← Chapters

ကတိပေးထားသည့်အတိုင်း ပြန်ဆုံစည်းခြင်း

Vol. 96 Ch. 1336

ကတိပေးထားသည့်အတိုင်း ပြန်ဆုံစည်းခြင်း

Vol. 96 Ch. 1336

စတုတ္ထတောင်ပင်လယ်သည် တောင်ပင်လယ်များ၏ ဘဝပြန်ဝင်စားခြင်းသံသရာရပ်ဝန်းကို အုပ်စိုးခြယ်လှယ်၏။ သေဆုံးသွားသော တောင်ပင်လယ်လောကသားတိုင်းသည် စတုတ္ထတောင်ပင်လယ်သို့ ဦးတည်စီးဆင်းနေသည့် ဘဝပြန်ဝင်စားခြင်းမြစ်တစ်ဖြစ်လဲ မြစ်ဝါမြစ်ထဲသို့ ဝင်ရောက်ရလိမ့်မည်။ ထိုနေရာတွင် အသစ်ရောက်လာရှိလာသော ဝိညာဉ်များသည် ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဝင်ရောက်ဖို့ လမ်းညွှန်ခံရမည်ဖြစ်ပြီး နောက်ဆုံး၌ ဘဝအသစ်၊ အိမ်အသစ်ကို ရှာတွေ့လိမ့်မည်။

စတုတ္ထတောင်ပင်လယ်နှင့် စပ်လျဉ်း၍ ဒဏ္ဍာရီများ၊ ရာဇဝင်များတစ်ပုံတစ်ပင် ရှိပေသည်။ ၎င်းသည် လူအများစု စဉ်းပင်မစဉ်းစားကြည့်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်နေရာဖြစ်၏။ လူအများစု သိသည့် တစ်ခုတည်းသောအရာမှာတော့ ... တောင်ပင်လယ်လောက၏ တန်ခိုးအကြီးဆုံးပညာရှင် ထိုနေရာတွင် စံမြန်းနေသည်ကိုသာ။

သူ၏နာမည်က ခိတိဂဗ္ဗ မည်၏။

ခိတိဂဗ္ဗသည် စတုတ္ထတောင်ပင်လယ်သခင်ဖြစ်သည်။ သူက မြေအောက်လောကကို အုပ်ချုပ်ပြီး ဘဝပြန်ဝင်စားခြင်းကို ခြယ်လှယ်သည်။ တောင်ပင်လယ်သခင်များအကြား၌ပင် သူ၏အဆင့်အတန်းက အမြင့်မားဆုံးဖြစ်ပေ၏။ အဘယ်ကြောင့်ဆိုသော် .... သူက တောင်ပင်လယ်လောကသားတိုင်း၏ ဘဝများကို ထိန်းချုပ်ထား၍ပင်။

စတုတ္ထတောင်ပင်လယ်သည် လောကကို သံသရာလည်စေနိုင်သော အရေးပါသည့်ဆုံမှတ်တစ်ခု ဖြစ်၏။

ဤသည်မှာ မန်ဟို့အတွက် စတုတ္ထတောင်ပင်လယ်သို့ ပထမဆုံးအကြိမ် လာခြင်းဖြစ်ပြီး ရောက်လာလျှင်ချင်း အလွန်မှေးမှိန်သည့်တိုင် လွန်စွာစင်ကြယ်သော သေခြင်းအရှိန်အဝါကို သူ ခံစားလိုက်ရသည်။

သို့တည်းမဟုတ်၊ ၎င်းက သေခြင်းအရှိန်အဝါမဟုတ်ဘဲ ယင်အရှိန်အဝါဟုဆိုလျှင် ပိုသင့်တော်လိမ့်မည်။

စစချင်းကြည့်လျှင် မည်သည့်အရာကမှ ထူးထူးခြားခြားမရှိ။ ကြယ်တာရာကောင်းကင်နှင့် အာကာပြင်ကျယ်ကြီးသည် တူညီပုံရသော်လည်း သေသေချာချာကြည့်ပါက တစ်ကမ္ဘာလုံး မီးခိုးရောင်သမ်းနေဟန်တူကြောင်း တွေ့ရလိမ့်မည်။

မန်ဟိုသည် ဘေးဘီဝဲယာကို တိတ်ဆိတ်စွာ ကြည့်ပြီးနောက် သူ၏နတ်ဘုရားအာရုံကို စတုတ္ထတောင်ပင်လယ်တစ်ခုလုံးအား လွှမ်းခြုံစေလိုက်၏။ တစ်နေရာတွင် အင်အားကြီးမားသောဖြစ်တည်မှုနှစ်ခု အသေအကြေ တိုက်ခိုက်နေကြလေသည်။

ထိုနေရာက ခိတိဂဗ္ဗ အပြင်သူအင်ပါယာသခင်ကို တိုက်ခိုက်နေသော နေရာဖြစ်သည်။ မန်ဟို့နတ်ဘုရားအာရုံက သူတို့နှစ်ယောက်လုံးကို ချက်ချင်း သတိပြုမိသွားစေ၏။ အပြင်သူအင်ပါယာသခင်က ဒေါသူပုန်ထပြီး မန်ဟို့ကို သတ်ဖို့ တိုက်ပွဲထဲမှ ရုန်းထွက်ချင်နေသည်။

သို့သော် ခိတိဂဗ္ဗက သူ ထွက်မသွားနိုင်အောင် ဟန့်တားသည်။ ထိုမျှသာမက သူက မိမိကိုယ်ကို ယုံကြည်ချက်အပြည့်ရှိသော လေသံအေးအေးဖြင့် စကားပြောလိုက်သည်။

“မင်းက မန်ဟိုကိုး” အပြင်သူက ပြောသည်။

“တာအိုရောင်ရင်းမန်” ခိတိဂဗ္ဗ၏ လေသံအေးအေး ဖြစ်သည်။ “ဒီအပြင်သူကို ကျုပ် ကိုင်တွယ်နိုင်တယ်”

မန်ဟိုက ပြုံးသည်။ စစ်ပွဲ စတင်သောအခါ သစ်ပင်၏ အကိုင်းတစ်ကိုင်းပေါ်တွင်မကဘဲ အစိတ်အပိုင်းအားလုံးအပေါ်တွင် ပန်းများ ဖူးပွင့်လာလိမ့်မည်။

ထိုနည်းတူစွာပဲ လူတစ်ဦးတစ်ယောက်တည်းနှင့် စစ်ပွဲတစ်ပွဲလုံးကို ပြောင်းလဲမပေးနိုင်ပေ။ အဖွဲ့လိုက်အားထုတ်မှုကို လိုအပ်သည်။

မန်ဟိုက လက်ယှက်၍ ခိတိဂဗ္ဗကို အရိုအသေပေးပြီးနောက် သူ၏နတ်ဘုရားအာရုံကို စတုတ္ထတောင်ပင်လယ်ကျင့်ကြံသူများ အပြင်သူများကို တိုက်ခိုက်နေသောနေရာအပေါ် စူးစိုက်လိုက်သည်။

အပြင်သူသန်းပေါင်းများစွာနှင့်အတူ စတုတ္ထတောင်ပင်လယ်သားသန်းပေါင်းများစွာကို မြင်ရနိုင်သည်။ တိုက်ပွဲသည် အလွန်ရင်သပ်ရှုမောဖွယ်ကောင်းပေ၏။

ထိုနေရာတွင် အစောင့်အရှောက်များ အထပ်ထပ်ခြံရံလျက်ရှိသော ရှုချင်ကို မန်ဟို မြင်လိုက်ရသည်။ သူမသည် နည်းနည်းလေးမှ ထိခိုက်ဒဏ်ရာမရထားသည့်အပြင် စစ်မြေပြင်၏နေရာအနှံ့အပြားသို့ တောက်လျှောက်အမိန့်ပေးနေသည်။ ထို့အကြောင်းကြောင့် ဤစစ်ကြောင်းတွင် စတုတ္ထတောင်ပင်လယ်ကျင့်ကြံသူများသည် သိသိသာသာ အသာစီးရထား၏။

ရှုချင်နှင့် များစွာဝေးကွာနေသော်လည်း မန်ဟို သူမကို ကြည့်လိုက်သောအခါ ရှုချင်သည် သူ့အကြည့်ကို ခံစားလိုက်ရ၏။ သူမက ခေါင်းကလေးလှည့်၍ အဝေးသို့ လှမ်းကြည့်လိုက်ရာတွင် သူနှင့် အကြည့်ချင်းဆုံသွားတော့သည်။

ထိုအခိုက်အတန့်တွင် မန်ဟို့နှလုံးသားသည် တဒိန်းဒိန်းခုန်လာ၏။ ရှုချင်ကို ကြည့်နေစဉ် အမှတ်တရများစွာ သူ့စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့သော တာ့ချင်းတောင်ပေါ်က အမှတ်တရ၊ သူမကို သူ ရုပ်ပျိုဆေးလုံး လက်ဆောင်ပေးခဲ့သော မှီခိုရာဂိုဏ်းမှာတုန်းက အမှတ်တရ၊ သူမ ကူကယ်ရာမဲ့လျက် တုန်ရီနေသည်ကို သူ တွေ့ခဲ့ရသော ချင်းလောဂိုဏ်း၏ မြင့်မြတ်သောရှေးဟောင်းမြေမှာတုန်းက အဖြစ်။

အနက်ရောင်နယ်မြေ၏အပြင်၊ ကောင်းကင်မှကျလာသည့် ချုံမန်းတိုင်၏အလောင်းရှိရာနေရာတွင် သူတို့နှစ်ယောက်သား ကျီမျိုးနွယ်ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့ကြပြီး ခွဲခွာရသောအခါ သူမမျက်ဝန်းလေးများတွင် မျက်ရည်တွေဝဲနေခဲ့၏။

မန်ဟို ထိုအမှတ်တရများကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။

ပြန်လည်မွေးဖွားခြင်းဂူတွင် သူ သေလုမျောပါးဖြစ်သောအခါ ရှုချင်သည် သူ့ကို ပြုစုပေးခဲ့၏။ သူ့အတွက် သူမ၏အသက်ဓာတ်ကိုပင် စတေးရင်း သူ့ကို အသက်ပြန်သွင်းပေးခဲ့သည်။ သူမ၏ဝိညာဉ်ပြိုကွဲသွားလျှင်တောင်မှ သူမက သူ့အတွက် ပေးဆပ်ဖို့ ဆန္ဒရှိနေခဲ့လေသည်။ သူမသည် ချင်းလော်ဂိုဏ်း၌ အကျဉ်းပင်ချခံခဲ့ရသည်။

သွေးရောင်လွှမ်းသော သူတို့၏မင်္ဂလာဆောင်တွင် မန်ဟိုသည် သူမကို ပွေ့ဖက်ရင်း သူမပျောက်ကွယ်သွားသည်ကို ကြည့်ခဲ့ရ၏။ သူ့လက်ပေါ်မှာတင် သူမမှာ သေဆုံးသွားခဲ့ပြီး တစ်ချိန်လုံး သူ့ကို လက်ထပ်ချင်သည့် သူမ၏အိပ်မက်လေးကိုသာ ဂရုစိုက်ခဲ့သည်။

အမှတ်တရများက လေမုန်တိုင်းများသဖွယ်၊ လျှပ်စီးမိုးကြိုးများသဖွယ် သူ့စိတ်ထဲတွင် ဖြတ်ပြေးရင်း သူ့တစ်ကမ္ဘာလုံးကို လှုပ်ခါနေစေသဖြင့် မန်ဟိုမှာ တုန်ရီနေတော့သည်။

ယခုတော့ ကတိတည်ဖို့ သူ ရောက်လာခဲ့လေပြီ။

တောင်ပင်လယ်လောက၏ အဝေးဆုံး၊ ချောင်အကျဆုံးနေရာသို့ ခရီးနှင်ရလျှင်တောင်မှ သူမကို လာရှာဖြစ်အောင် လာရှာမည်ဟု သူ ကတိပေးခဲ့သည်။ မည်သည့်အန္တရာယ်ကိုပဲ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ သူမကို သူ ရအောင်ရှာပြီး သူမဘေးမှာ ထပ်နေမည်။

ရှုချင်လည်း သူ့ကို စောင့်နေမည်ဟု ကတိပေးခဲ့သည်။ တစ်ဘဝ ၊ တစ်သက်က မလုံလောက်လျှင် ဘဝဆက်တိုင်း၊ သံသရာဆက်တိုင်း သူ့ကို စောင့်မည်။

သူ့မိဘနှစ်ပါးနှင့် အစ်မမှလွဲ၍ သူ့ဘဝတွင် သူ ဤမျှလုပ်ပေးမည့်လူ မရှိပေ။ သူ ဤမျှဂရုစိုက်မည့် အမျိုးသမီးလည်းမရှိသလို၊ သူ့နှလုံးသားထဲတွင် ဤကဲ့သို့ထာဝရနေရာယူထားနိုင်သည့် လူတစ်ယောက်မှလည်း မရှိပေ။

တာ့ချင်းတောင်ပေါ်တွင် သူမကို တွေ့ခဲ့တုန်းက သဘောပေါက်ခဲ့သော်လည်း .... သူမနှင့် ဘဝဆက်တိုင်း၊ သံသရာဆက်တိုင်း အတူရှိချင်သည့် ဆန္ဒက သူ့နှလုံးသားထဲ၌ ထိုစဉ်ကတည်းက အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။

အစ်မရှု.... ကျွန်တော်ရဲ့အစ်မရှု....

အစ်မရှုသည် လက်ဖျားခါလောက်အောင်တော့ မလှသော်လည်း မန်ဟို့မျက်ဝန်းထဲတွင်၊ မန်ဟို့ကမ္ဘာထဲတွင် သူမသည် အလှဆုံးသောဖြစ်တည်မှုလေး ဖြစ်၏။ သူမနှလုံးသားသည်လည်း မရှုပ်ထွေးလှ၊ အကြောင်းရင်းက တုံးအ၍မဟုတ်ဘဲ သူမကိုယ်တိုင်ကိုက ရိုးရှင်းသည်ကို သဘောကျ၍ပင်။ သူလည်း ထိုနည်းတူဖြစ်သည်။ သူ အပင်ပန်းဆုံး၊ အနွမ်းနယ်ဆုံးအချိန်တွင် ... ရိုးရှင်းမှုသည် သူ့စိတ်အနားယူနိုင်သော အေးအေးချမ်းချမ်းဆိပ်ကမ်းလေးတစ်ခု ဖြစ်၏။

သူမအပြုံး၊ သူမအသံ၊ သူမမျက်ဝန်း၊ သူမ၏အရာရာက သူ့နှလုံးသားထဲရှိ ခိုင်မြဲစွာ တွယ်ငြိနေခဲ့ပြီး သူ့ကို ပြုံးစေလိုက်သည်။

“ကိုယ်ချစ်ခဲ့မိတဲ့ လူဟာ အမှတ်တရလေးသက်သက်မဟုတ်ဘဲ မင်းဆိုတာ ကိုယ့်နှလုံးသားထဲကနေ သိနေတယ်” သူက ပြောသည်။ “ရှုချင်ဆိုတဲ့ ရိုးရိုးရှင်းရှင်း မင်းလေးအစစ်ကိုပေါ့။ ကိုယ် မင်းကို ချစ်တယ် ရှုချင်” ထို့နောက် သူက ခြေတစ်လှမ်းလှမ်းလိုက်သည်။

သူ သတိမထားမိသည့်တစ်ချိန်တွင် သူ့အနောက်၌ အနက်ရောင်ဝတ်ရုံနှင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရိပ်က သူ အဝေးထွက်သွားသည်ကို ကြည့်နေလေသည်။

၎င်းက သတ်ဖြတ်သူမှတစ်ပါး အခြားမဟုတ်။

သတ်ဖြတ်သူသည် မန်ဟို ရှုချင်ကို ကြည့်နေသောအကြည့်အား မြင်လျှင် အတိတ်ကို ပြန်ပြောင်းတမ်းတနေသည့်အလား၊ သူ့ကိုယ်သူ ပြန်မြင်ယောင်နေသည့်အလား သူ့မျက်ဝန်းထဲ၌ လွမ်းဆွေးမှုတို့ ဖြတ်ပြေးသွားသည်။

မန်ဟို ရှေ့သို့လျှောက်သွားစဉ် ကမ္ဘာကြီးပျောက်ကွယ်သွားသည်။ မိုးနှင့်မြေလည်း မှိန်ကျသွားသည်။ သဘာဝနိယာမလည်း လွင့်စင်သွားသည်။ လူတစ်ယောက်တည်းသာ ကျန်ခဲ့၏။

သူ၏ချစ်ရသောဇနီးလေး ရှုချင်။

သူသည် တောင်ပင်လယ်များကို ကျော်ဖြတ်ရင်း အဝေးကြီးမှ လာခဲ့ရ၏။ ကြယ်တာရာကောင်းကင်ကိုလည်း ဖြတ်သန်းလာခဲ့ရပြီး ယခုတော့ စစ်မြေပြင်ပေါ်တွင် လမ်းလျှောက်နေလေပြီ။ သူ့လမ်း၌ အပြင်သူများ ရှိသော်လည်း သူ့ကို တားဖို့ ကြိုးစားနေကြခြင်းကြောင့်မဟုတ်၊ သူ တိုက်ပွဲ၏နှလုံးသားရှိရာသို့ သွားနေသောလမ်းက တိုက်တိုက်ဆိုင်ဆိုင် သူတို့အပေါ်တွင် ဖြစ်နေ၍ပင်။

သူ့ကို ခြံရံနေသော အဖျက်အစီးစွမ်းအားက သူ့ထံမှ မီတာသုံးသောင်းအတွင်းရှိ အပြင်သူတိုင်းကို အော်ဟစ်ပေါက်ကွဲသွားစေသည်။

မန်ဟိုက သူတို့ကို ဂရုမစိုက်ပေ။ သူသည် အထိတ်လန့်အော်သံများ၏အလယ်၌ ဆက်လျှောက်သွား၏။ အပြင်သူများမှာ သူနှင့်ဝေးရာသို့ ကရောသောပါးပြေးနေသဖြင့် စစ်မြေပြင်မှာ ဖရိုဖရဲဖြစ်နေတော့သည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အပြင်သူများသည် အဝေးသို့ ပြေးကုန်ကြသဖြင့် သူ့ပတ်ဝန်းကျင်မှာ နေရာလွတ်သာ ကျန်ခဲ့သည်။

စတုတ္ထတောင်ပင်လယ်သားကျင့်ကြံသူများက သတိဝီရိယဖြင့် ကြည့်နေကြသည်။ မန်ဟို၏ရောက်ရှိလာမှုက အပြင်သူများကို သေကြေပျက်စီးစေလျှင်တောင်မှ သူတို့က သတိထားနေကြသေးလေသည်။

တုံ့ပြန်မှုမတူသည့် လူနှစ်ယောက်သာ ရှိသည်။ တစ်ယောက်က စတုတ္ထတောင်ပင်လယ်၏ အက်ရှလွန်လင်းချုံ။ တစ်ယောက်က မှန်ပါသည်၊ ရှုချင်ဖြစ်သည်။

လင်းချုံသည် မီးခိုရောင်ဝတ်ရုံကို ဝတ်လျက် လူအုပ်ကြားထဲတွင် ရပ်နေ၏။ သူက လေဟုန်ခွင်းလောက၌ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်တွေးရင်း သက်ပြင်းချလိုက်သည်။ သူ သက်ပြင်းချနေစဉ် သူ့မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်စကို မြင်ရနိုင်ပြီး သူ့မျက်လုံများတွင်တော့ ရှုပ်ထွေးသောခံစားချက်များ ပြည့်နေသည်။

“နောက်ဆုံးတော့ သူ လာပြီပဲ”

ရှုချင်က တောက်ပစွာ ပြုံးနေသည်။ သူမသည် မန်ဟို လျှောက်လာသည်ကို ကြည့်ရင်း စတုတ္ထတောင်ပင်လယ်စစ်တပ်၏ ကွပ်ကဲရေးအဆောင်ထဲတွင် ရပ်နေ၏။ သူ့လိုပဲ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို သူမ မှတ်မိသည်။ ဘဝပြန်ဝင်စားမှုမှာ ထိုအမှတ်တရများကို သူမစိတ်ထဲမှ မဖယ်ရှားနိုင်ခဲ့ပေ။

တစ်နေ့ရောက်လျှင် သူမ၏ချစ်ရသော လက်တွဲဖော်ခင်ပွန်းသည် သူမကို ရှာဖို့ ဟိုးအဝေးရှိ နဝမတောင်ပင်လယ်မှ လာလိမ့်မည်ဟု သူမ အမြဲ ယုံကြည်ခဲ့သည်။ ဘယ်လောက်ပဲကြာကြာ၊ ဘယ်လောက်ပဲဝေးဝေး၊ စစ်ဖြစ်နေလျှင်တောင်မှ မည်သည့်အရာမှ သူ့ကို တားနိုင်မည်မဟုတ်။

သူ သေချာပေါက် လာလိမ့်မည်။

ယခုလည်း ရောက်လာခဲ့ပြီ။

ရှုချင်သည် အောက်နှုတ်ခမ်းလေးကို ဖိကိုက်ရင်း ရှေ့တစ်လှမ်းလှမ်းလိုက်သဖြင့် စတုတ္ထတောင်ပင်လယ်မှ ကျင့်ကြံသူများမှာ ထိတ်ပျာသွားကြသည်။ တချို့က သူမကို တားချင်သော်လည်း မန်ဟို အနားရောက်လာသည့်အခါ သူတို့၏ကျင့်ကြံခြင်းအခြေခံကိုသူတို့ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။

စစ်မြေပြင်သည် တိတ်ဆိတ်ငြိမ်သက်သွားပြီး မကြာမီ မန်ဟိုနှင့် ရှုချင်သာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း တစ်ယောက်ထံတစ်ယောက် လျှောက်နေကြတော့သည်။

အချိန်တွေပင် နှေးလာသလိုထင်ရသည်။ အပြင်သူများနှင့် စတုတ္ထတောင်ပင်လယ်ကျင့်ကြံသူအားလုံး မန်ဟို သွားနေသည်ကို ကြည့်နေကြသည်။ ရှုချင်ကလည်း ကွပ်ကဲရေးအဆောင်ထဲမှ ထွက်လာပြီး မကြာမီ နှစ်ယောက်သား ... အတူတူ ရပ်နေကြလေပြီ။

“ကိုယ် ရောက်လာပြီ” မန်ဟိုက သူမလက်ကလေးကို လှမ်း၍ဆုပ်ကိုင်ရင်း ပြောသည်။ ဤမိန်းကလေးသည် သူ၏ဇနီး၊ သူ၏ရာသက်ပန်အချစ်လေး ဖြစ်၏။

“အင်း” သူမက မျက်နှာကလေးရဲလျက် ပြန်ဖြေသည်။ သူမအတွက် ထိုသို့ပြန်ဖြေဖို့ အတန်ငယ်သတ္တိမွေးလိုက်ရသော်လည်း ရှက်ရွံ့စွာဖြင့် မျက်နှာလွှာမချဘဲ တောက်ပစွာ ပြုံး၍ မန်ဟို့မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ ဤသည်မှာ ဘဝပြန်ဝင်စားပြီးကတည်းက သူမ ကြုံတွေ့ခဲ့ရသမျှထဲ အပျော်ရွှင်ရဆုံးအခိုက်အတန့်လေး ဖြစ်လေသည်။

မန်ဟိုလည်း ရှုချင်၏အပြုံးလေးကို မြင်လျှင် ထပ်တူမပြုံးမိဘဲမနေပေ။ သူ့လက်များက သူမလက်ကလေးများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမလက်ကလေးများကလည်း သူ့ကို ဆုပ်ကိုင်ထားသည်။ တစ်ယောက်မှ မလွှတ်ချင်ကြသည့်အလားပင်။

သို့သော် နှစ်ယောက်အတူနေဖို့ အချိန်နည်းကြောင်း နှစ်ယောက်လုံး သိကြသည်။ မည်မျှပင် လက်မလွှတ်ချင်စေကာမူ မဖြစ်မနေ လွှတ်ရဦးမည်။ ရှုချင်တွင် တာဝန်ဝတ္တရားများ ရှိသလို၊ မန်ဟို့တွင်လည်း လုပ်ဆောင်ရမည့်ကိစ္စများ ရှိသေးသည်။

အချိန်မှန်၊ နေရာမှန် မဟုတ်သေးပေ။ အကယ်၍များ တောင်ပင်လယ်စစ်ပွဲမစခင်သို့သာ ပြန်သွားနိုင်လျှင်တော့...

မန်ဟိုက သက်ပြင်းချသည်။

ရှုချင်သည် စတုတ္ထတောင်ပင်လယ်မှ ကျင့်ကြံသူများနှင့် အပြင်သူများကို မျက်လုံးကလေးဝေ့ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ဆုပ်ကိုင်ထားသည့် သူမလက်လေးကို ဖြေလျော့လိုက်သည်။ "အခု အစ်မ မင်းနဲ့ လိုက်လို့မရသေးဘူး....

“အစ်မကို စောင့်နေနော်... ဒီစစ်ကြီး ပြီးတဲ့အခါ တို့နှစ်ယောက် အိမ်ကို အတူတူ ပြန်နိုင်ပါပြီ” ရှုချင်သည် ရုတ်တရက် ရှေ့တက်လာပြီး သူ့ကို တင်းကြပ်စွာ ဖက်ကာ သူ့နှလုံးခုန်သံကို နားထောင်ဖို့ သူ့ရင်ဘတ်ပေါ် သူမ၏ခေါင်းလေးကို တင်လိုက်၏။

အတန်ကြာသော် သူမက သူ့ကို မော့ကြည့်ကာ ပြောသည်။ “အစ်မ မင်းကို စောင့်နေမယ်။ မင်းလည်း အစ်မကို စောင့်နေနော်။ တို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် စောင့်နေကြမယ်”

ရှုချင်သည် အောက်နှုတ်ခမ်းလေးကို ဖိကိုက်၍ မန်ဟို့ရင်ခွင်ထဲမှ ထွက်ပြီး ကွပ်ကဲရေးအဆောင်သို့ ပြန်ထွက်သွား၏။

မန်ဟိုမှာ ရှုချင်ကို ကြည့်ရင်း သူမနှင့်ပတ်သက်၍ တစ်စုံတစ်ခုက ကွဲပြားသွားကြောင်း သတိထားမိလိုက်သည်။ သူ့နည်းတူ ... သူမလည်း အရွယ်ရောက်လာခဲ့လေပြီ၊ ရင့်ကျက်လာခဲ့ချေပြီ။

မန်ဟို့နှလုံးသားသည် တည်ငြိမ်နေ၏။ ရှုချင်တွင် သူမ၏တာဝန်များရှိသလို၊ သူ့တွင်လည်း .... လုပ်ဆောင်ရမည့်ကိစ္စရှိသည်။ သူမကို နောက်ဆုံးတစ်ကြိမ် မြတ်နိုးစွာ ကြည့်ပြီးနောက် သူက လက်ဝှေ့ယမ်းကာ သူ၏နတ်ဘုရားအာရုံတစ်ချို့အား သူမကို ဝန်းရံရစ်သိုင်းလိုက်စေသည်။ ထို့နောက် အသက်ပြင်းပြင်းရှူ၍ ကောင်းကင်ဘုံ (၁) ဖြစ်သော ဧရာမမြေထုအကြီးကြီးကို မော့ကြည့်လိုက်သည်။

တစနှင့်တစ သူ့မျက်ဝန်းထဲရှိ နွေးထွေးကြင်နာမှုနေရာတွင် သွေးအေးရက်စက်မှုက အစားထိုးဝင်ရောက်လာသည်။

သူ့ပတ်ပတ်လည်ရှိ လေထုသည် အေးစက်လာပြီး သူ၏အရှိန်အဝါက အန္တရာယ်များရက်စက်လာသည်။

“ငါ လုပ်ရမယ့်ကိစ္စတစ်ခုရှိတယ်” သူက ခပ်တိုးတိုး ရေရွတ်သည်။ “တောင်ပင်လယ်လောကသားတိုင်းရဲ့ စိတ်ဓာတ်အားမာန်ကို မြှင့်တင်ပေးမယ့် ... တစ်စုံတစ်ခု” သူက ရုတ်တရက် စစ်မြေပြင်မှ လေပေါ်သို့ ဝုန်းခနဲ ခုန်တက်လိုက်သည်။ ထို့နောက် စတုတ္ထတောင်ပင်လယ်၏အပေါ်ရှိ အာကာပြင်ကျယ်ကြီးထံ တဟုန်ထိုး တက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ သူကား ယခုတွင် တောင်ပင်လယ်လောက၏ ကြယ်တာရာကောင်းကင်ကို စိုးမိုးထားသော ကောင်းကင်ဘုံ (၁) ကို ဦးတည်နေချေပြီ။

သူကား ကောင်းကင်ဘုံ (၁) ကို ဖျက်စီးပေတော့မည်။

သူ ကောင်းကင်ထက်သို့ ပျံတက်နေသည်ကို သတိထားမိသူ မရှိသလောက်ပင်။ သို့သော် မကြာမီ .... ဧရာမမုန်တိုင်းကြီး မိုးနှင့်မြေကို တိုက်ခတ်တော့မည်ဖြစ်ကြောင်း ထင်ရှား၏။

ထိုမုန်တိုင်းက အစပျိုးနေပြီဖြစ်သည့်အပြင် တရားခံက မန်ဟိုမှတစ်ပါးအခြားမဟုတ်ပေ။

All Chapters