← Chapters

ဦးတည်ရာ - ပထမအထပ်ကောင်းကင်ဘုံ

Vol. 96 Ch. 1337

ဦးတည်ရာ - ပထမအထပ်ကောင်းကင်ဘုံ

Vol. 96 Ch. 1337

မန်ဟိုသည် စတုတ္ထတောင်ပင်လယ်မှ ကောင်းကင်ဘုံ (၁) ဖြစ်သော မြေထုကြီးထံ တဟုန်ထိုး ပျံတက်သွားနေ၏။ သူ့နှလုံးသားထဲတွင် နောင်တတစ်စက်မှ မရှိပေ။ သူသည် တောင်ပင်လယ်လောက၏စိတ်ဓာတ်အားမာန်ကို လှုံ့ဆော်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။

သူက မိုးနှင့်မြေကို တသိမ့်သိမ့်တုန်လှုပ်သွားစေနိုင်သော အရာကို လုပ်ဖို့ ကြိုးစားနေလေသည်။

သူက ကျူးကျော်သူတို့၏အိမ်၊ ကောင်းကင်ဘုံ (၁) ကို ဖျက်စီးဖို့ ကြိုးစားနေ၏။ တောင်ပင်လယ်လောကသားတို့၏ သွေးတို့ ဆူပွက်လာအောင် နှိုးဆော်ဖို့ ကြိုးစားနေသည်။ တိုက်ခိုက်နေသော ကျင့်ကြံသူအားလုံး မော့ကြည့်လိုက်လျှင် ကောင်းကင်ဘုံ (၁) ၏ ပျက်စီးမှုကို မြင်စေရမည်။

တချို့ကတော့ ထိုလုပ်ရပ်သည် အဓိပ္ပါယ်မရှိဟု ထင်ကြလိမ့်မည်။ စစ်မြေပြင်များထက်ရှိ အပြင်သူများကို သတ်ဖြတ်ခြင်းနှင့် မယှဉ်နိုင်ဟု တွေးကြလိမ့်မည်။ သို့သော် အမှန်က ... ဤအစီအစဉ်သည် အဓိပ္ပါယ်နက်ရှိုင်း၏။

လောလောဆယ်တွင် တောင်ပင်လယ်လောကသားများမှာ စိတ်ပျက်အားငယ်နေကြသည်။ နှစ်ပေါင်းထောင်သောင်းချီ ဖိနှိပ်ချုပ်နှောင်ခံထားရပြီးနောက်တွင် သူတို့မှာ ကျူးကျော်ခံခဲ့ကြရသည်။ ပါရာဂွန်အင်မော်တယ်လောက၏နေ့ရက်များတုန်းက ပိုင်ဆိုင်ခဲ့ဖူးသော ဂုဏ်သိက္ခာကို ဆုံးရှုံးခဲ့ရသည်မှာလည်း ကြာခဲ့လေပြီ။ ထိုခေတ်တုန်းက ကျင့်ကြံသူများသည် ရဲစွမ်းသတ္တိရှိခဲ့သော်လည်း ကပ်ဘေးကြီးဆိုက်သောအခါ သူတို့၏တာအိုများ ဖျက်စီးခြေမွခံခဲ့ရသကဲ့သို့ ဖြစ်ခဲ့၏။ ပထမကပ်ဘေးပြီးနောက် သူတို့မှာ ကောင်းကင်ဘုံ ၃၃ ဘုံ၏ချုပ်နှောင်မှုကို ခံခဲ့ရသည့်အတွက် သူတို့၏တာအိုနှလုံးသားများကို ပြိုလဲသွားစေခဲ့သည်။

ထိုကဲ့သို့အင်အားကြီးမားသော ထိုးနှက်ချက်နှစ်ချက်ကြောင့် သူတို့၏ရဲစွမ်းသတ္တိမှာ လျော့နည်းသွား၍ ရန်သူကို မတိုက်ခိုက်ရဲတော့ပေ...

လူတစ်ယောက် အားတက်ဖို့အတွက် စိတ်ဓာတ်အားမာန်ကို လှုံ့ဆော်ပေးရန် လိုအပ်သည်။ ထို့အပြင် သူတို့၏မွေးရပ်မြေ ဦးပြန်မော့ရန်အတွက်လည်း ထိုနည်းတူပင်။

မန်ဟိုမှာ တစ်ယောက်တည်းမဟုတ်ပါလော။ ပါရာဂွန်တစ်ဦးဖြစ်လာလျှင်တောင်မှ ထိုကဲ့သို့မှတ်တမ်းတင်စစ်ပွဲတစ်ပွဲ၏ အခြေအနေကို သူတစ်ယောက်တည်း မပြောင်းလဲနိုင်ပေ။ တောင်ပင်လယ်လောကသား ကျင့်ကြံသူများ၏ စိတ်နှလုံးကို လှုံ့ဆော်ဖို့လိုသည်။ ပါရာဂွန်အင်မော်တယ်လောကတုန်းက သူတို့၏နှလုံးသားထဲ၌ တည်ရှိခဲ့ဖူးသော ရဲစွမ်းသတ္တိကို နိုးဖို့ လိုသည်။

ထိုနေ့ရက်တွေတုန်းက စကားတစ်ခွန်းရှိခဲ့ဖူးသည်။

‘အင်မော်တယ်လောကကို စော်ကားတဲ့ဘယ်သူမဆို အသေဆိုးနဲ့ သေစေရမယ်’

မန်ဟိုသာ ကောင်းကင်ဘုံ (၁) ကို ဖျက်စီးနိုင်လျှင် ထိုကဲ့သို့စကားမျိုးအား တောင်ပင်လယ်လောကတွင် တစ်ဖန်ကြားရလိမ့်မည်။

“တောင်ပင်လယ်တွေကို စော်ကားတဲ့ဘယ်သူမဆို အသေဆိုးနဲ့ သေစေရမယ်”

တောင်ပင်လယ်လောကမှာ ပျက်သုဉ်းလုဆဲဆဲ ဖြစ်နေသည်။ သူတို့၏အောက်တည့်တည့်တွင်လည်း အဆုံးမဲ့သောချောက်နက်ကြီးက ဝါးမြိုဖို့ အသင့်စောင့်နေသည်။ ဆုတ်စရာ၊ ပြေးစရာမြေမရှိပေ။ ထို့ကြောင့် လုပ်နိုင်သည့်တစ်ခုတည်းသောအရာက ဦးပြန်မော့ဖို့သာ ဖြစ်ချေသည်။

မန်ဟို့မျက်လုံးများသည် လင်းလက်တောက်ပနေ၏။ သူ့စိတ်၊ သူ့အတွေးများ၊ သူ့ကျင့်ကြံခြင်းအခြေခံ၊ သူ၏အရာအားလုံးသည် အာရုံအပြည့်အဝစူးစိုက်ထားသည်။ သူကား တဟုန်းဟုန်းတောက်နေသော မီးလုံးသဖွယ်၊ လင်းလက်စွာ တောက်ပနေသော မီးအိမ်တစ်လုံးသဖွယ်၊ ကြယ်တံခွန်ကြီးသဖွယ်ပင်။

သူသည် တောင်ပင်လယ်လောက၏ ကြယ်တာရာကောင်းကင်ကို အလင်းရောင်ပေးမည့် မီးအိမ်တစ်လုံးမဟုတ်၊ လောကသားအပေါင်း၏ စိတ်ဝိညာဉ်မီးတောက်ကို ထွန်းညှိပေးမည့် မီးအိမ်ပင်။

ထိုမီးတောက်သည် ထာဝစဉ်အမြဲ လောင်ကျွမ်းတောက်လောင်သွားလိမ့်မည်။

သူသည် မြင့်သထက်မြင့်တက်သွားပြီး မြန်သထက် မြန်လာ၏။ နောက်ဆုံးတော့ တဟုန်ထိုးတက်သွားသော ထိုအလင်းတန်းကို သတိထားမိလာကြသည်။ ပထမဆုံး သတိထားမိသူများမှာတော့ စတုတ္ထတောင်ပင်လယ်၏ ကျင့်ကြံသူများ ဖြစ်ပေသည်။

သူတို့က မန်ဟို ပျံတက်သွားသည်ကို ကြောင်တောင်တောင် ကြည့်နေကြပြီး စစချင်း သူ ဘာလုပ်နေမှန်း ဘယ်သူမှမသိပေ။ သို့သော် သူ အရှိန်တင်လိုက်သည့်အခါ ... သူ ဦးတည်နေသည်ကား ကြယ်တာရာကောင်းကင်မဟုတ်ဘဲ ၊ ကြယ်တာရာကောင်းကင်၏အဆုံးသတ်၊ တောင်ပင်လယ်လောကသားကျင့်ကြံသူအားလုံး၏ စိတ်နှလုံးကို ဖိစီးနေသည့်နေရာ ...

ကောင်းကင်ဘုံ (၁) ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။

“သူ... သူ ... ဘာလုပ်နေတာလဲ...”

“သူက ကောင်းကင်ဘုံ (၁) ကို ဦးတည်နေတာပဲ”

“ဒါက...ဒါက...” စတုတ္ထတောင်ပင်လယ်၏ စစ်တပ်ကြီးအတွင်းမှ ပင့်သက်ရှိုက်သံများ ကြားရနိုင်သည်။ တစ်စက္ကန့်တိုင်း အံ့ဩမှင်သက်သွားသည့် ကျင့်ကြံသူများ များပြားလာသည်။

ရှုချင်သည် ပလ္လင်ထက်တွင် ရပ်လျက်ရှိရာမှ ရုတ်တရက် တုန်ရီသွားပြီး ကောင်းကင်ဘုံများထံသို့ ပျံတက်သွားနေသော မန်ဟို့အား ခေါင်းလှည့်ကြည့်လိုက်၏။ သူမမျက်ဝန်းလေးများမှာ တဖြည်းဖြည်း လင်းလက်တောက်ပလာတော့သည်။ စိတ်ပူနေသော်လည်း သူမရင်ထဲတွင် ဂုဏ်ယူမှုတို့ ဖြစ်ပေါ်လာသည်။

ထိုလူက သူမ၏အသက်၊ သူမ၏အချစ်၊ သူမ၏ယောက်ျားပင်။

မကြာမီ စတုတ္ထတောင်ပင်လယ်၏တပ်ဖွဲ့အားလုံး ဆူညံပွက်လောရိုက်ကုန်တော့သည်။

“သူက ကောင်းကင်ဘုံ (၁) ကို ဦးတည်နေတာပဲ”

“ကောင်းကင်ဘုံ (၁) ကို ... ဖျက်စီးဖို့ ပျံတက်နေတာလား”

“ဒါပေမဲ့ .. လုပ်နိုင်ပါ့မလား”

အပြင်သူများလည်း ထိုနည်းတူ တုန်လှုပ်နေကြပြီး မန်ဟို့ကို ငေးကြည့်နေကြသည်။ သူတို့မှာ သူတို့မျက်စိပင်သူတို့ မယုံနိုင်ကြတော့ပေ။

စတုတ္ထတောင်ပင်လယ်အတွင်း၌ ခိတိဂဗ္ဗနှင့် အပြင်သူအင်ပါယာသခင်သည် ပေါက်ကွဲသံများ ပဲ့တင်ထပ်ရိုက်ခတ်စေလျက် အပြင်းအထန်တိုက်ခိုက်နေကြ၏။ မန်ဟို့ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သဖြင့် ခိတိဂဗ္ဗ၏မျက်လုံးများ လင်းလက်တောက်ပလာသည်။

အပြင်သူအင်ပါယာသခင်မှာ ပါးစပ်အဟောင်းသားနှင့် မျက်နှာကွက်ခနဲ ပျက်သွားသည်။

တစ်ချိန်တည်းမှာပင် ပါရာဂွန်ပင်လယ်အိပ်မက်သည် အပြင်သူပါရာဂွန်အောဂူကို တိုက်ခိုက်နေ၏။ သူတို့လည်း မန်ဟို လုပ်နေသောအရာကို သတိထားမိကြသည်။ ပါရာဂွန်ပင်လယ်အိပ်မက်၏ မျက်နှာပေါ်တွင် တောက်ပသောအပြုံးဖြစ်ထွန်းလာပြီး အောဂူ၏မျက်နှာမှာတော့ မည်းမှောင်သွားသည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် တောင်ပင်လယ်စွမ်းအားမှ အားဖြည့်ထားသော မြှားတစ်စင်းကဲ့သို့ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ကောင်းကင်ဘုံ (၁) ထံ လျင်မြန်စွာ သွားနေလေပြီ။

သို့သော် စတုတ္ထတောင်ပင်လယ်ကျင့်ကြံသူများသာ သူ့ကို မြင်ရနိုင်သည်။ တခြားတောင်ပင်လယ်သားများ သူ့ကို မြင်ဖို့အတွက် သူက အလွန်ဝေးကွာလွန်းနေသည်။ သို့သော် ပျံသန်းနေစဉ် သူ၏မျက်လုံးများ လင်းလက်တောက်ပသွားပြီး ရုတ်တရက် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ အလင်းလုံးတစ်လုံး ပျံထွက်သွား၏။ ဤသည်ကား သူ၏ကိုယ်ပိုင်မဟာပေါက်ကွဲခြင်းမှော်အစွမ်းမှတစ်ပါး အခြားမဟုတ်ပေ။ ၎င်းက ပတ်ပတ်လည်ရှိ အလင်းခပ်သိမ်းကို ချက်ချင်း စုပ်ယူပြီးနောက် ပို၍ပင် တောက်ပလာသည်။

သူသည် သူ လုပ်နေသောအရာကို တောင်ပင်လယ်တစ်လောကလုံးရှိ ကျင့်ကြံသူအားလုံး မြင်တွေ့စေချင်၏။

နေသေးသေးလေးတစ်စင်းနှင့်တင် မလုံလောက်၍ သူသည် လက်ကို ဝှေ့ယမ်းကာ အသေးစားနေဒါဇင်များစွာ ပေါ်လာစေသည်။ အသေးစားနေတစ်ရာကျော်ကား စူးရှတောက်ပသောအလင်းရောင်ကို ဖြန့်ကျက်ရင်း လည်နေလေသည်။

“မလုံလောက်သေးဘူး” မန်ဟိုက ဟိန်းဟောက်သည်။ သူသည် ကောင်းကင်ဘုံ (၁) သို့ ပျံတက်နေသည့်အချိန်မှာပင် မုဒြာလက်ကွက်နှစ်ကွက်ဖော်ပြီးနောက် လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်ရာ အသေးစားနေများ ထပ်မံပေါ်လာ၏။

၁၀၀၊ ၃၀၀၊ ၅၀၀ ၊ မကြာခင် မန်ဟိုကား အသေးစားနေတစ်ထောင်ဖြင့် ဝန်းရံခံထားရလေပြီ။

အသေးစားနေတစ်ထောင်သည် ကြယ်တာရာကောင်းကင်ရှိ အလင်းရောင်အားလုံးကို စုပ်ယူရင်း မန်ဟိုကိုယ်တိုင်က နေတစ်စင်းနှင့် တူလာသည့်တိုင်အောင် လျင်မြန်စွာ ကြီးထွားလာပြီး ပို၍တောက်ပလာတော့သည်။

ခမ်းနားသောအလင်းရောင်သည် တတိယတောင်ပင်လယ်မှ ကျင့်ကြံသူများ မော့ကြည့်လိုက်လျှင် နေအသစ်တစ်စင်းကို မြင်ရနိုင်သည်အထိ ဖြာထွက်သွား၏။

တတိယတောင်ပင်လယ်၏ ကျင့်ကြံသူများမှာ အပြင်သူများကို တိုက်ခိုက်နေသောခုလတ်တွင် ဖြစ်သည့်တိုင် လူတိုင်း တအံ့တဩ မော့ကြည့်လိုက်ကြသည်။

“အဲ့ဒါ ဘာကြီးလဲ...”

“နေတစ်စင်းလား။ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ နေအစစ် ၊ လအစစ်အတိုင်းပဲ ...”

တစ်ချိန်တည်းမှာပင် ပဉ္စမတောင်ပင်လယ်ရှိ ကျင့်ကြံသူများလည်း မော့ကြည့်ပြီး မယုံနိုင်ဖြစ်ကုန်ကြသည်။

“နေဦးဟ ... အထဲမှ လူတစ်ယောက် ရှိနေတယ်”

“မဖြစ်နိုင်တာကြီး”

အပြင်သူတို့လည်း ထိုနည်းတူ တုန်လှုပ်ကုန်ကြသည်။

ကြယ်တာရာကောင်းကင်၏အထက်၊ ကောင်းကင်ဘုံ (၁) ၏အောက်တွင် မန်ဟိုသည် အလင်းလုံးတစ်ထောင်ဖြင့် ဝန်းရံခံထားရ၏။ အသေးစားနေတစ်ထောင်တည်းနှင့် မလုံလောက်သေးကြောင်း သဘောပေါက်လိုက်သည့်အခါ သူ့မျက်နှာပေါ်တွင် မယိုင်လဲသော ပြတ်သားမှုပေါ်ပေါက်လာသည်။ သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း အရှိန်ထပ်တင်လိုက်သည့်တိုင် တစ်ဆက်တည်းမှာပင် သူ၏လက်ကို ဝှေ့ယမ်း၍ နောက်ထပ်အသေးစားနေအစင်းတစ်ထောင်အား ပေါ်လာစေသည်။

အသေးစားနေနှစ်ထောင်သည် လင်းလက်စွာ တောက်ပနေ၏။ ယခုတွင် ၎င်းတို့မှာ မျက်စိကျိန်းမတတ် အလင်းရောင်ကို ထုတ်လွှတ်ရင်း ပြွတ်သိပ်ကြပ်နေလေပြီ။ သို့သော် အဝေးမှကြည့်လျှင် ထိုအသေးစားနေနှစ်ထောင်၏ အလင်းရောင်က ... ဧရာမနေကြီးတစ်စင်းသဖွယ် ဖြစ်နေသည်။

အသေးစားနေနှစ်ထောင်က မန်ဟို့ကို လှည့်ပတ်နေသဖြင့် တဝေါဝေါမြည်သံများအား ကြားရနိုင်သည်။ မန်ဟိုသည် တောင်ပင်လယ်လောကနှင့် ဝေးသထက်ဝေး၍ ကောင်းကင်ဘုံ (၁) နှင့် နီးသထက် နီးလာနေ၏။ မကြာမီ ဒုတိယနှင့် ဆဋ္ဌမတောင်ပင်လယ်မှ ကျင့်ကြံသူများလည်း ခေါင်းအထက်ရှိ နေလုံးကြီးကို မြင်သွားကြသည်။

လောလောဆယ်တွင် ၎င်းသည် အလင်းစက်တစ်စက်ထက် မပိုသော်လည်း ပိတ်ပိန်းနေသောအမှောင်ထုအတွင်း၌ အတိုင်းထက်အလွန် ထင်းနေချေ၏။

ဒုတိယတောင်ပင်လယ်တွင် ကျင့်ကြံသူများနှင့် အပြင်သူများသည် သွေးချောင်းစီးတိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေကြပြီး သွေးညှီနံတို့က တောင်ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံနေလေသည်။ ကျင့်ကြံသူစစ်တပ်မှာ ဆုတ်ပြီးဆုတ်နေရပြီး အပြင်သူတို့၏ကြွေးကြော်သံများက ကြယ်တာရာကောင်းကင်တစ်ခုလုံးတွင် ဟိန်းထွက်နေသည်။

သို့သော် ထိုကျင့်ကြံသူများ စိတ်ပျက်အားငယ်နေသည့်အချိန်၊ မျှော်လင့်ချက်မဲ့ပြီ၊ စစ်ရှုံးတော့မည်ဟု ယုံကြည်နေသည့်အချိန် အလင်းစက်တစ်စက်သည် ခေါင်းအထက်တွင် ပေါ်လာ၏။ ထိုအလင်းက ဒုတိယတောင်ပင်လယ်ကျင့်ကြံသူများ ကြည့်နေသည့် တစ်ခုတည်းသောအရာဖြစ်လာသည်။

“အဲ့ဒါက...”

“အဲဒီအလင်းစက် ဘုရားရေ။ ငါတို့ ဘယ်လောက်ဝေးနေသလဲ ထည့်တွက်ရင် အဲဒီအလင်းစက်က တကယ့်တကယ် ဧရာမကြီးမားလောက်တယ်”

“ဘာဖြစ်နေတာလဲ..” ဒုတိယတောင်ပင်လယ်၏ကျင့်ကြံသူများမှာ ဆူညံပွက်လောရိုက်ကုန်တော့သည်။

မန်ဟို့ကို မမြင်ရသော်လည်း ထိုအလင်းထဲ၌ ကြောက်မက်ဖွယ်စိတ်စွမ်းအားနှင့် ပြတ်သားမှုကို ထုတ်လွှတ်နေသော တစ်စုံတစ်ယောက်ရှိကြောင်း သူတို့အားလုံး တစ်နည်းနည်းဖြင့် ခံစားနေကြရသည်။

ဆဋ္ဌမတောင်ပင်လယ်လည်း ထိုနည်းတူ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။

“အဲဒီအလင်းက ... ကောင်းကင်ဘုံ (၁) ကို ဦးတည်နေတာဟ”

“ဒီလောက်ဝေးတာတောင်မှ ငါတို့ အဲဒီအလင်းပျံတက်နေတာကို မြင်ရသေးတယ်ဆိုမှတော့ သူ့ရဲ့တကယ့်အမြန်နှုန်းက... ချောက်ချားစရာကောင်းလိမ့်မယ်”

ဆဋ္ဌမတောင်ပင်လယ်သခင် အသတ်ခံခဲ့ရသော်လည်း ပဉ္စမတောင်ပင်လယ်သခင်၊ ခရမ်းရောင်ဝတ်ရုံနှင့် သခင်ဝူသည် တိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်နေ၍ နောက်ဆုံးတော့ ကျင့်ကြံသူများသည် အပြင်သူများအား အောင်မြင်စွာ တိုက်စစ်ဆင်နိုင်လာခဲ့၏။

သခင်ဝူက ကြယ်တာရာကောင်းကင်ကို ပထမဆုံးမော့ကြည့်လိုက်သူဖြစ်သည်။ သူ့မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ချက်ချင်း တဆတ်ဆတ် တုန်ရီလာတော့သည်။

“သူပဲ... ကောင်းကင်ဘုံ (၁) ကို ဖျက်စီးဖို့ သွားနေတာလား” သူ၏မျက်လုံးများ တောက်ပလာပြီး ရုတ်ခြည်းဆိုသလို မဖော်ပြနိုင်သော စိတ်လှုပ်ရှားမှုသည် သူ၏ရင်ထဲ၌ အုံကြွလာ၏။

နောက်ဆုံးတော့ ဆဋ္ဌမတောင်ပင်လယ်၏ကျင့်ကြံသူများလည်း အပေါ်ရှိ အလင်းကို မြင်သွားကြပြီး လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြတော့သည်။ ထိုအလင်း ဘယ်နေရာကို ဦးတည်နေလဲ လူတိုင်း မသိသော်ငြား တချို့ကတော့ လျင်မြန်စွာပင် ခန့်မှန်းနိုင်လိုက်ကြသည်။

“သူက ကောင်းကင်ဘုံ (၁) ကို ဦးတည်နေတာလား”

ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမတောင်ပင်လယ်ရှိ ကျင့်ကြံသူများ အလင်းစက်ကို မမှိန်မသုန် ကြည့်နေကြသည့်အချိန်မှာပင် ၎င်းသည် ယခင်ထက် နှစ်ဆပိုမို တောက်ပလာ၏။

တောက်ပမှုနှင့်အတူ အလင်းစက်သည် အရွယ်အစားလည်း ကြီးမားလာသည်။ အဘယ်ကြောင့်ဆိုသော မန်ဟို့ကို ဝန်းရံနေသော အသေးစားနေအရေအတွက်က နှစ်ထောင်မှ လေးထောင်သို့ မြင့်တက်သွားခဲ့၍ပင်။

“အဲဒီအလင်းထဲမှာ လူတစ်ယောက် ရှိနေတယ်ဟ” ယခုတွင် တောင်ပင်လယ်များအထဲရှိ ပညာရှင်အားလုံးနီးပါး ဖြစ်ပျက်နေသောအရာကို သတိထားမိသွားကြလေပြီ။ သူတို့၏အက်ကွဲကွဲကောက်ချက်ချသံများကို သူတို့ပတ်ဝန်းကျင်ရှိလူများ ကြားလိုက်ကြပြီး မကြာမီ လူတိုင်း ချာချာလည်ကုန်ကြတော့သည်။

ဤအခိုက်အတန့်တွင် ပို၍ပင်ဝေးလံသော တောင်ပင်လယ်များမှ ကျင့်ကြံသူများလည်း ကြယ်တာရာကောင်းကင်တွင် ... နေတစ်စင်းရှိနေကြောင်း မြင်သွားကြသည်။

၎င်းက နေအစစ်မဟုတ်သော်လည်း လူတိုင်း မြင်သွားကြပြီဖြစ်သည်။

တောင်ပင်လယ်လောက၏အထက်က နေတစ်စင်း။

သတ္တမတောင်ပင်လယ်တွင် ယွီဝမ်ကျန်းသည် သူ၏မျက်လုံးများကို ဖျတ်ခနဲ ဖွင့်လိုက်၏။ သူသည် တရားထိုင်နေခဲ့သော်လည်း အာမေဍိတ်သံများကို ကြား၍ ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ မိုးကြိုးနှင့်ပစ်ချခံလိုက်ရသလို ခံစားလိုက်ရတော့သည်။

ထိုအလင်းထဲ၌ ရှိနေသူကို သူ မမြင်ရသော်လည်း .... သူ၏မသိစိတ်က ဘယ်သူမှန်း အတိအကျပြောပြနေသည်။ “မန်ဟို။ သေချာပေါက် သူပဲ။ သူက ကောင်းကင်ဘုံ (၁) ကို ဖျက်စီးပြီး လောကသူလောကသားအပေါင်းရဲ့ စိတ်ဓာတ်အားမာန်ကို မြှင့်တင်ပေးတော့မယ်”

သူသည် တုန်ရီစွာဖြင့် ထရပ်လိုက်၏။ စိတ်လှုပ်ရှားလွန်း၍ သူ၏အသက်ရှူသံများမှာ မြန်နေသလို၊ သူ၏မျက်လုံးများတွင်လည်း မျှော်လင့်ချက်တို့ တောက်လောင်နေတော့သည်။

All Chapters