ရောင် မိုးကြိုးများ ကျဆင်းလာသောအခါ သွေးပွက်များအဖြစ် တဝုန်းဝုန်း ပေါက်ကွဲသွားခဲ့၏။ ဤမြင်ကွင်းများက မဟာစစ်သူကြီးသုံးယောက်ကို ကြောက်စိတ်ဖြင့် တုန်လှုပ်သွားစေကာ မျက်နှာများ သွေးရောင်ပင် မရှိတော့ချေ။

"မိုးကြိုးဧကရာဇ်"

ယွမ်ယင်က အသည်းအသန် အော်ဟစ်နေပြီး ကောင်းကင်ရုံးတော်ရှိရာ အရပ်သို့ ထွက်ပြေးချင်ခဲ့၏။ သို့သော် မဟာအစီအရင်က အာရုံခံမိသွားဟန်ဖြင့် မိုးကြိုးသုံးစင်း ထပ်မံ ပစ်ချလိုက်သောအခါ ယွမ်ယင်၊ ကူကျန်းရှောင်နှင့် မန်ကျန်းဟူသော မဟာစစ်သူကြီးသုံးယောက်လည်း နိဂုံးချုပ်သွားတော့သည်။

မဟာအစီအရင်မှ ကျဆင်းလာသော မိုးကြိုးများ ပျောက်ကွယ်သွားသောအခါ ကျန်ရစ်ခဲ့သည်မှာ အပျက်အစီးများ ပြည့်နှက်နေသော ဖုန်းဆိုးမြေသာ ကျန်ရစ်၏။ နေရာတိုင်းမှ အမည်းရောင် မီးခိုးများ တလူလူ ထွက်ပေါ်နေပြီး အောင်ပွဲခံ ကြွေးကြော်သံများနှင့် လှောင်ရယ်သံများအစား နာနာကျင်ကျင် ငိုသံများက အစားထိုး ဝင်ရောက်လာသည်။ အသက်ရှင်ကျန်ခဲ့သော အင်မော်တယ်များသည် ကြောက်လွန်းသဖြင့် အရူးတစ်ပိုင်းဖြစ်ကာ ခြေဦးတည့်ရာ ထွက်​ပေးနေသည်။

ငရဲဘုံအလား ကသောင်းကနင်း ဖြစ်ပျက်နေသော ဤမြင်ကွင်းကို ယွမ်ရှောင်သည် ဘေးထွက်၍ ကြည့်နေခဲ့ပြီး နောက်ဆုံးမှ ထွက်ပေါ်လာခဲ့၏။ လမင်းဓားနတ်ဘုရားနှင့် ကူစုဝမ်သည် အနားတွင် လဲကျ၍ မိုးကြိုး ထိမှန်ခဲ့သောကြောင့် ခန္ဓာကိုယ်များ မည်းနက်နေသော်လည်း မသေကြသေးပေ။ အင်ပါယာ ဆုချလိုက်သော ရတနာဝတ်ရုံက ယွမ်ရှောင်ကို ကာကွယ်ပေးလိုက်ရုံသာမက အစွန်အဖျားရှိ သူတို့၏ အသက်ကိုပါ ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် မဟာအစီအရင်၏ စွမ်းအားအောက်တွင် ၎င်းမှာ တစ်ခါသုံး ရတနာကဲ့သို့ ပြာအဖြစ် လောင်ကျွမ်းသွားခဲ့လေသည်။

"ဒဏ်ရာပြင်းထန်လို့ သတိလစ်နေကြတာလား"

ယွမ်ရှောင်က သူတို့ကို စစ်ဆေး၍ အသုံးချစရာ ကျန်နေသောကြောင့် မသတ်ခဲ့ပေ။ ငရဲအလား ပျက်စီးယိုယွင်းနေသော မိုးကြိုးဌာနတစ်ခွင် နေရာအနှံ့ သိုလှောင်အိတ်များ ပြန့်ကြဲကာ အင်မော်ကျောက်စိမ်း အပိုင်းအစများ ပြည့်နှက်နေ၏။

"အလုပ်လုပ်ဖို့ အချိန်ရောက်ပြီ"

သူက အမည်းရောင်မီးခိုးအကြား တိုးဝင်သွားကာ ရတနာများ စတင် စုဆောင်းလိုက်ပြီး မဟာအစီအရင်၏ စွမ်းအားကြောင့် ပုံရိပ်ဖမ်းစက်လုံးများမှာလည်း အလုပ်မလုပ်ကြတော့ချေ။

"လု...လုယောင်"

ထိုအချိန်တွင် အနောက်ဘက်မှ တုန်တုန်ရီရီ အသံတစ်ခု ထွက်ပေါ်လာကာ မျက်ရည်များ ကျဆင်း၍ တစ်ကိုယ်လုံး မီးခိုးများဖြင့် ပေကျံနေသော ချောင်ရူ ဖြစ်နေခဲ့သည်။ မဟာအစီအရင်က သူမကို မတိုက်ခိုက်ခဲ့သောကြောင့် ညစ်ပတ်နေရုံသာ ဖြစ်ပြီး ဒဏ်ရာပင် မရှိပေ။ သူမသည် ရတနာများ လိုက်လံကောက်ယူနေသည့် လူငယ်လေးကို ကြည့်ကာ အရာရာကို နားလည်သွားခဲ့သောကြောင့် တုန်လှုပ်လျက် ရှိ၏။ ရုပ်ရည်အရာတွင် နတ်ဘုရားတစ်ပါးပမာ တင့်တယ်သော ယွမ်ရှောင်က မိုးကြိုးဌာနတစ်ခုလုံးနီးပါး သုတ်သင်ပစ်လိုက်ကြောင်း စဥ်းစားမိသောအခါ သူမ၏ ​ဒူးများပင် ပျော့ခွေသွားရသည်။

"ဘာရပ်ကြည့်နေတာလဲ။ ကျုပ် ဟန်ဆောင်ထားတာ ပေါ်ကုန်လိမ့်မယ်။ မြန်မြန်လုပ်စမ်းပါ။ ဘယ်သူမှ မတွေ့အောင် ပုန်းနေ"

ယွမ်ရှောင်က ခပ်ဆတ်ဆတ်ကလေး ငေါက်လိုက်သောကြောင့် ချောင်ရူသည် မျက်ရည်များအကြားမှ ခေါင်းညိတ်ပြခဲ့သည်။

"ဟုတ်...ဟုတ်ကဲ့"

"အဝေးကြီးလည်း သွားပုန်းမနေနဲ့"

"ဘာကြောင့်လဲ"

သူမက နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သောအခါ သူသည် တစ်လုံးချင်း တည်ငြိမ်စွာ ပြန်ပြောလိုက်လေသည်။

"မင်းကြောင့် ငါက ဝှက်ဖဲ သုံးပြီး မိုးကြိုးဌာနကို အချိန်မတန်ခင် ရှင်းပစ်လိုက်ရတယ်။ ရတနာတွေ စုဆောင်းပြီးရင် လျော်ကြေးပေးဖို့ ပြင်ထား။ သွား၊ သွား၊ ရေချိုးသန့်စင်ပြီး စောင့်နေလိုက်"

All Chapters